← Chapters

ခုခံမှု

Vol. 37 Ch. 560

ခုခံမှု

Vol. 37 Ch. 560

နန်းတက်အခမ်းအနား အောင်အောင်မြင်မြင်နှင့် ပြီးစီးသွားပြီး နောက်တစ်ဆင့်မှာ အင်ပါယာ၏ အာဏာကို လွှဲယူရန် ဖြစ်သည်။

အမှောင်လတွင် နေရစ်ခဲ့သော လော့ဒ်များက နယ်မြေများထံသို့ တပ်သားများ စတင်ဦးဆောင်သွားကြသည်။ ရှီရာ၏ အခြေခံအုတ်မြစ်မှာ အမှောင်လ၌ ဖြစ်သည့်အတွက် မြို့တော်ကို စောင့်ကြပ်နေသော ဗိုလ်ချုပ်ဂျော့ချ်နှင့် စီကာလီတို့က မထွက်သွားကြသေးပေ။ ဇိုလာနှင့် ချန်လွေ့သာ သူ့ဘေးတွင် ရှိသည်။ ထို့ကြောင့် သူတို့က မြို့တော်အခြေအနေ တည်ငြိမ်သည်အထိ စောင့်ဆိုင်းပြီးမှ စခန်းချရာနေရာသို့ ပြန်ရမည် ဖြစ်သည်။ ကံကောင်းစွာပင် သွေးရောင်အင်ပါယာက အတွင်းရေး ပဋိပက္ခ ဖြစ်နေသည်။‌ မြောက်ဘက်ရှိ သံလက်သီးနယ်မြေမှာ သွေးရောင်အင်ပါယာ ဒုတိယမင်းသား အက်မန်း၏ အခြေစိုက်စခန်း ဖြစ်သည်။ လက်ရှိတွင် သံလက်သီးနယ်မြေ မြောက်ဘက်၌ မဟာမင်းသား အဲလီးရက်စ်နှင့် တိုးမရဆုတ်မရ အခြေအနေ ဖြစ်နေသည်။ သူတို့က မှော်ဆရာခံတပ်ကို ရန်စလောက်သည်အထိ ရူးမိုက်ရန် မဖြစ်နိုင်ပေ။

ရှီရာ အနားမယူနိုင်သေးပေ။ သူက ချက်ချင်းင် ရာထူးပြင်ဆင်ခြင်းနှင့် နယ်မြေ ပိုင်းခြားရေးအတွက် အဓိက ဆွေးနွေးရန် အစည်းအဝေး ခေါ်လိုက်သည်။ ဒုတိယဗိုလ်ချုပ် ဒိုရင်း သေဆုံးသွားပြီးနောက် နေရာတစ်ခုဖြည့်ရန် လိုနေသည်။ အိုဆိုင်ဒန်နောက်ကို လိုက်ခဲ့ကြသော လော့ဒ်များနှင့် ဗိုလ်ချုပ်အများအပြားက သေဆုံးသွားခဲ့ကြသည်။ နယ်မြေတွင် ပိုင်ရှင်မရှိတော့ဘဲ စစ်တပ်တွင် ခေါင်းဆောင်မရှိတော့ပေ။ ထို့ပြင် မြို့တော်တွင်လည်း ပြင်ဆင်ရန်လိုအပ်သော နေရာအများအပြား ရှိနေသည်။

ရှီရာက အသီနာအား အမှောင်လလော့ဒ်နှင့် အင်ပါယာ၏ တတိယဗိုလ်ချုပ် အဖြစ် တရားဝင် ခန့်အပ်ရန် ရည်ရွယ်ထားသည်။ အင်ပါယာ၏ ဒုတိယ ဗိုလ်ချုပ်နေရာကို တတိယဗိုလ်ချုပ် ဂရန့်က ဆက်ခံရမည်။ ဆူမန်က ချော်ရည်ပြာနယ်မြေလော့ဒ် ဖြစ်လာမည်။ ကြီးမားသော အကျိုးပြုမှုများ ဆောင်ရွက်ခဲ့သော စီကာလီနှင့် ဂျို့ရှ်တို့ကို ဒုခ်ဘွဲ့ ချီးမြင့်မည်။ အိုဆိုင်ဒန် ပယ်ဖျက်ထားခဲ့သော ဘယ်ညာ ဝန်ကြီးချုပ်နေရာများကို ပြန်လည်နေရာချမည်။ တော်ဝင်မိသားစုများနှင့် အကြီးအကဲမိသားစုများက နေရာများကို အသီးသီး တာဝန်ယူရမည်။ အကြီးအကဲမိသားစုများက ဘဏ္ဍာရေးဝန်ကြီး သို့မဟုတ် စစ်ရေးဝန်ကြီးနေရာမှ ဖယ်ထွက်ပေးရမည်။ အချို့ လော့ဒ်၊ ဗိုလ်ခြေတပ်မှူးနှင့် အရေးပါသော နေရာများကို ပြင်ဆင်ရမည်။ အပြောင်းအလဲများကို အကြီးအကဲ မိသားစုများနှင့် တော်ဝင်မိသားစုများက ဆွေးနွေးကြရမည်။

ထိုအဆိုပြုချက်မှာ အဓိကအားဖြင့် ချီးမြှင့်ထိုက်သော အရာရှိများကို ဆုချရန်အတွက် ဖြစ်သည်။ အမှန်တကယ်၌ အကြီးအကဲမိသားစုများကို ကောင်းကောင်း ဂရုစိုက်ခြင်း ဖြစ်သော်လည်း စိတ်ကူးကြည့်၍မရသော ခုခံမှုများနှင့် တွေ့ကြုံနေရသေး၏။

အသီနာ၏ ဆုလာဒ်များမှာ အငြင်းပွားစရာ အဖြစ်ဆုံး ဖြစ်သည်။ မွန်စ်မိသားစုမှ ဘာရိုကို၏ စကားများမှာ အထူးသဖြင့် ပြင်းထန်လှသည်။ သူက ရှီရာ၏ အဆိုပြုချက်ကိုပင် လုံးဝ သဘောမတူညီလုနီးပါး ဖြစ်သွားသည်။ အသက်၂၀လောက်ပဲ ရှိသေးတဲ့ ကောင်မလေးတစ်ယောက်က ဘယ်လိုလုပ် အင်ပါယာမှာ အကြီးမားဆုံးဖြစ်တဲ့ နယ်မြေရဲ့လော့ဒ်ဖြစ်ဖို့ အရည်အချင်း ရှိနိုင်မှာလဲ။ ပြီးတော့ သူက အင်ပါယာရဲ့ တတိယဗိုလ်ချုပ်လည်း ဖြစ်ဦးမှာလား။ အသီနာရဲ့အဖေ ဂျော့ချ်က ပထမဗိုလ်ချုပ် ဖြစ်နေပြီ။ စစ်တပ်တစ်ခုလုံးက ဝေးလ်စ်မိသားစုရဲ့ တိုင်းပြည် ဖြစ်သွားတော့မယ်။

ဂရန့်က အင်ပါယာလုယက်သူ အိုဆိုင်ဒန်နောက် လိုက်ခဲ့ပြီးတော့ အမှောင်လကို တိုက်ခိုက်နေတုန်း ဖမ်းဆီးခံခဲ့ရတဲ့ မူလ တတိယဗိုလ်ချုပ်ပဲ။ ဘာလို့ သူက ရာထူးတိုး သွားရတာလဲ။ ‌ချော်ရည်ပြာနယ်မြေကလည်း အကြီးမားဆုံးနယ်မြေလေးခုထဲက တစ်ခုပဲ။ ဆူမန်က မိုးပြာဗိုလ်ချုပ်ရဲ့ လက်ထောက်တပ်မှူးတစ်ယောက်။ လော့ဒ်-တိုင်တန်နဲ့ မိုးပြာဗိုလ်ခြေတပ်မှူး သေဆုံးသွားတော့ သူ့မှာ ရွေးစရာမရှိတော့ဘဲနဲ့ ချော်ရည်ပြာ နယ်မြေရဲ့ စစ်အင်အားကို သိမ်းပိုက်လိုက်ရတာ။ ဝါစဉ်အရဆိုရင် သူက လော့ဒ်ရာထူးနဲ့ လုံးဝမဆိုင်ဘူး ....

မာကာမိသားစုမှ ဖာရာဗစ်က အမှောင်လ၏ လော့ဒ်နေရာ အကြီးအကဲ မိသားစုထံ လွှဲပေးသင့်ပြီး အသီနာကို မြို့တော်သို့ရွှေ့ပြောင်းကာ ရှီရာကို ကာကွယ်ရန်အတွက် တော်ဝင်အ‌စောင့်ခေါင်းဆောင်အဖြစ် ခန့်အပ်သင့်ကြောင်း၊ ချော်ရည်ပြာနယ်မြေမှ ဆူမန်က အလယ်ဆင့်နယ်မြေတစ်ခု၏ လော့ဒ်ဖြစ်သင့်ကြောင်း၊ ဝန်ကြီးချုပ်နေရာ ပြန်လည်ပြင်ဆင်ရေးကို စဉ်းစားသင့်ကြောင်းနှင့် ဘဏ္ဍာရေးနှင့် စစ်ရေး ဝန်ကြီးနေရာများမှာ အတော်လေး အရေးပါသည့်အတွက် အလွယ်တကူ မပြောင်းလဲသင့်ကြောင်း အကြံပြုသည်။

ရှီရာ၏မျက်လုံးများ တဖြည်းဖြည်း အေးစက်ပြီး စူးရှသွားသည်။ အမှန်တကယ်၌ ထိုကဲ့သို့ လုံးလုံးငြင်းပယ်ခြင်းမှာ အဆိုပြုချက်ကို လုံးဝဦးတည်ခြင်း မဟုတ်ဘဲ မြို့တော်သည် အမှောင်လနယ်မြေမဟုတ်ကြောင်းကို ပြသလိုခြင်း ဖြစ်သည်။ ရှီရာက တော်ဝင်မိသားစုများ ထောက်ပံ့သော ဧကရီတစ်ပါး ဖြစ်နေသည့်တိုင် အကြီးအကဲ မိသားစုများကို နေရာအတော်များများ၌ မျက်နှာသာပေးရန် လိုအပ်နေသေးသည်။ နှစ်ပေါင်းများစွာ ရီဂျန့်လုပ်ခဲ့သော အိုဆိုင်ဒန်အတွက်လည်း ထိုအတိုင်းပင် ဖြစ်သည်။ အခြေခံအုတ်မြစ် မခိုင်မာသေးသော နန်းတက်ခါစသာ ရှိသေးသည့် ရှီရာကိုပင် ပြောစရာပင် မလိုပေ။

ရှီရာ စကားမပြောခင်မှာပင် ဗိုလ်ချုပ်ဂျော့ချ် ဦးဆောင်ပြီး ရုတ်ချည်း မတ်တပ်ရပ်လိုက်သည်။

“ဘာရိုကို။ ငါ့သမီးက လရောင်ခံတပ်မှာ အိုဆိုင်ဒန်ရဲ့ သန်းနဲ့ချီတဲ့ စစ်တပ်ကို ခုခံခဲ့ပြီးတော့ မင်းတို့စစ်သည်တွေ တစ်သိန်းလောက်ကို မြေမြုပ်ပေးခဲ့တယ်။ ပြီးတော့ သူက ဒီကိုမြို့မှာ ပယ်လောရဲ့ သိန်းနဲ့ချီတဲ့ စစ်သည်တွေကို အနိုင်ယူခဲ့တယ်။ ဝါလန်ခံတပ်ကို ကိုယ်တိုင် အလစ်တိုက်ခိုက်လာတဲ့ ဂရန့်ကိုလည်း သူ ဖမ်းဆီးခဲ့တယ်။ ဒီလိုအောင်မြင်မှုတွေနဲ့ အကျိုးပြုမှုတွေက လော့ဒ်တစ်ယောက်ဖြစ်ဖို့၊ ဗိုလ်ချုပ်တစ်ယောက် ဖြစ်ဖို့ အရည်အချင်း မပြည့်မီဘူးလား။ ငါ့သမီး အစွမ်းပြနေတဲ့အချိန် မင်း ဘာလုပ်နေတာလဲ။ မင်းက အမှောင်လစစ်တပ်ကြောင့် သွေးကြောင်ပြီး ရှုံးနိမ့်သွားတာမလား။”

ယခုတွင် ဂျော့ချ်သည် နတ်ဆိုးအရှင်သခင်အဆင့် ကနဦးပိုင်းသို့ ရောက်နေပြီ ဖြစ်သည်။ သူ၏ကိုယ်ပိုင်စွမ်းအားက ဘာရိုကိုထက် နိမ့်ကျသော်လည်း ပထမဗိုလ်ချုပ် ဖြစ်သည့်အလျောက် သူက နှစ်ပေါင်းများစွာကြာအောင် စစ်တပ်လုပ်ကိုင်ခွင့်ကို ချုပ်ကိုင်ထားခဲ့သည်။ ထိုကဲ့သို့ အစည်းအဝေး၌ ဂျော့ချ်၏ ပြောပိုင်ခွင့်မှာ ဘာရိုကိုထက် သေချာပေါက် မြင့်မားသည်။ သို့ရာတွင်‌ ဂျော့ချ်က ဒုခ်ဘွဲ့ကို ရရှိထားပြီး ပထမဆုံး ဗိုလ်ချုပ်လည်း ဖြစ်သည့်အတွက် ဆုပေးသောစာရင်း၌ မပါဝင်ပေ။ ၎င်းကို မျှခြေညီစေရန် အတွက် သူ၏အကျိုးပြုမှုကို အသီနာထံ ပေးလိုက်ခြင်း ဖြစ်သည်။

ဘာရိုကိုက အမှောင်လတိုက်ပွဲ၌ ရှုံးနိမ့်သွားခဲ့ပြီး အသီနာ၏ အကျိုးပြုမှုမှာ မငြင်းနိုင်သောအရာ ဖြစ်သည်။ သူ ဒေါသထွက်နေသော်လည်း ပြန်ချေပရန် စကားရှာမတွေ့ခဲ့ပေ။

ဗာရာဗစ်က ပြောသည်။ “တတိယဗိုလ်ချုပ်က အင်ပါယာရဲ့ သင်္ကေတ တစ်ခုပဲ။ အသီနာနဲ့ နည်းဗျူဟာနဲ့ စစ်ရေးအကျိုးပြုမှုတွေက ထူးချွန်ရင်တောင် ဒီတိုက်ပွဲတစ်ခုပဲ။ သူ့ရဲ့ အရည်အချင်းက မပြည့်မီသေးဘူး။ အမှောင်လေလော့ဒ် ဖြစ်လာဖို့ဆိုရင်တော့ ပြောစရာတောင် မလိုဘူး။”

အကြီးအကဲမိသားစုမှ လွန်တာစ်က ပြောသည်။ “တကယ်လို့ အရှင်မက အသီနာကို ဆုချချင်သပဆိုရင် တတိယဗိုလ်ချုပ် အဆိုပြုချက်ကို ကျုပ် သဘောတူတယ်။ ဒါပေမဲ့ အမှောင်လရဲ့ လော့ဒ်နေရာကိုတောင် နောက်တစ်ယောက်‌‌ ရွေးချယ်မှရမယ်။”

အမှောင်လနယ်မြေမှာ စီးပွားရေးဖြစ်စေ၊ စစ်ရေးဖြစ်စေ၊ နတ်ဆိုးဘုံ၏ သရဖူအဖြစ် သတ်မှတ်၍ ရနိုင်ပြီး လူတိုင်း မျက်စိကျနေသော အကျိုးအမြတ်တစ်ခု ဖြစ်သည်။ အကြီးအကဲမိသားစုများက ၎င်းကို ထိန်းချုပ်မှုရချင်ပြီး အင်ပါယာ၌ သူတို့၏ လွှမ်းမိုးမှု အင်အားကို ပိုမိုဖြန့်ကျက်ချင်နေကြသည်။

အမှောင်လ၌ လေ့ကျင့်ခဲ့သော ရေခဲမျက်နှာဖုံးကြောင့်သာ မဟုတ်လျှင် ရှီရာက ဒေါသကို ထိန်းထားနိုင်မည် မဟုတ်ပေ။ အမှောင်လကို သူနှင့် ချန်လွေ့တို့က တည်ဆောက်ပြီး ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် အင်ပါယာ တစ်ခုလုံးကို လုံးဝမထိန်းချုပ်ခင်တွင် သူ၏အရေးအပါဆုံးသော အခြေခံအုတ်မြစ် ဖြစ်သည်။ ထိုအကြီးအကဲမိသားစုများက ၎င်းကို လောဘတကြီး ပိုင်ဆိုင်ချင်နေသည်မှာ သည်းခံနိုင်သည်ထက် ကျော်လွန်သွားခဲ့လေပြီ။

ဆာရန်ဒီ၊ ဗာနင်မ်၊ ဂျော့ချ်တို့ ဦးဆောင်သော အင်အားစုများက ဧကရီ၏ ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း ဖော်ပြပြီး ပြိုင်ဘက်များနှင့် တိုးမသာဆုတ်မသာ အချင်းများနေကြသည်။ အိုလီဗာ၊ ကိုဝင်၊ စတေလာနှင့် အခြားသူများက ဘာမှမပြောဘဲ ကြားနေပုံစံ နေနေကြသည်။

“ကောင်းပြီ။ အသီနာက အမှောင်လလော့ဒ်နေရာကို ယာယီ အစားထိုးထားမယ်။ ဒါက မြို့တော်ကို ကျွန်မ မလာခင် ချထားခဲ့တဲ့ ဆုံးဖြတ်ချက်တစ်ခုပဲ။ အဲဒီတုန်းက ရှင်တို့အားလုံး သဘောတူကြတယ်။ ကျန်တာကတော့ နောက်မှဆွေးနွေးမယ်။” ရှီရာက နှစ်ဖက်ကြား အငြင်းပွားနေသည်ကို စကားဖြတ်ပြောလိုက်သည်။ “အခု အရေးကြီးဆုံးက ကျွန်မတို့ရဲ့ အနောက်ဘက်နဲ့ တောက်ဘက်ကို အရိပ်နက်အင်ပါယာက စစ်သည်တွေ၊ မြင်းတွေ ရွှေ့ပြောင်းလာနေတာပဲ။ ပြီးတော့ သူတို့က အကျပ်ကိုင်ဖို့အတွက် သံတမန်တွေ လွှတ်လိုက်တယ်။ ကတ်သရင်းရဲ့အကြံကို ပျက်စီးစေဖို့အတွက် ဒီမတိုင်ခင် နန်းတက်နိုင်ခဲ့ပေမဲ့ ကျွန်မတို့က အရိပ်နက်အင်ပါယာစစ်တပ် တိုက်ခိုက်မှာကို ကာကွယ်ဖို့ လိုအပ်နေတုန်းပဲ။ အခုလက်ရှိ မြို့တော်ညွန့်ပေါင်းစစ်တပ်မှာ လော့ဒ်တွေရဲ့ စစ်တပ်က စခန်းကို ပြန်နေကြပြီ။ အမှောင်လနယ်မြေက အသီနာလက်ထဲမှာ ဗိုလ်ခြေသုံးခုနဲ့ မသေမျိုးစစ်တပ် ရှိတယ်။ သူတို့က ဂျို့ရှ်ကို အချိန်မရွေး ထောက်ပံ့ပေးနိုင်တယ်။ အဲဒါကြောင့် တောက်ဘက်နဲ့ပတ်သက်ပြီး ဘာမှစိုးရိမ်စရာမရှိဘူး။ ဒါပေမဲ့ အနောက်ဘက်မှာရှိတဲ့ တဲခုလာ ခံတပ်က ခုခံမှုအားနည်းတယ်။ ဂရန့်နဲ့ မိုးပျံတိမ်ဗိုလ်ခြေရဲ့ ရိုမတီတို့က မိုးပျံနတ်ဆိုးသားရဲတွေကို အသုံးပြုပြီး‌တော့ တဲခုလာခံတပ်ကို အမြန်သွားနေကြတယ်။ ဒါပေမဲ့ သူတို့ နောက်ကျနိုင်တယ်။ အဲဒါကြောင့် အနောက်ဘက်ကို ထောက်ပံ့ဖို့ ပြင်ဆင်ထားရမယ်။ ဆယ်လ်ဂါ။ လေတပ်သား ဘယ်လောက်လောက် မြို့တော်ကို စောင့်ကြပ်နေတာလဲ။”

နဂါးစီးနင်းသူဗိုလ်ခြေ၏ တပ်မှူး ဆယ်လ်ဂါက ချက်ချင်း မတ်တပ်ရပ်လိုက်သည်။ “လေတပ်ဗိုလ်ခြေမှာ စီးနင်းသူ ၁၅၀၀လောက် ရှိပါတယ်၊ အရှင်မ။”

“အကြီးအကဲမိသားစုတွေက ခန့်မှန်းချေ တပ်သားဘယ်လောက် စေလွှတ်နိုင်လဲ။” ထိုမေးခွန်းက ကိုဝင်ကို ဦးတည်နေခြင်း ဖြစ်သည်။

“ရွှေ့ပြောင်းလို့ရတဲ့ စစ်သည်အရေအတွက်က လေးသောင်းလောက် ရှိမယ်။ အဲဒီအထဲမှာ မြင်းတပ်သား တစ်သောင်းပါမယ်။” တိတ်ဆိတ်နေခဲ့သော ကိုဝင်က အကြီးအကဲ မိသားစုများဝင်ကို ကြည့်ပြီး အရေအတွက်တစ်ခု ပေးလိုက်သည်။

ရှီရာ ခေါင်းညိတ်သည်။ “ဆယ်လ်ဂါ၊ အခုချက်ချင်း သွားတော့။ လေတပ်ဗိုလ်ခြေကို ဦးဆောင်ပြီးတော့ လဲခုလာ ခံတပ်မှာ ဂရန့်နဲ့ ရိုမတီတို့နဲ့ သွားတွေ့။ ဘာရိုကိုက မြင်းတပ်သား တစ်သောင်း စုစည်းပြီးတော့ သူတို့ကို အားဖြည့်ပေး။ စီကာလီ၊ ရှင်က ငှက်တောင်ဖြူနယ်မြေစစ်တပ်ကနေ ခြေလျင်တပ်သား သုံးသောင်းကို ရွှေ့ပြောင်းရမယ်။ ပြီးတော့ အကြီးအကဲမိသားစုရဲ့ ခြေလျင်တပ်သား နှစ်သောင်းနဲ့ ပေါင်းလိုက်မယ်ဆိုရင် ဆာရန်ဒီ အမိန့်‌ပေးဦးဆောင်နိုင်မယ့် တတိယစစ်ကူအသုတ် ဖြစ်လာမယ်။ အမြန်ဆုံး ချီတက်ကြ။ တဲခုလာခံတပ်မှာ လူတိုင်းက ဂရန့်ရဲ့အမိန့်ကို နာခံရမယ်။ ဖာရာဗစ်နဲ့ စတီလေလ်က မြို့တော်စစ်တပ်ကို အမှောင်လ မြောက်ဘက်ကနေ တောင်ဘက်ဆီ ဦးဆောင်သွားလိုက်။ ကျွန်မတို့ သေသေချာချာ ခုခံဖို့အတွက် ပြင်ဆင်ထားရမယ်။”

ရှိသမျှအားလုံး အံ့အားသင့်သွားကြသည်။ ရှီရာ၏ ပထမဆုံး ဆုံးဖြတ်ချက်မှာ အားကောင်းသော ခုခံမှုနှင့် ရင်ဆိုင်တွေ့ရန် ဖြစ်သည်။ သူက လုံးဝ ရှုံးနိမ့်သွားပုံ ရသော်လည်း ယခုတွင် ၎င်းမှာ စမ်းသပ်ချက်တစ်ခုနှင့် ပိုတူနေသည်။ နောက်ထပ်တာဝန်တွင် အဆန့်ကျင်ဆုံးဖြစ်ကြသော ဘာရိုကိုနှင့် ဖာရာဗစ်တိူ့က ချက်ချင်းပင် ရွှေ့ပြောင်းခံလိုက်ရသည်။ သူ၏နည်းလမ်းများမှာ ထင်ရှားမြင်သာလှသည်။

ထိုစဉ် သူ့ကို ထောက်ခံသော ဗိုလ်ချုပ်ဂျော့ချ်နှင့် စီကာလီတို့က စစ်ဘက်ဆိုင်ရာ လုပ်ပိုင်ခွင့်ကို ချုပ်ကိုင်ထားပြီး မြို့တော်တွင် နေနေရသည်။ ဗိုလ်ချူပ်ဂျော့ချ်က မြောက်ဘက်ရှိ မှော်ဆရာခံတပ်ကို တာဝန်ယူနေရသည်။ စီကာလီက ငှက်တောင်ဖြူ နယ်မြေမှ ကိစ္စများကို အချိန်မရွေး ကိုင်တွယ်ရန် လိုအပ်သည့်အတွက် သူ့ကို အနောက်ဘက်သို့ မစေလွှတ်ရန် ခိုင်လုံသော အကြောင်းရင်းများ ရှိနေသည်။

ထိုနည်းလမ်းမှာ အတော်လေး ပါးနပ်လှသည်။ ဘာရိုကိုရော ဖာရာဗစ်ပါ မငြင်းနိုင်တော့ပေ။ အရိပ်နက်အင်ပါယာ၏ ကျူးကျော်ခြင်းက အင်ပါယာ၏ သေရေးရှင်ရေးနှင့် ဆက်နွှယ်နေသည်။ အကယ်၍ ကြယ်ကြွေတမန်အင်ပါယာ အမှန်တကယ် ပြိုလဲသွားခဲ့လျှင် အကြီးအကဲမိသားစုအားလုံးနှင့် အကျိုးအမြတ်များ ပျောက်ကွယ်သွားမည်ဖြစ်ရာ ထိုသူများက လျစ်လျူရှု မရဲကြပေ။ သူတို့က အမိန့်များကို လက်ခံပြီး ထွက်ခွာသွားလိုက်ကြသည်။

ခန်းမအတွင်း လူမရှိတော့သည်နှင့် ရှီရာက ချက်ချင်းပင် အစောင့်များအား နောက်ဆုတ်ခိုင်းလိုက်သည်။ အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သော ချန်လွေ့က ရှီရာနောက်သို့ရောက်လာပြီး လက်ကိုကိုင်သည်။

ရှီရာက ပင်ပန်းနွမ်းနယ်နေပုံရသည် ချန်လွေ့၏ခန္ဓာကိုယ်ပေါ်၌ အသာလေး မှီနေလိုက်သည်။ ယမန်ညမှ ယခုအချိန်အတိ ရှီရာက တစ်မိနစ်ပင် အနားမယူရသေးပေ။ အထူးသဖြင့် ခုနက အစည်းအဝေးကြောင့် သူ အတော်လေး ပင်ပန်းသွားခဲ့ရသည်။

“တော်တော်လေး ပင်ပန်းတယ်ဟုတ်။” ချန်လွေ့က ရှီရာ၏ ခါးကိုပွေ့ဖက်ပြီး ထိုင်ခုံပေါ်၌ ဖြည်းဖြည်းချင်း ထိုင်ချလိုက်ကာ သူ၏လက်မောင်းထဲ၌ ရှီရာကို မှီစေသည်။

“ငါထင်ထားတာထက် ပိုပြီးတော့ ပင်ပန်းတယ်။” ရှီရာက သူ ပင်ပန်းနေသည်ကိုသာ ပြောနေခြင်းမဟုတ်ဘဲ ပင်ပန်းခြင်းဟု ဖော်ပြ၍ရနိုင်သော မြို့တော် အခြေအနေ၏ ရှုပ်ထွေးမှုကိုလည်း ပြောနေသည်။

“ဒါပေမဲ့ ငါ့မှာ ယုံကြည်ချက် ရှိတယ်။” ရှီရာ၏မျက်လုံးများက ပြတ်သားမှုများဖြင့် အရောင်လက်သွားသည်။ သူက ချန်လွေ့အရှေ့၌ ညင်သာပြီး ပင်ပန်းနိုင်သော်လည်း သူ့အရှေ့တွင်သာ ဖြစ်သည်။ အခြားသူများအရှေ့တွင် ရှီရာသည် တည်ငြိမ်ပြီး ရက်စက်သော အုပ်ချုပ်သူ တစ်ယောက်ပင်။

ယခုတွင် ထိုလမ်းကြောင်းကို လျှောက်လှမ်းရန် ရွေးချယ်ခဲ့ပြီ ဖြစ်သည့်အတွက် အဆုံးအထိ ကြံ့ကြံ့ခံရမည် ဖြစ်သည်။ သူ အမှောင်လ၏လော့ဒ် ပထမဆုံး ဖြစ်ခဲ့စဉ်က မည်သည်ကိုမှ နားမလည်ခဲ့ပေ။ ယခုတွင် အခြေအနေက ပိုမိုခက်ခဲလာသည်။ သို့သော် သူ အသက်ရှင်နေဆဲ ဖြစ်သည်။ ယခုတွင် သူ၏လက်ထဲ၌ အပေးအယူ လုပ်စရာများ ပိုရှိလာပြီး သူ၏ဘေးနာတွင် ချန်လွေ့ ရှိနေသည့်အတွက် ၎င်းကို သေချာ‌‌ပေါက် ဖြေရှင်းနိုင်ပေမည်။

“ကျုပ်လည်း ယုံကြည်ချက် ရှိတယ်။” ချန်လွေ့ဆိုလိုသည်မှာ ရှီရာအပေါ် သူ၏ ယုံကြည်ချက်ကို ဖြစ်သည်။ သူက မျက်နှာဖုံးကို မလိုက်ပြီး ရှီရာ၏မျက်နှာ အသာအယာ နမ်းရှိုက်လိုက်သည်။ ရှီရာက ချန်လွေ့အပေါ် မှီထားရင်း အသာလေး ပြုံးလိုက်ပြီး တင်းမာနေသော အာရုံကြောများ ပြေလျော့သွား၏။ ချန်လွေ့၏ လက်မောင်းထဲတွင်သာ ရှီရာက ထိုကဲ့သို့ လုံခြုံမှုနှင့် စိတ်အေးချမ်းမှုကို ခံစားရလေသည်။

တော်ဝင်မိသားစု၏ လက်ရှိသဘောထားမှာ အဆောင်ပစ္စည်းပိုင်ရှင်ဖြစ်သူ ရှီရာကို အညံ့ခံရန် ဖြစ်သည်။ ယနေ့ အစည်းအဝေး၌ အများစုမှာ ကြားနေဖြစ်သည်။ အကြီးအကဲ မိသားစုများကသာ ပြင်းထန်သော ခုခံမှု ပြသကြသည်။ အင်ပါယာက အမှန်တကယ် အလွန်ကြီးမားလွန်းလှသည့်အတွက် လူတစ်ယောက်နှစ်ယောက် ‌ထောက်ခံရုံဖြင့် မရနိုင်ပေ။ ထို့အပြင် အကြီးအကဲမိသားစုများ၏ လွှမ်းမိုးမှုက နက်နက်ရှိုင်းရှိုင်း ခြေကုတ်ရယူထားပြီး မြို့တော်နှင့် နယ်မြေများထံ ပျံ့နှံ့နေသည်။ နှစ်ပေါင်းများစွာကြာအောင် သူတို့က အနီးကပ် ချိတ်ဆက်နေကြသည်။ အကယ်၍ သူတို့အားလုံးကို သွေးနှင့်သံမဏိ မူဝါဒဖြင့် မြေလှန်ပစ်လျှင် အင်ပါယာ၏ အလယ်ပိုင်းနှင့် အထက်ပိုင်း “ဌာနများ” လစ်လပ်သွားပြီး အင်ပါယာ၏ တည်ငြိမ်မှုကို အလွန်အမင်း ထိခိုက်စေနိုင်ပေသည်။ ပိုဆိုးသည်မှာ တိုင်းတစ်ပါး ရန်သူများက သူတို့ကို မျက်စိကျနေသေးခြင်းပင်။ အကယ်၍ ထိုအခြေအနေ၌ အတွင်းရေးပဋိပက္ခ ဖြစ်သွားခဲ့ပြန်လျှင် ကြယ်ကြွေတမန်အင်ပါယာက ရှီရာ၏လက်ထဲ၌ ပြိုလဲသွားမည် ဖြစ်သည်။

သို့ရာတွင် အကြီးအကဲမိသားစုများအတွင်း၌လည်း အကျိုးအမြတ်နှင့်ပတ်သက်၍ ပဋိပက္ခများ ရှိပေသည်။ သူတို့က လုံးဝ မစည်းလုံးပေ။ အားကောင်းသော ခံတပ်တစ်ခုက အမြဲပင် အတွင်းထဲမှ စတင်၍ ပြိုလဲပေသည်။ ရှီရာ၏ နည်းလမ်းများ အပေါ်၌သာ မူတည်နေတော့လေသည်။

အစောင့်များ၏ခြေသံများ ထွက်လာသည်နှင့် ရှီရာနှင့် ချန်လွေ့တို့က တစ်ချိန်တည်းမှာပင် သတိထားမိသွားသည်။ ချန်လွေ့က ချက်ချင်း မတ်တပ်ရပ်ပြီး မျက်နှာဖုံးတပ်ကာ ခပ်ဝေးဝေးတွင် နေလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ဤနေရာသည် အမှောင်လနန်းတော် မဟုတ်ပေ။ အိုဆိုင်ဒန်၏ အတွင်းရေးအစောင့်များကိုလည်း အစားထိုးရန် လိုအပ်ပေသည်။ ယခုတွင် ထိုအစောင့်များမှာ စစ်တပ်မှ ဗိုလ်ချုပ်ဂျော့ချ် ယာယီရွေးချယ်ထားခြင်း ဖြစ်သည်။

“အရှင်မ။ တိုရိုအကြီးအကဲမိသားစုရဲ့ ဆာ-ကိုဝင်က သူ့သားနဲ့ချွေးမကို အသနားခံဖို့ ခေါ်လာတယ်။”

“အသနားခံဖို့လား။” ရှီရာ အသားလေး မျက်မှောင်ကြုတ်လိုက်ပြီးနောက် သဘောပေါက်သွားသည်။

ကိုဝင်၏သား ရီဒိုတန်က တိုရိုမိသားစုခေါင်းဆောင် ဖြစ်ပြီး သူ၏ဇနီးမှာ အိုဆိုင်ဒန်၏ သမီးအရင်းဖြစ်သော လိုရေး ဖြစ်သည်။

ချန်လွေ့၏မျက်လုံးများ အရောင်တောက်သွားပြီး ရှီရာအား စကားအနည်းငယ် တီးတိုးပြောလိုက်သည်။ ဧကရီအရှင်မအသစ် ခေါင်းညိတ်ပြီး ခရမ်းရောင်မျက်လုံးများက အရောင်တောက်သွား၏။

All Chapters