အခန်း ၁၅၄၉
Vol. 104 Ch. 1549
အပိုင်း (၁၅၄၉)
နောက်တစ်ရက်မှာတော့ မြို့တော်ဝန်အိမ်ရာ၏ အဓိကဟောခန်းထဲတွင် များပြားလှသော ဂိုဏ်းနှင့်ကလန်အသီးသီးမှ စွမ်းအားမြင့်ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် အထဲသို့ ဝင်ရောက်လာခဲ့ကြ၏။ ၎င်းတို့သည် စားပွဲပေါ် တွင် တင်ရှိထားသော နာမည်စာရင်းအတိုင်း ဝင်ရောက်ကာ ထိုင်ကြ၏။
ပြောနေစရာမလိုပေ။ ဤတစ်ကြိမ် ကျင်းပ သော အစည်းအဝေးသည် တကယ်ပင် အစီအစဉ်ကျနလွန်းလှ၏။ အထဲတွင်ရှိနေသော စားပွဲနှင့်ထိုင်ခုံများအားလုံး သည် တက်ရောက်ကြမည့် လူဦးရေစာရင်းအတိုင်း အတိအကျဖန်တီးထားခဲ့၏။
ကျွင်းချောင်ရှောင်းသည် သူ၏ဆရာ အနောက်သို့လိုက်ရင်း အဓိကဟောခန်းထဲဆီသို့ ရောက်ရှိလာ၏။ သူသည် အထဲတွင်တည်ရှိနေကြသော စွမ်းအားမြင့် ကျင့်ကြံသူများအားလုံးကို သြက်ပြင်းချလိုက်မိသည်။ “ဒီလို အစည်းအဝေးပွဲမျိုးကို ဝင်ရောက်တက်ရောက်နိုင်တဲ့ လူတွေအကုန်လုံးက အထက်နယ်မြေက တကယ့်ကို အရေးကြီးတဲ့ လူတွေပါလား။”
လက်ရှိအခြေအနေမှာတော့ ကြီးမြတ်သူကုဟုန်သည် သူ၏ တပည့်နှင့်အတူ အထဲသို့ လျှောက်ဝင်လာခဲ့၏။ သူသည် ကြီးမြတ်သူတုံးကုကို အသာလှမ်းကြည့်လိုက်ပြီးသည့်နောက် မောက်မာလှသည့် အသွင်အပြင်ဖြင့် သူ၏ သက်ဆိုင်ရာ ထိုင်ခုံတွင် အသာထိုင်ချလိုက်၏။
ကျွင်းချောင်ရှောင်းအနေနှင့် ဘာမှ လုပ်စရာမရှိချေ။ ထို့ကြောင့် အမဲရောင်ဝတ်စုံနှင့် လူကို အနီးကပ်သေသေချာချာ ကြည့်ရှုလိုက်၏။ သို့ပေမဲ့ ရတနာ၏ အကာအကွယ်ပေးထားသောကြောင့် တစ်ဖက်လူ ၏ ပုံပန်းသွင်ပြင်နှင့် ကျင့်ကြံခြင်းအဆင့်ကို သူ ကြည့်ရှု၍ မရနိုင်ချေ။
စကားလုံးတစ်ခွန်းအရ ပြောရမည်ဆိုရင်တော့ အလွန်ပင် ဆန်းကြယ်လွန်းလှ၏။ တစ်ဖက်လူအနေဖြင့် ပိုမို၍ ဆန်းကြယ်လေ သူ့အနေနှင့် ပိုမိုကာ သိချင်လေဖြစ်သည်။ ထို့ကြောင့်ကျွင်းချောင်ရှောင်းသည် တစ်ဖက်လူမှာ မည်မျှဆန်းကြယ်လှသည့် လူတစ်ယောက်ဖြစ်ကြောင်းကို စဉ်းစားလျက်ရှိမိနေ၏။
“တပည့်”
ကြီးမြတ်သူ တုံးကုသည် အသံပို့လွှတ်လိုက်သည်။ “ကုဟုန်ရဲ့ တပည့်က အောက်နယ်မြေကနေ ခေါ်ဆောင်လာခဲ့တာ။ ငါကြားတာတော့ လောကကြီးတစ်ခုရဲ့ ကလေးငယ်လို့တောင် ပြောကြတယ်။”
“လောကကြီးတစ်ခုရဲ့ ကလေးငယ် ဟုတ်လား။”
ကျွင်းချောင်ရှောင်းသည် အံ့အားသင့်သွားမိ၏။
“ဒါက နည်းနည်းတော့ အထင်ကြီးဖို့ ကောင်းတာပဲ။”
အောက်နယ်မြေများသည် အထက်နယ်မြေနှင့် နှိုင်းယှဉ်၍ မရနိုင်ဘူးဆိုသော်လည်း လောက၏ ကလေးငယ်ဟု သတ်မှတ်ပေးရသည်ဆိုသောကြောင့် ပါရမီရှင်ပင် ဖြစ်ပေလိမ့်မည်။
နေစမ်းပါဦး။ ကတ်သတ်ပြီးပြောရမည်ဆိုလျှင် သူသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ အုပ်စိုးသူ တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူ့တွင် အနာဂတ်၌ ကလေးတစ်ယောက်ရှိလာသည်ဆိုပါက ထိုကလေးသည် လောက၏ ကလေးငယ်ဖြစ်နေမည် မဟုတ်ပါလား။
ဟင်း ….။
သူ့အနေနှင့် မိုးကောင်းကင်အင်ပါယာ၏ သားတစ်ယောက်မဖြစ်ခဲ့ချေ။ ထို့ကြောင့် သူ၏ မျိုးဆက်ကိုတော့ လောကကြီး၏ ကလေးငယ်တစ်ယောက်ဖြစ်အောင်တော့ ပြုလုပ်ပေးနိုင်စွမ်းရှိနေသေး၏။ တော်ပါသေးသည်။
“ပြောရမယ်ဆိုရင်”
စနစ်သည် စောဒက တက်လိုက်၏။ “လက်ခံသူက နည်းနည်းတော့ လုပ်ရည်ကိုင်ရည်ရှိတာပဲ။ ဒါပေမဲ့ အဲကလေးဆိုတဲ့ ကိစ္စကို မပြောနဲ့။”
“ဘာကိစ္စမပြောရမှာလဲ။”
“မင်းမှာ အရည်အချင်းရှိလို့လား။”
“ထားလိုက်ပါတော့။ ထားလိုက်ပါတော့။”
ဤကဲ့သို့ လေးနက်လှသော အစည်းအဝေးပွဲကြီးတွင် ကုန်းရှန့်သည် စနစ်နှင့် အတွင်းကြိတ်ကာ ရန်ဖြစ်လျက်ရှိနေ၏။
ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းသည် အမဲရောင်ဝတ်စုံနှင့်လူကို ကြည့်ရှုစစ်ဆေးလျက်ရှိနေတုန်းမှာပဲ အမဲရောင်ဝတ်စုံနှင့် လူကလည်း သူ့ကို စူးစိုက်ကြည့်ရှု့လျက်ရှိနေ၏။ သို့ပေမဲ့ တစ်ဖက်လူသည် ကောင်းကောင်းမွန်မွန် သိုဝှက်ထားခဲ့၏။ ထို့ကြောင့် မျက်နှာအသွင်အပြင်၏ ပြောင်းလဲမှုကို သူလုံးဝမမြင်နိုင်ခဲ့ချေ။
…
ခဏလောက်ကြာပြီးသည့်နောက် အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ဂိုဏ်းကို ကိုယ်စားပြုသည့် စွမ်းအားမြင့်ကျင့်ကြံ သူများသည် အထဲသို့ လျှောက်ဝင်လာ၏။
၎င်းတို့အထဲတွင် ပြိုင်စံရှားဂိုဏ်းသို့ အရင်တုန်းက ရောက်ရှိလာခဲ့ဖူးသော အကြီးအကဲများလည်း ပါဝင်လျက်ရှိနေ၏။ ထို့အပြင် သူမမှတ်မိသော အခြားသော အကြီးအကဲများလည်း တည်ရှိနေ၏။ တစ်ဖက်လူများ၏ အော်ရာသည် အလွန်တရာအားကောင်းလှသောကြောင့် သာမန်လူများမဟုတ်သည်မှာတော့ သေချာလှသည်။
နတ်မြို့တွင် ကျင်းပသော အစည်းအဝေးပွဲတွင် အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ဂိုဏ်းမှ ဦးစီးကာ ကျင်းပ ကြ၏။ ထို့ကြောင့် ၎င်းတို့ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက် များပြားလှသော ဂိုဏ်းအသီးသီးနှင့် ကလန်အသီးသီး တို့သည် မတ်တပ်ရပ်ကာဖြင့်ကြိုဆိုလိုက်ကြ၏။
ကျွင်းချောင်ရှောင်းမှာတော့ မတ်တပ်ထ၍ မရပ်ခဲ့ချေ။ အမှန်အတိုင်း ပြောရမည်ဆိုလျှင် သူသည် အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ဂိုဏ်းအပေါ်တွင် အကောင်းမြင်စိတ်မရှိချေ။ အထက်နယ်မြေ ၏ လုံခြုံရေးနှင့်ပတ်သက်သော အကြောင်းအရာကြောင့်သာ မဟုတ်ပါက သူ့အနေနှင့် ဤကဲ့သို့သော ပွဲမျိုးကို တက်ရောက်လိမ့်မည်ပင်မဟုတ်ချေ။
ကြီးမြတ်သူတုံးကု၊ မာဆာတိုကီတာနိုနှင့် ကြီးမြတ်သူကုဟုန်တို့အားလုံးသည်လည်း မတ်တပ်မရပ်ကြချေ။
များပြားလှသော ဂိုဏ်းအသီးသီးရှိ စွမ်းအားမြင့်ကျင့်ကြံသူများသည် အင်မော်တယ်ဂိုဏ်းများ၏ အလိုကျပြုမူလုပ်ဆောင်ရသည်ဆိုသော်လည်း သူတို့ကဲ့သို့ လွတ်လပ်သောကျင့်ကြံသူများ မှာတော့ ထိုအရာများကို ဂရုစိုက်စရာမလိုကြချေ။
တစ်ဖက်လူများကလည်း ဤကဲ့သို့သော လူများ၏ ကိုယ်ရည်ကိုယ် သွေးနှင့် အမူအကျင့်ကို နားလည်ခဲ့ကြ၏။ ထို့ကြောင့်အင်မော်တယ် ဂိုဏ်းကြီး ၁၀ဂိုဏ်းမှ လူများသည် မနှစ်သက်ဖူးဆိုလျှင်တောင်မှ ဘာတစ်ခုမှ မပြောကြချေ။
၎င်းတို့၏ ကိုယ်ပိုင်ထိုင်ခုံပေါ်တွင် အသီးသီးထိုင်ပြီးသည့် နောက်အစည်းအဝေးတရားဝင်ကျင်းပသည့်ဖြစ်ကြောင်းကို ကြေညာခဲ့၏။ အစည်းအဝေးဖြစ်သောကြောင့် အစည်းအဝေး နှင့် ပတ်သက်သည့် အစီအစဉ်များသည် တစ်ခုချင်းစီ တည်ရှိပြီးသားဖြစ်၏။ ဤအစည်းအဝေးနှင့်ပတ်သက်၍ အဓိကပြောဆိုရမည့်အကြောင်းအရာသည် တစ်ဖက်မှ ကျူးကျော်လာခဲ့သော တပ်သင်္ဘောကြီး ၁၀ ခုအကြောင်းပင် ဖြစ်ပေလိမ့်မည်။
“အားလုံးပဲ။”
လင်းထျန်အင်မော်တယ်ဂိုဏ်းမှ အကြီးအကဲကျန်းသည် ချောင်းဟန့်ပြီးသည့်နောက် တစ်စုံတစ်ခုကို ပြောဆိုရန်ပြင်ဆင လိုက်၏။ သို့ပေမဲ့ ၎င်းသည် ကျွင်းချောင်ရှောင်း၏ တားဆီးခြင်းကို ခံခဲ့ရ၏။
ကျွင်းချောင်ရှောင်းသည် လက်ပြတားဆီးရင်းမှ လှမ်းပြောလိုက်သည် “ဒီ တပ်သင်္ဘောကြီး ၁၀ စင်းက ကြယ်တာရာစိတ်ဝိညာဉ်လောကကနေ ရောက်ရှိလာခဲ့တာ။ သူတို့ရဲ့ အဆင့်က အစီအရင်တာအိုနဲ့ပတ်သက်ရင် အရမ်းကို ကျွမ်းကျင်တဲ့ အဆင့်ကို ရောက်နေကြပြီ။ သူတို့က အထက်နယ်မြေရှိတဲ့ စကြဝဠာကြီးတစ်ခုလုံး အနှံ့ကို ခရီးသွားလာနိုင်စွမ်းရှိနေကြတယ်။”
ဤစကားကို ပြောပြောပြီးချင်းမှာပဲ အားလုံးသောသူများသည် ဆူညံစွာဖြင့် စတင်ကာ ဆွေးနွေးကြတော့၏။
“ကြယ်တာရာစိတ်ဝိညာဉ်လောက ကမ္ဘာဟုတ်လား။ ဒီဟာကို ငါ ကြားတောင်မကြားဖူးပါလား။ အဟင့်”
အထက်စကြဝဠာကြီးတစ်ခုလုံးသည် အလွန်ပင် ကြီးမားလွန်းလှ၏။ ကြယ်တာရာစိတ်ဝိညာဉ်ကမ္ဘာကို မဆိုနှင့်။ တူညီသည့်စကြဝဠာပတ်လမ်းတွင် တည်ရှိနေသည့် တောင်ပင်လယ်ကမ္ဘာကဲ့သို့သော အရာမျိုးကို ရှိသည်တောင်မှ သူတို့ မကြားဖူးချေ။
“ဂိုဏ်းချုပ်ကျွင်း”
အကြီးအကဲကျန်းက မေးလိုက်၏။ “ဘယ်လိုလုပ်သိတာလဲ။”
ကျွင်းချောင်ရှောင်းသည် ထိုင်ခုံကို အသာမှီလိုက်ပြီးသည့်နောက် စားပွဲပေါ်သို့ လက်များကို တတောက်တောက်နှင့် ခေါက်ပြီး ပြောလိုက်သည်။ “သူတို့ဘက်က စေလွှတ်လိုက်တဲ့ ဒရုန်းတွေက ကျုပ်တို့ရဲ့ အင်မော်တယ်တောင်ပေါ်မှာ ကျကျန်ခဲ့တာလေ။ ပြီးတော့ ကျုပ်တို့အစီအရင်ဟောခန်းက လူတွေက ဒါကို သိမ်းဆည်းပြီးတော့ အထဲမှာရှိတဲ့ အစီအရင်တော်တော်များများကို ဖြေရှင်းခဲ့တယ်။”
“သေချာရဲ့လား”
အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းမှ စွမ်းအားမြင့်ကျင့်ကြံသူများသည် သံသယဝင်နေကြ၏။
“ခင်ဗျားတို့ ယုံကြည်စရာ မလိုပါဘူး။”
ကျွင်းချောင်ရှောင်းသည် စားပွဲပေါ်တွင် လက်တင်ကာဖြင့် အရှေ့ဆီသို့ အသာငုံ့ကိုင်းကာ ပြောလိုက်၏။ သူသည် လေးလေးနက်နက် အမူအရာဖြင့် ပြောဆိုနေခြင်းလည်းဖြစ်သည်။ “ဒါပေမဲ့ ခင်ဗျားတို့အားလုံးကို ပြောစရာလိုတဲ့ သတင်းဆိုးတစ်ခုရှိသေးတယ်။ နောက် ၃ နှစ်အတွင်းမှာ သူတို့က ထပ်ပြီး ပြန်လာလိမ့်မယ်။ နောက်တစ်ခါပြန်လာမယ်ဆိုရင် ဒီထက်ပိုပြီး အားကောင်းပြီး ဒီထက်ပိုပြီး လူဦးရေ များလာလိမ့်မယ်။”
ကြယ်တာရာစိတ်ဝိညာဉ်ကမ္ဘာမှ ကျူးကျော်လာမှုသည် အထက်နယ်မြေတစ်ခုလုံးနှင့် သက်ဆိုင်နေသည့် အရာ ဖြစ်သည်။ ထို့ကြောင့် သူသည် ဖုံးကွယ်မထားခဲ့ချေ။ ထို့အပြင် ထိုကဲ့သို့သော နေ့မျိုးကို ရောက်ရှိလာသည်ဆိုပါက သူ့အနေနှင့် မိုးကောင်းကင်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းနှင့် တစ်ခြားသောသူများကို မှီခိုရဦးမှာဖြစ်၏။
သူ့အနေနှင့် လုံလောက်သည့် အားအင်မရှိလျှင် တစ်ခြားသူများကို အကူအညီတောင်းရမှာ သေချာသည်။ အကြီးအကဲကျန်းသည် အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၉ ဂိုဏ်းဆီမှ တစ်ခြားသော စွမ်းအားမြင့် ကျင့်ကြံသူများကို စိုးရိမ်ပူပန်သည့်အကြည့် ဖြင့် လှမ်း၍ကြည့်လိုက်သည်။
အချက်အလက်အားဖြင့် အစည်းအဝေးပွဲ မကျင်းပခင်တုန်းက အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းတို့သည် အတူတကွ စုစည်းကာ ဆွေးနွေးခဲ့ပြီးသား ဖြစ်၏။ နောက်တစ်ကြိမ် ကျူးကျော်သူ များ ဘယ်အချိန်ရောက်ရှိလာမည်ဆိုသည်ကိုပင် ကြိုတင်ကာ တွက်ချက်ပြီးသား ဖြစ်နေကြ၏။
လက်ရှိ ပြိုင်စံရှားဂိုဏ်း ၏ ဂိုဏ်းချုပ်သည် တိကျသည့် အချိန်တစ်ခုကို ပေးအပ်ခဲ့၏။ ယုံကြည်ရသည်ဆိုဆို မယုံကြည်ရသည်ဆိုဆို သူတို့ အနေနှင့် မိုးရွာသောနေ့အတွက် ပိုမိုကာ ကြိုတင်ကာ ပြင်ဆင်ရမှာဖြစ်သည်။
“ဟုတ်ပြီ”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “လက်ရှိအချိန်မှာ အထက်နယ်မြေရဲ့ တကယ့်ကို ကြီးမားလှတဲ့ အန္တရာယ်ကြီး ဆိုတာက အခုပြန်လည်ရှင်သန် လာတဲ့ နတ်ဆိုးဘိုးဘေးကြီးပဲဖြစ်လိမ့်မယ်။ တစ်ခြားမှာရှိတဲ့ တပ်သင်္ဘောတွေက ကျူးကျော်လာတယ်ဆိုလျှင်တောင် မှ အဲလူနဲ့ ပတ်သက်နေမယ်ထင်တယ်။”
“ခင်ဗျားဘာကို ဆိုလိုတာလဲ။” အကြီးအကဲကျန်းက မေးလိုက်သည်။
များပြားလှသော ဂိုဏ်းကဏ္ဍအသီးသီးမှ စွမ်းအားမြင့်ကျင့်ကြံသူများအားလုံးသည် သူ့ဆီသို့ လှမ်းကာ ကြည့်ရှုလိုက် ၏။ ဤတစ်ကြိမ်တွင် ပြုလုပ်ကြသည့် အစည်းအဝေးပွဲတွင် ဆွေးနွေးကြသည့် လူများမှာ အင်ပေါ်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းမှ လူများသာဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ထိုသူတွေအားလုံးကို ကျော်လွန်ကာဖြင့် ဦးဆောင်ကာ ဆွေးနွေးလျက်ရှိနေ၏။
ကြယ်တာရာစိတ်ဝိညာဉ်ကမ္ဘာမှ လူများသည် နောက် ၃ နှစ်အတွင်း လာရောက်ကာ အန္တရာယ်ပေးကြမည် ဖြစ်ကြောင်းကို သူကစတင်ကာ ပြောဆိုခဲ့၏။ ထိုအကြောင်းအရာသည် အစည်းအဝေးတစ်ခုလုံးအတွက် ဆွေးနွေးစရာ ကိစ္စကြီးတစ်ခုပင် ဖြစ်သွားခဲ့သည်။
“တခြားကမ္ဘာတွေက လာပြီးတော့ ရုတ်တရက် ကျူးကျော်မှုက နတ်ဆိုးဘိုးဘေး ကြီး ပြန်လည်ရှင်သန်ခြင်းနဲ့ တိုက်ဆိုင်နေတယ်။ ဒီနှစ်ခုက မပတ်သက်ဘူးဆိုလျှင်တောင်မှ ကျုပ်တို့ တွေးစရာတော့ ရှိနေနိုင်တယ်မဟုတ်လား။”
……
အားလုံးသောသူများသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ အမှန်ပင်ဖြစ်သည်။ နတ်ဆိုးဘိုးဘေးကြီးသည် ပြန်လည်ရှင် သန်လာခဲ့၏။ ထိုအချိန်မှာပဲ အထက်နယ်မြေသည် ဝင်ရောက်ကျူးကျော်ခြင်းကို ခံရသည်။ ဤအရာသည် တိုက်ဆိုင်မှု ဆိုလျှင်တောင်မှ အလွန်အမင်း တိုက်ဆိုင်လွန်းနေချေ၏။
“ကျုပ်စစ်ဆေးထားတဲ့ အချက်အလက်တွေအရဆိုရင်..”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “နတ်ဆိုးမျိုးနွယ်ဆိုတာက အစတုန်းက ဒီမှာရှိတဲ့ မျိုးနွယ်တွေရဲ့ အစိတ်အပိုင်းတစ်ခု မဟုတ်ဘူး။ သူတို့က အထက်နယ်မြေမှာ ရုတ်တရက်ပေါ်ပေါက်လာခဲ့တယ်။ ဒီတော့ မကောင်းတဲ့ အချက်အလက်တစ်ခုခု ရှိနေမှာကို ကျုပ်စိုးရိမ်မိတယ်။”
“ဂိုဏ်းချုပ်ကျွင်း။ ခင်ဗျားဆိုလိုတာက..” အကြီးအကဲကျန်း၏ အမူအရာသည် လေးနက်လာခဲ့၏။
“နတ်ဆိုးမျိုးနွယ်တွေက ကြယ်တာရာစိတ်ဝိညာဉ်ကမ္ဘာက လာခဲ့တယ်လို့ ဆိုလိုချင်တာလား။ အခု အပြင်ဘက်က ရောက်ရှိလာတဲ့ တပ်သင်္ဘောတွေရဲ့ ကျူးကျော်မှုက နတ်ဆိုးဘိုးဘေးကြီးနဲ့ သက်ဆိုင်တယ်လို့ ပြောချင်တာလား။”
“ဖြစ်နိုင်တာပေါ့။” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
“ဟုတ်တယ်။”
စိတ်တိုတတ်သော စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်သည် ဒေါသတကြီးဖြင့် ပြောလိုက်၏။ “နတ်ဆိုးဘိုးဘေးနဲ့ သူ့ရဲ့ နတ်ဆိုးမျိုးနွယ်တွေအကုန်လုံးက အထက်နယ်မြေကို တိတ်တဆိတ်ဝင်ရောက်ချိုးဝင်လာခဲ့တဲ့ သူလျှိုတွေပဲ ဖြစ်ရမယ်။ သူတို့က လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သိန်းကျော်ထဲက ကြီးမားတဲ့ ရည်ရွယ်ချက်ကို ကိုင်ဆွဲထားတာ ဖြစ်ကို ဖြစ်ရမယ်ဗျာ။”
“သူက ပြန်လည်ရှင်သန်လာတယ်ဆိုပေမဲ့ သူ့ရဲ့ အသက်ဓာတ်က ကြီးကြီးမားမား ထိခိုက်ခံထားရတယ်လေ။ ပြီးတော့ နတ်ဆိုးနယ်မြေကြီးတစ်ခုလုံးကလည်း ဘိုးဘေးတွေရဲ့ စည်းခတ်ခြင်းကို ခံထားရတယ်။ သူတို့က ကျုပ်တို့ကို လုံးဝ တိုက်ခိုက်နိုင်စွမ်းမရှိဘူး ဆိုတာကို ကောင်းကောင်းသိကြမှာပဲ။ ဒီတော့ ပြင်ပကနေ အကူအညီယူလာတာကော မဖြစ်နိုင်ဘူးလား။” ကြီးမြတ်သူတုံးကုက ဝင်ရောက်ကာ ပြောဆိုလိုက်သည်။
ကျွင်းချောင်ရှောင်းသည် သူ၏ ဆရာကို ကြိတ်ကာ ချီးကျူးလိုက်မိ၏။ သူသည် နတ်ဆိုးဘိုးဘေးကြီးဆီသို့ ရှိသမျှ ပြဿနာအားလုံး ပစ်တင်လိုက်ခြင်းပင်ဖြစ်၏။ ထို့အတွက် လုံလောက်သည့် ရှင်းပြချက်များကလည်း လိုအပ်နေခဲ့၏။ သူနှင့် သူ၏ ဆရာတို့သည် ကြိုတင်ကာ စီမံ ထားခြင်းမရှိကြချေ။ သို့ပေမဲ့ နည်းဗျူဟာကျကျဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိနေ၏။
ဤအတောအတွင်း ကုန်းရှန့်သည် ပြဿနာအကြောင်းနှင့်ပတ်သက်၍ စဉ်းစားနေခဲ့၏။ ရောင်မုန့်ယဉ်တစ်ယောက် သန္ဓေနတ်ဆိုးသူတော်စင် ခန္ဓာကိုယ်ကို ပိုင်ဆိုင်သည့် အကြောင်းကို တစ်လောကလုံးက အဘယ့်ကြောင့် သိရှိသွားရသနည်း။
ပြောရမည်ဆိုလျှင် ဤအကြောင်းအရာသည် အထက်နယ်မြေတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ရ၏။ ထိုအရာသည် တစ်စုံတစ်ယောက်သည် ရည်ရွယ်ချက်ရှိရှိနှင့် ပြိုင်စံရှားဂိုဏ်းကို ဒုက္ခရောက်စေရန်အတွက် သတင်း ဖြန့်လိုက်ခြင်းသာဖြစ်ပေမည်။
ထိုသို့ဆိုလျှင် ဤသတင်းကို မည်သူက ဖြန့်ဝေလိုက်သနည်း။ သံသယအရှိဆုံးအရာသည် နတ်ဆိုးဘိုးဘေးကြီးပင် ဖြစ်ရပေလိမ့်မည်။
ရောင်မုန့်ယဉ် သည် သူ၏ သန္ဓေနတ်ဆိုး သူတော်စင် ခန္ဓာကိုယ်ကို အလုံးစုံ သိမ်းပိုက်ခဲ့၏။ ထို့ကြောင့် သူ့တွင် ဘာမှမရှိတော့ချေ။ ထို့ကြောင့် ဒေါသထွက်ပြီး သူ့ကို အကောက်ကြံသည်ဆိုသည်မှာ သာမန်ပင်ဖြစ်ပေလိမ့်မည်။ လုံလောက်သည့် သက်သေပြချက် မရှိဘူးဆိုသော်လည်း နတ်ဆိုးဘိုးဘေးကြီးသည် ဤနောက်ကွယ်တွင် ရှိနေသော အရာများကို ထိန်းချုပ်ထားသည် ဖြစ်ကြောင်းကို ကျွင်းချောင်ရှောင်းက သေချာလို့နေခဲ့၏။ တစ်ဖက်လူသည် သူ့ကို လှည့်စားနေပြီဖြစ်ကြောင်း သိရှိသည်ဆိုမှတော့ သူကလည်း ပြန်လည်ကာ လှည့်စားရပေလိမ့်မည်။
“ဒါက အမှန်ပဲ။”
အကြီးအကဲကျန်းသည် စားပွဲခုံကို ထရိုက်ကာဖြင့် အေးစက်စက် အကြည့်ဖြင့် ကြည့်ပြီးပြောလိုက်၏။ “အရေးအကြီးဆုံး အရာက နတ်ဆိုးဘိုးဘေးကြီးကို ရှာဖို့ပဲ။ အထက်နယ်မြေတစ်ခုလုံးရဲ့ အကြီးမားဆုံး ရန်သူကတော့ အဲဒီသူလျှိုတွေပဲဖြစ်ရမယ်။”
ပြန်လည်မွေးဖွားလာခဲ့ပြီဖြစ်သော နတ်ဆိုးဘိုးဘေးကြီးသည် ကျွင်းချောင်ရှောင်းတစ်ယောက် သူ့အား အကောက်ကြံခဲ့သည်ဖြစ်ကြောင်းကိုသာ သိရှိပါက ကျိန်းသေပေါက် သွေးပင်အန်ထွက်ပေလိမ့်မည်။
“အားလုံးပဲ။”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “နတ်ဆိုးဘိုးဘေးကြီး ပြန်လည်ရှင်သန်လာခြင်းဆိုတာကလည်း အသုဘခန်းဆောင်ကလူတွေ ကြိုပြီးတော့ စီစဉ်ထားခဲ့တဲ့ အရာပဲ။ ပြိုင်စံရှားဂိုဏ်းရဲ့ သတင်းအချက်အလက်တွေ စုံစမ်းမှုအရဆိုလို့ရှိရင် ဒီအဖွဲ့အစည်းရဲ့ အဓိက ဌာနချုပ်က ပင်လယ်ဘုရင်မြို့မှာ တည်ရှိနေတယ်။”
ရောင်မုန့်ယဉ်သည် သန္ဓေနတ်ဆိုး သူတော်စင် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ခဲ့၏။ ထိုအရာသည် သူတို့အတွက် ကျိန်းသေပေါက် မေ့ဖျောက်၍ မရနိုင်သော ရန်ငြိုးတစ်ခုပင်ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် ကျွင်းချောင်ရှောင်းအနေနှင့် တစ်ဖက်လူများကို အကောက်ကြံချင်သည်ဆိုပါက အသုဘခန်းဆောင်ကိုပါ ထည့်သွင်းကာ တွက်ချက်ရပေလိမ့်မည်။ သူ့အနေနှင့် အငှားဓားကို အသုံးပြု၍ သတ်ဖြတ်ခြင်းပင်ဖြစ်သည်။
သူ ကျွင်းချောင်ရှောင်းသည် ဤကဲ့သို့သော ကစားပွဲမျိုးကို မည်ကဲ့သို့ ကောင်းကောင်းမွန်မွန် ကစားရမည် ဆိုသည်ကို သိရှိသည့် ကျွမ်းကျင်သူ တစ်ယောက်ပင် မဟုတ်ပါလား။