အခန်း ၁၅၅၈
Vol. 105 Ch. 1558
အပိုင်း (၁၅၅၈)
ဖုံးကွယ်ထားသည့် စိတ်ဝိညာဉ်ကျွန်းသည် စည်းချက်ကျကျနှင့် ပြောင်းလဲလျက် ရှိနေသေး၏။ သို့ပေမဲ့ နာရီ ပြောင်းပြန်ပဲလည်လည်၊ နာရီအတည့်အတိုင်းပဲလည်လည် ကိစ္စမရှိလှချေ။ ကျွင်းချောင်ရှောင်းကို စိတ်မလှုပ်ရှားစေခဲ့တော့ပေ။
သူသည် အစောကြီးကတည်းက အထဲသို့ ဝင်ရောက်ပြီး ကမ်းခြေ၏အထက်တွင် မတ်တပ်ရပ်နေပြီးဖြစ်၏။ သူသည် အရှေ့တွင် ရှိနေသော အစီအရင်ကို မည်ကဲ့သို့ ချိုးဖြတ်ရမည်ဖြစ်ကြောင်းကိုပင် လတ်တလော စဉ်းစားလျက်ရှိ၏။
အသုဘခန်းဆောင်မှ အဖွဲ့ဝင်များအားလုံးသည် ထိုတည်နေရာထဲသို့ စိတ်လိုလက်ရ စိတ်ရှိတိုင်း ဝင်ထွက်သွားလာ နိုင်ရန်အတွက် အထူးသော ကျောက်စိမ်းပြားများကို ပိုင်ဆိုင်ကြ၏။ သို့ပေမဲ့ သူ့အနေနှင့် အထဲသို့ ဝင်ရောက်ချင်သည် ဆိုပါက ကြမ်းကြမ်းတမ်းတမ်း ချိုးဖြတ်ဝင်ရောက်မလား။ သို့မဟုတ် ဉာဏ်ပညာရှိရှိဖြင့် တိတ်တဆိတ်ဝင်ရောက် မလားဆိုသည်ကိုပင်ရွေးချယ်ရပေလိမ့်မည်။
“ဒီတော့ ဉာဏ်ပညာကိုပဲ အသုံးပြုလိုက်တာပေါ့”
သူ့အနေနှင့် အပြင်ဘက်ဆီမှ ဆူဆူညံညံအသံများ ဖြစ်ပေါ်လာ မည်ကို စိုးရိမ်မိ၏။ ထိုသို့ဆိုလျှင် အထဲသို့ သူ့ရှေ့မှ ဝင်ရောက်သွားခဲ့ကြသော သိုင်းကျင့်ကြံသူများသည် အလန့်တကြား ဖြစ်သွားကြမှာ သေချာသည်။
ဝှစ်
သူ၏ ဝိညာဉ်သည် ခန္ဓာကိုယ်ထဲမှ ထွက်ခွာပြီးသည့်နောက် အစီအရင်နှင့် ပေါင်းစပ်သွားခဲ့၏။
“ချီးတဲ့မှ.”
အထဲတွင် ရှိနေသော များပြားလွန်းလှသည့် အစီအရင် မျဉ်းကြောင်းများကို မြင်ရသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်း သည် တစ်ခါတည်း ပြိုလဲလုမတတ်ပင် ဖြစ်နေသည်။ “ဒါက အရမ်းကို အဆင့်မြင့်ပြီးတော့ ရှုပ်ထွေးလွန်း တာပဲ”
နောင်တတရား - သူသည် ထိုက်ရွှမ်အဘိုးအိုကို မခေါ်လာမိသည့်အတွက် နောင်တပင် ရနေမိ၏။ လက်ရှိ အခြေ အနေမှာတော့ ဂိုဏ်းဆီသို့ ပြန်ပြီး ထိုက်ရွှမ်အဘိုးအိုကို ခေါ်ရန်ဆိုသည်မှာ အဓိပ္ပာယ်မရှိလှပေ။ ထို့ကြောင့် တည်နေရာထဲမှာ ထိုင်ပြီး တစ်ဆင့်ချင်း ချိုးဖြတ်သွားရန် ကြိုးစားလျက်ရှိနေတော့၏။
ကျွင်းချောင်ရှောင်း သည် အဓိကအားဖြင့် အနည်းငယ် ပျင်းရိခဲ့၏။ ထို့အပြင် ဂိုဏ်း၌ အလကားနေ အလကား အားယားနေသော လူများကို မထားဟုဆိုသော စည်းမျဉ်းဥပဒေသကို လိုက်နာခဲ့၏။ ထို့ကြောင့် အစီအရင်နှင့် ပတ်သက်လျှင် သူသည် အစီအရင်ဟောခန်းကိုသာ တာဝန်ပေးထားခဲ့သည်။ ထို့ကြောင့် အစီအရင်နှင့် ပတ်သက် သည့် သူ၏ နားလည်မှု သည် အနည်းငယ်လိုအပ်ချက်များ တည်ရှိလို့နေခဲ့သည်။
သို့ပေမဲ့ လောကကြီးတွင် ပြည့်စုံသည့် အစီအရင်ဆိုသည်မှာ မရှိလှချေ။ သေသေချာချာ ကြည့်ရှုမည်ဆိုပါက ဂယ်ပေါက်များ၊ ပြစ်ချက်များကို ရှာဖွေတွေ့ရှိနိုင်၏။ အနည်းငယ် ခက်ခဲလှသည်ဆိုလျှင်တောင်မှ သူ့အနေနှင့် သေသေချာချာ ကြိုးစားမည်ဆိုလျှင် ရှာဖွေ တွေ့ရှိနိုင်စွမ်း ရှိပေလိမ့်မည်။
ကျွင်းချောင်ရှောင်းသည် ခြစ်ခြစ်တောက် ပူနေသည့် နေရောင်၏အောက် ကမ်းခြေဆီမှာတော့ ဘုန်းကြီးအိုကြီးတစ်ပါးကဲ့သို့ပင် ထိုင်လျက်ရှိနေသည်။ သူသည် ငြိမ်ငြိမ်သက်သက်ဖြင့် မည်ကဲ့သို့ ဖြေရှင်းရမည်ဆိုသည်ကို ကြည့်ရှုလျက်ရှိနေ၏။ သူ၏ဆံပင်နှင့် မျက်နှာပေါ်သို့ သဲများ လာရောက်၍ စင်သည်ဆိုလျှင်တောင်မှ တစ်ချက်ကလေးမှ မလှုပ်ရှားခဲ့ချေ။
အမျိုးသမီးများ သည် လေးလေးနက်နက်နှင့် တွေးတောနေသည့်အချိန်တွင် အလွန်ပင် ချစ်မြတ်နိုးစရာ ကောင်းလှ၏။ ထို့အတူ ကုန်းရှန့်သည် လေးနက်နေသည့်အချိန်မှာတော့ အလွန်ပဲ ချောမောလှ၏။
……………..
ငါးရက်ကြာမြင့်ပြီးသည့်နောက် လေအေးများသည် တိုက်ခတ်သွားခဲ့၏။ သူ၏ အမဲရောင်ဆံနွယ်များသည် လေထဲတွင် လွင့်လျက်ရှိနေပြီး ကျွင်းချောင်ရှောင်းသည် အစီအရင်အား ဆက်တိုက်ဆိုသလို စတင်ကာ လေ့လာလျက် ရှိနေ၏။ သူသည် သူ၏ပုံမှန်ရောဂါ ပြန်လည်ထကြွလာခဲ့၏။ ဤအရာသည် ခေါင်းတုံးဖြစ်သွား ခြင်းပင်။
ဝှစ်
ခဏလောက်ကြာပြီးသည့်နောက် သူသည် မတ်တပ်ထရပ်လိုက်၏။ ခေါင်းပေါ်တွင် ရှိနေသော သဲများသည် အောက်ဆီသို့ ပြန်လည်ကျဆင်းလာ၏။ နေရောင်၏အောက်တွင်တော့ ခေါင်းတစ်ခုလုံးသည် တောက်ပြောင်လျက် ရှိနေသည်။
“လုံလောက်ပြီ။ လုံလောက်ပြီပဲ”
ရုတ်တရက် ကျွင်းချောင်ရှောင်းသည် သူ၏လက်ကို ယမ်းခါကာဖြင့် လက်ကောက်ဝတ်များကို လှည့်ကာ အော်ဟစ်လိုက်၏။
ဝှစ်
ကိုယ်ပျောက်နေသကဲ့သို့ မမြင်နိုင်ခဲ့သည့် အတားအဆီးကြီးတစ်ခုလုံးသည် ရုတ်တရက် ပေါ်လာပြီး ချက်ချင်း ပြန်လည် ပျောက်ကွယ်သွားခဲ့၏။ သူ၏ ကြိုးစားမှုကြောင့် အစီအရင်တစ်ခုလုံးကို ထိန်းချုပ်လိုက်နိုင်ပြီဖြစ်သည်။
“ရတနာ”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် ကော့တက်သွား၏။ “ငါလာခဲ့ပြီ”
ရှုပ်ထွေးလှသည့် အစီအရင်များ တည်ရှိနေပြီး တည်နေရာကလည်း ဆက်တိုက်ဆိုသလို ပြောင်းလဲနေ၏။ ထိုကဲ့သို့သော ကျွန်းငယ်လေး၏ အထဲတွင် ကောင်းမွန်လှသည့်အရာများ ရှိသည်ဆိုခြင်းမှာ သေချာလှပေ၏။ ရှေ့တွင် သူ့အား စောင့်မျှော်လျက် ရှိနေသည့် အင်မော်တယ်အဆင့် မိုင်းတွင်းများပင် တည်ရှိနိုင်သေးသည်။
ဝေါင်း
တွေးလျက်ရှိနေတုန်းမှာပဲ ကျယ်လောင်လှသည့် အသံကြီးတစ်ခုသည် သူ၏နားထဲသို့ တိုးဝင်လာခဲ့၏။ ကျွင်းချောင်ရှောင်း၏ ဦးခေါင်းတစ်ခုလုံးသည် ခါယမ်းသွားမိ၏။ သူ့နောက်တွင်ရှိနေသော သဲများသည် လှိုင်းပင် ထသွားခဲ့၏။
ဒိုင်နိုဆောနှင့်တူသည့် ကြီးမားသည့် သတ္တဝါကြီးတစ်ကောင်သည် သူ၏ရှေ့တွင် မတ်မတ်ရပ်လျက် ရှိ၏။ ၎င်း၏ လျှာကြီးသည် အလွန်ပင် ရှည်လျားလှ၏။ ဖုံးကွယ်ထားသည့် စိတ်ဝိညာဉ်ကျွန်းထဲတွင် များပြားလှသည့် နတ်ဆိုးသားရဲများ တည်ရှိနေ၏။ အစီအရင် ရပ်တန့်သွားသည်ဆိုသည်နှင့် ၎င်းတို့သည် ချက်ချင်း ပေါ်လာမှာဖြစ်သည်။
ဝေါင်း
“နားငြီးလိုက်တာ”
ဘုန်း
ကြီးမားလွန်းလှသော ဒိုင်နိုဆောကဲ့သို့သော သတ္တဝါကြီးသည် လေထဲသို့ လွင့်စင်သွားခဲ့၏။ ပြီးနောက် အဝေး တစ်နေရာရှိ သစ်တောထဲတွင် တောင်လေးတစ်ခုကဲ့သို့ ပုံပုံလေး လဲကျသွား၏။ သူ၏ မျက်လုံး များသည် မျက်ဖြူစိုက်လျက်ရှိပြီး ပါးစပ်ထဲမှ အဖြူရောင်အမြှုပ်များ ထွက်နေ၏။
အိုက်ယား
ကျွင်းချောင်ရှောင်းသည် သူ၏ တောက်ပလျက်ရှိနေသည့် ဦးခေါင်းကြီးကို ပွတ်ကာ ပြောလိုက်သည်။ “ငါ နည်းနည်း လက်လွန်သွားတယ်”
စနစ်က ပြောလိုက်၏။ “ဟန်ထုတ်မနေနဲ့။ ထပ်ပြီးရောက်လာကြပြီ”
ဝေါင်း ဝေါင်း
ထိုအချိန်မှာတော့ ဒေါသတကြီး အော်ဟစ်သံများသည် သူ၏အရှေ့ တောဆီမှ ထွက်ပေါ်နေ၏။
ဘုန်း ဘုန်း ဘုန်း
တစ်ကောင်ပြီး တစ်ကောင် ထရိုင်နိုဆောကဲ့သို့သော သတ္တဝါများသည် ၎င်းတို့၏ ကြီးမားလွန်းလှသော ခန္ဓာကိုယ် များကို သယ်ပိုးကာဖြင့် အရှေ့ဆီသို့ လှမ်းလျှောက်လာခဲ့ကြ၏။ အနည်းဆုံး မီတာနှစ်ရာမှ သုံးရာနီးပါးခန့် ကြီးမားလှသော ခန္ဓာကိုယ်ကြီးနှင့် သတ္တဝါ ခုနှစ်ကောင်၊ ရှစ်ကောင်ခန့်ပင် ရောက်ရှိလာခဲ့၏။ ၎င်းတို့အားလုံး သည် သေးငယ်လှသောတောင်လေးကဲ့သို့ပင် ကျွင်းချောင်ရှောင်းအား ငုံ့လျက်ကြည့်ရှုနေကြ၏။ “ကောင်လေး... မင်း ငါတို့မျိုးနွယ်ကို ထိခိုက်နာကျင်အောင် လုပ်ရဲတယ်ပေါ့”
ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ကြီးမားလွန်းလှသော သတ္တဝါကြီးကို မော့ကာ ကြည့်လိုက်၏။ သူ၏ မျက်လုံး များသည် တောက်ပလျက်ရှိနေ၏။ မျက်နှာပေါ်တွင်တော့ အပြုံးတစ်ခုက ဖြစ်တည်လာခဲ့၏။ ထရိုင် နိုဆောနှင့် တူညီလှသော ဤနတ်ဆိုးသားရဲများသည် အလွန်အားကောင်းလှချေ၏။ အမြူတေ အသွင်ပြောင်းခြင်း အဆင့် ခုနှစ်၊ အဆင့်ရှစ်ထက် မည်သို့မှ အားမနည်းလှချေ။ ၎င်းတို့၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော သလင်း အမြူတေများသည် အမှန်ပင် တန်ဖိုးကြီးပေလိမ့်မည်။
စနစ်က ပြောလိုက်၏။ “အထက်နယ်မြေရဲ့ နတ်ဆိုးသားရဲမှတ်တမ်းထဲမှာ ဒီလိုသားရဲမျိုးတွေ မရှိဘူးလေ။ ဒါက ရှားပါးလှတဲ့ မျိုးနွယ်စုတွေပဲ ဖြစ်ရမယ်”
“ရှားပါးလှတဲ့ မျိုးနွယ်စုတွေ ဟုတ်လား”
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် တောက်ပသွားသည်။ “ဒါဆိုရင် သူတို့ရဲ့ကိုယ်ထဲမှာရှိတဲ့ သလင်းအမြူတေက ပိုပြီးတော့ တန်ဖိုးကြီးမှာပေါ့”
“...........”
စနစ်သည် ဆွံ့အသွားမိ၏။ လက်ခံသူသည် တစ်ဖက်လူများအား သလင်းအမြူတေများအဖြစ် သတ်မှတ်လျက် ရှိနေတော့၏။
ရှားပါးလှသည်ဆိုသော အချက်ကိုပင် ထည့်သွင်း မစဉ်းစားတော့ချေ။ သို့မဟုတ် တစ်ဖက် သတ္တဝါ များ၏ ရုပ်ဆိုးလွန်းလှသော အသွင်အပြင်ကြောင့် ၎င်းတို့အား ပဋိညာဉ်သားရဲအဖြစ် သိမ်းသွင်းရန် ရည်ရွယ်ချက် ရှိပုံ မပေါ်ခြင်းလား မသိပေ။
ဟုတ်ပေသည်။ ထရိုင်နိုဆောကဲ့သို့သော သတ္တဝါများသည် အမှန်ပင် ရုပ်ဆိုးလွန်းလှသည်။
“ဒီဖုံးကွယ်ထားတဲ့ စိတ်ဝိညာဉ်ကျွန်းထဲကို အခွင့်မရှိဘဲ ဝင်ရောက်လာတဲ့ လူတွေအကုန်လုံးအတွက် ရလဒ်က သေခြင်းပဲ”
ဟူး ဟူး
ထရိုင်နိုဆောကဲ့သို့သော သတ္တဝါကြီးရှစ်ကောင်သည် ဒေါသတကြီးဖြင့် ၎င်းတို့၏ ခြေထောက်များကို မြှောက်လိုက် ၏။ ပြီးနောက် ကျွင်းချောင်ရှောင်းအား အညှာအတာကင်းမဲ့စွာဖြင့် နင်းချေလိုက်တော့၏။
လွန်ခဲ့သည့် နှစ်ပေါင်း တစ်သိန်းကတည်းက ရှားပါးလွန်းသော မျိုးနွယ်များ ဖြစ်သည့်အတိုင်းပင် ၎င်းတို့၏ သာမန်တိုက်ခိုက်ချက်သည် ပင်လျှင် အားကောင်းလွန်းလှသော စိတ်ဝိညာဉ်အားအင်များ ပိုင်ဆိုင်လျက်ရှိသည်။
နတ်ဆိုးသားရဲများသည် သိုင်းပညာကို ကျင့်ကြံခြင်း မရှိကြချေ။ သို့ပေမဲ့ သတ်မှတ်ထားသည့်အဆင့်တစ်ခုသို့ ရောက်ရှိသည့်အချိန်တွင် ၎င်းတို့သည် လောကကြီးအတွင်းရှိ ဓာတ်သဘာဝများကို ထိန်းချုပ်နိုင်စွမ်း ရှိလာကြ၏ ၎င်းတို့၏ ခန္ဓာကိုယ်နှင့် အားအင်အဆင့်အရဆိုလျှင် အဆင့်တူလူသား သိုင်းကျင့်ကြံသူများထက် ပိုမိုကာ အားကောင်းကြ၏။ ပြောနေစရာပင် မလိုပေ။ နတ်ဆိုးဘိုးဘေးကြီးအနေနှင့် ဤသတ္တဝါများအား ကျွန်းဆီသို့ အရင်ဆုံး ပို့ဆောင်ထားခဲ့သည်ဆိုမှတော့ ဤသတ္တဝါများသည် သာမန်မဟုတ်သည်မှာ ထင်ရှားလှ၏။
“ငါ့ကို သေစေချင်တာလား”
ကျွင်းချောင်ရှောင်း၏ မျက်လုံးများထဲတွင် ဒေါသတရားများ ဖြစ်တည်လာခဲ့သည်။
ရွှီး ရွှီး
သူ၏ ခန္ဓာကိုယ်ဆီသို့ ခြေထောက်ရှစ်ချောင်း ကျဆင်းမလာခင်မှာဘဲ အေးစက်စက် ဓားအလင်းတန်းတစ်ခုသည် တည်နေရာဆီမှ ဖြစ်တည်လာခဲ့၏။
ဘုန်း ဘုန်း
ထိုအချိန်မှာပဲ ထရိုင်နိုဆောကဲ့သို့သော သတ္တဝါ၏ ဦးခေါင်းများသည် ၎င်းတို့၏ ခန္ဓာကိုယ်ဆီမှ လွင့်စင်သွားခဲ့ပြီး မြေပြင်ပေါ်သို့ ပြုတ်ကျကုန်၏။ ပြီးနောက် ကြီးမားလှသော ခန္ဓာကိုယ်ကြီးများသည် တစ်ခုပြီးတစ်ခု လဲပြိုကုန်သည်။
ဆွစ်
ကျွင်းချောင်ရှောင်းသည် နဂါးစိမ်းလခြမ်းဓားမော့ကြီးအား သူ၏ရှေ့တွင် ထောက်ထားလိုက်၏။ ပြီးနောက် အေးစက်စွာဖြင့် ပြောလိုက်၏။ “မင်းတို့က အရည်အသွေး မပြည့်မီဘူး”
သူ၏ အမူအရာသည် အေးစက်ပြီး ခံ့ညားထည်ဝါလွန်းလှချေသည်။
ဝေါင်း ဝေါင်း
ထိုအချိန်မှာပဲ တောနက်ထဲမှ ဒေါသတကြီး အော်ဟစ်သံများ ထွက်ပေါ်လာသည်။ မြေပြင်တစ်ခုလုံး တုန်ခါစေသည့် ထရိုင်နိုဆောကဲ့သို့သော သတ္တဝါများသည် ထပ်မံကာ ရောက်ရှိလာပြန်၏။ ၎င်းတို့၏ မျက်လုံးထဲတွင်တော့ ဒေါသတရားများနှင့် တောက်လောက်နေ၏။ အထက်နယ်မြေ၏ ထူးခြားသည့် လောကနိယာမအောက်တွင် တည်ရှိသော ရှားပါးလှသည့် သတ္တဝါများ ဖြစ်သည်နှင့်အညီ ၎င်းတို့သည် ၎င်းတို့၏ မျိုးနွယ်များကို တစ်စုံတစ်ယောက် သတ်ဖြတ်ခြင်းအား မည်ကဲ့သို့ သည်းခံရမည်နည်း။
ဇွိ ဇွိ
ခပ်ဝေးဝေးတောင်တည်နေရာဆီမှာတော့ များပြားလှသည့် ပျံသန်းနိုင်သည့် ငှက်ကုလားအုပ်နှင့် ဆင်တူသော နတ်ဆိုးသားရဲများသည် ရှေ့ဆီသို့ ပျံသန်းလာကြ၏။
“အမ်”
ကျွင်းချောင်ရှောင်းသည် သူ၏စိတ်ဝိညာဉ်အာရုံကို ဖြန့်ကျက်ကာဖြင့် ကြည့်ရှုလိုက်သည်။ ပြီးနောက် အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ “ဘာလို့ ဒီနေရာမှာ ထူးဆန်းတဲ့သားရဲတွေ ရှိနေရတာလဲ”
“သူတို့က ထူးဆန်းတာထက် ပိုတယ်လေ”
စနစ်က လေးလေးနက်နက် ပြောလိုက်၏။ “တကယ့်ကို ရှားပါးလွန်းတဲ့ သတ္တဝါတွေပဲ”
“နားလည်ပြီ”
ကျွင်းချောင်ရှောင်းသည် နဂါးစိမ်းလခြမ်းဓားမော့ကြီးကို မြှောက်ကိုင်ကာဖြင့် ပြောလိုက်၏။ “ဒီတော့ ကျွန်းပေါ်မှာရှိတဲ့ ရတနာတွေဆိုတာ သူတို့ပဲ ဖြစ်ရမယ်”
ရွှီး ရွှီး
သူ့အနေနှင့် သလင်းအမြူတေများကို ရရှိရန် စတင်သတ်ဖြတ်ဖို့ ပြင်လိုက်သည့်အချိန်မှာပဲ အမဲရောင်ဝတ်စုံနှင့် မျက်နှာဖုံးစွပ်ထားသော သိုင်းကျင့်ကြံသူများသည် တော၏အဆုံးဘက်တွင်ရှိသော မြို့ထဲဆီမှ ပျံသန်း ထွက်ခွာ လာခဲ့ကြသည်။
အစီအရင်၏ အပြင်ဘက်တွင် လူရှိနေမည်ဟု သူတို့က မထင်မှတ်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ဤအစီအရင်စနစ်တစ်ခုလုံးကို နတ်ဆိုးဘိုးဘေးကြီးက ထိန်းချုပ်ထားသောကြောင့်ပင်။ သို့ပေမဲ့ အစီအရင် ကျိုးပြတ်သွားသည့် အချိန်မှာတော့ ဒိုင်နိုဆောကဲ့သို့သော သတ္တဝါများသည် အော်ဟစ်ကြွေးကြော်နေကြ၏။ ထို့ကြောင့် တစ်စုံတစ်ခုမှားယွင်းနေပြီဖြစ်ကြောင်း သူတို့က နားလည်လိုက်မိ၏။
“ဒါက”
ရင်ဘတ်ပေါ်တွင် လခြမ်းပုံသဏ္ဍာန် အမှတ်သင်္ကေတကို မြင်လိုက်သည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်း သည် အံ့အားတသင့်ဖြင့် ပြောလိုက်မိသည်။ “အသုဘခန်းဆောင်လား”
သို့ပေမဲ့ နောက်တစ်စက္ကန့်အတွင်းမှာပဲ သူ၏ အပြုံးများသည် အေးခဲသွား၏။ အဘယ်ကြောင့်ဆိုသော် ရောက်ရှိလာသည့်သူများသည် အမဲရောင်ဝတ်စုံနှင့် သိုင်းကျင့်ကြံသူတစ်ထောင်ကျော်တင် မကချေ။ သားရဲ တစ်ထောင်ကျော်လောက်ပင် ပါဝင်လာခဲ့ကြ၏။ ပြောရမည်ဆိုလျှင် တော၏ နေရာအနှံ့ဆီမှ နတ်ဆိုးသားရဲများ ရောက်ရှိလာခြင်းပင်ဖြစ်၏။ သူသည် အလွန်ဆိုးရွားလှသော အခြေအနေတွင် တည်ရှိနေ၏။
“ခန်းမသခင်”
အသုဘခန်းဆောင်မှ အဖွဲ့ဝင်တစ်ယောက်သည် ကမ်းခြေတွင် ရပ်လျက်ရှိနေသည့်သူကို မြင်ရသည့် အချိန်မှာတော့ အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။ “ဒါ... ဒါ ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ”
အရှေ့တွင် ရှိနေသော အမဲရောင်ဝတ်စုံနှင့် အကြီးအကဲသည် မျက်မှောင်ကုတ်လိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “သူ ဘယ်လိုဖြစ်ပြီး ဒီနေရာကို ရှာတွေ့ခဲ့တာလဲ။ ဒီလူက အင်မော်တယ်အဆင့် ဂိုဏ်းကြီး ဆယ်ဂိုဏ်းနဲ့ ပြဿနာတက်ခဲ့တယ်။ ပြီးတော့ နတ်ဆိုးမျိုးနွယ်တစ်ခုလုံးရဲ့ သူလျှိုဆိုပြီးတော့လည်း မီးလောင်ရာ လေပင် လုပ်ခဲ့သေးတယ်။ အခု ဖုံးကွယ်ထားတဲ့ စိတ်ဝိညာဉ်ကျွန်းကို ရောက်ရှိလာခဲ့ပြီဆိုမှတော့ အသက်ရှင်သန် ထွက်ခွာခွင့် မပေးနဲ့တော့”
ဟူး ဟူး
ချက်ချင်းပဲ အသုဘခန်းဆောင်မှ သိုင်းကျင့်ကြံသူ သုံးထောင်ကျော်နီးပါးတို့သည် ရှေ့ဆီသို့ ပျံသန်းလာခဲ့ကြ၏။ ၎င်းတို့၏ ခန္ဓာကိုယ်ဆီမှ နတ်ဆိုးချီများ ထွက်ပေါ်လျက်ရှိနေ၏။ မျက်လုံးများတွင်တော့ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် သတ်ဖြတ်လိုခြင်းဆန္ဒများသည် တဟုန်းဟုန်း တောက်နေသည်။
ဝေါင်း ဝေါင်း
တစ်ချိန်တည်းမှာပဲ အစစ်အမှန်ရှာဖွေခြင်းအဆင့်နှင့် နှိုင်းယှဉ်၍ ရနိုင်သည့် ရှားပါးသားရဲ တစ်ဒါဇင်ကျော်တို့သည် အရှေ့ဆီသို့ လှမ်းတက်လာ၏။ ၎င်းတို့သည် အော်သံတစ်ခုနှင့်ပင် ဒီနေရာကြီးတစ်ခုလုံးကို လှုပ်ခါသွားစေခဲ့၏။
“ဘာစောင့်နေတာလဲ။ ပြေးတော့လေ”
စနစ်က အော်ဟစ်လိုက်၏။ ဤတည်နေရာတွင် အစစ်အမှန်ရှာဖွေခြင်း အဆင့် ကျင့်ကြံသူတစ်ယောက်၊ နှစ်ယောက်ဆိုပါက သူသည် လက်ခံသူအနေနှင့် ကျိန်းသေပေါက် အနိုင်ရနိုင် သည်ဟု နားလည်နိုင်မိ၏။ သို့ပေမဲ့ တစ်ဖက်ရန်သူများသည် များပြားလွန်းလှချေ၏။ ၎င်းတို့သာ ဝိုင်းပတ်ကာ တိုက်ခိုက်မည် ဆိုပါက လက်ခံသူသည် ကျိန်းသေပေါက် သေဆုံးသွားနိုင်သည်။
“ပြေးရမယ် ဟုတ်လား” ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ဒါက လူကြောက်တွေရဲ့ အလုပ်ပဲ”
ဆွစ်
သူသည် နဂါးစိမ်းလခြမ်းဓားမော့ကြီးအား သိုလှောင်လက်စွပ်ထဲသို့ ပြန်လည်ကာ သိမ်းဆည်းလိုက်၏။ ပြီးနောက် အိတ်ကပ်တစ်ခုအရွယ်အစားရှိသော ဓားလေးကို ထုတ်ယူလိုက်သည်။
“ယောက်ျားဆိုတာက မျှမျှတတနဲ့ ပြိုင်ဘက်ကို တိုက်ခိုက်သင့်တယ်လေ”