← Chapters

အခန်း ၁၅၇၉

Vol. 106 Ch. 1579

အခန်း ၁၅၇၉

Vol. 106 Ch. 1579

အပိုင်း (၁၅၇၉)

“ကျုပ် အားလုံးနဲ့ တိုက်ခိုက်ချင်တယ်။”

ကျွင်းချောင်ရှောင်း၏ မောက်မာမှုနှင့် စူးရှလှသောအသံသည် အဓိကဟောခန်း၏ အပြင်ဘက်ဆီမှ ပျံ့နှံ့ထွက်ခွာလာခဲ့၏။

အားလုံးသောသူများသည် ထိုအသံကို ကြားရသည့်အချိန်မှာတော့ အံ့အားသင့်လျက်ရှိနေသည်။ ဘိုးဘေးများ ချမှတ်ခဲ့သော စည်းမျဉ်းစည်းကမ်းအရဆိုလျှင် ခေါင်းဆောင်နေရာကို လက်ခံမည့်သခင်လေးသည် ၁၀ ပွဲ ယှဉ်ပြိုင် တိုက်ခိုက်အနိုင်ယူရန်သာ လိုအပ်ခဲ့၏။ ထို့ကြောင့်အားလုံးသောသူများနှင့် တစ်ခါတည်းတိုက်ခိုက်ရန် မလိုအပ်ခဲ့ချေ။

“သခင်လေး”

မင်းဆရာသည် ပြောလိုက်သည်။ “ဒီမှာ စစ်သည်တော်တွေအများကြီးရှိတယ်။ ဒီတော့ တစ်ယောက်ချင်းစီ တိုက်ခိုက်ပြီး အချိန်ကုန်မယ် ဆိုရင်လည်း ကိစ္စမရှိပါဘူး။”

“တစ်ခါတည်းတိုက်ခိုက်လိုက်တော့ အချိန်မကုန်တော့ဘူးပေါ့။” ကျွင်းချောင်ရှောင်းက ပြောလိုက်၏။

မင်းဆရာသည် ဆွံ့အသွားခဲ့သည်။ သခင်လေးသည် တကယ်ပဲ လူပေါင်းတစ်ထောင်လောက်နှင့် တစ်ယောက်တည်း တိုက်ခိုက်ချင်နေသည်လား။

“………”

ကျောက်ရုပ်ထုမျိုးနွယ်ခေါင်းဆောင်၏ မျက်နှာသည် ဒေါသထွက်လွန်းသောကြောင့် စိမ်းပြာ၍ပင် လာခဲ့၏။ သူ၏ သားအတွက် သရုပ်ဆောင် ၁၀ ယောက်ကိုပင် စီစဉ်ခဲ့ပြီးပြီဖြစ်၏။ အားလုံး၏ အရှေ့တွင် ဟန်ပြတိုက်ခိုက်ရန်သာ လိုအပ်ခဲ့၏။ သို့ပေမဲ့ သူ၏ သားသည် အားလုံးသောသူများကို တစ်ပြိုင်တည်းတိုက်ခိုက်ချင်နေမိ၏။ သူ့ကိုယ်သူ မည်မျှ အစွမ်းထက်သည်ဟု ထင်မှတ်နေလေသနည်း။

“သခင်လေးက အရမ်းကို ကြမ်းတာပဲ။ ၁၀၀၀ နဲ့ ၁ ယောက် တိုက်ခိုက်မယ်ပေါ့။”

“ဒါ မမျှော်လင့်ထားတဲ့ ကိစ္စပဲ။”

ကျောက်ရုပ်ထုကလန်မှ အဖွဲ့သားများအားလုံးသည် တီးတိုးဖြင့် ဖြစ်ပေါ်လာမည့်တိုက်ပွဲကြီးကို ဆွေးနွေးလျက်ရှိနေ ကြ၏။

“ဟုတ်တယ်။”

ကျွင်းချောင်ရှောင်းက ထပ်ပြောလိုက်သည်။ “တကယ်လို့ ကျုပ်ရှုံးသွားတယ်ဆိုရင် ခေါင်းဆောင်နေရာကို မယူတော့ဘူး။”

ဤတည်နေရာတွင် များပြားလှသော ကလန်သားများ ရှိနေသည်မဟုတ်ပါက ကျောက်ရုပ်ထုမျိုးနွယ်၏ခေါင်းဆောင် သည် ချက်ချင်းပဲ မြေကမ္ဘာစိတ်ဝိညာဉ်မိစ္ဆာတောင်ကြားထဲသို့ သူ၏ သားအား ကန်ချမိမှာ သေချာ၏။ လူငယ်ဆိုသည်မှာ ငယ်ရွယ်သောကြောင့် မောက်မာသည်ဆိုသည်မှာ အပြစ်မဟုတ်ချေ။ သို့ပေမဲ့ သူ၏ သား၏ အပြုအမူ သည် သေလမ်းရှာခြင်းနှင့်ပင်။

“သခင်လေး”

မင်းဆရာသည် လေးနက်စွာပြောလိုက်၏။ “သူတော်စင်တိုက်ပွဲက အရမ်းကို မြင့်မြတ်တယ်လေ။ ဒီတော့ လေးလေးနက်နက် တိုက်ခိုက်ဖို့ သင့်တယ်။”

ကျွင်းချောင်ရှောင်းဟာသလုပ်နေသည်ဟု သူက ထင်မှတ်ခဲ့၏။ သို့ပေမဲ့ အစစ်အမှန်တရားမှာတော့ ကုန်းရှန့်သည် အမှန်ပင် လေးနက်လို့ နေခဲ့၏။ အဘယ့်ကြောင့်ဆိုသော် မနေ့တုန်းက သူ့၌ တာဝန်တစ်ခုဖြစ်တည်လာခဲ့၏။ ပါဝင် သည့် အကြောင်းအရာသည် သူတော်စင် တိုက်ပွဲအတွင်း ရောက်ရှိလာခဲ့သည့် စစ်သည်တော်များအားလုံးကို အနိုင်ရရှိအောင်ပြုလုပ်ရမည့်အကြောင်းအရာပင်ဖြစ်၏။ ထို့ကြောင့်ပင်လျှင် ကျွင်းချောင်ရှောင်းသည် ယောကျ်ား ဆန်စွာဖြင့် အားလုံးသောသူများကို စိန်ခေါ်နေခြင်းပင်ဖြစ်လေသည်။

အထက်နယ်မြေသို့ ရောက်ရှိလာသည့်နောက် သူ၏ အဓိကလမ်းစဉ်သည် ဖြစ်နိုင်သမျှ ပြဿနာများကို ရှောင်ရှားရန် ဖြစ်၏။ အလွန်တရာ မောက်မာလှသည်ဆိုသော်လည်း လူပေါင်းတစ်ထောင်ကျော်နှင့်တိုက်ခိုက်ရန် သူသည် မရူးသွပ်ချေ။ သို့ပေမဲ့ သေခြင်း၊ ရှင်ခြင်းတိုက်ခိုက်မှုမျိုးလည်း မဟုတ်သောကြောင့် သူ့အနေနှင့် အစွမ်းကုန်ထုတ်ကာ တိုက်ခိုက်ရန်လည်းမလိုအပ်ချေ။ ပေါ့ပေါ့ပါးပါးဖြင့် တိုက်ခိုက်နိုင်စွမ်းရှိနေ၏။

တာဝန်ဖြစ်ပေါ်မလာခဲ့သော ကုန်းရှန့်နှင့် တာဝန်ဖြစ်တည်လာခဲ့သော ကုန်းရှန့်တို့အကြားသည် မတူညီသည့် လူနှစ်ယောက်ကဲ့သို့ပင် အသွင်ပြောင်းလဲသွားခဲ့၏။ ပိုမို၍ အရေးကြီးသည်မှာ ဤအရာသည် သီးခြားတာဝန်တစ်ခုမဟုတ်ဘဲ အထူးတာဝန်ဖြစ်လို့နေခြင်းပင်။

ကျွင်းချောင်ရှောင်းအနေနှင့် ဂိုဏ်းစုဆောင်းမှတ်များကို ဂရုစိုက်လိမ့်မည်မဟုတ်ချေ။ စနစ်သည် ပုံပန်းသွင်ပြင် ပြောင်းလဲသွားခဲ့ပြီဖြစ်၏။ သို့ပေမဲ့ အထူးတာဝန်ဆိုသည်မှာ အဆင့်တက်နှုန်းနှင့် ပတ်သက်လျက်ရှိနေ၏။ မည်မျှ ခက်ခက် သူ့အနေနှင့် ပြည့်စုံအောင် ပြုလုပ်ရပေလိမ့်မည်။

“ကျုပ်”

ကုန်းရှန့်သည် စင်မြင့်ပေါ်တွင် မတ်မတ်ရပ်ပြီးသည့်နောက် လေးနက်တည်ကြည်သည့် လေသံဖြင့် ပြောလိုက်၏။ “ဟာသလုပ်နေတာမဟုတ်ဘူး။”

“ဒီသခင်လေးက စိတ်ဝင်စားစရာကောင်းတာပဲ။”

သိုင်းကျင့်ကြံသူတစ်ထောင်ကျော်တို့၏ မျက်လုံးအောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ခေါင်းမော့ရင်ကော့ကာ ရပ်လျက်ရှိနေတော့၏။ သိုင်းကျင့်ကြံသူများသည် ကျောက်ရုပ်ထုမျိုးနွယ်ကလန်ဆီမှ လက်ရွေးစင်ကျင့်ကြံသူများ လည်း ဖြစ်ကြ၏။ ၎င်းတို့သည် အသက်ကြီးလှသည်မဟုတ်သော်လည်း သာမန်ထက်ပိုသည့် အားအင်နှင့် အလားအလာကို ပိုင်ဆိုင်သည့်လူများပင်ဖြစ်၏။ ယေဘုယျအားဖြင့် ၎င်းတို့အားလုံးသည် ကိုယ်ပိုင်ရည်မှန်းချက်နှင့် တည်ရှိနေကြသည့် လူများဖြစ်သည်။

သခင်လေးသည် အားလုံးသောသူများကို စိန်ခေါ်ချင်နေသည်ဆိုမှတော့ သူတို့အနေနှင့် ပျော်ပျော်ရွှင်ရွှင် ဝင်ရောက်ကာ တိုက်ခိုက်ရပေလိမ့်မည်။ လူသားမျိုးနွယ်ပတ်ဝန်းကျင်မှာဆိုလျှင် မျိုးနွယ်စုကြီးတစ်ခုလုံး၏ သခင်လေးကို မဆိုနှင့်။ အဆင့်အတန်းမြင့်မားလှသည့် သူဌေးကြီးတစ်ယောက်၏ သားသခင်လေးဆိုလျှင်ပင် ကျေးကျွန်များအားလုံးသည် တလေးတစားဖြင့် ဆက်ဆံကြရ၏။ မည်သူမှသည် ဝင်ရောက်ကာ ယှဉ်ပြိုင်တိုက်ခိုက်မှုကို ပြုလုပ်ရဲမည်မဟုတ်ချေ။

ကျောက်ရုပ်ထုမျိုးနွယ်ကလန်ထဲတွင်လည်းသခင်လေးဆိုသည့် ဂုဏ်သိက္ခာသည် အမှန်ပင် မြင့်မြတ်လွန်းလှ၏။ သို့ပေမဲ့ သခင်လေးဆိုသူအား လေးစားရန်အတွက် သခင်လေး၌လည်း လုံလောက်သည့် အားအင်အဆင့်ကို ပိုင်ဆိုင်ရန် လိုအပ်နေသေး၏။ အားလုံးသောသူတို့၏ အသိအမှတ်ပြုမှုကို ရရှိမှသာလျှင် ပိုမိုမြင့်မားသည့် အခြေအနေတစ်ခုကို ရရှိမှာဖြစ်၏။ ထိုသို့ဖြစ်ရန်ဆိုသည်မှာလည်း လုံလောက်သည့် အားအင်အဆင့်ကို ပိုင်ဆိုင်ရန် လိုအပ်နေသေးသည်။

“ခေါင်းဆောင် … အဆင်ပြေပါ့မလား။”

“ဘာကိုကြည့်နေတာလဲ။ ငါ့သားက တိုက်ခိုက်ချင်တယ်ဆိုမှတော့ တိုက်ခိုက်ကြလေ။”

ကျောက်ရုပ်ထုမျိုးနွယ်ကလန်၏ ခေါင်းဆောင်သည် အနည်းငယ်ဒေါသထွက်နေသည်မှာ ထင်ရှား၏။ သူ၏ လေသံသည် စိတ်မရှည်ခြင်းများနှင့် ပြည့်နှက်နေခဲ့သည်။

“ကောင်းပြီ”

မင်းဆရာသည်ကျယ်လောင်စွာ ကြေညာလိုက်၏။ “စစ်သည်တော်တွေအားလုံး ရှေ့ကို တက်ကြ။”

ဖောက် ဖောက် …။

ချက်ချင်းပဲ ကျောက်ရုပ်ထုမျိုးနွယ်ကလန်မှ လက်ရွေးစင် စစ်သည်တော် ၃၀၀၀ ကျော်တို့သည် ရှေ့ဆီသို့ လှမ်းတက်လာကြ၏။ ၎င်းတို့၏ မျက်လုံးနှင့် ခန္ဓာကိုယ်များထဲတွင် တိုက်ခိုက်လိုခြင်းဆန္ဒများနှင့် ပြည့်နှက်နေသည်။

ကလန်ဟောခန်း၏ အပြင်ဘက် ကြီးမားလွန်းလှသော တိုက်ခိုက်ရေးတည်နေရာကြီးတွင်တော့ ကျွင်းချောင်ရှောင်း သည် မတ်မတ်ရပ်လျက်ရှိနေ၏။

အခြားဘက်တစ်ခြမ်းမှာတော့ သိုင်းကျင့်ကြံသူ စစ်သည်တော် ၃၀၀၀ ကျော်တို့သည် တည်ရှိလို့နေခဲ့၏။ ယခင်တုန်းက ဤတည်နေရာကြီးတစ်ခုလုံးသည် တစ်ယောက်ချင်းတိုက်ခိုက်ရန်အတွက် စီစဉ် တည်ဆောက်ထား သည့် အရာပင်ဖြစ်၏။ သို့ပေမဲ့ လူတစ်ယောက်နှင့် အဖွဲ့လိုက်တိုက်ခိုက်သည့် အခြေအနေအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ထို့ကြောင့် စင်မြင့်ကြီး၏အောက် တိုက်ခိုက်ရေးတည်နေရာကြီးတွင် တိုက်ခိုက်ရန်သာ စဉ်းစားလိုက်ကြသည်။

မြင်ကွင်းကို သေသေချာချာ ကြည့်ရှုရမည်ဆိုလျှင် လူတစ်ယောက်သည် လူထောင်ပေါင်းများစွာတို့နှင့် ရင်ဆိုင်လျက်ရှိနေ၏။ မြင်ကွင်းသည် အံ့အားသင့်စရာကောင်းလွန်းလှ၏။

“ခေါင်းဆောင်”

မင်းဆရာက ချီးကျူးလိုက်သည်။ “သခင်လေးရဲ့ သတ္တိကတော့ တကယ့်ကို အံ့ချီးလောက်ပါတယ်။”

“……….”

ကျောက်ရုပ်ထုမျိုးနွယ်ကလန်ခေါင်းဆောင်၏ မျက်နှာသည် သုန်မှုန်လျက်ရှိနေ၏။ မူလအားဖြင့် ခေါင်းဆောင် ရာထူးကို သူ့သားအား ဖြစ်နိုင်သမျှ အမြန်ဆုံးပေးအပ်ချင်မိ၏။ သို့ပေမဲ့ အရာအားလုံးသည် သူထင်မှတ်ထားခဲ့သလို ဖြစ်မလာဘဲ ပြောင်းလဲသွားခဲ့၏။ သူ၏ သားသည်သာ စစ်သည်တော်များကို ရှုံးနိမ့်ခဲ့သည်ဆိုပါက အချိန်အတော် ကြာနှောင့်နှေးသွားမှာသေချာ၏။ မဖြစ်သေးချေ။ သူ၏ သားအနေနှင့် အနိုင်မယူ၍ မဖြစ်ချေ။

ဝန်ကြီး ၃ပါးနှင့် မှူးမတ် ၉ ပါးတို့သည်လည်း စိုးရိမ်ပူပန် လျက်ရှိနေ၏။ အဘယ့်ကြောင့်ဆိုသော် များပြားလှသည့် စစ်သည်တော်များနှင့် ရင်ဆိုင်တိုက်ခိုက်သည်ဆိုလျှင်တောင်မှ သခင်လေးသည် အစစ်အမှန်ရှာဖွေခြင်း အဆင့်တွင်ရှိနေသူ မဟုတ်ချေ။ ဤမျှ များပြားလှသည့်လူများကို ယှဉ်ပြိုင် တိုက်ခိုက်ရန် ဆိုသည်မှာ ခက်ခဲလွန်းပေလိမ့်မည်။

အားရား

ကုန်းစွန်းဟုန့် သည် ကြိတ်ကာ သက်ပြင်းချလိုက်မိ၏။ “သခင်လေးက တကယ့်ကို အဆင်အခြင်မဲ့လွန်းကြီးတယ်။”

ထိုအချိန်မှာတော့ ကျောက်ရုပ်ထုမျိုးနွယ်ကလန်၏ အဖွဲ့ဝင်များသည် ကုန်းရှန့်ကို မည်သို့မှ အနိုင်ရရှိမည်ဟု မထင်မှတ်ကြချေ။ သို့ပေမဲ့ နှင်းဆီဧကရီမှာတော့ သူမ၏ ယောကျ်ားအနိုင်ရလိမ့်မည်ဟု ယုံကြည်လျက်ရှိနေ၏။ အတူတူနေထိုင်ခဲ့သည့် အချိန်အတောအတွင်း သူမသည် သူမယောကျ်ားအနေနှင့် မသေချာသည့်အရာကို ဘယ်တော့မှ မပြုလုပ်တတ်ကြောင်းကို ကောင်းကောင်းနားလည်မိသည်။

“သူတော်စင်တိုက်ပွဲ …. စတင်မယ်။”

“နေအုံး”

ကျွင်းချောင်ရှောင်းသည် ဒိုင်လူကြီးအား ဖြတ်ကာ တားဆီးလိုက်၏။ ပြီးသည့်နောက် ဝန်ကြီး ၃ ပါးနှင့် မှူးမတ် ၉ ပါးတို့အား လှမ်း၍ ကြည့်ကာ မေးမြန်းလိုက်၏။ “ကျုပ်က အပြင်ဘက်လောကမှာ ကျင့်ကြံခဲ့တာဆိုတော့ အပြင်ဘက်လောကမှာရှိတဲ့ သိုင်းကျင့်ကြံခြင်းနည်းစနစ်တွေ ကိုပဲ သင်ယူခဲ့ရတယ်။ သူတို့ကို အဲတာတွေနဲ့ သုံးပြီး တိုက်ခိုက်လို့ရလား။”

“ရတာပေါ့။”

မင်းဆရာက ပြောလိုက်သည်။ “ကျုပ်တို့ ကျောက်ရုပ်ထုမျိုးနွယ်ကလန်ဆိုတာ အားအင်အဆင့်ကိုပဲ ယုံကြည်တာလေ။ ဘယ်လို သိုင်းနည်းစနစ်ကိုပဲ သုံးသုံးကိစ္စမရှိဘူး။”

“ဒါဆိုရင် လက်နက်တွေ၊ အသုံးအဆောင်ပစ္စည်းတွေရော သုံးလို့ရလား။”

“ရတာပေါ့။”

ရှင်းလင်းသည့်အဖြေကို ရရှိပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် သူတော်စင်ဝတ်စုံကို ဝတ်ဆင်လိုက်၏။ ပြီးနောက် သူ၏ ရှေ့တွင် ကောင်းကင်ဖိနှိပ်ခြင်းလှံကြီးကို ထုတ်ကာ ကိုင်ဆွဲလိုက်သည်။ သူ၏ မျက်လုံးထဲတွင်တော့ တိုက်ခိုက်လိုခြင်းဆန္ဒများနှင့် ပြည့်နှက်လာခဲ့၏။

ကောင်းကင်ဖိနှိပ်ခြင်းလှံဆိုသည်မှာ ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင်ရှိသော ပန်းပဲသမားများ စုပေါင်းကာ ပြုလုပ်ခဲ့ သည့်အရာဖြစ်၏။ အထက်နယ်မြေဆီသို့ ရောက်ရှိလာသည့်အချိန်တွင် ထိုအရာသည် အားအင်အဆင့်ဟူ၍ မကောင်းမွန်လှချေ။ သို့ပေမဲ့ ဖန်းရီကျိသည် အကောင်းမွန်ဆုံး ကြိုးစားကာဖြင့် အဆင့်မြှင့်တင်ပေးခဲ့သည်။

…………

ရွှီး ရွှီး

စစ်သည်တော် ၃၀၀၀ ကျော်တို့သည် ၎င်းတို့၏ လက်များကို ပွတ်သပ်ပြီး စတင်ကာ တိုက်ခိုက်ရန် ပြင်ဆင်နေကြ၏။ သူတို့၏ သခင်လေးသည် အလွန်ထည်ဝါလွန်းလှသော အော်ရာများကို ထုတ်ဖော်လျက်ရှိနေ၏။ ထို့ကြောင့် သူတို့အနေနှင့် အားကုန်ထုတ်ကာ တိုက်ခိုက်မှဖြစ်ပေလိမ့်မည်။

“သူတော်စင်တိုက်ပွဲ” ဒိုင်လူကြီးသည် အသံကို ဆွဲကာဖြင့် အော်ဟစ်လိုက်၏။

ဝှစ် …။

ဝှစ် ….။

ချက်ချင်းပဲ စစ်သည် ၃၀၀၀ ကျော်တို့သည် ၎င်းတို့၏ ကျင့်ကြံခြင်းများကို အလုံးစုံထုတ်ဖော်လိုက်၏။ များပြားလွန်းလှသော ချီများသည် တိုက်ခိုက်ရေးတည်နေရာထဲတွင် ပြည့်နှက်လျက်ရှိနေပြီး အရှိန်အဟုန်များလည်း ပြင်းထန်လွန်း၏။

လက်ရွေးစင်တပည့်များသည် ကျောက်ရုပ်ထုမျိုးနွယ်ကလန်မှ ရွေးချယ်ထားသည့် တကယ့်လူငယ်လူရွယ်များပင် ဖြစ်ကြ၏။ ထို့ကြောင့် အားကောင်းလွန်းလှချေ၏။ သူတို့အနေနှင့် အမြုတေပြောင်းလဲခြင်းအဆင့်တွင် ရှိနေသည် သာမက တစ်ချို့ဆိုလျှင် အမြုတေပြောင်းလဲခြင်း အဆင့် ၈ ၊ အဆင့် ၉ နှင့် ထိပ်ဆုံး ကျင့်ကြံခြင်းအဆင့်များပင် ပါဝင်လျက်ရှိနေကြ၏။ သီအိုရီအရ ပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းအနေနှင့် အစစ်အမှန် ရှာဖွေခြင်းအဆင့်ကို မတက်လှမ်းနိုင်ဘဲ ထိုသူများကို အနိုင်ယူနိုင်လိမ့်မည်မဟုတ်ချေ။

“သွားကြတော့။”

ဝှစ် ဝှစ်

ကျောက်ရုပ်ထုမျိုးနွယ်ကလန်မှ စစ်သည်တော်များသည် ရှေ့ဆီသို့ လှမ်းတက်လာကြ၏။ စွမ်းအင်လှိုင်းမျိုးစုံတို့သည် စုဝေးလျက်ရှိနေပြီး ထိုအရှိန်အဝါသည် တည်နေရာတစ်ခုလုံးကိုပင် သက်ရောက်စေခဲ့၏။

“သွားပြီပဲ။”

ကျောက်ရုပ်ထုမျိုးနွယ်ကလန်၏ ခေါင်းဆောင်သည် ခေါင်းကို ခါယမ်းလိုက်၏။ ဤမျှ များပြားလှသော လူများနှင့် သူ၏ သားသည် တစ်ယောက်ချင်းစီကိုသာ တိုက်ခိုက်သွားမည်ဆိုပါက အနိုင်ယူနိုင်သည်ဆိုသော်လည်း ယခုမှာ မဖြစ်နိုင်တော့ချေ။

ဝှစ်

ရုတ်တရက် အားကောင်းလွန်းလှသော အော်ရာများသည် တိုက်ခိုက်ရေးတည်နေရာထဲမှ ထွက်ပေါ်လာခဲ့၏။ သူမသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် လှမ်းကာ ကြည့်ရှုလိုက်၏။ ကျွင်းချောင်ရှောင်းသည် လေထုထဲသို့ ခုန်တက်သွားသည်ကို သူမက မြင်လိုက်ရ၏။

လက်ထဲတွင်ရှိနေသော လှံရှည်ကြီးသည် လေထဲသို့ မြောက်တက်လာပြီးသည့်နောက် ထောင့်ဖြတ်အတိုင်း တစ်ခါတည်း ရိုက်နှက်လိုက်သည်။

ဖြောင်း

ဘုန်း

အားကောင်းလွန်းလှသော ကောင်းကင်ဖိနှိပ်ခြင်းလှံကြီးသည် မြေပြင်ပေါ်သို့ ထိမှန်ပြီးသည့်နောက် စွမ်းအင်လှိုင်းများ သည် သာမန်မျက်လုံးနှင့် မြင်ရသည့်အချိန်အတိုင်းအတာတစ်ခုအထိ တလိမ့်လိမ့်နှင့် ဖြစ်တည်ခဲ့၏။

အနှေးပြကွက် များနှင့် ကြည့်ရှုသည်ဆိုပါက ရှေ့ဆီသို့ ပြေးတက်လာခဲ့သော စစ်သည်တော် ၁၀၀၀ ကျော်တို့၏ မျက်နှာပေါ် တွင် ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်သွားခဲ့၏။ ပြီးနောက် ထိုဖြစ်ပေါ်လာခဲ့သည့် လေလှိုင်းများ၏ လွှမ်းမိုးမှု အောက်တွင် မြေပြင်တစ်ခုလုံးတုန်ခါလာပြီး ၎င်းတို့အားလုံးသည် မည်သို့မှဟန်ချက်ကို မထိန်းချုပ်နိုင်ဘဲ အနောက်ဘက်သို့ လွှင့်စင်သွားကုန်သည်။

“ဒါက”

ဝန်ကြီး ၃ပါးနှင့် မှူးမတ် ၉ ပါးတို့သည် မျက်လုံးပြူးသွားမိ၏။

ဝှစ် ….။

ကျွင်းချောင်ရှောင်းသည် ကောင်းကင်ဖိနှိပ်ခြင်းလှံကြီးကို ပြန်လည်ဆွဲယူကာဖြင့် အကြိမ်အနည်းငယ်လောက် လှည့်ပတ်ကာ ကစားလိုက်၏။ ပြီးနောက် လှံကြီးအား သူ၏ ရှေ့တွင် ထောင်ထားလိုက်ပြီး မိစ္ဆာဆန်ဆန် ပြုံးလိုက်သည်။ “ပြီးသွားပြီ။”

ဝှစ် …။

ဝှစ် ….။

အနှေးပြကွက်ဖြင့် ကြည့်ရှုမည်ဆိုလျှင် သိုင်းကျင့်ကြံသူ ၃၀၀၀ ကျော်တို့သည် လေထုထဲတွင် ပုံသဏ္ဍာန်မျိုးစုံနှင့် လွင့်စင်လျက်ရှိနေပြီး သိုင်းလေ့ကျင့်ရေးကွင်းပြင်၏ အပြင်ဘက်ဆီသို့ တဘုတ်ဘုတ်နှင့် ပြုတ်ကျကုန်၏။ တိုက်ပွဲ စတင်ရန် ပြင်ဆင်သည်မှာ ၁၀ မိနစ်ခန့်ကြာမြင့်ခဲ့သည်ဆိုသော်လည်း တိုက်ပွဲပြီးဆုံးဖို့အတွက်မှာတော့ တစ်စက္ကန့် သာလျှင် ကြာမြင့်ခဲ့၏။ ဤအရာသည် မျောက်မင်းကြီး၏ အစွမ်းသတ္တိပင် ဖြစ်လေ၏။

All Chapters