ညှိနှိုင်းခြင်းနှင့် နည်းလမ်းများ
Vol. 38 Ch. 583
နောက်တစ်နေ့တွင် ရှီရာက ကောင်စီခန်းမ၌ အရိပ်နက်အင်ပါယာမှ သံတမန် နှစ်ဦးကို တွေ့ဆုံခဲ့သည်။
ယမန်နေ့သည် ကတ်သရင်းပေးခဲ့သော ၇ရက်ကာလ၏ နောက်ဆုံးနေ့ရက် ဖြစ်သည်။ ထိုနေ့သည် ရှီရာနှင့် ခရောဖို့ဒ်တို့ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် သဘောတူခဲ့သော ရက်လည်း ဖြစ်သည်။ သို့ရာတွင် သတင်းစာများနှင့် မှော်ရုပ်မြင်သံကြားကို မြင်ပြီးနောက် ခရောဖို့ဒ်က အထိုက်အလျောက် နည်းဗျူဟာ ပြောင်းလိုက်သည်။ သူက ညှိနှိုင်းရန်အချိန်ကို နှောင့်နှေးစေရန်အတွက် မင်းသမီးစံအိမ်မှ အဖြစ်အပျက်ကြောင့် ထိတ်လန့်နေရာမှ ဆယ်လင်း မသက်သာသေးသည့်အတွက် တစ်ရက် အနားယူရန်လိုအပ်ကြောင်း အကြောင်းပြခဲ့သည်။
အမှန်တကယ်၌ ခရောဖို့ဒ်က ဆက်သွယ်ရေး အဆောင်ကို အသုံးပြုကာ ကတ်သရင်းနှင့် ဆက်သွယ်ခဲ့ခြင်း ဖြစ်သည်။ ညွှန်ကြားချက်အသစ်များကို လက်ခံရပြီးနောက် သူက “နလန်ပြန်ထူလာသော” ဆယ်လင်းကို နန်းတော်သို့ ခေါ်သွားလိုက်သည်။
ကောင်းစီခန်းမထဲ၌ အဖြူရောင် စားပွဲရှည်တစ်လုံး ရှိနေသည်။ ရှီရာက စားပွဲအရှေ့တည့်တည့်ရှိ ပလ္လင်ပေါ်၌ ထိုင်နေသည်။ ဘေးတစ်ဖက်ဆီတွင်လည်း ကုလားထိုင်များ ရှိနေ၏။ ဘယ်ဖက်တွင် ဒီစ်ဂျာရို၊ စတေလာနှင့် အခြားသူများ ရှိနေသည်။ ညာလက်တွင် တစ်ယောက်မှ ရှိမနေဘဲ သံတမန်နှစ်ယောက်အတွက် ချန်ထားသည်မှာ သိသာနေပေသည်။
ခရောဖို့ဒ်နှင့် ဆယ်လင်းတို့က ရှီရာက ဦးညွှတ်ပြီး အရိုအသေ ပြုလိုက်သည်။ ရှီရာက လက်မြှောက်ပြီး ညာဘက်တွင် နေရာချထားကြောင်း ညွှန်ပြသည်။ ထို့နောက် စကားစပြောသည်။ “မစ်-ဆယ်လင်း။ မနေ့တစ်နေ့က ဖြစ်ခဲ့တာက ရှင့်ကို ထိတ်လန့် သွားစေခဲ့မှာပဲ။ အဲဒီပြန်ပေးဆွဲတာကို သွေးရောင်အင်ပါယာက သူလျှိုဖြစ်တဲ့ မီရှန်မိသားစု ဆိုတဲ့ အကြီးအကဲမိသားစုက စီစဉ်ခဲ့တယ်ဆိုတာကို အတည်ပြုပြီးသွားပါပြီ။ မီရှန်မိသားစုခေါင်းဆောင် အန်ဂလေရဲ့ တကယ့်သရုပ်မှန်က သွေးရောင်အင်ပါရဲ့ မားကစ်ဘွဲ့ရ တစ်ယောက်ပဲ။ သူက ကြယ်ကြွေတမန်အင်ပါယာမှာ နှစ်ပေါင်း များစွာကြာအောင် လှည့်ပတ်သွားလာနေခဲ့တာ။ အိုဆိုင်ဒန်ရဲ့ မပြည့်ဝမှုကြောင့် သူ့ကို အရင်က မသိခဲ့ဘူး။ အန်ဂလေ ပြန်ပေးဆွဲရတဲ့ အကြောင်းရင်းကတော့ သိသာပါတယ်။ သူက ငြိမ်းချမ်းရေး စကားဝိုင်းကို နှောင့်ယှက်ပြီးတော့ အင်ပါယာနှစ်ခုအကြားက ဆက်ဆံရေးကို ထိခိုက်စေချင်တာ။ အဲဒီကနေ သွေးရောင်အင်ပါယာကို အကျိုးအမြတ် ရစေဖို့အတွက်ပေါ့။ မီရှန်မိသားစုကို ကျွန်မ အမြန်ဆုံး ရှင်းပစ်ပြီးပြီ။ မစ်-ဆယ်လင်းကို အပြစ်ပြုခဲ့တဲ့ လော်ဆန်ဘိုးလ်ကလည်း ဒုက္ခိတ ဖြစ်သွားပြီ။ သူက သေတာတဲ့ ပိုဆိုးတဲ့ တစ်သက်တာ အကျဉ်းကျခံရလိမ့်မယ်။ ဒီလိုအပြစ်ဒဏ်မျိုးကို ဗိုလ်ချုပ် ခရောဖို့ဒ်နဲ့ မစ်-ဆယ်လင်းနဲ့ ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်။”
အကြီးအကဲမိသားစုတစ်ခုလုံး သုတ်သင်ခံလိုက်ရပြီး အခြားအကြီးအကဲမိသားစု၏ ဆက်ခံသူများက (အပေါ်ယံ၌) ဒုက္ခိတဖြစ်သွားပြီး ရှင်လျင်နှင့် သေရခြင်းဖြစ်သော တစ်သက်လုံး အကျဉ်းချခဲ့ခြင်းတို့မှာ အမှန်ပင် အတော်လေး ပြင်းထန်သော အပြစ်ပေးမှု တစ်ခု ဖြစ်သည်။
သို့သော်လည်း ကြယ်ကြွေတမန်အင်ပါယာမှလူတိုင်း အထူးသဖြင့် စတေလာက အတွင်းထဲမှ ကိစ္စအားလုံးကို နားလည်ကြသည်။ သူတို့က မီရှန်မိသားစုအား အပြစ်ပုံချပေးသည့်အတွက် ဧကရီအရှင်မကို အလွန်ပင် ကျေးဇူးတင်နေခဲ့သည်။ လော်ဆန်ကို ကိုင်တွယ်ပုံက အပေါ်ယံ၌ အလွန်ပင် သနားစရာကောင်းသော်လည်း သူ့ကို ဇိုလာ အသက်ချမ်းသာပေးရန်အတွက် ဒုက္ခိတဖြစ်အောင် လုပ်ခဲ့သူမှာ စတေလာ ဖြစ်၏။ ၎င်းမှာ သံတမန်နှင့် လုံးဝ မသက်ဆိုင်ပေ။
၎င်းမှာ အဖွဲ့အဖြစ် ရပ်တည်ရခြင်း၏ အားသာချက် ဖြစ်သည်။ အကယ်၍ သူက ဧကရီထံ အညံ့မခံခဲ့လျှင် လော်ဆန်သာမက ဘိုးလ်မိသားစု တစ်ခုလုံးသည်ပင် ယခုတစ်ခေါက်၌ ပျက်သုဉ်းမည့် ဘေးအန္တရာယ်မှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ခရောဖို့ဒ်က ဆယ်လင်းကို ဖျပ်ခနဲကြည့်လိုက်ရာ ဆယ်လင်းက ချက်ချင်းပင် ရှေ့တက်လာပြီး တက်ကြွလျက် ပြုံးလိုက်သည်။ “ကျွန်မ ပြောခဲ့သလိုပဲ အရှင်က အိမ်ရှင်၊ ကျွန်မက ဧည့်သည်ပါ။ ကျွန်မမှာ လက်မခံနိုင်စရာ မရှိပါဘူး။ အရှင်မရဲ့ အကူအညီနဲ့ စိုးရိမ်ပေးတာတွေအတွက် ကျေးဇူးတင်ပါတယ်။”
ရှီရာက ခေါင်းညိတ်သည်။ “အခု ကျွန်မတို့က သွေးရောင်အင်ပါယာရဲ့ လျို့ဝှက်အကြံအစည်ကို သိသွားပြီဆိုတော့ နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ ဆက်ဆံရေးကို တည်ဆောက်ပြီးတော့ အင်ပါယာနှစ်ခုလုံး ကြွယ်ဝလာစေနိုင်ဖို့အတွက် ကျွန်မတို့က တစုတစည်းတည်း စည်းလုံးသင့်တယ်။”
ခရောဖို့ဒ်က ပြောသည်။ “အရှင်မ ပြောတာ မှန်ပါတယ်။ ကျုပ်တို့ကို မဟာကတ်သရင်းက တိုင်းပြည်နှစ်ခုရဲ့ ရင်းနှီးမှု တိုးမြှင့်ဖို့နဲ့ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ကြယ်ကြွေတမန်မြို့တော်ဆီကို စိတ်ရင်းနဲ့ ခရီးသွားဖို့ အမိန့်ပေးခဲ့တာပါ။”
နှစ်ဖက်လုံးမှာ အာလာပသလ္လာပများက ကောင်းမွန်လှသော်လည်း ရင်းနှီးမှု ဆိုသည်မှာ အပေါ်ယံ အခွံသက်သက်သာ ဖြစ်ကြောင်း သူတို့အားလုံး သိကြသည်။ အင်ပါယာ နှစ်ခုအကြား၌ အကျိုးအမြတ်ပါရှိသော ဆက်ဆံရေးတစ်ခုသာ ရှိ၏။
ဗိုလ်ကျသော အဖွဲ့တစ်ခုသာ ရှိနိုင်ပေသည်။ အင်အားကြီး သွေးရောင်အင်ပါယာ မရှိလျှင် ကြယ်ကြွေတမန်အင်ပါယာကို အရိပ်နက်အင်ပါယာ သိမ်းပိုက်သွားသည်မှာ ကြာပြီဖြစ်သည်။ ကြယ်ကြွေတမန်အင်ပါယာကလည်း ၎င်းကို ဖြေရှင်းရန်အတွက် ထိုအရေးအပါဆုံးအချက်ကို အသုံးချနေခဲ့သည်။ လော့ဒ်-သန်းခေါင်နေ အာဏာရှိခဲ့စဉ် သွေးရောင်အင်ပါယာနှင့် ကြယ်ကြွေတမန်အင်ပါယာအကြား အသက်ရှင်ရန်အတွက် ကတ်သရင်း ရုန်းကန်ခဲ့ရသလိုမျိုးပင် ဖြစ်သည်။
အင်ပါယာသုံးခုအကြားက ဆက်ဆံရေး ကစားပွဲမှာ အရှေ့အလယ်ပိုင်း ဟန်မင်းဆက် နောက်ဆုံးနှစ်များအတွင်း သုံးပြည်ထောင်ခေတ်မှ ချန်လွေ့ မှတ်မိသည်နှင့် အနည်းငယ် ဆင်တူပြီး အတော်လေး ပါးနပ်လှပေသည်။
အားနည်းသူနှင့် အားကြီးသူအကြား၌ တစ်ယောက်၏ ဆုံးရှုံးမှုမှာ အခြား တစ်ယောက်အတွက် အကျိုးအမြတ် ဖြစ်သည်။ သို့သော်လည်း သူတို့က နှစ်ပေါင်းများစွာကြာအောင် မြဲမြဲမြံမြံ အမြဲပင် ရပ်တည်နိုင်ခဲ့ကြသည်။ အင်ပါယာ သုံးခုထဲမှ မည်သူက အရင်ဆုံး ဖယ်ရှားခံရပြီး နောက်ဆုံး၌ မည်သူက အောင်နိုင်မှုကို ဆွတ်နူးနိုင်မည်ဖြစ်ကြောင်း မသိနိုင်သေးပေ။
အာလာပသလ္လာပ ပြောပြီးနောက် ကျန်ရှိသည်မှာ အပေါ်ယံများဖယ်ရှားပြီး အကျိုးအမြတ်အတွက် ဆွေးနွေးညှိနှုင်းရန် ဖြစ်ပေသည်။
လက်ရှိတွင် ရှီရာက အကြီးအကဲမိသားစုများနှင့် တော်ဝင်မိသားစုများကို ဟန့်တားရန် ကရုဏာတရားနှင့် ဘုန်းတန်ခိုးကို အသုံးပြုသည့် အံ့အားသင့်စရာ လုပ်ရပ်တစ်ခုလုပ်ခဲ့ပြီး အင်ပါယာအပေါ် ထိန်းချုပ်မှုကို ကြီးကြီးမားမား တိုးတက်သွားစေသည်။ ကတ်သရင်း၏ မူရင်းအကြံအစည် ပျက်စီးသွားခဲ့သော်လည်း ခရောဖို့ဒ်၏ အပြုအမူက အလွန်ပင် ခိုင်မာနေဆဲဖြစ်ပြီး အရိပ်နက်အင်ပါယာစစ်တပ်ကို အမှောင်လတွင် စခန်းချရေး၊ မြေတိုးမြှင့်မှု လျို့ဝှက်ဖော်မြူလာများကို မျှဝေရေး နှင့် ဘဏ္ဍာရေးအရာရှိ ချန်လွေ့ကို အပါအဝင် “ပါရမီရှင်လဲလှယ်”ရေး အစရှိသော ခက်ခဲသည့် သတ်မှတ်ချက်များကို တောင်းဆိုသည်။
အစပိုင်း၌ ထိုသတ်မှတ်ချက်များက သည်းမခံနိုင်အောင်ဖြစ်ပြီး ခရောဖို့ဒ်ကို ရိုက်သတ်ချင်စိတ်များ ဖြစ်စေနိုင်သည်။ သို့သော်လည်း ဒီစ်ဂျာရို၊ စတေလာနှင့် အခြားသူများကလည်း ဆွေးနွေးညှိနှိုင်းရာ၌ အတွေ့အကြုံများကြသည့်အတွက် စိတ်ရှည်ကြသည်။ သူတို့က ခရောဖို့ဒ်၏ တိုက်စစ်တပ်များကို နည်းနည်းချင်း ကိုင်တွယ်ရန်အတွက် နှေးကွေးပြီး သတိထားသော နည်းဗျူဟာကို အသုံးပြုနေကြသည်။
အမှန်တကယ်တွင် ဆွေးနွေးညှိနှိုင်းကြသော နှစ်ဖက်လုံးတွင် နောက်ဆုံး ကန့်သတ်ချက် ရှိကြသည်။ ၎င်းကို အခြေခံ၍ ရောင်းချသူက စျေးမြင့်ပေးကာ ဝယ်သူက စျေးနှိမ့်ကာ ပြောရသည်။ အပြင်းအထန် ဆွေးနွေးညှိနှိုင်းပြီး နောက်ဆုံးတွင် ခရောဖို့ဒ် အလျှော့ပေးလာသည်။ အမှောင်လတွင် စစ်တပ်စခန်းချမည်ကို ပြန်လည် ဆွေးနွေး၍ ရနိုင်ပြီး မြေတိုးမြှင့်မှုနှင့် တိုက်ပွဲဘောလုံး ဖော်မြူလာများအတွက် အခြား နည်းလမ်းတစ်ခုကို စဉ်းစား၍ ရနိုင်သည်။ သို့သော်လည်း သူတို့က “ပါရမီရှင်လဲလှယ်”ရေးတွင် ခေါင်းမာနေကြပြီး ချန်လွေ့ကို ရရှိရန် စိတ်ပိုင်းဖြတ် ထားကြသည်။
လက်ရှိအခြေအနေအရ အရိပ်နက်အင်ပါယာ၏ အပြုအမူက အေးအေးဆေးဆေး ဖြစ်နေပြီး ၎င်းမှာ ကောင်းမွန်သော အစတစ်ခု ဖြစ်သည်။ ကြယ်ကြွေတမန်အင်ပါယာ၏ ခွန်အားက တစ်ဖက်ထက် အားနည်းသည်ဖြစ်ရာ လိုက်လျောမှုအချို့ကို ပြုလုပ်ရမည် ဖြစ်ပြီး လူအချို့ သို့မဟုတ် အကျိုးအမြတ်များ စတေးရမည်ကို ရှောင်လွဲ၍ မရနိုင်ပေ။ အကယ်၍ ချန်လွေ့ကို လွှဲပေးခြင်းက အင်ပါယာနှစ်ခုအကြား သဘောတူညီမျှကို ရောက်ရှိနိုင်မည့် သော့ချက်ဖြစ်နိုင်မည်ဆိုလျှင် သေချာပေါက် ထိုက်တန်ပေသည်။
ဆေးနွေးညှိနိုင်းကြသူများ ဖြစ်ကြသော ဒီစ်ဂျာရိုနှင့် စတေလာတို့က ဧကရီအရှင်မဘက်သို့ အာရုံစိုက်လိုက်သည်။ သို့သော်လည်း ဧကရီအရှင်မ၏ အမူအရာက လုံးဝ စိတ်မဝင်စားသကဲ့သို့ပင် မူလအတိုင်း ရှိနေခဲ့သည်။ သူတို့က အရေးပါသော ကိစ္စများကို ရှောင်တိမ်းခဲ့ရပြီး အဖြေတိတိကျကျ မပေးခဲ့ပေ။ ခရောဖို့ဒ်က အလွန်ပင် မကျေမနပ် ဖြစ်သွားပြီး မူလက ပြေလျော့ခဲ့သော အပိုင်းများအပေါ်၌ ပြန်လည် တင်းမာလိုက်ပြန်သည်။ သုံးလေးနာရီကြာ နှုတ်ရေးအရ စစ်တိုက်ပြီးနောက် နှစ်ဖက်လုံးက ထိရောက်သော သဘောတူညီချက် မရောက်ရှိခဲ့ပေ။
ထို့နောက် နေ့လယ်သို့ ရောက်ရှိလာပြီး ရှီရာက ခရောဖို့ဒ်နှင့် ဆယ်လင်းတို့အတွက် နေ့လယ်စာစားပြီး အနားယူရန် စီစဉ်ပေးခဲ့ပြီး ကြယ်ကြွေတမန်အင်ပါယာမှ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့က ထိုနေရာ၌ နေရစ်သည်။
ဒီစ်ဂျာရိုက စကားစပြောသည်။ “အရှင်မ။ ကျုပ် ပွင့်ပွင့်လင်းပြောတာကို ခွင့်လွှတ်ပေးပါ။ အရိပ်နက်အင်ပါယာရဲ့ ပါရမီရှင်လဲလှယ်ရေး လိုအပ်ချက်ကို လက်ခံဖို့ စဉ်းစားသင့်တယ်လို့ ကျုပ်ထင်တယ်။ ချန်လွေ့က ရှားပါးတဲ့ အတွင်းရေး လူတော် တစ်ယောက်ပဲ။ သူက အမှောင်လ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အများကြီး အကျိုးပြုခဲ့တယ်။ ဒါပေမဲ့ အခု အရှင်မက ထီးနန်းကို ဆက်ခံပြီးပြီဆိုတော့ အမှောင်လနယ်မြေကို မဟုတ်ဘဲ အခြေအနေတစ်ခုလုံးကို ခြုံငုံပြီးတော့ အာရုံစိုက်သင့်တယ်။ စတေးရမှာတွေကိုလည်း လုပ်ဖို့လိုအပ်ပါတယ်။”
စတေလာနှင့် အခြားသူများကလည်း ၎င်းကို ထောက်ခံကြသည်။ သို့သော်လည်း ရှီရာက ထိုတင်ပြချက်ကို စကားတစ်ခွန်းဖြင့် ငြင်းပယ်ခဲ့တယ်။ “မြေတိုးမြှင့်မှု ဖော်မြူလာကို အစားထိုးဖို့အတွက် မြေသလင်းကျောက်တွေ အများကြီးကို ကျွန်မတို့ သုံးလို့ရတယ်။ တိုက်ပွဲဘောလုံး ဖော်မြူလာနဲ့ မှော်ရုပ်မြင်သံကြားနည်းပညာကိုလည်း မျှဝေလို့ရတယ်။ ဒါပေမဲ့ ချန်လွေ့ကိစ္စကိုတော့ နည်းနည်းလေးမှ အလျှော့ပေးလို့ မရဘူး။”
ထိုကဲ့သို့ ပြတ်သားသော အပြုအမူကြောင့် ဒီစ်ဂျာရိုနှင့် အခြားသူများက အချင်းချင်း ကြည့်လိုက်ကြသည်။ လူသားလေးတစ်ယောက်က တကယ်ပဲ ဧကရီအရှင်မရဲ့ စိတ်ထဲမှာ ဒီလောက်တောင် တန်ဖိုးရှိတာလား။ ဒါက တိုက်ပွဲဘောလုံးနဲ့ မှော်ရုပ်မြင်သံကြားတို့ရဲ့ လျို့ဝှက်ဖော်မြူလာတွေထက်တောင် တန်ဖိုးရှိတာလား။
ယခင်ကဆိုလျှင် အချို့ကိုယ်စားလှယ်များနှင့် အကြီးအကဲမိသားစုများက အပြင်းအထန် ငြင်းခုန်ခဲ့ကြမည် ဖြစ်သော်လည်း ယခုတွင် သူတို့က အများကြီး မပြောရဲကြပေ။ သို့သော်လည်း စတေလာက မရဲတရဲ မေးကြည့်သည်။ “အရှင်မ စိုးရိမ်နေတာက အမှောင်လရဲ့ ကိုယ်စားလှယ်လော့ဒ်-အသီနာ...”
“ဒါက အသီနာကြောင့် မဟုတ်ဘူး။” ရှီရာက ဇဝေဇဝါဖြစ်နေသူများကို ကြည့်လိုက်သည်။ “ဒီမှာ အပြင်လူတွေ မရှိဘူးဆိုတော့ ကျွန်မ ရှင်တို့ကို နည်းနည်း ပြောပြမယ်။ တိုက်ပွဲဘောလုံး၊ မှော်ဆန်သွယ်စနစ်၊ ရနံ့မွှေး နှံစားပြောင်း ဝိုင်အရက်၊ သတင်းစာတွေနဲ့ မှော်ရုပ်မြင်သံကြားတွေ အရင်က နတ်ဆိုးဘုံမှာ ရှိခဲ့ဖူးလား။”
အားလုံး ခေါင်းခါကြသည်။ ၎င်းတို့မှာ လုံးဝ အသစ်အဆန်းများ ဖြစ်ကြသည်။ ဉာဏ်ပြေးသောသူအချို့က တုံ့ပြန်လိုက်ကြသည်။ သူတို့၏မျက်နှာက ထိတ်လန့်မှုများ ပြည့်နှက်နေ၏။ ဒီစ်ဂျာရိုက မနေနိုင်ဘဲ မေးလိုက်သည်။ “အရှင်မ ဆိုလိုတာက အဲဒါတွေကို....”
“ဟုတ်တယ်။” ရှီရာ ခေါင်းညိတ်လိုက်သည်။ “သူက ဒီအသစ်အသစ်တွေ တစ်ခုစီတိုင်းအတွက် အကျိုးပြုခဲ့တာ။ မှော်ရုပ်မြင်သံကြား၊ တိုက်ပွဲဘောလုံးနဲ့ မှော်ရေသွယ်စနစ်လိုမျိုး ဆန်းသစ်တဲ့ အကြံဉာဏ်တွေကို အမှောင်လမှာ ဖန်တီးခဲ့တာ။ သတင်းစာတွေကို သိပ်မကြာခင်က သူ တင်ပြတဲ့ အစီအစဉ်တစ်ခုကြောင့် ဆရာသခင် ဖွန်ဆက်နဲ့ ရှင်းရှင်းတို့က ဖန်တီးခဲ့တာ။ ရနံ့မွှေး နှံစားပြောင်းဝိုင်အရက် ချက်နည်းကိုလည်း ချန်လွေ့ပဲ ပေးခဲ့တာ။”
အားလုံးက တစ်ချိန်တည်းမှာပင် အံ့အားသင့်သွားကြသည်။ ဒီလူသားရဲ့ အစွမ်းအစက ဒီလောက်အဆင့်အထိ ရောက်နေမယ်လို့ မထင်ထားခဲ့ဘူး။ ထိုကိစ္စကို ရှီရာ မည်သည့်အတွက်ကြောင့် အလျှော့မပေးရကြောင်း နောက်ဆုံး၌ သူတို့ နားလည် သွားကြသည်။
လူတစ်ယောက်ကို ငါးပေးတာနဲ့ ငါးဖမ်းသင်ပေးတာက လုံးဝ ကွဲပြားတဲ့ အယူအဆ တစ်ခုပဲ။ ဒီလိုမျိုး ထူးချွန်ပြီးတော့ ပါရမီထူးတဲ့သူကို ဘယ်လိုလုပ် တခြားအင်ပါယာဆီ အရှုံးခံရမှာလဲ။
ရှီရာက လေးနက်သော အမူအရာဖြင့် ပြောသည်။ “ချန်လွေ့ အကြောင်းက ပေါက်ကြားလို့မဖြစ်တဲ့ ထိပ်တန်းလျို့ဝှက်ချက်ဆိုတာကို အားလုံး မှတ်ထားကြ။”
အားလုံး ခေါင်းညိတ်လိုက်ကြသည်။ အမှန်တကယ်၌ ဧကရီအရှင်မ အကြီးမားဆုံး လျို့ဝှက်ချက်တစ်ခုကို ထုတ်မပြောရသေးပေ။ ထိုလူသားမှာ ဧကရီအရှင်မ တော်ဝင်မင်းသမီး ဖြစ်ခဲ့စဉ်ကတည်းက ပထမဆုံးနှင့် တစ်ဦးတည်းသော ချစ်မြတ်နိုးရသည့် ကြင်ရာတော်မင်းသားလောင်း ဖြစ်သည်။ သူ့ကို ဧကရီအရှင်မထံ အခြားသူများထံ မည်သို့ပေးနိုင်မည်နည်း။
ချန်လွေ့က မိမိသည် ညှိနှိုင်းဆောင်ရွက်မှု၌ “အလိုအရှိဆုံးကုန်စည်”တစ်ခု ဖြစ်နေခဲ့ကြောင်း မသိခဲ့ပေ။ ထိုအချိန်၌ သူက [ အလင်းချေမှုန်းချိပ်ပိတ် ] အကြောင်းကို သက်တန့်တောင်ကြား၌ ဇိုလာနှင့်အတူ ဆွေးနွေးရန် အစ်ဇဘယ်လာကို ခေါ်သွားနေ၏။
“နေရာလွတ်မှော်ပညာက နင်ထင်သလို မရိုးရှင်းဘူး။” လူသားလောကသို့သွားရန် ချန်လွေ့၏ ရည်ရွယ်ချက်ကို မေးမြန်းပြီးနောက် ဇိုလာက ခေါင်းခါသည်။ “လူသား မှော်ပညာရှင်တွေက နတ်ဆိုးဘုံမှာရှိတဲ့ နေရာလွတ်အမှတ်အသားဂုဏ်သတ္တိရှိတဲ့ ကုန်ကြမ်းတွေကို သိနိုင်ပြီးတော့ တိကျတဲ့လမ်းကြောင်းတစ်ခုကို ဖန်တီးဖို့ စမ်းသပ်မှုတွေ မရေမတွက်နိုင်အောင် လုပ်ခဲ့ရတာ။ ပြီးတော့ သူတို့က နေရာလွတ်ကိုဖြတ်ပြီး ကျပမ်း တယ်လီပို့ခုန်ဖို့အတွက် အနီးစပ်ဆုံး တည်နေရာအမှတ်အသားတွေကို သုံးတယ်။ ဒီလို တယ်လီပို့ခုန်တာက အတော်လေး အန္တရာယ်များတယ်။ နေရာလွတ်မတည်ငြိမ်မှုထဲ ကျသွားရင် သုတ်သင်ခံလိုက်ရမှာ။ ငါ့မှာ အခု ဒီလိုမျိုးလမ်းကြောင်း မရှိဘူး။ ရှိရင်တောင် လူသားလောကရဲ့ နေရာလွတ်အမှတ်သားတွေကို သိနိုင်ပြီးတော့ စမ်းသပ်ဖို့အတွက် သုံးလေးလလောက် အချိန်ယူရမှာ။ ပြီးတော့ စက်ပစ္စည်းတွေနဲ့ တယ်လီပို့ခုန်တာ စမ်းသပ်ဖို့အတွက်....အနည်းဆုံး သုံးလေးနှစ်လောက် လိုအပ်တယ်....”
ချန်လွေ့၏ စိတ်အားထက်သန်မှု လျော့ပါးသွားပြီး ရုတ်တရက် စိတ်ဓာတ်ကျသလို ခံစားလိုက်ရသည်။ “ဒါဆိုရင် လူသားလောကို သွားဖို့အတွက် ဘာလုပ်လို့ ရသေးလဲ။”
“လူသားလောကမှာ နေရာမတူတဲ့ သတ္တဝါတွေကို ဆင့်ခေါ်ဖို့အတွက် အထူးမှော်စက်ဝိုင်းသုံးတဲ့ ဆင့်ခေါ်ပညာရပ်တစ်ခု ရှိသည်။ တကယ်လို့ နှစ်လုံးက သဘောတူညီပြီး စာချုပ်ချုပ်ထားမယ်ဆိုရင် နေရာလွတ်ကို ဘေးကင်းကင်းနဲ့ ဖြတ်သွားဖို့ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ပုံမှန်အားဖြင့်တော့ အဆင့်နိမ့်တဲ့ နတ်ဆိုးသတ္တဝါတွေကိုပဲ ဆင့်ခေါ်ကြတာ။ ပြီးတော့ ဒါက ကံနဲ့လည်းဆိုင်တယ်။ အဲဒါကြောင့် ဖြစ်နိုင်ဖို့ခက်တယ်။ သေချာတာကတော့ လက်ရှိအခြေအနေအတွက် ဒီနည်းလမ်းက မသင့်တော်ဘူး။”
“မင်းမှာ [ အလင်းချေမှုန်းချိပ်ပိတ် ] ကို ဖိနှိပ်နိုင်မယ့်နည်းလမ်း ရှိလား။”
“ကျိန်စာရဲ့ ကနဦးပိုင်း အခြေအနေဆိုရင်တော့ အမှောင်ဒြပ်စင်တွေနဲ့ ပယ်ဖျက်လို့ ရနိုင်လောက်တယ်။ ဒါပေမဲ့ ကျိန်စာက နှစ်ပေါင်း၂၀၀တောင် သူ့ရဲ့ဝိညာဉ်ထဲကို စိမ့်ဝင်နေခဲ့ပြီ။ အတင်းဖယ်ရှားလိုက်ရင် လက်ခံသူရဲ့ ဝိညာဉ်နဲ့အတူ ပျက်စီးသွားမှာပဲ။” ဇိုလာက ထပ်ကာထပ်ကာ စဉ်းစားလိုက်ပြန်သည်။ “အခု ငါက ထိုလိုမျိုးကျိန်စာရဲ့ နာကျင်မှုကိုပဲ ကောင်းကောင်းလေး ပြေလျော့အောင် လုပ်နိုင်တယ်။ နောက်ဆုံး ရောဂါထမယ့်အချိန်ကို မဆွဲပေးနိုင်ဘူး။ စမ်းသပ်ဖို့အတွက် ရင်းနီကို ဒီမှာပေးနေလိုက်။ ဟုတ်ပြီလား။”
ဇိုလာ၏ အဖြေက ချန်လွေ့၏ခံစားချက်ကို လေးလံသွားစေခဲ့သည်။ “အစ်ဇဘယ်လာ။ ခင်ဗျား ဒီမှာနေခဲ့။ ကျုပ် အခုပဲ အမှောင်လကို သွားမယ်။ မြေဒြပ်စင်ဘုရင်က အမှောင်လကို လာနေလောက်ပြီ။”
အစ်ဇဘယ်လာက အသာလေးပြုံးပြီး ခေါင်းညိတ်လိုက်သည်။ “အင်း...”
မိန်းမနှစ်ယောက်က သက်တန့်တောင်ကြားရှိ [ တယ်လီပို့လမ်းကြောင်း ] ထဲသို့ ပျောက်ကွယ်သွားသော ချန်လွေ့ကို ကြည့်နေလိုက်ကြသည်။ ဇိုလာက ခဏစဉ်းစားပြီး မေးမြန်းသည်။ “လူသားလောကဆီ သွားဖို့အတွက် တခြားနည်းလမ်းတစ်ခု ရှိတယ်ဆိုတာ ဘာလို့ သူ့ကို ပေးမပြောတာလဲ။”
အစ်ဇဘယ်လာက ပြန်မေးသည်။ “အဲဒီနည်းလမ်းက....သေချာလို့လား။”
ဇိုလာ ခေါင်းခါလိုက်သည်။ “ဟင်အင်း။ သူက နေရာလွတ်ကို တစ်ခါတည်း ဖောက်ဝင်သွားရင် လူသားတွေ တယ်လီပို့ခုန်ထာထက် ပိုပြီးတော့ အန္တရာယ် ကြီးမားသွားလိမ့်မယ်။ ငါတောင် နေရာလွတ် မတည်ငြိမ်မှုထဲ ကျသွားနိုင်တယ်။ နတ်ဘုရား-တစ်ပိုင်းအဆင့် ပုဂ္ဂိုလ်တွေတောင် ဒါက လွယ်လွယ်နဲ့ မလုပ်ရဲလောက်ဘူး။”
“နင်လည်း သူ့ကို သိမှာလဲ။ တခြားနည်းလမ်း မရှိတော့ဘူးဆိုရင် သူက သေချာပေါက် လုပ်လိမ့်မယ်။” အစ်ဇဘယ်လာ ပုခုံးတွန့်လိုက်၏။ “ဒီတော့ မိန်းမ တစ်ယောက်နေနဲ့ နင်ချစ်ရတဲ့ယောက်ျားက တခြားမိန်းမတစ်ယောက်အတွက် အသက်စတေးတာကို မြင်ချင်လား။”
အစ်ဇဘယ်လာက အချစ်ဆုံးသူငယ်ချင်း ခရိုဘဲလက်စ်ကို “ကယ်တင်”ရန်အတွက် အမှောင်လသို့ ရောက်လာစဉ် ဇိုလာနှင့် တွေ့ခဲ့ခြင်း ဖြစ်သည်။ သူတို့နှစ်ယောက်က အတော်လေး ရင်းနှီးခဲ့သည်။ ယခုတစ်ခေါက် ချန်လွေ့နှင့်အတူ သက်တန့်တောင်ကြားသို့ မလာခင် အစ်ဇဘယ်လာက ဇိုလာထံ အပြေးသွားခဲ့ပြီး လူသားလောကသို့ သွားနိုင်သော နည်းလမ်းများကို မေးမြန်းခဲ့ကာ ဇိုလာအား နောက်ဆုံးနည်းလမ်းကို လျို့ဝှက်ထားရန် ပြောခဲ့သည်။
“မမြင်ချင်ပါဘူး။”
ဇိုလာက ချက်ချင်းပင် ပြန်ဖြေလိုက်သည်။ ခဏစဉ်းစားပြီးနောက် သူက ထပ်ပြောသည်။ “ဒါပေမဲ့ သူက တာဝန်မယူတတ်တဲ့ ယောက်ျားတစ်ယောက်ဆိုရင် ငါ့ရဲ့ ယောက်ျား ဖြစ်လာမှာ မဟုတ်ဘူး။”
အစ်ဇဘယ်လာက ဇိုလာ၏ မျက်လုံးများအား ထူးဆန်းသော မျက်နှာ အမူအရာဖြင့်ကြည့်ရင်း အနည်းငယ် ကြက်သေသေသွားခဲ့သည်။ “ဟုတ်လား။ အရင်တုန်းက သူပြောခဲ့တဲ့ ငါနားမလည်ခဲ့တာ တစ်ခုခုကို ရုတ်တရက် သတိရသွားပြီ။ ကွန်မြူးနစ်တွေကို နာဇီတွေ လာဖမ်းတော့ ငါက ကွန်မြူးနစ်မဟုတ်လို့ နှုတ်ဆိတ်နေခဲ့တယ်။ ဂျူးတွေကို လာဖမ်းတော့ ငါက ဂျူးမဟုတ်လို့ နှုတ်ဆိတ် နေခဲ့တယ်။ အလုပ်သမား အစည်းအရုံးဝင်တွေကို လာဖမ်းတော့ ငါက အလုပ်သမား အစည်းအရုံးဝင်မဟုတ်လို့ နှုတ်ဆိတ်နေခဲ့တယ်။ ဘရင်ဂျီတွေကို လာဖမ်းတော့ ငါက ပရိုတက်စတင့် ဖြစ်နေလို့ နှုတ်ဆိတ်နေခဲ့တယ်။ သူတို့တွေ ငါ့ကို လာဖမ်းတော့ ငါ့အတွက် ဘယ်သူမှ မပြောပေးကြဘူး။ နင်ပြောချင်တာ .... ဒီလိုမျိုးလား။”
“ဘာ....” ဇိုလာ မျက်မှောင်ကြုတ်လိုက်သည်။ သူက တုံးဟန်ဆောင်နေခြင်း မဟုတ်ပေ။ “ငါ ဘာလို့ ဒါကို မကြားဖူးရတာလဲ။”
“သူက မိန်းမတိုင်းကို တစ်မျိုးစီ ပြောနေတာလား။ ဇိုလာ။ ကြည့်ရတာ သူ့ကို သင်ခန်းစာနည်းနည်းပေးရမယ် ထင်တယ်။”အစ်ဇဘယ်လာက ပြုံးရင်း ပြောသည်။ “ဒါပေမဲ့ ဒီမတိုင်ခင်တော့ [ အလင်းချေမှုန်းချိပ်ပိတ် ] ကို ဖြေရှင်းဖို့အတွက် နည်းလမ်းတွေ စဉ်းစားပေးဖို့ ကူညီပေးပါ။ ငါ နာကျင်ပြီးတော့ သေရမှာ ကြောက်တယ်။”
“အိုး...” ဇိုလာက ငေးငိုင်လျက် ပြန်ဖြေသည်။ “ရှီရာပြောတဲ့ အဲဒီသီချင်းကို ငါ ရုတ်တရက် နားထောင်ချင်သွားပြီ။ ဘာပါလိမ့်။ “လောကအဆုံးသတ်” ဆိုလား။”
မစ်-ဟန်ဆောင်ငေးငိုင်၏ စိတ်နှလုံးမကောင်းသော အမူအကျင့်နှင့် ပထမဆုံး ရင်ဆိုင်ရသည် ဖြစ်သည့်အတွက် အစ်ဇဘယ်လာ သိမ့်သိမ့်တုန်သွား၏။ “ကိစ္စမရှိပါဘူး။”
“ဒါနဲ့ သူက နင့်နေရာမှာ သုံးလေးနာရီလောက် သောက်စရာ တစ်မျိုးမျိုးကို သောက်တတ်တယ်လို့ အိုလီဖီးရက်စ်ပြောတာ ကြားဖူးတယ်။”
“သောက်စရာ ဟုတ်လား။”
“ဘာပြောတာ။”
“အဲဒါကို လက်ဖက်ရည်လို့ ခေါ်တယ်။ နည်းနည်းတော့ခါးတယ်။ နင် သောက်တတ်မှာ မဟုတ်ဘူး။”
“ဘာပြောတာ။”
“ကောင်းပြီလေ။ ငါ နင့်ကို သောက်ဖို့ လုပ်ပေးမယ်....”
“အိုး..”