မင်းသမီးစံအိမ်၌ ဖရိုဖရဲဖြစ်ခြင်း
Vol. 38 Ch. 573
လူအများ၏ အာရုံစိုက်မှုအောက်တွင် နောက်ဆုံး၌ တောင်ပိုင်းဆင်ခြေဖုံးရှိ မင်းသမီး လက်လီစတိုး ဖွင့်လှစ်လာခဲ့သည်။
မင်းသမီးစံအိမ်သည် အစားအစာ၊ တည်းခိုခန်း၊ အနားယူခန်းနှင့် ဖျော်ဖြေမှုများ ပေါင်းစပ်ထားသော စားသုံးသူနေရာတစ်ခု ဖြစ်သည်။ စျေးနှုန်းမှာ အတော်လေး မြင့်မားလှ၏။ သို့သော်လည်း စျေးဝယ်သူများက အပြေးအလွှား သွားနေကြသေးသည်။ ဖွင့်ပြီးသည်နှင့်ချက်ချင်းပင် စံအိမ်တစ်ခုလုံး လူပြည့်လျှံသွားတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထမင်းစားခန်း ဧည့်သည်များဖြင့် ပြည့်နှက်သွားပြီး စားပွဲအချို့ကို ယာယီ ထည့်ဖြည့်လိုက်ရသည်။ သို့သော်လည်း ထောက်ပံ့နိုင်မှုက တောင်းဆိုမှုကို မလိုက်နိုင်သေးပေ။ ခဏအကြာတွင် စျေးကြီးသော သီးသန့်အခန်းများနှင့် အထူးအဆောက်အအုံများလည်း ပြည့်နှက်သွားခဲ့သည်။
ဖွင့်လှစ်သော ပထမနေ့ရက်တွင် မင်းသမီးစံအိမ်က လျှော့စျေးပေးခဲ့ပြီး ဧည့်သည်တိုင်းက ရနံ့မွှေး နှံစားပြောင်းအရက် ခွက်အသေးတစ်ခွက်ကို အခမဲ့ ရရှိမည် ဖြစ်သည်။ သလင်းကျောက်နက် အထူးကတ်ပြားရှိသော စျေးဝယ်သူများကလည်း အပို ၂၀% လျှော့စျေး ရရှိပေမည်။
လျှော့စျေးမှာ ဒုတိယသာ ဖြစ်သည်။ ဝိုင်ခွက်အသေးများကို သောက်ပြီးသည့်အခါ ဧည့်သည်အားလုံးက ကျေနပ်သော အမူအရာတစ်ခု ပြသခဲ့သည်။ ဒီရနံ့မွှေး နှံစားပြောင်းဝိုင်အရက်က မွှေးကြိုင်ပြီးတော့ သစ်သီးဝိုင်နဲ့ ဆန်အရက်တို့ထက် အရသာ ပိုကောင်းတယ်။ အားကောင်းတဲ့ အရသာလည်း ကျန်ရစ်ခဲ့တယ်။ အကောင်းဆုံးဝိုင် ဆိုတဲ့နာမည်နှင့် ထိုက်တန်ပါပေတယ်။ စောင့်ခဲ့ရတဲ့ရက်တွေက တကယ်တန်တာပဲ။
ဧည့်သည်များက ဝိုင်ကောင်းကို အရသာ ခံပြီးနောက် အလုအယက် မှာယူကြတော့သည်။ ကံဆိုးစွာပင် မင်းသမီးလက်လီစတိုး၏ အထူးစျေးဝယ်သူ မဟုတ်ကြသူများက အလွန်ဆုံး ဝိုင်တစ်ခွက်သာ ရရှိနိုင်ကြသည်။ ဝိုင်မြည်းချင်နေသေးကြသော ဧည့်သည်များက ဝိုင်တစ်ပုလင်းထက် ပိုမှာနိုင်သော အထူးစျေးဝယ်သူများကို မြင်သည့်အခါ မနာလို ဖြစ်သွားကြပြီး မင်းသမီးလက်လီစတိုးမှ အထူးကတ်ပြားများ ရရှိရန် စိတ်ပိုင်းဖြတ်လိုက်ကြသည်။ သလင်းကျောက်ဖြူ အထူးစျေးဝယ်သူများကလည်း တစ်ပုလင်းမှာ မလုံလောက်သေးကြောင်း ခံစားကြရပြီး အဆင့်ပိုမြင့်သော အထူးစျေးဝယ်သူများအပေါ်၌ မနာလိုခြင်းနှင့် မုန်းတီးမှုများ ပြည့်နှက်နေ၏။
မင်းသမီးစံအိမ်ကို တာဝန်ယူထားသည်မှာ မြို့တော်မှ မင်းသမီး လက်လီစတိုး၏ စီမံသူ လူလီဖြစ်သည်။ ဧည့်သည်အများအပြားနှင့် တွေ့ရသည့်အတွက် ထိုလှပသော ကဝေမက ဆိုင်အကူများကို စီမံရင်း အလုပ်ရှုပ်နေခဲ့သည်။ သူ၏ ချွေးပြန်နေသော မျက်နှာက ဆွဲဆောင်မှုရှိသော အပြုံးတစ်ခုကို ပြသနေလေသည်။
လီလူ၏ပုံရိပ်က အထူးအဆောက်အအုံရှိ အခန်းတစ်ခု၏ စားပွဲပေါ်၌ ပေါ်ထွက်လာသည်။ အခန်းထဲ၌ လူငယ်သုံးယောက် ရှိနေသည်။ ပုံရိပ်မှော်ပညာကို ထိန်းချုပ်နေသူက မျက်လုံးအနက်နှင့် ဆံပင်အနက်ရှိသော ယောက်ျားတစ်ယောက် ဖြစ်သည်။ သူ၏ မျက်ခုံးကြား၌ ကောက်ကျစ်သော အငွေ့အသက်တစ်ခု ရှိနေလေသည်။
ဆံပင်ရွှေရောင်နှင့် ခရမ်းရောင်မျက်လုံးရှိသော လူက ပြောသည်။ “ဆာ-ချာလီစ်မီရှန်၊ ကျုပ်က ခဏပဲ မြို့တော်နဲ့ အဝေးကို ရောက်နေခဲ့တာ။ ခင်ဗျားရဲ့အကြိုက် ဘယ်တုန်းက ပြောင်းသွားတာလဲ။ ခင်ဗျားက ကောင်မလေးတွေကို သဘောကျတာ ကျုပ် သေချာ မှတ်မိတယ်။ လီလူက လှပေမဲ့ ရင့်ကျက်တဲ့ အမျိုးသမီးတစ်ယောက်ပဲ။ ခင်ဗျား ဘာလို့ သူ့ကို ရုတ်တရက် စိတ်ဝင်စားသွားရတာလဲ။”
“မင်း မှတ်မိတာ အမှန်ပဲ။ မိတ်ဆွေ ဒိုင်ရာ့ခ်လူစီဖာ။” ချာလီစ်က ပြုံးဖြီးဖြီး လုပ်လိုက်သည်။ “ငါ့ရဲ့ တကယ့်ပန်းတိုင်က လီလူရဲ့ ညီမအငယ်ဆုံး မာလီနီပဲ။ ဒီလိုမျိုး ရင့်ကျက်တဲ့ အမျိုးသမီးမျိုးကို မင်းသဘောကျတာ ငါသိတယ်။ မင်းက မိစ္ဆာထောင်ခြောက်ပန်းကို ရူးသွပ်ခဲ့တာပဲ။ မင်း မြို့တော်ကို ပြန်ရောက်လာတာ ကြိုဆိုတဲ့အနေနဲ့ ဒီမိန်းမက မင်းအပိုင်ပဲ။”
“တကယ်လား။” ဒိုင်ရာ့ခ်၏ မျက်လုံးများ အရောင်တောက်သွားပြီး ပုံရိပ်ထဲမှ လီလူ၏ မို့မောက်နေသော ရင်သားတစ်စုံကို စိုက်ကြည့်နေလိုက်သည်။ “လီလူက မင်းသမီးလက်လီစတိုးနဲ့ မင်းသမီးစံအိမ်ရဲ့ ပိုင်ရှင်ပဲ။ ပြီးတော့ ဧကရီအရှင်မက ဒါတွေရဲ့ နောက်ကွယ်မှာ ရှိနေတယ်။”
ချာလီစ်က ကြောက်စရာကောင်းအောင် ပြုံးလိုက်သည်။ “သိပါတယ်။ သူ့ကို တစ်ခါတည်း ရဖို့မဖြစ်နိုင်ဘူး။ ဒါပေမဲ့ အခုအက ဧကရီအရှင်မက ပြည်သူတွေနဲ့ နှလုံးသားကို ရရှိဖို့ ကြိုးစားနေတဲ့အချိန်ပဲ။ လီလူက စီးပွားရေးသမား တစ်ယောက်ပဲ။ သူက ကြီးလေးတဲ့ပြစ်မှုကို ကျူးလွန်ခဲ့ရင် ဂုဏ်သိက္ခာ မထိခိုက်အောင်လို့ ဧကရီက သူ့ကို ကာကွယ်ပေးမှာ မဟုတ်ဘူး။ အဲဒီအချိန်ကျရင် သူက မင်းကြိုက်သလို ကစားလို့ရတဲ့ အကျဉ်းသူတစ်ယောက် ဖြစ်သွားပြီ။”
“ကြီးလေးတဲ့ပြစ်မှုကို ကျူးလွန်ရင် ဟုတ်လား။” ဒိုင်ရာ့ခ် မျက်မှောင်ကြုတ် လိုက်သည်။ “မင်း ဘာပဲလုပ်လုပ်၊ သတိထားတာ ပိုကောင်းမယ်။”
“ဒိုင်ရာ့ခ်။ အရင်တစ်ခေါက် ရှုံးနိမ့်သွားပြီးနောက် အမှောင်လမှာ အဖမ်းခံရတော့ မင်း မိန်းမတွေနဲ့ကစားဖို့ သတ္တိ မရှိတော့တာလား။ ဒီမိန်းမအတွက် မင်း မလှုပ်ရှားရဲရင် ငါ လှုပ်ရှားမယ်။” အနီရောင် ဆံပင်တိုနှင့် ယောက်ျားတစ်ယောက်က အထင်သေးစွာဖြင့် ပြောလိုက်သည်။ ထိုသူမှာ ခန့်ညားပြီး သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသော်လည်း လွန်ကဲကာ မောက်မာနေ၏။
ဒိုင်ရာ့ခ်လူစီဖာသည် ချော်ရည်ပြာနယ်မြေနှင့် လိပ်ပြာနီနယ်မြေတို့ပူးပေါင်းပြီး အမှောင်လကို တိုက်ခိုက်ခဲ့စဉ်က သံတမန်အနေဖြင့် သွားခဲ့သည်။ အမှန်တကယ်၌ သူက စစ်တပ်ကို စောင့်ကြပ်နေခဲ့ခြင်း ဖြစ်သည်။ ထို့နောက်တွင် ချော်ရည်ပြာစစ်တပ်က ယန်းကော်မြို့တွင် မသေမျိုးများကြောင့် သေကြေပျက်စီးသွားခဲ့သည်။ ဒိုင်ရာ့ခ် အဖမ်းခံလိုက်ရပြီး အမှောင်လထံ အညံ့ခံခဲ့သည်။ ရှီရာက အိုဆိုင်ဒန်ကို အနိုင်ယူ ပြီးသည့်အခါ သူက မြို့တော်သို့ ပြန်လာနိုင်ခဲ့သည်။
“လော်ဆန်ဘိုးလ်။” ထိုကဲ့သို့ ပြက်ရယ်ပြုခြင်းကြောင့် ဒိုင်ရာ့ချ် ချက်ချင်း မတ်တပ် ရပ်လိုက်သည်။ သူတို့နှစ်ယော်ကက အမြဲပင် မတည့်ကြပေ။ ထို့ကြောင့် အခြေအနေက ချက်ချင်းပင် တင်းမာသွားခဲ့သည်။
“ဟုတ်ပါပြီ။ ရန်မဖြစ်ကြနဲ့လား။” ချာလီစ် မတ်တပ်ရပ်လိုက်ပြီး ဖျန်ဖြေလိုက်သည်။ “ငါတို့က သူငယ်ချင်းကောင်းတွေပဲ။ ဒီလိုမျိုး မိန်းမတစ်ယောက် အတွက်နဲ့ ဘာလို့ ငြိမ်းချမ်းရေးကို ထိခိုက်ခံမှာလဲ။”
ဒိုင်ရာ့ခ်၊ လော်ဒန်၊ ချာလီစ်နှင့် ဘိုးစ်မိသားစုမှ လော်ဆန်တို့ကို မြို့တော်၏ လူငယ် မဟာပါရမီရှင် လေးဦးဟု သိကြသည်။ “အက်ဂ်ယော”၏ ချောင်းမြောင်းတိုက်ခိုက်မှုဖြင့် လော်ဒန် သေဆုံးသွားပြီးနောက်တွင် “မြို့တော်၏ သခင်လေး လေးယောက်”၌ သုံးယောက်သာ ကျန်တော့သည်။
“လီလူလိုမျိုးကို ငါ တကယ် စိတ်ဝင်စားတယ်လို့ ထင်တာလား။” လော်ဆန်က ခေါင်းခါလိုက်သည်။ “မနေ့ညတုန်းက မိန်းမတစ်ယောက်ကို ငါ တွေ့ခဲ့တယ်။ သူက တော်တော်လေးကို လှတယ်။ စကားလုံးနဲ့တောင် ဖော်ပြလို့ မရဘူး။ အရင်တုန်းက အစ်ဇဘယ်လာတောင် နည်းနည်းနိမ့်ကျတယ်။ သူ ခပ်စောစော ပျောက်ကွယ်သွားတာ နှမြောစရာပဲ။ လွန်ခဲ့တဲ့ ၂ရက်တုန်းက သူ့ကိုရှာဖို့ ငါ အကောင်းဆုံး ကြိုးစားခဲ့တယ်။ ဒါပေမဲ့ အကျိုးမထူးခဲ့ဘူး။ ဘာနည်းလမ်းပဲ သုံးရသုံးရ၊ ဒီမိန်းမကို ငါ ရမှဖြစ်မယ်။”
“အိုး။ မြို့တော်မှာ ဒီလိုမျိုး ရင်သပ်ရှုမောစရာကောင်းတဲ့ မိန်းမလှမျိုး ရှိတာလား။” ချာလီစ်က စိတ်ဝင်တစားနှင့် မေးလိုက်သည်။ “အဲဒါက ဘယ်လိုမိန်းမမျိုးလဲ။”
“ဟမ့်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒါက မင်းကြိုက်တဲ့ ကောင်မလေးမျိုး မဟုတ်ပါဘူး။”
ချာလီစ်က မေးခွန်းမထုတ်တော့ဘဲ ဒိုင်ရာ့ခ်ကို ဖျပ်ခနဲ ကြည့်လိုက်သည်။ “ဒိုင်ရာ့ခ်။ အိုဆိုင်ဒန်က ကြယ်ကြွေတမန်ဓားကြောင့် သေသွားပြီးတော့ မင်းတို့ တော်ဝင်မိသားစုက အဆောင်ပစ္စည်းကို ကြောက်ရွံ့ကြတာ ငါသိတယ်။ ဒါပေမဲ့ မမေ့နဲ့ဦး။ မင်းသား အိုဆိုင်ဒန် နှစ်ပေါင်း ၃၀၀ကျော် အာဏာရှိနေတုန်းက တစ်ချိန်လုံး အကြီးအကဲ မိသားစုတွေကို ဖျက်ဆီးချင်ခဲ့တာ။ ဒါပေမဲ့ နောက်ဆုံးတော့ ဘာဖြစ်သွားလဲ။ သူက အကြီးအကဲ မိသားစုတွေကို မျက်နှာသာပေးခဲ့ရတာပဲ။ ဧကရီရှီရာက ဘယ်လောက်ပဲ ထူးချွန်ပါစေ၊ ထက်မြက်ပေါစေ၊ သူက နန်းတက်ပြီးတာ တစ်လတောင် မပြည့်သေးဘူး။ သူက ကိစ္စအသေးတွေကြောင့် ကိစ္စကြီးတွေကို ဆုံးရှုံးခံမယ် ထင်လား။ ငါမင်းကို ပြောပြမယ်။ ဒီလိုအခြေအနေကို ပိုရောက်လေလေ၊ တည်ငြိမ်ဖို့ တစ်ခုခု ပိုလုပ်ရလေလေပဲ။ ဧကရီရဲ့ အခြေခံအုတ်မြစ် ခိုင်မာသွားပြီးနောက် နောက်သုံးလေးနှစ် ကြာတဲ့အခါကျရင် ငါတို့ လာဆုံပြီး အလျှော့ပေးရင်တောင် အခြေခံအုတ်မြစ်ကို ထိခိုက်မှာ မဟုတ်ဘူး။ ဒိုင်ရာ့ခ်။ မင်း အေးအေးဆေးဆေးနဲ့ ပွဲကြီးပွဲကောင်းကို ကြည့်နေလို့ရတယ်။”
၎င်းကို ကြားသည့်အခါ ဒိုင်ရာ့ခ်က ဘာမှမပြောခဲ့ပေ။
မင်းသမီးစံအိမ်ရှိ ထမင်းစားခန်းထဲ၌ လူတစ်ယောက်က ရုတ်တရက် အော်ပြောလိုက်သည်။ “ဒါက ဘယ်လို ဟင်းပွဲမျိုးလဲ။ ကြွက်သေတစ်ယောက် ပါနေတယ်။”
ထိုသူ၏လက်ထဲမှ ကြွက်သေကို မြင်သည့်အခါ လူအများအပြားက ချက်ချင်းပင် ရွံရှာသွားကြသည်။ တစ်ချိန်တည်းမှာပင် အခြားခုံမှ လူတစ်ယောက်ကလည်း စားပွဲကို ထုရိုက်ကာ အော်ပြောနေသည်။
လီလူက တည်တည်ငြိမ်ငြိမ်နှင့် လမ်းလျှောက်လာပြီး ကြွက်သေကိုင်ထားသော နွားတစ်ပိုင်းကို ကြည့်ကာ မေးလိုက်သည်။ “ရှင်တို့ကို ပြဿနာရှာဖို့အတွက် ဘယ်သူ ညွှန်ကြားထားတာလဲ။”
သူ၏အသံက မကျယ်လှသော်လည်း ဆူညံနေသော ပတ်ဝန်းကျင်ကို လွှမ်းမိုးသွားခဲ့သည်။
နွားတစ်ပိုင်းက အော်ဟစ်ရန် ပြင်လိုက်သော်လည်း လီလူ၏မျက်လုံးထဲ၌ ထူးဆန်းသော မတည်ငြိမ်မှုများ လက်ခနဲ ဖြစ်နေသည်ကို မြင်လိုက်ရသည်။ နွားတစ်ပိုင်းနှင့် သူ့ဘေးမှ အပေါင်းအဖော်များ၏ မျက်လုံးများ ရုတ်တရက် မှိုင်သွား၏။
“ညကုန်သည်ကြီးများအသင်းရဲ့ ဆာ-ကိုဒီက ကျုပ်တို့ကို ညွှန်ကြားခဲ့တာပါ။” လူသုံးယောက်က တစ်ပြိုင်နက်တည်း ပြန်ဖြေကြသည်။
ကိုလီက မီရှန်မိသားစုဝင်ဖြစ်သော ညကုန်သည်ကြီးများအသင်းမှ စီမံသူအငယ် တစ်ယောက် ဖြစ်သည်။ ထိုသို့ပြောလိုက်သည့်အခါ လူတိုင်း နားလည်ကြသည်။ အားကောင်းသော စားပွဲထိုးများက ထိုပြဿနာရှာသူများကို ဆိုင်မှ ဖယ်ထုတ်ပြီးနောက် အခြားစားပွဲများက အသံမထွက်ရဲတော့ပေ။ စားပွဲထိုးများကို မစောင့်ဘဲ သူတို့က ခန်းမထဲမှ အလျင်အမြန် ထွက်သွားလိုက်ကြသည်။ ၎င်းက ခွက်ကို ဝိုင်ဖြည့်ရန် စောင့်နေကြသော ဧည့်သည်များအတွက် အကျိုးရှိသွားခဲ့သည်။
“ဒါက မင်းပြောတဲ့ပွဲလား။” အထူးခန်းမှ ဒိုင်ရာ့ခ်က မျက်မှောင်ကြုတ်ရင်း ချာလီစ်ကို ကြည့်လိုက်သည်။
ချာလီစ်က လီလူ၏ပုံရိပ်ကို စိတ်ဝင်တစားနှင့် စိုက်ကြည့်နေ၏။ “ဒီကဝေမက ဒီလောက် အစွမ်းထက်မယ်လို့ မထင်ထားခဲ့ဘူး။ သူ့မှာ တကယ်ပဲ လူအုပ်ကြီးကို ညှို့ငင်နိုင်တဲ့ပါရမီ ရှိနေတာလား။ သူ့စွမ်းအားက အနည်းဆုံး နတ်ဆိုးဘုရင်အဆင့်ပဲ။ ဒါပေမဲ့ သူက ဒီလိုမျိုး အစွမ်းထက်လေလေ၊ ကစားရတာ ပိုစိတ်ဝင်စားစရာ ကောင်းလေလေပဲ မဟုတ်လား၊ ဒိုင်ရာ့ခ်။”
ချာလီစ်၏ ဂုဏ်ယူနေသောအကြည့်ကို မြင်သည့်အခါ ဒိုင်ရာ့ခ် ခေါင်ညိတ်လိုက်သည်။ “ပွဲကြီးပွဲကောင်းက မပြီးသေးဘူး။ ငါ စောင့်ကြည့် လိုက်ဦးမယ်။”
ပြဿနာရှာသူများကို ရှင်းလင်းပြီးနောက် ခန်းမက စည်ကားသွားပြန်သည်။ ခဏအကြာတွင် ဝင်ပေါက်၌ ဆူညံသံတစ်ခု ထွက်ပေါ်လာသည်။ လက်နက်တပ်ဆင်ထားသော လူအုပ်တစ်အုပ် ဖောက်ဝင်လာပြီး မြို့တော် လုံခြုံရေးကို တာဝန်ယူထားရသော မြို့စောင့်တပ်သားများ ဖြစ်နေသည်။ သူတို့ကို ခေါင်းဆောင် ဘာစ်ရိုယာလိုင်ဖ်က ဦးဆောင်လာသည်။
လီလူက အသာလေး မျက်ခုံးပင့်လိုက်ပြီး ဘာစ်ရိုယာကို အပြုံးနှင့် ကြိုဆိုလိုက်သည်။ “လက်စသတ်တော့ ဆာ-ဘာစ်ရိုယာ ဖြစ်နေတာကိုး။ ကြိုဆိုပါတယ်။”
ဘာစ်ရိုယာက လီလူကို အေးစက်စက်နှင့် ကြည့်လိုက်သည်။ “မင်းက မင်းသမီးစံအိမ်ကို တာဝန်ရှိတဲ့သူလား။”
“ဟုတ်ပါတယ် ဆာ။ ဆာက မင်းသမီးလက်လီစတိုးရဲ့ ရုံးချုပ်ကို လွန်ခဲ့တဲ့ သုံးလေးရက်တုန်းက လာလည်ခဲ့ဖူးပါတယ်....”
ဘာစ်ရိုယာက လီလူ၏ ချိတ်ဆက်ရန် ကြိုးစားမှုကို နှောင့်ယှက်လိုက်သည်။ “ဒီလူကို ရနံ့မွှေး နှံစားပြောင်းဝိုင်အရက် အရင်ပေးလိုက်။”
လီလူက ချက်ချင်းပင် တစ်ယောက်ယောက်အား ဝိုင်တစ်ခွက်ပေးရန် အမိန့်ပေးခဲ့သည်။ သို့သော် ဘာစ်ရိုယာက ၎င်းကို မသောက်ခဲ့ဘဲ နောက်မှလူကို ကမ်းပေးလိုက်သည်။ ထိုသူက မီရှန်မိသားစု၏ ဝိုင်ကုန်သည် ဒါမွန်ဖြစ်ကြောင်း တစ်စုံတစ်ယောက် မှတ်မိလိုက်သည်။ ဒါမွန်က တစ်ငုံသောက်ပြီး ချက်ချင်း ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။ ဒီလိုဝိုင်မျိုးပဲ။ ဒါက ငါတို့ မီရှန်မိသားစုရဲ့ အခိုးခံထားရတဲ့ ဝိုင်ချက်နည်းနဲ့ လုပ်ထားတာပဲ။”
လီလူ၏မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ဘာစ်ရိုယာက အေးစက်စက်နှင့် ပြောလိုက်သည်။ “လွန်ခဲ့တဲ့ သုံးလေးလတုန်းက မီရှန်မိသားစုရဲ့ လျို့ဝှက်ဝိုင်ချက်နည်း အခိုးခံခဲ့ရတယ်။ မနေ့တုန်းကလည်း အရှေ့ပိုင်းဆင်ခြေဖုံးမှာရှိတဲ့ ဝိုင်တိုက်ခန်း ပေါက်ကွဲသွားခဲ့တယ်။ မင်းက ဒီကိစ္စကြီးနှစ်ခုနဲ့ ဆက်နွှယ်နေတယ်လို့ သံသယဝင်ဖို့ ငါ့မှာ အကြောင်းရင်း ကောင်းကောင်း ရှိတယ်။ ဒီမိန်းမကို ခေါ်သွားကြ။”
လီလူက စိတ်အေးအေးထားလိုက်သည်။ “ဒီကိစ္စနှစ်ခုက ကျွန်မနဲ့ ဘာမှမဆိုင်ဘူး။ အခုက ဘာသက်သေမှမရှိဘူး။ ဒီလူက ပြောတာပဲ ရှိတယ်။ ကျွန်မကို ရှင် ဘယ်လို ခေါ်သွားလို့ ရမှာလဲ။”
ဝိုင်အဆောက်အအုံမှ ဧည့်သည်များလည်း အော်ဟစ်ပြီး လီလူကို ထောက်ခံကြသည်။ သို့ရာတွင် ဘာစ်ရိုယာ၏ အမူအရာက မပြောင်းလဲဘဲ ရှိနေ၏။ “သံသယဝင်စရာ ကောင်းတယ်လို့ တစ်ယောက်ယောက် သက်သေပြနိုင်ရင် စုံစမ်းဖို့ကို ကူညီဖို့အတွက် မြို့စောင့်တပ်ဌာနကို ပြန်ရမယ်။ ဒါက မြို့စောင့်တပ်ဖွဲ့ရဲ့ တာဝန်ပဲ။ မင်းနဲ့ ဘာမှမဆိုင်ဘူးဆိုတာ ရှာတွေ့မယ်ဆိုရင် ဘေးကင်းကင်းနဲ့ ပြန်လို့ရတယ်။ အခု မင်း ခုခံရင် ဒါမှမဟုတ် ထွက်ပြေးရင် အနည်းဆုံး ဖမ်းဆီးတာကို ခုခံတဲ့အတွက် အရေးယူ ခံရမယ်။”
လီလူက ဒါမွန်ကို လေးလေးနက်နက် ကြည့်လိုက်သည်။ “ကျွန်မ ရှင်နဲ့ လိုက်သွားမယ်။ ဒါပေမဲ့ ကျွန်မက အပြစ်မရှိဘူးလို့ သက်သေပြနိုင်ရင် ဒီမှားယွင်းစွပ်စွဲမှု နောက်ကွယ်က အင်အားစုတွေနဲ့ အဲဒီလူကို စုံစမ်းရမယ်။”
ဘာစ်ရိုယာက ပြန်မဖြေဘဲ လက်ကိုဝှေ့ရမ်းလိုက်သည်။ “သူ့ကို ခေါ်သွားတော့။”
မြို့စောင့်တပ်ဖွဲ့က လီလူကို ခေါ်သွားစဉ် ခန်းမထဲ၌ ရုတ်တရက် စကားပြောသံများ ထွက်လာတော့သည်။ လူအများအပြားက ဒါမွန်သည် မှားယွင်းစွပ်စွဲခဲ့ကြောင်း ခံစားခဲ့ရသည်။ ထိုကဲ့သို့ ရနံ့မွှေး နှံစားပြောင်းဝိုင်အရက်ကို နတ်ဆိုးဘုံ၌ မြင်ဖူးသည်မှာ ယခုမှ ပထမဆုံး ဖြစ်သည်။ ထိုဝိုင်အရည်အသွေးက သစ်သီးဝိုင်နှင့် ဆန်အရက်တို့ထက် များစွာသာလွန်သည်။ အကယ်၍ မီရှန်မိသားစု၌ ထိုကဲ့သို့ ဝိုင်ချက်လုပ်နည်း ရှိမည်ဆိုလျှင် ဟိုးကတည်းက ပိုက်ဆံအများအပြား ရှာနေပြီ ဖြစ်သည်။
“ဒီလိုလုပ်လို့ တကယ် အဆင်ပြေရဲ့လား။” အထူးအခန်းမှ ဒိုင်ရာ့ခ်က ခဏစဉ်းစားပြီး မေးလိုက်သည်။
“မနေ့ညတုန်းက အရှေ့ပိုင်းဆင်ခြေဖုံးမှာရှိတဲ့ ဝိုင်တိုက်ခန်း မီးလောင်ပြီး ပေါက်ကွဲသွားခဲ့တယ်။ မီရှန်မိသားစုက ကြီးကြီးမားမား ရှုံးနိမ့်သွားခဲ့တယ်။ လီလူကို သံသယဝင်စရာကို အတော်လေး ကြီးမားတယ်။ နည်းလမ်းအနည်းငယ်နဲ့ အရေးယူမှုတွေကို ဆုံးဖြတ်လို့ရတယ်။ အခုက အရိပ်နက်အင်ပါယာက သံတမန်တွေနဲ့ ဆွေးနွေးညှိနှိုင်းတဲ့ အရေးကြီး အခိုက်အတန့် ဖြစ်နေတယ်။ မီရှန်မိသားစုခေါင်းဆောင် အန်ဂလေကလည်း ဆွေးနွေးညှိနှိုင်းတဲ့အဖွဲ့က အရေးပါတဲ့ အဖွဲ့ဝင်တစ်ယောက်ပဲ။ ဧကရီအရှင်မက လီလူတစ်ယောက်လေးအတွက်နဲ့ ပုံရိပ်ကြီးကို ထိခိုက်စေမှာ မဟုတ်ဘူး။ ဧကရီက လီလူကို ကာကွယ်ပေးချင်တယ်ဆိုရင် ဒါမွန်ကို ငါ စတေးလိုက်မယ်။ ပြီးတော့ ဘယ်လိုပဲဖြစ်ဖြစ် လီလူကို ငါတို့ နောက်မှ စောင့်ဖမ်းလို့ရတာပဲ။”
သူ စကားပြောနေစဉ် ထမင်းစားခန်းမှ တစ်စုံတစ်ယော်က စားပွဲကို ထုရိုက်ပြီး ရုတ်တရက် ထရပ်လိုက်သည်။ “ဒီဝိုင်ခွက်က ဘယ်လိုလုပ် တင်းတိမ်မှာလဲ။ ဒါက အဓိပ္ပာယ်မရှိတဲ့ စည်းမျဉ်းတွေပဲ။ ငါ့မှာ ပိုက်ဆံရှိတယ်။ အခုပဲ ငါ့ကို ပုလင်းကြီးပေးစမ်း။”
ထိုစကားက လူအများအပြားအတွက် အတော်လေး မှန်ကန်နေသည်။ သို့သော် စားပွဲထိုးက ဆုံဖြတ်ချက် ချ၍မရနိုင်ပေ။ မကောင်းကြံသူများက လှုံ့ဆော်မှုကြောင့် ရောင်းချမှု ကန့်သတ်ချက်ကို ပြေလျော့ပေးရန် ပြောဆိုသံများ ကျယ်သထက် ကျယ်လာ၏။ အချို့သူများက “မူးပြီး” ပြဿနာ ရှာလာကြသည်။ သူတို့ကို တားဆီးရန် ကြိုးစားကြသော စားပွဲထိုးများလည်း ကြမ်းပြင်ပေါ်သို့ လွင့်ထွက်သွားခဲ့သည်။
အခြေအနေကို ထိန်းချူပ်ရန်အတွက် လီလူ ရှိမနေသည်ဖြစ်ရာ တဖြည်းဖြည်းနှင့် နေရာတစ်ခုလုံး ဖရိုဖရဲ ဖြစ်လာပြီး စားပွဲကိုပစ်ပေါက်၊ ခိုက်ရန်ဖြစ်၊ ဝိုင်ပုလင်းလုကြကာ ရိုက်ခွဲ၊ ဆွဲကိုင်၊ မီးရှို့သည်အထိ အဆင့်တက်သွားခဲ့သည်။ လုံးဝကို အထိန်းအချုပ် ကင်းမဲ့သွား၏။
အထူးအခန်းထဲမှ လူအနည်းငယ်သာ ပျော်ရွှင်စွာဖြင့် ကြည့်နေခဲ့သည်။ ဇောက ချက်ချင်းပင် ထရပ်လိုက်သည်။ “ဟုတ်ပြီ။ လှုပ်ရှားဖို့ အချိန်ပဲ။”