လုံးဝခွင့်လွှတ်၍မရသောပြစ်မှု
Vol. 38 Ch. 578
“အဲလစ်။ နင်က ဘာလို့ ဒီမှာ ရှိနေရတာလဲ။” ရှီရာ အမှန်တကယ် ဒေါသထွက်နေခြင်း ဖြစ်သည်။ သူက နောက်ဆုံးမိနစ်မှသာ အစီအစဉ်တစ်ခုကို သိခဲ့ရပြီး ထိုထဲတွင် အဲလစ် မပါဝင်ပေ။
အဲလစ်က အခု အိဗ်နဲ့ အလျန်တို့နဲ့အတူ ထယ်တင်းနစ်ရဲ့ ခြံဝင်းထဲမှာ နေနေရမှာ။ သူက ဘယ်လိုလုပ်ပြီးတော့ အန္တရာယ်များတဲ့ မင်းသမီးစံအိမ်ကို ရောက်နေတာလဲ။
ဒါက အစ်ဇဘယ်လာရဲ့ အကြံဖြစ်မယ်။ ဒါကြောင့် သူက ဒီအကြံအစည် အကြောင်း ငါ့ကိုကြိုပြောဖို့ ငြင်းဆန်ခဲ့တာကိုး။ ပြီးတော့ သူက ဒီအချိန်အတောအတွင်း အဲလစ်ကို လူရှေ့မထွက်ပြခိုင်းဖို့ တမင်တောင်းဆိုခဲ့တယ်။
ရှီရာ၏မျက်နှာ ဒေါသအပြည့် ဖြစ်နေသည်ကို မြင်ပြီး အဲလစ်က သိမ့်သိမ့်တုန်နေကာ သတိထားသော အမူအရာ ပြသလိုက်သည်။ “တောင်းပန်ပါတယ်။ အစ်မတော်။ ဒီနေ့ မင်းသမီးစံအိမ်ဖွင့်မယ်ဆိုတာသိလို့ အမှောင်လကနေ ဒီနေရာကို ခေါ်သွားပေးဖို့ ဟိုးကတည်းက ဆရာမ ဇိုလာကို အဲလစ်က တောင်းဆိုခဲ့တာပါ။ ပြီးတော့ အဲလစ်ရဲ့ သူငယ်ချင်းကောင် ဆယ်လင်းနဲ့ လမ်းမှာ တွေ့ခဲ့တယ်။ အဲဒါကြောင့် သူကို မင်းသမီးစံအိမ်မှာ ဝိုင်အသစ် အရသာမြည်းဖို့ ဖိတ်ခဲ့တယ်။ လီလူက အဲလစ်ကို တွေ့ခဲ့ပေမဲ့ အစ်မတော်ကို အံ့အားသင့်စေချင်တဲ့အထိ သူ့ကိုမပြောဖို့ ခြိမ်းခြောက်ခဲ့တယ်....”
ဆယ်လင်းက “မိတ်ဆွေဟောင်း”တစ်ယောက်နှင့် တွေ့ပြီး မင်းသမီးစံအိမ်တွင် ညစာသွားစားကြောင်း ဗိုလ်ချုပ်ခရောဖို့ဒ် ပြောခဲ့သည်ကို အားလုံး သတိရလိုက်သည်။ ထိုသူမှာ မင်းသမီးအဲလစ် ဖြစ်နေ၏။
ဆယ်လင်းသည် အရိပ်နက်အင်ပါယာမှ ထိပ်တန်းစီးပွားရေးမိသားစု ခေါင်းဆောင်ဖြစ်ပြီး အမှောင်လတွင် စီးပွားရေးလုပ်ခဲ့ကြပြီး မင်းသမီး လက်လီစတိုးနှင့် အဘက်ဘက်တွင် ပူးပေါင်းခဲ့ကြသော ပထမဆုံး လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်သည်။ ထို့ကြောင့် ဆယ်လင်းနှင့် မင်းသမီးလေးတို့ ရင်းနှီးနေကြသည်မှာ အံ့အားသင့်စရာ မဟုတ်ပေ။
“အရှင်မ ရှီရာ။ မင်းသမီးအဲလစ်ကို အပြစ်မတင်ပါနဲ့။” ဆယ်လင်းကို အရိုအသေ ပြုလိုက်သည်။ “ကျွန်မတို့က သူငယ်ချင်းကောင်းတွေပါ။ မတွေ့ရတာ တော်တော်ကြာပြီ။ မင်းသမီးစံအိမ်ဆီသွားဖို့ ကျွန်မ ပြောခဲ့တာပါ။ မင်းသမီးလေးရဲ့ လုံခြုံရေးကို တာဝန်ယူဖို့အတွက်ကိုလည်း မဒမ် ဇိုလာကို ကျွန်မ ကတိပေးခဲ့တယ်။ ဒီလိုမျိုး ကြုံတွေ့ရမယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး။ အဲဒါကြောင့် ကျွန်မမှာလည်း တာဝန်ရှိပါတယ်။”
( ကြာပြီဟုတ်လား။ ငါနင့်ကို အရင်တစ်ယောက် အပင်ကုန်စည်ပြပွဲမှာ တွေ့ခဲ့တာ။ ငါက ဒီလိုမျိုး ဉာဏ်များတဲ့ နို့ကြီးတဲ့မိန်းမနဲ့ သူငယ်ချင်းကောင်း မဟုတ်ဘူး။ ပြီးတော့ ဒီကောင်မလေးက တကယ်ကြီး သခင်မဆီကနေ သခင်ကို လုယူချင်နေတာလား။ အား..မှားသွားတယ်။ အစ်ကိုချန်လွေ့ကို တော်ဝင်မင်းသမီးလေး ငါ့ဆီကနေ လုယူချင်နေတာလား ဖြစ်ရမှာ။ )
အဲလစ်က စိတ်ထဲ၌ ရေရွတ်နေသော်လည်း အပေါ်ယံ၌ ကျိုးနွံလျက် ခေါင်းညိတ်လိုက်သည်။
အဲလစ်အတွက် ဆယ်လင်း တောင်းပန်ပြီးနောက် အစောင့်များနှင့် အလိုက်သိစွာ ထွက်သွားလိုက်သည်။ ဘေးဖက်မှ ပရိသတ်များက တကယ့်ကို အခြေအနေကို သဘောပေါက်သွားကြသည်။ ပြောရမယ်ဆိုရင် မင်းသမီးလေးရော၊ ဆယ်လင်းရော အပြစ်မရှိဘူး။ ဒါကို စီစဉ်ခဲ့တဲ့သူကိုပဲ အပြစ်တင်ရမှာ။
ခဏကြာအောင် အကြည့်အများစုက အန်ဂလေနှင့် သူ့သားထံ လှည့်သွားကြသည်။
“သူပဲ။” အဲလစ်က ဇောကို လက်ညှိုးထိုးပြီး ဒေါသတကြီးနှင့် ပြောလိုက်သည်။ “အစ်မတော်။ ဒီလူက အဲလစ်ကို အိပ်ယာပေါ်မှာ ဘာညာလုပ်မယ်ဆိုပြီးတော့ ရွံစရာတွေ အများကြီး ပြောခဲ့တယ်။ အဲလစ်က မင်းသမီးဆိုတာကို ပြောခဲ့ပေမဲ့ သူက အတင့်ရဲပြီးတော့ ...”
( တကယ်တော့ အငွေ့တွေ မရှိရင်တောင် အဲဒီစကားပြောပြီးတာနဲ့ ငါ အလိုလို “သတိလစ်”သွားမှာပဲ။ )
အဲလစ်၏စကားများကြောင့် ရှီရာ၏မျက်နှာ မည်းမှောင်သွား၏။ သူ၏ အေးစက်သော မျက်လုံးထဲမှ သတ်ဖြတ်ချင်စိတ်က ဇောကို ပစ်လွှတ်လိုက်သည်။ အဲလစ်ထွက်လာစဉ်က ဇော ကြောက်လန့်နေပြီး ဖြစ်သည်။ သူက နတ်ဆိုးအရှင်သခင်အဆင့်၏ ဖိအားကို မည်သို့ ခုခံနိုင်မယ်နည်း။ သူက မြေပေါ်၌ ဒူးထောက်ပြီး တုန်လှုပ်နေလေသည်။
ခုနက ဆယ်လင်းအပေါ် လော်ဆန်၏ ထိန်းသိမ်းမရ စိတ်ဆန္ဒက သံပြားကို ကန်သည်ဆိုလျှင် မင်းသမီးလေးကို ထိပါးရန် ပြန်ပေးဆွဲခဲ့ခြင်းက သံတံတိုင်းကို ခေါင်းဖြင့် တိုက်ခြင်းသာ ဖြစ်သည်။ ထိုအဖြစ်အပျက် နောက်ကွယ်၌ ဧကရီအရှင်မတွင် မည်သို့ ကြောက်မက်ဖွယ်ရာ အစီအစဉ် ရှိစေကာမူ ယခုတွင် ဇောအတွက် ရှေ့တွင် လမ်းမရှိတော့ပေ။
“အရှင်မ...” နောက်ဆုံး၌ အန်ဂလေက ပြောလာသည်။ “ဒါတွေအားလုံးက အထင်လွဲကြတာပါ။ ဇောက တော်ဝင်မင်းသမီးလေး ဘယ်သူဆိုတာ မသိခဲ့ဘူး။ မဟုတ်ရင် သူက မင်းသမီးလေးကို လုံးဝ အပြစ်လုပ်ရဲမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုတော့ သူက ကြီးလေးတဲ့ပြစ်မှုကို ကျူးလွန်ခဲ့ပြီးတော့ ပြန်ပြင်လို့ မရတော့ဘူး။ သူ့ကို ကောင်းကောင်း မသင်ပေးခဲ့တာက ကျုပ်အပြစ်ပါ။ အဲဒါကြောင့် သူ အသုံးချခံရခဲ့တာ။ နှစ်ပေါင်းများစွာ ကြာအောင် မီရှန်မိသားစု ကြိုးစားခဲ့တာကို စဉ်းစားပေးပြီးတော့ အလောင်းကို ပြည့်ပြည့်စုံစုံ ချန်ထားပေးဖို့ အရှင်မကို တောင်းဆိုချင်ရုံပါ။”
ဇော၏ နောက်ဆုံးမျှော်လင့်ချက် ပျောက်ကွယ်သွားခဲ့သည်။ သူ၏ခန္ဓာကိုယ်က အရိုးမရှိသော ခန္ဓာကိုယ်တစ်ခုသဖွယ် ပြိုလဲကျသွား၏။ အန်ဂလေက သားအရင်းကို စတေးတော့မည်မှာ သိသာလှပေသည်။
အန်ဂလေက ဇောနှင့် ပလင်တွန်တို့အပေါ်၌ လုံးဝ အပြစ်ပုံချခဲ့သည်။ မင်းသမီးလေးနှင့် သံတမန်တို့ကို ပြန်ပေးဆွဲခဲ့သော ပြစ်မှုကို ဇော၏ ကိုယ်ရေးကိုယ်တာ အပြုအမူအဖြစ် ပုံချခဲ့ခြင်းမှာ သူ့တွင် ရည်ရွယ်ချက်နှစ်ခုသာ ရှိသည်။ ပထမတစ်ခုမှာ ဗိုလ်ချုပ်ကို ကယ်တင်ရန်အတွက် နယ်ရုပ်ကို စတေးရန် ဖြစ်သည်။ ဒုတိယမှာ ဘိုးလ်မိသားစုကို ရေထဲဆွဲခေါ်ရန် ဖြစ်သည်။ အဓိက အကြီးအကဲမိသားစုနှစ်ခုကို တစ်ချိန်တည်း ကိုင်တွယ်ရမည်ဖြစ်သည့်အတွက် အထူးသဖြင့် ထိုကဲ့သို့ အရေးကြီးသော အချိန်အတွင်း သေချာပေါက် ရှီရာက သေသေချာချာ စဉ်းစားရပေမည်။
ရှီရာ၏ဒေါသ တဖြည်းဖြည်း လျော့ပါးသွား၏။ သူက ဇောနှင့် လော်ဆန်ကို စဉ်းစဉ်းစားစားနှင့် ကြည့်လိုက်သည်။ “ဒီကိစ္စက ပေါ့သေးသေး မဟုတ်ဘူး။ ပြီးတော့ ဒါကို ခွင့်လွှတ်ပေးလို့ မရဘူး။ ဒါပေမဲ့ ကျွန်မရဲ့ အမြင်မှာတော့ ဒီပြန်ပေးဆွဲတဲ့ကိစ္စက တော်ဝင်မင်းသမီးလေးနဲ့ အရိပ်နက်အင်ပါယာရဲ့ သံတမန်ကို ဦးတည်တာ မဟုတ်လောက်ဘူး....”
ထိုစကားက ယနေ့အဖြစ်အပျက်ကို အဓိပ္ပာယ်တစ်ခု ပေးခဲ့သည်။ အန်ဂလေနှင့် စတေလာတို့က အနည်းငယ် စိတ်သက်သာသွားရုံသာမက အရာရှိများပင် ၎င်းကို ကောင်းကောင်းသိကြသည်။ ကြည့်ရတာ ဧကရီက အကြီးအကဲမိသားစုတွေကြောင့် အတော်လေး ဟန့်တားခံနေရတုန်းပဲ။ သူက အခြေအနေကို အကျယ်ချဲ့ပြီးတော့ အခွင့်ကောင်း မယူခဲ့ဘူး။ ပြီးတော့လည်း အရိပ်နက်အင်ပါယာလိုမျိုး ရန်သူရဲ့ ဖိအားကို ရင်ဆိုင်နေရတဲ့အတွက် အတွင်းရေးပဋိပက္ခဖြစ်ဖို့ တကယ် မသင့်တော်ဘူး။ ရှုထောင့်ပေါင်းစုံက ကြည့်မယ်ဆိုရင် ဧကရီရဲ့ ရွေးချယ်မှုက အတော်လေး သင့်တော်တယ်။
ရှီရာ၏ ကိုင်တွယ်မှုရလာဒ်ကို အားလုံး စောင့်ဆိုင်းနေကြစဉ် အင်ပါယာအစောင့် အုပ်စုတစ်စုက ခြံဝင်းထဲသို့ လမ်းလျှောက်ဝင်လာသည်။ ဝင်းထဲသို့ ရောက်သည်နှင့် သူတို့က အားလုံး၏အားရုံကို ဆွဲဆောင်နိုင်ခဲ့သည်။
အင်ပါယာအစောင့် အယောက် ၃၀၀လောက် ရှိတယ်။ ပြီးတေိာ့ သူတို့အားလုံးက မိန်းမတွေပဲ။ သူတို့ရဲ့ သပ်ရပ်တဲ့ အမြန်နှုန်းကို ကြည့်ရတာ သူတို့က အပြန်အလှန် နားလည်မှုရှိကြပြီးတော့ အသေအချာ လေ့ကျင့်ထားကြတာ သိသာတယ်။ သူတို့အားလုံးက တူညီတဲ့ ဝတ်ရုံတွေကို ဝတ်ဆင်ထားပြီးတော့ ဓားမောက်ရှည်ကို ကိုင်ဆောင်ထားတယ်။ ပြီးတော့ မျက်နှာကို ဖုံးကွယ်ဖို့အတွက် မျက်နှာလွှားတွေ ဝတ်ဆင်ထားကြသည်။ ဝတ်ရုံက အရည်အသွေးမြင့် ကိုယ်ကျပ် သားရေချပ်ကာပဲ။ အံ့အားသင့်စရာ အကောင်းဆုံးကတော့ သူတို့ရဲ့စွမ်းအားက မျှော်လင့်ထားတာထက် ကျော်လွန်နေတာပဲ။ နတ်ဆိုးဧကရာဇ်အဆင့်က အယောက် ၄၀ကနေ ၅၀လောက် ရှိတယ်။ ကျန်တာတွေက မဟာနတ်ဆိုးဘုရင်အဆင့်တွေပဲ။
သေချာလေ့ကျင့်ထားတဲ့ လက်ရွေးစင် ဗိုလ်ခြေက မှော်ထိုးကွင်းလိုမျိုး ကြားခံနယ်တွေကို သုံးပြီးတော့ စွမ်းအားတွေ စုစည်းပြီး နတ်ဆိုးဧကရာဇ်အဆင့်တွေ၊ နတ်ဆိုးအရှင်သခင်အဆင့်တွေကို တိုက်ခိုက်၊ ဖိနှိပ်လို့ရတယ်။ ဒါဆိုရင် သေချာလေ့ကျင့်ထားတဲ့ နတ်ဆိုးဧကရာဇ်အဆင့် အယောက် ၄၀ကနေ ၅၀နဲ့ မဟာနတ်ဆိုးဘုရင်အဆင့် အယောက်၂၀၀က ဘာကိုဆိုလိုတာလဲ။ အချိန်ကိုက် ဖြစ်မယ်ဆိုရင် နတ်ဆိုးအရှင်သခင်အဆင့်တောင် တစ်ချက်တည်းနဲ့ အဆုံးသတ် ခံလိုက်ရနိုင်တယ်။
အခုဆိုရင် အရိပ်နက်အင်ပါယာနဲ့ ကြယ်ကြွေတမန်အင်ပါယာက တင်းမာတဲ့ အခြေအနေ ရှိတယ်။ ဒီအင်အားကြီးတဲ့ အမျိုးသမီးအစောင့်တွေက အရိပ်နက် အင်ပါယာက မဟုတ်သလို ငှက်တောင်ဖြူနယ်မြေနဲ့ မှော်ဆရာခံတပ်က အထောက်အပံ့လည်း မဟုတ်ဘူး။ သူတို့က ရှီရာရဲ့ ကိုယ်ပိုင်အင်အားပဲ။
ဒါမှမဟုတ် ဒါက တစ်စိတ်တစ်ပိုင်းပဲ ပြတာပဲလည်း ဖြစ်နိုင်တယ်....
အားလုံးထိတ်လန့်နေစဉ် နတ်ဆိုးဧကရာဇ်အဆင့် တစ်ယောက်က ရှေ့တက်လာပြီး သတင်းပို့သည်။ “အရှင်မ။ အင်ပါယာအစောင့်တွေနဲ့ လျို့ဝှက်ထောက်လှမ်းရေးဌာနက မီရှန်မိသားစုကို ရှာဖွေဖို့ အမိန့်ရခဲ့ပေမဲ့ ပြင်းထန်သော ခုခံမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ခုခံတဲ့သူတွေအားလုံးကို သတ်ပစ်ပြီးပါပြီ။ သံတမန်ကို ရှာမတွေ့ပေမဲ့ တခြား အရေးကြီးတဲ့ ပစ္စည်းတချို့ကို ရှာတွေ့ခဲ့ပါတယ်။ တစ်ချက်ကြည့်ကြည့်ပေးပါ။ အရှင်မ။”
“ခုခံသူအားလုံးကို သတ်ပစ်ပြီးပါပြီ”ဟူသောစကားကို ကြားမည်ဟု အန်ဂလေ မထင်မှတ်ထားခဲ့ပေ။ ကျန်ရှိသောသူများ အထူးသဖြင့် အကြီးအကဲမိသားစုမှလူများက မျက်လုံးအမူအရာ ပြောင်းသွားကြပြီး ရုတ်တရက် တီးတိုးပြောသံများ ထွက်လာ၏။
ခုနက ရှီရာရဲ့ မိသားစုတစ်ခုလုံးကို အပြစ်မပေးဖို့ ရည်ရွယ်ချက်ကို ရေးရေးလေး ဖော်ပြခဲ့တယ်။ တစ်ဖက်မှာတော့ အစောင့်တွေက မီရှန်မိသားစုထဲမှာ ချက်ချင်းပဲ အစုလိုက်အပြုံလိုက် သတ်ပစ်ခဲ့တယ်။
အမိန့်များကြား အချိန်ခြားနားမှုကြောင့်ဖြစ်စေ၊ သံတမန်ကြောင့်ဖြစ်စေ၊ ထိုကဲ့သို့ အကြီးအကဲမိသားစုကို အစုလိုက်အပြုံလိုက် သတ်ပစ်ခြင်းမှာ မနှစ်မြို့ဖွယ် လုပ်ရပ်တစ်ခု ဖြစ်သည်။ အန်ဂလေက အပြစ်သားမှ ဒုက္ခသည်အဖြစ် ရုတ်တရက် ဖြစ်သွားပြီး တရားသဖြင့် မခံမရပ်နိုင် ဖြစ်သွားခဲ့သည်။ သူက အကြီးအကဲမိသားစုများကို ပေါင်းစည်းပြီး ရှီရာကို ဖိအားပေးရန် ပြင်လိုက်စဉ် ရှီရာကို အင်ပါယာအစောင့် ပေးလိုက်သည့် ပစ္စည်းများအား မြင်လိုက်ရသည်။
၎င်းတို့မှာ စာရွက်စာတမ်းများနှင့် သေတ္တာနက်တစ်လုံး ဖြစ်သည်။
အန်ဂလေ၏ ခန္ဓာကိုယ်တစ်ခုလုံးက လက်သီးဖြင့် ထိပ်တိုက်အထိုးခံလိုက်ရ သကဲ့သို့ပင် ခံစားလိုက်ရပြီး သူ၏မျက်လုံးများကိုပင် မယုံနိုင်တော့ပေ။ သူ၏ ပူဆွေးမှုများနှင့် မခံမရပ်နိုင်မှုများက သူ၏မျက်နှာပေါ်၌ ချက်ချင်းပင် အေးခဲသွား၏။
ရှီရာက ဖိုင်ကိုဖွင့်ပြီး ကြည့်လိုက်သည်။ သူ၏ မျက်လုံးများ ရုတ်တရက် ကျုံ့သွားပြီးနောက် ဖတ်နေရင်း မျက်လုံးများ ပိုအေးစက်လာသည်။ ထို့နောက် သူက တင်းမာလျက် ပြောလိုက်သည်။ “အရည်အချင်းကြီးမားတဲ့သူရဲ့ မျိုးဆက်။ အင်ပါယာရဲ့ အစောင့်အရှောက်မိသားစု ဟုတ်လား။ ရှင်က အင်ပါယာရဲ့ အကျိုးအမြတ်တွေကို မီရှန်မိသားစုအနေနဲ့ ရယူခဲ့တာပဲ။”
အန်ဂလေ၏ မျက်လုံးထောင့်များ တွန့်သွားပြီး ရှီရာကို တည့်တည့်မကြည့်ဘဲ ခေါင်းငုံ့နေလိုက်သည်။ ဘေးဖက်မှ ဝန်ကြီးများက ရှီရာ၏ စကားလုံးများနှင့် အန်ဂလေ၏ အမူအရာကိုမြင်ပြီးနောက် စာရွက်စာတန်းအချို့၌ ရေးသားထားသည်များကို ရေးရေးလေး ခန့်မှန်းမိလိုက်ပြီး အတော်များများက စိုးရိမ်လာကြသည်။ အများပြည်သူ ရန်ပုံငွေကို အလွဲသုံးစားလုပ်တာက မီရှန်မိသားစု တစ်ခုတည်း မဟုတ်ဘူး။ မိသားစုကြီးတွေမှာ ဘယ်သူ့ရဲ့လက်က သန့်ရှင်းလို့လဲ။
နှစ်ပေါင်းများစွာကြာအောင် မိသားစုတိုင်းမှာ ငွေစာရင်းတစ်ခု ရှိတယ်။ မီရှန် မိသားစုက ဒီနေ့ သံတမန်အဖြစ်အပျက်ကြောင့် ဖော်ထုတ်ခံလိုက်ရတာ။ ငါတို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ကတော့ ဒီအရာတွေ ငါတို့ကို အများကြီး မသက်ရောက်ဖို့ပဲ။
“အရှင်မ။ ဒီသေတ္တာကို အစွမ်းထက် မှော်စက်ဝိုင်းတစ်ခုနဲ့ ကာကွယ်ထားတယ်။ ကျုပ်တို့တွေ နည်းလမ်းတွေအများကြီးနဲ့ ကြိုးစားကြည့်ခဲ့ပေမဲ့ မပွင့်ခဲ့ဘူး။”
အန်ဂလေ၏နှလုံးသားထဲ၌ ကံကောင်းမှုတစ်ခု လှိမ့်တက်လာခဲ့သည်။ အကျိုးဆက် ပြင်းထန်မှုနဲ့ပတ်သက်ရင် သေတ္တာထဲမှာ ရှိနေတဲ့ဟာက အပြင်က စာရွက်စာတမ်းထက် အဆ၁၀၀ ပိုပြင်းထန်တယ်။ ကံကောင်းချင်တော့ ဒီသေတ္တာကို ဖောက်ထွင်းလို့မရတဲ့ အထူးအစွမ်းထက်မှော်စက်ဝိုင်းနဲ့ အစီအရင် လုပ်ထားတယ်။ ငါပဲ ဖွင့်လို့ရတာ။ ပြင်ပအားက အကန့်အသတ်တစ်ခုကို ကျော်လွန်သွားရင် အလိုလို ပျက်စီးသွားမယ်။ ဒါဆိုရင် ဘာသက်သေမှ ရှိတော့မှာ မဟုတ်ဘူး။
ထိုအချိန်၌ သေတ္တာနက်က ရုတ်တရက် လေထဲသို့ ပျံဝဲတက်သွားပြီး မျက်မှန်နှင့် မိန်းမလှရှေ့သို့ ဖြည်းဖြည်းချင်း ပျံသန်းသွားသည်။ ဇိုလာက ကျောက်စိမ်းကဲ့သို့ ဖြူဖွေးသောလက်ကို ဆန့်ထုတ်ပြီးနောက် သူ၏လက်၅ချောင်းက လျို့ဝှက် ဆန်းကြယ်သော စည်းချက်တစ်ခုနှင့်အတူ အလျင်အမြန် ကခုန်နေတော့သည်။
လေထဲ၌ ရပ်တန့်နေသော သေတ္တာက ထူးဆန်းသော အလင်းရောင်တစ်ခု တောက်ပနေပြီးနောက် “ခွတ်”ဟူသောအသံနှင့်အတူ အလင်းရောင် ပျောက်သွားခဲ့သည်။ “ဖောက်ထွင်း၍မရသော” သေတ္တာနက်က ထိခိုက်မှုမရှိဘဲ ပွင့်သွားပြီး အန်ဂလေ၏ နောက်ဆုံးမျှော်လင့်ချက်ကို ရိုက်ချိုးသွားခဲ့သည်။
“မဟုတ်ဘူး။” အန်ဂလေက အသည်းအသန် အော်ဟစ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်၌ မီးတောက်များ ထွက်ပေါ်လာပြီးနောက် သေတ္တာနက်အရှေ့၌ ချက်ချင်း ပေါ်ထွက်လာသည်။ သူက အတွင်းမှ ပစ္စည်းများကို ဖျက်ဆီးရန်အတွက် ၎င်းကို လက်သီးဖြင့် ထိုးလိုက်သည်။
သူ၏လက်သီးက သေတ္တာနက်ကို မထိခင်မှာပင် ရပ်တန့်သွားခဲ့သည်။ အန်ဂလေ၏ ခန္ဓာကိုယ်မှ မီးတောက်များကလည်း ရေခဲရုပ်ထုသဖွယ် အေးခဲသွားခဲ့သည်။ ထို့နောက် အပြင်မှ “အေးခဲနေသောမီးတောက်”က ဝုန်းခနဲ အမှုန့်ဖြစ်သွားပြီး အန်ဂလေ ပစ်လဲကျသွားသည်။ သူ မသေသေးသော်လည်း ကိုယ့်ကိုယ်ကိုယ် သတ်သေရန်ပင် အားအင်မရှိတော့ပေ။
အန်ဂလေကဲ့သို့ နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်းကို ရင်ဆိုင်ရသည်မှာ ဇိုလာအတွက် အသေးအဖွဲသာ ဖြစ်သည်။
ဇိုလာက အန်ဂလေကိုပင် မကြည့်ခဲ့ပေ။ ပွင့်သွားသော သေတ္တာနက်က ရှီရာ အရှေ့သို့ အလိုလို ပျံသွားသည်။ ဘေးဖက်မှ အမြင်စူးရှသူများက အတွင်းထဲတွင် တံဆိပ်ပြား၊ မှော်စာလိပ်၊ နံပါတ်တုတ်နှင့် စာစောင်အချို့ကဲ့သို့ ပစ္စည်းများ ရှိနေသည်ကို မြင်လိုက်ရသည်။
ရှီရာက စာစောင်သုံးလေးခုကို ယူပြီး လှန်လှောကြည့်လိုက်သည်။ သူ၏ အေးစက်ပြီး လှပသော မျက်နှာပေါ်မှ မည်းမှောင်မှုက ပိုမိုပြင်းဆန်လာခဲ့သည်။ သူက နံပါတ်တုတ်နှင့် မှော်သားရေစာလိပ်ကို ကောက်ယူလိုက်သည့်အခါ ဒေါသကို လုံးဝ မထိန်းထားနိုင်တော့ပေ။
“ကျွန်မ ရှင့်ကို ဘယ်လို ခေါ်ရမလဲ။ သွေးရောင်အင်ပါယာရဲ့ ဂုဏ်သရေရှိ မားကစ်ဘွဲ့ရ... ဆာ-အန်ဂလေမီရှန်။” ရှီရာ၏ အေးစက်ပြီး ဒေါသထွက်နေသောအသံက ပရိသတ်များကို ထိတ်လန့်သွားစေသည်။
သွေးရောင်အင်ပါယာရဲ့ မားကစ်ဘွဲ့ရ....
အန်ဂလေ ဟုတ်လား။
ထိုပစ္စည်းများကို ရသွားသောအခါ အင်ပါယာအစောင့်များကို မီရှန်မိသားစုက မည်သည်ကြောင့် အသည်းအသန် ခုခံရကြောင်းနှင့် သေတ္တာနက်ဆီသို့ အန်ဂလေ အပြေးအလွှားသွားခဲ့ရသည့် အကြောင်းရင်းများကို အားလုံး ရုတ်တရက် နားလည်သွားကြသည်။
နတ်ဆိုးဘုံရှိ မိသားစုများက “ခြင်းတောင်းတစ်ခုထဲ ဥအားလုံး မထည့်နှင့်” ဟူသာ မူဝါဒကို လိုက်နာကြသည်။ မိသားစုမျိုးဆက်က အခြားအင်ပါယာများသို့ သီးခြား ရွှေ့ပြောင်းသွားပြီး အကယ်၍ အင်ပါယာနှစ်ခုက အချင်းချင်း တိုက်ခိုက်ကြလျှင် သွေးမျိုးဆက်နှစ်ခုက ယခင်ချည်နှောင်မှုများကို စွန့်လွှတ်ပြီး တကယ့် ရန်သူများ ဖြစ်လာကြပေမည်။ နိုင်နိုင်ရှုံးရှုံး တစ်ခုတည်းကသာ ဆက်လက်တည်ရှိနိုင်ပေမည်။ ၎င်းမှာ လိုက်နာရမည့် စည်းမျဉ်းတစ်ခုကဲ့သို့ ဖြစ်သည်။
ကြယ်ကြွေတမန်အင်ပါယာ၏ အကြီးအကဲမိသားစုနှင့် သွေးရောင်အင်ပါယာ၏ “အချန်ပိုင်း” မားကစ်ဘွဲ့ရဖြစ်သော အန်ဂလေ၏ လှေနံနှစ်ဖက်နင်းသော အမူအရာက အင်ပါယာကို သစ္စာဖောက်ခြင်းဖြစ်သည့် ထိုစည်မျဉ်းကို ဖျက်ဆီးခဲ့လေပြီ။
ယခင် သံတမန်ကို ပြန်ပေးဆွဲခြင်းက ကိုယ်ရေးကိုယ်တာဟု ဆိုနိုင်သည့်တိုင် ထိုကဲ့သို့ အံ့အားသင့်ဖွယ်ရာ လျို့ဝှက်ချက် ထွက်ပေါ်လာခြင်းက မီရှန်မိသားစု တစ်ခုလုံးကို ပျက်စီးခြင်းချောက်နက်ထဲသို့ လုံးဝ တွန်းပို့ပေးခဲ့သည်။
ထို့ကြောင့် သံတမန်ကို ပြန်ပေးဆွဲခြင်းက လှည့်စားခံရသည်ဟု ပြော၍ မရတော့ပေ။ သံတမန်ကို တစ်ခုခု ဖြစ်သွားသည်နှင့် အရိပ်နက်အင်ပါယာနှင့် ကြယ်ကြွေတမန်အင်ပါယာကြားမှ စစ်ပွဲကို အစပျိုးပေးသလို ဖြစ်သွားမည်ဖြစ်ပြီး အကျိုးရှိသူမှာ သွေးရောင်အင်ပါယာ ဖြစ်သည်။ သွေးရောင်အင်ပါယာ၏ “ဂုဏ်သရေရှိ မားကစ်ဘွဲ့ရ” အန်ဂလေက အလွန်အမင်း ကောက်ကျစ်သော ရည်ရွယ်ချက်များဖြင့် ထိုသို့ ပြုလုပ်ခဲ့လေသည်။ မီရှန်မိသားစု တစ်ခုလုံးကို ဖော်ပြရန် စကားလုံးနှစ်လုံးသာ ရှိသည်။ ခွင့်လွှတ်လို့မရတဲ့ ပြစ်မှု။
“မဖြစ်နိုင်ဘူး...ဘာလို့....” အန်ဂလေက တစ်ယောက်တည်း ရေရွတ်လိုက်ပြီး ပြိုလဲလုမတတ် ဖြစ်သွားခဲ့လေသည်။
အမှန်တကယ်၌ အန်ဂလေက သွေးရောင်အင်ပါယာမှာ သူလျှိုတစ်ယောက် မဟုတ်ပေ။ သူ့ကို သွေးရောင်အင်ပါယာသို့ ပို့ခဲ့စဉ်က အချိတ်အဆက်အချို့ဖြင့် ဂုဏ်သရေရှိ မားကစ်ဘွဲ့ ရရှိခဲ့ခြင်းဖြစ်ပြီး သူနှင့် မီရှန်မိသားစုအတွက် လမ်းတစ်ခု ချန်ထားပေးခဲ့သည်။
အန်ဂလေကို မယုံကြည်နိုင်ဖြစ်စေသည်မှာ ထိုလျို့ဝှက်ချက်ကို သူ၏ အရင်းနှီးဆုံး မိတ်ဆွေများကပင် မသိကြပေ။ သွေးရောင်အင်ပါယာမှ မဟာရိုင်ဇန်နှင့် မင်းသား အားလီရက်စ်အပြင် မိန်းမတစ်ယောက်သာ ထိုအကြောင်းကို သိကြသည်။ ထိုမိန်းမက ထူးခြားသော နည်းဗျူဟာတွင် ထောင်ခြောက်ပညာရပ်တွင် ကျွမ်းကျင်သည်။ သူက မြို့တော်၏ အလျို့ဝှက်ဆုံးအဖွဲ့အစည်းကို ထိန်းချုပ်သူ ဖြစ်ခဲ့ဖူးသည်။ သူ၏အကူအညီဖြင့် အန်ဂလေက ထိုအကြီးမားဆုံး လျို့ဝှက်ချက်များကို ကွယ်ဝှက်ထားရန်အတွက် လျို့ဝှက်ခန်းများကို အောင်အောင်မြင်မြင်နှင့် စီစဉ်နိုင်ခဲ့သည်။ အကယ်၍ အပြင်လူများက ထိုနေရာသို့ ဖောက်ဝင်ကြလျှင် အထဲမှ ပစ္စည်းများကိုသာ ပျက်စီးစေလိမ့်မည်။
ဒီလိုအချိန်တိုအတွင်းမှာ အင်ပါယာအစောင့်တွေနဲ့ လျို့ဝှက်ထောက်လှမ်းရေး ဌာနက အဲဒီလျို့ဝှက်ခန်းမှာရှိတဲ့ သေတ္တာနက်ကို ဘာပြဿနာမှ မတွေ့ရဘဲနဲ့ ဘယ်လို ရှာတွေ့သွားတာလဲ။
ဖြစ်နိုင်ချေ တစ်ခုပဲ ရှိတယ်။ သွေးရောင်အင်ပါယာ မဟုတ်ရင် အဲဒီမိန်းက ငါ့ကို သစ္စာဖောက်သွားတာပဲ။ သွေးရောင်အင်ပါယာရဲ့ လော့ဒ်ရိုင်ဇန်က တံခါးပိတ် လေ့ကျင့်နေတယ်။ မဟာမင်းသား အားလီရက်စ်နဲ့ ဒုတိယမင်းသား အက်မန်းတို့က သံလက်သီးနယ်မြေမြောက်ဘက်မှာ တိုက်ခိုက်နေကြသည်။ သူတို့နှစ်ယောက်ရဲ့ အခြေအနေအရဆိုရင် မီရှန်မိသားစုက တန်ဖိုးကြီးကြီးမားမား ရှိနေသေးတဲ့အတွက် လျို့ဝှက်ချက်ကို ပေါက်ကြားစေဖို့ မဖြစ်နိုင်ဘူး။ အဲဒီမိန်းမက မသင်္ကာစရာ အကောင်းဆုံးပဲ။ ဒါပေမဲ့ သူက သေသွားပြီဆိုတော့ ဘာမှ မသင်္ကာစရာ မရှိတော့ဘူး။
သူက လွန်ခဲ့တဲ့တစ်နှစ် အတော်လေး လူသိများတဲ့ မတော်တဆမှု တစ်ခုမှာ သေသွားခဲ့တာ။ အဲဒါကို ရီဂျန့် အိုဆိုင်ဒန်ကိုယ်တိုင် မြင်ခဲ့ရသည်။ နောက်တော့ အိုဆိုင်ဒန် ဒေါသူပုန်ထသွားပြီးတော့ လက်စားချေဖို့အတွက် အင်ပါယာတစ်ခုလုံးက အဖွဲ့အစည်း တစ်ခုကိုပါ အမဲလိုက်ခဲ့တယ်။
ဘာတွေဖြစ်ကုန်တာလဲ။ ကောင်းကင်တစ်ခုလုံး ပြိုလဲကျလာသည်ဟု အန်ဂလေ ခံစားလိုက်ရသည်။ မင်းသမီးစံအိမ် အဖြစ်အပျက်မှစ၍ မီရှန်မိသားစုသည် ထောင်ခြောက် တစ်ခုထဲသို့ ရောက်ရှိသွားဟန်တူပြီးနောက် သူတို့က သူ့ကို တစ်လှမ်းချင်း ဝင်ရောက်ရန် စောင့်ဆိုင်းနေခဲ့သည်။ ယခုတွင် သက်သေများ ခိုင်လုံသွားပြီဖြစ်သည့်အတွက် သူ မည်သို့ပင် ငြင်းဆန်စေကာမူ အသုံးမဝင်တော့ပေ။
“အန်ဂလေ။ ရှင် ဘာပြောစရာ ရှိသေးလဲ။”
“ဟားဟား..” ရုတ်တရက် အန်ဂလေက ရူးသွပ်ဟန်ဖြင့် ရယ်လိုက်သည်။ “တကယ့်ကို ဧကရီအရှင်မပဲ။ ကျုပ်ကို တကယ်ကြီး အကွက်ဆင်ခဲ့တယ်။ ကျုပ် အရှုံးပေးပါတယ်။ အဝါရောင်စာစောင်ကို အရှင်မ လူသိရှင်ကြား ထုတ်ပြလိုက်ပါလား။ အရင်နှစ်ရာချီတုန်းက ဘယ်မိသားစုတွေနဲ့ ဘယ်တော်ဝင်မိသားစုတွေက မီရှန်မိသားစုနဲ့ ဘာလုပ်ခဲ့တယ်ဆိုတာနဲ့ ဘယ်လိုအကျိုးအမြတ်တွေ ရခဲ့လဲဆိုတာ မှတ်တမ်းတင် ထားတယ်။ သူတို့ရဲ့ပြစ်မှုတွေက ဒီနေ့ “အင်ပါယာကို သစ္စာဖောက်”တဲ့ ကျုပ်ရဲ့ ပြစ်မှုထက် မနိမ့်ကျဘူး။”
အန်ဂလေက ပို၍ပို၍ ကသုတ်သရက်ဖြစ်လာပြီး အနီးအနားမှ အကြီးအကဲ မိသားစုများနှင့် တော်ဝင်မိသားစုများကို ကြည့်လိုက်သည်။ “ခင်ဗျား...ခင်ဗျား... ခင်ဗျားတို့အားလုံး လွတ်မြောက်မှာ မဟုတ်ဘူး။ မီရှန်မိသားစုနဲ့အတူ ပျက်စီးလိုက်ကြ။”
သူ၏မျက်လုံး ကြည့်လိုက်သော နေရာတိုင်း သူ့ကို တည့်တည့်ကြည့်ရဲသောသူ မရှိသလောက် ဖြစ်နေသည်။
ရှုပ်ထွေးသော အကြည့်အမျိုးမျိုးအောက်တွင် ရှီရာက ခုနက လှန်လျောခဲ့သော အဝါရောင်စာစောင်ကို ထုတ်လိုက်သည်။ ထို့နောက် လက်ကို အသာလေး လှုပ်ရှားလိုက်ရာ ၎င်းက မီးတောက်နက်ကြောင့် “ဝုန်း”ခနဲ ပြာကျသွားပြီး အစအနမကျန် ပျောက်ကွယ်သွားခဲ့သည်။
“ရှင်က သေရမှာကို ရှောင်လွှဲလို့ မရတော့ဘူး။ ဒါပေမဲ့ တခြားသူတွေကို အကောက်ကြံချင်နေသေးတယ်။ ဒါက လုံးဝကို ခွင့်မလွှတ်နိုင်စရာပဲ။” ရှီရာ၏ ဓားသွားကဲ့သို့ အေးစက်သောအသံ ထွက်လာသည်။ ၎င်းက အန်ဂလေ၏ နှလုံးသားကို ဓားထက်ထက် တစ်ချောင်းကဲ့သို့ပင် ဖြတ်တောက်လိုက်ပြီး အန်ဂလေ မူးဝေသွားခဲ့သည်။ သူ၏ ကျန်ရှိနေသော စိတ်ခွန်အား လုံးဝ ပြိုလဲသွားလေပြီ။