မြို့တော်ထိပ်တန်း မှော်ပညာရှင် နှင့် နတ်ဆိုးဘုံထိပ်တန်း မှော်ပညာရှင်
Vol. 38 Ch. 576
“ဝုန်း...”
နောက်ဆုံးတွင် အရှေ့ပိုင်းဆင်ခြေဖုံး ခြံဝင်းထဲရှိ နောက်ဆုံးမှော်စက်ဝိုင်း ပြိုလဲသွားပြီး မြေပြင်ပေါ်မှ တုန်ခါမှုက တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။
ဝတ်ရုံဝတ်ထားသော အမျိုးသားတစ်ယောက်က ဇောနှင့် အခြားသူများ အရှေ့တွင် ပေါ်ထွက်လာသည်။ သူက ထူးဆန်းသော အငွေ့အသက်တစ်ခု ထုတ်လွှတ်နေသည်။ သူဖြတ်သွားတိုင်း နံရံနှင့်ကြမ်းပြင်များ အက်ကွဲကာ ပျက်စီးသွားသည်။ သူ့ကိုတားရန် ရှေ့တက်လာသော အစောင့်များကလည်း အနားမကပ်နိုင်ခင်မှာပင် လဲကျသွားကြသည်။ သူတို့၏မျက်နှာနှင့် ခန္ဓာကိုယ်က လျင်မြန်စွာ အသက်ကြီးလာပုံရသည်။
ဇော၏စွမ်းအားက သူတို့သုံးယောက်ထဲ၌ အစွမ်းအထက်ဆုံး ဖြစ်သည်။ သူက မဟာနတ်ဆိုးဘုရင်အဆင့် ကနဦးပိုင်းသို့ ရောက်ရှိသွားပြီ ဖြစ်သော်လည်း ခုခံရန် သတ္တိအနည်းငယ်မျှပင် မထုတ်နိုင်ခဲ့ပေ။ ရုတ်တရက် သူက ရင်သားကြီးသော မိန်းကလေး ပြသခဲ့သော အဆင့်မြင့်မားသည့် အရှိန်အဝါကို တွေးမိလိုက်သည်။ သူက အမှားကြီးတစ်ခု လုပ်ခဲ့မိကြောင်း ရေးရေးလေး ခံစားမိလာသည်။
ဒိုင်ရာ့ခ် တစ်လှမ်းချင်း နောက်ဆုတ်နေသည်။ သူ့ဘေးမှ အစောင့် ဆာလ်ဖာက ထွက်ပြေးသွားလေပြီ။ လော်ဆန်တစ်ယောက်တည်းသာ ဝတ်ရုံနှင့်လူနောက်မှ အမျိုးသမီးကို စိုက်ကြည့်နေခဲ့သည်။
ထိုအမျိုးသမီးက သွယ်လျပြီး ခန္ဓာကိုယ်ကောက်ကြောင်းလှပကာ အပြာဖျော့ရောင် ဂါဝန်ရှည် ဝတ်ဆင်ထားသည်။ သူက ဖွံ့ဖြိုးသော ရင်သားရှိပြီး ခရမ်းရောင် ဆံပင်ရှည်ကို နောက်တွင်စည်းထားကာ နူးညံ့သော မျက်နှာရှိသည်။ အထူးမျက်မှန်တစ်လက်ကလည်း ဉာဏ်ပညာပြည့်ဝသော အထူးစိတ်နေသဘောထားကို ပြသနေလေသည်။ သူက အသွင်အပြင်၌ဖြစ်စေ၊ စိတ်နေသဘောထား၌ဖြစ်စေ၊ ပြီးပြည့်စုံလှ၏။
“သူပဲ။” လော်ဆန် အသက်ရှူ ပိုမြန်သွား၏။ ထိုသူက သူ တစ်ခါက တဒင်္ဂ တွေ့ခဲ့ဖူးသော အမျိုးသမီး ဖြစ်သည်။ ထို့နောက် လော်ဆန်က သူ့ကို အသည်းအသန် ရှာဖွေခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ယနေ့တွင် သူ့ကို ထိုရန်သူဘေးနား၌ ပေါ်ထွက်လာမည်ဟု မထင်မှတ်ထားခဲ့ပေ။
မျက်နှာဖုံးနှင့်လူက ချန်လွေ့ ဖြစ်သည်။ မျက်မှန်နှင့် မိန်းမလှကို ကြည့်နေသော လော်ဆန်၏ မျက်လုံးများကို သေသေချာချာ ခံစားမိသည့်အခါ ချန်လွေ့၏ ပထမဆုံး တုံ့ပြန်မှုမှာ သတ်ပစ်ရန် ဖြစ်သည်။ သို့သော် လော်ဆန်၏အကြည့်က ထူးဆန်းနေရာ သူ အံ့အားသင့်သွားခဲ့သည်။ သူက ရမ္မက်ကြီးလွန်းလို့ သေဖို့တောင် မကြောက်တော့ဘူး။ ဒီကောင်ကလည်း လူထူးဆန်းပဲ။
လော်ဆန်က ချန်လွေ့နောက်မှ ဇိုလာကို စိုက်ကြည့်ပြီး အော်ပြောလိုက်သည်။ “မင်းက ဘယ်သူလဲ။ ငါ့ရဲ့စံအိမ်ကို ဘယ်လိုလုပ် ဖောက်ဝင်လာရဲတာလဲ။ ငါ ဘယ်သူလဲ ဆိုတာ မင်းသိလား။”
ချန်လွေ့က တိတ်တဆိတ် ခေါင်းခါလိုက်သည်။ ဘာမြို့တော်ပါရမီရှင်(၄)ဦးလဲ။ အများစုက မိသားစုရဲ့ ကြွယ်ဝတဲ့ သတ်မှတ်ချက်တွေအောက်မှာ ကြွားဝါပြီးတော့ အမွှမ်းတင်ခံခဲ့ရတာပဲ။ သူတို့က ငတုံးတွေကလွဲပြီး ဘာမှ မဟုတ်ဘူး။ ချန်လွေ့က သရော်ပြုံးပြုံးပြီး ပြောလိုက်သည်။ “ငါက မင်းတို့တွေအားလုံးကို ရှာနေတာ။”
“ဒါက ဘိုးလ်မိသားစုရဲ့ ခြံဝင်းပဲ။ ငါ့အဘွားက ကြယ်ကြွေတမန်အင်ပါယာရဲ့ ထိပ်တန်းမှော်ပညာရှင် စတေလာပဲ။ သိပ်မကြာခင် သူ ဒီကို ရောက်လာတော့မှာ။”
“ဟမ့်။ စတေလာ ရောက်လာတော့ ဘာဖြစ်လဲ။ ငါ့မှာ နတ်ဆိုးဘုံရဲ့ ထိပ်တန်းမှော်ပညာရှင် ရှိတယ်။” ချန်လွေ့က “ငါ့အဖေ၊ ငါ့အဘိုး၊ ငါ့အဘွားက ဘာဖြစ်တယ်”ဟု ပြောတတ်ကြသော ဒုတိယမျိုးဆက်များကို အရွံဆုံး ဖြစ်သည်။ ထို့ကြောင့် သူက သရော်ပြုံး ပြုံးလိုက်သည်။ “မင်းက ကြီးလေးတဲ့ အပြစ်ဒဏ်ကို ကျူးလွန်းခဲ့တယ်။ မဒမ်-သံတမန်ကို အခုချက်ချင်း လွှတ်လိုက်။ မဟုတ်ရင် ငါမင်းကို ချက်ချင်း သတ်ပစ်မယ်။”
“ဘာ မဒမ်-သံတမန်လဲ။” လော်ဆန်က ခဏလောက် မတုံ့ပြန်နိုင်ခဲ့ပေ။ သူက အနောက်မှရောက်လာသော ခြံဝင်းအစောင့် အမြောက်အမြားကို မြင်လိုက်ပြီး အော်ပြောသည်။ “သူ့ကို မြန်မြန်ဖမ်း။”
“သံတမန်”ဟူသော စကားလုံးကို ကြားသည့်အခါ ဇော၏ ဦးနှောက်က အလျင်အမြန် တုံ့ပြန်လိုက်သည်။ တစ်ခုခုကို ရုတ်တရက် တွေးမိသွားသောအခါ သူ့တစ်ကိုယ်လုံး တုန်လှုပ်သွား၏။ ရုတ်တရက်ပင် သူ၏နဖူးမှ ချွေးစေးများ ကျလာသည်။
ချန်လွေ့က နေရာအနှံ့မှ ပြေးဝင်လာသော အစောင့်များကိုပင် မကြည့်ခဲ့ပေ။ ဇိုလာက ညင်သာစွာဖြင့် မျက်တောင်ခတ်လိုက်ရာ ပြေးဝင်လာသော အစောင့်အားလုံးက ကျောက်ရုပ်များ ဖြစ်သွားသကဲ့သို့ပင် လှုပ်ရှားမှုများ တပြိုင်နက်တည်း ရပ်တန့်သွား၏။ ခြံဝင်းတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားပြီး မူမမှန်သော လေထုတစ်ခုဖြင့် ပြည့်နှက်သွားခဲ့သည်။
လော်ဆန်နှင့် ဇောတို့ အတူ ကြက်သီးထသွားကြသည်။ တစ်ချိန်တည်းမှာပင် သူတို့၏စိတ်ထဲ၌ ထွက်ပြေးချင်စိတ်များ ရှိနေသော်လည်း ခြေတစ်လှမ်း လှမ်းရင်ပင် အားမရှိတော့ပေ။ ထိုအချိန်၌ ဇိုလာက လော်ဆန်ဘေးမှ အပြာရောင်အလင်းတစ်ခု လင်းလက်နေသည်ကို မြင်လိုက်ရသည်။ ထို့နောက် ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။
ထိုပုံရိပ်ကို မြင်သောအခါ လော်ဆန်က ရုတ်တရက် ပျော်ရွှင်သွားသည်။ “အဘွားလာတာ အချိန်ကိုက်ပဲ။ ဒီကောင်က ကျုပ်တို့ခြံဝင်းထဲကို ဖောက်ဝင်ပြီးတော့ ကျုပ်တို့လူတွေ အများကြီးကို သတ်ပစ်ခဲ့တယ်။ အဘွားလာတာ ခြေတစ်လှမ်း နောက်ကျရင် သူ ကျုပ်ကို သတ်သွားလောက်ပြီ။ သူ့ကို မြန်မြန် အမှုန့်ခြေပစ်လိုက်။ ပြီးတော့ အဲဒီမိန်းမကို ကျုပ် လိုချင်တယ်။ သူ သေရင်လည်း ကိစ္စမရှိဘူး။”
လော်ဆန်၏မျက်လုံးထဲ၌ သူ့ကို အချစ်ဆုံးဖြစ်သော အဘွားဖြစ်သူက မည်သည့် အခက်အခဲကိုမဆို ဖြေရှင်းပေးနိုင်သည်။ ဝတ်ရုံနှင့်လူကို မပြောနှင့်၊ ထိုမိန်းမလှကို ရယူရန်အတွက်ပင် ပြဿနာမဟုတ်ပေ။ လောဆန်က နောက်ဆုံးစကားကို အထူးတလှယ် ထပ်ပေါင်းထည့်ခဲ့ခြင်းမှာ သူ၏ ယခင်နှစ်၂၀ကျော်စာ အတွေ့အကြုံအရ ထိုကဲ့သို့ သူ၏အသက်ဖြင့် ကျိန်ဆိုလိုက်လျှင် စတေလာက သူ၏ အခက်အခဲဆုံး တောင်းဆိုချက်ကိုပင် သဘောတူ၍ ဖြစ်သည်။
သခင်လေး လောဆန် သတိမထားမိခဲ့သည်မှာ ထိုစကားများကြောင့် သူ အမှီခိုရဆုံးသော အဘွားဖြစ်သူ၏ မျက်နှာ၌ ထိတ်လန့်သော အမူရာတစ်ခု ပေါ်လာခြင်းပင်။
နောက်ဆုံးစကားကို ကြားသည့်အခါ ချန်လွေ့၏ သတ်ဖြတ်ချင်စိတ်များ တဟုန်ထိုး လှိမ့်တက်သွားလေသည်။ ဇိုလာက ချန်လွေ့ထက် ပိုမြန်ပြီး ချက်ချင်းပင် လော်ဆန်အရှေ့၌ ပေါ်ထွက်လာခဲ့သည်။
( ဟိုလူ သဝန်တိုနေသေးတာပဲ။ ငါ သဘောကျတယ်။ )
( ဒီပုရွက်ဆိတ်ကတော့ တကယ် သေသင့်တယ်။ )
လော်ဆန်က ဇိုလာကို ထိုကဲ့သို့ နီးနီးကပ်ကပ် ယခုမှ တွေ့ဖူးခြင်း ဖြစ်သည်။ သူ၏မျက်လုံးများက မဆင်ခြင်သော ဆိုးယုတ်သည့် အလင်းရောင်တစ်ခု ရုတ်တရက် လက်သွား၏။ စတေလာ၏ မျက်နှာအမူအရာ တဟုန်ထိုး ပြောင်းလဲသွားခဲ့ပြီး လော်ဆန်ကို အပြစ်တင်ဆုံးမရန် နောက်ကျသွားခဲ့သည်။ သူ၏လက်ထဲ၌ မှော်တုတ်တံ တစ်ချောင်း ပေါ်ထွက်လာပြီး အပြာရောင် ရေလှိုင်းများ ရုတ်တရက် ပေါ်ထွက်လာကာ အဝိုင်းပတ်လိုက်သည်။ “သနားညှာတာပေးပါ။ မဒမ်။”
“ဘာပြောတာ။” ဇိုလာ သေသေချာချာ ကြားလိုက်ဟန်မတူပေ။ စတေလာ အရှေ့မှ အပြာရောင် အကာအကွယ် ရေလှိုင်းက ရုတ်တရက် တွန့်လိမ်ပြီး “ဝုန်း”ခနဲ လောင်ကျွမ်းသွား၏။ အနီရောင်မီးတောက်က မပူဘဲ အေးစက်နေသည်။
စတေလာ စိုးရိမ်နေပြီး အပြာရောင် ရေလှိုင်းထဲ၌ အစိမ်းရောင် လျှပ်စီးအချောင်းများ ပေါ်ထွက်လာ၏။ သူက မီးတောက်များကို တားဆီးချင်သော်လည်း လျှပ်စီးအချောင်းများ ပေါ်ထွက်လာသည်နှင့် ရေခဲတုံးများအဖြစ်သို့ အေးခဲသွားကာ မြေပြင်အနှံ့ ပြန့်ကျဲသွားသည်။ စတေလာ၏ မျက်လုံးများ အနီရောင် ပြောင်းသွဦးပြီးနောက် မဟာနတ်ဆိုး၏ တိုက်ပွဲအသွင် ပြောင်းလိုက်သည်။ လောင်ကျွမ်းနေသော အပြာရောင် လှိုင်းများ ပျောက်ကွယ်သွားပြီးနောက် အနက်ရောင်ဒိုင်းကာတစ်ခု ပေါ်ထွက်လာကာ မီးတောက်များကို တားဆီးသည်။
ဇိုလာ၏ ခရမ်းရောင်မျက်လုံးများကို မျက်တောင်ခတ်လိုက်သောအခါ မီးတောက်များက ဒိုင်းကာကို တည့်တည့် ဖောက်ထွင်းသွားလိုက်သည်။ ဒိုင်းကာက အလွန်ကြီးမားသော လက်ဝါးတစ်ခုအဖြစ်သို့ တွန့်လိမ့်သွားပြီး စတေလာကို ဖြည်းဖြည်းချင်း ဆွဲညှစ်နေသည်။ စလေလာ၏နဖူးတွင် ချွေးများစို့လာ၏။ မှော်တုတ်တံ အပေါ်မှ ကျောက်မျက်က အရောင်တောက်သွားပြီးနောက် ကြက်ခြေခတ် မီးတောက်များက မုန်တိုင်းသဖွယ် လေစီးကြောင်းအဖြစ် ပေါင်းစပ်ပြီး လက်ဝါးအဖြစ် ပြောင်းလဲာ အလွန်ကြီးမားသော အနီရင့်ရောင်လက်ဝါးကို ဆုပ်ကိုင်လိုက်သည်။
ထိုအချိန်၌ “လက်ဝါး”နှစ်ခုထိသွားပြီး မခံနိုင်သော ဖိအားတစ်ခုကို ခံလိုက်ရ သကဲ့သို့ပင် စတေလာ၏ခန္ဓာကိုယ် အနည်းငယ် တုန်ခါသွား၏။
ဇိုလာက လက်တစ်ချောင်း ဆန့်ထုတ်ပြီး လေကို အသာလေး တောက်လိုက်ရာ လက်ဝါးနှစ်ခုက အသာလေး ပေါက်ကွဲထွက်သွားပြီး ပေါက်ကွဲနေစဉ်မှာပင် မြောက်မြားလှစွာသော ရေစက်များအဖြစ်သို့ ပြောင်းလဲကာ အငွေ့ပျံသွားခဲ့သည်။ ညီမျှသောစွမ်းအားများက အချင်းချင်း ခြေဖျက်လိုက်ပုံရသော်လည်း စတေလာက ရုတ်တရက် သွေးတစ်လုပ် အန်လိုက်သည်။ သူ၏ တိုက်ပွဲအသွင် အနီရောင် အသားအရေကလည်း မီးခိုးရောင်ပြောင်းလဲသွား၏။
အပြန်အလှန်တိုက်ခိုက်မှုမှာ တစ်မိနစ်ပင် မပြည့်သော်လည်း အမှန်တကယ်၍ အကြိမ်များစွာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ခမ်းနားထည်ဝါသော သက်ရောက်မှုများ နောက်ကွယ်၌ ယနေ့ ထိပ်တန်း မှော်ဆန်သည့် လျို့ဝှက်ဆန်းကြယ်မှုများ ရှိနေသည်။
ထိုနေရာတွင် ရှိနေကြသူများက စွမ်းအားမလုံလောက်ကြသူများနှင့် မှော်ပညာကို အထူးပြုသူများ မဟုတ်ကြသည့်အတွက် လျို့ဝှက်ဆန်းကြယ်မှုများကို သတိ မထားမိကြပေ။ သို့သော်လည်း သူတို့က ကိစ္စတစ်ခုကို သဘောပေါက်ကြသည်။ ဒီမျက်မှန်နဲ့မိန်းမလှက လက်တစ်ချောင်းတည်းနဲ့ ကြယ်ကြွေတမန်အင်ပါယာရဲ့ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း ထိပ်တန်းမှော်ပညာရှင် စတေလာကို သွေးအန်အောင် လုပ်ခဲ့တယ်။ နတ်ဆိုးဘုံရဲ့ ထိပ်တန်းအစွမ်းထက်ပုဂ္ဂိုလ်ဖြစ်တဲ့ သွေးရောင်အင်ပါယာရဲ့ လော့ဒ်-ရိုင်ဇန်က ဒီလိုမျိုး လုပ်နိုင်လား။ အရိပ်နက်အင်ပါယာက မဟာကတ်သရင်းကော။
လော်ဆန်က ဇိုလာက ကြောင်ကြည့်နေလိုက်သည်။ သူ၏မျက်လုံးထဲမှ လောဘကြီးပြီး ဆိုးယုတ်သော အတွေးများကို အဆုံးမရှိသော အကြောက်တရားက လွှမ်းမိုးသွားခဲ့လေပြီ။ နောက်ဆုံး၌ ချန်လွေ့ ယခင်က ပြောခဲ့သော “နတ်ဆိုးဘုံ ထိပ်တန်းမှော်ပညာရှင်” ဆိုသည်မှာ “ဝတ်ရုံနှင့်လူ” မဟုတ်ဘဲ ထိုအမျိုးသမီးဖြစ်ကြောင်း သူ သဘောပေါက်သွားခဲ့သည်။
“မဒမ်က တကယ်ကြီး ဒြပ်စင်တွေကို ဒီလောက်တောင် ထိန်းချုပ်နိုင်တဲ့ အဆင့်ထိ ရောက်နေပြီပဲ။” စတေလာ၏မျက်နှာက ထိတ်လန့်မှုများ ပြည့်နှက်သွားခဲ့သည်။ သူက နှစ်ကြိမ် သွေးအန်လိုက်သော်လည်း သတိမထားမိခဲ့ပေ။ “မဒမ်က .....ဒိပ်အဆင့်ကို ရောက်သွားပြီလား။”
ထိုစကား ထွက်လာသည်နှင့် လူတိုင်းနီးပါး အံ့အားသင့်သွားကြသည်။ ဒိပ်အဆင့်။ နတ်ဆိုးဒိပ်အဆင့် ဟုတ်လား။
နတ်ဆိုးဘုံ၌ အစွမ်းထက်ပုဂ္ဂိုလ်များကို အနိမ့်၊ အလတ်၊ အမြင့်ဟူ၍ အလွှာ၃လွှာ ပိုင်းခြားထားသည်။ အမြင့်ဆင့်နတ်ဆိုးနှင့်အောက်က အနိမ့်လွှာဖြစ်သည်။ နတ်ဆိုးဘုရင်အဆင့်နှင့် မဟာနတ်ဆိုးဘုရင်အဆင့်တို့က အလတ်လွှာ ဖြစ်ကြပြီး နတ်ဆိုးဧကရာဇ်အဆင့်နှင့် နတ်ဆိုးအရှင်သခင်အဆင့်တို့က အမြင့်လွှာ ဖြစ်ကြသည်။ ၎င်းမှာ နတ်ဆိုးဘုံရှိ နာမည်အကျော်ကြားဆုံး အယူအဆ ဖြစ်သည်။ သို့ရာတွင် နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းထက် ကျော်လွန်သော ပိုမြင့်သည့် အဆင့်တစ်ခု ရှိနေသေးသည်။ ၎င်းကို နတ်ဘုရား-တစ်ပိုင်းအဆင့်ဟု ပြောဆိုကြပြီး အချို့က နတ်ဆိုးဒိပ်အဆင့်ဟု ပြောကြသည်။ သို့သော်လည်း အသေးစိတ်ကိုမူ မသိရပေ။ ၎င်းတို့ကို စုပေါင်း၍ အထူးအစွမ်းထက်ပုဂ္ဂိုလ်များဟု သုံးနှုန်းကြလေသည်။ အကယ်၍ အထူး အစွမ်းထက်ပုဂ္ဂိုလ်များ အဆင့်ထပ်တက်နိုင်လျှင် နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိမည် ဟူ၍လည်း ပြောကြသည်။
ထိုမိန်းမလှက အမှန်တကယ်၌ ဒဏ္ဍာရီလာ နတ်ဆိုးဒိပ်အဆင့် ဖြစ်နေလိမ့်မည်ဟု မည်သူမှ မထင်မှတ်ထားခဲ့ကြပေ။
ဇိုလာ ခဏစဉ်းစားလိုက်ပြီး ခေါင်းခါသည်။ “ရောက်တော့မယ်။ နည်းနည်းပဲ လိုတော့တယ်။”
“ဒုန်း...” လော်ဆန်က မတ်တပ်ရပ်ရန်ပင် အားမရှိတော့ဘဲ ထိန်းချုပ်၍မရကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ နတ်ဆိုးဘုရားသခင်။ ငါက တကယ်ကြီး နတ်ဆိုးဒိပ်အဆင့်နဲ့ ညီမျှတဲ့ အစွမ်းထက်ပုဂ္ဂိုလ်ကို မကောင်းတဲ့အကြံတွေ ရှိခဲ့တာပဲ။
ထိုအသံက ဇိုလာကို သတိပေးလိုက်ပြီး သူက လော်ဆန်ကို ကြည့်လိုက်သည်။ စတေလာက ထိတ်လန့်သွား၏။ “လော်ဆန်က မသိနားမလည်လို့ပါ။ သူက မဒမ်ကို အပြစ်လုပ်ခဲ့မိပေမဲ့ သူက ပုရွက်ဆိတ်တစ်ကောင်ပါပဲ။ သူ့ကို ခွင့်လွှတ်ပေးပြီးတော့ ဧကရီအရှင်မကို စောင့်ပေးပါ။ မဒမ်....”
ဇိုလာ ဂရုမစိုက်ဘဲ လော်ဆန်ကို လက်ညှိုးထိုးလိုက်သည်။ စတေလာက မသိစိတ်ဖြင့် ပြင်းထန်သော အန္တရာယ်တစ်ခုကို ခံစားလိုက်ရသည်။ သူက လက်ထဲမှ မှော်တုတ်တံကို ဝှေ့ရမ်းလိုက်ရာ သူနှင့်လော်ဆန် ပတ်ပတ်လည်၌ ဆုပ်ကိုင်၍မရသော ဒိုင်းကာတစ်ခု ချက်ချင်း ပေါ်ထွက်လာခဲ့သည်။ တစ်ချိန်တည်း နီးပါးမှာပင် ဒိုင်းကာ အနီးအနားရှိ မြေပြင်ပေါ်၌ မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ဖြစ်လာ၏။ ထိုအက်ကွဲကြောင်းများကြောင့် ခြံဝင်းတစ်ခုလုံးက တစ်ဆင့်နိမ့်သွားသကဲ့သို့ ဖြစ်သွားသည်။ သို့သော်လည်း ဇောနှင့် အခြားသူများ လုံးဝ ထိခိုက်မှု မရှိပေ။ စွမ်းအား ထိန်းချုပ်တာ တိကျချက်ပဲ။
“ဝုန်း...” ဒိုင်းကာက ၃စက္ကန့်ပင်မခံနိုင်ဘဲ ကြိုးပြတ်သွားသော စွန်သဖွယ် လွင့်ထွက်သွားသည်။ မြေပြင်ပေါ်သို့ ကျလာသောအခါ အကာအကွယ်စွမ်းအားက လုံးဝ ပြိုလဲသွားခဲ့သည်။ ယခုတစ်ခေါက်တွင် စတေလာ၏ ဒွါရ၇ပေါက်မှ သွေးများ ယိုစီးကျလာလေသည်။ သူ၏ဆံပင်များ ပိုဖြူလာပြီး အားအင်မရှိတော့ပေ။
ဇိုလာက ဘေးဖက်ကို ကြည့်နေပြီး နောက်ပြန်လှည့်မကြည့်ခဲ့ပေ။ ရှီရာ ဦးဆောင်သော လူများ ခြံဝင်းထဲသို့ ပိုမိုရောက်ရှိလာသည်။ နတ်ဆိုးအရှင်သခင်အဆင့် ဖြစ်ကြသော ကိုဝင်နှင့် ဒီစ်ဂျာရိုတို့လည်း သူတို့အထဲ၌ ပါဝင်ကြသည်။
အားလုံးရောက်လာသောအခါ လွင့်ထွက်သွားပြီးနောက် အပြင်းအထန် ဒဏ်ရာ ရသွားခဲ့သော စတေလာကို မြင်လိုက်ရသည်။ သူတို့အားလုံး တုန်လှုပ်သွားကြပြီး ရှင်းပြ၍မရဘဲ ဟန့်တားခံလိုက်ရသည်။
စတေလာက ဆင့်ခေါ်သော မှော်ပညာကြောင့် အခြားသူများထက် သုံးလေးမိနစ် စောရောက်ခဲ့သည်။ ထိုကဲ့သို့ အချိန်တိုအတွင်းမှာပင် သူက ထိုသို့ပြင်းထန်သော ထိခိုက်မှုများကို ခံစားခဲ့ရလေသည်။
ဒီစ်ဂျာရို၊ လန်တာစ်နှင့် အခြားသူများက လီသ်မြို့ အဆုံးအဖြတ်တိုက်ပွဲကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ သူတို့က နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းဖြစ်ကြသော နဂါးနှစ်ကောင်ကို အိမ်မြှောင်နှစ်ကောင်ကဲ့သို့ပင် နင်းချေခဲ့သော မျက်မှန်နဲ့ မှော်ပညာရှင် မိန်းမလှ၏စွမ်းအားကို ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသည်။ ထိုနဂါးနှစ်ကောင်ထဲမှ တစ်ကောင်မှာ မှော်ပညာပြီးသော နဂါးနက်ပင် ဖြစ်နေခဲ့သည်။
စတေလာက သန်းခေါင်နေလော့ဒ် လက်အောက်ရှိ စွမ်းဆောင်ရည်ရှိသော နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း မှော်ပညာရှင် တစ်ယောက် ဖြစ်သည်။ သူ့ကို ကြယ်ကြွေတမန်အင်ပါယာ၏ ထိပ်တန်းမှော်ပညာရှင်အဖြစ် သိကြသည်။ ခေတ်တူခဲ့သော ဝါရင့် နတ်ဆိုးအရှင်သခင်အဆင့်ဖြစ်သူ ကိုဝင်သည်ပင် ကိုယ့်ကိုယ်ကိုယ် နိမ့်ကျသည် ဟူ၍သာ မှတ်ယူသည်။ ပြောရမည်ဆိုလျှင် မှော်ပညာရှင်များအကြားမှ တိုက်ပွဲမှာ စွမ်းအား ကြီးကြီးမားမား မခြားနားလျှင် တစ်ယောက်စီ၏ စိတ်ဝိညာဉ်စွမ်းအားနှင့် မှော်စွမ်းအားကို ကုန်ခမ်းစေနိုင်သည့် ရှည်ကြာသောတိုက်ပွဲတစ်ခု ဖြစ်သည်။
ယခု သူတို့အရှေ့၌ ရှိနေသည်မှာ ထိုကဲ့သို့ အင်ပါယာ၏ ထိပ်တန်းမှော်ပညာရှင်ကို တစ်ဖက်က မိနစ်အနည်းငယ်အချင်း လက်တစ်ချောင်းတည်းဖြင့် အနိုင်ယူခဲ့ခြင်းပင်။ လူတိုင်းက ခံစားချက်တစ်ခုကို တပြိုင်နက်တည်း ခံစားလိုက်ရသည်။ ဒီမျက်မှန်နဲ့ မိန်းမလှရဲ့စွမ်းအားက ငါတို့ထင်ထားတာထက် ကြောက်စရာ ကောင်းလွန်းတယ်။ သူက အဲဒီအဆင့်အထိ ရောက်....... ။ ဇိုလာက ရှီရာနှင့် အခြားသူများ ရောက်လာခြင်းကြောင်း မရပ်တန့်ခဲ့ပေ။ သူ၏လက်ညှိုးက မျက်နှာဖျော့တော့နေသော လော်ဆန်ကို ချိန်ထားလျက်ပင် ရှိနေသေးသည်။
“ဇိုလာ။ ခဏနေပါဦး။” ရှီရာ၏အသံ ထွက်ပေါ်လာသည်။ ဇိုလာက ရှီရာကို နောက်လှည့်ကြည့်ပြီးနောက် ချန်လွေ့ကိုကြည့်ကာ လက်ချောင်းကို ပြန်ချလိုက်သည်။
စတေလာက ရှီရာက ကျေးဇူးတင်စိတ်ဖြင့် ဦးညွှတ်ပြီးနောက် ဇိုလာကို ဦးညွှတ်လိုက်ပြန်သည်။ ထို့နောက် သူက လော်ဆန်ကို ဆွဲကိုင်ကာ ရှီရာထံ လမ်းလျှောက်လာလိုက်သည်။
ယခုတစ်ခေါက်တွင် အစောင့်များ ထိန်းချုပ်ထားသော အန်ဂလေအအပါအဝင် မိသားစု ခေါင်းဆောင်များနှင့် အဓိကဝန်ကြီးများက ခြံဝင်းထဲသို့ အမြန်ရောက်လာကြ၏။ ယခုတွင် ထိုနေရာ၌ အားလုံး ရှိနေပြီ ဖြစ်သည်။