ဝိုင်
Vol. 38 Ch. 572
အရိပ်နက်အင်ပါယာ၏ သံတမန်များ မြို့တော်သို့ ရောက်ရှိခဲ့သည်မှာ ရက်အတော် ကြာခဲ့ပြီဖြစ်သည်။ ဧကရီ ကက်သရင်းနှင့် ဧကရီ ရှီရာတို့ မည်သို့သော သဘောတူညီချက်များ ရရှိကြမည်နည်း၊ အင်ပါယာနှစ်ခုလုံး စစ်ဖြစ်မည်လား မဖြစ်မည်လား ဆိုသည်က လူအများ၏ အာရုံစိုက်မှု ဖြစ်လာခဲ့သည်။ သို့သော်လည်း လူထုက ထိုနိုင်ငံရေး အဖြစ်အပျက်များကို အာရုံစိုက်နေသည့်တိုင် စိုးရိမ်ရုံသာ တတ်နိုင်ပြီး ဝင်မပါနိုင်ချေ။ ဆုံးဖြတ်ချက်ချတဲ့ အာဏာဟာ အာဏာပိုင်လက်ထဲမှာ လုံးလုံးလျားလျား ရှိနေသည်။ အင်ပါယာရှိ အဓိကဖြစ်ရပ်များနှင့် နှိုင်းယှဉ်ပါက မြို့တော်တွင် မကြာသေးမီက အဖြစ်အပျက်တစ်ခုက လူအများ၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။
နတ်ဆိုးများသည် တိုက်ခိုက်ရသည်နှင့် ဝိုင်အရက်သောက်ရခြင်းကို နှစ်သက်ကြသည်။ ဝိုင်အရက်သည် အမျိုးသားနှင့် အမျိုးသမီးတို့၏ ဘဝအတွက် မရှိမဖြစ်လိုအပ်သော အရာတစ်ခု ဖြစ်လာခဲ့သည်။ အထူးသဖြင့် စစ်ပွဲကြီးကြီးမားမားမရှိဘဲ စားနပ်ရိက္ခာ လုံလောက်မှု ရှိသည့် အခြေအနေတွင် အရက်ဆိုင်သည် နယ်မြေတိုင်းတွင် စီးပွားရေးလုပ်ရန် အကျော်ကြားဆုံးနေရာတစ်ခု ဖြစ်သည်။
နတ်ဆိုးဘုံ တွင် ဝိုင်အရက်အမျိုးအစား နှစ်မျိုးရှိသည်။ ပထမတစ်ခုမှာ “အမူးဆန်”ဟု ခေါ်သော ထမင်းနှင့်ဆင်တူသည့် သီးနှံမှ ချက်ထားသော ဝိုင်အရက် ဖြစ်သည်။ ရိုးရှင်းသော ထုတ်လုပ်မှု လုပ်ငန်းစဉ်ကြောင့် ဆန်အရက်သည် ခါးပြီး သာမန်အရသာရှိသည်။ အဆင့်နိမ့်ဝိုင် အမျိုးအစား ဖြစ်၏။ အခြားတစ်မျိုးမှာ သစ်သီးဝိုင်ဖြစ်ပြီး အသီးများကိုအမွှေးအကြိုင်မျိုးစုံနှင့် ရောစပ်အချဥ် ဖောက်ထားသည်။ အရသာရှိ၍ အမျိုးအစားများစွာ ရှိသည်။ အလယ်အလတ်တန်းစားမှ အဆင့်မြင့် အမျိုးအစားထိ ရှိသည်။ ၎င်းတို့အနက် အရိပ်နက်အင်ပါယာ၏ ခရမ်းဘယ်ရီဝိုင်နှင့် ကြယ်ကြွေတမန်အင်ပါယာမှ စပျစ်နက်ဝိုင်တို့က လူကြိုက်အများဆုံးဖြစ်သည်။
ယခင်နေ့ရက်များအတွင်း မြို့ထဲရှိ နေရာအများအပြားသည် တစ်နေ့လုံး လူများဖြင့် ပြည့်နှက်နေခဲ့သည်။ အကြောင်းရင်းမှာ ရိုးရှင်းလှ၏။ တစ်ခါတစ်ရံတွင် ထိုနေရာမှ ထူးခြားသော ဝိုင်အနံ့များ ထွက်လာတတတ်သည်။ ထိုဝိုင်အနံ့မှာ အလွန်အမင်း စူးရှလှသောကြောင့် အနံ့ရရုံခြင့်ပင် မူးဝေသွားကြသည်။
“ဒါက ဘာဝိုင်အရက်လဲ။”
“မွှေးလိုက်တာ။”
“ဒါက စပျစ်နက်ဝိုင် မဟုတ်ဘူး။ ခရမ်းဘယ်ရီဝိုင်လည်း မဟုတ်ဘူး။”
“ဒါက သစ်သီးဝိုင်လည်း မဟုတ်ဘူး။ ဆန်အရက်လည်း မဟုတ်ဘူး။ ဒီလောက် မွှေးတဲ့ဝိုင်အနံ့ကို ငါတစ်ခါမှ မရဖူးဘူး။”
“....”
ထိုနေရာများမှာ မြို့တော်နေရာအနှံ့ ပြန့်ကျဲနေသော မင်းသမီးလက်လီစတိုး၏ ဆိုင်ခွဲများပးင် ဖြစ်လေသည်။ မူလက ထိုဆိုင်ခွဲများသည် အနီးအနားမှ ဆိုင်များတွင် လူကြိတ်ကြိတ်တိုးနေခြင်းကြောင့် ပိတ်သိမ်းရလုနီးပါး ဖြစ်သွားခဲ့သည်။ အခြားဆိုင်များက ပစ္စည်းတူများကို အရှုံးခံရောင်းနေခဲ့ခြင်းကြောင့် သူတို့၏စီးပွားရေးများ အလွန်အမင်း ဆိုးဝါးခဲ့ရသည်။ သို့ရာတွင် ထိုထူးဆန်းသည့် ဝိုင်ရနံ့များက စျေးဝယ်သူ အများအပြားကို ဆွဲဆောင်နိုင်ခဲ့သည်။ အများစုက ဝိုင်အတွက် ရောက်လာကြခြင်းဖြစ်သည်မှာ အသေအချာပင်။
ဝိုင်းအနံ့များက မှော်စက်ဝိုင်းတစ်ခုအတွင်းရှိ ဝိုင်ပုလင်းအသေးလေးမှ ထွက်လာခြင်း ဖြစ်သည်။ ထိုမှော်စက်ဝိုင်းတွင် ပျံ့နှံ့ပြီး အဆတိုးစေသော လုပ်ဆောင်ချက် ရှိနေသည်မှာ အသေအချာပင် ဖြစ်သည်။ ၎င်းက စျေးဝယ်သူ အများအပြားကို အပြင်းအထန် စိတ်ဝင်စားသွားစေသည်။ သူတို့က ၎င်းကို ခပ်မြန်မြန် အရသာခံချင်နေပြီး ဆိုင်အကူများအား ဝိုင်တန်ဖိုးကို မေးနေခဲ့သည်။
မင်းသမီးလက်လီစတိုးက ထိုဝိုင်ကို ရနံ့မွှေး နှံစားပြောင်းဝိုင်ဟုခေါ်ကြောင်း ပြန်ဖြေသည်။ ၎င်းမှာ မင်းသမီးလက်လီစတိုးက ထုတ်လုပ်ထားသော နောက်ဆုံးပေါ် ဝိုင်ကောင်း ဖြစ်သည်။ အရေအတွက်မှာ အကန့်အသတ်ရှိပြီး လက်ရှိတွင် ရောင်းရန်အတွက် မဟုတ်ပေ။ မူလက စန္ဒာအေး တည်းခိုခန်းဖြစ်ခဲ့သော တောင်ပိုင်းဆင်ခြေဖုံးရှိ မင်းသမီးစံအိမ်က မနက်ဖြန်ပြီးနောက် ဖွင့်လှစ်မည် ဖြစ်သည်။ ထိုအချိန်တွင် မင်းသမီးလက်လီစတိုး၏ အရေးကြီးပုဂ္ဂိုလ်ကတ်ပြားဖြင့် စားသောက်ရင်း အကန့်အသတ်နှင့် ထုတ်ထားသော ထိုဝိုင်များကို ဝယ်ယူနိုင်ပေမည်။
အရေးကြီးပုဂ္ဂိုလ်အဆင့်မြင့်လေလေ လျှော့စျေး ပိုမိုရနိုင်လေလေ ဖြစ်ပြီး၊ ဝိုင်ပိုများများ ဝယ်နိုင်မည် ဖြစ်သည်။ ဥပမာ သလင်းကျောက်ဖြူ အရေးကြီးပုဂ္ဂိုလ်က နှံစားပြောင်းဝိုင်အရက် တစ်ပုလင်း မှာယူနိုင်မည်ဖြစ်ပြီး ခရမ်းသလင်းကျောက် အရေးကြီးပုဂ္ဂိုလ်က နှံစားပြောင်းဝိုင်အရက် နှစ်ပုလင်းမှာယူနိုင်ကာ ၅% လျှော့စျေး ရရှိမည် ဖြစ်သည်။ သလင်းကျောက်နက် အရေးကြီးပုဂ္ဂိုလ်က သုံးပုလင်း ဝယ်ယူနိုင်ကာ ၁၀% လျှော့စျေး ရရှိပေမည်။ အထူးကတ်ပြားမရှိလျှင် စျေးပိုကြီးပြီး တစ်ယောက်စီက ခွက်အသေးတစ်ခွက်သာ မှာယူနိုင်ပေမည်။
လက်စသတ်တော့ ဒါက အသစ်ထုတ်ထားတဲ့ ဝိုင်ကိုး။ အားလုံး၏ မျက်လုံးများက ဝိုင်ခွက် အသေးလေးထဲရှိ တောက်ပနေသော အဝါရောင်ဝိုင်များ၏ အလှတရားအပေါ် ရောက်နေရင်း စိတ်မရှည်ဖြစ်နေကြသည်။ မှော်စက်ဝိုင်း၏ အားကောင်းသော ခုခံမှု စွမ်းအားကြောင့်သာ မဟုတ်လျှင် တစ်ယောက်ယောက်က ပြေးဝင်သွားပြီး သောက်လိုက်ပြီ ဖြစ်သည်။
မင်းသမီးလက်လီစတိုးက သန်ဘက်ခါ မင်းသမီးစံအိမ် ဖွင့်ပွဲနေ့အတွက် ကျင်းပရန် အခွင့်အရေးရယူကာ ရှားပါးသော အထူးစျေးလျှော့ပွဲတော်တစ်ခု ပြုလုပ်ခဲ့သည်။ အစုအဖွဲ့ ထုတ်ကုန်များ၂ခု၊ ၃ခု၊၄ခု ဝယ်ရုံဖြင့် သလင်းကျောက်ဖြူ၊ ခရမ်းသလင်းကျောက်နှင့် သလင်းကျောက်နက် အထူးကတ်ပြားများ ရရှိနိုင်မည် ဖြစ်သည်။ နတ်ဆိုးဘုံရှိ မည်သည့်မင်းသမီးလက်လီစတိုးတွင် သုံးစွဲထားသည်များ အတိုင်းအတာတစ်ခုအထိ ရောက်ရှိသွားလျှင် ထိုသူက အထူးသွေးသလင်းကျောက် အထူးကတ်ပြား ရရှိမည်ဖြစ်ပြီး အမြင့်ဆုံးအဆင့်မှာ ရွှေသလင်းကျောက် ကတ်ပြား ဖြစ်သည်။ ၎င်းကို ဂုဏ်သရေရှိ ဧည့်သည်များကိုသာ ပေးလေ့ရှိပြီး ရာထူးအဆင့်တစ်ခုကို ကိုယ်စားပြုလေသည်။
အစပိုင်း၌ မင်းသမီးလက်လီစတိုးမှ ထုတ်ကုန်များမှာ အရည်အသွေးမြင့်မားပြီး ထူးခြားသော ဂုဏ်သတင်းများကြောင့် ကျော်ကြားခဲ့သည်။ သူတို့က အမှတ်တံဆိပ် လမ်းစဉ်အတိုင်း စျေးလျှော့လေ့ မရှိပေ။ ယခုတွင် သူတို့က စျေးလျှော့သော အစီအစဉ်နှင့်အတူ ဝိုင်အရက်လည်း ပါဝင်လာရာ မြို့တော်မှ ဆိုင်ကြီးဖြစ်စေ၊ ဆိုင်ခွဲများ၌ဖြစ်စေ စီးပွားရေးများ ရုတ်တရက် အဆဒါဇင်ခန့် တိုးသွားကုန်သည်။ ထုတ်ကုန်အမျိုးမျိုး လျှော့ပါးကုန်ပြီး အများအပြား ရောင်းထွက်ကုန်သည်။ မြို့တော်မှ လူများက တောင်ပိုင်းဆင်ခြေဖုံး၌ မင်းသမီးစံအိမ်က သန်ဘက်ခါတွင် ဖွင့်လှစ်မည့် အကြောင်းနှင့် ထို့နောက်တွင် ရနံ့မွှေး နှံစားပြောင်းဝိုင်အရက်ကို စတင်မိတ်ဆက်မည့် အကြောင်း အခြားသူများကို အပြေးအလွှား ပြောပြကြသည်။
“ရှင်က တကယ့်ကို ဉာဏ်များတဲ့ လူသားဘဏ္ဍာရေး အရာရှိပဲ။ လှည့်ကွက် နည်းနည်းလေးနဲ့ မင်းသမီးလက်လီစတိုးနဲ့ မင်းသမီးစံအိမ်က မြို့တော်ရဲ့ အာရုံစိုက်စရာ ဖြစ်သွားခဲ့တယ်။” အစ်ဇဘယ်လာက မင်းသမီးလက်လီစတိုးမှ လူအများအပြား ဝင်ထွက်သွားလာနေသည်ကို အဝေးမှကြည့်ရင်း မြည်တမ်းလိုက်သည်။
“ခင်ဗျား ကျုပ်ကို ချီးမွမ်းလွန်းနေတာပဲ။ မစ်-အမှောင်နတ်ဆိုး မိန်းမလှလေး။” ချန်လွေ့က ပြုံးသည်။ “ဒါက လှည့်ကွက် အသေးလေးပါပဲ။ လှည့်ကွက်တွေလုပ်တတ်တဲ့ မိန်းကလေးလိုမျိုး ပညာရှင်တွေအရှေ့မှာ ကျုပ်က ‘ဉာဏ်များ’တယ်ဆိုတဲ့ ချီးမွမ်းစကားနဲ့ မထိုက်တန်ပါဘူး။”
အစ်ဇဘယ်လာ၏ ဆွဲဆောင်မှုရှိသော မျက်လုံးများ အပေါ်လှန်သွား၏။ “ဒီလိုဝိုင်မျိုးက နတ်ဆိုးဘုံမှာ တစ်ခါမှ မပေါ်ထွက်လာခဲ့ဘူး။ ရှင်ဘယ်တုန်းက ဝိုင်ချက်တတ်သွားရတာလဲ။ ကျွန်မ ဘာလို့ မသိရတာလဲ။”
ချန်လွေ့ ရယ်လိုက်သည်။ “ခင်ဗျား မသိတာတွေ အများကြီး ရှိပါသေးတယ်။ ကြည့်ရတာ ကျုပ်တို့က တစ်ယောက်အကြောင်းတစ်ယောက် ပိုသိဖို့ လိုနေသေးတဲ့ပုံပဲ။”
နှံစားပြောင်းဝိုင်အရက်မှာ ချန်လွေ့ အချိန်အတော်ကြာ ပြင်ဆင်ထားခဲ့သော အရာတစ်ခု ဖြစ်သည်။ ချန်လွေ့၏ ယခင်ဘဝမှ အဘိုးဖြစ်သူ ရှောင်ရှင်းသည် နှစ်တိုင်း နှံစားပြောင်းဝိုင်အရက် ပြုလုပ်သည်။ ခဏခဏ မြင်ရကြားရခြင်း၏ လွှမ်းမိုးမှုကြောင့် ချန်လွေ့က ထိုလုပ်ငန်းစဉ်များနှင့် ရင်းနှီးနေခဲ့သည်။ သူက အမှောင်လကို တိုးတက်အောင် ပြုလုပ်နေခဲ့စဉ်က နှံစားပြောင်းဝိုင်အရက် တစ်စည်ပြုလုပ်ချင်ခဲ့သော်လည်း နတ်ဆိုးဘုံရှိ ဝိုင်ချက်နည်းမှာ ချန်လွေ့တို့လောကနှင့် ကွဲပြားသည်။ နှံစားပြောင်းဝိုင်အရက် ချက်ရန် လိုအပ်သော “အရက်ချက် ကဇော်မြှုပ်” မရှိပေ။
အရက်ချက် ကဇော်မြှုပ်အတွက် ကုန်ကြမ်းများမှာ အပူချိန်တစ်ခု၌ မိုင်စီလင်များ ပေါက်ဖွားနိုင်သော ပဲနှင့်ဂျုံတို့ ဖြစ်သည်။ ထိုလုပ်ငန်းစဉ်များမှာ လွယ်ကူပုံရသော်လည်း ပြုလုပ်ရန် မရိုးရှင်းလှပေ။ ချန်လွေ့က မှတ်မိသည်များကို ချရေးပြီး ရှီလန်တောင်ရှိ ဝါလန်ခံတပ်မှ တင်မ်ကို ပေးအပ်ခဲ့သည်။
တင်မ်က ၎င်းကို အလွန်အလေးထားပြီး ဇနီးဖြစ်သူ လိုင်ဆာအား ထိုကိစ္စကို တာဝန်ယူခိုင်းခဲ့သည်။ ဝိုင်ချက်ရာ၌ မယ်ဒူဆာ မျိုးနွယ်စုများက မမျှော်လင့်ထားသော ထူးချွန်မှု ပြသသည်မှာ မတော်တဆ ကံကောင်းခြင်းပးင် ဖြစ်သည်။ ထို့နောက် ထပ်ကာထပ်ကာ စမ်းသပ်မှုများ ပြုလုပ်ပြီးနောက်တွင် တိုးမြှင့်မြေပေါ်၌ ပေါက်ဖွားသည့် အရည်အသွေးမြင့် အမူးဆန်နှင့် ရေရောထားသော အသက်ဓာတ်ရေစင်တို့ဖြင့် ချန်လွေ့ ထင်ထားသည်ထက် ပိုမိုမွှေးသော နှံစားပြောင်းအရက်ကို ဖန်တီးနိုင်ခဲ့သည်။ ၎င်းကို ချန်လွေ့က “ရနံ့မွှေး နှံစားပြောင်းဝိုင်အရက်”ဟု နာမည်ပေးခဲ့လေသည်။
နှံစားပြောင်းဝိုင်အရက်ကို ချက်လုပ်နိုင်ပြီးနောက် ဝိုင်းကို ပိုမိုမွှေးစေရန်အတွက် ကောင်းမွန်စေရန်အတွက် အေးမြခြောက်သွေ့သောနေရာ၌ သိုလှောင်ထားရမည် ဖြစ်သည်။ နှံစားပြောင်းဝိုင်အရက် ပထမအသုတ်ကို စတင်ထုတ်လုပ်ပြီး သိုလှောင်နေစဉ် အိုဆိုင်ဒန်က အမှောင်လကို တိုက်ခိုက်ခဲ့သည်။ အမှောင်လတစ်ခုလုံးက အရေးပေါ် အခြေအနေ ရောက်သွား၏။ ချန်လွေ့လည်း ငှက်တောင်ဖြူနယ်မြေသို့ သွားခဲ့ရသည်။ ထို့ကြောင့် ထိုဝိုင်များအတွက် အချိန်မရခဲ့ပေ။
ထို့နောက်တွင် အိုဆိုင်ဒန် ရှုံးနိမ့်ပြီး သေဆုံးသွားခဲ့သည်။ ရှီရာက အင်ပါယာကို ထိန်းချုပ်ရယူခဲ့ပြီး ချန်လွေ့ကလည်း ၎င်းကို သတိရသွား၏။ အစပိုင်းတွင် ချန်လွေ့က ထိုဝိုင်အရက်ကို မထုတ်ပြခင် အချိန်တစ်ခုအထိ သိုလှောင်ထားချင်ခဲ့သည်။ သို့သော် မြို့တော်အခြေအနေမှာ ရှီရာအတွက် မကောင်းလှသည့်အတွက် သူက အခြေအနေကို အမြန်ဆုံး အဆင်ပြေစေရန် လိုအပ်နေသည်။ ထို့ကြောင့် ချန်လွေ့က တင်မ်အား ဝိုင်များကို အမှောင်လသို့ သက်တန့်တောင်ကြားမှတစ်ဆင့် ပို့ဆောင်ရန် ပြောခဲ့ခြင်း ဖြစ်သည်။
ချန်လွေ့အတွက် အံ့အားသင့်စရာပင် အချိန်လုံလုံလောက်လောက် မသိုလှောင်ခဲ့ရသော ထိုနှံစားပြောင်းဝိုင်များက အံ့အားသင့်စွာပင် သူ့ယခင်ဘဝမှ ဝိုင်များထက် သာလွန်ပြီး ကောင်းမွန်လှသည်။ သူမေးကြည့်လိုက်ရာ ဝိုင်ကို သိုလှောင်ရန် လိုင်ဆာ ရွေးချယ်ခဲ့သောနေရာမှ မြေဒြပ်စင်ကောင်များ၏ ပထဝီဘုံ ဖြစ်နေခြင်း၏။ ၎င်းသည် အသန့်စင်ဆုံးသော မြေဒြပ်စင် စွမ်းအားများ၏ အံ့သြဖွယ်ရာ သက်ရောက်မှုကို ခံလိုက်ရခြင်း ဖြစ်နိုင်ပေသည်။ မယ်ဒူဆာများ၏ ဝိုင်ချက်စွမ်းရည်၊ အသက်ဓာတ်ရေစင်ကို ကုန်ကြမ်းအဖြစ်အသုံးပြုခြင်းနှင့် မြေဒြပ်စင်ဘုရင်၏ ပထဝီဘုံတို့နှင့် ပေါင်းစပ်လိုက်ရာ ၎င်းတို့သည် ထုတ်လုပ်သူများနှင့် ကုန်ကြမ်းများအရ ထူးခြားသွားလေပြီ။
အစ်ဇဘယ်လာ၏ ဆွဲဆောင်မှုရှိသော မျက်လုံးများ ကော့တက်သွားခဲ့သည်။ “တကယ်လို့ ကြင်ရာတော်မင်းသားက ဧကရီအရှင်မ မနာလိုမှာကို မကြောက်ဘူးဆိုရင် မြောက်ဘက်ဆင်ခြေဖုံးက အိမ်အသေးလေးကို သန်ဘက်ခါ လာပြီးတော့ ဉာဏ်များပြီး ကောက်ကျစ်တဲ့ မိန်းမတစ်ယောက်ကို လာတွေ့လို့ရပါတယ်။”
ချန်လွေ့၏မျက်လုံးများ အရောင်တောက်သွား၏။ အစ်ဇဘယ်လာ၏ စိတ်ထဲ၌ သေချင်စိတ်ကို မြင်ခဲ့ပြီးနောက် ချန်လွေ့ကို အစ်ဇဘယ်လာ ရှောင်တိမ်းနေခဲ့သည်။ ယခုတွင် သူက ချန်လွေ့ကို ရင်ဆိုင်တွေ့ချင်နေလေပြီ။ ချန်လွေ့က ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။ “သတ္တိခဲစစ်သည်တော်က ကြောက်စရာနဂါးကို သေချာပေါက် နှိမ်နင်းပြီးတော့ မိန်းမလှ မင်းသမီးလေးကို ကယ်တင်ပေးမှာပါ။”
“နှိမ်နင်းမယ် ဟုတ်လား။လာဘ်ထိုးမှာကို ပြောတာလား။” အစ်ဇဘယ်လာက ပန်းတစ်ပွင့်သဖွယ် ပြုံးလိုက်သည်။ “စိတ်အေးအေးထားပါ။ ကပ်စေးနဲ နဂါးမလေးက အခု တကယ့်မင်းသမီးလေးနဲ့ ရှိနေပါမယ်။ ကျွန်မလိုမျိုး နွမ်းပါးတဲ့ ကောင်မလေးကို ဘယ်သူမှ မလိုချင်ကြဘူး။”
ချန်လွေ့က အစ်ဇဘယ်လာ၏မျက်လုံးကို တည့်တည့်ကြည့်ပြီး လေးလေးနက်နက် ပြောလိုက်သည်။ “ကျုပ် လိုချင်တယ်။”
အစ်ဇဘယ်လာ၏ အစိမ်းရောင်မျက်လုံးထဲ၌ ပါးလွှာသော မြူနှင်းတစ်ခု လှိမ့်တက်သွားပြီးနောက် ချန်လွေ့၏အကြည့်ကို ရှောင်တိမ်းလိုက်သည်။ “ဒါနဲ့ ဒီရက်ပိုင်း ဇိုလာကို ဘာလို့ မတွေ့ရတာလဲ။ အရင်တစ်ခေါက် သူ ကျွန်မကို ပေးခဲ့တဲ့ ပစ္စည်းက ပြဿနာ နည်းနည်းတက်နေတယ်။ ကျွန်မ သူ့ကို ကြည့်ခိုင်းချင်တယ်။”
မှော်ပစ္စည်း သို့မဟုတ် တစ်ခုခုသာဆိုလျှင် ချန်လွေ့က ထိုပြဿနာကို ဖြေရှင်းနိုင်သည်။ သို့သော်လည်း သူက အစ်ဇဘယ်လာကို အတင်း ဖိအားမပေးချင်ပေ။ ထို့ကြောင့် သူ ပြောလိုက်သည်။ “လွန်ခဲ့တဲ့ ၂ရက်မှာ သူက မီးအိမ်တစ္ဆေ သုံးလေးယောက်ကို သက်တန့်တောင်ကြားဆီ စမ်းသပ်ဖို့ ခေါ်သွားတယ်။ ဒီည သူ နန်းတော်ကို ပြန်လာမယ်။ အဲဒီအချိန် ခင်ဗျား သူ့ဆီ သွားလို့ရတယ်။”
“ကျွန်မ သွားမှာပါ။ ရှင့်ရဲ့ ပစ္စည်းအသစ်က စမ်းသပ်နေဆဲပဲ မဟုတ်လား။ အခု ရှင် အဲဒါကို အာရုံစိုက်ထားသင့်တယ်။ မင်းသမီးစံအိမ်ကို ကျွန်မတာဝန်ထားလိုက်။ ညှိနှိုင်းဖို့ သတ်မှတ်ရက်က ၃ရက်ပဲ လိုတော့မယ်။ ကျွန်မတို့ အချိန်မရှိတော့ဘူး။”
နှံစားပြောင်းဝိုင်အရက် နည်းဗျူဟာက ကတ်သရင်း၏ သံတမန်များ ရောက်မလာခင်က စီစဉ်ထားခဲ့သည်။ ၎င်းမှာ ရေရည် စီးပွားရေး နည်းဗျူဟာတစ်ခု ဖြစ်သည်။ ကတ်သရင်းထံမှ စာတစ်စောင်က ထိုအစီအစဉ်နှောင့်ယှက်ခဲ့ပြီး အထူးသဖြင့် ၇ရက် ကန့်သတ်ချက်ကြောင့် အလွန်အမင်း အရေးပေါ် ဖြစ်သွားစေခဲ့သည်။ မူလက ထိုနည်းဗျူဟာမှာ အချိန်တိုအတွင်း အလုပ်မဖြစ်နိုင်ပေ။ သို့ရာတွင် အစ်ဇဘယ်လာက သူ့တွင် နည်းလမ်းတစ်ခုရှိပြီး ကြိုမပြောနိုင်ကြောင်း ပြောခဲ့သည်။ ရှီရာက အစ်ဇဘယ်လာကို ထပ်မမေးခဲ့ဘဲ ထိုကိစ္စကို သတင်းမပို့ခင် အကြီးမားဆုံး လုပ်ပိုင်ခွင့် ပေးအပ်ခဲ့သည်။
လီသ်မြို့ရှိ အဆုံးအဖြတ်တိုက်ပွဲ ပြီးကတည်းက ရှီရာနှင့် အစ်ဇဘယ်လာတို့ကြားမှ ဆက်ဆံရေးသည် အနည်းငယ် သိမ်မွေ့သွားပြီး အပြန်အလှန် နားလည်သွားကြကြောင်း ချန်လွေ့ ခံစားမိနေသည်။ ထိုကဲ့သို့ လိုက်လျောညီထွေဖြစ်လေလေ၊ သလင်းကျောက် မောင်းမဆောင်အတွက် ပိုကောင်းလေလေပင်။ ချန်လွေ့က ထိုအမျိုးသမီးနှစ်ယောက် အရှေ့၌ မေးမြန်းသည့်အထိ မရူးမိုက်ပေ။
“ကောင်းပြီလေ။” ချန်လွေ့ ခေါင်းညိတ်လိုက်သည်။ အရိပ်နက်အင်ပါယာမှ သံတမန်များ ရောက်လာခြင်းကြောင်း ပစ္စည်းအသစ်တစ်ခုကို ကြိုတင်၍ ထုတ်လုပ်ရန် လိုအပ်နေသည့်အတွက် ထိုနေ့ရက်များတွင် ချန်လွေ့က အလွန်အလုပ်များနေခဲ့သည်။
ချန်လွေ့၏ စျေးကွက်နည်းဗျူဟာမှာ အတော်လေး အောင်မြင်လှသည်။ မင်းသမီး လက်လီစတိုး၏ စီးပွားရေး ဖော်ပြ၍မရအောင် ကောင်းမွန်သွားရုံသာမက ဝိုင်အသစ်ကိုလည်း အခမဲ့ ကြော်ငြာနိုင်ခဲ့သည်။ အကောင်းဆုံး ဝိုင်အရက်ကို တောင်ပိုင်း ဆင်ခြေဖုံးရှိ မင်းသမီးစံအိမ်မှ ထုတ်လုပ်မည့်အကြောင်း သတင်းက တောမီးသဖွယ် ပျံ့နှံ့သွားပြီး စီးပွားရေးသမား အများအပြားကို ဆွဲဆောင်နိုင်ခဲ့သည်။ အထူးသဖြင့် မြို့တော်မှ နာမည်ကျော် ဝိုင်ဘီလူး ပလင်တွန်ထံ ဖြစ်သည်။ ပလင်လွန်သည် မီရှန်မိသားစု၏ အရေးပါသော အဖွဲ့ဝင်တစ်ယောက်ဖြစ်ကာ ညကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌလည်း ဖြစ်သည်။ ညကုန်သည်ကြီးများအသင်းက မီရှန်မိသားစု၊ ဘိုးလ်မိသားစု၊ လိုင်ဖ်မိသားစုနှင့် အခြားအကြီးအကဲမိသားစုတို့ တည်ထောင်ထားသော ကုန်သည်ကြီးများအသင်း ဖြစ်သည်။ ၎င်းက အင်ပါယာတစ်ခုလုံး၏ စပျစ်နက်ဝိုင် စျေးကွက်ကို လက်ဝါးကြီးအုပ်ထားခဲ့သည်။ ဝိုင်အသစ် ပေါ်ထွက်လာခြင်းက ဝိုင်လုပ်ငန်းမှ ကြွယ်ဝလာခဲ့သော မီရှန်မိသားစုနှင့် ညကုန်သည်ကြီးများအသင်း တစ်ခုလုံးအတွက် အလွန်ကြီးမားသော သက်ရောက်မှုတစ်ခု ရှိခဲ့သည်။
ရေရှည်တွင် ဝိုင်အသစ်နှင့် မင်းသမီးစံအိမ် နာမည်ကျော်သွားသည်နှင့် မြို့တော်၏ အသေဖြစ်နေသော စီးပွားရေးတည်ဆောက်မှုပုံစံ ပြိုကွဲသွားမည်ဖြစ်သည်။ ၎င်းသည် အကြီးအကဲ မိသားစုများအတွက် မြို့တော်၏ အစိတ်အပိုင်းတချို့ကို ထိန်းချုပ်ရန် အတော်လေး အရေးမသာ ဖြစ်စေသည်။ သူတို့၏ရှုံးနိမ့်မှုက ရှီရာအတွက် အကြီးမားဆုံး အကျိုးအမြတ် ဖြစ်လာပေမည်။ လက်ရှိတွင် ရှီရာ အာရုံစိုက်နေသည်မှာ အရိပ်နက် အင်ပါယာနှင့် ညှိနှိုင်းရန် ဖြစ်သည်။ အစောပိုင်းအခြေအနေ၌ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ပြီး ခြိမ်းခြောက်မှုကို ဖယ်ရှားခြင်းက သူ့အတွက် မှန်ကန်ပေသည်။
ညကုန်သည်ကြီးများအသင်းက ထိုကိစ္စအတွက် အရေးပေါ် အစည်းအဝေး ခေါ်ခဲ့သည်။ သူတို့က အမျိုးမျိုးသော ယုတ်မာသည့် လှည့်ကွက်များအပါအဝင် ထိုဝိုင်အသစ် ရောင်းချမှုများကို လုံးဝချုပ်တည်းနိုင်သည်အထိ လုပ်ဆောင်ချက်များ အပြည့်အဝ ပြုလုပ်ရန် တညီတညွတ်တည်း သဘောတူခဲ့ကြသည်။
သို့သော် ထိုလှည့်ကွက်များ မလုပ်ရသေးခင်၊ မင်းသမီးစံအိမ် မဖွင့်ခင် ညပိုင်းမှာပင် အရှေ့ဘက်ဆင်ခြေဖုံးရှိ မီရှန်မိသားစု၏ ဝိုင်တိုက်ခန်း ရုတ်တရက်မီးလောင်သွားခဲ့သည်။ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားခဲ့ပြီး ထောင်ပေါင်းများစွာသော ဝိုင်ကောင်းများ မီးလောင်ကျွမ်းသွားခဲ့ရသည်။ ထိုသတင်းဆိုးက ပလင်တွန်ကို မူးမေ့လဲလုနီးပါး ဖြစ်သွားစေခဲ့သည်။