ကရုဏာတရားနှင့် ဘုန်းတန်ခိုး
Vol. 38 Ch. 579
ပြိုလဲကျသွားသော အန်ဂလေနှင့် ဆန့်ကျင်ဘက်ပင် ကျန်ရှိသော မိသားစုများက ကျေးဇူးတင်ပြီး စိတ်သက်သာရာ ရသွားကြသည်။
ချန်လွေ့က ရှီရာ၏ ပါးနပ်သော နည်းလမ်းများကို တိတ်တိတ်လေး ချီးမွမ်းလိုက်သည်။ ဧကရာဇ် ကွမ်ဝူလျူရှူက သူ၏ အင်အားကြီးရန်သူဖြစ်သော ဝမ်လန်ကို ကျူလုတိုက်ပွဲ၌ သတ်ပစ်ခဲ့ပြီးနောက် လျူရှုကို အပုတ်ချခဲ့သော ဝမ်လန်နှင့် အရာရှိများကြားမှ အဆက်အသွယ်ပစ္စည်း ထောင်ပေါင်းများစွာကို မီးရှို့ခဲ့သည်။ လူများက ထိုအတွက် အလွန်ပင် ကျေးဇူးတင်ကြသည်။ သုံးပြည်ထောင်၏ နှောင်းပိုင်းကာလတွင် ကွမ်တုတိုက်ပွဲပြီးနောက် ချောင်ချောင်က သူ၏လက်အောက်ခံများနှင့် ယွမ်ရှောင်ကြားမှ လျို့ဝှက်စာအများအပြားကို သိမ်းဆည်းကာ ကြည့်ပင်မကြည့်ဘဲ မီးရှို့ခဲ့ကာ အတိတ်ကို မေ့ပစ်ရန် ပြသခဲ့သည်။ ၎င်းက လူအများ၏ နှလုံးသားကို အောင်နိုင်သွားစေခဲ့သည်။
ရှီရာက ယခုတစ်ခေါက်တွင် လျူရှူနှင့် ချောင်ချောင်တို့၏ နည်းလမ်းများကို အတိအကျ ကူးယူခဲ့ခြင်း မဟုတ်သော်လည်း ဆင်တူသော အရာများ ရှိကြသည်။ ယခုကိစ္စတွင် မိသားစု အများပြား ပါဝင်နေသည်။ အကယ်၍ သူ သေသေချာချာ စုံစမ်းမည်ဆိုလျှင် အင်ပါယာတစ်ခုလုံးက စိတ်ကူးကြည့်၍မရသော မတည်ငြိမ်မှုမျိုးကို ကြုံတွေ့ရနိုင်ပြီး ရန်သူများအား အခွင့်အရေး ရသွားစေလိမ့်မည်။
ရှီရာ၏ “ခဏကြည့်ပြီး မီးရှို့ခြင်း”က ပါးနပ်သော နည်းလမ်းများကို ပြသခဲ့သည်။ အထူးသဖြင့် သူ၏လက်အောက်မှ မီးအိမ်တစ္ဆေ အစောင့်အဖွဲ့၏ အင်အားကို ပြသပြီးနောက် ရှီရာက တော်ဝင်မိသားစုနှင့် အကြီးအကဲမိသားစုများကို အန္တရာယ် အချက်ပြတစ်ခု ပေးခဲ့ကာ သဘောထား တစ်ခုကိုလည်း ပြသခဲ့သည်။
ရှီရာ၏ အားလုံး၏အမူအရာ အပြောင်းအလဲများကို ကြည့်နေရင်း ပြောလိုက်သည်။ “မီရှန်မိသားစုက ရန်သူဆီမှာ အညံ့ခံခဲ့ပြီးတော့ အင်ပါယာကို သစ္စာဖောက်ခဲ့တယ်။ ဒီလိုပြစ်မှုမျိုးကို ခွင့်လွှတ်လို့ မရဘူး။ မီရှန်မိသားစုရဲ့ မိသားစုနာမည်နဲ့ အကြီးအကဲ မိသားစု အဆင့်အတန်း အပါအဝင် ဂုဏ်ကျက်သရေအားလုံးကို ပြန်သိမ်းပြီးတော့ အင်ပါယာရဲ့ သစ္စာဖောက်အားလုံးကို လုံးဝရှင်းပစ်ဖို့ ဆုံးဖြတ်လိုက်ပြီ။ ကန့်ကွက်ချင်တဲ့သူ ရှိလား။”
တော်ဝင်မိသားစုနှင့် အကြီးအကဲမိသားစုများက တညီတညွတ်တည်း သဘောတူကြသည်။ “ကန့်ကွက်စရာ မရှိပါဘူး။ အရှင်မ အမြော်အမြင် ကြီးမားလှပါတယ်။”
၎င်းမှာ ရှီရာ ထီးနန်ရပြီးကတည်းက အချောမွေ့ဆုံး ဆုံးဖြတ်ချက် ဖြစ်သည်။
“သိပ်ကောင်းတယ်။ အမှောင်နတ်ဆိုး။ အန်ဂလေ၊ သူ့သားနဲ့ မီရှန်မိသားစုကို ရှင့်ဆီ လွှဲထားလိုက်ပြီ။ ဘယ်ပြဿနာမှ မကျန်စေနဲ့။ ဂျင်းနီ။ မင်းက အစောင့်တွေကို ဦးဆောင်ပြီးတော့ လျို့ဝှက်ထောက်လှမ်းရေးဌာနနဲ့ အပြည့်အဝပူးပေါင်း။ ပြီးတော့ မီရှန်မိသားစုက သစ္စာဖောက် ဘာရိုကိုကို သတ်ပစ်ဖို့အတွက် တာခုလာခံတပ်မှာရှိတဲ့ ဆာရန်ဒီနဲ့ ဂရန့်ကို ချက်ချင်း အသိပေးလိုက်။”
အစ်ဇဘယ်လာနှင့် ဂျင်းနီတို့က အတူတူ ဦးညွှတ်လိုက်ကြသည်။ မီးအိမ်တစ္ဆေ နှစ်ယောက်က အန်ဂလေနှင့် ဇောတို့ကို ခေါ်သွားပြီးနောက် သူတို့နှစ်ယောက် ခြံဝင်းထဲမှ လမ်းလျှောက် ထွက်သွားလိုက်ကြသည်။
သိပ်မကြာခင်တွင် မီရှန်မိသားစုက အကြွင်းမဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းနှင့် ပျက်စီးခြင်းကို ရင်ဆိုင်ရပေလိမ့်မည်။ မျိုးရိုးနာမည် “မီရှန်” ရှိသူတိုင်း သုတ်သင်ခံရပေမည်။ စစ်တပ်ကို ဦးဆောင်ခဲ့သော ဘာရိုကိုပင် ခြွင်းချက် မဟုတ်ပေ။ ပုံမှန်အားဖြင့် အချို့က အသနားခံကြဦးမည် ဖြစ်သော်လည်း ထိုကဲ့သို့ ပြင်းထန်သော အခြေအနေကြားထဲ၌ မီရှန်မိသားစုသည် အမြစ်ဖြုတ်ခံရမည်ကို ရှောင်တိမ်း၍ ရနိုင်မည်မဟုတ်ကြောင်း အားလုံးသိကြသည်။
ယခင်က ရှီရာက သည်းခံခြင်းနှင့် ခွင့်လွှတ်ခြင်းကို အမြဲပင် ပြသခဲ့သည်။ နောက်ဆုံး၌ သူက ကြောက်မက်ဖွယ်ရာ အစွယ်များကို ပြသခဲ့လေပြီ။ အညှာတာမဲ့သော သွေးနှင့်သံမဏိ မူဝါဒက အချို့ လှေနံနှစ်ဖက်နင်းသူများကို ဘက်ရွေးရန် အမှန်တကယ် စတင်စဉ်းစားသွားစေသည်။
စတေလာက ပင့်သက်ရှိုက်ပြီး စိတ်ပိုင်းဖြတ်ကာ ရှေ့သို့ သုံးလေးလှမ်း လျှောက်လာသည်။ ထို့နောက် သူက ဇိုလာကို အရိုအသေပြုကာ ပြောသည်။ “မဒမ် ဇိုလာ။ ဒီနေ့ ကျွန်မက တကယ့်မှော်ပညာကို မြင်ခဲ့ရပါပြီ။ ပြီးတော့ ကျွန်မက မဒမ်ရဲ့ စွမ်းအားကို တကယ် လေးစားအားကျပါတယ်။ ကျွန်မရဲ့ အကန့်အသတ်ရှိတဲ့ဘဝမှာ မှော်ပညာရဲ့ အမြုတေကို ဆက်လက်လေ့လာဖို့အတွက် မဒမ်ရဲ့ တပည့် ဖြစ်ချင်ပါတယ်။”
ရှီရာ၏လုပ်ရပ်က အားလုံးကို အံ့အားသင့်သွားစေခဲ့သ်ည။ စတေလာ၏ ခွန်အားကို ဘေးဖယ်ထားသည့်တိုင် သူ၏ ဘိုးလ်မိသားစုမှ သရုပ်၊ အကြီးအကဲမိသားစုထဲမှ ဘိုးလ်မိသားစု၏ အလေးချိန်ဖြင့်ပင် သူက ယခုတွင် တပည့်ဖြစ်ရန် ရွေးချယ်ခဲ့သည်။ သူ၏ ဆရာ ရွေးချယ်မှုမှာလည်း ရှီရာဘက်မှ ပုဂ္ဂိုလ်တစ်ဦးပင် ဖြစ်နေခဲ့သည်။ ထို့ကြောင့် သူက ဧကရီအရှင်မကို ရွေးချယ်လိုက်သည်မှာ သိသာထင်ရှားပေသည်။
ယခုတစ်ခေါက် အဖြစ်အပျက်မှာ မရိုးရှင်းကြောင်း စတေလာ သေချာသိသည်။ ၎င်းမှာ ဧကရီအရှင်မက သေသေချာချာ ပြင်ဆင်ထားခြင်း ဖြစ်နိုင်ပေသည်။ အန်ဂလေကဲ့သို့ မြေခွေးအိုသည်ပင် ဧကရီ၏ ထောင်ခြောက်ထဲကျပြီး သေဆုံးခဲ့ရသည်။ မီရှန်မိသားစုလည်း သုတ်သင်ခံလိုက်ရသည်။ ဧကရီက မိသားစုတစ်စုကို သတ်ပစ်ပြီး အခြားမိသားစုများကို အင်အားပြကာ သတိပေးခဲ့သည်။ ၎င်းမှာ မြို့တော်ကို အမှန်တကယ် ထိန်းချုပ်ရန်အတွက် သူ၏ သွေးနှင့်သံမဏိ မူဝါဒလည်း ဖြစ်သည်။ အရိပ်နက် အင်ပါယာ၏ ကြီးမားလှသော ဖိအားအောက်တွင် ဧကရီက ထိုကဲ့သို့ စွန့်စားမည်ဟု မည်သူမှ ထင်ထားမည် မဟုတ်ပေ။ ထိုကဲ့သို့ မင်းသားအိုဆိုင်ဒန် မရှိခဲ့သော သတ္တိမျိုးက အကြီးအကဲ မိသားစုအားလုံးကို အံ့အားသင့်သွားစေခဲ့သည်။
ယခုတစ်ခေါက် အရိပ်နက်အင်ပါယာ၏ သံတမန်ပါဝင်သော ဘိုးလ်မိသားစု အဖြစ်အပျက်က ပြင်းထန်ပေသည်။ အကယ်၍ ရှီရာက အခြေအနေကို အကြီးချဲ့ချင်လျှင် မီရှန်မိသားစုက အတိတ်မှ သင်ခန်းစာတစ်ခု ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် စတေလာက ချက်ချင်းပင် ဆုံးဖြတ်ချက် ချခဲ့လေသည်။
ဧကရီထံ အညံ့ခံခြင်းဖြင့်သာ ဘိုးလ်မိသားစုနှင့် လော်ဆန်၏ အသက်ကိုပင် ကယ်တင်နိုင်ခဲ့သည်။
စတေလာ၏ ရည်ရွယ်ချက်ကို ရှီရာ သဘောပေါက်သည်။ ဘိုးလ်မိသားစုနှင့် တိုရိုမိသားစုက အကြီးမားဆုံး အကြီးအကဲမိသားစုနှစ်ခု ဖြစ်သည်။ အကယ်၍ သူတို့က အညံ့ခံခဲ့လျှင် အကြီးအကဲမိသားစုများ၏ စကားပြောပိုင်ခွင့် တစ်ဝက်ကို ဆုပ်ကိုင်လိုက်ခြင်းနှင့် ညီမျှပေသည်။ ရှီရာက ဇိုလာအား ညှိနှိုင်းတိုင်ပင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
ရှီရာ မတုံ့ပြန်ဘဲ လောဆန်ကိုသာ ကြည့်နေသည်။ စတေလာ အံကြိတ်ပြီး လက်ထဲမှ မှော်တုတ်တံကို ဝှေ့ရမ်းလိုက်သည်။ လော်ဆန် အော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ် အဆက်မပြတ် ပေါက်ကွဲထွက်သွားသည်။ သူက ချက်ချင်းပင် သွေးများဖုံးလွှမ်းနေလျက် သတိလစ်သွားခဲ့သည်။
“မဒမ်။ သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအား ကြေမွသွားပြီးတော့ သူ့ တစ်သက်လုံး လေ့ကျင့်နိုင်တော့မှာ မဟုတ်ပါဘူး။ ကျွန်မမှာ မြေးတစ်ယောက်ပဲ ရှိတာပါ။ သူသေသွားရင် ကျွန်မရဲ့ တိုက်ရိုက်မျိုးဆက်ပျက်သွားလိမ့်မယ်။ မဒမ်။ သူ့ရဲ့အသက်ကို ချမ်းသာပေးပါ။”
ထိုသို့ပြောနေချိန်တွင် စတေလာ၏အသံ၌ ရှိုက်သံ အနည်းငယ် ပါနေခဲ့သည်။ စတေလာက စွမ်းအားကို မထိမ်ချန်ခဲ့ကြောင်း အားလုံး သေသေချာချာ မြင်ခဲ့ရသည်။ လော်ဆန်သည် လုံးဝကို အသုံးမဝင်သောသူ ဖြစ်သွားလေပြီ။
ဇိုလာ၏မျက်နှာက ၎င်းကို စိတ်လှုပ်ရှားသွားဟန်မတူဘဲ ပုံမှန်ပင် ဖြစ်နေသည်။ သူ၏အမြင်၌ ကြယ်ကြွေတမန်အင်ပါယာ၏ အခြေအနေမှာ သူနှင့် ဘာမှမဆိုင်ပေ။ တပည့်လက်ခံသည်ကို မပြောနှင့်။ စတေလာကို အသက်ချမ်းသာပေးခြင်းက ရှီရာအား မျက်နှာသာပေးနေခြင်း ဖြစ်သည်။
“မဒမ်..” စတေလာက ဇိုလာအရှေ့တွင် ဒူးတစ်ဖက်ထောက်လိုက်ပြီး ငိုချတော့သည်။ ဘိုးလ်မိသားစုခေါင်းဆောင် ရှူမီယာလည်း ဒူးထောက်လိုက်၏။
“မဒမ် စတေလာ..” ချန်လွေ့ သက်ပြင်းချလိုက်သည်။ “ခင်ဗျားမှာ မြေး တစ်ယောက်ပဲ ရှိတယ်။ ဒါပေမဲ့ ခင်ဗျားရဲ့မြေးက အဘွားတွေ ဘယ်လောက်ကို သူတို့ရဲ့ အချစ်ဆုံး မြေးတွေ၊ မြေးမတွေကို ဆုံးရှုံးစေခဲ့တာလဲ။ လော်ဆန် တစ်နေ့ ဒီလိုမျိုး ဖြစ်လာပြီးတော့ သူ့ကို အမြဲတမ်း အလိုလိုက်ခဲ့တဲ့ ခင်ဗျားက အရေးအကြီးဆုံး တာဝန်ကို ထမ်းထားရမယ်လို့ တွေ့ဖူးလား။”
စတေလာ သိမ့်သိမ့်တုန်သွားပြီး ခေါင်းငုံ့လိုက်သည်။ မှော်တုတ်တံကို ကိုင်ထားသော သူ၏လက် အနည်းငယ်တုန်ခါသွားသည်။ ၎င်းမှာ ဒေါသကြောင့် မဟုတ်ဘဲ ရှက်ရွံ့မှုကြောင့်သာ ဖြစ်သည်။ “အက်ဂ်ယော”ပြောတာ မှန်တယ်။ ငါက သားဖြစ်သူ ရှူမီယာကို တင်းကြပ်ခဲ့တယ်။ ဒါပေမဲ့ လော်ဆန်က ကလေးကတည်းက အလိုလိုက်ခဲ့တယ်။ သူလိုချင်တာအကုန် ငါပေးခဲ့တယ်။ သူ အပြင်မှာ အမှားတစ်ခုခု လုပ်ရင် သူ့ကို ကာကွယ်ပေးဖို့ ငါ အစွမ်းကုန် ကြိုးစားခဲ့တယ်။ အဲဒါကြောင့်ပဲ ဒီနေ့လို ဝမ်းနည်းစရာကောင်းဆုံး အကျိုးဆက်ကို ဖြစ်လာစေခဲ့တာ။
အမှန်တကယ်၌ စတေလာ၏ အလိုလိုက်ခြင်းနှင့် မသိကျိုးနွံပြုခြင်းက လော်ဆန်ကို ဘေးအန္တရာယ်ဖန်တီးစေခဲ့ရုံသာမက ဘိုးလ်မိသားစုကိုလည်း ကြံရာမရ ဖြစ်စေခဲ့သည်။ ယခုမှသာ စတေလာက သတိဝင်လာခြင်းဖြစ်သည်။ နောင်တနှင့် မုန်းတီးသောခံစားချက်များ ရောယှက်နေရင်း သူက တုန်လှုပ်နေရင်း လော်ဆန်ထံ မှော်တုတ်တံကို မြှောက်လိုက်သည်။ သူ၏လက်ဆစ်များ ဖြူဖွေးသွားပြီးနောက် သတ်ပစ်ရန် ပြင်လိုက်ဿည်။ ချန်လွေ့၏ ပုံရိပ်က မှော်တုတ်တံအရှေ့၌ ချက်ချင်းပင် ကာဆီးလိုက်လေသည်။
“နေရာတစ်ခု ရှာပြီးတော့ အဲဒီမှာ လော်ဆန်ကို တစ်သက်လုံး နေခိုင်းလိုက်။ သူ အဲဒီကနေ လုံးဝ အပြင်မထွက်ရဘူး။ သူ့မှာ နောက်ထပ် မျိုးဆက်သစ် ရှိလာမယ်ဆိုရင် မဒမ်-စတေလာက သင်ခန်းစာ ရလောက်ပြီလို့ ထင်ပါတယ်။ ဘယ်လိုထင်လဲ။ ဇိုလာ။”
လော်ဆန်ကဲ့သို့ ပုရွက်ဆိတ်တစ်ကောင်မှာ ဇိုလာအတွက် ပမွှားသာ ဖြစ်သည်။ ယခုတွင် သူ၏လူက ပြောလာပြီ ဖြစ်သည့်အတွက် မကြားချင်ယောင်ဆောင်၍ မရတော့ပေ။ “အိုး..”
တစ်သက်လုံး အကျဉ်းကျနေခြင်းက လော်ဆန်အတွက် သေခြင်းထက် မသက်မသာ ပိုခံစားရပေလိမ့်မည်။ သို့သော်လည်း ၎င်းက စတေလာအတွက် မျိုးဆက် ဆက်လက်ရှိနိုင်မည့် အခွင့်အရေးတစ်ခု ပေးသည်။ ၎င်းမှာ သဘောထား အကြီးမားဆုံး ဖြစ်ကြောင်း စတေလာ သဘောပေါက်သည်။ သူက ဇိုလာနှင့် ချန်လွေ့ကို လေးလေးနက်နက် အရိုအသေ ပြုလိုက်သည်။ “ကျေးဇူးတင်ပါတယ် မဒမ်-ဇိုလာ။ ကျေးဇူးတင်ပါတယ် ဆာ-အက်ဂ်ယော။ မဒမ်-ဇိုလာ။ မဒမ်ဆီကနေ ကျွန်မ တကယ်ပဲ မှော်ပညာ သင်ယူချင်ပါတယ်။ ကျွန်မရဲ့ဆန္ဒကို ဖြည့်ဆည်းပေးပါ။ မဒမ်။”
ဇိုလာက မျက်မှောင်ကြုတ်လိုက်စဉ် ချန်လွေ့က သူ့ကို အသာလေး ခေါင်းညိတ်ပြလိုက်သည်။ မစ်-နတ်မိမယ်နဂါးက ခဏ စဉ်းစားလိုက်သည်။ ဒါက နောက်ထပ် တောက်တိုမည်ရဖြစ်ဖြစ် စမ်းသပ်ပစ္စည်း တစ်ခုဖြစ်ဖြစ်ပါပဲ။ နောက်ဆုံး၌ သူက သဘောတူလိုက်၏။ “ကောင်းပြီလေ။”
စတေလာ စိတ်သက်သာရ ရသွားပြီး ရှီရာကလည်း ခေါင်းညိတ်လိုက်သည်။ တပည့်ဖြစ်ခြင်း၏ အရေးပါပုံက အပေါ်ယံတွင် မြင်ရသကဲ့သို့ မရိုးရှင်းလှပေ။ ယခုတွင် ဘိုးလ်မိသားစုက ဧကရီကို အမှန်တကယ် အညံ့ခံခဲ့လေပြီ။
ဘေးမှရပ်နေသူများက အရှင်းလင်းဆုံး မြင်ခဲ့ရသည်။ “အက်ဂ်ယော” အပေါ် ဇိုလာ၏ နာခံမှုက ဧကရီအဆင့်ထက်ပင် ရေးရေးလေး ကျော်နေကြောင်း မြင်သည့်အခါ အချို့က တိတ်တဆိတ် ကြောက်လန့်သွားကြသည်။ သူတို့က “အက်ဂ်ယော”၏ သြဇာနှင့် စွမ်းအားကို ပြန်လည်တွက်ချက်တော့သည်။
စတေလာ၏ ရွေးချယ်မှုက လိုင်ဖ်မိသားစု အကြီးအကဲ လန်တာစ်ကို တိတ်တဆိတ် ဆုံးဖြတ်ချက်တစ်ခု ချစေခဲ့သည်။ သူက ရှေ့တက်လာပြီး ရှီရာကို ပြောသည်။ “အခုတစ်ခေါက် ဘာစ်ရိုယာက လောဘကြီးပြီးတော့ မီရှန်မိသားစုက လာဘ်ငွေကို လက်ခံခဲ့တယ်။ ဒါက သွယ်ဝိုက်တဲ့နည်းနဲ့ မင်းသမီးစံအိမ်ကို ပြင်းထန်တဲ့ ဆုံးရှုံးမှုတွေ ဖြစ်စေခဲ့တယ်။ သူက မြို့စောင့်တပ်ဌာနကနေ နုတ်ထွက်သွားပြီးတော့ မိသားစုရဲ့ အပြင်းထန်ဆုံး ပြစ်ဒဏ်ကို လက်ခံပြီးပါပြီ။ မြို့စောင့်တပ်ခေါင်းဆောင် နေရာအတွက် သင့်တော်တဲ့သူတစ်ယောက်ကို ပြန်ရွေးချယ်ပေးပါ။”
မြို့စောင့်တပ်ခေါင်းဆောင် ဆိုသည်မှာ ရဲမှူးနှင့် ညီမျှပြီး အတော်လေး အရေးပါသော နေရာတစ်ခု ဖြစ်သည်။ လန်တာစ်၏ ထိုလုပ်ရပ်က မီရှန်မိသားစုနှင့် ဘိုးလ်မိသားစု ကိစ္စများကြောင့် ဆိုသည်မှာ သိသာပေသည်။ ၎င်းကို ဧကရီအတွက် လိုင်ဖ်မိသားစု၏ အပေးအယူဟု သတ်မှတ်၍ ရနိုင်ပေသည်။ မည်သို့ပင်ဆိုစေကာမူ ဘာစ်ရိုယာက ထိုအဖြစ်အပျက်၌ သိက္ခာကျဆင်းစေသော နေရာတစ်ခုတွင် ပါဝင်ခဲ့သည် မဟုတ်ပါလော။
ရှီရာ ခေါင်းညိတ်လိုက်သည်။ “ဘာစ်ရိုယာ နုတ်ထွက်တာကို ကျွန်မ သဘောတူတယ်။ မြို့စောင့်တပ်ခေါင်းဆောင်နေရာကို တိုရိုမိသားစုက မွန်တိုလာ တာဝန်ယူလိမ့်မယ်။”
ပုံမှန်ဆိုလျှင် “ဆန့်ကျင်ခြင်း”ကို မီရှန်မိသားစုနှင့် လိုင်ဖ်မိသားစုတို့က ဦးဆောင်ကြခြင်း ဖြစ်သည်။ ယခုတွင် မီရှန်မိသားစု ပြိုလဲသွားခဲ့ပြီး လိုင်ဖ်မိသားစုက စတင်၍ အခွင့်အရေးပေးလာသည်။ ရှီရာ၏ ယခင်နည်းလမ်းများအပြင် ယခုတစ်ခေါက် ကန့်ကွက်မှု မရှိခဲ့ပေ။
တိုရိုမိသားစုမှ ကိုဝင်နှင့် အခြားသူများကလည်း စိတ်ထဲ၌ ပျော်ရွှင်သွားကြပြီး အရှင်မကို ကျေးဇူးတင်ရန် အလျင်အမြန် ထွက်လာကြသည်။
“မီရှန်မိသားစု ပိုင်ဆိုင်မှုတွေအားလုံးကို ပြည်သူပိုင်သိမ်းမယ်။ ညကုန်သည်ကြီးများ အသင်းကို ဘိုးလ်မိသားစုက လက်လွှဲယူပြီးတော့ လိုင်ဖ်မိသားစုက အထောက်အပံ့ ပေးရမယ်။ အသေးစိတ် ကိစ္စတွေနဲ့ အကျိုးအမြတ်တွေကိုတော့ ရှင်တို့မိသားစုနှစ်ခု မျှဝေယူလိုက်ကြ။ ဒီတစ်ခေါက်ကို သင်ခန်းစာယူဖို့ပဲ ကျွန်မ ပြောချင်တယ်။ မီရှန်မိသားစုရဲ့ အမှားလိုမျိုး ထပ်မလုပ်ကြနဲ့။”
မီရှန်မိသားစု စီးပွားရေးကို ပြည်သူပိုင်သိမ်းလိုက်သည့်အတွက် စျေးကွက်ဝေစု၏ ကြီးမားသော အစိတ်အပိုင်းကို ရရှိနိုင်ပြီ ဖြစ်သည်။ အင်ပါယာတစ်ခုလုံး၏ စပျစ်နက်ဝိုင် ရောင်းချမှုများကို ခြယ်လှယ်ရုံဖြင့် သိသာလှသော အကျိုးအမြတ်များကို ရရှိနိုင်ပေမည်။
ရှီရာ၏ ရက်ရောသော နည်းလမ်းများက လူတိုင်းကို ထူးဆန်းသော အကြည့်များ ဖြစ်သွားစေသည်။ အထူးသဖြင့် ညကုန်သည်ကြီးများအသင်းမှ မိသားစု အဖွဲ့ဝင်များ၏ အံ့အားသင့်နေသော အမူအရာမှာ စကားလုံးဖြင့်ပင် ဖော်ပြ၍ မရတော့ပေ။ ယခင် ရီဂျန့်သာဆိုလျှင် ထိုအကျိုးအမြတ်များကို လက်ထဲ၌ မြဲမြဲမြံမြံ ဆုပ်ကိုင်ထားမည်မှာ သေချာပေသည်။ ဧကရီအရှင်မ၏ သတ္တိမှာ အိုဆိုင်ဒန် ယှဉ်နိုင်သည်ထက် များစွာ သာလွန်လှသည်။
စတေလာနှင့် လန်တာစ်တို့က အချင်းချင်း ကြည့်ပြီး အတူတူ အရိုအသေ ပြုလိုက်ကြသည်။
အဲလစ်က မျက်လုံးဝိုင်းဝိုင်းများဖြင့် မျက်တောင်ခတ်လိုက်သည်။ “အစ်မတော်။ မင်းသမီးစံအိမ်က အခု ပျက်စီးသွားပြီ။ အဲလစ်မှာ ပြဿနာနည်းနည်း ရှိနေတယ်။ အဲလစ် ရန်ပုံငွေထောင်ချင်တယ်။ မင်းသမီးစံအိမ် ပြန်တည်ဆောက်ဖို့အတွက်ကို ပါဝင်ဖို့ ဒီစ်ဂျာရို၊ အိုလီဗာ၊ ရီဒိုတန်၊ ရှူမီယာနဲ့ တခြားဆာတွေကို ဖိတ်ကြားလို့ ရမလား။”
အဲလစ်ခေါ်လိုက်သော လူအချို့က အစပိုင်း၌ သိမ့်သိမ့်တုန်သွားပြီးနောက် ပျော်ရွှင်သွားကြသည်။ အံ့အားသင့်သူများ ပိုများလာပြီးနောက် သူတို့က မင်းသမီးလေးကို အလေးအနက် ထားလာကြတော့သည်။
မင်းသမီးစံအိမ်မှဝိုင်မှာ ထိုအဖြစ်အပျက်ကြောင့် သက်တမ်းမရှည်ခဲ့သော်လည်း မီရှန်မိသားစု၏ ထိုကဲ့သို့လှည့်ကွက်မျိုး ပြုလုပ်ရခြင်းကို ကြည့်ခြင်းအားဖြင့် ထိုဝိုင်တွင် အလွန်ကြီးမားသော စျေးကွက်အလားအလာနှင့် အကျိုးအမြတ်များ ရှိသည်ကို မြင်နိုင်ပေသည်။ ၎င်းက နတ်ဆိုးဘုံတစ်ခုလုံး၏ ဝိုင်လုပ်ငန်းစျေးကွက်ကိုပင် သက်ရောက်နိုင်ချေရှိသည်။ အဲလစ်၏ “အခက်အခဲ” ဆိုသည်မှာ ဆင်ခြေမျှသာ ဖြစ်သည်။ အမှန်တကယ်၌ ၎င်းမှာ ဧကရီထံ အညံ့ခံခဲ့သော မိသားစုများနှင့် တော်ဝင်မိသားစုများကို ပိုက်ဆံပေးခြင်းနှင့် ညီမျှပေသည်။ အခြားရှုထောင်မှ ကြည့်မည်ဆိုလျှင် ၎င်းသည် အကျိုးအမြတ်ဖြင့် ပေါင်းစည်းခြင်းမျိုး ဖြစ်ပေသည်။
ထိုတောင်းဆိုချက်ကို ရှီရာ အနည်းငယ် အံ့အားသင့်သွားသည်။ သူက ကလေးဘဝကတည်းက သူ၏ကာကွယ်မှုအောက်တွင် ရှိနေခဲ့သော ထိုညီမလေးကို လေးလေးနက်နက်ကြည့်ပြီး အသာလေး ခေါင်းညိတ်လိုက်သည်။ “ဒါက မင်းသမီးစံအိမ် ကိစ္စပဲ။ ဒီလူကြီးမင်းတွေနဲ့ နင် ကိုယ့်ဘာသာ ညှိနှိုင်းလို့ရတယ်။”
ထိုနေရာမှ ရည်မှန်းချက်ကြီးမားသောသူများက မီရှန်မိသားစုကို သတ်ပစ်ခြင်းမှာ ဘုန်းတန်ဖိုးကို ပြသရန်ဆိုလျှင် ညကုန်သည်ကြီးများအသင်းမှာ ကြေအေးစေရန် ဖြစ်ကြောင်း နားလည်ကြသည်။ ယခု မင်းသမီးလေး၏ တောင်းဆိုချက်မှာ ကရုဏာတရား ဖြစ်သည်။ ထိုအဆင့်သုံးဆင့်က ရှီရာ ဆိုလိုချင်သည်ကို ပြသနေ၏။ ငါ့နောက်ကို လိုက်တဲ့သူ ကြီးပွားမယ်။ ဆန့်ကျင်တဲ့သူ သေမယ်။
ချန်လွေ့က တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ ဟုတ်တယ်။ ဆုပေးဒဏ်ပေး စနစ်ပဲ။ ဒီတစ်ခေါက် ရှီရာက မြို့တော်နဲ့ အင်ပါယာတစ်ခုလုံးကို အမှန်တကယ် ထိန်းချုပ်နိုင်လောက်ပြီ။