← Chapters

အသစ်အသစ်များ

Vol. 38 Ch. 580

အသစ်အသစ်များ

Vol. 38 Ch. 580

နေ့လယ်အချိန်တစ်ခုမှာပင် မီရှန်မိသားစုက ရှီရာ၏ သွေးနှင့်သံမဏိ မူဝါဒအောက်တွင် သုတ်သင်ခံလိုက်ရပြီး မီရှန်မိသားစုနာမည်လည်း ဖယ်ရှားခံလိုက်ရကာ ပိုင်ဆိုင်မှုများ အားလုံးကိုလည်း ပြည်သူပိုင်သိမ်းယူခဲ့သည်။ အန်ဂလေ ဦးဆောင်သော အဖွဲ့ဝင်များကိုလည်း ကွပ်မျက်ခဲ့သည်။

မီရှန်မိသားစု ချန်ထားခဲ့သော ရာထူးများနှင့် စျေးကွက်နေရာလွတ်များကို ကျန်ရှိသော အကြီးအကဲမိသားစုများက အလျင်အမြန် အစားထိုးလိုက်သည်။ ယခုတစ်ခေါက် ဧကရီ၏ ဆုံးဖြတ်ချက်ကို မိသားစုအားလုံး ထောက်ခံသော လက္ခဏာအမျိုးမျိုး ရှိနေခဲ့သည်။

ရှီရာနန်းတက်ပြီး တစ်လမပြည့်ခင်မှာပင် အင်အားကြီး အကြီးအကဲ မိသားစုတစ်ခုကို အမြစ်လှန်ပစ်ခဲ့သည်။ သွေးနှင့်သံမဏိ မူဝါဒက လူအများကို အံ့အားသင့်စေခဲ့သည်။ သို့သော်လည်း လူအများ မသိသေးသော အရာများစွာ ရှိနေသေးသည်။ ထိုထဲတွင် ခြံဝင်းအဖြစ်အပျက်ပြီးနောက် အလွှာအဆင့် အင်အားစု အပြောင်းအလဲများနှင့် အကြီးအကဲမိသားစုများ၏ အရေးပေါ် အတွင်းအစည်းအဝေးတို့ ပါဝင်နေသည်။

မင်းသမီးစံအိမ် အဖြစ်အပျက်မှာ ဧကရီအရှင်မ သေသေချာချာ ခင်းကျင်းထားသော ဇာတ်ကွက်တစ်ခုဖြစ်ကြောင့် မိသားစုအများအပြားက ခန့်မှန်းမိခဲ့ကြသည်။ အခင်းအကျင်း တစ်ခုလုံးက ရဲတင်းပြီး ဆန်းသစ်ကာ တစ်ခုနှင့်တစ်ခု ယှက်နွှယ်နေ၏။ မင်းသမီးစံအိမ်မှ နှံစားပြောင်းဝိုင်အရက်နှင့် သံတမန်တို့က သားကောင်ဖြစ်သူ မီရှန်မိသားစိုကု ဖြေရှင်းရန်အတွက် မိတ်ဆက်တစ်ခုသာ ဖြစ်သည်။ ပို၍နက်ရှိုင်းသော ရည်ရွယ်ချက်မှာ အကြီးအကဲမိသားစုများကို ဟန့်ထားရန် မီရှန်မိသားစုကို သတိပေးချက် တစ်ခုအနေဖြင့် အသုံးပြုပြီး ဆုံးဖြတ်ချက်ချမည့်အာဏာကို အမှန်တကယ် ချုပ်ကိုင်ရန် ဖြစ်သည်။

ရှီရာ၏နည်းလမ်းမှာ သက်သက်မဲ့ သတ်ပစ်ခြင်း မဟုတ်ပေ။ ပထမဆုံးအနေဖြင့် သူက ဘိုးလ်မိသားစုကို အရင်ဆုံး အညံ့ခံစေပြီး လိုင်ဖ်မိသားစုကို လက်လျှော့စေခဲ့သည်။ ထို့နောက် သူက မိသားစုအသီးသီးကို စည်းရုံးပြီး တော်ဝင်မိသားစုနှင့် အရေးပါသော အကြီးအကဲ မိသားစုများကို သူ့ဘက်တွင် တင်းတင်းကြပ်ကြပ် ချည်နှောင်ထားရန် ညကုန်သည်ကြီးများအသင်းနှင့် မင်းသမီးစံအိမ်တို့၏ အလွန်ကြီးမားသော အကျိုးအမြတ်များကို ထုတ်ပေးခဲ့သည်။ ပြောရမည်ဆိုလျှင် ဆယ်လင်းက ထိုကိစ္စ၌ ဧကရီ၏ အင်အားအကြီးဆုံးသော အပေးအယူ အသုံးချမှု ဖြစ်သွားခဲ့သည်။

အိုဆိုင်ဒန်ခေတ်တွင် အင်ပါယာတစ်ခုလုံးကို တုန်လှုပ်စေခဲ့သော “ရန်ပုံငွေ အလိမ်အညာ”တစ်ခု ရှိခဲ့သည်။ နယ်မြေအကြီးအသေးများသာမက မြို့တော်၏ တော်ဝင်မိသားစုများနှင် အဓိက အကြီးအကဲမိသားစုများပင် အလွန်ကြီးမားသော စီးပွားရေး ဆုံးရှုံးမှုများ ဖြစ်ခဲ့သည်။ ရှီရာ မီရှန်မိသားစု၏ ညကုန်သည်ကြီးများအသင်းမှ ဝေစုကို လက်လွှတ်ပြီး တော်ဝင်မိသားစုနှင့် အကြီးအကဲမိသားစုနှစ်ခုကို မင်းသမီး လက်လီစတိုး၏ ‌ဝေစုပိုင်ရှင်များ ဖြစ်စေခဲ့ခြင်းက မိသားစုအားလုံးအတွက် ခုခံ၍မရသော ဆွဲဆောင်မှုတစ်ခုဖြစ်သည့် အကျိုးအမြတ် အများအပြားကို ရောင်းချသကဲ့သို့ သ‌ဘောသက်ရောက်ပေသည်။

အမှန်တွင် တကယ့် စတင်ဦးဆောင်သူမှာ ရှီရာမဟုတ်ဘဲ “မစ်-အမှောင်နတ်ဆိုး” ဖြစ်သည်။ ယခုတွင် လျို့ဝှက်ထောက်လှမ်းရေးဌာနမှ မစ်-လျို့ဝှက်ထောက်လှမ်းရေးက သူဌေးဖြစ်သူ ဧကရီအရှင်မအရှေ့တွင် ရှိနေသည်။ ခန်းမထဲ၌ တတိယတစ်ယောက် မရှိပေ။

“ဒါက ဘာသဘောလဲ။” ရှီရာက အစ်ဇဘယ်လာ၏လက်ထဲ၌ စာရွက်ကို ကြည့်လိုက်သည်။

အစ်ဇဘယ်လာက လက်ဖြန့်ပြသည်။ “ဒါက နုတ်ထွက်စာပါ။”

ရှီရာ၏အကြည့် အနည်းငယ် ထူးဆန်းသွားပြီး စာရွက်ကို အစ်ဇဘယ်လာထံ လှန်ပြလိုက်သည်။ “ရှင် နောက်ထပ် ဘာမှ မရေးတော့ဘူးလား။”

စာရွက်ပေါ်တွင် “အလုပ်ထွက်စာ”ဟူသော စကားလုံးတစ်လုံးသာ ရှိပြီး ဘာမျှ ထပ်မရှိပေ။ ချန်လွေ့သာ ရှိနေလျှင် “ဒီနှစ်ရဲ့ အကြမ်းဆုံး အလုပ်ထွက်ခြင်း” ဟူ၍ ချီးမွမ်းလောက်မည်မှာ သေချာပေသည်။

“ထပ်ရေးဖို့ လိုလို့လား။”

“လိုတော့ မလိုဘူး။ ဒါပေမဲ့ ရှင်းပြတာကို ကျွန်မ လိုချင်တယ်။”

“ရှင်းပြဖို့ပဲ လိုတာလား။” အစ်ဇဘယ်လာက စိတ်ဝင်တစားနှင့် မေးလိုက်သည်။ “ဒါဆိုရင် ကျွန်မ ထွက်သွားနိုင်ပြီလား။ အသတ်မခံရတော့ဘူးလား။”

“ဘယ်လိုထင်လဲ။” ရှီရာက အဖြေမတောင်းသော မေးခွန်းမျိုး မေးလိုက်သည်။ ထိုခန်းမထဲ၌ အခြားသူများ မရှိပေ။ သူတို့နှစ်ယောက် ပြောနေသောစကားများမှာ ဧကရီနှင့် လျို့ဝှက်ထောက်လှမ်းရေးဌနာ ခေါင်းဆောင်တို့အကြားရှိ သူဌေး-အလုပ်သမား ဆက်ဆံရေးမျိုး မဟုတ်ပေ။ သိမ်မွေ့သော ဆက်ဆံရေးရှိသည့် အမျိုးသမီး နှစ်ယောက်နှင့် ပိုတူနေသည်။

“ကျွန်မ တကယ် ရှင်းပြလို့ရလား။ ဘာအချုပ်အနှောင်မှ မရှိဘဲနဲ့လား။”

“ပြောပါ။”

“ဒါဆို ရှင်းပြပါမယ်။” အစ်ဇဘယ်လာက ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်သည်။ သူက ရှင်းပြမည်ဟု ပြောသော်လည်း မေးခွန်းထုတ်လိုက်၏။ “အဲလစ်က အမှောင်လ လော့ဒ် နေရာအတွက် အကောင်းဆုံး မဟုတ်လား။”

ရှီရာ၏မျက်လုံးများက အစ်ဇဘယ်လာကို ကြည့်နေရင်း အနည်းငယ် အေးစက်မှု ပြသလိုက်သည်။ အစ်ဇဘယ်လာ၏ အစိမ်းရောင်မျက်လုံးများကလည်း ရှီရာကို တည့်တည့်ပင် စိုက်ကြည့်နေသည်။

သူတို့နှစ်ယောက် အချိန်အတော်ကြာ စောင့်ကြည့်ပြီးနောက် ရှီရာက အသာလေး မျက်စိမေးလိုက်သည်။ ထို့နောက် မသိမသာ ပြန်ဖြေသည်။ “ရှင့်နုတ်ထွက်တဲ့ အကြောင်းရင်းက မလုံလောက်ဘူး။ အဲဒါကြောင့် ကျွန်မ ငြင်းမယ်။”

အစ်ဇဘယ်လာ ပုခုံးတွန့်လိုက်သည်။ “ဒီလိုဆိုမှတော့ ကျွန်မရဲ့အလုပ်တွေ သွားလုပ်လိုက်ပါဦးမယ်။ ဒီမှာ အကြာကြီးနေဖို့ ကျွန်မမှာ အချိန်အများကြီး မရှိဘူး။”

သူက အကျိုးသင့်အကြောင်းသင့် ပြောနေပုံရသည်။

မစ်-လျို့ဝှက်ထောက်လှမ်းရေးက နောက်လှည့်ကာ လက်ကိုဝှေ့ရမ်းပြီး အေးအေးဆေးဆေး လမ်းလျှောက်ထွက်သွားလိုက်သည်။ သုံးလေးလှမ်းလျှောက်ပြီး သူ ရပ်လိုက်ပြန်သည်။ “ဧကရီ အရှင်မ။ တစ်ခုခု ပြောစရာ မရှိဘူးလား။”

ရှီရာက အသာလေး ခေါင်းညိတ်လိုက်သည်။ “ရှင်ပြောတာ မှန်နိုင်ပါတယ်။ စတောရဲ့ အမှားမျိုး မလုပ်မိအောင် ကျွန်မ ကိုယ့်ကိုယ်ကိုယ် သတိပေးမှာပါ။ ဒါပေမဲ့ တချို့ကိစ္စတွေက နောက်တစ်ခါ မဖြစ်စေဖို့ မျှော်လင့်တယ်။”

“သဘောပေါက်ပြီ။” ရှီရာက အဲလစ်ကို အသုံးချသည့်ကိစ္စကို ပြောနေခြင်း ဖြစ်ကြောင်း ရှီရာ နားလည်သည်။ သူက ယခုတစ်ခေါက်တွင် အရှိန်မလျှော့ဘဲ တစ်ခါတည်း လမ်းလျှောက်ထွက်သွားလိုက်သည်။

ရှီရာက ဥအရွယ် သလင်းကျောက်တစ်ခုကို ကိုင်ထားသောလက်ကို အသာ‌လေး ဖွင့်လိုက်သည်။ ထိုသလင်းကျောက်က အဖြူရောင်နှင့် အမည်းရောင် ရှိ၏။ အတွင်းမှ စွမ်းအားအကုန်ကို စုပ်ယူလိုက်ပြီ ဖြစ်သည့်အတွက် အရောင်မှိန်နေခြင်း ဖြစ်သည်။ ရှီရာက တန်ဖိုးမရှိတော့သော ထိုသလင်းကျောက်တုံးကို လောကတစ်ခုလုံးရှိ အဖိုးတန်ဆုံး ရတနာ တစ်ခုသဖွယ် တိတ်တိတ်လေး စိုက်ကြည့်နေလိုက်သည်။ သူ၏ ခရမ်းရောင်မျက်လုံးထဲပ နူးညံ့သော အငွေ့အသက်တစ်ခု ပေါ်ထွက်လာသည်။

မြို့တော်၌ -

မီရှန်မိသားစု အပြစ်ပေးခံနေရစဉ် စစ်သည်အများအပြားက ပစ္စည်းအပုံလိုက် သယ်ဆောင်ပြီး တစ်အိမ်ချင်း လိုက်ဝေပေးသည်။ ၎င်းမှာ အချိန်တစ်ခုအတွင်း လှုပ်ရှားနိုင်သော အကြောင်းအရာများကို ပြသနိုင်သည့် အဆင့်အနိမ့်ဆုံး မှော်စာရွက် ဖြစ်သည်။ ကုန်ကျစရိတ်မှာ အတော်လေး နည်းပါးပြီး သာမန်သာ ဖြစ်သည်။ ထိုမှော်စာရွက်မှ အကြောင်းအရာများကြောင့် ပြည်သူများ အံ့အားသင့်သွားကြသည်။

ထိုထဲတွင် အကြောင်းအရာနှစ်ခု ရှိသည်။ ပထတစ်ခုမှာ ခေါင်းဆောင် အန်ဂလေမီရှန်၏ စိတ်ဓာတ်ကျနေသောပုံအပါအဝင် မီရှန်မိသားစု၏ အမျိုးမျိုးသော ပြစ်မှုများကို အသေးစိတ် စာရင်းပြုစုထားခြင်း ဖြစ်သည်။ အောက်ဘက်မှ “လှုပ်ရှားမှုပုံရိပ်” သည် ဧကရီအရှင်မ လက်မှတ်ထိုးထားသော သတ်မိန့် ဖြစ်သည်။ ရှီရာက မြို့တော်မှာ ပြည်သူများအား အင်ပါယာ၏ သစ္စာဖောက်များကို မကာကွယ်ရန် အမိန့်ပေးခဲ့သည်။ မြို့စောင့်တပ်ဌာနအား ကြွင်းကျန်သူအကြောင်း သတင်းပေးသူများကို ဆုချီးမြှင့်မည် ဖြစ်သည်။

ဒုတိယတစ်ခုမှာလည်း မျက်စိကို ဖမ်းစားနိုင်ပေသည်။ ၎င်းမှာ တိုက်ပွဲဘောလုံး ပွဲစဉ်တစ်ခုအကြောင်း ဖြစ်သည်။ ထိုပွဲစဉ်မှာ မီးတောက်ဖလား အမည်ရှိပြီး ယနေ့ည ပြိုင်ကွင်း၌ ကျင်းပပေမည်။ အင်ပါယာအစောင့်အဖွဲ့နှင့် မြို့တော်ညွန့်ပေါင်းအဖွဲ့တို့ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

အင်ပါယာအစောင့်အဖွဲ့မှာ ယခင်က အမှောင်လနယ်မြေတွင် ရှိခဲ့စဉ်အချိန် ရှီရာ၏ သွေးနီ ဗိုလ်ခြေ ဖြစ်သည်။ တိုက်ပွဲဘောလုံး မွေးဖွားရာနေရာမှာ အမှောင်လ ဖြစ်သည်။ အင်ပါယာအစောင့်အဖွဲ့သည် နတ်ဆိုးဘုံ၌ အတော်ဆုံးထဲ၌ ပါဝင်သည်။ မြို့တော် ညွန့်ပေါင်းအဖွဲ့မှာ မြို့တော်ရှိ နာမည်ကျော် တိုက်ပွဲဘောလုံး အသင်းများ စုစည်းထားခြင်း ဖြစ်ပြီး နေရာတစ်ခုစီတွင် လူအများရင်းနှီးကြသော နာမည်ကျော် ကစားသမား တစ်ယောက် ပါဝင်သည်။ ထိုပွဲစဉ်မှာ အမြင့်ဆုံးအဆင့်တွင် ရင်ဆိုင်ကြမည့် အံ့မခန်း ပွဲစဉ်တစ်ခု ဖြစ်သည်။ တိုက်ပွဲဘောလုံး ပရိသတ်များအတွင် ၎င်းမှာ စားသောက်ပွဲနှင့် မကွာခြားလှပေ။

ထိုပွဲစဉ်က လွန်ခဲ့သော သုံ‌လေးရက်၌ မြို့တော်သို့ ပျံ့နှံ့သွားခဲ့သည်။ ဧကရီအရှင်မနှင့် အရိပ်နက်အင်ပါယာမှ သံတမန်များပင် ပွဲကြည့်စင်သို့ ကိုယ်တိုင် လာရောက်ကြည့်ရှုကြမည် ဖြစ်သည်။ လက်မှတ်စျေးနှုန်းလည်း အံ့အားသင့်ဖွယ်ရာ အမြင့်အထိ ရောက်ရှိသွားပြီးနောက် လက်မှတ်တစ်စောင် ရရှိရန်ပင် ခက်ခဲသွားခဲ့သည်။

မြို့တော်သည် အခြားနယ်မြေများကဲ့သို့ မဟုတ်ပေ။ အင်အားကြီးပြီး အစွမ်းထက်သော လူများစွာ ရှိသည်။ တိုက်ပွဲဘောလုံး ကစားပွဲ အများစု၌ လက်မှတ်များ မရောင်းချခင်တွင် လက်မှတ်အများအပြားကို အလိုအလျောက် ချန်ထားပြီး စျေးကြီးပေး၍ မဝယ်နိုင်ပေ။ ယခုတစ်ခေါက်တွင်လည်း ထိုအတိုင်းပင် ဖြစ်သည်။

သာမန်ပွဲကြည့်ပရိသတ်များက လက်မှတ်မရရှိသည့်အတွက် စိတ်ပျက်ကြပြီး ပြိုင်ကွင်း အပြင်ဘက်၌ ကာဆီး၍ပင် ပြဿနာ ရှာတတ်ကြသည်။

မှော်စာရွက်ပေါ်၌ လက်မှတ်မရှိသော ပရိသတ်များက ဗဟိုပလာဇာနှင့် အဓိက လမ်းများပေါ်၌ စောင့်နေနိုင်ကြောင်း သေသေချာချာ ရေးထားခဲ့သည်။ ဧကရီအရှင်မ ထိုအချိန်၌ လူတိုင်းအတွက် အံ့အားသင့်စရာတစ်ခု လုပ်ပေးမည် ဖြစ်သည်။

ညရောက်လာသောအခါ ဗဟိုပလာဇာနှင့် အဓိကလမ်းမကြီးပေါ်၌ လူအများ ပြည့်နှက်နေခဲ့သည်။ အ‌စောင့်စစ်သည်များကလည်း ထိုနေရာ၌ အစီအစဉ်တကျ ရှိနေကြသည်။ အခွင့်အရေးကိုမြင်သော လမ်းဘေးစျေးသည်များကလည်း လူအုပ်ကြီးထဲသို့ အပြေးဝင်ပြီး ပိုက်ဆံရှာကြတော့သည်။

ပြိုင်ကွင်း၌ မီးတောက်ဖလား စတင်တော့မည်အချိန် ဖြစ်သည်။ လူအများအပြားက သိချင်စိတ်ဖြင့် စောင့်ဆိုင်းနေကြသည်။ ထိုအချိန်၌ ဗဟိုပလာဇာရှိ အလွန်ကြီးမားသော အနက်ရောင်သလင်းကျောက်ပြားမှ တောက်ပသော အ‌လင်းရောင်တစ်ခု ရုတ်တရက် ထွက်လာပြီး လှုပ်ရှားမှု ပုံရိပ်များကို ပြသခဲ့သည်။ ၎င်းသည် အလွန်ကြည်လင်ပြီး လူတိုင်း၏ မျက်လုံးများကိုပင် ချက်ချင်းပင် ဆွဲဆောင်နိုင်ခဲ့သည်။ ထို့နောက် ၎င်းက အားပေးသံများအဖြစ် ပြောင်းလဲသွားကာ ထိုပုံရိပ်များသည် တိုက်ပွဲဘောလုံး ကစားပွဲ ဖြစ်နေ၏။ နှစ်ဖက်လုံးမှ ဝတ်စုံများနှင့် အမူထမ်းများကို ကြည့်ခြင်းအားဖြင့် ၎င်းမှာ ယနေ့ ပြိုင်ကွင်းမှ ကစားပွဲ အတိအကျပင် ဖြစ်သည်။

စျေးကြီးပေး၍ပင် ကြည့်၍မရနိုင်သော ထိုပွဲကို ထိုနေရာ၌ အခမဲ့ ကြည့်နိုင်နေသည်။ ကွင်းအတွင်း အခြေအနေကဲ့သို့ မမြူးကြွသော်လည်း ထိုစိတ်မရှည်သော ပရိသတ်များအတွက် သေချာပေါက်ပင် အချိန်ကိုက် အကူအညီတစ်ခု ဖြစ်သည်။

မျက်နှာပြင်ပေါ်၌ ပုံရိပ်များ ရှိရုံသာမက အသံများကလည်း အတော်လေး လိုက်ဖက်ညီလှသည်။ ပွဲအတွင်းမှ အားပေးသံများနှင့် လေချွန်သံများအပြင် နှစ်ဖက်စလုံးမှ ကစားသမားများကို မိတ်ဆက်ပေးပြီး မှတ်ချက်ပေးသော မရင်းနှီးသည့် အသံတစ်ခုလည်း ရှိနေသည်။ ထိုကဲ့သို့ ဆန်းသစ်သော ပွဲသုံးသပ်ချက်ကို ပရိသတ်များ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။ တမင်တကာ ဆွဲပေးသော စကားများက လူတိုင်းကို ပွဲထဲသို့ စိတ်နှစ်သွားစေသည်။ အထူးသဖြင့် ဂိုးပေါက်နှင့်နီးသောအခါ လူတိုင်း၏ ခံစားချက်များက အထွတ်အထိပ်အထိ ရောက်ရှိသွားပြီး စိတ်လှုပ်ရှားစွာဖြင့် အားပေးလိုက်ကြသည်။

အောင်ပွဲခံပြီးနောက် ပလာဇာနှင့် အဓိကလမ်းများပေါ်ရှိ ဧကရီအရှင်က ခင်းကျင်းထားခဲ့သော သလင်းကျောက်ပြားများမှာ အလှသက်သက် မဟုတ်ဘဲ ပွဲစဉ်ကို တိုက်ရိုက်ထုတ်လွှင့်နိုင်သော မှော်ပစ္စည်းများဖြစ်ကြောင်း လူအများ သဘောပေါက် သွားကြသည်။ ထိုပစ္စည်း၏ လုပ်ဆောင်ချက်မှာ မှော်ဆက်သွယ်ရေးအဆောင်နှင့် ဆင်တူသော်လည်း ကွာခြားချက်မှာ ဆက်သွယ်ရေးအဆောင်နှင့် ဆက်သွယ်ရေး မျှော်စင်တို့က အချိန်အကန့်အသတ်ရှိပြီး ထိုပစ္စည်းမျိုးက အဆုံးမဲ့ဖြစ်ဟန်တူပြီး တစ်သက်လုံး ထုတ်လွှင့်နိုင်ပေသည်။

ပွဲပြီးသွားသောအခါ သလင်းကျောက်ပြား အရှေ့တွင် လူအများ နေနေကြပြီး အချိန်အတော်ကြာသည်အထိ မထွက်သွားကြသေးပေ။ သလင်းကျောက်ပြားပေါ်၌ ထင်းခနဲဖြစ်သော နောက်ထပ်စာကြောင်းတစ်ကြောင်း ရှိနေသည်။ မနက်ဖြန်ညတွင် အမှောင်လနယ်မြေမှ တိုက်ပွဲဘောလုံးပွဲစဉ်တစ်ပွဲကို တိုက်ရိုက်ထုတ်လွှင့်ပြသမည်။

လူအများက ပို၍ပင် အံ့အားသင့်သွားကြသည်။ မြို့တော်တင်မဟုတ်ဘူး၊ အဝေးမှာရှိတဲ့ အမှောင်လက ပွဲစဉ်တွေကိုတောင် “တိုက်ရိုက်ထုတ်လွှင့်ပြသ”လို့ ရနိုင်တာလား။ ဒီလိုဆိုရင် အနာဂတ်မှာ တခြားနေရာက ပွဲစဉ်တွေအားလုံးကို ကြည့်လို့ရပြီ မဟုတ်လား။

“အရှင်မ သက်ရှည်ပါစေ”ဟူ၍ တစ်သံတစ်သံက ဦးဆောင်လိုက်ပြီးနောက် မြောက်များလှစွာသော အသံများက တပြိုင်နက်တည်း ထွက်လာကြသည်။

နောက်တစ်ရက်တွင် စစ်သည်များက လှုပ်ရှားနေသော မှော်စာရွက်များကို စတင်ဖြန့်ဝေကြပြန်သည်။ ထိုအရာ၏နာမည်ကို “သတင်းစာ”ဟုခေါ်ပြီး မြို့တော်နှင့် နယ်မြေများတွင် ဖြစ်ပျက်နေသော နောက်ဆုံးရ အဓိကသတင်းများကို မှတ်တမ်း တင်ထားပြီး စာစောင်တစ်ခုစီက ထပ်မည်မဟုတ်ကြောင်း လူအများအပြား သိကြသည်။ ပထမဆုံး ၁၀စောင်မှာ လုံးဝ အခမဲ့ ဖြစ်သည်။ နောက်ပိုင်းတွင် ၎င်းကို သလင်းကျောက်ဖြူ ဒင်္ဂါးအနည်းငယ်ဖြင့် ဝယ်ယူနိုင်ပေမည်။

“အင်ပါယာနေ့စဉ်” ဒုတိယ စာစောင်တွင် ကိစ္စသုံးခုကို မှတ်တမ်းတင်ထား၏။

အံ့အားသင့်စရာ အကောင်းဆုံးမှာ ဧကရီရှီရာက အရာရှိများကို ဦးဆောင်ပြီး အင်ပါယာမှလူများကို လေးလေးနက်နက် သစ္စာဆိုခိုင်းခြင်း ဖြစ်သည်။ သစ္စာဆိုခြင်းတွင် တစုတစည်းတည်း ပေါင်းစည်းပြီး အင်ပါယာတစ်ခုလုံးကို ကြွယ်ဝတိုးတက်စေရန် ဖြစ်နိုင်သမျှ အရာအားလုံး ပြုလုပ်ရန် ပါဝင်သည်။ ရှီရာက အင်ပါယာ၏ ဂုဏ်ကျက်သရေကို သေသည်အထိ ကာကွယ်ရန် ကျိန်ဆိုခဲ့သည်။ ထို့နောက် သူက အခွန်နှုန်းများ လျှော့ချခြင်း၊ ပြည်သူ့လုံခြုံရေး တိုးမြှင့်ခြင်းနှင့် ထုတ်လုပ်ရေး ဆန်းသစ်မှုများကို ဆုချီးမြှင့်ခြင်းကဲ့သို့သော ပြည်သူများကို အကျိုးအမြတ် ရရှိစေမည့် ကိစ္စများကို တရားဝင် ကြေညာခဲ့သည်။ စာစောင်ထဲ၌ ကြယ်ကြွေတမန်ဓား အရှေ့တွင် ဧကရီနှင့် ဝန်ကြီးများ သစ္စာဆိုနေကြသော ပုံရိပ်တစ်ခုလည်း ရှိနေသည်။

ထိုကဲ့သို့ လူသိရှင်ကြား သစ္စာဆိုခြင်းက မြို့တော်မှ လူတိုင်း၏ စိတ်ဓာတ်ကို တက်ကြွစေခဲ့သည်။ သတင်းစာကလည်း “ရုပ်မြင်သံကြား” အနေဖြင့် ပြိုင်ပွဲများကို တိုက်ရိုက်ထုတ်လွှင့်ပြသနိုင်မည့် မှော်သလင်းကျောက်ပြားများကို ခမ်းခမ်းနားနားနှင့် မိတ်ဆက်ခဲ့ပြီး ၎င်းတွင် အစီအစဉ်တစ်ခုလည်း ပါဝင်သည်။ ညပိုင်း၌ ပရိသတ်များ စောင့်မျှော်နေကြသော အမှောင်လ၏ တိုက်ပွဲဘောလုံးပွဲအပြင် နေ့ခင်းပိုင်း၌ အစီအစဉ် နှစ်ခုလည်း ရှီသည်။ ပထမတစ်ခုမှာ ယန္တရားအစည်းအရုံးမှ ထုတ်လုပ်သော လက်နက်များနှင့် ချပ်ကာများ ထိမ်းသိမ်းနည်းကို သင်ပြပေးခြင်း ဖြစ်ပြီး ဒုတိယတစ်ခုမှာ မင်းသမီးစံအိမ်မှ လီလူက အမျိုးသမီးများအတွက် အရေပြားထိန်းသိမ်းသော နည်းလမ်းအချို့ကို မိတ်ဆက်ပေးခြင်း ဖြစ်သည်။

တတိယတစ်ခုမှာလည်း သတင်းကောင်း ဖြစ်သည်။ မင်းသမီးစံအိမ်က ပြန်လည် တည်‌ဆောက်နေဆဲ ဖြစ်သည့်အတွက် စျေးဝယ်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းရန် အလို့ငှာ ရနံ့မွှေး နှံစားပြောင်းဝိုင်အရက်ကို မင်းသမီးလက်လီစတိုး၌ အရေအတွက် အကန့်အသတ်ဖြင့် ရောင်းချမည် ဖြစ်သည်။

တော်ဝင်ဟိုတယ်၌ ခရောဖို့ဒ်က ရရှိထားသော သတင်းစာကို ကြည့်နေသည်။ သူ၏ ခံ့ညားသော အမူအရာက ဘေးဖက်မှ ဆယ်လင်းနှင့် အတူတူပင် ဖြစ်သည်။

“ဗိုလ်ချုပ်။ ရှင် ဘယ်လိုမြင်လဲ။”

“ငါ မြင်တာကတော့ ငါတို့ထင်ထားတာထက် ကျော်လွန်နေတဲ့ ကြယ်ကြွေတမန် အင်ပါယာရဲ့ အားကောင်းတဲ့ စည်းနှောင်မှုနဲ့ တိုက်ခိုက်ရေးစိတ်ဓာတ်ပဲ။ နောက်ဆုံး ရထားတဲ့ သတင်းအရဆိုရင် ရှီရာက အထက်လွှာက အသံတွေကို လုံးဝ ထိန်းချုပ်နိုင် သွားလောက်ပြီ။ အမှောင်လကနေ မြို့တော်ကိုရောက်တာ တစ်လတောင် မပြည့်သေးဘူး။ ဒါက မယုံနိုင်စရာပဲ။”

ဆယ်လင်းက ပြန်ဖြေသည်။ “ကျွန်မမှာ ဗိုလ်ချုပ်နဲ့မတူတဲ့ အမြင်တွေ ရှိတယ်။ ကျွန်မ မြင်တာက ရုပ်မြင်သံကြား၊ သတင်းစာ၊ နှံစားပြောင်းဝိုင်အရက် လိုမျိုး အသစ်အသစ်တွေ ယူဆောင်လာတဲ့ ကြောက်မက်ဖွယ်ရာ အင်အားတွေနဲ့ မရေမတွက်နိုင်တဲ့ စီးပွားရေးအခွင့်အရေးတွေနဲ့ အကျိုးအမြတ်တွေပဲ။ ဒီနေ့က အရှင်မ ပေးထားတဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ သတ်မှတ်ချိန်ပဲ။ ကျွန်မတို့...”

“အခု အခြေအနေက ငါတို့ မျှော်မှန်းထားတာထက်ကို ကျော်လွန်သွားပြီ။ အရှင်မကို ချက်ချင်း သတင်းပို့ရမယ်။” ခရောဖို့ဒ်က ပြတ်ပြတ်သားသား ပြောပြီးနောက် သက်ပြင်းချလိုက်သည်။ “ဒီတစ်ခေါက် ငါစိုးရိမ်မိတာက အရှင်မရဲ့ အကြံအစည်....”

All Chapters