← Chapters

အမဲလိုက်ခြင်း

Vol. 38 Ch. 575

အမဲလိုက်ခြင်း

Vol. 38 Ch. 575

အရှေ့ပိုင်း ဆင်ခြေဖုံး၌ မုဆိုးများက သားကောင်များကို လှည်း‌ပေါ်မှချပြီးနောက် ကြီးမားခမ်းနားလှသော ခြံဝင်းထဲသို့ သယ်ဆောင်သွားကြသည်။

“မိတ်ဆွေတို့။ ဒီနေ့က အံ့သြစရာကောင်းလောက်အောင် အကျိုးအမြတ် အကြီးကြီး ရခဲ့တာပဲ။” ဒိုင်ရာ့ခ်က စိတ်လှုပ်ရှားနေသည်။

လော်ဆန်က နှုတ်ခမ်းသပ်လိုက်၏။ “အဲဒီ ဖွံ့ဖြိုးပြီးတော့ လှပတဲ့ ကောင်မလေး အကြောင်းကို တွေးမိရုံနဲ့ ငါ့ကို ဆာလောင်စေတယ်။ သူ့ကို မြည်းကြည့်ဖို့ ငါ မစောင့်နိုင်တော့ဘူး။”

“စိတ်မရှည်တဲ့ကောင်။” ဒိုင်ရာ့ခ် ခေါင်းခါလိုက်သည်။ “အရင်ဆုံး သောက်ကြ တာပေါ့။ ဒါတွေကို ခုနက အထူးခန်းထဲမှာ ငါ တွေ့ခဲ့တာ။”

ဇောက ဒိုင်ရာ့ခ်၏လက်ထဲမှ ရနံ့မွှေး နှံစားပြောင်းဝိုင်အရက် သုံးလေးပုလင်းကို တွေ့လိုက်ပြီး ပြုံးသည်။ “ဟုတ်တယ်။ အရင်ဆုံး သောက်ကြရအောင်။ ပြီးရင် အပြင်က အခြေအနေကို စုံစမ်းဖို့အတွက် လူလွှတ်လိုက်မယ်။ သားကောင်က နူးညံ့ရင်၊ ငါတို့ ပိုပြီးတော့ ဖြည်းဖြည်းချင်း အရသာခံရမယ်။”

လော်ဆန် ခေါင်းညိတ်လိုက်ပြီး အမျိုးသမီးများကို သီးခြားအခန်းသို့ပို့ဆောင်ပြီး စားစရာများ ပြင်ဆင်ထားရန် အစေခံများကို ညွှန်ကြားလိုက်သည်။ ဒိုင်ရာ့ခ်က ပြောသည်။ “ဇော၊ အဲဒီ ဆံပင်ရွှေရောင် မိန်းကလေးက မာလီနီထက် အများကြီးသာတယ်။ ငါ့ကို မာလီနီ ပေးပါလား။”

လော်ဆန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။ “မင်း ဘယ်တုန်းက အကြိုက်ပြောင်းသွားတာလဲ။”

ဒိုင်ရာ့ခ်က ပြုံးဖြီးဖြီး လုပ်လိုက်သည်။ “ငါက ကောင်မလေးတွေကို စိတ်မဝင်စားပေမဲ့ ညီအစ်မတွေကိုတော့ သဘောကျတယ်။ ညီမဖြစ်သူက ငါ့လက်ထဲမှာ ရှိနေမယ်ဆိုရင် အစ်မက စကားနားမထောင်မှာကို စိုးရိမ်စရာ လိုသေးလား။”

ဆံပင်ရွှေ‌ရောင် မိန်းကလေးကိုမြင်ပြီးနောက် ဇောက အမှန်တကယ်ပင် မာလီနီကို သိပ်ပြီး စိတ်မဝင်စားတော့ပေ။ သူက ဒိုင်ရာ့ခ်အား အကူအညီပေးရမည်ကို ပျော်ရွှင်နေပြီး ချက်ချင်းပင် သဘောတူလိုက်သည်။ “ကိစ္စမရှိပါဘူး။”

သူတို့သုံးယောက်က တစ်ချိန်တည်းမှာပင် ယောက်ျားများသာ နားလည်နိုင်သော အပြုံးမျိုး ပြုံးလိုက်ကြသည်။ ထို့နောက် ဒိုင်ရာ့ခ်က ဝိုင်၃ခွက် လောင်းထည့်လိုက်၏။ “လာ။ ငါတို့ရဲ့ အံ့သြဖွယ်ရာ သားကောင်းတွေအတွက်။”

ထိုအချိန်၌ နန်းတော်ခန်းမသည် သုန်မှုန်နေပြီး လေထုကလည်း အေးခဲနေဟန် တူသည်။ ရှီရာ၏အမူအရာအက အလွန်အမင်း အေးစက်နေ၏။ ဗိုလ်ချုပ် ခရောဖို့ဒ်က မျက်မှောင်ကြုတ်ပြီး ဘာမှမပြောခဲ့ပေ။ ဒီစ်ဂျာရို၊ စတေလာနှင့် အခြားသူများ၏ မျက်လုံးများကလည်း ရေးရေးလေး စိုးရိမ်နေကြသည်။ အထူးသဖြင့် မီရှန်မိသားစုခေါင်းဆောင် အန်ဂလေ၏ စိုးရိမ်မှုနှင့် တင်းမာမှုတို့က သူ၏ ပုံမှန် သုန်မှုန်နေသော အမူအရာမှ မဖုံးကွယ်ထားနိုင်တော့ပေ။

ခန်းမအပြင်ဘက်မှ ခြေသံများ ထွက်လာပြီး အမျိုးသမီး အင်ပါယာအစောင့် တစ်ယောက်က သတင်းလာပို့သည်။ “အရှင်မ။ မင်းသမီးစံအိမ် ဖရိုဖရဲဖြစ်နေတာကို ဆာ-အက်ဂ်ယောရဲ့ အင်ပါယာအစောင့်တွေနဲ့ မြို့စောင့်တပ်ဖွဲ့က ဖြေရှင်းပြီးပါပြီ။ မီးကိုလည်း ငြိမ်းသတ်ပြီးပြီးပြီ။ ပြဿနာရှာတဲ့သူတွေကိုလည်း ဖမ်းပြီးပြီ။”

ထိုအကြောင်းကို ဂရုမစိုက်ဘဲ ရှီရာက ပြန်မေးသည်။ “သံတမန် ဆယ်လင်းရဲ့ အခြေအနေကော။ သူ ဒဏ်ရာ ရသွားလား။”

“အဲဒီကို ဆာ-အက်ဂ်ယော ရောက်သွားတော့ မင်းသမီးစံအိမ် အများစုက ‌လောင်ကျွမ်းသွားခဲ့ပြီ။” အမျိုးသမီးအစောင့်က အနည်းငယ် တုံ့ဆိုင်းသွား၏။ “သံတမန် ဆယ်လင်းက ပျောက်နေတုန်းပါပဲ။”

“ဘာ။ သံတမန် ဆယ်လင်း ပျောက်နေတယ် ဟုတ်လား။” ရှီရာ ရုတ်တရက် ထရပ်ပြီး ဒေါသတကြီးနှင့် ပြောလိုက်သည်။ “မြို့စောင့်တပ်က ဘာလုပ်နေတာလဲ။ မင်းသမီးစံအိမ် မီးလောင်သွားမှပဲ သူတို့ရောက်လာတာ။ စံအိမ်ကို တာဝန်ယူထားရတဲ့ လီလူ ဘယ်မှာလဲ။ ဘာတွေ ဖြစ်သွားခဲ့တာလဲ။”

ထိုသတင်းကို ကြားသည့်အခါ လူတိုင်း ထိတ်လန့်သွားကြသည်။ အရိပ်နက် အင်ပါယာရဲ့ သံတမန်က ကြယ်ကြွေတမန်မြို့တော်မှာ ပျောက်ဆုံးသွားခဲ့တယ်။ အထူးသဖြင့် ဒီလိုမျိုး အရေးကြီးတဲ့အချိန်ကြီးမှာ။ သူ တစ်ခုခု ဖြစ်သွားရင်တော့ အကျိုးဆက်တွေက တော်တော်လေး ကြီးမားမှာပဲ။ အန်ဂလေက အနည်းငယ် တုန်ခါနေသော လက်သီးကို ကျစ်ကျစ်ဆုပ်ရင်း ထိန်းချုပ်၍မရဘဲ တုန်လှုပ်နေ၏။ သူက ရှေ့သို့ထွက်လာပြီး အရိုအသေပြုလိုက်သည်။ “အရှင်မ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မသင်္ကာစရာတစ်ခုခု ရှိရမယ်။ ကျုပ်ကို စုံစမ်းခွင့်ပြုပါ။”

“မလိုဘူး။ လျို့ဝှက်‌ထောက်လှမ်းရေးဌာနက စုံစမ်းနေလောက်ပါပြီ...” ရှီရာက အေးစက်သောအကြည့်ဖြင့် ခရောဖို့ဒ်ကို ပြောလိုက်သည်။ “စိတ်ချပါ။ ဗိုလ်ချုပ်။ မစ်-ဆယ်လင်းရဲ့ လုံခြုံရေးအတွက် ကျွန်မတို့ သေချာပေါက် တာဝန်ယူမှာပါ။ အခုတော့ ဗိုလ်ချုပ်က ‌‌ဘေးဖက်ခန်းမမှာ ခဏလောက် အနားယူလိုက်ပါဦး။ ခဏနေရင် မစ်-ဆယ်လင်း ရောက်လာမယ်လို့ ကျွန်မ ထင်ပါတယ်။ နောက်ကွယ်က တရားခံကို သိရတာနဲ့ သူ့ကို အပြင်းအထန် အပြစ်ပေးမှာပါ။ အခုကစပြီးတော့ မစ်-ဆယ်လင်းရဲ့ လုံခြုံရေးကို ထိခိုက်နိုင်တဲ့ သတင်းတွေ မပေါက်ကြားအောင် ဘယ်သူမှ နန်းတော်ကနေ မထွက်ရဘူး။”

ခရောဖို့ဒ် ခဏစဉ်းစားပြီး အရိုအသေပေးကာ အစောင့်များနှင့်အတူ ခန်းမထဲ၌ ထွက်သွားလိုက်သည်။

ခရောဖို့ဒ် ထွက်သွားသည်နှင့် ဝန်ကြီးများက ချက်ချင်းပင် အသံတိုးတိုးနှင့် စတင် စကားပြောတော့သည်။ ဒီလိုအရေးကြီးတဲ့အချိန်မှာ အရိပ်နက်အင်ပါယာရဲ့ သံတမန်ကို လျို့ဝှက်ကြံစည်က တော်တော်လေးကို ပက်စက်တာပဲ။ ဒီလိုကပ်ဘေးမျိုးကို ချေမှုန်းသုတ်သင်ရမယ်။ အန်ဂလေ တစ်ယောက်တည်းသာ နဖူးတွင် ချွေးပြန်နေ၏။ သူ၏ နှလုံးသားကလည်း လေးလံနေသည်။ အဆိုးဆုံးအထိ မရောက်ရှိရန်သာ သူ ဆုတောင်းနေခဲ့သည်။

ခဏအကြာတွင် အင်ပါယာအစောင့်တစ်ယောက်က သတင်းလာပို့သည်။ “လျို့ဝှက်ထောက်လှမ်းရေးဌာနက ကိစ္စတစ်ခုလုံးကို စုံစမ်းပြီးသွားပါပြီ။ မင်းသမီးစံအိမ်မှာ ပထမဆုံး ပြဿနာရှာခဲ့တဲ့အဖွဲ့က ညကုန်သည်ကြီးများအသင်းက ကိုဒီ ညွှန်ကြား ထားခဲ့တဲ့ လူရမ်းကားတွေပဲ။ သူတို့ကို လီလူက ဖော်ထုတ်ပြီးတော့ အပြင်ထုတ်ခဲ့တယ်။ နောက်တော့ မီရှန်မိသားစုရဲ့ ဝိုင်လုပ်ငန်းစီမံသူ ဒါမွန်က မြို့စောင့်တပ်ခေါင်းဆောင် ဘာစ်ရိုယာကို စံအိမ်ထဲ ခေါ်လာခဲ့တယ်။ သူက လီလူကို မီရှန်မိသားစုရဲ့ လျို့ဝှက် ဝိုင်ချက်နည်းကို ခိုးယူခဲ့ပြီးတော့ မနေ့ညက အရှေ့ပိုင်းဆင်ခြေဖုံးမှာရှိတဲ့ ဝိုင်တိုက်ခန်း မီးလောင်တာရဲ့ နောက်ကွယ်က ကြိုးကိုင်သူလို့ ပြောခဲ့တယ်။ ပြီးတော့ လီလူကို ဘာစ်ရိုယာက လီလူကို ဖမ်းခေါ်သွားခဲ့တယ်။”

“လီလူက လျို့ဝှက်ဝိုင်ချက်နည်းကို ခိုးခဲ့တယ် ဟုတ်လား။” ရှီရာ မျက်မှောင်ကြုတ်လိုက်သည်။

“လျို့ဝှက်ထောက်လှမ်းရေးဌာနက မြို့စောင့်တပ်ဌာကို အမြန်ရောက်သွားတော့ လီလူကို ဖွင့်ပြောခိုင်းဖို့အတွက် နှိပ်စက်ဖို့ ပြင်နေတဲ့ ဘာစ်ရိုယာကို သူတို့ တွေ့ခဲ့တယ်။ နောက်တော့ ဘာစ်ရိုယာကို လျို့ဝှက်ထောက်လှမ်းရေးဌာနက ခေါ်သွားခဲ့တယ်။ ဒါမွန်က မီရှန်မိသားစု၏ အဓိကအဖွဲ့ဝင်ဖြစ်တဲ့ ပလင်တွန်က မင်းသမီးစံအိမ် ဖရိုဖရဲ ဖြစ်ဖို့အတွက် လီလူကို မှားယွင်းစွပ်စွဲခိုင်းခဲ့တဲ့အကြောင်း ဝန်ခံခဲ့တယ်။”

“အရှင်မ။ ပလင်တွန်က ဒီလောက် စက်ဆုပ်စရာကောင်းမယ်လို့ မထင်ထားခဲ့ဘူး။ ဝိုင်တိုက်ခန်း ပေါက်ကွဲသွားတာက သူ့ရဲ့ ပေါ့ဆမှုကြောင့်ပဲ။ သူက အဲဒါကို နောင်တ မရတဲ့အပြင် မင်းသမီးစံအိမ်ကို အပြစ်လွှဲချဖို့ တကယ်ကြီး ကြိုးစားခဲ့လိုက်သေးတယ်။” အန်ဂလေက ချက်ချင်း မတ်တပ်ရပ်ပြီး မုန်းတီးနေသောမျက်နှာအမူအရာဖြင့် ပြောလိုက်သည်။ “ကျုပ်က လူမှားပြီး အလုပ်ခန့်မိခဲ့တာပဲ။ ကျုပ်ကို ခွင့်လွှတ်ပေးပါ။ အရှင်မ။ ကျုပ် အခုပဲ သူ့ကို ဖမ်းပြီးတော့ အရှင်မဆီ အပြစ်ပေးဖို့အတွက် ပို့ပေးပါ့မယ်။”

အန်ဂလေ၏ စကားများက ရှီရာ၏ မျက်လုံးများကို သရော်သည့်ပုံစံ အလျင်အမြန် ပြောင်းလဲသွားစေသည်။ ရှီရာက အန်ဂလေကို လျစ်လျူရှုပြီး အင်ပါယာအစောင့်ကို မေးလိုက်သည်။ “ဒါတွေကို အရင်ဆုံး ခဏဘေးဖယ်ထား။ မင်းသမီးစံအိမ်နဲ့ သံတမန် အခြေအနေ ဘယ်လိုရှိလဲ။”

“လီလူထွက်သွားတော့ တစ်ယောက်ယောက်က ဦးဆောင်ပြီးတော့ ပြဿနာ ရှာခဲ့တယ်။ အဲဒီလူတွေကို လျို့ဝှက်ထောက်လှမ်းရေးဌာနက ဖမ်းမိသွားပြီ။ သူတို့ကို စစ်မေးကြည့်တော့ နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့သူက ဆာ-အန်ဂလေရဲ့သား ဇော ဖြစ်တယ်ဆိုတာ တွေ့ခဲ့ရတယ်။ ဖရိုဖရဲဖြစ်နေတဲ့အချိန်မှာ ဇောက စံအိမ်ရဲ့ အထူးအဆောက်အအုံမှာ ရှိနေပြီးတော့ အခု သူ ဘယ်မှာလဲဆိုတာ မသိရသေးဘူး။ လျို့ဝှက်ထောက်လှမ်းရေးဌာနက အဲဒါကို အရေးပေါ် စုံစမ်းနေပါတယ်။”

ဇော၏နာမည် ထွက်လာသည်နှင့် ဝန်ကြီးများအားလုံးက အချင်းချင်း ကြည့်လိုက်ကြသည်။ အန်ဂလေ အစိုးရိမ်ဆုံးသောအရာ ဖြစ်လာခဲ့လေပြီ။ သူ၏မျက်နှာ ချက်ချင်းပင် ဖြူဖျော့သွားခဲ့သည်။ အမြဲတမ်း လိမ္မာပါးနပ်ခဲ့တဲ့ ဇောက ဒီတစ်ခေါက် ဒီလောက်ဖျင်းလိမ့်မယ် မထင်ထားခဲ့ဘူး။ သူက သဲလွန်စတွေ အများကြီး ချန်ခဲ့ပြီးတော့ ကိုယ့်ကိုယ်ကိုယ်ပါ ပေါက်ကြားစေခဲ့တယ်။

ယခင် မှားယွင်းသော စွပ်စွဲချက်များကို ပလင်တွန်ပေါ်၌ အပြစ်ပုံချ၍ ရသေးသည်။ သို့သော် ယခုတွင် သူ၏သားနှင့် တိုက်ရိုက် သက်ဆိုင်နေလေပြီ။ တာဝန်ကို လွှဲချ၍ မဖြစ်နိုင်တော့ပေ။ အန်ဂ်လေ၏ အတွေးများ အလျင်အမြန် လှုပ်ရှားသွားပြီး လေးလေးနက်နက် အရိုအသေ ပြုလိုက်သည်။ “အရှင်မ။ ဇောက ငယ်ရွယ်ပြီးတော့ မသိတတ်သေးပါဘူး။ သူ့ကို ပလင်တွန်က လှည့်စားခဲ့တာဖြစ်မယ်။ သူ့ကို ခွင့်လွှတ်ပေးပါ။ အရှင်မ။”

“လှည့်ဖျားခဲ့တာ ဟုတ်လား။ ဒီလိုဖြစ်နေတာတောင် ရှင် ငြင်းချင်သေးတာလား။” ရှီရာက ကြောက်စရာကောင်းသော အငွေ့အသက်တစ်ခုကို ထုတ်လွှတ်လိုက်သည်။ “သံတမန် ဆယ်လင်း ဘယ်မှာလဲ။ ”

အန်ဂလေ အံကြိတ်ပြီး ဒူးတစ်ဖက် ထောက်လိုက်သည်။ “အရှင်မ။ ကျုပ် တကယ် မသိပါဘူး။ တစ်ခုခု နားလည်မှု လွဲနေတာ ဖြစ်မယ်။ အရှင်မကို တောင်းပန်တဲ့အနေနဲ့ သံတမန်ကို ကျုပ်ကိုယ်တိုင်ရှာပြီးတော့ ပုန်ကန်တဲ့သားကို ကွပ်မျက်ပေးမှာပါ။”

“လျို့ဝှက်ထောက်လှမ်းရေးဌာနကနေ တိကျတဲ့သတင်းတစ်ခုခု မရမချင်း ဘယ်ကိုမှသွားဖို့ မစဉ်းစားနဲ့။ ဒီပြန်ပေးဆွဲတဲ့ကိစ္စမှာ မီရှန်မိသားက ဘယ်နေရာကနေ ပါခဲ့လဲဆိုတာ ကျွန်မ သိချင်တယ်။”

အန်ဂလေ ဒူးနှစ်ဖက်လုံး ထောက်ပြီး ကြမ်းပြင်ပေါ်သို့ ဦးတိုက်လိုက်သည်။ “အရှင်မ။ သံတမန် ပျောက်ဆုံးသွားတာက မီရှန်မိသားစုနဲ့ ဘာမှမဆိုင်ဘူးဆိုတာ ကျုပ်ရဲ့ အသက်နဲ့ အာမခံနိုင်ပါတယ်။”

“ရှင်က ဘယ်လို အာမခံနိုင်မှာလဲ။ မီရှန်မိသားစုက အင်ပါယာတစ်ခုလုံးရဲ့ ကံကြမ္မာနဲ့ သေရေးရှင်ရေးကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။” ရှီရာက ဒေါသတကြီးနှင့် အော်ပြောသည်။ “ မီရှန်မိသားစုနဲ့ သက်ဆိုင်ရာ လုပ်ငန်းတွေ အားလုံးကို ထိန်းချုပ်ထားဖို့ အင်ပါယာ အစောင့်တွေနဲ့ လျို့ဝှက်ထောက်လှမ်းရေးဌာနကို အမိန့်ပေးလိုက်။ သံတမန်ကို သေသေချာချာ ရှာကြ။ ဆန့်ကျင်တဲ့သူရှိရင် သတ်ပစ်လိုက်။”

အင်ပါယာအစောင့်များက အလျင်အမြန်ပင် အမိန့်အတိုင်း ဆောင်ရွက်ကြသည်။ အန်ဂလေက တုန်လှုပ်ရင်း ဒူးထောက်လျက် ရှိနေသည်။ အန်ဂလေနှင့် အနီးဆုံး ဖြစ်သော လိုင်ဖ်မိသားစုအပါအဝင် မည်သူမှ ကြားမဝင်ကြပေ။ လီလူကို ဒါမွန်နှင့် ပူးပေါင်း အကွက်ဆင်ခဲ့သည်ဟု သံသယရှိနေခဲ့သော ဘာစ်ရိုယာမှာ လိုင်ဖ်မိသားစုဝင် ဖြစ်သည်။ ယခုတွင် လိုင်ဖ်မိသားစုက ကိုယ့်ကိုယ်ကို ဂရုစိုက်ရန် အလုပ်ရှုပ်နေခဲ့သည်။ မည်သို့ ကြားဝင်ရဲမည်နည်း။

ထိုကိစ္စမှာ ပြင်းထန်လွန်းလှသည်။ ၎င်းက အင်ပါယာတစ်ခုလုံးကိုပင် အန္တရာယ် ရှိစေနိုင်သည့်အတွက် အကြီးအကဲမိသားစုများ၏ အကျိုးအမြတ်များဆိုသည်ထက် ကျော်လွန်နေလေသည်။ ဆယ်လင်း အမှန်တကယ် တစ်ခုခု ဖြစ်သွားသည်နှင့် အကျိုးဆက်များကို စိတ်ကူးကြည့်၍ပင် မရတော့ချေ။

အရှေ့ပိုင်းဆင်ခြေဖုံး ခြံဝင်းထဲ၌ ဇောက မိမိသည် “နာမည်ကျော်” တစ်ယောက် ဖြစ်နေကြောင်း သိပင်မသိခဲ့ပေ။ သူက ဒိုင်ရာ့ခ်၊ လော်ဆန်တို့နှင့်အတူ ပျော်ရွှင်စွာဖြင့် အားတက်သရော သောက်စားလျက် ရှိနေသေးသည်။

ယခုတစ်ယောက်က သူသည် မင်းသမီးစံအိမ်အား အောင်အောင်မြင်မြင် ဖျက်ဆီးခဲ့ခြင်းဖြင့် မိသားစုအပေါ် ကြီးကြီးမားမား အကျိုးပြုခဲ့လေသည်။ ထို့ပြင် သူက ထိပ်တန်းအဆင့် သားကောင်များကိုလည်း ရရှိခဲ့သည်။ အတော်လေး ကြီးမားသော အကျိုးအမြတ်ပင် ဖြစ်လေသည်။ ဆံပင်ရွှေရောင် မိန်းကလေး၏ လှပသောမျက်နှာကို တွေးမိလိုက်သောအခါ ဇော၏အာခေါင်များ ခြောက်သွေ့သွား၏။

“ဝိုင်သောက်တာ တော်လောက်ပြီ။ အခုက တကယ့်အလုပ်လုပ်ရမယ့် အချိန်ပဲ။ လော်ဆန်။ အခန်းတွေ ပြင်ထားပြီးပြီလား။”

“ဒါပေါ့။” လော်ဆန်က ပြုံးဖြီးဖြီး လုပ်လိုက်သည်။ “တစ်ယောက် တစ်ခန်း။ အသံလုံတယ်။ အလှမ်းဝေးတယ်။ ငါတို့အားလုံး ပျော်ပါးလို့ရတယ်။ ခြံဝင်းအပြင်ဘက်က အကာအကွယ် မှော်စက်ဝိုင်းကို ဖွင့်ထားတယ်။ ပြီးတော့ ဘယ်ဧည့်သည်ကိုမှ မတွေ့ဖို့ အမိန့်ပေးထားတယ်။ ကောင်းကင်ကြီး ပြိုကျလာရင်တောင် ငါတို့ ပျော်ပါးပြီးတဲ့အထိ သူတို့ စောင့်နေရမယ်။”

ဒိုင်ရာ့ခ်၏မျက်လုံးများ လက်ခနဲ ဖြစ်သွား၏။ သူ ခဏတွေးလိုက်ပြီးနောက် လေးလေးနက်နက် ပြုံးလိုက်သည်။ “ဟုတ်တယ်။ အမဲလိုက်ကစားပွဲ စတင်ဖို့ အချိန်ရောက်ပြီ။”

ထိုအချိန်၌ ငလျင်ကဲ့သို့ပင် မြေပြင်က ရုတ်တရက် တုန်ခါသွားသည်။ ခြံဝင်းထဲမှ လူများက မတ်မတ်ပင် မရပ်နိုင်တော့ပေ။

လော်ဆန်က အံ့အားသင့်လျက် ပြောလိုက်သည်။ “ဘာဖြစ်တာလဲ။”

အစောင့်တစ်ယောက်က အော်ပြောသည်။ “သခင်လေး လော်ဆန်။ သတင်းဆိုးပဲ။ ကြောက်စရာကောင်းတဲ့ ရန်သူတစ်ယောက် ဖောက်ဝင်လာပြီ။ သူက အပြင်က အစောင့်တွေကို သတ်ပစ်ပြီးတော့ ခြံဝင်းရဲ့ အကာအကွယ် မှော်စက်ဝိုင်းကို တိုက်ခိုက်နေတယ်။”

“ဘယ်သူလဲ။”

“ရန်သူက တော်တော်လေး ကြောက်စရာကောင်းတယ်။ မှော်စက်ဝိုင်းရဲ့ ပထမအလွှာ ပြိုလဲတော့မယ်။”

“မြန်လှချည်လား။” လော်ဆန် ထိတ်လန့်သွား၏။ ထိုမှော်စက်ဝိုင်းမှာ သူ့ကို အချစ်ဆုံးဖြစ်သော အဘွားဖြစ်သူ စတေလာ ခင်းကျင်းပေးခဲ့ခြင်း ဖြစ်သည်။ ၎င်းတွင် အလွှာ၅လွှာ ရှိသည်။ စတေလာက အင်ပါယာ၏ ထိပ်တန်းမှော်ပညာရှင် ဖြစ်လေသည်။ နတ်ဆိုးအရှင်သခင်အဆင့် ပုဂ္ဂိုလ်သည်ပင် ထိုမျှ လျင်လျင်မြန်မြန် မဖောက်ဝင်နိုင်ပေ။ ၎င်းက ထိုသူ၏စွမ်းအား ကြောက်မက်ဖွယ်ရာ ကောင်းနေကြောင်း ပြသနေလေသည်။

ဇော၏ စိတ်ထဲ၌ အလွန်နိမိတ်မကောင်းသော ခံစားချက်တစ်ခု ရလာသည်။ လော်ဆန်ကလည်း “အမဲလိုက်သော” စိတ်အခြေအနေ၌ မဟုတ်တော့ပေ။ သူက အပြာရောင် ပုတီးတစ်လုံးကို ကိုင်ထားနေ၏။ ၎င်းမှာ အန္တရာယ်အများအချိန်၌ အဘွားဖြစ်သူကို ဆင့်ခေါ်ရန် အသုံးပြုနိုင်သော အသက်ကယ်ပစ္စည်းတစ်ခု ဖြစ်သည်။

နန်းတော်ထဲသို့ ထိတ်လန့်ဖွယ်ရာ သတင်းတစ်ခု ရောက်ရှိလာပြန်သည်။

“မီရှန်မိသားစုက ဇော၊ ဘိုးလ်မိသားစုက လော်ဆန်နှင့် တော်ဝင်မိသားစုက ဒိုင်ရာ့ခ်တို့က ဖရိုဖရဲဖြစ်နေတာကို အခွင့်ကောင်းယူပြီးတော့ မင်းသမီးစံအိမ်ကနေ မိန်းမသုံးလေးယောက်ကို ဖမ်းခေါ်သွားတာ တစ်ယောက်ယောက် မြင်ခဲ့တယ်။”

ထိုသတင်းက ဘိုးလ်မိသားစုခေါင်းဆောင် တိုလ်ဂါ၊ အကြီးအကဲ စတေလာနှင့် တော်ဝင်မိသားစုမှ ဒီစ်ဂျာရိုတို့ကို တစ်ချိန်တည်းမှာပင် ထိတ်လန့်သွားစေသည်။ သို့သော် ဒူးထောက်နေသော အန်ဂလေ၏ မျက်လုံးများက အရည်လဲ့သွား၏။ သူ့အတွက် အင်အားစုများ ပိုမိုဝင်ပါလေလေ၊ ပိုကောင်းလေလေပင် ဖြစ်သည်။ ဥပဒေက ဆန့်ကျင်သူတွေ အများကြီးကို အပြစ်ပေးမှာ မဟုတ်ဘူး။ အခု ဘိုးလ်မိသားစုနဲ့ တော်ဝင်မိသားစုပါ ပြဿနာထဲ ရောက်လာပြီ။ လိုင်ဖ်မိသားစုပဲ လွှတ်ရင်လွှတ်မယ်။ အဲဒီအချိန်ကျရင် ရှီရာက ငါတို့ကို အပြင်းအထန် အပြစ်ပေးချင်ရင်တောင် သေသေချာချာ စဉ်းစားရဦးမှာပဲ။

ရှီရာ ဒေါသထွက်နေစဉ် နောက်ထပ် သတင်းတစ်ခု ရောက်ရှိလာပြန်သည်။ “လျို့ဝှက်ထောက်လှမ်းရေးဌာနက ထုတ်ပြန်တဲ့ နောက်ဆုံး အရေးပေါ် သတင်းအရ ဆိုရင်တော့ သံတမန်ကို အရှေ့ပိုင်း ဆင်ခြေဖုံးမှာရှိတဲ့ ဘိုးလ်မိသားစုရဲ့ ခြံဝင်းထဲမှာ ထိန်းသိမ်းထားနိုင်ချေများတယ်။ ဆာ-အက်ဂ်ယောက ကယ်တင်ဖို့အတွက် အပြေးသွားနေပြီ။”

ထိုသတင်းဆုံးသည်နှင့် စတေလာ၏ ခန္ဓာကိုယ်က အပြာရောင်အလင်း တောက်ပလာသည်။ ကိုဝင်ကို ရှေ့သို့တက်လာပြီး ရှီရာ၏အရှေ့တွင် ကာဆီးကာ ပြောလိုက်သည်။ “စတေလာ။ မင်း ဘာလုပ်ဖို့ ကြံနေတာလဲ။”

စတေလာလည်း အံ့အားသင့်သွား၏။ သူက အလျင်အမြန်ပင် မှော်စွမ်းအားကို အသုံးပြုပြီး အလင်းရောင်ကို ဖိနှိပ်ကာ ရှီရာကို အရိုအသေ ပြုလိုက်သည်။ “အရှင်မ။ ခွင့်လွှတ်ပေးပါ။ ဒါက... လော်ဆန် အရေးပေါ် အကူအညီတောင်းတာပါ။”

“ကောင်းပြီလေ။ ဆင့်ခေါ်တဲ့ စွမ်းအားကို ဖိနှိပ်ထားဖို့ မလိုပါဘူး။ စတေလာ။” ရှီရာက အေးစက်စက်နှင့် ပြောလိုက်သည်။ “ရှင်ရော၊ ခန်းမထဲက လူတိုင်းရော အခုပဲ ကျွန်မနဲ့အတူ အရှေ့ပိုင်း ဆင်ခြေဖုံးမှာရှိတဲ့ ဘိုးလ်မိသားစု ခြံဝင်းဆီ လိုက်ခဲ့ကြ။ အဲဒီမှာ ဘာဖြစ်ခဲ့လဲဆိုတာ သွားကြည့်ကြမယ်။”

All Chapters