အခန်း ၁၅၅၆
Vol. 105 Ch. 1556
အပိုင်း (၁၅၅၆)
ပင်လယ်ဘုရင်မြို့၏ ကြီးမားလွန်းလှသော စားသောက်ဆိုင်ကြီးတစ်ခုထဲမှာတော့ ကျွင်းချောင်ရှောင်းသည်အဆင့်မြင့်အခန်းတစ်ခုကိုမှာယူကာ ထိုင်ချလိုက်၏။သူသည်ယူစီနန်နှင့်စကားပြောလျက်ရှိနေ၏။
၎င်းတို့နှစ်ယောက်သည်ငယ်ပေါင်းကြီးဖော်များကဲ့သို့ပင်အားရပါးရ စကားပြောဆိုလျက်ရှိနေကြ၏။ မကြာခင်မှာပဲ အရသာရှိလွန်းလှသော စားပွဲများအားလုံးသည်တည်ခင်းဧည့်ခံပြီးသားဖြစ်နေ၏။ ကမ်းခြေမြို့တစ်ခု ဖြစ်သောကြောင့်ဟင်းပွဲများအားလုံး သည်ပင်လယ်စာကိုပင်အဓိကထား၏။ ယူစီနန်သည်မျက်စိကို မှိတ်လိုက်ပြီးနောက်အသက်ကို ပြင်းပြင်းရှူလိုက်၏။ သူသည်ချီးကျူးလိုက်မိသည်။
“ပင်လယ်ဘုရင်မြို့မှာ အထက်နယ်မြေရဲ့ အကောင်းမွန်ဆုံးသော ပင်လယ်စာတွေရောင်းချတဲ့ဆိုင်တွေရှိတယ်လို့ ကျုပ်ကြားခဲ့ဖူးတယ်လေ။ ဒီ ပင်လယ်စာတွေရဲ့အနံ့ကတင် တကယ့်ကို ကောင်းမွန်တဲ့အရာတွေအဖြစ်သက်သေပြနေပြီ။”
“အစ်ကိုယု …. ခင်ဗျားက အစားအသောက်ကို ခုံမင်တဲ့လူတစ်ယောက်လား။”
ကျွင်းချောင်ရှောင်းက မေးမြန်းလိုက်၏။ “ကျုပ်ကိုကျုပ်အစားအသောက်ကို နှစ်သက်ခုံမင်တဲ့လူတစ်ယောက်လို့မပြောရဲပါဘူး။”
ယုစီနန်သည်နှိမ့်ချစွာပြောလိုက်သည်“ဒါပေမဲ့အရမ်းကို အရသာရှိတဲ့အရာတွေကို စားခဲ့ဖူးတယ်ဆိုတာကိုတော့နားလည်တယ်။ ပြီးတော့လောကကြီးမှာ ရှိတဲ့အရသာရှိတဲ့အစားအစာတွေအကုန်လုံးကို စားသုံးရခြင်းကို ခုံမင်တယ်ဆိုရုံလောက်ပါပဲ။”
“ကျေးဇူးပြုပြီး”
“ကျေးဇူးပြုပြီး စားပါအုံး”
နှစ်ယောက်သားသည်အလာပသလာပ စကားများကို ပြောဆိုပြီးသည့်နောက်ပင်လယ်စာအစားအစာများကို စတင်ကာ စားတော့၏။စားနေသည့် ဖြစ်စဉ်ကို အသေးစိတ်မရေးသားတော့ချေ။စာဖတ်ရင်းစားနေကြသည့်လူများ အစားအသောက်ပျက်သွားမည်ကို စိုးရိမ်သောကြောင့်ပင်။
“မဆိုးဘူး။ မဆိုးဘူးပဲ။”
ယုစီနန်သည်စားနေရင်းနှင့် ချီးကျူးလိုက်၏။
“အင်း”
ကျွင်းချောင်ရှောင်းမှာတော့သူ၏ တူကို အသာချပြီးသည့်နောက်ပါးစပ်ကို ဘေးတွင်ရှိသော လက်သုပ်ပုဝါဖြင့်အသာပွတ်သပ်လိုက်၏။သူ၏ မျက်နှာပေါ်တွင်တော့စိတ်ပျက်လက်ပျက်အမူအရာများ ဖြစ်တည်လို့နေသည်။
“လာပြီ”
စနစ်က ပြောလိုက်၏။ “ကျိန်းသေပေါက်ပေါက်ကရတွေစလုပ်တော့မယ်။”
ယုစီနန်က ဇဝေဇဝါ ဖြစ်သွားမိသည်။ “ဂိုဏ်းချုပ်ကျွင်း .. ဘာလို့မစားသေးတာလဲ။ ပင်လယ်စာတွေမကြိုက်ဖူးလား။”
“ဟင်း” ကျွင်းချောင်ရှောင်းသည်သက်ပြင်း အရင်ဆုံးချလိုက်၏။ ပြီးနောက်မတ်တပ်ထရပ်ကာဖြင့်ပင်လယ်စာပန်းကန်များ အားလုံးကို လက်ညှိုးထိုးကာဖြင့်ပြောလိုက်၏။ “ဒီလိုအစားအသောက်တွေက တကယ့်ကို အနုတ်စုတ်ဂုတ်စုတ်တွေလိုပဲ။ အမှိုက်တွေ။အမှိုက်တွေ”
…..
ယုစီနန်သည်အံ့အားသင့်သွားမိ၏။ သူစားနေသည့်ပင်လယ်စာများသည်အမှန်ပင်ကောင်းမွန်လွန်းလှ၏။အဘယ့်ကြောင့်အမှိုက်ဟု ပြောဆိုနေရသနည်း။
အရသာမတွေ့ဘူးဆိုလျှင်တောင်မှဤကဲ့သို့ဒေါသထွက်နေစရာတော့မလိုအပ်ချေ။တစ်ဖက်လူ၏ အစားအသောက် နှင့်ပတ်သက်သော ခုံမင်မှုသည်အကြီးအကျယ် မြင့်မြတ်ဆုံးသော အခြေအနေတစ်ခုကို ရောက်ရှိနေသည်လားပင်မသိချေ။
“အစ်ကိုယု”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ ကျုပ်ကို ဇီဇာကြောင်တဲ့လူလို့ခင်ဗျားထင်ရင်ထင်လိမ့်မယ်။ ဒါပေမဲ့ဒီစားသောက်ဆိုင်မှာရှိတဲ့စားဖိုမှူးတွေက ဟင်းကို ဘယ်လိုကောင်းကောင်းမွန်မွန်ချက်ရမလဲဆိုတာကို မသိဘူး။ ဒီလူတွေချက်တဲ့အစားအစာတွေအကုန်လုံးက အမှိုက်တွေ။ အနှစ်သာရ ဝိညာဉ်မရှိတဲ့အစားအစာတွေပဲ။”
“………..”
ယုစီနန်၏ နှုတ်ခမ်းများသည်တဆတ်ဆတ်နှင့် တုန်ယင်သွားခဲ့၏။အစားအသောက်သည်အရသာရှိလား၊ မရှိလားသည်ကိုသာ သူသိရှိ၏။ အသက်ဝိညာဉ်ပါသော အစားအစာဟု သူတစ်ခါမှမကြားဖူးချေ။
“ကျုပ် ဆက်ပြီး မစားတော့ဘူး။”
ကျွင်းချောင်ရှောင်းသည်တူကို အသာချကာဖြင့်ဒေါသတကြီး ပြန်လည်ကာ ထိုင်ချလိုက်သည်။
ယုစီနန်သည်အသံကို တီးတိုးပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်း ဒီမှာရှိတဲ့ပင်လယ်စာဟင်းပွဲတွေက ရွှမ်စိတ်ဝိညာဉ်ကျောက်တုံး ၁သောင်းလောက်တန်တာလေ။ ဒါတွေကို မစားဖူးဆိုတော့ ဖြုန်းတီးသလိုဖြစ်မှာပေါ့။”
“အစ်ကိုယု …. ကျေးဇူးပြုပြီး စိတ်ချပါ။”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီအစားအစာတွေကို ကျုပ်ကပဲ ဒကာခံပါ့မယ်။”
ဒကာခံမည်ဆိုသော စကားကို ကြားသည့်အချိန်မှာတော့ယုစီနန်သည်စိတ်သက်သာရာရသွားမိ၏။ သူသည်တူကို ကောက်ယူကာဖြင့် ပြုံးကာ ပြောလိုက်၏။ “ဒါဆိုလည်း ကျုပ်စားတော့မယ်။”
“စား စား”
ကျွင်းချောင်ရှောင်းမှာတော့သူ၏ သိုလှောင်လက်စွပ်ထဲတွင်ရှိနေသော ထမင်းကြော်ပန်းကန်ကို ထုတ်ယူကာ ပြောလိုက်သည်။
“အစ်ကိုယု … ခင်ဗျားက ပင်လယ်စာကိုစား။ ကျုပ်က ကျုပ်အတွက် ပြင်ဆင်လာတဲ့ထမင်းကြော်ပဲ စားတော့မယ်။”
“ဒါက” ယုစီနန်သည်အံ့အားသင့်သွားမိ၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါက ကျုပ်တို့ဂိုဏ်းက စားဖိုမှူးချက်ပြုတ်ပေးလိုက်တဲ့ထမင်းကြော်လေ။”
“…………”
ယုစီနန်သည်မူးနောက်နောက်ပင်ခံစားမိသွား၏။ ဈေးကြီးလှသော ပင်လယ်စာများကို စားသုံးရမည့်အစား သာမန်အစာခြောက်နှင့်ပင်တူညီလျက်ရှိနေသည့်ထမင်းကြော်ကို စားသုံးရန် ရွေးချယ်လျက်ရှိနေသည်။ဂိုဏ်းချုပ်ကျွင်း သည်ဦးနှောက်များ ပျက်နေသည်လားမသိချေ။
“အစ်ကိုယု”
ကျွင်းချောင်ရှောင်းက မေးမြန်းလိုက်၏။ “ခင်ဗျားရော စားချင်သေးလား။”
“မစားပါဘူး။ မစားပါဘူး။”
ယုစီနန်သည်အလောတကြီးဖြင့် ပြန်လည်ကာ ပြောဆိုလိုက်သည်။ “ဒီပင်လယ်စာတွေကို အရင်ဆုံးကုန်အောင်စားသင့်တယ်လို့ထင်တယ်လေ။ မကုန်လို့ရှိရင် နှမြောစရာကြီး။”
သူ၏ ရှေ့တွင်တော့ကျောက်ပုဇွန်ထုတ်ကြီးများ၊ ပင်လယ်ဂဏန်းကြီးများနှင့် အရသာ ရှိသော ပင်လယ်စာများအားလုံး တည်ရှိလို့နေ၏။ သို့ပေမဲ့တဖက်ခြမ်းမှာတော့ထမင်းကြော်ပန်းကန်လေး တစ်ခွက်သာရှိသည်။တစ်ဖက်လူ၏ ဦးနှောက်သည် မြင်းကန်ခံထားရသောကြောင့်ထမင်းကြော်သာလျှင်အကောင်းဆုံး ဖြစ်သည်ဟု ပြောဆိုနေသည်လားမသိချေ။
“ဒါဆိုလည်းကောင်းပြီ။”
ကျွင်းချောင်ရှောင်းသည်ထမင်းကြော်ပန်းကန်ကို အသာကောက်ယူကာဖြင့်စားသုံးတော့၏။
ယူစီနန်သည်စားချင်သောက်ချင်သည့်စိတ်များအားလုံးကို အလုံးစုံလွတ်ပေးလိုက်၏။စားပွဲပေါ်တွင်ရှိနေသော အစားအသောက်များကို ပါးစပ်ကြီးထဲသို့ထိုးထည့်ကာ စားသုံးလျက်ရှိနေသည်။
သို့ပေမဲ့တစ်ဖက်လူသည်ကောင်းမွန်လှသော ပင်လယ်စာများကို စားသုံးနေသော သူ့ထက်ပင်ပိုမို၍ အရသာရှိသော အစားအစာကို စားသုံးနေရသလို ဟန်ပန်အမူအရာမျိုးနှင့် ရှိနေသည်ကို မြင်ရချိန်မှာတော့ စိတ်ထဲမှာ ကြိတ်ကာ စဉ်းစားနေမိ၏။ ဒီထမင်းကြော်က ပင်လယ်စာတွေထက်တောင်ပိုပြီးကောင်းနေလို့လား။
“အင်း”
ခဏလောက်ကြာပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည်ထိုင်ခုံအနောက်သို့မှီကာ ထိုင်လိုက်၏။ ပြီးနောက်ပါးစပ်ကို အသာသုတ်ပြီး ထမင်းလုံးစီသည့်ဟန်ဖြင့်မျက်လုံးကို မှေးကာ ဇိမ်ခံလျက်ရှိနေသည်။ “ဒါကမှတကယ့်ကို အရသာရှိတဲ့အရာပဲ။ ကျိန်းသေပေါက် အသက်ဝိညာဉ်ပါတဲ့အစားအစာပဲ။”
“………”
ယုစီနန်၏ နှုတ်ခမ်းထောင့်များသည်တုန်ယင်လျက်ရှိနေ၏။ ထမင်းကြော်စားသုံးရခြင်းသည်ဤမျှကောင်းမွန်လိမ့်မည်ဟု သူ ဘယ်တုန်းကမှမထင်မှတ်ခဲ့ချေ။
“အစ်ကိုယု … လာ … သောက်ကြရအောင် ။လာခဲ့။လာခဲ့။”
ဝိုင်ခွက်ကိုယ်စီကို သောက်သုံးပြီးနောက် ကျွင်းချောင်ရှောင်းသည်ဆက်လက်ကာ စားသုံးပြန်၏။သူ၏ ပါးစပ်ဆီမှပလပ်ပလပ်အသံများပင်ထွက်ပေါ်လျက်ရှိ၏။ ကြည့်ရှုရသည်မှာ အမှန်ပင်အရသာရှိသည့်အစားအစာများကို အားရပါးရ စားသုံးနေသည့်ပုံစံပင်။
ယုစီနန်သည်လည်း ချက်ချင်း စိတ်ပါဝင်စားလာခဲ့၏။ စားပွဲပေါ်တွင်ရှိနေသည့်ပင်လယ်စာများအားလုံးသည်အရသာမရှိတော့သလိုပင်သူက ခံစားနေမိ၏။
“အစ်ကိုယု .. ဘာလို့မစားသေးတာလဲ။”
“……..”
ယုစီနန်သည်မည်သို့မှမနေနိုင်တော့ချေ။ထို့ကြောင့်အားပျော့စွာဖြင့်မေးလိုက်မိသည်။ “ဂိုဏ်းချုပ်ကျွင်း …. ခင်ဗျားရဲ့ထမင်းကြော်က တကယ်ကောင်းတာလား။”
“ကောင်းတာပေါ့။”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ကောင်းတယ်ဆိုတာထက်ပိုပြီးတော့ကောင်းတဲ့စကားလုံးရှိရင်ပြောချင်သေးတယ်။”
ဤမျှစိတ်အားတက်ကြွစွာ ပြောဆိုနေသည်ကိုမြင်သည့်အချိန်မှာတော့ယုစီနန်သည်ပိုမိုကာဖြင့်စိတ်ဝင်စားသွားမိသည်။ “ကျုပ်ကိုလည်း တစ်ပန်းကန်လောက်ပေးနိုင်မလား။”
“အင်း”
စနစ်သည်အကူအညီမဲ့စွာဖြင့်ဝင်ပြောလိုက်၏။ “အင်း … ဒီကောင်ကတော့ပါတော့မယ်။”
“ရတာပေါ့။”
ကျွင်းချောင်ရှောင်းသည်ထမင်းကြော်ပန်းကန်ကို ထုတ်ယူကာဖြင့်ရှေ့ဆီသို့အသာတွန်းပေးလိုက်သည်။
ယုစီနန်သည်ခေါင်းကိုငုံ့ကာဖြင့်ထမင်းကြော်ကို သေသေချာချာ စစ်ဆေးကြည့်ရှုလိုက်၏။သူ့အနေနှင့် အနည်းငယ်စိတ်ပျက်သလိုပင်ခံစားလိုက်မိ၏။
ထမင်းကြော်၏အရောင်သည်အချိန်ကြာမြင့်သည့်အချိန်ကတည်းက ကြော်ချက်ထားသည့်အရာပင် ဖြစ်ပုံပေါ်၏။အရသာရှိသည်ဆိုသော စံချိန်စံညွှန်းသည်မည်သည့်အရာကို ဆိုလိုသနည်း။ အရောင်အဆင်း၊ အနံ့နှင့်အရသာတို့ပင် ဖြစ်ပေလိမ့်မည်။
ဤထမင်းကြော်၏အရောင်သည် ရွှေရောင်တောက်ပလျက်ရှိသည်ဆိုသော်လည်း တစ်ညကျော်ကြာ ကြော်ထားပြီး သောအရာများဖြစ်သောကြောင့်အရောင်အဆင်းသည်အနည်းငယ်မှေးမှိန်နေ၏။ အနံ့ဆိုသည်မှာတော့ယုစီနန်သည်အရှေ့ကို အသာမှီကာဖြင့်တရှုံ့ရှုံ့နှင့်အနံ့ခံကြည့်လိုက်၏။သို့ပေမဲ့မည်သည့်အနံ့ကိုမှမရခဲ့ချေ။
အဘယ့်ကြောင့် ကျွင်းချောင်ရှောင်းသည်ဤအရာကို ပျော်ရွှင်စွာဖြင့်စားသုံးနေရသနည်း။ သူ၏ ခန့်မှန်းချက်မှန်ကန်မည်ဆိုလျှင်တစ်ဖက်လူသည်အရသာခံသည့်လုပ်ဆောင်မှုတွင် ကျိန်းသေပေါက်လိုအပ်ချက်များ ရှိနေသော လူပင် ဖြစ်ပေလိမ့်မည်။
“အစ်ကိုယု”
ကျွင်းချောင်ရှောင်းသည်ပြောလိုက်သည်။ “ပူတုန်းစားတော့လေ။”
ထမင်းကြော်သည်အေးစက်လျက်ရှိနေ၏။ ချီးတဲ့မှ။ဘယ်လိုပူတုန်းစားရမှာတုန်း။
သို့ပေမဲ့ယုစီနန်သည်ယဉ်ကျေးသည့်လူတစ်ယောက်ဖြစ်၏။အနည်းငယ်တွန့်ဆုတ်လျက်ရှိနေသည်ဆိုသော်လည်း သူသည်ဇွန်းကို ကောက်ယူလိုက်သည်။
မှန်ပေသည်။ ထမင်းကြော်ကို စားသုံးသည့်နေရာတွင်တူနှင့်စားသည်ထက်ဇွန်းနှင့်စားသည်က ပို၍ အသက်ပါလှ၏။
ဤကဲ့သို့သော အသေးစိတ်အချက်များကို ကြည့်ရှုရမည်ဆိုလျှင်ယုစီနန်သည်အမှန်ပင်အစားအသောက်ကို ခုံမင်သူတစ်ယောက် ဖြစ်ပုံပေါ်သည်။
ကျွင်းချောင်ရှောင်းတစ်ယောက်ပန်းကန်လုံးကို ကောက်ယူပြီး အားရပါးရ စားသုံးနေသည်ကို ပြန်လည် မြင်ယောင်ပြီးသည့်နောက်သူသည်အမှန်ပင်စားချင်သောက်ချင်စိတ်များ တိုးတက်လာခဲ့တော့၏။သူသည်ထမင်းကြော်ကို ဇွန်းနှင့်ခက်ကာဖြင့်ပါးစပ်ထဲသို့ထည့်လိုက်၏။
ထမင်းကြော်သည်ဗိုက်ပြည့်ဖို့အတွက်သာ အသုံးပြုသည့်အရာဖြစ်သည်ဟု သူက ဆုံးဖြတ်ထားခဲ့သည် ဆိုလျှင်တောင်မှလူကြီးလူကောင်းတစ်ယောက်ကဲ့သို့သေသေချာချာ အရသာခံကာ စားသုံးလျက်ရှိ၏။ ထို့အပြင်ဆန်စပါးဆိုသည်ကို လေးစားရပေလိမ့်မည်။ဆန်စပါး တစ်စေ့ချင်းစီ တိုင်းသည်အလုပ်ကြိုးစားမှုမှတဆင့် ဖြစ်တည်လာသည့်အရာဖြစ်ကြောင်း သူက ကောင်းကောင်းနားလည်သည်။
ပလပ်ပလပ်ပလပ်
အားရပါးရ ဝါးလျက်ရှိနေသည်။
သေးငယ်လှသည့် ခြံဝန်းလေးထဲမှာတော့ရင်ကာဝတ်စုံကို ဝတ်ဆင်ထားသော မိန်းကလေးငယ်လေး တစ်ယောက်သည်မီးဖိုချောင်တံခါးကို တွန်းဖွင့်ကာဖြင့်အော်ဟစ်လိုက်၏။ “အစ်ကိုယု …. အစားအသောက်တွေက အဆင်သင့်ဖြစ်ပြီ။”
“နေပါအုံး”
“ဟင်း …. တစ်နေကုန်ကျင့်ကြံဖို့ပဲ နားလည်တယ်။”
ခဏလောက်ကြာပြီးသည့်နောက်မိန်းကလေးက ထပ်မံကာ အော်ဟစ်လိုက်ပြန်သည်။ “အစ်ကိုယု … အစားအသောက်တွေအေးတော့မယ်နော်”
“နေပါအုံး”
မိန်းကလေးသည်အကြိမ်ပေါင်းများစွာထွက်ကာ အော်ဟစ်ပြီးသည့်နောက်မှာတော့လူငယ်တစ်ယောက်သည်မည်သို့မှမနေနိုင်တော့ဘဲ ထွက်လာခဲ့၏။သူသည်တူကို ကောက်ယူကာဖြင့်ပါးစပ်ထဲသို့ထမင်းလုံးအနည်းငယ်ကို ထိုးထည့်လိုက်၏။ဤထမင်းလုံးများသည်အေးသည်လား၊ ပူသည်လား၊ အရသာရှိသည်လား၊ မရှိသည်လားကို သူစိတ်မဝင်စား ချေ။စားသောက်ပြီးသည့်နောက်လေ့ကျင့်ရန် ပြန်လည်ထွက်ခွာသွားခဲ့၏။
ဤကဲ့သို့သော နေ့ရက်မျိုးသည်နေ့စဉ်နေ့တိုင်း ဖြစ်တည်လျက်ရှိသည်။
မိုးတွေရွာသွန်းလျက်ရှိနေသည့်ညတစ်ညမှာတော့သူ၏ လက်မောင်းပေါ်၌ မိန်းကလေးက လဲလျောင်းလျက်ရှိနေ၏။ သူမသည်အားတင်းကာ ပြုံးလျက်ရှိနေ၏။ “ကျွန်မ .. ကျွန်မ မရှိတော့လို့ရှိရင်..အချိန်မှန်စားဖို့သတိရပါ။”
ဆွစ်
ယုစီနန်သည် ရုတ်တရက်အတိတ်ဆီမှပစ္စုပ္ပန်ဆီသို့ ပြန်လည်ရောက်ရှိလာ၏။ သူသည်အေးစက်လျက်ရှိနေသည့်ထမင်းကြော်ပန်းကန်ကို ငုံ့ကြည့်လိုက်၏။သူ၏ မျက်နှာပေါ်မှာတော့မျက်ရည်များသည်တပေါက်ပေါက်နှင့်ကျဆင်းလျက်ရှိနေသည်။
သူ့ဘဝတွင်နောင်တအရဆုံးအရာ တစ်ခုသာရှိ၏။ ကျင့်ကြံခြင်းအရာပေါ်ကို စွဲလန်းလွန်းသောကြောင့်သူ့အား အစစ်အမှန်ဂရုစိုက်ခဲ့သည့်မိန်းကလေးအား လစ်လျူရှုခဲ့မိခဲ့ခြင်းပင်။ သူမသည်မည်မျှအရေးပါသည့်လူတစ်ယောက်ဖြစ်မှန်းကို သူမမရှိတော့သည့်အချိန်ကျမှသူက သိရှိခဲ့ရ၏။
အဓိကလိုရင်းကို ပြောရမည်ဆိုလျှင်ထမင်းကြော်၏အရသာသည်မည်သို့နေသနည်း။ ဤအရာမှာ အရေးမပါတော့ချေ။အရသာရှိရှိ၊ အရသာမရှိရှိ ကိစ္စမရှိပေ။ ဤထမင်းကြော်သည်ယုစီနန်အား အတိတ်ဆီသို့ ပြန်လည်ခေါ်ဆောင်သွားနိုင်ခဲ့သည်။
“ဒီလူ”
ဘေးတစ်ဖက်တွင်ရှိနေသော ကျောက်အခေါင်းကြီးကို ကြည့်ရှုကာဖြင့် ကျွင်းချောင်ရှောင်းသည်ကြိတ်ကာ ပြောလိုက်၏။ “ဒီလူ့ဆီမှာ ဝမ်းနည်းစရာ ဇာတ်လမ်းတွေရှိနေတာပဲ။”
“ပေါက်ကရတွေ”
စနစ်သည် ထအော်လိုက်သည်။ “ဝမ်းနည်းစရာ ဇာတ်လမ်းမရှိဘဲနဲ့အခေါင်းကြီးကို သယ်ပြီး လျှောက်သွားနေတဲ့လူဆိုတာ မင်းမြင်ဖူးလို့လား။”