သလင်းကျောက်ဇာမဏီ
Vol. 38 Ch. 567
ချန်လွေ့က ထူးဆန်းသော အရာများစွာကို သူ့ဦးနှောက်ထဲ ထည့်လိုက်သည်ဟု ခံစားလိုက်ရသည်။ သူ့အာရုံများ အဆ ၁၀၀ မြန်လာသည်။ သူ၏စိတ်သည် အရပ်ရပ်သို့ ပြန့်သွား၏။ အခန်းတွင်းမှ နန်းတော်တစ်ခုလုံးအထိ လှုပ်ရှားမှုတိုင်းသည် သူ့ထိန်းချုပ်မှု အောက်တွင် ရှိနေ သည်။
ထိုခံစားချက်သည် သူ၏ကိုယ်ပိုင် စိတ်ဝိညာဥ်စွမ်းအားကို မထိခိုက်စေဘဲ ပင်မအသက်သလင်းကျောက်၏ “ကွန်ရက်”မှ ဖြန့်ကျက်လာသည့် အကျိုးသက်ရောက်မှု တစ်ခုဖြစ်သည်။ ထိုနေရာကနေ ထွက်သွားလျှင် ပျောက်ကွယ်သွားနိုင်သည်။
ထိုအခန်းသည် ရဲတိုက်တစ်ခုလုံး၏ ဗဟိုထိန်းချုပ်ခန်း ဖြစ်ပေသည် ။ ပတ်ဝန်းကျင် အခြေအနေကို လေ့လာကြည့်ပါက အမှီအခိုကင်း ကင်းလွတ်သော နေရာလွတ်တစ်ခု ဖြစ်နိုင်သည်။ ချန်လွေ့သည် သူ့စိတ်ဖြင့် ထိန်းချုပ်ကြည့်သောအခါ၊ မရေမတွက်နိုင်သော စတုရန်း ပုံသဏ္ဌာန်များသည် သတ္တုမြေပြင်မှ ထူးဆန်းစွာ တောက်ပြောင်လာကာ ချောမွေ့သော ထိုင်ခုံ အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားကြသည်။
ချန်လွေ့သည် ထိုခုံပေါ်တွင် ထိုင်နေရင်း အလွန် သက်တောင့်သက်သာ ခံစားခဲ့ရသည်။ ၎င်းမှာ ထင်ယောင်ထင်မှား မဟုတ်ပေ။ သူ အလွန် ပျော်သွားသည်။ ထို့နောက် တစ်ခုပြီးတစ်ခု ထပ်စမ်းကြည့်သည့်အခါ အခန်းထဲမှ အရာအားလုံးကို စိတ်ဖြင့် လွတ်လွတ်လပ်လပ် ပြောင်းလဲသွားနိုင်သည်ကို တွေ့လိုက်ရ၏။ ဆိုလိုသည်မှာ သူသည် ပင်မအသက် သလင်းကျောက်ကို အောင်မြင်စွာ အသက်သွင်းပြီး ပိုင်ရှင်ဖြစ်လာခဲ့လေပြီ။
သူ၏စိတ်ဝိညာဉ်စွမ်းအားဖြင့် ဝိညာဉ်စွမ်းအားကို လွှမ်းခြုံရန် စိတ်ကူးက မှန်ကန်ခဲ့ပေသည်။
ချန်လွေ့က အစမ်းသဘော မေးကြည့်သည်။ “မင်းနာမည် ဘယ်လိုခေါ်လဲ။”
အမျိုးသမီးအသံက ပြန်ဖြေသည်။ “ကျွန်မနာမည်က သလင်းကျောက်ဇာမဏီပါ။ နာမည်ကို ပြောင်းဖို့လိုလား။”
ချန်လွေ့က ထိုသက်ရှိဖြစ်တည်မှုသည် အပြန်အလှန်ဆက်သွယ်၍ရကြောင်း သိလိုက်ပြီး ခေါင်းခါသည်။ “မလိုဘူး။ ငါ မေးခွန်းတစ်ခု မေးမယ်။ ငါ့ဝိညာဉ်စွမ်းအား မကိုက်ညီခဲ့ရင် ဘာဖြစ်နိုင်လဲ။”
“စိတ်ဝိညာဉ်စွမ်းအားနဲ့ မကိုက်ညီရင် ထိန်းချုပ်ဌနာထဲကို ကျူးကျော် ဝင်ရောက်သူဟာ သုတ်သင်ရှင်းလင်းပစ်ခံရမှာ ဖြစ်သလို မသုတ်သင်နိုင်ရင် ထိန်းချုပ်ဌာနက သူ့အလိုလို ပေါက်ကွဲသွားပါလိမ့်မယ်။ အခု ဒီထိန်းချုပ်ရေးဌာနမှာ စိတ်ဝိညာဉ်အမှတ်အသား ရှိနေပြီ။ သခင်ရဲ့ အတွေးတစ်ချက်ထဲနဲ့ ရဲတိုက်ရဲ့ ဘယ်နေရာကိုမဆို ထိန်းချုပ်နိုင်ပါတယ်။ ရှိုက်ရဲတိုက် တစ်ခုလုံး ပျက်စီးသွားရင်တောင် သခင့်ရဲ့ ခွင့်ပြုချက်မရှိရင် ဖောက်ထွင်းဝင်ရောက်ရန် မဖြစ်နိုင်ပါဘူး။”
ချန်လွေ့သည် သေလုမျောပါး အတွေ့အကြုံကို ခံစားသိရှိလိုက်သောအခါတွင် တိတ်တဆိတ် ချွေးပြန်သွား၏။ “ရှိုက်ရဲတိုက် ဟုတ်လား။”
“ဒီရဲတိုက်ကို နဂိုက ရှိုက် လို့ခေါ်ပါတယ်။ ရဲတိုက်ကို နာမည်ပြောင်းချင်ပါသလား။”
ချန်လွေ့က သူ့စိတ်ထဲတွင် ထူးဆန်းသလို ခံစားလိုက်ရသည်။ ဒါကြီးက ဘာလို့ ဂိမ်းထဲက အချက်ပြစနစ်နဲ့ တူနေရတာလဲ။ ဘာပဲဖြစ်ဖြစ် “ရှိုက်” ဆိုတဲ့ နာမည်က အသံထွက်ရခက်လွန်းတယ်။ သူက ပြောသည်။ “ကြယ်မြို့တော်လို့ ခေါ်ရအောင်။”
“အမည်ပြောင်းပြီးပါပြီ။ ကြယ်မြို့တော် က လက်ရှိတွင် ပျက်စီးမှုများနှင့် ချို့ယွင်းချက် များစွာရှိနေပြီး အသုံးပြုချက်အများစုမှာ အသုံးပြု၍မရနိုင်ပါ။ ပြန်လည်ပြုပြင်ရန် ဂရမ်လင်အစေခံ ၃၀၀၀နှင့် ထိပ်တန်းအဆင့်စွမ်းအင်အမြုတေ ၁၄၅ယူနစ် လိုအပ်ပါသည်။”
သလင်းကျောက်ဇာမဏီ ပြောသည့် “ဂရမ်လင်အစေခံ”မှာ ချန်လွေ့ သိချင်သည့်အရာ ဖြစ်သည်။ သူက မေးလိုက်သည်။ “ဂရမ်လင်အစေခံတွေကို ဘယ်လိုဖန်တီးရမှာလဲ။”
“သခင်က လုံလောက်တဲ့ စွမ်းအင်ကို ပေးဆောင်ပြီးရင် သလင်းကျောက်ဇာမဏီက ဂရမ်လင်စက်ရုံကို အသက်သွင်းပေးမှာပါ။ စွမ်းအင်သုံးစွဲပြီးရင် ဂရမ်လင်ဝိညာဉ်တွေကို အလိုအလျောက် ထုတ်လုပ်ပေးပြီးတော့ ဂရမ်လင်အစေခံတွေ ဖြစ်လာစေဖို့ ခန္ဓာကိုယ်အဖြစ် ပြောင်းလဲပေးပါလိမ့်မယ်။ ထိပ်တန်းစွမ်းအင်အမြုတေရဲ့ ယူနစ်တစ်ခုစီက ဂရမ်လင်အစေခံ ၁၀၀ ကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ဂရမ်လင် အစေခံ ၁၀၀တိုင်းအတွက်၊ ဂရမ်လင်အစေခံတွေကို ထိန်းချုပ်နိုင်တဲ့ သန္ဓေပြောင်း ကြီးကြပ်ရေးမှူးက လုပ်ငန်းစွမ်းဆောင်ရည်ကို မြှင့်တင်ပေးမှာပါ။ သူက အဆင့်ပိုမြင့်တဲ့ စက်ပစ္စည်းတွကို ထုတ်လုပ်နိုင်တယ်၊ ပြုပြင်နိုင်တယ်။ ဂရမ်လင် အစေခံ ၁၀၀ တိုင်းက ထိပ်တန်းအဆင့်စွမ်းအင်အမြုတေ တစ်ယူနစ်ကို တစ်လတစ်ကြိမ် အစာအဖြစ် အသုံးပြုကြတယ်။”
အိုး။သဘောပေါက်ပြီ။ ချန်လွေ့က စိတ်ထဲမှ အံ့အားသင့်မှုကို မျိုသိပ်ပြီး ပြောလိုက်သည်။ “စွမ်းအင်က ပြဿနာမဟုတ်ဘူး၊ ဂရမ်လင်နဲ့ တခြားတပ်တွေ အများဆုံးထုတ်နိုင်တဲ့ ပမာဏက ဘယ်လောက်လဲ။”
“လက်ရှိရဲတိုက်က အဆင့်၂ပါ။ ပစ္စည်းများနှင့် စွမ်းအင်တွေ လုံလောက်ရင် ဂရမ်လင်အစေခံ ၂၀၀၀၀၊ သလင်းကျောက်သားရဲ ၁၀၀၀၀၊ မီးအိမ်တစ္ဆေ ၅၀၀၀၊ စုစည်းရုပ်သေးပေါင်း ၁၀၀၀နဲ့ ဧရာမသလင်းကျောက်သားရဲ ၁၀၀ ကောင်အထိ ထုတ်လုပ်နိုင်တယ်။ ရဲတိုက်ကိုလည်း အဆင့်မြှင့်တင် ပြီးတော့ အမျိုးအစား တစ်ခုစီအလိုက် ကန့်သတ်ချက်နှင့် လုပ်ငန်းဆောင်တာများကို တိုးမြှင့်လို့ရတယ်။ ဒါပေမဲ့ ရှားပါးကုန်ကြမ်းတွေ အများကြီး လိုအပ်တယ်။”
ရဲတိုက်က အဆင့်တောင် မြှင့်လို့ရတာလား။ ချန်လွေ့၏ ထူးဆန်းသော “ဂိမ်း” ခံစားချက်က ပိုပြင်းထန်လာသည်။ ထို့နောက် သူက သလင်းကျောက်ဇာမဏီမှ အဖြေပြန်ရသည်။ ရဲတိုက်မှ ဖန်တီးထားသော သတ္တဝါများသည် အဂ္ဂိရတ်သက်ရှိများ ဖြစ်ပြီး အဂ္ဂိရတ်သက်ရှိများ၏ ဝိညာဉ်အမြုတေမှာ ပင်မအသက် သလင်းကျောက် ဖြစ်သော သလင်းကျောက်ဇာမဏီ ဖြစ်သည်။ ထို့အတွက်ကြောင့် ဖန်တီးခံရသော သက်ရှိတိုင်းက ရဲတိုက်အုပ်ချုပ်သူကို အပြည့်အဝနာခံကြမည်ဖြစ်သည်။ အသက် သလင်းကျောက်၏ စိတ်ဝိညာဉ်ထိန်းချုပ်မှုတွင် ကန့်သတ်ချက် တစ်ခုရှိသည်။ အရေအတွက် ကျော်လွန်သွားပါက ထိန်းချုပ်၍မရဘဲ ထုတ်လုပ်မှုသည် အလိုအလျောက် ရပ်တန့်သွားမည်ဖြစ်သည်။
အဂ္ဂိရတ်သက်ရှိအဖွဲ့အစည်းတွင် အသက်သလင်းကျောက်မှာ အဂ္ဂိရတ်သက်ရှိ အားလုံးကို ဆုံးဖြတ် ပေးသော အမြုတေဖြစ်သည်။ ၎င်းကို အသက်ခန္ဓာဖန်တီးခြင်း၏ ပင်မအစဟု ခေါ်ဆိုနိုင်သည်။ အဆင့်မြှင့်တင်မှုသည် ပင်မအသက်သလင်းကျောက်၏ ခိုင်ခံ့မှုကို မြှင့်တင်ရန်ဖြစ်ပြီး၊ သို့မှသာ သလင်းကျောက် သည် ပို၍အစွမ်းထက်သော ဖြစ်တည်မှုများကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။ အဂ္ဂိရတ်သက်ရှိအဖွဲ့အစည်းတွင် အသက်သလင်းကျောက်မှ ထုတ်လုပ်သော အဂ္ဂိရတ်သက်ရှိများအပြင် ရိုးရာ မိတ်လိုက်နည်းဖြင့် နောက်မျိုးဆက်သွေးကို မွေးဖွားပေးသော လူသားများကဲ့သို့ “ခေတ်ဦးလူမျိုးစုများ”လည်း အများအပြားလည်း ရှိသေးသည်။
ထိုခေတ်ဦးလူမျိုးစုများသည် ပြင်းထန်သော တိုက်ခိုက်ရေးစွမ်းအား ထုတ်လွှတ်နိုင်သည့် စုစည်းရုပ်သေးများကို ထိန်းချုပ်နိုင်ပြီး ခေါင်းဆောင်မှာလည်း ယှဉ်ပြိုင်မှုမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ လက်ရှိအပျက်အစီးများတွင် ထိုကဲ့သို့သော “ခေတ်ဦးလူမျိုးများ” ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်သည်။ သို့မဟုတ်ပါက ချန်လွေ့ ကဲ့သို့ “အပြင်လူများ”သည် အကျိုးအမြတ်ရများ နိုင်ချေမရှိပေ။
ချန်လွေ့က ရဲတိုက်ကို အဆင့်မြှင့်တင်ရန် လိုအပ်သောပစ္စည်းများကို တစ်ချက်ကြည့်လိုက်သည်။ ၎င်းတို့အများစုမှာ တစ်ခါမှမကြားဖူးဘဲ လိုအပ်သောပမာဏမှာလည်း အံ့ဩစရာဖြစ်သည်။ အဓိကဦးစားပေးမှာ ရဲတိုက်ကို ပြင်ဆင်ရန် ဖြစ်သည်။ “ဒါဆို ရဲတိုက်ကို ပြုပြင်ဖို့ ဂရမ်လင်းအစေခံ ၃၀၀၀ ကို ဖန်တီးလိုက်ပါ။”
“ဟုတ်ကဲ့ပါ။ ရဲတိုက်မှာ ထိပ်တန်းစွမ်းအင်အမြုတေ ယူနစ် ၂၄၇၀ ကို သိုလှောင်ထားပြီး၊ ဂရမ်လင် စက်ရုံကို စတင်ဖို့အတွက် ယူနစ် ၅၀ နဲ့ ဂရမ်လင် အစေခံ ၃၀၀၀ အတွက် ယူနစ် ၃၀ ကုန်ကျမှာ ဖြစ်ပါတယ်။ အခုမှ စတင်ထုတ်လုပ်မယ်ဆိုရင် ၅ရက်ခန့် ကြာမှာဖြစ်ပါတယ်။ ဂရမ်မလင်အစေခံတွေကို ဖန်တီးပြီးရင် ပြုပြင်မှုတွေကို အလိုအလျောက် စတင်လုပ်ဆောင်မှာပါ။ ပြုပြင်မှုအတွက် ကိုက်ညီတဲ့ သက်ဆိုင်ရာ ပစ္စည်းများကို ရှာဖွေရန် လိုအပ်တယ်။ ပစ္စည်းများ ပြည့်စုံရင် ရဲတိုက်ကို အပြီးအပိုင် ပြုပြင်ရန် အချိန်၂လလောက် ယူရပါမယ်။ တကယ်လို့ ဂရမ်လင်အစေခံကြီးကြပ်သူသာ ပေါ်ထွန်းလာမယ်ဆိုရင် အချိန်ပိုပြီးတော့ တိုတောင်းနိုင်တယ်။”
၂လဆိုသည်မှာ တကယ်တမ်း မကြာလှပေ။ စွမ်းအင်အရဆိုလျှင် ကြယ်စင်စုဥယျာဉ် ပိုင်ဆိုင်သော ချန်လွေ့အတွက် ပြဿနာမဟုတ်ပေ။ ရဲတိုက်ကို ပြုပြင်ပြီးသည်နှင့် သလင်းကျောက်သားရဲများနှင့် ဧရာမသတ္တဝါအားလုံးကို သူ ပြုပြင်နိုင်မှာ ဖြစ်သည်။ ထိုအချိန်တွင် နတ်ဆိုးဘုံတွင် အင်ပါယာငယ်တစ်ခု တည်ဆောက်ရန် လုံလောက်သည့် အင်အားကြီးမားသောစစ်တပ်တစ်ခု သူ့တွင် ရှိလာမည်ဖြစ်သည်။
ချန်လွေ့ ရုတ်တရက် တစ်ခုခုကို တွေးလိုက်မိသည်။ အဂ္ဂိရတ်ရဲတိုက်က အဂ္ဂိရတ် သက်ရှိအဖွဲ့အစည်းမှာ သေးငယ်တဲ့ အင်အားစုတစ်ခုနှင့် ညီမျှတယ်။ ဒါပေမဲ့ ဒီလောက်တောင် ပြင်းထန်တဲ့ တိုက်ခိုက်ရေးစွမ်းအား ရှိနေတယ်။ ရှေးဟောင်း အဂ္ဂိရတ် သက်ရှိအဖွဲ့အစည်း တစ်ခုလုံးရဲ့ စွမ်းအားကို ပုံဖော်ကြည့်လိုက်စမ်း။ ဒါဆို အဂ္ဂိရတ်သက်ရှိအဖွဲ့အစည်းကို ဖျက်ဆီးခဲ့တဲ့ အသူရာချောက်နက်မိသားစုက ပိုပြီးတော့ အစွမ်းထက် နေမှာ မဟုတ်ဘူးလား။
အမွေဆက်ခံစမ်းသပ်မှုက ပုံရိပ်ယောင်ထဲတွင်ဖြစ်စေ သို့မဟုတ် မက်စီမိုမြို့ မြေအောက် ယဇ်ပလ္လင်တွင်ဖြစ်စေ၊ အသူရာချောက်နက်မိသားစု၏ လုပ်ရပ်သည် ချန်လွေ့၏ မှတ်ဉာဏ်တွင် ကွက်ကွက်ကွင်းကွင်း ရှိနေဆဲဖြစ်သည်။ သူတွေ့ကြုံခဲ့ရသည် များမှာ အသူရာချောက်နက်မိသားစု၏ တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်သည်။ နတ်ဘုရား-တစ်ပိုင်းအဆင့် ပုဂ္ဂိုလ် စေတန်၏ အသံနေအသံထားကို ကြည့်လျှင် အသူရာ ချောက်နက်မိသားစုက နေရာလွတ်တစ်ခု၌ ချိပ်ပိတ်ခံထားရဆဲ သီးခြား ခွဲထုတ်ခံထားရထားရဆဲ ဖြစ်နိုင်သည်။ မရေမတွက်နိုင်သော နှစ်များအတွင်း သူတို့သည် ချိပ်ပိတ်ထား ခြင်းမှ လွတ်မြောက်ရန် အစွမ်းကုန် ကြိုးစားခဲ့ကြသည်။
ထိုအရာများမှာ သူ၏ လက်ရှိအဆင့်နှင့် အလှမ်းဝေးနေဆဲပင် ဖြစ်သည်။ သူ စိတ်ပူနေသည့်တိုင် အသုံးမဝင်သည့်အတွက် ဆက်တွေးမနေတော့ပေ။ ထို့နောက် သူ မေးလိုက်သည်။ “ပိုင်နက်တိုင်းပြည်က ဘာပြဿနာရှိလို့လဲ။”
"ဒီကြယ်မြို့တော်က ပိုင်နက်တိုင်းပြည်တစ်ခုပဲ။ ပြီးတော့ စိတ်ဝိညာဉ် အမှတ်အသားကို သခင့်ဆီ လွှဲပြောင်းပေးထားတယ်။ လက်ရှိမှာ၊ သခင့်ရဲ့စွမ်းအားက အမှတ်အသားနဲ့ အပြည့်အဝ ပေါင်းစပ်ပြီး ပိုင်နက်တိုင်းပြည်ကို ထိန်းချုပ်ဖို့ရာ အားနည်းလွန်းတယ်။”
ချန်လွေ့သည် သူအရင်က ရရှိခဲ့သော စိတ်ဝိညာဉ်အမှတ်အသားကို တွေးပြီး ပျော်သွားသည်။ ပိုင်နက်တိုင်းပြည် ဆိုတာက နတ်ဘုရား-တစ်ပိုင်းအဆင့် ပုဂ္ဂိုလ် ပိုင်ဆိုင်ထားတဲ့ စွမ်းအား ဖြစ်မယ်။ ဒီလောက်လွယ်လွယ်နဲ့ ရခဲ့တာ ယုံတောင်မယုံနိုင်ဘူး။ ငါ့မှာ လုံလောက်တဲ့ ခွန်အား ရှိသရွေ့ နတ်ဆိုးအရှင်သခင် နယ်ပယ်ထက် အဆင့်မြင့်တဲ့ စွမ်းအားကို ငါ ကျွမ်းကျင်လာနိုင်တယ်။
သလင်းကျောက်ဇာမဏီ၏ အသံက ထပ်မံထွက်ပေါ်လာသည်။ “မီးအိမ်တစ္ဆေတွေရဲ့ စွမ်းအားကို စုပ်ယူဖို့ အဂ္ဂိရတ်လျို့ဝှက်နည်းလမ်းကို အသုံးပြုပြီး သခင် ကိုယ့်ကိုယ်ကိုယ် ပိုကြံ့ခိုင်အောင်လုပ်လို့ရတယ်။ ပြီးရင် ပိုင်နက်တိုင်းပြည်ရဲ့ စိတ်ဝိညာဉ်အမှတ်အသားနဲ့ တစ်ဆင့်ချင်း ပေါင်းစပ်လို့ရတယ်။ နောက်တော့ သခင်က တိုင်းပြည်တစ်ခုလုံးကို ထိန်းချုပ်လာနိုင်မှာပါ။”
ထိုစကားက ချန်လွေ့ကို ပိုအားတက်သွားစေသည်။ လျို့ဝှက်အဂ္ဂိရတ်ပညာက မီးအိမ်တစ္ဆေရဲ့စွမ်းအားကိုစုပ်ယူနိုင်တာလား။ ငါလုံးဝ မသိခဲ့ဘူးဘဲ။
သလင်းကျောက်ဇာမဏီနှင့် အကြိမ်ကြိမ် တိုင်ပင်ပြီးနောက် ချန်လွေ့သည် ကိစ္စသုံးခုကို ဆုံးဖြတ်နိုင်ခဲ့သည်။
ပထမဦးဆုံးအနေနှင့် သလင်းကျောက်ဇာမဏီသည် သူထင်ထားသလောက် ဉာဏ်ရည် မမြင့်မားချေ။ ပေးလာသော အဖြေများ သို့မဟုတ် ဖြေရှင်းချက်များသည် “အချက်အလက်သိုလှောင်ထားရာ”မှသာ ဖြစ်သည်။ ဒီအတိုင်းအတာထက် ကျော်လွန်ပြီး ဖြေရှင်းနိုင်စွမ်းမရှိပေ။ တိတိကျကျပြောရရင် သလင်းကျောက်ဇာမဏီမှာ ပါးနပ်သော ကိရိယာတစ်ခုသာ ဖြစ်သည်။ တကယ့် “ဦးနှောက်”မှာ ချန်လွေ့ဖြစ်နေဆဲပင်။
ဒုတိယအနေနှင့် သူ၏လက်ရှိအင်အားမှာ မလုံလောက်ဘဲ သလင်းကျောက်ဇာမဏီ မှတဆင့်သာ ထိုနန်းတော်ကို ထိန်းချုပ်နိုင်သည်။ သူ့လိုအပ်ချက်များ ပြည့်မီပြီးတာနဲ့ လက်မောင်းကို ထိန်းချုပ်သလိုပင် ထို“ပင်မထိန်းချုပ်ခန်း”မှ ရဲတိုက်တစ်ခုလုံးကို ထိန်းချုပ်လာနိုင်မည်ဖြစ်သည်။ သက်ဆိုင်ရာ အဆောက်အဦးနဲ့ စက်ပစ္စည်းတွေကိုပါ အဝေးမှ ထိန်းချုပ်လာနိုင်ပေမည်။
တတိယအနေဖြင့် သလင်းကျောက်ဇာမဏီ၏ လုပ်ဆောင်ချက်မှာ ရဲတိုက်တစ်ခုလုံး၏ စီမံခန့်ခွဲမှု၊ ကာကွယ်ရေး၊ ထုတ်လုပ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်သည်။ ပိုင်နက်တိုင်းပြည်၏ လေ့ကျင့်ရေးကဏ္ဍများနှင့်ပတ်သက်၍ အပိုအဖြေများ ပေးရန် သူအတွက် မဖြစ်နိုင်ပေ။ ဤအရာများသည် အမွေအနှစ်မှတ်ဉာဏ်တွင် ရှိသင့်သည်။၊ သို့သော် နတ်ဘုရား-တစ်ပိုင်း စိတ်ဝိညာဉ်သည် ချန်လွေ့၏ကိုယ်ခန္ဓာကို မပိုင်ဆိုင်နိုင်ခဲ့သောကြောင့် ကျန်ရှိသော မှတ်ဉာဏ် အပိုင်းအစ အချို့သာ ရရှိခဲ့ပြီး “အမွေအနှစ်” ဟုခေါ်တွင်ခြင်းကို အမှန်တကယ် ရရှိခဲ့ခြင်း မရှိပေ။ ဖော်မြူလာများနှင့် လျှို့ဝှက်နည်းစနစ်များမှာ ရှင်းလင်းမှုရှိမနေပေ။ ကံမကောင်းသော နတ်ဘုရား- တစ်ပိုင်း၏ နာမည်နဲ့ အမွေကို သိမ်းပိုက်လိုက်သလိုမျိုး ဖြစ်နေသည်။ အမွေရထားသော်လည်း မီးခံသေတ္တာကိုဖွင့်ရန် သော့မရှိနေပေ။ အတွင်းတွင်ရှိသော ရတနာတွေကို ထုတ်ယူသုံးစွဲရန်မှာ ခက်ခဲသော ပြဿနာတစ်ရပ် ဖြစ်နေဆဲ ဖြစ်သည်။
ဂရမ်လင်စက်ရုံကို မကြာမီ စတင်အသုံးပြုနိုင်တော့မည်ဖြစ်သည်။ ဂရမ်လင်အစေခံ ထုတ်လုပ်ရေး လုပ်ငန်းစဉ်သည် ချန်လွေ့ကို မျက်စိပွင့်နားပွင့် ဖြစ်သွားစေသည်။ ဝိညာဉ်အမြုတေကို အရင်ဦးစွာ ထုတ်လုပ်ပြီး ခန္ဓာကိုယ် ဖြစ်လာစေရန်အတွက် သလင်းကျောက် မြောင်းတစ်ခုထဲတွင် ထည့်သည်။ ထိုလုပ်ငန်းစဉ်မှာ မမြန်သော်လည်း သိပ်သည်းလာသော ပုံစံကို မှုန်ဝါးဝါး မြင်နိုင်သည်။ ၎င်းသည် အံ့သြစရာ ကောင်းသော စွမ်းအင်ပြောင်းလဲခြင်း လုပ်ငန်းစဉ် တစ်မျိုးဖြစ်ပုံရသည်။ ထိုပြောင်းလဲခြင်းအား စွမ်းအင်တစ်ခုတည်းဖြင့် ပြုလုပ်၍မရပေ။ ရဲတိုက်၏ အခြေခံများထဲမှ တစ်ခုဖြစ်သည့် အထူးပစ္စည်းများ လိုအပ်သည်။ ရဲတိုက်တွင် အခြေခံ “အလုပ်ယူနစ်”အဖြစ် ထိန်းသိမ်းထားပေသည်။
အကြီးတန်း ဂိမ်းကစားသူ တစ်ဦးအနေဖြင့် ချန်လွေ့ သည် နည်းဗျူဟာဂိမ်း တစ်ခု၏ အခြေခံယူနစ် များကို ဆက်တိုက်တွေးနေခဲ့သည်။ ပထမအသုတ်တွင် ဂရမ်လင် အစေခံအယောက် ၁၀၀ ရှိပြီး ပြီးစီးရန် ၂နာရီခွဲခန့် ကြာမည်ဖြစ်သည်။ ချန်လွေ့ စောင့်မနေဘဲ အလုပ်များနေသော မီးအိမ်တစ္ဆေများထံ ပြန်ရောက်လာသည်။
မီးအိမ်တစ္ဆေများသည် စွမ်းအင်အမြုတေ ပြုလုပ်ရန်နှင့် ရဲတိုက်ကို သန့်ရှင်းရေးနှင့် သပ်ရပ်အောင်ပြုလုပ်ရန် အရှိန်အဝါသစ်သီးများကို အသုံးပြုနေကြသည်။ ချန်လွေ့က ဂျင်းနီထံ ချဉ်းကပ်ပြီး မေးလိုက်သည်။ “ဂျင်းနီ။ ငါ့စွမ်းအားကို အဆင့်မြှင့်ဖို့အတွက် မီးအိမ်တစ္ဆေတွေရဲ့ စွမ်းအင်ကို ဘယ်လိုစုပ်ယူရမလဲဆိုတာ သိလား။”
ဂျင်းနီ အံ့အားသင့်သွားပြီး ပြန်ဖြေသည်။ “မီးအိမ်တစ္ဆေတွေက စွမ်းအင်အမြုတေကို တိုက်ရိုက်စုပ်ယူနိုင်ပါတယ်။ သခင်က လျှို့ဝှက်ပညာရပ်ဖြစ်ဖြစ်ဖြစ်၊ လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုဖြစ်ဖြစ် အသုံးပြုပြီးတော့ သခင့်ရဲ့ခန္ဓာအမျိုးအစားနဲ့ စွမ်းအားကို အားကောင်းစေဖို့အတွက် မီးအိမ်တစ္ဆေတွေဆီက အသက်ဓာတ်ကို ထုတ်ယူနိုင်ပါတယ်။ ဒါပေမယ့် မီးအိမ်တစ္ဆေတွေက အဆင့်နိမ့်သွားတာမျိုး လုံးဝပျက်စီးသွားတာမျိုး ဖြစ်နိုင်ပါတယ်။”
ဒါက “လျှို့ဝှက်ပညာရပ်”လို့ခေါ်တာလား။ “စုဆောင်းပြီး ဖြည့်ပါ” ဟူသော စကားလုံးများသည် ချန်လွေ့ ၏ စိတ်ထဲတွင် ပေါ်လာပြီး မျက်မှောင်ကြုတ်လိုက်သည်။
ထိုနည်းလမ်းမှာ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ အဂ္ဂိရတ် သက်ရှိအဖွဲ့အစည်းမှ “လူသား”သည် သာမန်လူသား၊နတ်ဆိုးများ၏ လေ့ကျင့်ခြင်းနှင့် ကွဲပြားနေသေးသည်။ သူတို့သည် ယင်၊ယန်တို့၏ အသက်စွမ်းအင်ကို အသုံးပြုကြသည်။ မီးအိမ်တစ္ဆေများက ၎င်းတို့၏ “အာဟာရများ”ကို လုံးဝစုပ်ယူပြီးနောက် လွှင့်ပစ်ခံရမည့် အိုးတစ်လုံးနှင့်တူသည်။
ကိုယ်ကျိုးစီးပွားအတွက် အခြားသူများကို ထိခိုက်နစ်နာစေသည့် ထိုနည်းလမ်းနှင့် နှိုင်းယှဉ်ပါက ချန်လွေ့ရဲ့ [ နှစ်သွယ်လေ့ကျင့်ရေး ] ပညာရပ်သည် ပို၍သဘောကောင်းပြီး အမျိုးသားရော အမျိုးသမီးကိုပါ အကျိုးကျေးဇူးများစွာ ရရှိစေသေည်။ သို့ရာတွင် ချန်လွေ့အတွက် [ နှစ်သွယ်လေ့ကျင့်ရေး ] သည် သူ၏ စွမ်းအားကို မြှင့်တင်ရန် အခြေခံနည်းလမ်းမဟုတ်ဘဲ အကူအညီ တစ်ခုသာ ဖြစ်သည်။ မီးအိမ်တစ္ဆေများမှာ သာမန်သက်ရှိဖြစ်တည်မှုများနှင့် ကွဲပြားသော အဂ္ဂိရတ်သက်ရှိများ ဖြစ်ကြသည်။ သူတို့က [ နှစ်သွယ်လေ့ကျင့်ရေး ] ၏ တိုးမြှင့်မှုကို မစုပ်ယူနိုင်ပေ။
ရွှေမျက်လုံး မီးအိမ်တစ်စ္ဆေ၏ မျက်လုံးများ အနည်းငယ် မှိန်ဖျော့သွားသော်လည်း မဆိုင်းမတွပင် ပြောသည်။ “ကျွန်မခန္ဓာကိုယ်ထဲက စွမ်းအင်တွေ အမြင့်ဆုံးမှတ်ကို ရောက်နေပါပြီ။ သခင် အခုချက်ချင်း စုပ်ယူချင်ပါလား။”
ချန်လွေ့ က တမင်တကာ ပြောသည်။ “မင်း အသက်အန္တရာယ် ရှိလိမ့်မယ်။”
ဂျင်းနီက ခေါင်းခါသည်။ “မီးအိမ်တစ္ဆေတွေရဲ့ ကံကြမ္မာက အသက်အပါအဝင် အရာအားလုံးကို သခင့်ဆီ အပ်နှံဖို့ပါပဲ။”
ချန်လွေ့သည် ယခင်က သူပြောခဲ့သည့်အတိုင်း “အရာရာကိုအပ်နှံခြင်း”၏ စစ်မှန်သော အဓိပ္ပါယ်ကို ယခု နားလည်လာခဲ့ပြီး ထိုအဂ္ဂိရတ်သက်ရှိများ၏ သစ္စာစောင့်သိမှုကို သူနားလည်သွားခဲ့သည်။ ၎င်းမှာ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး ထိန်းချုပ်ထားသော ရုပ်သေးရုပ်များနှင့် အနည်းငယ် ဆင်တူသော်လည်း အတိအကျတော့ မတူပေ။ ယင်းတို့၏ လွတ်လပ်သော အသိဉာဏ်သည် ပိုမိုအားကောင်းသည်။ သူတို့က စတေးရခြင်းကို စိုးရွံ့သော်လည်း သခင်၏အမိန့်ကို မဖီဆန်နိုင်ကြပေ။
“သစ္စာစောင့်သိခြင်း”သည် အဂ္ဂိရတ်သက်ရှိများကို ဖန်တီးသောအခါတွင် သလင်းကျောက်ဇာမဏီ ထည့်သွင်းထားသော ပြုပြင်၍မရသည့် ပထမဆုံးဥပဒေသ ဖြစ်သည်။
“သစ္စာရှိပြီးတော့ အာရုံစူးစိုက်အပ်နှင်းထားရင် ရပြီ။” ချန်လွေ့ အနည်းငယ် ပြုံးလိုက်သည်။ “ငါ့မှာ အမွေအနှစ် ရှိပေမယ့် ကိုယ်ပိုင် လေ့ကျင့်နည်းတွေ ရှိတယ်။ မင်းတို့ရဲ့ အသက်ဓာတ်ကို စုပ်ယူဖို့ မလိုဘူး။ အခုလည်း မလုပ်ဘူး။ နောင်လည်း လုပ်မှာမဟုတ်ဘူး။”
မျက်နှာလွှား နောက်ကွယ်တွင် တောက်ပတဲ့အပြုံးတစ်ခု ပေါ်လာကာ ဂျင်းနီ၏ မျက်လုံးများ ရုတ်တရက် တောက်ပသွားသည်။ “သခင်။ သခင့်ကိုပြုစုဖို့ ဂျင်းနီကို လိုသေးလား။ ဒါမှမဟုတ် ဂျင်းရှာ နဲ့ ဂျင်းလန်တို့ကို ထပ်ခေါ်ပေးရမလား။ သခင့်ရဲ့လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးဖို့ ကျွန်မတို့အစွမ်းကုန်ကြိုးစားပါ့မယ်။”
ခပ်လန်းလန်း ခန္ဓာကိုယ်နှင့် ဆွဲဆောင်မှုရှိသော အဝတ်အစားများရှိသော မီးအိမ်တစ္ဆေများကို မြင်လိုက်ရသောအခါ ပုံရိပ်ယောင်ထဲမှ နောက်ထပ် မဖြစ်နိုင်သော မြင်ကွင်းများ ချန်လွေ့၏ စိတ်ထဲတွင် ပေါ်လာပြီး အာခြောက်သွားမိသည်။ ကံကောင်းထောက်မစွာပင် သူက [ စိတ်သန့်စင်ခြင်း ] စမ်းသပ်မှုကို ခံနိုင်ရည်ရှိပြီး အလွန်အမင်း စိတ်ဓာတ်ခိုင်မာလှသည်။ ချက်ချင်းပင် သူ သတိဝင်လာပြီး ခေါင်းယမ်းလိုက်သည်။
ချန်လွေ့သည် စိတ်ခံစားမှုမပါဘဲ ချစ်တင်းနှောရခြင်းကို မကြိုက်ပေ။ ထို့အပြင် သူ့ဘေးနားတွင် မိန်းမများ မရှားပါးပေ။ အတော်လေး ကိုင်တွယ်ရ များလွန်းနေပြီ ဖြစ်သည်။
( တကယ်လို့ ငါက မီးအိမ်တစ္ဆေနှစ်ထောင်ကျော်နဲ့ တကယ် အတူတူအိပ်မယ်ဆို ငါ့ရဲ့အားတွေ အနှေးနဲ့အမြန် ကုန်သွားမှာပဲ။ နဂါးခန္ဓာအမျိုးအစားတောင် အသုံးဝင်မှာ မဟုတ်ဘူး။ )
“သခင်၊ လိုအပ်ရင် ကျွန်မတို့ကို အမိန့်ပေးခိုင်းလိုက်ပါ။” ဂျင်းနီက သိပ်မတွေးခဲ့ဘဲ မေးလိုက်ပြန်သည်။ “သခင်၊ ဒီသတင်းကို တခြားမီးအိမ်တစ္ဆေတွေကို ပြောပြလို့ရမလား။”
ဂျင်းနီ ရည်ညွှန်းသည့်အရာမှာ “အနာဂတ်တွင် မီးအိမ်တစ္ဆေများ၏ အသက်ဓာတ်ကို စုပ်ယူမည် မဟုတ်ကြောင်း” ကတိကို ပြောမှန်း ချန်လွေ့ သိသည်။ မီးအိမ်တစ္ဆေများအတွက် ဤသည်မှာ အမှန်ပင် သတင်းကောင်းတစ်ခု ဖြစ်သည်။
ချန်လွေ့က အနည်းငယ် ပြုံးလိုက်သည်။ “ဒါပေါ့။ မင်းပြောလို့ရတယ်။ ပထမအသုတ် ဂရမ်လင် အစေခံတွေကို ထုတ်လုပ်ပြီးရင် ရဲတိုက်ကို စောင့်ဖို့ မီးခွက်နတ် ၁၀၀ ချန်ထားပြီးတော့ ကျန်သူတွေက ပြင်ပလောကမှာ အလုပ်တွေလုပ်ဖို့ ငါနဲ့ အတူ လိုက်ခဲ့ရမယ်။ မင်းတို့လိုအပ်တဲ့ ထိပ်တန်းအဆင့် စွမ်းအင်အမြုတေကို အချိန်မရွေး ဖြည့်ဆည်းပေးမှာမို့ စွမ်းအင်ကူးပြောင်းစက်ကို ငါ့ကိုပေးဖို့ မမေ့ပါနဲ့။”
“ဟုတ်ကဲ့။" ဂျင်းနီ က လေးစားစွာ ဦးညွှတ်လိုက်သည်။ ခြေတစ်ချက် တော့လိုက်ရာ သူက မီးအိမ်တစ္ဆေများဆီသို့ လွင့်မျောသွားသည်။
မကြာခင်မှာ ဆွဲဆောင်မှုရှိသော အသွင်အပြင်၊ ထူးခြားဆန်းပြားသည့် ညို့ဓာတ်ရှိသော ထိုအလှပဂေးများက သူ့ကို တပြိုင်နက် အံ့သြစွာ ငေးကြည့်လိုက်ကြသည်။ သူတို့၏ ပျော်ရွှင်စွာ အော်ဟစ်သံများက မြေအောက်ရဲတိုက်ကြီး တစ်ခုလုံးထဲတွင် ကျယ်လောင်စွာ သံပြိုင် ထွက်လာတော့သည်။