← Chapters

မြို့တော်ကို လိုလီလေး သွားပြီ

Vol. 37 Ch. 564

မြို့တော်ကို လိုလီလေး သွားပြီ

Vol. 37 Ch. 564

“အဲလစ်။ လျှောက်မလုပ်နေနဲ့တော့။” ချန်လွေ့က ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါရုံသာ တတ်နိုင်လေသည်။ “မင်းရဲ့အစ်မက အခု မြို့တော်မှာ အခြေမခိုင်သေးဘူး။ မင်း သူ့ကို စိတ်မရှုပ်စေချင်ဘူး မဟုတ်လား။ အခြေအနေတွေ တည်ငြိမ်သွားရင် ငါမင်းကို လာကြိုပေးမယ်။”

“အိဗ်နဲ့ အလျန်တို့ကလည်း ဦးလေး စကိုင်းရဲ့ မိသားစုနဲ့အတူ မြို့တော်ဆီကို သွားတာ ငါသိတယ်။ အသီနာက လော့ဒ် ဖြစ်သွားတော့ ငါ့အစ်မလိုပဲ တစ်နေ့လုံး အလုပ်များနေတာ။ တကယ် ပျင်းစရာကြီး....” အဲလစ်က မကျေမနပ်နှင့် ပြောသည်။ “ပြီးတော့ ငါက ပြဿနာ သွားရှာမှာမှ မဟုတ်တာ။ ငါ့အစ်မကို တကယ် ကူညီချင်တယ်။ မြို့တော်မှာလည်း မင်းသမီး လက်လီစတိုးဆိုင်ခွဲ ရှိတယ် မဟုတ်လား။ ငါ .... ”

“မရဘူး။ အလွန်ဆုံး ငါ မင်းကို အိုလီဖီးရက်စ်နဲ့ နေခွင့်ပေးမယ်။” ချန်လွေ့က ထိုမေးခွန်းကြောင့် လက်မလျှော့ပေ။ သူက မျက်နှာတင်းမာလျက် ပြောလိုက်သည်။

အဲလစ်က ချန်လွေ့၏ တင်းမာသောမျက်နှာကို မြင်ရခဲသည့်အတွက် မျက်ရည် အနည်းငယ် ဝဲသွားသည်။ “စီးပွားရေးအကြီးကြီး” ပြုလုပ်ရန်အတွက် မြို့တော်သို့ မသွားနိုင်ကြောင်း ကြားသည့်အခါ အိုလီဖီးရက်စ်၏ မျက်နှာလည်း ပို၍ပင် ခါးသက်သွားခဲ့လေသည်။

“တကယ်တော့ ..... အခု မြို့တော်ကို အဲလစ်သွားဖို့က မဖြစ်နိုင်တာ မဟုတ်ဘူး။” ၎င်းမှာ ပြောလိုက်သူမှာ အမှန်တကယ်ပင် အစ်ဇဘယ်လာ ဖြစ်နေသည်။

လိုလီလေး၏မျက်လုံးများ အရောင်တောက်သွား၏။ “အစ်မ အစ်ဇဘယ်လာ...”

“အစ်မ ဟုတ်လား။ အဘွားကြီး အစ်ဇဘယ်လာ မဟုတ်ဘူးလား။” အစ်ဇဘယ်လာ ပြုံးလိုက်သည်။ လိုလီလေးနှင့် ရင့်ကျက်သော အမျိုးသမီးတို့က ယခုမှ တွေ့ဖူးခြင်း မဟုတ်သည်မှာ သေချာပေသည်။ သို့သော်လည်း သူတို့တွင် ပြင်းထန်သော ထိပ်တိုက် ရင်ဆိုင်မှုတစ်ခု ရှိခဲ့သည်။

အမှောင်လသို့ သံတမန်အနေဖြင့် အစ်ဇဘယ်လာ လာရောက်လည်ပတ်ခဲ့စဉ်က အဲလစ် သဘောမကျခဲ့ပေ။ လိုလီလေးက ရင့်ကျက်သော အမျိုးသမီး၏ ရင်သား အရွယ်အစားကို မနာလိုဖြစ်သလို မုန်းတီးခြင်းလည်း ဖြစ်ခဲ့သည်။

နောက်ပိုင်း၌ အစ်ဇဘယ်လာက အမှောင်လ၏ အမှောင်နတ်ဆိုးအဖြစ် “ပျောက်ကွယ်”သွားပြီးနောက် သူ့အကြောင်းကို လိုလီလေး သိပ်မကြားရတော့ပေ။ သိပ်မကြာခင်ကမှ ရှီရာသည် လိုလီလေးအား အစ်ဇဘယ်လာအကြောင်း ပြောပြပြီး အဲလစ်ကို အစ်ဇဘယ်လာနှင့် အမှောင်နတ်ဆိုးတို့၏ အကာကွယ်နှင့်အတူ ပူး‌ပေါင်းဆောင်ရွက်ရန် ပြောခဲ့ခြင်း ဖြစ်သည်။

လိုလီလေးက မျက်လုံးလှန်လိုက်သည်။ “အစ်မ အစ်ဇဘယ်လာက စိတ်ထား ပြည့်ဝတာပဲ။ အဲဒါကြောင့် ကျွန်မကို ကောင်မလေးကို ဗွေမယူပါနဲ့။ အိုလီဖီးရက်စ်က ကျွန်မက သူငယ်ချင်းကောင်းတွေပဲ။ ပြီးတော့ သူ့အစ်မက ကျွန်မရဲ့အစ်မ။ အဲဒါကြောင့် ကျွန်မကို မြို့တော်ဆီ ခေါ်သွားပေးပါ။ အစ်မ နော်။”

“ကောင်မလေး ဟုတ်လား။” ကောင်မ“လေး”ဟူသော စကားလုံးက လိုလီလေးအတွက် တားမြစ်ချက်ဖြစ်ကြောင်း သိထားသည့်အတွက် အစ်ဇဘယ်လာက လိုလီလေး၏ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချသော အသုံးအနှုန်းကို အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

“ကျွန်မက ငယ်ငယ်လေးပဲ ရှိပါသေးတယ်။” လိုလီလေးက ကိုယ်ပိုင်မူဝါဒကို ဖြစ်ကတတ်ဆန်း မလုပ်ပေ။ သူက ကောင်မ“လေး” ဖြစ်သော အိုလီဖီးရက်စ်ကို ပွေ့ဖက်လိုက်သည်။ “ကျွန်မက အရွယ်ရောက်လာမှာပါ။ နောက်ပိုင်းကျရင်လည်း ကျွန်မကို ဂရုစိုက်ပေးပါ။ အစ်မ။”

“နင်က တကယ့်ကို မင်းသမီးလေးပဲ။” အစ်ဇဘယ်လာက ခါးသက်သက်နှင့် ပြုံးလိုက်ပြီး မစ်-နဂါးနက်ဘက်သို့ ခေါင်းလှည့်လိုက်သည်။ “အိုလီဖီးရက်စ်။ နင်ရော မြို့တော်ကို သွားချင်တာလား။”

မစ်-ဇိုလာ၏ ဟန်ဆောင်ငေးငိုင်ခြင်းထက်စာလျှင် မစ်-နဂါးနက်၏ အစိတ်အပိုင်း တချို့က တကယ့် ငေးငိုင်ခြင်း ( ဘဏ္ဍာရေးမှလွဲ၍ ) နှင့် ပို၍နီးစပ်သည်။ သူက အဲလစ်နှင့် အစ်ဇဘယ်လာတို့၏ စကားများကြောင့် လုံးဝ ဇဝေဇဝါ ဖြစ်နေခဲ့လေသည်။ ထိုစကားကို ကြားသည့်အခါ သူက အလျင်အမြန်ပင် ခေါင်းညိတ်လိုက်သည်။

အိုလီဖီးရက်စ်က မြို့တော်သို့ တစ်ခါရောက်ဖူးပြီး အမှောင်နတ်ဆိုး စခန်းမှ အရင်းအမြစ်အားလုံးကို ကုန်ခမ်းလုနီးပါး ဖြစ်သွားစေခဲ့သည်။ မစ်-နဂါးနက်၏ အမြင်၌ ကြယ်ကြွေတမန်မြို့တော်မှာ တုံ့အသော လူချမ်းသာများရှိပြီး ထိုသို့ ရောက်လျှင် သူ အလွယ်တကူ ချမ်းသာလာနိုင်သော နေရာကောင်းတစ်ခု ဖြစ်နေသည်။

“ကောင်းပြီ။ မင်းသမီးလေး။ ငါနင့်ကို မြို့တော်ဆီ ခေါ်သွားလို့ ရတယ်။ ဒါပေမဲ့ နင် တကယ် ကူညီချင်တယ်ဆိုရင်တော့ ငါပြောတာကို နားထောင်ရမယ်။” အစ်ဇယ်လာက ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်ရာ သူ၏ကြီးမားသော ရင်သားများ အနည်းငယ် တုန်ခါသွားပြီး လိုလီလေး၏ မျက်လုံးများကို မနာလိုမှုများနှင့် ပြည့်နှက်သွားစေသည်။

၎င်းကို ကြားသည့်အခါ အဲလစ်က ပျော်ရွှင်စွာဖြင့် ထခုန်လိုက်သည်။ “အစ်မ အစ်ဇဘယ်လာ။ အစ်မပြောတာကို ကျွန်မ နားထောင်ပါ့မယ်။”

ချန်လွေ့က အစ်ဇဘယ်လာကို အရိပ်အမြွက် ပြနေသော်လည်း အစ်ဇဘယ်လာက မမြင်ချင်ယောင်ဆောင်ပြီး ပြုံးလိုက်သည်။ “ကောင်းပြီ။ အိုလီဖီးရက်စ်။ နင်က မင်းသမီးလေးကို ပြင်ဆင်ဖို့ ကူညီပေးလိုက်။ အဓိကအားဖြင့်တော့ မင်းသမီး လက်လီစတိုးကို သေသေချာချာ စီစဉ်ဖို့ လိုအပ်တယ်။ နောက်ကျရင် ငါ နန်းတော်ကို လာပြီးတော့ နင်တို့နှစ်ယောက်ကို လာကြိုမယ်။”

“နားလည်ပါပြီ။ အစ်မ...” အိုလီဖီးရက်စ်နှင့် လိုလီလေးတို့က တစ်ပြိုင်နက်တည်း တုံ့ပြန်လိုက်ကြသည်။ သူတို့က ပျော်ရွှင်စွာဖြင့် လက်ချင်းကိုင်ပြီး ပြေးထွက်သွား၏။

“အစ်ဇဘယ်လာ...” နောက်ဆုံး၌ ချန်လွေ့ မနေနိုင်တော့ဘဲ အော်ပြောလိုက်သည်။ အိုလီဖီးရက်စ်နှင့် လိုလီလေးတို့က ထိုအော်သံကို ကြားသည့်အခါ တစ်ခုခုပြောင်းလဲမည် စိုးသည့်အတွက် နောက်လှည့်မကြည့်ဘဲ အရှိန်တင်လိုက်‌တော့သည်။ သူတို့က မျက်စိ တစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားကြသည်။

အစ်ဇဘယ်လာက ပုံမှန်ပင် ပြုံးလိုက်သည်။ “ဘာလို့လဲ။ စိတ်ရှုပ်တာလား။ မင်းသမီး နှစ်ယောက်လုံးကို ကြိုက်နေတဲ့သူက။”

“စကားလမ်းကြောင်း မပြောင်းနဲ့။ မင်း ဘာတွေ ကြံစည်နေတာလဲ။” ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။ “အခု မြို့တော်ကို အဲလစ်သွားရင် ဒုက္ခမများဘူးလား။”

“ရှင်နဲ့ ရှီရာက အဲလစ်ကို ဘယ်လိုထင်နေတာလဲ။ အလှပြပန်းအိုလား။ ဖန်လှောင်အိမ်ထဲက ပန်းပွင့်လား။ ဘယ်တော့မှ အရွယ်မရောက်ဘဲနဲ့ အမြဲဂရုစိုက်ရတဲ့ ညီမလေးတစ်ယောက်လား။” အစ်ဇဘယ်လာက အားမနာတမ်း ပြောသည်။ “သူက သာမန်မိသားစုက သမီးတစ်ယောက် မဟုတ်ဘူး။ သူက အင်ပါယာရဲ့ မင်းသမီး။ ပြီးတော့ ဧကရီရဲ့ တစ်ဦးတည်းသော ညီမလေး။ ရှင် သတ်မှတ်တဲ့ “အကာအကွယ်”က အလိုလိုက်တာ ဖြစ်သွားပြီးတော့ သူ့ကို ပိုပြီးတော့ မတည်မတံ့ ဖြစ်စေမယ်။ မောက်မာစေမယ်။ ပြီးတော့ မှီခိုလွန်းစေမယ်။ ပြီးရင် သူ့ဘေးနားမှာ ရှင့်ရဲ့အကာကွယ် မရှိရင်၊ သူ့ရဲ့ ပုန်ကန်တဲ့စရိုက်ကို မထိန်းချုပ်နိုင်ရင် သူက သူ့ကိုယ်သူနဲ့ ရှင် နောင်တရစေမယ့် အမှားတွေကို လုပ်လိမ့်မယ်။”

အစ်ဇဘယ်လာ၏ မျက်လုံးထဲမှ ရုတ်တရက် ကြမ်းတမ်းမှုက ချန်လွေ့ကို အနည်းငယ် တုန်လှုပ်သွားစေခဲ့သည်။ ချန်လွေ့ ခေါင်းခါသည်။ “သူက ၁၄နှစ်ပဲ ရှိသေးတာ....”

အစ်ဇဘယ်လာက ဂရုမစိုက်ဘဲ မေးသည်။ “အသက်၁၄နှစ်တုန်းက ကျွန်မ ဘာလုပ်နေခဲ့လဲဆိုတာ ရှင်သိလား။ အသက်၁၄နှစ်တုန်းက ရှင် ဘာလုပ်နေခဲ့တာလဲ။”

ချန်လွေ့က မိမိသည် အသက်၁၄နှစ်တွင် အထက်တန်းကျောင်း၌သာ ရှိနေသေးပြီး အခန်းထဲမှ ဆွဲဆောင်မှုရှိသော ဂီတကော်မတီဝင်တစ်ယောက်ကို ကြွေနေကြောင်း ပြောချင်ခဲ့သည်။ သို့သော်လည်း ထိုကဲ့သို့ ရွှေထီးဆောင်းခဲ့သော သမိုင်းကြောင်းက အစ်ဇဘယ်ကို ငြင်းရန် အသုံးချ၍မရပေ။ အစ်ဇဘယ်လာ၏ တည်ငြိမ်သောအသံ ထွက်လာပြန်သည်။ “အဲလစ်ကို အထင်မသေးနဲ့။ မင်းသမီး လက်လီစတိုးမှာ သူနေခဲ့တဲ့ အချိန် ၂နှစ်က အလကား မဟုတ်ဘူး။ မြို့တော်မှာ သူ့ရဲ့တာဝန်က ရှင်ထင်ထားတာထက် ပိုပြီးတော့ ကြီးမားတယ်။ ဒါက အတွေ့အကြုံအတွက် အကျိုးရှိသလို ရင့်ကျက်ဖို့ အတွက်လည်း ဟုတ်တယ်။ အန္တရာယ်ကင်းဖို့အတွက်ကိုတော့ ကျွန်မရဲ့အသက်နဲ့ အာမခံနိုင်တယ်။ အဲဒါကြောင့် စိတ်မပူနဲ့။ ရှင် သူ့ကို မြို့တော်ဆီ မလွှတ်ရင် ကျွန်မလည်း မသွားဘူး။”

ချန်လွေ့ ခဏတာ တိတ်ဆိတ်သွား၏။ အစ်ဇဘယ်လာ၏ တုံ့ပြန်မှုမှာ သူထင်ထားသည်ထက် ကျော်လွန်နေသည်။ သို့သော်လည်း သူ မငြင်းနိုင်ခဲ့ပေ။ လင်းယုန်ငယ်သည် တစ်နေ့တွင် အရွယ်ရောက်လာပြီး နောက်ဆုံး၌ ကောင်းကင်ထဲ ပျံသန်းမည် ဖြစ်သည်။ အဲလစ်တွင် ကိုယ်ပိုင် စရိုက်လက္ခဏာနှင့် အနာဂတ် ရှိသည်။ သူက လှောင်အိမ်ထဲမှ အိမ်မွေးတိရစ္ဆာန်တစ်ကောင် မဟုတ်ပေ။ အစ်ဇဘယ်လာ၏ အမြင်ကို ချန်လွေ့ သဘောမတူသော်လည်း အဲလစ်က ပိုမိုအစွမ်းထက်ကာ အမှီအခိုကင်းသော စွမ်းရည်ရှိနိုင်ရန်အတွက်လည်း သူ မျှော်လင့်သည်။ အကာကွယ် ကတိကြောင့် သူ တဖြည်းဖြည်းနှင့် လက်လွှတ်နိုင်လောက်ပေသည်။

သုံးလေးနာရီ ကြာပြီး‌နောက် “တယ်လီပို့ခုန်ခြင်း” စတင်တော့သည်။ ချန်လွေ့တွင် ဇိုလာ၏ နေရာလွတ်စွမ်းရည် မရှိပေ။ ထို့ကြောင့် သူက တယ်လီပို့လမ်းကြောင်းနှင့် ဘဏ္ဍာရေး အရာရှိနေအိမ်ကို ချိတ်ဆက်ရန်အတွက် တစ်ခါသုံး တယ်လီပို့ မှော်စက်ဝိုင်းကိုသာ အသုံးပြုရလေသည်။ ထိုမှော်စက်ဝိုင်းအတွက် ချန်လွေ့က အတော်လေး အချိန်ပေးခဲ့ရသည်။ ပြီးစီးသွားသောအခါ နေဝင်ရီတရော ဖြစ်နေပြီ ဖြစ်သည်။ ထို့နောက် မြို့တော်သို့သွားမည့် လူအားလုံးကို စုစည်းလိုက်သည်။

ယခုတစ်ခေါက် မြို့တော်သို့ သွားမည်သူများမှာ ၂၂၀ ရှိပြီး သက်တန့်တောင်ကြား၏ လမ်းကြောင်း အကန့်အသတ် ဖြစ်သည်။ အစ်ဇဘယ်လာ၏ မရမက ပြောဆိုမှုကြောင့် နောက်ဆုံးတွင် အဲလစ်ကိုပါ ခေါ်ခဲ့ရပြီး သူ့ကို ကာကွယ်ပေးနေသော လိုကီလည်း လိုက်လာသည်။ ထို့အပြင် အိုလီဖီးရက်စ်၊ ထယ်တင်းနစ်နှင့် စကိုင်းတို့ မိသားစုလည်း ပါဝင်သည်။

ကြယ်ကြွေတမန်အင်ပါယာမှ နန်းတော်ခံတပ်သည် အလွန်အားကောင်းလှသည်။ မှော်စက်ဝိုင်း တစ်ခုတည်းကပင် နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းများ၏ တစ်ပြိုင်နက်တည်း တိုက်ခိုက်မှုများကို ကာကွယ်နိုင်သည်။ သို့သော် လက်ရှိတွင် ရှီရာ၌ ယုံကြည်ရသော အစောင့်များ ရှိမနေသည့်အတွက် ချန်လွေ့က ခါဂူလီ ဦးဆောင်သော အင်ပါယာအစောင့် ၂၀၀ကျော်ကို ခေါ်လာခဲ့လေသည်။

အမှောင်လ၏ အမှုထမ်းများတွင် အသီနာက ကိုယ်စားလှယ်လော့ဒ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ခါဂူရွန်က သွေးနီဗိုလ်ခြေ တပ်မှူးအဖြစ် ထမ်းဆောင်သည်။ နက်စ်တာက မီးလျှံဗိုလ်ခြေ တပ်မှူးအဖြစ် ထမ်းဆောင်ဆဲ ဖြစ်သည်။ မူလ မှော်အရိပ် မြင်းတပ်က မီးလျှံဗိုလ်ခြေနှင့် ပေါင်းစည်းသွားခဲ့သည်။ နက်စ်တာသည် မူလက မြို့တော်စစ်တပ်မှူး ဖြစ်သော်လည်း ယခုတွင် နတ်ဘုရား-ဝါးမျို မျက်နှာဖုံး၏ ရုပ်သေး ဖြစ်သွားခဲ့သည်။ သူက အမှောင်လတွင် လိုရမည်ရ နေနေခြင်း ဖြစ်သည်။ တင်မ်က လရိပ်ဗိုလ်ခြေ တပ်မှူး ဖြစ်နေဆဲ ဖြစ်သည်။ ရိုမန်က ငြိမ်ဝပ်ပိပြားရေး အရာရှိအဖြစ် တာဝန်ယူထားသည်။ “ချန်လွေ့”က ဘဏ္ဍာရေးအရာရှိ ဖြစ်သော်လည်း လူသား၏ ဖျားနာမှုကြောင့် အဓိကကိစ္စရပ်များကို လက်ထောက်ဖြစ်သော စိုင်ဖူမိသားစု ခေါင်းဆောင် ဖို့ဒ်က ကိုင်တွယ်လေသည်။

ဗိုလ်ချုပ်များ၏ ဦးဆောင်မှုအောက်၌ အမှောင်လတွင် သောင်တင်နေသော မြို့တော်စစ်တပ်မှ စစ်သည်အချို့က လိပ်ပြာနီနယ်မြေသို့ နေရာပြောင်းရွှေ့ခဲ့သည်။ ကျန်သောသူများက မြောက်ဘက်သို့သွားပြီး မြို့တော်ထံ ပြန်သွားကြသည်။ ဂူရာဒန် ဦးဆောင်သော အရေအတွက် တစ်သိန်းရှိသည့် မသေမျိုးစစ်တပ်က ဝါလန်ခံတပ်သို့ သွားသည်။ သွေးနီမီးလျှံစစ်တပ်က တပ်သားအသစ်များ အလျင်အမြန် ခေါ်ယူပြီး လေ့ကျင့်ပေးကာ နယ်မြေမှ ခုခံမှုနှင့် စုံစမ်းမှု အားကောင်းရန် ပြုလုပ်ကြသည်။ ကတ်သရင်းက အမှန်တကယ် မတိုက်ခိုက်နိုင်လောက်သော်လည်း အမှောင်လက သတိလက်လွတ်နေ၍ မရသေးပေ။ သူတို့က ခုခံအပြည့်အဝပုံစံဖြင့် နေနေရပေမည်။

အသီနာ၊ ခီရာနှင့် ချန်လွေ့တို့က မခွဲခွာခင် အလျင်အမြန် ဆုံတွေ့ခဲ့ကြသည်။ သို့သော်လည်း ယခု မြို့တော်ကိစ္စက အလွန်အမင်း အရေးကြီးပြီး ချန်လွေ့၏ တာဝန်မှာ မပေါ့ပါးကြောင်း သူတို့ သိကြသည်။ ထို့ပြင် [ ကြယ်ဂိတ် ] နှင့် သက်တန့်တောင်ကြား လမ်းကြောင်းတို့ကြောင့် ပြန်လာရန် အလွန်မြန်လှပေသည်။

ချန်လွေ့က လူအုပ်ကြီးကို မြူဖုံးနေသော သက်တန့်တောင်ကြားသို့ ဦးဆောင်ပြီး မြို့တော်သို့ တယ်လီပို့ခုန်ပေးလိုက်သည်။

“မြောက်ဘက်ကို တည့်တည့်သွား။ ပြီးရင် မြို့တော်ကို ၆နာရီအတွင်း ရောက်မယ်။ ခင်ဗျားတို့ကို မဒမ်-အမှောင်နတ်ဆိုးက ဦးဆောင်သွားလိမ့်မယ်။ လမ်းတစ်လျှာက်မှာ ခြေရာဖျောက်ဖို့ မမေ့နဲ့။ မင်းသမီးလေးကို ကာကွယ်။ ပြီးတော့ အဲဒီမှာ ဆာ-အက်ဂ်ယောက မင်းတို့ကို လာကြိုလိမ့်မယ်။” ချန်လွေ့ပြောခဲ့သော “မဒမ်-အမှောင်နတ်ဆိုး” မှာ မျက်နှာလွှား ဝတ်ထားသော အစ်ဇဘယ်လာ ဖြစ်သည်။ အပြင်လူများ ရှိနေကြသည့်အတွက် သူ၏ လျို့ဝှက်သရုပ်ကို ချန်လွေ့ ဖုံးကွယ်ထားခဲ့ လေသည်။

လိုလီလေးက “ချန်လွေ့”သည် ယခုတစ်ခေါက် သူတို့နှင့်သွားမည်မဟုတ်ကြောင်း မထွက်ခွာခင်က သိခဲ့ရသည်။ သူက နောက်သုံးလေးရက် ကြာပြီးနောက် လျို့ဝှက် အစည်းအဝေးတစ်ခု တက်ရပေမည်။ ထို့ကြောင့် အဲလစ်က ဘာမှမပြောဘဲ အစ်ဇဘယ်လာနှင့် အခြားသူများနောက်သို့ ကျိုးကျိုးနွံနွံနှင့် လိုက်သွားခဲ့သည်။

အားလုံး ထွက်သွားပြီးနောက် ချန်လွေ့က ချက်ချင်းပင် [ ကြယ်ဂိတ် ] ကို ဖွင့်ပြီး မြို့တော်မှ နန်းတော်သို့ ပြန်လာခဲ့ကာ ရှီရာအား အစီရင်ခံခဲ့သည်။ အဲလစ် လိုက်လာမည့် အကြောင်း ကြားသည့်အခါ ရှီရာ အံ့အားသင့်သွားပြီး သူတို့ကို ချက်ချင်း ကြိုဆိုရန်အတွက် ချန်လွေ့ကို လူခေါ်ခိုင်းသည်။

သုံးလေးနာရီ ကြာပြီးနောက် လူတစ်စုက နန်းတော်တွင် ပေါ်ထွက်လာ၏။

ဧကရီအရှင်မနှင့် တွေ့ဆုံပြီးနောက် ခါဂူလီ ဦးဆောင်သော အင်ပါယာ အစောင့်များက ချက်ချင်းပင် စတင် ကင်းလှည့်တော့သည်။ သို့သော်လည်း အရေအတွက် အကန့်အသတ်ကြောင့် သူတို့က အဓိကအားဖြင့် ခန်းမနှင့် အိပ်ခန်းတို့ကိုသာ စောင့်ကြပ်နိုင်သည်။

ရှီရာက အမှောင်လမှ ထွက်ခွာပြီးသည်မှာ တစ်ရက်သာ ရှိသေးသော်လည်း ထိုကဲ့သို့ ရင်းနှီးပြီး သစ္စာရှိသော အစောင့်များကို မြင်သည့်အခါ စိတ်ထဲ၌ နွေးထွေးသော ခံစားချက် တစ်ခု ခံစားလိုက်ရသည်။ သို့သော်လည်း သူက လိုလီလေးကို ကောင်းကောင်း မဆက်ဆံဘဲ “နောက်မှတွေ့မယ်”ဟူသော အကြည့်ဖြင့် ကြည့်ခဲ့သည်။ လိုလီလေးက အစ်မဖြစ်သူ၏ စရိုက်ကို သိသည်။ သူ ပြန်ပြုံးပြလိုက်ပြီး ခါဂူလီနှင့်အတူ အိပ်ခန်းသို့ နားနေရန် လိုက်သွားခဲ့သည်။

“ဆရာသခင် ထယ်တင်းနစ်။ ဆရာသခင် ဖွန်ဆက်။” ရှီရာက အသာလေး ဦးညွှတ်လိုက်သည်။

ထယ်တင်းနစ်က အသာလေး ခေါင်းညိတ်သည်။ “ကျုပ်မှာလည်း ရွေးစရာ မရှိဘူး။ ကျုပ် တပည့်နှစ်ယောက်က အရှင်မကို တော်တော်လေး သစ္စာရှိကြတာ။ အထူးသဖြင့် အရှင်မရဲ့ ကြင်ရာတော် အက်ဂ်ယောပေါ့။ ကျုပ်က ကျုပ်ရဲ့ အိုမင်းနေတဲ့ အရိုးတွေကို ရွှေ့လာခဲ့ရပေမဲ့ ဒီမှာ တစ်နှစ်ပဲ နေလို့ရမယ်။”

စကိုင်းဟူသော နာမည်ကို အမြဲပင် အသုံးပြုနေခဲ့သော ဖွန်ဆက်ကလည်း ဦးညွှတ်ပြီး ပြောလိုက်သည်။ “အရှင်မ ယဉ်ကျေးစရာ မလိုပါဘူး။ အက်ဂ်ယောရဲ့ ကိစ္စက ကျုပ်ကိစ္စပါပဲ။ ကြယ်ကြွေတမန်အင်ပါယာရဲ့ ယန္တရားအစည်းအရုံးကို ကျုပ် အမြန်ဆုံး ဝင်ရောက်မှာပါ။ ဆရာသခင် ထယ်တင်းနစ်ရဲ့ သရုပ်က နည်းနည်းထူးခြားတဲ့အတွက် ဆေးရည်ပညာရှင် အစည်းအရုံးကို ဝင်ရောက်ဖို့အတွက် သူ့နာမည်ကို ပြောင်းချင်နေတယ်။ အသေးစိတ် မှတ်ပုံတင်ဖို့အတွက် အရှင်မက တစ်‌ယောက်‌ယောက် စေလွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်။”

“ကိစ္စမရှိပါဘူး။ ကျေးဇူးတင်ပါတယ်။ ဆရာသခင်တို့။ ဆရာသခင် နှစ်ယောက် အတွက် ကျွန်မ အိမ်တစ်လုံး စီစဉ်ထားပေးပြီးပါပြီ။ အရင်ဆုံး အနားယူလိုက်ကြပါဦး။”

ဖွန်ဆက်က နှစ်ပေါင်းများစွာကြာအောင် နတ်ဆိုးဘုံရှိ ထိပ်တန်း သားရေ ယန္တရားဆရာသခင်တစ်ယောက် ဖြစ်ခဲ့သည်။ သူ၏ ဂုဏ်သတင်းနှင့် ရှီရာ၏ အထောက်အပံ့ဖြင့်ဆိုလျှင် ကြယ်ကြွေတမန်အင်ပါယာ၏ ယန္တရားအစည်းအရုံး၌ ဥက္ကဋ္ဌ ဖြစ်လာရန် မခက်ခဲပေ။ သူ အသက်ပြန်ရှင်လာသောသတင်းက နတ်ဆိုးဘုံကို သေချာပေါက် တုန်လှုပ်သွားစေပေလိမ့်မည်။ ထယ်တင်းနစ်က ပို၍ပင် အထင်ကြီးစရာ ကောင်းသည်။ အပေါ်ယံ၌ သူက အဆင်တန်ဆာ၌ ကျွမ်းကျင်သော ထိပ်တန်း ဆရာသခင် တစ်ယောက် ဖြစ်သည်။ သို့ရာတွင် အမှန်တကယ်၌ သူက ဆေးရည်နှင့် အဂ္ဂိရတ်ပညာ၌ တစ်ဝက်-မဟာဆရာသခင် ဖြစ်ပေသည်။ ၎င်းသည် နိတ်၏ လိမ်ညာရယူထားသော နေရာထက် များစွာသာလွန်သော နတ်ဆိုးဘုံ၏ ထိပ်တန်း အဂ္ဂိရတ်ပညာရှင်နှင့် ညီမျှပေသည်။ ဆေးရည်ပညာရှင် အစည်းအရုံးသို့ ဝင်ရောက်ပြီး အလွန်ကြီးမားသော လွှမ်းမိုးမှု ဖန်တီးရန်မှာ သူ့အတွက် လွယ်ကူလှ၏။

ထယ်တင်းနစ်တို့မိသားစု ထွက်သွားသည့်အခါ အစ်ဇဘယ်လာက စတင် ဦးဆောင်ပြီး ပြောသည်။ “အရှင်မ။ အမြန်လိုရင် အနှေးဖြစ်တယ် ဆိုတဲ့ စကားလည်း ရှိတာပဲ။ ယန္တရားအစည်းအရုံနဲ့ ဆေးရည်ပညာရှင် အစည်းအရုံးကို ကျွန်မရဲ့ နားလည်မှု အရတော့ ဆရာသခင် ဖွန်ဆက် အရင်ဆုံး ပေါ်ထွက်လာလို့ရတယ်။ ပြီးရင် ဆရာသခင် ထယ်တင်းနစ်ပေါ့...အဲ...တကယ်တော့ မဟာဆရာသခင်ပါ။ သူ့ကို အချိန်တစ်ခုအထိ ဝှက်ထားပြီးတော့ သင့်တော်တဲ့ အချိန်မှာမှ ဆေးရည်ပညာရှင် အစည်းအရုံးကို ဝင်ခိုင်းသင့်တယ်။ ပြီးတော့လည်း မင်းသမီး အဲလစ်ကို နန်းတော်မှာ မနေဘဲနဲ့ အမှောင်နတ်ဆိုး ဝယ်ယူထားတဲ့အိမ်မှာ အိုလီဖီးရက်စ်နဲ့ ဆရာသခင် ထယ်တင်းနစ်တို့နဲ့ ထားထားဖို့ အကြံပေးတယ်။။ လိုကီအပြင်ကို အိုလီဖီးရက်စ်ကလည်း မင်းသမီးလေးကို ကာကွယ်ပေးလို့ရတယ်။ မင်းသမီးလေးရဲ့ အမှောင်နတ်သူငယ် သူငယ်ချင်း နှစ်ယောက်လည်း ရှိတယ်ဆိုတော့ အဲဒီမှာ အထီးကျန်နေမှာ မဟုတ်ဘူး။”

“ရှင် အကြံပြုတာ ကောင်းတယ်။ ကျွန်မ ဒါကို အလေးအနက် စဉ်းစားမှာပါ။” ရှီရာ ခေါင်းညိတ်လိုက်သည်။ “ရှင်က မြို့တော်ကို ကျွန်မထက် ပိုပြီးတော့ ရင်းနှီးတယ်။ အခု ကျွန်မမှာ အရေးပေါ်အလုပ်တစ်ခု ရှိနေတယ်။ အိုဆိုင်ဒန်လက်ထဲ၌ လျို့ဝှက် သတင်းအချက်အလက်ဌာနကို အချိန်တိုအတွင်း ထိန်းချုပ်နိုင်ဖို့ ယုံကြည်ချက်ရှိလား။”

အစ်ဇဘယ်လာက တည်တည်ငြိမ်ငြိမ်ပင် ပြောသည်။ “လျို့ဝှက် သတင်းအချက်အလက် ဌာနကို ကျွန်မ သိမ်းယူနိုင်တယ်။ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်။ လိုအပ်တဲ့အခါ အရှင်မ ထိန်းချုပ်တာကို မလိုက်နာဘဲနဲ့ သီးခြား ဆုံးဖြတ်ချက် ချနိုင်တဲ့ အာဏာတစ်ခု ကျွန်မ လိုအပ်တယ်။”

အစ်ဇဘယ်လာကို ကြည့်လိုက်သောအခါ ရှီရာ၏ အကြည့်တွင် စူးရှသော အမူအရာ တစ်ခု ဖြစ်သွားခဲ့သည်။ မမျှော်လင့်ဘဲနှင့် သူ၏မျက်လုံးကို နွေးထွေးမှုတစ်ခုက လက်ခနဲ ဖြစ်သွား၏။ “ကောင်းပြီ။ ကျွန်မက ရလာဒ်ကိုပဲ လိုချင်တာ။ ရှင့်ရဲ့ နည်းလမ်းတွေကို ကျွန်မ ကန့်သတ်မှာ မဟုတ်ဘူး။”

“အရှင်မက တကယ် သတ္တိရှိတာပဲ။” အစ်ဇဘယ်လာက ရှီရာ၏ အကြည့်ကို ခံစားမိလိုက်ပြီး အသာလေး ပြုံးပြသည်။ “ဒါဆို ကျွန်မ အရင်ဆုံး မေးမယ်။ အရှင်မက တိုရိုမိသားစုရဲ့ သစ္စခံမှုကို ရရှိပြီးပြီလား။”

ရှီရာက ချန်လွေ့ကို ဖျပ်ခနဲ ကြည့်ပြီး ခေါင်းညိတ်သည်။ “အင်း...”

“ဒါဆိုရင် လွယ်ပါတယ်။ ကျွန်မက နဂိုက မြို့တော် လျို့ဝှက် သတင်းအချက်အလက် ဌာနရဲ့ အမြင့်ဆုံး ထိန်းချုပ်သူပဲ။ ကျွန်မ ပျောက်ဆုံးသွား‌တော့ ကျွန်မရဲ့လက်ထောက်ဖြစ်တဲ့ တိုရိုမိသားစုက ကိုဝင်ရဲ့တူမ ဆိုလင်က လျို့ဝှက် သတင်းအချက်အလက်ဌနာကို တာဝန်ယူခဲ့တယ်။ အဟန့်အတားတွေကို ဖယ်ရှားဖို့ တိုရိုမိသားစုရဲ့ အပြည့်အဝ ပူးပေါင်းမှု ရရှိတာနဲ့ လျို့ဝှက်သတင်းအချက်အလက်ဌာနကို ထိန်းချုပ်မှု ပြန်ရရှိဖို့က ပြဿနာ မဟုတ်ဘူး။ ဒီထဲကို အမှောင်လက လူတွေကိုလည်း ထပ်ထည့်လို့ရမယ်။”

ရှီရာ၏မျက်လုံးများ တောက်ပသွား၏။ “ဒီကိစ္စ တစ်ခုလုံး ရှင့်ဆီ အပ်နှင်းလိုက်ပြီ။ တကယ်လို့ လူအင်အား လိုအပ်ရင် လူတော့ သိပ်မရှိပေမဲ့ အကောင်းဆုံး ဖြည့်ဆည်းပေးမှာပါ။”

အစ်ဇဘယ်လာက ချန်လွေ့ကို စိတ်ဝင်တစားနှင့် ကြည့်လိုက်သည်။ “ဒါက ကြင်ရာတော် မင်းသား အလောင်းအလျာရော ပါလား။”

“ဘာကို ဆိုလိုတာလဲ။” ရှီရာက လေးနက်သော အဓိပ္ပာယ်ဖြင့် မေးလိုက်သည်။

အစ်ဇဘယ်လာက ခဏစဉ်းစားပြီး ပြုံးကာ ပြောသည်။ “အခုအချိန်အတွင်းတော့ ကျွန်မ သူ့ကို အသုံးပြုနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ သူ မရှိဘဲနဲ့ အနာဂတ်မှာ ကျွန်မ လုပ်နိုင်မှာ မဟုတ်လောက်ဘူး။”

“အဆင်ပြေသလိုလုပ်။”

နောက်ဆုံးစကားအနည်းငယ်က အနည်းငယ် ကိုးရိုးကားရား ဖြစ်နေသည်။ ဘေးဖက်မှ နားထောင်နေသော ချန်လွေ့က အကြောင်းရင်းတစ်ချို့ကြောင့် သီချင်း တစ်ပုဒ်ကို တွေးမိလိုက်ပြီး နဖူးတွင် ချွေးများ ရုတ်တရက် ထွက်လာသည်။

All Chapters