အခန်း ၁၅၅၁
Vol. 104 Ch. 1551
အပိုင်း (၁၅၅၁)
အမြူတေပြောင်းလဲခြင်းအဆင့်တစ်ဆေးလုံးသည်အောင်မြင်စွာဖြင့်သန့်စင်ခဲ့ပြီးပြီဖြစ်၏။သို့ပေမဲ့အထဲတွင်ပါဝင်သော အဆိပ်ပမာဏသည်အလွန်တရာ အားကောင်းလှ၏။ထို့ကြောင့်တစ်စုံတစ်ယောက်အနေဖြင့်ကိုယ်တိုင်ကိုယ်ကျစမ်းသပ်မှ ဖြစ်ပေလိမ့်မည်။စမ်းသပ်မှုပြုလုပ်ရန်အများကြီးလိုအပ်နေသေး၏။ သို့ပေမဲ့ဟောခန်းသခင်မြောင်သည်များပြားလှသည့်ဆေးလုံးများကို ကြိုတင်ကာ ပြင်ဆင်ပြီးပြီ ဖြစ်တော့သည်။
“ကျွန်မလုပ်မယ်”အဓိကဟောခန်း၏ အပြင်ဘက်ဆီမှအသံတစ်ခု ထွက်ပေါ်လာ၏။ ပြီးနောက်အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့်လုချင်းချင်းသည်အထဲသို့လျှောက်ဝင်လာခဲ့၏။သူမသည်ဘုံကိုးပါးလျှို့ဝှက်နယ်မြေထဲတွင်တစ်ချိန်လုံး လေ့ကျင့်လျက်ရှိနေ၏။ ထို့ကြောင့်တခြားသော ဂိုဏ်းသူဂိုဏ်းသားများ၏ အရှေ့တွင်ပေါ်လာသည်မှာ ရှားပါးလွန်းလှ၏။
“အကြီးဆုံး စီနီယာအစ်မကြီး”
လီချင်းယန်က ပြောလိုက်သည်။ “ဒါကို ကျုပ်လုပ်ပါ့မယ်”
“ကျုပ်လုပ်မယ်”စုရှောင်မိုသည်ရှေ့ဆီသို့လှမ်းတက်လိုက်၏။
တခြားသောတပည့်များ အားလုံးသည်လည်း ဤအဆိပ်ဆေးကို စမ်းသပ်ရန်လိုလိုချင်ချင်ပြောဆိုလျက်ရှိနေကြသည်။တခြားသောဂိုဏ်းများသာဆိုပါက တပည့်များသည်ထိုကဲ့သို့သေဆုံးနိုင်သည့်ဆေးလုံးကို သောက်သုံးရန်တွန့်ဆုတ်နေပေလိမ့်မည်။သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းမှာတော့ ခြားနားလျက်ရှိနေသည်။ဤဂိုဏ်းသည် ရူးသွပ်မှုနှင့်ပျော်ရွှင်မှုကို ဦးစားပေးသည့်ဂိုဏ်းတစ်ခုဖြစ်နေသည်မဟုတ်ပါလား။
အထဲတွင်ရှိနေသည့်ဂိုဏ်းသူဂိုဏ်းသားများ အားလုံးသည်သေခြင်းရှင်ခြင်းဆိုသည့်ကိစ္စရပ်များကို ဂရုစိုက်လိမ့်မည်မဟုတ်ချေ။
“အားညို”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မင်းဆိုရင်ကော”
“………”
ရီရှင်းချန်သည်တိတ်ဆိတ်ငြိမ်သက်သွား၏။ လက်ရွေးစင်တပည့်တစ်ယောက်အနေဖြင့်အစောကြီးကတည်းက ဤကဲ့သို့အဆိပ်ဆေးမျိုးကို စမ်းသပ်ရန်အတွက် နှောင့်နှေးခြင်းတစ်ချက်ရှိလိမ့်မည်မဟုတ်ချေ။သို့ပေမဲ့လက်ရှိ အချိန်မှာတော့ဘာတစ်ခုမှမပြောခဲ့ချေ။ခဏလောက်ကြာပြီးသည့်နောက်ရီရှင်းချန်က ပြောလိုက်သည်။ “တကယ်လို့ဒီဆေးလုံးဆီမှာ တစ်စုံတစ်ယောက်ကို သေဆုံးစေနိုင်မယ့်အဆိပ်မျိုး ပါဝင်နေမယ်ဆိုရင်တော့မစမ်းသပ်ချင်ဘူး”
“အကြောင်းပြချက်က …” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။
ရီရှင်းချန်သည်သူ၏လက်သီးကိုဆုပ်ကာဖြင့်အေးစက်စက်ပြောလိုက်၏။ “လက်စားမချေရသေးလို့”
အမြူတေပြောင်းလဲခြင်းအဆင့်တစ်ဆေးလုံးသည်တစ်စုံတစ်ယောက်ကို သေဆုံးစေနိုင်သည့်အရာမျိုး မဟုတ်ပါက သူ့အနေနှင့် ကျိန်းသေပေါက်စမ်းသပ်ရပေလိမ့်မည်။သို့ပေမဲ့ပါဝင်နေသည့်အဆိပ်ဆေးသည် ကြမ်းတမ်းလွန်းလှပြီး အထဲတွင်ပါဝင်နေသော ဘေးထွက်ဆိုးကျိုးသည်မည်မျှပြင်းထန်သည်ဖြစ်ကြောင်းကို သူမရှိချေ။ထို့ကြောင့်အချိန်ဖြုန်းကာဖြင့်ထိုအရာမျိုးကို မစမ်းသပ်ချင်ပေ။ တခြားသော ရန်ငြိုးရန်စများ မရှိသည်ဆိုပါက သူ့အနေနှင့် တစ်ခါတည်း သောက်သုံးလိုက်မည်ဖြစ်သည်။
ကျွင်းချောင်ရှောင်းသည်မတ်တပ်ထရပ်လိုက်ပြီးသည့်နောက်ဆေးလုံးကို ကောက်ယူလိုက်၏။သူသည် ပြုံးကာပြောလိုက်မိ၏။ “ဟုတ်တယ်…ဒီလို အန္တရာယ်ကြီးတဲ့ကိစ္စရပ်တွေကို ငါကိုယ်တိုင်ပဲ လုပ်ရမယ်”
သူ့အနေနှင့် တပည့်များသည်ဤကဲ့သို့သော အဆိပ်ကို ပထမဦးဆုံး စမ်းသပ်ရန်အတွက်အားတက်သရောဖြစ်နေသည်ကို မြင်ရပြီးသည့်နောက်အလွန်ပင်ကျေနပ်ဝမ်းသာလျက်ရှိနေ၏။ သို့ပေမဲ့အလွန် အန္တရာယ်များလှသော ကိစ္စမျိုးပြုလုပ်သည်မှာ မိဘများ၏ လုပ်ရပ်ပင်ဖြစ်ပေလိမ့်မည်။ကလေးများမှာ ကောင်းကောင်းမွန်မွန်နှင့်ဖွံ့ဖြိုး ကြီးထွားလာရန်သာ လိုအပ်သည်။
“ဂိုဏ်းချုပ်”
မြောင်စိုင်းဖန်သည်မျက်မှောင်ကုတ်ကာဖြင့်ပြောလိုက်၏။ “ဒီထဲမှာ ပါဝင်တဲ့အဆိပ်ပမာဏက အရမ်းကို အားကောင်းတယ်။အလျင်လိုလို့မဖြစ်ဘူး”
“ဟုတ်တယ်”
အကြီးအကဲဝေက လှမ်းပြောလိုက်သည်။ “ဂိုဏ်းချုပ်က ပြိုင်စံရှားဂိုဏ်းတစ်ခုလုံးရဲ့ ဂိုဏ်းချုပ်လေ။ ဘာတစ်ခုမှမဖြစ်တာ ကောင်းမယ်”
ဘေးတစ်ဖက်တွင်ရပ်လျက်ရှိနေသော နှင်းဆီဧကရီသည်သူမ၏ ယောက်ျားကို မတားဆီးချေ။အဘယ်ကြောင့်ဆိုသော်သူမ၏ ယောက်ျားသည်သူ၏ တပည့်များကို မည်မျှတန်ဖိုးထားသည် ဖြစ်ကြောင်းကို ကောင်းကောင်းသိရှိနေသောကြောင့်ပင်။
“ကျုပ် စိတ်ပိုင်းဖြတ်ပြီးသွားပြီ” ကျွင်းချောင်ရှောင်းက ပြောလိုက်၏။
“………..”
အားလုံးတို့သည်တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။ဂိုဏ်းချုပ်နှင့်အတူ အချိန်ပေါင်းများစွာ နေထိုင်ခဲ့ပြီးသည့်နောက်မှာတော့ဂိုဏ်းချုပ်သည်မည်ကဲ့သို့သောလူစားမျိုးဖြစ်ကြောင်း အားလုံးက သိရှိလို့နေခဲ့သည်။
“ဒီအတိုင်းသောက်မှာလား။ ရေနွေးလေးနဲ့သောက်မလား။ ဒါဆိုရင်အဆိပ်က ပျော့သွားမယ်နဲ့တူတယ်”
“ဝိုင်နဲ့သောက်ရင်ကော”
“အင်း… ဒါကတော့အလုပ်ဖြစ်မယ်နဲ့တူတယ်”
“ချင်းယန်…ဝိုင်ယူခဲ့”
ရွှီး ရွှီး ရွှီး
အရက်မူးအိမ်မက်ဝိုင်သည်သူ၏အရှေ့သို့ရောက်ရှိလာ၏။ ကျွင်းချောင်ရှောင်းသည်ယုံကြည်ချက်ရှိရှိဖြင့်လက်ကို ကောက်မြှောက်ပြီးသည့်နောက်စိုးရိမ်ပူပန်လျက်ရှိနေသည့်တပည့်များကို ကြည့်ရှုလိုက်၏။ “ငါက သွားပြီ သေတော့မှာမဟုတ်ပါဘူး။ ပြုံးထားစမ်းပါ”
လီချင်းယန်နှင့်စုရှောင်မိုတို့သည်အားတင်းကာ ပြုံးလိုက်ကြ၏။ ၎င်းတို့၏မျက်နှာသွင်ပြင်သည်ငိုတာထက်ပင်ပိုမိုကာ ရုပ်ဆိုးလွန်းလှချေသည်။
“အီး ..”
လျှိုဝမ်ရှစ်သည် ရုတ်တရက်ထကာ ငိုယိုလိုက်၏။ ပြီးနောက်ပြောလိုက်၏။ “ဂိုဏ်းချုပ်…တစ်ခုခုဖြစ်သွားတယ်ဆိုရင်ဂိုဏ်းချုပ်ရဲ့အုတ်ဂူပေါ်မှာ နှစ်စဉ်နှစ်တိုင်း အရသာရှိတဲ့တရုတ်ဟင်းပွဲတွေတည်ခင်း ကျွေးမွေးပါမယ်”
ကျွင်းချောင်ရှောင်း၏ မျက်နှာပေါ်ရှိ ကြွက်သားများသည် တဆတ်ဆတ်တုန်ယင်သွား၏။ ဤမိန်းကလေးသည်ကလေးမလေးတစ်ယောက်မှသည် အရွယ်ရောက်သည့်မိန်းကလေးတစ်ယောက်အဖြစ်ပြောင်းလဲရောက်ရှိလာခဲ့ပြီ ဖြစ်၏။ သို့ပေမဲ့သူမ၏ စကားလုံးများသည်အမှန်ပင်ကလေးဆန်လွန်းလှသည်။
ဟောခန်းတွင်ရှိနေသော အခြေအနေ တစ်ခုလုံးသည်အမှန်ပင်ဝမ်းနည်းဖွယ်ကောင်းသည့်အခြေအနေအဖြစ်သို့ပြောင်းလဲသွား၏။ ဂိုဏ်းထဲတွင်ရှိနေသော အထက်ပိုင်းအကြီးအကဲနှင့် တပည့်များသည်ဂိုဏ်းချုပ်တစ်ယောက်လုံလုံခြုံခြုံနှင့် အသက်အန္တရာယ်ကင်းရှင်းနိုင်ပါစေဟု ကြိတ်ကာ ဆုတောင်းနေကြ၏။
မြောင်စိုင်းဖန်သည်သူမ သန့်စင်ထားသော အဆိပ်ဆေးလုံးကို သေသေချာချာ စစ်ဆေးကြည့်ရှုလိုက်၏။ ပြီးသည့်နောက်မှာတော့စားပွဲပေါ်တွင်စီစီရီရီနှင့် စီထားလိုက်၏။သူမက ပြောလိုက်သည်။ “ဒီမှာ သေသေချာချာ စီပေးထားတယ်။အဆိပ်ဆေးကို သောက်ပြီးသွားရင်ဒါတွေအကုန်လုံးကို အစီအစဉ်တကျသောက်ဖို့လိုတယ်”
ကျွင်းချောင်ရှောင်းသည်ခေါင်းညိတ်လိုက်၏။တခြားတစ်ဖက်မှာတော့စွန်းပုကုံးနှင့် သူ၏ဆေးအဖွဲ့ဝင်များ အားလုံးသည်အဆင်သင့်နေရာယူထားပြီးဖြစ်၏။ ၎င်းတို့သည်ဂိုဏ်းချုပ်တစ်ခုခု ဖြစ်သွားသည်ဆိုပါက အချိန်ကိုက်ကုသနိုင်ရန်အတွက်စီစဉ်ဆောင်ရွက်လျက်ရှိနေကြ၏။
ယီး ယီး ယီး
လျှိုဝမ်ရှစ်သည်သူမ၏မျက်ရည်များကို သုတ်လိုက်၏။သူမသည်ငိုရှိုက်လျက်ရှိနေသည်။ “ဒုတိယစီနီယာအစ်ကို… စိတ်ဝိညာဉ်သားရဲဟောခန်းကို သွားပြီးတော့ရှင်းလင်းထားရင်မကောင်းဘူးလား”
“………”
ကျွင်းချောင်ရှောင်းသည်လဲပြိုလုမတတ်ပင် ဖြစ်သွားခဲ့၏။ဤမိန်းကလေး ကလေးဆန်လှသော စကားများကို ဆက်မပြောစေရန်အတွက်ချက်ချင်းပဲ လက်တစ်ဖက်ကိုမြှောက်ကာဖြင့်အဆိပ်ဆေးလုံးကို ကောက်ထည့်ကာ ဝိုင်ကို တစ်ခါတည်း မော့ယူလိုက်၏။
“ဂိုဏ်းချုပ်”
တပည့်များအားလုံးသည်သေခြင်းရှင်ခြင်း အခြေအနေနှင့် ချက်ချင်းပင်ခွဲခွာရမည့်လူများကဲ့သို့ပင်ငိုရှိုက်လျက်ရှိနေကြသည်။
“ချစ်လှစွာသော တပည့်တို့အားလုံးကို နှုတ်ဆက်ပါတယ်” ကျွင်းချောင်ရှောင်းသည်ပါးစပ်ကို ဟကာဖြင့်အဆိပ်ဆေးလုံးကို ပါးစပ်ထဲသို့ထည့်လိုက်၏။သို့ပေမဲ့အဆိပ်ဆေးလုံးသည်သူ၏ ပါးစပ်နား သို့ရောက်ခါနီး အချိန်မှာပဲ ဟောခန်း၏ အပြင်ဘက်ဆီမှအသံတစ်ခု ထွက်ပေါ်လာခဲ့၏။
“ကျုပ် နတ်ဘုရားခွန်သားရဲအဖြစ်အသွင်ပြောင်းနိုင်တဲ့ကျိက ဂိုဏ်းချုပ်ထက်ပိုပြီးတော့အဆိပ်တွေခံနိုင်ရည်ရှိတယ်။ဒီတော့ဒီဆေးလုံးကို စမ်းသပ်ပါရစေ”
ဖောက်ဖောက်
ဟောခန်းသခင်ကျိသည်ချက်ချင်းပဲ ရောက်ရှိလာခဲ့တော့၏။သူ၏ မျက်နှာပေါ်တွင်အလုံးစုံ ဆုံးဖြတ်ပြီးသား အမူအရာများနှင့် ထင်ရှားပြည့်နှက်လို့နေခဲ့၏။
“ရော့...ဒါဆိုရင်ယူ”
မြင်ကွင်းသည်ချက်ချင်းပဲ ပြောင်းလဲသွားခဲ့၏။ဟောခန်းသခင်ကျိသည်ဆေးလုံးစမ်းသပ်ရာ စားပွဲ၏ရှေ့တွင်မတ်မတ်ရပ်လျက်ရှိ၏။ သူ၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည်လည်း ခံစားချက်မျိုးစုံတို့ဖြင့်ရောပြွန်းလျက်ရှိနေ၏။ ဂိုဏ်းချုပ်အတွက်ဝမ်းနည်းကြေကွဲလျက်ရှိနေသည့်တပည့်များကို ကြည့်ရှုပြီးသည့်နောက်သူသည်မည်သို့မှမနေနိုင်တော့ချေ။ထို့ကြောင့်ဂိုဏ်းချုပ်အစား ဆေးလုံးကို စမ်းသပ်ရန်အတွက်သူဆုံးဖြတ်ခဲ့ခြင်းပင်ဖြစ်၏။အဆုံးသတ်မှာတော့တစ်ယောက်သောသူကမှသည်သူ့ကို မတားဆီးခဲ့ချေ။
“မဖြစ်သေးဘူး။ ငါ့အနေနဲ့စိတ်ပိုင်းဆိုင်ရာအရ ကြိုပြီးတော့ ပြင်ဆင်ထားမှ ဖြစ်လိမ့်မယ်”
“ဂိုဏ်းချုပ်”
ဟောခန်းသခင်ကျိသည်လေးလေးနက်နက်ပြောလိုက်၏။ “ဒါကို ဂိုဏ်းချုပ်ပဲ ဆက်လုပ်လို့မဖြစ်တော့ဘူးလား”
“အချိန်ဖြုန်းမနေနဲ့တော့”
ကျွင်းချောင်ရှောင်းသည် ရုတ်တရက်ထိုင်ချကာဖြင့်ပြောလိုက်တော့၏။ “ခင်ဗျားပဲ ဒီဆေးလုံးကို စမ်းသပ်မယ်လို့ပြောခဲ့တာ မဟုတ်ဘူးလား။ အားလုံးကြားခဲ့တယ်လေ”
ပြောပြီးသည့်နောက်မှာတော့သူသည်ချက်ချင်းပဲ စာရွက်တစ်ရွက်ကို ထုတ်ယူကာဖြင့်အသုဘတမ်းချင်းကို စတင်ကာ ရွတ်ဆိုတော့သည်။
အီး .. ဟီး… အီး ….
လျှိုဝမ်ရှစ်၊ရောင်မုန့်ယဉ်နှင့်တခြားသောသူများအားလုံးသည်ဝမ်းနည်းဆွေးမြေ့စွာဖြင့်ငိုယိုလျက်ရှိနေ၏။ ဟောခန်းသခင်ကျိသည်မသေဆုံးသေးချေ။သို့ပေမဲ့ ၎င်း၏ ပြုမူဆောင်ရွက်မှုအတွက်လေးစားသည့်အနေနှင့် အသုဘအခမ်းအနားတစ်ခုကို ကြိုတင်ကာ ပြင်ဆင်ရန်ပင် အစီအစဉ်ချမှတ်လိုက်မိပြီး ဖြစ်သည်။
...................
ဟောခန်းသခင်ကျိသည်မျက်ဖြူဆိုက်မတတ်ပင်ဒေါသထွက်လျက်ရှိနေ၏။ သို့ပေမဲ့သူ့အနေနှင့် လျှာရှည်ကာ ဝင်ရောက်ပြောဆိုပြီးပြီ ဆိုမှတော့သူ၏စကားကို ပြန်လည် ဖျက်ဆီး၍ မရတော့ချေ။ထို့ကြောင့်မြောင်စိုင်းဖန် ပြင်ဆင်ထားသော အဆိပ်ဆေးလုံးများကို အားကိုးရန်သာ ဆုံးဖြတ်လိုက်တော့၏။သူသည်အဆိပ်ဆေးကို တစ်ခါတည်း ပါးစပ်ထဲကို ထည့်ပြီးသည့်နောက်ဆေးလုံးများကို တစ်ခုပြီးတစ်ခု ပစ်ထည့်လိုက်တော့သည်။တစ်စုံတစ်ခုကို မျိုချသည့်အသံသည်တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့၏။
ကျွင်းချောင်ရှောင်းသည်အသုဘတမ်းချင်းကို ရွတ်ဆိုရာမှရပ်တန့်လိုက်ပြီး ခရမ်းရောင်ဘုရင်ကို စူးစိုက်ကြည့်နေ သည်။စွန်းပုကုံးနှင့် တခြားသော ဆေးအဖွဲသားများ အားလုံးသည်လည်း အနီးသို့အမှတ်မထင်ဘဲ တိုးလာခဲ့ကြ၏။ ၎င်းတို့အားလုံး၏ လက်ထဲတွင်တော့အရေးပေါ်သူနာပြုသေတ္တာသည်အဆင်သင့်တည်ရှိလို့နေခဲ့သည်။
ဟောခန်းသခင်ကျိ၏ မျက်လုံးများသည် ကြည်လင်ဝင်းပလျက်ရှိနေ၏။ ဟောခန်းသခင်ကျိသည်အားလုံးသော သူများ၏ ဂုဏ်ယူဝံ့ကြွားစရာ စမ်းသပ်သတ္တဝါကြီးတစ်ကောင်ကဲ့သို့ပင် ဖြစ်နေတော့သည်။
အား အား
ဟောခန်းသခင်ကျိသည်သူ၏ လည်ပင်းကို ဆုပ်ကိုင်ကာဖြင့်နာကျင်စွာ အော်ဟစ်လိုက်သည်။
“အဆိပ်ဖြေဆေး.... အဆိပ်ဖြေဆေး... မြန်မြန်”မြောင်စိုင်းဖန်သည်လျင်မြန်စွာ အော်ဟစ်လိုက်၏။
ခရမ်းရောင်ဘုရင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည်ယိမ်းယိုင်လျက်ရှိနေ၏။ ၎င်းသည်အနီးအနားတွင်ရှိနေသော အဆိပ်ဖြေဆေး ရှိရာသို့လှမ်းလာ၏။ သို့ပေမဲ့အမှတ်မထင်ဖြင့်နာကျင်စွာ မြေပေါ်သို့ဒူးထောက်ထိုင်ချလိုက်၏။မျက်နှာပေါ်တွင်ရှိနေသော သွေးကြောများသည်ဖုဖောင်းလာခဲ့ပြီး ကြောက်မက်ဖွယ်ရာ ပုံပန်းသွင်ပြင်မျိုးဖြင့် ဖြစ်တည်လာခဲ့၏။
ကျွင်းချောင်ရှောင်းသည်အရှေ့ဆီသို့လှမ်းတက်လာပြီးသည့်နောက်ပုလင်းထဲတွင်ရှိနေသော အဆိပ်ဆေးလုံးများ ကို ထုတ်ယူကာဖြင့်နံပါတ်တစ်ဆေးလုံးအား ပါးစပ်ထဲသို့ထိုးထည့်ပေးလိုက်၏။ သို့ပေမဲ့အကျိုး သက်ရောက်မှုမှာ မရှိချေ။နာကျင်လျက်ပင်ရှိနေသေးသည်။
“နောက်ထပ်ဆေးတစ်လုံးကို တိုက်လိုက်တော့”မြောင်စိုင်းဖန်သည်အလျင်အမြန်ဖြင့်ပြောလိုက်၏။
ဆွစ်
ကျွင်းချောင်ရှောင်းသည်နံပါတ်နှစ်ဆေးလုံးကို ထုတ်ယူလိုက်၏။ ပြီးနောက်နံပါတ်သုံး တဖြည်းဖြည်းနှင့် တစ်ခုပြီး တစ်ခုကို ထုတ်ယူကာဖြင့်ဟောခန်းသခင်ကျိ၏ ပါးစပ်ထဲသို့ထိုးထည့်လျက်ရှိသည်။သို့ပေမဲ့ဟောခန်းသခင်ကျိ၏ မျက်နှာသည်ယခင်က အတိုင်းပင်ဆိုးရွားသည့်အခြေအနေတစ်ခုကို ထုတ်ဖော်ပြသလျက်ရှိနေသည်။
“သွားပြီပဲ”
မြောင်စိုင်းဖန်က ပြောလိုက်၏။ “ဒါက အလုပ်မဖြစ်ဘူး”
“ဒါဆိုရင် ကျုပ်တို့ဘာလုပ်ရမလဲ”
ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့်မေးမြန်းလိုက်သည်။
“အင်း”
မြောင်စိုင်းဖန်သည်အသာလှည့်ပြီးသည့်နောက်လေးနက်တည်ကြည်သည့်အသံဖြင့်ပြောလိုက်၏။ “အသုဘအတွက်သာ ပြင်ဆင်ထားလိုက်တော့”
“အမ်”ကျွင်းချောင်ရှောင်းသည်ကြောင်အသွားသည်။
“ဟောခန်းသခင်ကျိ” လီချင်းယန်၊စုရှောင်မိုတို့သည်ဝမ်းနည်းဆွေးမြေ့စွာဖြင့်အော်ဟစ်လိုက်ကြ၏။ ၎င်းတို့၏မျက်နှာပေါ်သို့မျက်ရည်များသည်တသွင်သွင်ဖြင့်စီးဆင်းလျက်ရှိနေ၏။
“စနစ်”
ကျွင်းချောင်ရှောင်းက အော်ဟစ်လိုက်သည်။ “ငါ ဘာလုပ်ရမလဲ”
“ဒါက အရမ်းရိုးရှင်းတယ်လေ”
စနစ်က ပြောလိုက်၏။ “လက်ခံသူ အနေနဲ့သူ့ရဲ့လက်ကောက်ဝတ်အပေါ်ကို လက်တင်လိုက်။ ပြီးတော့အရေးပေါ်လုပ်ဆောင်နိုင်မှုကို အသက်သွင်းလိုက်ရုံပဲ”
အသက်ကယ်ဝှက်ဖဲသည်သူ့တွင်ရှိနေသော အမှတ်အမျိုးအစား သုံးခုလုံးကို ကုန်ခမ်းသွားစေ၏။ ထိုအရာသည် ကျွင်းချောင်ရှောင်းအတွက်ဘေးအန္တရာယ်များကို ဖြေရှင်းပေးနိုင်သည်သာ မဟုတ်ပေ။ တခြားသော သူများကိုလည်း ကူညီပြီး ဘေးအန္တရာယ်များကိုလည်း ကူညီဖြေရှင်းပေးနိုင်သည်။
“ဒါဆိုရင်ဘာကိုစောင့်နေတော့မှာလဲ” ကျွင်းချောင်ရှောင်းသည်ရှေ့ကို လှမ်းတက်လိုက်၏။ ပြီးနောက်ခရမ်းရောင်ဘုရင်၏လက်ကောက်ဝတ်ကို လှမ်းဆွဲကာ အသက်သွင်းလိုက်၏။
“ဒင်....ရှိသမျှဂိုဏ်းစုဆောင်းမှတ်တွေအကုန်လုံးကို အသုံးပြုပြီး လက်ရှိဘေးအန္တရာယ်ကို ဖြေရှင်းချင်ပါသလား”
“ဖြေရှင်းမယ်”
“ဒင်...ဂိုဏ်းစုဆောင်းမှတ် -သုည”
“ဒင်...ရှိသမျှဂိုဏ်းအောင်မြင်မှုအမှတ်များအားလုံးကို အသုံးပြုပြီး ဖြေရှင်းချင်ပါသလား”
“ဘာတွေပေါက်ကရလျှောက်ပြောနေတာလဲ။ အခုက သေခြင်းရှင်ခြင်း အခြေအနေလေ”
သူသည် ရုတ်တရက်ဖြေရှင်းမည်ဟု ပြောဆိုရန် ပြင်လိုက်သည့်အချိန်မှာပဲ ခရမ်းရောင်ဘုရင်သည် ရုတ်တရက်မတ်တပ်ထရပ်ကာဖြင့်ရယ်မောလိုက်၏။
“စုရှောင်မို.. ငါရဲ့သရုပ်ဆောင်မှုက ဘယ်လိုလဲကွ။ဟား ဟား ဟား”
ကျွင်းချောင်ရှောင်းသည်ချက်ချင်းပဲ မျက်လုံးများ ပြူးထွက်သွားခဲ့၏။ သူသည်တဆတ်ဆတ်တုန်ယင်နေသည့်ဦးခေါင်းကို လှည့်ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့တစ်ဖက်လူ၏ မျက်နှာသည်ပုံမှန်အတိုင်းဖြစ်လို့နေခဲ့၏။အဆိပ်မိသည့်လက္ခဏာမျိုး တစ်ချက်ကလေးမှမရှိချေ။သူသည်လှည့်စားခံလိုက်ခြင်းကို သိသည့်အချိန်မှာတော့ ရုတ်တရက်ထကာ ဆဲဆိုလိုက်မိ၏။ “ချီးတဲ့မှ...ခွေးသူတောင်းစားကျိ”