ငါ့ရဲ့အတိတ်
Vol. 37 Ch. 562
နန်းတော်မှ ထွက်သွားပြီးနောက် ကိုဝင်က ရီဒိုတန်အား လေးလေးနက်နက် ပြောသည်။ “မင်းရဲ့စိတ်ထဲမှာ စိုးရိမ်နေသေးတယ်ဆိုတာ ငါသိတယ်။ ဒါပေမဲ့ အခု မင်းက ဧကရီအရှင်မကို သစ္စာခံဖို့ ဆုံးဖြတ်ပြီးသွားပြီ။ တုံ့ဆိုင်းမနေနဲ့တော့။ မင်းက နှစ်ဖက်လုံးကို ကျေနပ်အောင် လုပ်မယ်ဆိုရင် ဘယ်ဖက်ကိုမှ ပျော်အောင် လုပ်နိုင်မှာ မဟုတ်ဘူး။ အမှောင်လလော့ဒ်အနေနဲ့ အရှင်မ ရှိနေခဲ့တုန်းက အမှောင်လမှာ မိသားစုကြီး နှစ်ခု ရှိခဲ့တယ်။ သူ့နောက်ကို အမြဲတမ်း လိုက်နေခဲ့တဲ့ စိုင်ဖူမိသားစုက အခုဆိုရင် လုံးဝပြောင်းလဲနေပြီးတော့ အမှောင်လရဲ့ ထိပ်တန်းမိသားစု ဖြစ်နေပြီ။ သူ့ကို ဆန့်ကျင်ခဲ့တဲ့ မယ်လွန်မိသားစုက ပထမဆုံး အညံ့ခံပြီးတော့ နောက်ပိုင်း မတည်မငြိမ် ဖြစ်လာခဲ့တယ်။ အဲဒီနောက် သူတို့က ဖိနှိပ်ခံပြီးတော့ နောက်ဆုံး ပျောက်ကွယ်သွားခဲ့တယ်။ အခု အရှင်မက စည်းကမ်းတင်းကြပ်နေတာ အသေအချာပဲ။ ဒီလိုအခြေအနေမှာ ငါတို့ ရှေ့မှာရပ်လေလေ ပိုကောင်းလေလေပဲ။ အကြီးအကဲ မိသားစုတွေ အားလုံးကို ငါတို့ ရန်လိုရမယ်ဆိုရင်တောင် မြို့တော်ကို အရှင်မ လုံးဝထိန်းချုပ်နိုင်တာနဲ့ ငါတို့ တိုရိုမိသားစု အခြေအနေက ပိုပြီးတော့ ခိုင်မာသွားလိမ့်မယ်။ ပြီးရင် အကျိုးအမြတ်တွေလည်း ပိုတိုးလာမယ်။ မဟုတ်ရင် ငါတို့လည်း ဖျက်ဆီးခံရဖို့ အန္တရာယ် ကျရောက်မှာပဲ။”
ရီဒိုတန် မျက်မှောင်ကြုတ်လိုက်၏။ “အဖေ။ အရှင်မက မြို့တော်ကို အပြည့်အဝ ထိန်းချုပ်နိုင်မယ်လို့ထင်လား။ မင်းသား အိုဆိုင်ဒန်တောင် မလုပ်နိုင်ခဲ့ဘူး ..... ”
“အခု အိုဆိုင်ဒန်က သေသွားပြီး ဧကရီရှီရာက အသက်ရှင်နေသေးတယ်။ ပြီးတော့ သူ့ကို ကြယ်ကြွေတမန်ဓားက အသိအမှတ်ပြုထားတယ်။” ကိုဝင်က လေးလေးနက်နက် ပြောလိုက်သည်။ “အမှောင်လ တိုးတက်လာတာကနေ အရှင်မက ငယ်ရွယ်တာကို မြင်နိုင်သလို သူက အိုဆိုင်ဒန်ထက် ပိုပြီးတော့ သတ္တိရှိပြီးတော့ လုပ်ရပ်တွေကလည်း သာလွန်တာကို မြင်နိုင်တယ်။ ဘာလို့လဲ မသိဘူး။ ငါ ခံစားမိနေတယ်။ အရှင်မ ရှီရာက လော့ဒ်-သန်းခေါင်နေရဲ့ ဂုဏ်ကျက်သရေကို နားလည်သဘောပေါက်ပြီးတော့ ကြယ်ကြွေတမန် အင်ပါယာကို နံပါတ်တစ် ပြန်ဖြစ်အောင် လုပ်နိုင်လောက်တယ်။”
ရီဒိုတန် ခေါင်းညိတ်လိုက်သည်။ သူ၏ဖခင် ကိုဝင်၏အမြင်က အမြဲပင် တိကျနေခဲ့သည်။ အိုဆိုင်ဒန်နှင့် ဆွေမျိုးတော်ရခြင်းမှာလည်း ထိုအတိုင်းပင်ဖြစ်ပြီး ယခုတွင်က သူက ဧကရီရှီရာအား ပိုမိုအထင်ကြီးသွားခဲ့သည်။ သူက နေ့ခင်းအတွင်း အစည်းအဝေးကို တက်ခဲ့ရသည်။ ရှီရာ၏ ပထမဆုံး အဆိုပြုချက်က အလွန်ကြီးမားသော ဆန့်ကျင်မှုနှင့် ကြုံတွေ့ခဲ့ရပြီးနောက် သူက တည်တည်ငြိမ်ငြိမ်ပင် အများဆုံး ဆန့်ကျင်သူများကို တိုင်းတစ်ပါး ရန်သူများနှင့် ရင်ဆိုင်ရန်အတွက် ရှေ့တန်းသို့ ရွှေ့ပြောင်းခဲ့သည်။ ၎င်းမှာ လျို့ဝှက်အကြံအစည်ရှိသော ဂုဏ်သိက္ခာရှိသည့် လုပ်ရပ်တစ်ခု ဖြစ်ပေသည်။
ယနေ့ သစ္စာခံခြင်း ပြီးနောက်တွင် ရှီရာက ထိုကဲ့သို့ အရေးတကြီး အချိန်၌ မြို့တော်၏ အာဏာကို အပြောင်းအလဲ ပြုလုပ်ရမည်ဖြစ်ကြောင်း ကိုယ်တိုင် အတည်ပြု နိုင်ခဲ့သည်။ ထို့နောက်တွင် လူသိရှင်ကြား ဇာတ်ကွက်နောက်ကွယ်၌ သွေးနှင့်သံမဏိ မူဝါဒ နှင့် လျို့ဝှက်အကြံအစည်များ ရှိနေပေမည်။
ထိုရှုထောင့်မှကြည့်လျှင် တိုရိုမိသားစု သစ္စာခံခဲ့သော အချိန်မှာ အတော်လေး ကောင်းမွန်ပေသည်။ အချိန်ကိုက် ကူညီခြင်းနှင့် အပိုထောက်ပံ့ပေးခြင်းမှာ ကွဲပြားသော အယူအဆနှစ်ခု ဖြစ်သည်။ ထို့ပြင် သူ၏ဇနီးနှင့်သားသမီးတို့၏ ကံကြမ္မာက ဧကရီအရှင်မ၏ လက်ထဲတွင် ရှိနေသေးသည်။ တရားဝင် ဖြစ်စေ၊ သီးသန့် အကြောင်းရင်း အတွက်ဖြစ်စေ သူက ရှီရာအတွက် ထောက်ခံရမည် ဖြစ်ပေသည်။
“သဘောပေါက်ပါပြီ။ အဖေ။ အခုကစပြီးတော့ တိုရိုမိသားစုက အရှင်မ ရှီရာနောက် သစ္စာရှိရှိ လိုက်မှာပါ။ ဒါက လောင်းကြေးထပ်ရတာ ထိုက်တန်တယ်။” ရီဒိုတန် ခေါင်းညိတ်လိုက်သည်။
နန်းတော်ခန်းမဝယ် -
“တိုရိုမိသားစုက စမှတ်ပဲ။ ကျုပ်တို့ရဲ့ နောက်ထပ် အစီအစဉ်ကို ခပ်မြန်မြန် ဖြန့်ကျက်ရမယ်။” ရှီရာ၏ ခရမ်းရောင် မျက်လုံးများ အနည်းငယ် ငေးငိုင်နေသည်ကို ချန်လွေ့ မြင်လိုက်ရသည်။ သူ၏ ယခင်က ခံစားချက် ပြောင်းလဲမှုများကို တွေးမိသွားပြီး ချန်လွေ့၏နှလုံးသား လှုပ်ရှားသွားခဲ့သည်။ “ဘာအကြောင်း တွေးနေတာလဲ။ ခုနက ကောင်မလေး အကြောင်းလား။”
ရှီရာက မျက်နှာဖုံးကို မော့ကြည့်လိုက်သည်။ သူ၏ခရမ်းရောင် မျက်လုံးက ညင်သာမှု အရိပ်အယောင်ဖြင့် တောက်ပသွားသည်။ “ဘေးနားမှာ ငါ့စိတ်ကိုဖတ်နိုင်တဲ့ လူတစ်ယောက် ထားထားတာက ကောင်းမကောင်းဆိုတာ စဉ်းစားနေတာ။”
“ခင်ဗျားရဲ့ဘေးနားမှာ အဲဒီလူ မရှိဘူးဆိုရင် စိတ်မကောင်းစရာပဲ။” ချန်လွေ့က မျက်နှာပြောင်တိုက်ကာ ပြောသည်။ “အဲဒီကောင်မလေးက ခင်ဗျားရဲ့ အတိတ်ကို သတိရစေလို့လား။”
ရှီရာ ခဏတာ တိတ်ဆိတ်သွား၏။ “တကယ်တော့ ငါ့မှာ မောင်လေးတစ်ယောက် ရှိခဲ့ဖူးတယ်။ သူ့ကို ကာကွယ်ဖို့အတွက် ခမည်းတော်က သူ့မွေးဖွားမှုကို ဖုံးကွယ်ခဲ့တယ်။ ဒါပေမဲ့ သူ အသက်မရှင်ခဲ့ဘူး။ အဲလစ်မွေးပြီးတော့ မယ်တော်နဲ့ မောင်လေးက မတော်တဆမှုနဲ့ ဆုံးပါးသွားခဲ့တယ်။ အဲလစ်တောင် ဒီလျို့ဝှက်ချက်ကို မသိဘူး။ နောက်တော့ ခမည်းတော်လည်း ပူဆွေးစိတ်၊ ဒေါသစိတ်နှင့် ဆုံးပါးသွားတယ်။”
ထိုကဲ့သို့ လျို့ဝှက်ချက်ကို ချန်လွေ့ ယခုမှ သိရခြင်း ဖြစ်သည်။ ရှီရာ၏ ခမည်းတော် အိမ်ရှေ့မင်းသား ဂါရမ်းက ရှီရာကို အသုံးချပြီး သားတော်ဖြစ်သူအား အင်ပါယာကို ပြန်လည်ရယူနိုင်ရန်အတွက် အမှောင်လနယ်မြေ၏ စစ်မှန်သော ဆက်ခံသူဖြစ်လာရန် လျို့ဝှက်ပျိုးထောင်ချင်ခဲ့လေသည်။ သို့သော်လည်း သူ့ကို ရှာတွေ့သွားခဲ့သေးသည်။ “မတော်တဆမှု” ဆိုသည်၏နောက်ကွယ်မှ ကြိုးကိုင်သူမှာ အိုဆိုင်ဒန် ဖြစ်လောက်သည်။
အိုဆိုင်ဒန်က ဗိုလ်ချုပ်ဂျော့ချ်နှင့် အခြားသူများ၏ ဖိအားကြောင့် အိမ်ရှေ့မင်းသား ဂါရမ်းနှင့် ရှီရာတို့ကို တစ်ခါတည်း မတိုက်ခိုက်နိုင်ခဲ့ပေ။ သူက သူတို့ကို ချုပ်ကိုင်ပြီး ဖိနှိပ်၍သာ ရသည်။ သို့ရာတွင် တိတ်တိတ်ပုန်း မွေးဖွားခဲ့သော သားမှာမူ ထိုသို့ မဟုတ်ပေ။ သူက တိတ်တိတ်ပုန်းဆိုမှာတော့ ငါလည်း သူ့ကို တိတ်တိတ်လေး ဖျက်ဆီးပစ် ရတာပေါ့။ ပြီးရင် ပိုခါးတဲ့ ဆေးကိုပဲ မျိုချလို့ရမယ်။
ပြောရမည်ဆိုရင် သမီးအကြီးဆုံးဖြစ်သော ရှီရာက ရန်သူ၏အာရုံကို ဆွဲဆောင်ခဲ့သော “ဒုက္ခခံရသူ” ဖြစ်ခဲ့သည်။ ထို့ကြောင့် ကိုဝင်နှင့် ရီဒိုတန်တို့က ကောင်လေးကို ကာကွယ်ရန်အတွက် ကောင်မလေးကို စတေးရန် တွေးနေစဉ် ရှီရာ၏ အမြဲထိန်းချုပ်ထားခဲ့သော ခံစားချက်များ ထူးထူးဆန်းဆန်း မတည်မငြိမ် ဖြစ်ကုန်သည်။ ၎င်းထံမှ သတ်ဖြတ်ချင်စိတ်များ မွေးဖွားလာခြင်း ဖြစ်၏။
“အဲဒီ ကလေးနှစ်ယောက်ကို ငါ တကယ် သတ်နိုင်ရဲ့လားဆိုတာ ငါ မသိဘူး။ တကယ်တော့ ငါက ထင်ထားတာထက် ပိုပြီးတော့ အားနည်းတယ်။” ရှီရာ သက်ပြင်းချ လိုက်သည်။ “တစ်ခါတစ်လေမှာ ကြင်နာမှုက ပြဿနာတွေကိုပဲ ပိုဖြစ်စေတယ်။ အုပ်ချုပ်သူ တစ်ယောက်က ရက်စက်ရမှာ။”
“လူတွေက ကိုယ်ပိုင် သတ်မှတ်ချက်နဲ့ ကြံ့ကြံ့ခံမှု ရှိကြတယ်။ ဒီကြံ့ကြံ့ခံမှုကြောင့် တချို့သူတွေက ကျုပ်ကို ရူးမိုက်တယ်လို့ ပြောဖူးတယ်။ ကြင်နာမှုလိုမျိုး အဓိပ္ပာယ်မရှိတဲ့ အရာတွေက အားနည်းစေနိုင်ပြီးတော့ ဘယ်တော့မှ တကယ့် အစွမ်းထက်ပုဂ္ဂိုလ် တစ်ယောက် မဖြစ်လာစေနိုင်ဘူးလို့ ပြောတဲ့သူတွေကို ကျုပ် ပြန်ဖြေနိုင်တာက ဒီအားနည်းချက်တွေကြောင့်ပဲ ကျုပ်က ပိုပြီးအစွမ်းထက်လာတာ။ ပိုပြီးတော့ အကြောက်တရား ကင်းမဲ့လာတာ။ ကျုပ်လည်း ဒီလိုမျိုးလုပ်ခဲ့ဖူးတယ်။ ဒီနေ့အထိ ကျုပ် ကြံ့ကြံ့ခံခဲ့တယ်။ နောက်ကျရင်လည်း ဆက်ပြီးတော့ ကြံ့ကြံ့ခံနေဦးမှာပဲ။”
ရှီရာ၏မျက်လုံးများက အနည်းငယ် ပို၍ပင် မျက်ရည်ဝဲသွားသည်။ “အကြောက်တရား ကင်းမဲ့တဲ့ ကြံ့ကြံ့ခံမှု ......”
ချန်လွေ့ ခေါင်းကုတ်လိုက်သည်။ “ကျုပ်က ကိုယ့်ကိုယ်ကိုယ် ပြောနေတာပါ။ အုပ်ချုပ်သူ တစ်ယောက်အတွက်ကတော့ .... အုပ်ချုပ်သူ ပညာရပ်နဲ့ လမ်းစဉ်တွေကို ကြားဖူးတယ်။ ဒါပေမဲ့ သိပ်တော့ နားမလည်ဘူး။ အုပ်ချုပ်သူတစ်ယောက်ရဲ့ ပညာရပ်က လူတွေရဲ့ နှလုံးသားရဲ့ စွမ်းအားကို ချုပ်ကိုင်နိုင်တဲ့ ညီမျှနည်းနဲ့ ထိန်းချုပ်နည်း ဖြစ်ရမယ်။ လက်အောက်ခံတွေက အချင်းချင်း တိုက်ခိုက်နေတဲ့အချိန်မှာ အင်ပါယာစွမ်းအားကို ဆက်ပြီးတော့ ခိုင်မာအောင် လုပ်ရမယ်။ အုပ်ချုပ်သူတစ်ယောက်က လမ်းစဉ် ဆိုတာက အခြေအနေနဲ့ အချိန်အခါကို အကဲဖြတ်နိုင်ပြီးတော့ ကုန်ကြမ်းတွေ၊ လူတော်တွေကို အကောင်းဆုံး အသုံးချနိုင်ရမယ်။ အမြင်ကျယ်ရမယ်။ ပြီးတော့ အားလုံးကို လက်ခံနိုင်ရမယ်။ ကိစ္စတိုင်းကို ဂရုစိုက်ဖို့တော့ မလိုဘူး။ ဒါပေမဲ့ အုပ်ချုပ်သူ တစ်ယောက်က မလုပ်နိုင်တာကို လုပ်နိုင်တယ်လို့ ဟန်ဆောင်ရမယ်။”
၎င်းကိုကြားသည့်အခါ ရှီရာ၏ မျက်လုံးများ အရောင်လက်သွား၏။ သူက စကားလုံး အချို့ကို နားမလည်နိုင်သော်လည်း အခြေခံဆိုလိုရင်းကို သဘောပေါက်ခဲ့သည်။ ထိုကဲ့သို့ အသေးစိတ်သော အုပ်ချုပ်သူတစ်ယောက်၏ သီဝရီကို သူ ပထမဆုံးကြားဖူးခြင်း ဖြစ်သည်။ အချိန်အတော်ကြာ တွေးပြီးနောက် သူက ပြောသည်။
“အုပ်ချုပ်သူတစ်ယောက်ရဲ့ လမ်းစဉ်က အခြေခံအနေနဲ့ သဘောထားပြီးတော့ ပညာရပ်တွေကို အထောက်အပံ့တစ်ခုအနေနဲ့ သဘောထားဖို့ ပြောတာလား။ ကိစ္စ အသေးလေးတွေပေါ်မှာပဲ အာရုံမစိုက်ဘဲနဲ့ အခြေအနေတစ်ရပ်လုံးကို ဂရုစိုက်ရမယ်။ လူတွေထောက်ခံတဲ့၊ စစ်တပ်က အလုပ်အကျွေးပြုတဲ့၊ အရာရှိနဲ့ တော်ဝင်မျိုးနွယ်တွေ လိုက်နာတဲ့ အင်ပါယာ တစ်ခုလုံးကို အင်အားကြီးအောင် ငါလုပ်နိုင်တာနဲ့ မကောင်းကြံတဲ့သူတွေက ဟန့်တားခံရပြီးတော့ မဆင်မခြင် မလှုပ်ရှားရဲတော့ဘူး။ ဒါဆိုရင် အုပ်ချုပ်သူက အင်ပါယာတစ်ခုလုံးရဲ့ အန္တိမလုပ်ပိုင်ခွင့်နဲ့ စိတ်ဆန္ဒကို အမှန်တကယ် ရရှိမယ်။ ဒီလိုမျိုးလား။”
“အဲလိုတော့ မဟုတ်ပါဘူး...ဒါပေမဲ့ ခင်ဗျားပြောတာ မှန်တယ်။” ချန်လွေ့က စိတ်ထဲ၌ ငိုကြွေးလိုက်သည်။ ဒါက “ရပ်မယ့်နေရာက ထိုင်တဲ့နေရာပေါ်မှာ မူတယ်တယ်” ဆိုတဲ့ နိယာမပဲ။ ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စတွေကို ဝင်မပါနဲ့။ အုပ်ချုပ်သူတစ်ယောက်ရဲ့ ပညာရပ်နဲ့ လမ်းစဉ်တွေ ဆိုတာက ငါ့မှတ်ဉာဏ်ထဲမှာရှိတဲ သီဝရီထဲက ကူးယူထားတာ တွေပဲ။ ဒါပေမဲ့ စစ်မှန်တဲ့ အုပ်ချုပ်သူအကြောင်း ရှီရာပြောတာကို နားထောင်ရတာတော့ သူက ဒါက ကိုယ်ပိုင်အတွေ့အကြုံ၊ နားလည်မှုတွေနဲ့ နှိုင်းယှဉ်ခံစားလို့ ရလောက်တယ်။
“မဟာဆရာသခင်က အုပ်ချုပ်သူတစ်ယောက် မဟုတ်လောက်ဘူး မလား။” ရှီရာ၏ မျက်နှာက ညင်သာသော အပြုံးတစ်ခု ပြသလိုက်သည်။ ရေခဲတုံး အရည်ပျော်နေသော အလှတရားက ဆွဲဆောင်မှု ရှိလွန်းလှသည်။ “ငါမင်းကို နည်းနည်းတောင် သံသယ ဝင်လာပြီ။”
ချန်လွေ့က လေးနက်သော မျက်နှာဖြင့် ပြန်ဖြေသည်။ “တကယ်တော့ ကျုပ်က ကမ္ဘာမြေလို့ခေါ်တဲ့ တခြားနေရာတစ်ခုက ကူးပြောင်းလာတာပါ။ ကျုပ် ခင်ဗျားကို ပြောခဲ့တာက တခြားလောကကနေ ရခဲ့တဲ့ ဗဟုသုတတွေပဲ။ ဒီလျို့ဝှက်ချက်ကို ကျုပ်ရဲ့ စိတ်ထဲမှာ ဖုံးကွယ်ထားတာ အတော်ကြာပြီ။ အခု ပြောလိုက်ရတော့ တော်တော်လေး နေလို့ကောင်းသွားတယ်။”
ရှီရာတွင် ထူးဆန်းသော အကြည့်တစ်ခု ဖြစ်သွားသည်။ “ကမ္ဘာမြေဆိုတာက လူသားလောကရဲ့ နောက်ထပ်နာမည် တစ်ခုလား။ ငါ မင်းကို မင်းသား အာသာလို့ ခေါ်ရမလား။ ဒါမှမဟုတ် အရှင်မင်းကြီးလို့ ခေါ်ရမလား။”
ချန်လွေ့ ပုခုံးတွန့်လိုက်သည်။ “အာသာ မဟုတ်ပါဘူး။ ချန်လွေ့ပါ။ ချန်လွေ့ရဲ့ ချန်။ ချန်လွေ့ရဲ့ လွေ့။ ပြီးတော့ ကျုပ်ကို ကြင်ရာတော်မင်းသားလို့ ခေါ်လို့ရပါတယ်။”
“ဒါဆိုလည်း ကြင်ရာတော် မင်းသား။” ရှီရာ ပြုံးရင်း ပြောသည်။ “မေးခွန်းတစ်ခု ဖြေပေးနိုင်မလား။ ရှင့်ကို အလွန့်အလွန်ရူးမိုက်တယ်လို့ ပြောပြီးတော့ အဲဒီလို ဖြေခဲ့တဲ့ သူက ဘယ်သူလဲ။ မိန်းမလှတစ်ယောက်လား။ ကျွန်မ သူ့ကို သိလား။ ဒါမှမဟုတ် မသိဘူးလား။”
မျက်နှာဖုံးအနောက်မှ ချန်လွေ့၏မျက်နှာပေါ်တွင် ချွေးတစ်စက် ကျလာသည်။ တစ်ခါတစ်ရံ၌ မိန်းများ၏ အလိုလိုသိစိတ်သည် ဉာဏ်ပညာထက်ပင် ကြောက်မက်ဖွယ်ရာ ကောင်းတတ်၏။
“ငါလည်း သိချင်တယ်။” ခန်းမထဲ၌ နောက်ထပ်အသံတစ်သံ ပေါ်ထွက်လာသည်။ ချန်လွေ့၏ နောက်ကျော၌ ချွေးပြန်လာသည်။ ကိုဝင်အား မှော်စွမ်းအားဖြင့် ချန်လွေ့ ဟန့်တားထားခိုင်းခဲ့သော မစ်-ဟန်ဆောင်ငေးငိုင်က အမြဲပင် တိတ်ဆိတ်နေခဲ့သည်။ ထိုစကား ကြားသည့်အခါမှသာ အားတက်တရောနှင့် ပါဝင်လာလေသည်။
ရှီရာက တွေးဆလျက် ခေါင်းညိတ်လိုက်သည်။ “ဒီတော့....ငါနဲ့ဇိုလာ မပါဘူးပေါ့။”
“အဲဒီလေသံကို ကြည့်ရတာ အသီနာနဲ့ ခီရာ ဟုတ်မယ် မထင်ဘူး။” ရှီရာ၏ဘေး၌ ဇိုလာ၏ လှပသောပုံရိပ် တဖြည်းဖြည်း ထင်ရှားလာသည်။ မစ်-နတ်မိမယ်နဂါးနှင့် ဧကရီအရှင်မအသစ်တို့က အမှောင်လတွင် အထိအတွေ့ နည်းပါးပြီး ဆက်ဆံရေးမှာ သာမန်မျှဖြစ်သော်လည်း “ပြင်ပရန်သူ”နှင့် ပတ်သက်သော အခြေအနေမျိုး၌ တူညီသော အမုန်းတရားဆီသို့ မကျေနပ်ချက်တစ်ခုက တစ်ချိန်တည်းမှာပင် လှိမ့်တက်လာခဲ့သည်။
မစ်-နတ်မိမယ်နဂါး ခေါင်းညိတ်သည်။ “ဟိုးအရင်တုန်းက ရူးမိုက်တဲ့သူမှာ အရိပ်နက် အင်ပါယာက မိန်းမတစ်ယောက် ရှိတယ်လို့ အသီနာပြောတာ ငါ မှတ်မိတယ်။”
ချန်လွေ့ ငိုချင်သွားခဲ့သည်။ မင်းတို့ မှတ်ဉာဏ်တွေ မကောင်းဘဲ နေလိုက်ပါလား။
ရှီရာ မသင်္ကာ ဖြစ်သွားသည်။ “အရိပ်နက်အင်ပါယာကလား။ ဒါက စိတ်ဝင်စားစရာ သတင်းတစ်ခုပဲ။ အရိပ်နက်အင်ပါယာရဲ့ အရေးပါတဲ့သူတစ်ယောက်များလား။”
ချန်လွေ့ ချွေးပြန်သွား၏။ စိစိစစ်စစ် စိုက်ကြည့်နေသော အကြည့်လေးခုကို ခံစားနေရရင်း သူက မစ်-နတ်မိမယ်နဂါးထံမှ ပညာသင်ပြီး “ဘာပြောတာလဲ” ဟူ၍ပင် ဟန်ဆောင်ပြောချင်မိသွားသည်။
“ဒါပြီးရင် ကျုပ် အစအဆုံး သေချာပေါက် ပြောပြပါ့မယ်။” ချန်လွေ့က ချက်ချင်းပင် သူတို့ကို အာရုံလွှဲလိုက်သည်။ “အခု ကျုပ်တို့လုပ်ဖို့လိုတာက အချိန်ဆွဲဖို့ပဲ။ ဇိုလာ၊ မင်းက ရှီရာကို ကာကွယ်ထားပေး။ ကိုယ် အမှောင်ဆီ ချက်ချင်းပြန်ပြီးတော့ လူတစ်စု ခေါ်လာခဲ့မယ်။”
“ဟွန့်..” ရှီရာက နှာခေါင်းသံဖြင့် ပြန်ဖြေသည်။
ရှီရာက ခေါင်းညိတ်ပြီး ပြောသည်။ “ဇိုလာ။ ဒီလူ့မှာ လျို့ဝှက်ချက်တွေ ဘယ်လောက်တောင် ရှိနေလဲဆိုတာ သိရဖို့အတွက် ငါတို့တွေ ပိုပြီးတော့ စကားပြောရမယ်။ အထူးသဖြင့် ငါတို့မသိသေးတဲ့ မိန်းမတွေအကြောင်းပေါ့။ ဥပမာ ပြောရရင် “လောကအဆုံးသတ်”ဆိုတဲ့ သီချင်းကို ငါကြားဖူးတယ်။ နင်ရော အရင်က ကြားဖူးလား။”
“လောကအဆုံးသတ်လား။” ဇိုလာက ချွေးများစိုရွှဲနေသော တစ်စုံတစ်ယောက်ကို ဒေါသဖြင့် ကြည့်ပြီး ခေါင်းခါလိုက်သည်။ “မကြားဖူးဘူး။ ဒါပေမဲ့ ကပ်ဘေးစီရင်ချက် ဆိုတဲ့ ထိပ်တန်းမှော်ပညာ တစ်မျိုးကိုတော့ ကြားဖူးတယ်။”
ကပ်ဘေးစီရင်ချက် ဟူသော စကားလုံးကို မစ်-နတ်မိမယ်နဂါးက တမင်တကာ အသားပေးပြောနေစဉ် ချန်လွေ့ ပို၍ပင် ချွေးပြန်လာ၏။
“စကားပိုပြောလို့ကောင်းတဲ့ နေရာတစ်ခုကို သွားရအောင်။” ရှီရာက ချန်လွေ့ကို လျစ်လျူရှုပြီး ဇိုလာ၏လက်ကိုကိုင်ကာ အတွင်းသို့ လမ်းလျှောက်သွားလေသည်။
ချန်လွေ့ ကြက်သေသေသွားပြီး အမျိုးသမီးနှစ်ယောက် တရင်းတနှီး လက်ကိုင်ပြီး လမ်းလျှောက်ထွက်သွားသည်ကို ကြည့်နေလိုက်သည်။ သူ၏ ပထမဆုံး တုံ့ပြန်မှုမှာ အောက်ပါအတိုင်း ဖြစ်သည်။ ငါက တကယ် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်နေတာပဲ။ အရှင်မ ရှီရာက ခုနက သင်ထားခဲ့တဲ့ အုပ်ချုပ်သူ ပညာရပ်ကို မောင်းမဆောင် စစ်မြေပြင်မှာ အသုံးချခဲ့တာပဲ။ အဝေးကနေ တိုက်ခိုက်တာ ....
အနာဂတ် သလင်းကျောက် မောင်းမဆောင်က ငြိမ်းချမ်းဖို့အတွက် ခက်ခဲမှာ စိုးရိမ်ရတယ်။ ဇာတ်လိုက်မင်းသားက အဆုံးဝါးဆုံး သွေးစတေးဖို့အတွက် အမြဲတမ်း ပြင်ဆင်ထားရမယ်။
ဒီနေရာက အန္တရာယ်များလွန်းတယ်။ အမှောင်လဆီ.....ပြန်တာကောင်းမယ်။
အခု ရှီရာက မြို့တော်မှာ အားနည်းလွန်းတယ်။ အစောင့်တွေတောင် ဗိုလ်ချုပ်ဂျော့ချ်က ယာာယီ စီစဉ်ထားပေးတာ။ အဲဒါကြောင့် တော်ဝင်အစောင့်တွေကို လူလဲရမယ်။ အခုလက်ရှိ မြို့တော်ရဲ့ သတင်းအချက်အလက် အဖွဲ့အစည်းကို အမှောင်လ လူတွေက အမြန်ထိန်းချုပ်ဖို့ လိုအပ်နေတယ်။ အစ်ဇဘယ်လာက အသင့်တော်ဆုံးသူပဲ။ စကိုင်းနဲ့ ထယ်တင်းနစ်တို့က ကူညီဖို့ ကတိပေးပြီးသွားပြီ။ အဲဒါကြောင့် သူတို့တွေ အမြန်ဆုံး ထွက်ခွာသွားသင့်တယ်။ ဒါပေမဲ့ ဇိုလာရဲ့ သက်တန့်တောင်ကြား နေရာလွတ် လမ်းကြောင်းက အကန့်အသတ်မဲ့ မဟုတ်ဘူး။ တစ်ကြိမ်ကို တစ်ယောက်ပဲ သွားလို့ရတာ။
တကယ်လို့ ကတ်သရင်းက မျှော်လင့်ထားတာထက် ကျော်လွန်ပြီး မလုပ်ခဲ့ရင် အရိပ်နက်အင်ပါယာက ဖြစ်နိုင်သမျှအမြန်ဆုံး ငြိမ်းချမ်းရေး စကားပြောဖို့အတွက် သံတမန်အသစ် တစ်ယောက် စေလွှတ်မှာပဲ။ သတ်မှတ်ချက်တွေ ရှိနိုင်ပေမဲ့ လီလစ်ဇ်နဲ့ တာဒီလာတို့ ပြောသလိုမျိုး မတန်မဆဖြစ်မှာ မဟုတ်ဘူး။ ရန်သူတွေ နောက်ဆုတ်သွားတာနဲ့ စစ်ကူသွားကြတဲ့ ဘာရိုကိုနဲ့ တခြားသူတွေလည်း မြို့တော်ကို ပြန်လာမှာ။ ဒါကြောင့် ရှီရာမှာ အချိန်သိပ်မရှိတော့ဘူး။ ငါ မြန်မြန် လုပ်ရမယ်။