← Chapters

အခန်း ၁၅၇၁

Vol. 106 Ch. 1571

အခန်း ၁၅၇၁

Vol. 106 Ch. 1571

အပိုင်း (၁၅၇၁)

ဂလု …။

စားသောက်ခန်းထဲမှာတော့ နှစ်တစ်သောင်း မွန်းစတားဘုရင်သည်ခွက်ထဲတွင်ရှိနေသော စွပ်ပြုတ်များ အားလုံးကို တစ်ခါတည်း မော့သောက်လိုက်၏။ ပြီးနောက်အလွန်ဝမ်းမြောက်နေသည့်အမူအရာဖြင့်ပြောလိုက်မိ၏။ “မွှေးလိုက်တာကွာ”

ဤလူသည် ပြိုင်စံရှားဂိုဏ်း၏ အဖွဲ့ဝင် ဖြစ်သွားခဲ့၏။သူ့အား ဇွဲမကောင်းဟု ပြောစရာ မလိုချေ။သူသည်ချက်ချင်းပဲ ပူးပေါင်းလိုက်ခဲ့၏။အဘယ်ကြောင့်ဆိုသော်ခရမ်းရောင်ဘုရင်သည်သူ့အား တစ်ကြိမ်ကယ်တင်ခဲ့ဖူး၏။ ထို့ကြောင့်မျက်နှာသာပေးသည့်အနေနှင့် သူသည်လည်း ခရမ်းရောင်ဘုရင်၏သဘောအတိုင်း လိုက်နာရမှာ သဘာဝပင်ဖြစ်သည်။

“ဖားပြုတ်လေး”

ကျိသည်လက်သုတ်ပုဝါကို လှမ်းပေးကာ ပြောလိုက်၏။ “မင်းက ဒီနေ့ကစပြီး စိတ်ဝိညာဉ်သားရဲ ဟောခန်းရဲ့အဖွဲ့ဝင်ပဲ။ တကယ်လို့မင်းအနေနဲ့လုပ်ဆောင်မှုကောင်းတယ်ဆိုရင်ဂိုဏ်းချုပ်ကို ပြောပြီးတော့ဒုတိယ ဟောခန်းသခင်အဖြစ်ထားပေးမယ်”

ဖားပြုတ်သတ္တဝါသည်အစစ်အမှန်ရှာဖွေခြင်းအဆင့်နှင့် နှိုင်းယှဉ်၍ရနိုင်သည့်အားအင်အဆင့်ကို ပိုင်ဆိုင်သည်။

“အစ်ကိုကြီး ခရမ်းရောင်”

နှစ်တစ်သောင်း မွန်းစတားဘုရင်သည်သူ၏နှုတ်ခမ်းကို သုတ်ကာဖြင့်မေးလိုက်၏။ “ဒီနှစ်ပိုင်းအတွင်း ဘာတွေကြုံခဲ့ရတာလဲ။ ဘာလို့အစ်ကိုကြီးခရမ်းရောင်ရဲ့အော်ရာတွေက ကျုပ်လောက်တောင်အားမကောင်းရ တာလဲ”

ခရမ်းရောင်ဘုရင်၏မျက်နှာသည်ချက်ချင်းပဲ မှောင်မဲသွား၏။ “ဒီနေ့ကစပြီး မင်းက စိတ်ဝိညာဉ်သားရဲ တောင်ထွတ်ကို သန့်ရှင်းရေး လုပ်ရမယ်။ ပြီးတော့အိမ်သာတွေရောပဲ”

“အမ်”

နှစ်တစ်သောင်း မွန်းစတားဘုရင်သည်ကြောင်အသွား၏။ စကားပြောခြင်း အတတ်ပညာနှင့် ပတ်သက်လျှင်သူသည်လင်းသိုက်ညွှန့်မဟုတ်ချေ။ထို့ကြောင့်စကားကို ကောင်းကောင်းမွန်မွန်နှင့်ပြောနိုင်စွမ်း မရှိချေ။ထို့ကြောင့်အပြစ်ပေးခြင်းကို ခံလိုက်ရသည်။

……….

ညရောက်သည့်အချိန်မှာတော့ခရမ်းရောင်ဘုရင်သည်တောင်ထွတ်ပေါ်တွင်ရှိနေသော ကြီးမားလှသည့် ကျောက်တုံးကြီးပေါ်တွင်ထိုင်လျက်ရှိနေ၏။ သူ၏ ပုံပန်းသွင်ပြင်သည်အထီးကျန်ဆန်လွန်းလှ၏။အကြည့်များ သည်လည်း မှုန်မှိုင်းလျက်ရှိနေသည်။တိုက်ချင်ခိုက်ချင်စိတ်များ ပျောက်ကွယ်လျက်ရှိနေသည့် ကြက်ဖကြီး တစ်ကောင်ကဲ့သို့ပင်။

သူသည်အလွန်ရှားပါးလွန်းလှသော နတ်ဘုရားအဆင့်ခွန်သားရဲတစ်ကောင်ဖြစ်၏။သူ၏ အနာဂတ်သည်အလွန်အမင်း တောက်ပခဲ့၏။ သို့ပေမဲ့စိတ်လှုပ်ရှားမှုကို ခုံမင်သောကြောင့်နဂါးကလန်ထဲသို့ဝင်ရောက်ကာ နဂါးဥကို ခိုးယူခဲ့မိ၏။ ထို့ကြောင့်အထက်နယ်မြေတွင်မနေနိုင်တော့ဘဲ အောက်နယ်မြေဆီသို့ထွက်ပြေးခဲ့ရသည်။

လွန်ခဲ့သည့်နှစ်ပေါင်းတစ်သောင်းတုန်းက သူကူညီကယ်တင်ခဲ့ဖူးသော မွန်းစတားလေးသည်ပင်လျှင်ယခု သူ့ထက်ပိုမိုကာ အားကောင်းနေ၏။ သူသည်ယခင်တုန်းက အစ်ကိုကြီးဖြစ်၏။လက်ရှိအခြေအနေမှာတော့ညီငယ်လေး တစ်ယောက်ကဲ့သို့ပင်။လောကကြီးသည်ပြောင်းလဲသွားခဲ့၏။သို့ပေမဲ့သူသည်ဘာမှပြောင်းလဲမလာခဲ့ချေ။

ကျွင်းချောင်ရှောင်းသည်အသာလျှောက်လှမ်းလာပြီးသည့်နောက်ဟောခန်းသခင်ကျိ၏ ဘေးနားတွင်ထိုင်လိုက်၏။သူသည်အရက်မူးအိမ်မက်ဝိုင်ဂျားကြီးအား အသာချကာဖြင့်တောက်ပလျက်ရှိနေသည့်ညကောင်းကင်ယံကို မော့ကာ ကြည့်ရှုလိုက်သည်။

“ဒီလိုမျိုး လှပတဲ့ မြင်ကွင်းမျိုးကို ကြည့်ရှုရတာ သာယာလိုက်တာ”

“……”

“ကျိ”

ကျွင်းချောင်ရှောင်းသည်ဝိုင်ဂျားကို ကမ်းပေးကာဖြင့်ပြောလိုက်သည်။ “အထက်နယ်မြေမှာ ခင်ဗျားက အစ်ကိုကြီး တစ်ယောက် ဖြစ်ခဲ့ဖူးလိမ့်မယ်လို့ ကျုပ်မထင်ခဲ့မိဘူး”

ဝှစ်

ခရမ်းရောင်ဘုရင်သည်ဝိုင်ဂျားကြီးကို တစ်ခါတည်း ဆွဲယူကာဖြင့်မော့သောက်လိုက်၏။ ပြီးနောက်နာနာကျင်ကျင် ဖြင့်ပြောလိုက်သည်။ “အတိတ်က ဖြစ်ရပ်တွေပါ”

“ယုံကြည်ချက်ရှိပါ”

ကျွင်းချောင်ရှောင်းသည်ခန်းမသခင်ကျိ၏ ပခုံးကိုပုတ်ကာ အားပေးလိုက်၏။ “ဖားပြုတ်စိတ်ဝိညာဉ်သားရဲလေးတောင်မွန်းစတားဘုရင်ဖြစ်နိုင်တယ်။ခင်ဗျားလို ခွန်သားရဲက ဘာကိစ္စနောက်ကောက်ကျကျန်ခဲ့ရမှာလဲ”

ခရမ်းရောင်ဘုရင်သည်ဤသဘောသဘာဝကို နားလည်၏။သို့ပေမဲ့နားလည်ခြင်းက နားလည်ခြင်းသာဖြစ်၏။ နှစ်တစ်သောင်းမွန်းစတားဘုရင်၏အားအင်အဆင့်သည်သူ့ထက်ပိုမိုကာ အားကောင်းနေ၏။ ထို့ကြောင့်သူသည်စိတ်ထဲတွင်မည်သို့မှမခံမရပ်နိုင်ဖြစ်နေ၏။ ခရမ်းရောင်ဘုရင်သည်လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ ပြောလိုက်၏။ “ကျုပ်ပိုပြီးတော့အားကောင်းချင်တယ်။ ကျုပ်ကို ကူညီပေးနိုင်လား”

မွန်းစတားသားရဲတစ်ယောက်အနေဖြင့်သူ၏သက်တမ်းသည်အလွန်ပင်ရှည်လျားလွန်းလှ၏။နေ့စဉ်နေ့တိုင်း အသက်ရှူသွင်း၊ ရှူထုတ်လုပ်ရုံဖြင့်သူ၏သက်တမ်းသည်တိုးလျက်ရှိ၏။ သူသည်လူသားများထက်ပိုမိုကာ ကောင်းမွန်လှသည့်ကောင်းချီးကို ခံစားခဲ့ရပြီးဖြစ်သည်။သို့ပေမဲ့ဖားပြုတ်သားရဲနှင့် တွေ့ပြီးသည့် နောက်မှာတော့သူ၏ အားကောင်းချင်စိတ်များသည်ပိုမိုကာ ထွန်းတောက်လာခဲ့သည်။

“ကျုပ် ခင်ဗျားကို ကူညီနိုင်တယ်။ဒါပေမဲ့ပိုပြီးအားကောင်းစေဖို့လုပ်ဆောင်တဲ့နေရာမှာ အရမ်းကို နာကျင်စေ လိမ့်မယ်။ခင်ဗျား ဒါကိုရင်ဆိုင်ဖို့လိုအပ်တယ်”

ခရမ်းရောင်ဘုရင်၏အကြည့်သည်ဆုံးဖြတ်ချက်ချပြီးသည့်အငွေ့အသက်များနှင့် ပြည့်နှက်နေခဲ့၏။ “ပိုပြီး အားကောင်းလာဖို့အတွက်ဆိုရင်ဓားတောင်တွေ၊မီးပင်လယ်တွေကို ကျော်ဖြတ်ရမယ်ဆိုရင်တောင်မှတစ်စက်ကလေးမှကြောက်ရွံ့မိမှာတောင်မဟုတ်ဘူး”

“ဓားတောင်နှင့်မီးပင်လယ်ဟုတ်လား”

ကျွင်းချောင်ရှောင်းသည်တီးတိုးရေရွတ်လိုက်မိသည်။ “ကျုပ်နောက်လိုက်ခဲ့”

……..

တောင်၏အနောက်ဘက်

လေဝဲဂိတ်ကြီးတစ်ခုသည်ဤတည်နေရာတွင် ဖြစ်တည်နေခဲ့၏။

“ဒါ လျှို့ဝှက်နယ်မြေအသစ်တစ်ခုလား” ဟောခန်းသခင်ကျိသည်အထင်အမြင်သေးသလို ပြောလိုက်မိသည်။

လျှို့ဝှက်နယ်မြေများသည်ကောင်းကင်က ငြင်းပယ်ရသည့်အရာများ ဖြစ်ကြောင်း သူက သိရှိ၏။ သို့ပေမဲ့သူသည်သားရဲတစ်ကောင်ဖြစ်သည်။အထဲသို့ဝင်ရောက်ကာ ကျင့်ကြံမည်ဆိုပါက ကြီးမားသည့်တိုးတက်မှုကို ရရှိလိမ့်မည်မဟုတ်ချေ။

“ဒါက ဓားတောင်နဲ့မီးပင်လယ်ပဲ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မွန်းစတားသားရဲတွေလေ့ကျင့်ဖို့အကောင်းဆုံး နယ်မြေပဲ”

မူလအားဖြင့်စိတ်ဘဝင်မကျ ဖြစ်နေသည့်ခရမ်းရောင်ဘုရင်သည် ရုတ်တရက်စိတ်လှုပ်ရှားသွားမိ၏။

“ဒါပေမဲ့”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျားအနေနဲ့အထဲကို ဝင်မယ်ဆိုရင်ရှစ်ဆယ့်တစ်ရက်တိတိ အထဲမှာနေဖို့လိုအပ်တယ်”

ဤလျှို့ဝှက်နယ်မြေကို မည်သည့်အချိန်က ဝယ်ယူခဲ့သနည်း။ သူဝယ်ယူခဲ့ခြင်း မဟုတ်ပေ။ ကုကျောင်းရှစ်တစ်ယောက်အသေခံဗုံးခွဲပြီးသည့်နောက်သူသည်အထူးတာဝန်ကို ပြည့်စုံကာ ဆုလာဘ်များကို ရရှိခဲ့၏။ထိုဆုလာဘ်များထဲမှာ တစ်ခုပင် ဖြစ်လေသည်။

တစ်နှစ်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ကုန်းရှန့်သည်ထိုအရာကို မထုတ်ဖော်ခဲ့ချေ။အဘယ်ကြောင့်ဆိုသော်ဤလျှို့ဝှက်နယ်မြေသည်မွန်းစတားသားရဲများနှင့်သာ ကိုက်ညီလှသည့်အရာဖြစ်၏။ထို့အပြင်ဤလျှို့ဝှက်နယ်မြေပေါ်တွင်အနီရောင်စာတမ်းနှင့် ရေးသားထားခဲ့၏။‘အလွန် အန္တရာယ်များသည်။သတိနှင့်ဝင်ပါ’ ဟူ၍ ဖြစ်၏။

ယခင်တုန်းက ကျွင်းချောင်ရှောင်းသည်လူသားများ မဝင်ရောက်နိုင်သည့်အကြောင်းအရာနှင့် ပတ်သက်၍စောဒက တက်မိပေလိမ့်မည်။သို့ပေမဲ့သူသည်လက်ရှိအခြေအနေမှာတော့ဂိုဏ်း၏လုပ်ငန်းစဉ်များနှင့် အလုပ်များလျက်ရှိနေသောကြောင့်ထိုအရာကို မေ့လျော့လျက်ရှိသည်။ဟောခန်းသခင်ကျိသည်သာ ဓားတောင်နှင့်မီးပင်လယ်အကြောင်းကို ထုတ်ပြောသည်မဟုတ်ပါက သူသည်ထိုအရာကို သတိပင်မရချေ။

“ရှစ်ဆယ့်တစ်ရက်တည်းလား”

ခရမ်းရောင်ဘုရင်သည်စိတ်ဓာတ်တက်ကြွလျက်ရှိ၏။ “အထဲကိုဝင်မယ်”

ကျွင်းချောင်ရှောင်းက သတိပေးလိုက်သည်။ “ဒီတည်နေရာက တခြားလျှို့ဝှက်နယ်မြေတွေနဲ့ ခြားနားတယ်။ဒီထဲကို ဝင်ပြီး မအောင်မြင်ရင်တစ်ခါတည်း သေသွားလိမ့်မယ်”

“အမ်”

ခရမ်းရောင်ဘုရင်၏မြောက်ကြွနေသည့်ခြေထောက်များသည်လေထုထဲတွင်ရပ်တန့်သွားခဲ့၏။သူ၏ အမူအရာသည်ပိုမိုကာ စိတ်ဝင်တစားနှင့် ဖြစ်လာခဲ့၏။များပြားလှသည့် လျှို့ဝှက်နယ်မြေနှင့် ဂိုဏ်း၏ အရင်းအမြစ်လေ့ကျင့်ရာနေရာများသည် အန္တရာယ်များပြီးသားဖြစ်၏။

ဥပမာအားဖြင့်သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေနှင့် စမ်းသပ်မှုမျှော်စင်ပင်ဖြစ်သည်။သို့ပေမဲ့စိန်ခေါ်ရာကို ကျရှုံးသည်ဆိုပါက အချိန်အနည်းငယ်အတွင်း အားနည်းနေခြင်းသာဖြစ်၏။ယခုတည်နေရာကြီးသည်သေဆုံးနိုင်ချေရှိနေ၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်း သည်မထုတ်ဖော်ခဲ့ခြင်းပင်ဖြစ်သည်။

များပြားလှသည့် ဂြိုဟ်အသီးသီးတွင်သားရဲများဆိုသည်မှာ လူသားများ လေ့ကျင့်ရသည့်အရာ ဖြစ်ပြီး လူသားများအတွက်သလင်းအမြူတေများ ထောက်ပံ့ပေးရသည့်သတ္တဝါများဖြစ်၏။သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်း၏ သားရဲ များမှာတော့မိသားစုသဖွယ်ပင်နေထိုင်ခွင့်ရရှိခဲ့ကြ၏။ထို့ကြောင့်သူသည်မွန်းစတားသားရဲများကို ထိခိုက်နာကျင်သည့်အရာမျိုး မပြုလုပ်ချင်ပေ။

“ခင်ဗျား ခုနတုန်းကတော့ဘာပဲပြောပြောအထဲကို ဝင်မယ်ဆိုပြီး ဟန်ထုတ်ကြွားဝါခဲ့တာကို မေ့သွားပြီလား”

“ကြောက်ရမယ်ဟုတ်လား”

ခရမ်းရောင်ဘုရင်သည်ဦးခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “မွန်းစတားဘုရင်တစ်ယောက်အနေနဲ့လုံးဝကြောက်မှာ မဟုတ်ဘူး”

ဖောက်

ပြီးသည့်နောက်သူသည်ခြေထောက်ကို မြှောက်ကာဖြင့်လှမ်းဝင်ရန် ပြင်ဆင်လိုက်သည်။

“ဟောခန်းသခင်ကျိ”

လီချင်းယန်နှင့်ရှောင်ကျီတို့၏မျက်လုံးထဲတွင်တော့ချီးကျူးမှုများနှင့် ပြည့်နှက်နေတော့သည်။စနစ်သည်ဤတပည့်များ မည်သည့်အချိန်က ရောက်ရှိနေကြောင်းပင် မသိလိုက်ချေ။

“တိုက်ပွဲဝင်သီချင်းကို ဖွင့်လိုက်တော့” ကျွင်းချောင်ရှောင်းက အော်ဟစ်လိုက်သည်။

“ဟုတ်ကဲ့”

လီချင်းယန်သည်မှော်ပညာဖြင့်အဆင့်မြှင့်တင်ထားသော ဆောင်းဘောက်ကြီးကို နှိပ်လိုက်၏။ “အရှုံးမပေးနဲ့… ကြိုးစား.. အိုး…”

ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားသည့်လီချင်းယန်နှင့်ရှောင်ကျီတို့သည်စစ်သည်များကဲ့သို့ပင်ဟောခန်းသခင်ကျိ ကို အလေးပြုလျက်ရှိနေ၏။ လွန်ခဲ့သည့် တစ်နှစ် …. ကုကျောင်းရှစ်သေဆုံးသွားပြီးသည့်အချိန်တွင်ဤကဲ့သို့ပင်အားလုံးသော ဂိုဏ်းသားတို့သည်အလေးပြုခဲ့ဖူးကြသည်။

ခရမ်းရောင်ဘုရင်သည်လေဝဲထဲသို့ခြေတစ်ဖက်လှမ်းတက်လိုက်ပြီးသည့်နောက်လှည့်ကာ အားလုံးကို ပြုံးကြည့်လိုက်၏။ “ပြန်လာတဲ့အချိန်ထိ စောင့်ပါ”

“တုံ့နှေးတုံ့နှေးနဲ့ …. မြန်မြန်ဝင်စမ်း”

ကျွင်းချောင်ရှောင်းသည်ဟောခန်းသခင်ကျိအား ဓားတောင်နှင့်မီးပင်လယ်လေဝဲထဲသို့ကန်ထည့်လိုက်တော့သည်။

……..

ဟောခန်းသခင်ကျိ ထွက်ခွာသွားပြီး ခုနှစ်ရက်အတောအတွင်း အားလုံးသောသူများသည်သူ့အား လွမ်းဆွတ်လျက်ရှိသည်။သို့ပေမဲ့ခုနှစ်ရက်ကျော်ပြီးသည့်နောက်မှာတော့အားလုံးတို့သည်မိမိ လုပ်နေကြအတိုင်းပင် ပြင်းပြင်းထန်ထန်နှင့်လေ့ကျင့်ခြင်းကိုသာ ဆက်လက်လုပ်ဆောင်နေကြတော့၏။

“ကောင်မလေး”

စားသောက်ခန်းထဲမှာတော့ နှစ်တစ်သောင်း မွန်းစတားဘုရင်သည်ပန်းကန်ပေါ်ရှိ ထမင်းလုံးများကို လျှာဖြင့် အသာယက်ကာ ပြောလိုက်၏။ “နောက်တစ်ပန်းကန်လောက်ပေးပါအုံး”

“……” ယုစီနန်သည်မျက်လုံးများ ချာချာလည်သွားသည်။

“ခင်ဗျားက ဘာကြည့်တာလဲ”

မွန်းစတားဘုရင်သည်ယုစီနန်၏ဘေးတွင်ရှိသော ပန်းကန်အထပ်လိုက်ကြီးကို ကြည့်ကာ အော်ဟစ်လိုက်၏။ “ကျုပ်က ခင်ဗျားလောက်စားထားတာ မဟုတ်ဘူး”

အကြီးအကဲယုအကြောင်း ပြောရမည်ဆိုလျှင်သူသည်အဘယ်ကြောင့် ကျွင်းချောင်ရှောင်းကို အကူအညီခေါ်ခဲ့ရသနည်း။

အဘယ်ကြောင့်ဆိုသော်သူသည် လျှိုဝမ်ရှစ်၏အစားအသောက်များကို သတိရနေသောကြောင့်ပင် ဖြစ်၏။သို့ပေမဲ့တောင်ဘက်အစွန်းပိုင်းကို ရောက်ရှိပြီး လမ်းလည်းပျောက်လျက်ရှိသည်။ ပြန်လည်း မပြန်နိုင်ချေ။ထို့ကြောင့်ဂိုဏ်းချုပ်ကို သူ့အား လာရောက်ခေါ်ယူရန်အကူအညီ တောင်းခံခဲ့ခြင်း ဖြစ်သည်။

“အစ်ကိုကြီး”

အမှန်ကို သိရှိပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည်စိတ်ဓာတ်များပင်ကျမိတော့၏။ “အကူအညီခေါ်တယ် ဆိုတာ အရမ်းကို လေးနက်တဲ့ကိစ္စမျိုးလေ။ ထမင်းစားချင်လို့အကူအညီခေါ်တယ်ဆိုတာ မဖြစ်သင့်ဘူး။ အနာဂတ်မှာ သတိထားသင့်တယ်”

…..

ဟောခန်းသခင်ကျိ ထွက်ခွာသွားပြီးသည့်နောက်တုနန်သည်တောင်၏ဂိတ်တံခါး အပြင်ဘက်တွင်ရှိနေသော လှေကားများကို သန့်ရှင်းလျက်ရှိနေ၏။ ရုတ်တရက်မြေပြင်ပေါ်တွင်ရှိနေသည့်ဖုန်နှင့်သဲများသည်အပေါ်သို့မြောက်ကြွလာကြောင်း သူက သတိပြုလိုက်မိသည်။ထို့ကြောင့်အံ့အားတသင့်ဖြင့်သေချာ ဆောင့်ကြောင့်ထိုင်ကာ စောင့်ကြည့်နေမိသည်။

ဘုတ်ဘုတ်

သိုင်းကျင့်ကြံသူတစ်ယောက်သည်လှေကားအတိုင်း တစ်လှမ်းချင်းတက်လာ၏။ ခေါင်းကို ငုံ့ထားသောကြောင့်နဖူးပြင်ကြီးကိုသာ မြင်ရပြီး မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရချေ။

ဒွီး ဒွီး ……။

ထိုလူသည်ခြေလှမ်း တစ်လှမ်းတိုင်းတွင်အနားတွင်ရှိနေသည့်သဲများသည်လေပေါ်သို့မြောက်တက်လျက်ရှိနေ၏။

“ကျွမ်းကျင်သူပဲ။ ဒါ ကျွမ်းကျင်သူတစ်ယောက်ပဲ”

တုနန်သည်တံမြက်စည်းကို ရင်ဘတ်ရှေ့တွင်ထားကာဖြင့်ယဉ်ကျေးစွာ မေးမြန်းလိုက်သည်။ “ပြိုင်စံရှားဂိုဏ်းဆီ လာလည်တာလား”

“မိတ်ဆွေတစ်ယောက်ဆီလာတာပါ”သိုင်းကျင့်ကြံသူ၏ အသံသည်လေးနက်နေခဲ့၏။

“အားနာပါတယ်”

တုနန်က ပြောလိုက်သည်။ “ဂိတ်တံခါးက မဖွင့်သေးဘူး။ ခဏလောက်စောင့်ပါအုံး”

သိုင်းကျင့်ကြံသူသည် ရုတ်တရက်ရပ်တန့်လိုက်၏။ ပြီးနောက်ခေါင်းကိုမော့ကာ ကြည့်ရှုလိုက်သည်။ ထက်မြလွန်းလှသော မျက်လုံးများနှင့် မျက်နှာတစ်ခုသည်ပေါ်ပေါက်လာခဲ့၏။ ၎င်း၏ နှုတ်ခမ်းထောင့်များသည်ကွေးညွတ်သွားခဲ့၏။ “ကျုပ်က စိတ်ရှည်တတ်တဲ့လူတစ်ယောက်မဟုတ်ဘူး။ စောင့်ဖို့အချိန်မရှိဘူး”

ဝှစ်

သူသည်လက်ခလယ်ကို ဆန့်ထုတ်ကာဖြင့်အလင်းတန်းများကို ထုတ်ဖော်လိုက်တော့သည်။

ဂိတ်တံခါး မဖွင့်လေသည်လား။ အဆင်ပြေ၏။ ထိုအရာကို ပွင့်သွားအောင်သူပြုလုပ်လိုက်ပေမည်။

ဆွစ်

တုနန်သည်ရှေ့ဆီသို့လှမ်းတက်လိုက်၏။ ပြီးနောက်အလင်းတန်းများကို တားဆီးလိုက်တော့သည်။သူသည်လက်ဝါးများကို စုစည်းကာ အော်ဟစ်လိုက်၏။ “အော်မီတော်ဖော်….တကာကြီး ပြဿနာ မရှာပါနဲ့”

ဝှစ်ဝှစ်

သူ၏ ခြေထောက်အောက်တွင်ရှိသော ဖုန်များ၊ သဲများသည်လွင့်ပျံ့သွားခဲ့၏။သူ၏ ဂိုဏ်းဝတ်စုံသည်လေမတိုက်ဘဲနှင့် လေထဲတွင်လွင့်လျက်ရှိ၏။ ရွှေရောင်အလင်းတန်းများသည်သူ၏ ခန္ဓာကိုယ်၌ ထွန်းတောက်လျက်ရှိသည်။

“အမ်”

သိုင်းကျင့်ကြံသူသည်အံ့အားသင့်မှုများနှင့် ပြည့်နှက်သွား၏။ ကြည့်ရှုရသည်မှာ သာမန်တံမြက်စည်းလှဲသည့်ဘုန်းကြီးတစ်ပါးပင်လျှင် ကျွမ်းကျင်သူတစ်ယောက် ဖြစ်နေသည်လား။

“စိတ်ဝင်စားစရာပဲ”

သိုင်းကျင့်ကြံသူသည်တောင်၏ဂိတ်တံခါးကို တိုက်ခိုက်ခြင်းအား ရပ်တန့်လိုက်၏။ထို့အပြင် သူသည်တစ်ဖက်လူမှာ မည်သည့်စွမ်းအင်များ တည်ရှိနေသည်ကို သိချင်နေမိ၏။

“ဗုဒ္ဓပုံရိပ်ယောင်”တုနန်သည် မြင်းထိုင်ထိုင်ပြီးသည့်နောက်သူ၏ မျက်လုံးများသည်အေးစက်သွားခဲ့သည်။

ဘုန်း… ဘန်း…

တိုက်ခိုက်ချက်နှစ်ချက်ကို ရင်ဆိုင်ပြီးသည့်နောက် ….

တုနန်၏နောက်တွင်ရှိနေသော ပုံရိပ်ယောင်ကြီးသည်ချက်ချင်း ပျောက်ကွယ်သွားခဲ့၏။တုနန်သည်အနောက်သို့ ခြေလှမ်းအနည်းငယ်လောက်ဆုတ်ခွာလိုက်ရ၏။

သူသည်ဂိတ်တံခါးကြီး၏ရှေ့တွင်မတ်မတ်ရပ်ပြီးသည့်နောက်လက်မကို ထောင်ကာ ပြောလိုက်သည်။ “အံ့အားသင့်စရာပဲ”

ဘုတ်

ပြောပြီးပြီးချင်းမှာပဲ သူသည်မြေပေါ်သို့လဲကျကာ သတိလစ်မေ့မျောသွားခဲ့တော့၏။

“……..”

သက်လတ်ပိုင်းအရွယ် သိုင်းကျင့်ကြံသူသည်ဆွံ့အလျက်ရှိနေမိလေသည်။ “သောက်ကျိုးနည်း ဘယ်လိုဘုန်းကြီးလဲ”

All Chapters