အခန်း ၁၅၈၂
Vol. 107 Ch. 1582
အပိုင်း (၁၅၈၂)
ပြိုင်စံရှားဂိုဏ်းဆီမှ နဂါးလေး ထွက်ခွာသွားခဲ့သည်မှာ နှစ်အနည်းငယ် ကြာမြင့်ခဲ့ပြီဖြစ်၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် အလွန်လွမ်းဆွတ်လို့နေခဲ့၏။ ယခု နဂါးကလန်မှ ဖိတ်စာပို့လိုက်သည်မို့ သူ့အနေနှင့် ကျိန်းသေပေါက် သွားရောက်ကာ လည်ပတ်ရပေလိမ့်မည်။
“ငါ့ယောက်ျားက ကျောက်ရုပ်ထုမျိုးနွယ်ကလန်ရဲ့ ခေါင်းဆောင်ဖြစ်ပြီးတော့ သူ့ရဲ့ ပဋိညာဉ်သားရဲက နဂါး အင်ပါယာဖြစ်နေတယ်”
နှင်းဆီဧကရီက ပြောလိုက်၏။ “တကယ့်ကို အံ့အားသင့်စရာပဲ”
“မဆိုးဘူး” ကျွင်းချောင်ရှောင်း၏ မျက်နှာပေါ်တွင်တော့ ဂုဏ်ယူနေသည့် အမူအရာများ ပြည့်နှက်နေခဲ့သည်။
“အမ် ဟုတ်ပြီ”
နှင်းဆီဧကရီက ပြောလိုက်သည်။ “နတ်ဆိုးကလန်ရဲ့ နတ်ဆိုးစစ်သည် တစ်သန်းကလည်း ရောင်မုန့်ယဉ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်။ ဒီတော့ အဓိကကလန်ကြီးသုံးခုက ငါ့ယောက်ျားရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်လို့ သွယ်ဝိုက်ပြီး သက်ရောက်နေတာပေါ့”
မှန်ပေ၏။ သူမ မပြောလျှင်တောင်မှ သူသည် ထိုအကြောင်းအရာကို မေ့လျော့နေခဲ့၏။ ကျွင်းချောင်ရှောင်း သည် ရေနွေးကို အသာမှုတ်သောက်လိုက်ပြီးနောက် ဂုဏ်ယူစွာ ပြောလိုက်၏။ “အခု အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းနဲ့ ခြေရာချင်းနှိုင်းနိုင်တဲ့ အရည်အသွေးတွေ ကျုပ်ဆီမှာ တည်ရှိနေပြီ”
သူ၏အဆင့်သည် အားနည်းသည်ဖြစ်ကြောင်းကိုတော့ ဝန်ခံမိ၏။ ထိပ်တန်းစွမ်းအားမြင့် ကျင့်ကြံသူများ၏ရှေ့တွင် ထုတ်ဖော်ပြောနိုင်သည့် ကျင့်ကြံခြင်းအဆင့်မျိုးတော့ မဟုတ်ချေ။ သို့ပေမဲ့ သူသည် အဓိကကလန်ကြီး သုံးခုနှင့် ပတ်သက် ဆက်နွယ်နေပြီး သူ၏ဆရာသည် များပြားလှသော အပေါင်းအသင်း မိတ်ဆွေများ ပိုင်ဆိုင်သော ကြီးမြတ်သူတုံးကု ဖြစ်လို့နေခဲ့၏။ ထို့ကြောင့် အင်မော်တယ်အဆင့်ဂိုဏ်းများကို သူ အဘယ်ကြောင့် ကြောက်လန့်ရမည်နည်း။
အထက်နယ်မြေတွင် သုံးနှစ်မှ လေးနှစ်အထိ နေထိုင်ခဲ့ပြီးဖြစ်သော ကုန်းရှန့်သည် စရောက်ခါစတုန်းကလို တောသားလေးတစ်ယောက် မဟုတ်တော့ချေ။ အနည်းဆုံး လုပ်ဆောင်နိုင်မှုနှင့် အစွမ်းသက်ရောက်မှုသည် တိုးတက်လာခဲ့၏။ ပြိုင်စံရှားဂိုဏ်း၏ အဆင့်ကို တိုးတက်အောင် ကြီးကြီးမားမား မပြုလုပ်နိုင်သေးသည် ဆိုသော်လည်း များပြားလှသည့်အရာများကို ရဲရဲဝံ့ဝံ့ ပြုလုပ်နိုင်စွမ်းတော့ ရှိလာသည်။
ဥပမာအားဖြင့် ကြီးမားလွန်းလှသော မိုင်းတွင်းကြီး ပေါ်ပေါက်လာပါက သူသည် ကြောက်လန့်စရာ မလိုဘဲ ပွင့်ပွင့်လင်းလင်း တခြားသူများကို သွားရောက်တိုက်ခိုက်နိုင်သည့် အခြေအနေမျိုးကို ရောက်ရှိလာခဲ့တော့၏။
“အံ့အားသင့်စရာပဲ” ကျွင်းချောင်ရှောင်း၏ အပြုံးများသည် ပိုမိုကာ တောက်ပလာခဲ့တော့၏။ သို့ပေမဲ့ မြင်ကွင်းကို လှည့်ကာ ကြည့်ရှုရမည်ဆိုလျှင် သူသည် ကလန်၏ အဓိကဟောခန်းထဲတွင် ကြောင်အအဖြင့် ထိုင်လျက်ရှိနေသည်။
သူသည် ခေါင်းဆောင်အသစ် ဖြစ်လာခဲ့သည်ဆိုသောကြောင့် အဓိက အစည်းအဝေးပွဲများကို မတက်ရောက်၍ မရခဲ့တော့ချေ။ ဝန်ကြီးသုံးပါးနှင့် မူးမတ်ကိုးပါးတို့သည် များပြားလွန်းလှသော မှတ်တမ်းမှတ်ရာများအားလုံး ကို သူ့အား ရောက်ရှိလာသည်နှင့် ပေးအပ်ကြတော့၏။ ထိုအရာများ အားလုံးသည် သူ၏အရှေ့တွင် တောင်လို ပုံလျက် ရှိနေသည်။
ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်ကျသွားမိ၏။ “ကလန်ရဲ့ ဒီကိစ္စတွေကို လေ့လာသင်ယူဖို့ အချိန်ဘယ်လောက် ကြာမှာလဲ”
“သုံးနှစ်ကနေ လေးနှစ်ပေါ့”
မင်းဆရာက ပြောလိုက်သည်။ “ဒါတောင်မှ မပြောရသေးတဲ့ အကြောင်းအရာတွေ အများကြီး ရှိသေးတယ်”
ကုန်းစွန်းရော့လီသည် ပုဂ္ဂိုလ်ရေးအရ ပြဿနာများ တည်ရှိနေသေး၏။ ထို့ကြောင့် သူမသည် ကလန်၏ ကိစ္စရပ် များကို အစောကြီးကတည်းက ပါဝင်ပတ်သက်မှု မရှိချေ။ ထိုအရာများအားလုံးကို ဝန်ကြီးသုံးပါးနှင့် မူးမတ်ကိုးပါး တို့က ကိုင်တွယ်ကြ၏။ ထို့ကြောင့် ခေါင်းဆောင်အသစ် ရောက်ရှိလာပြီဆိုမှတော့ သူတို့သည် ကိုယ်တိုင် ကိုယ်ကျ ကြည့်ရှုနိုင်ရန် ရောက်ရှိလာကာ ပေးအပ်ခြင်းဖြစ်၏။
“မဖြစ်သေးဘူး”
ကျွင်းချောင်ရှောင်းက သူ၏ ဦးခေါင်းကို ပွတ်သပ်ကာ ပြောလိုက်၏။ “ခေါင်းတွေတောင် နာလာပြီ”
များပြားလှသော မှတ်တမ်းမှတ်ရာများနှင့် အကြောင်းအရာများ အားလုံးကို တစ်ချက်ချင်းစီ ကြည့်ရှု သွားမည်ဆိုပါက အချိန်အတော်ကြာမြင့်ဦးမည်ဖြစ်၏။ မျိုးနွယ်စုတစ်ခုလုံးကို ထိန်းချုပ်ရခြင်းသည် ကောင်းမွန် သည့် ခံစားချက် ရရှိ၏။ သို့ပေမဲ့ မျိုးနွယ်စုတစ်စု၏ ခေါင်းဆောင်ပြုလုပ်ရမည့် ကိစ္စရပ်များသည် ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ် ပြုလုပ်ရမည့် အရာများထက် ပိုမိုကာ ခက်ခဲလို့ နေခဲ့၏။ ထို့အပြင် မျိုးနွယ်စုဆိုသည်မှာ လူ သန်းပေါင်းများစွာ တည်ရှိနေသည့်အရာ ဖြစ်သည်မဟုတ်ပါလား။ အကြောင်းအရာ ကိစ္စအစုံကို ရင်ဆိုင်ရပေသည်။
............
ညသို့ ရောက်ရှိသွားခဲ့၏။ ကျွင်းချောင်ရှောင်းသည် သူ၏အိပ်ဆောင်ထဲတွင် ထိုင်လျက်ရှိနေပြီး လက်ထဲတွင် ရှိနေသည့် မှတ်တမ်းမှတ်ရာများကို စိတ်ပျက်လက်ပျက်ဖြင့် လှန်ကာ ကြည့်ရှုနေ၏။ သူသည် နာရီပေါင်းများစွာ ဆက်တိုက်အလုပ်လုပ်လျက် ရှိနေ၏။ သို့ပေမဲ့ စာရွက်ပေါ်တွင် ရှိနေသည့် စာလုံးများကို ကြည့်ရှုပြီးသည့်နောက် ထက်ရှလှသည့်ဓားများအဖြစ်သို့ ပြောင်းလဲသွားသည်ဟု ခံစားနေမိ၏။ ထိုဓားများသည် သူ၏ သိစိတ်ထဲသို့ ရောက်ရှိလာပြီး သူ၏ ဦးနှောက်ထဲရှိ ဦးနှောက်အာရုံကြောများကို လှီးဖြတ်လျက် ရှိနေတော့သည်။ သူသည် နာကျင်မှုကို ခံစားနေရ၏။
“အား... မဖြစ်တော့ဘူး” သူသည် မျက်နှာနှင့်စားပွဲကို အပ်ကာဖြင့် အသာမှေးလိုက်မိသည်။
နှင်းဆီဧကရီသည် လက်ဖက်ရည်တစ်ခွက်ကိုယူဆောင်လာရင်းမှ အသာပြုံးလိုက်၏။ “နေ့ဝက်ပဲ ရှိသေးတယ်လေ။ ရှင်မခံနိုင် တော့ဘူးလား”
“...........”
ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ “ကျုပ်က ခင်ဗျားလို မဟုတ်ဘူးလေ။ မျိုးနွယ်စုကြီးတစ်ခုလုံးကို အရင်က တစ်ခါမှ မစီမံ၊ မခန့်ခွဲဖူးဘူး။ နေအုံး”
ကုန်းရှန့်၏ မျက်လုံးများသည် လင်းလက်သွား၏။
နှင်းဆီဧကရီသည် သူ၏အတွေးကို ခန့်မှန်းမိသည်။ ထို့ကြောင့် ပြောလိုက်သည်။ “ရှင် ဒီမှတ်တမ်းတွေ အားလုံးကို ကျွန်မကို ကြည့်စေချင်တာလား”
“မျိုးနွယ်စုကြီးတစ်ခုကို စီမံခန့်ခွဲတယ်ဆိုတာ ခင်ဗျားအတွက် ကိစ္စသေးသေးလေးပါပဲ” ကျွင်းချောင်ရှောင်းက ပြောလိုက်၏။
နှင်းဆီဧကရီက ပြောလိုက်သည်။ “ရှင်က ခေါင်းဆောင်လေ”
“ကျောက်ရုပ်ထုမျိုးနွယ်ရဲ့ဓလေ့ထုံးစံအရဆိုရင် မိန်းမက ယောက်ျားဖြစ်ပြီးတော့ ယောက်ျားက မိန်းမဖြစ်တယ် လေ။ ဒီတော့ ခင်ဗျားအနေနဲ့ မျိုးနွယ်စုတစ်ခုလုံးရဲ့ အတွင်းရေးကိစ္စတွေကို စီမံခန့်ခွဲတယ်ဆိုတာ ဖြစ်သင့်တာပဲ” ကျွင်းချောင်ရှောင်းက ပြောလိုက်၏။
“ထွီ”
စနစ်သည် တံတွေးဝင်ကာ ထွေးလိုက်၏။ အတိတ်တုန်းကဆိုလျှင် သူသည် လက်ထပ်ခြင်းအခမ်းအနားအား ဆန့်ကျင်ခဲ့၏။ ယခု အသုံးချခံအဖြစ် အသုံးပြုစရာ ရှိသည်နှင့်တပြိုင်နက် လက်ထပ်ပွဲကို အတည်အဖြစ် သတ်မှတ်နေခဲ့ပြန်သည်။
“မဟုတ်သေးဘူး”
နှင်းဆီဧကရီက ပြောလိုက်၏။ “ဆိုရိုးတစ်ခုရှိတယ်လေ။ ယောက်ျားတွေက အပြင်ဘက်က ကိစ္စတွေကို စီမံခန့်ခွဲရတယ်။ မိန်းမတွေက အတွင်းစည်းကိစ္စတွေကို စီမံခန့်ခွဲရတယ်။ ဒါကြောင့်မလို့ မျိုးနွယ်စု ထဲမှာရှိတဲ့ အတွင်းစည်းကိစ္စတွေကို ရှင်က ကျိန်းသေပေါက် ပြုလုပ်ရမှာပေါ့”
“ကောင်းပြီ။ ကောင်းတယ်၊ သိပ်ကောင်းတယ်” စနစ်က ချီးကျူးလိုက်မိ၏။
“.........”
ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ လက်ရှိအခြေအနေတွင် သူ့အားအနိုင်ယူနိုင်သည့် လူနှစ်ယောက် ဖြစ်လာသည်ဟု သူက အသိအမှတ်ပြုလိုက်၏။ တစ်ယောက်သည် နှင်းဆီဧကရီဖြစ်ပြီး နောက်တစ်ယောက် မှာတော့ လုချင်းချင်း ဖြစ်သည်။
ထိုသို့ဆိုလျှင် စနစ်ကရော …… အားနာပါသည်။ စနစ်သည် လူသားမဟုတ်ချေ။
အစတုန်းက လုချင်းချင်းသည် ကုန်းရှန့်အား အထင်မကြီးလှချေ။ သူမ၏ ထက်ရှလှသော လျှာများကို အသုံးပြု ကာဖြင့် ရင်နာအောင်ပြောဆိုခဲ့၏။ ယခု နှင်းဆီဧကရီမှာတော့ စကားအရာတွင် ကျွမ်းကျင်လွန်းလှ၏။ ကျွင်းချောင်ရှောင်းသည် မည်သို့မှ မနိုင်ခဲ့ချေ။
“ဒီမှာ”
ကျွင်းချောင်ရှောင်းသည် စာရွက်စာတမ်းများကို အသာတွန်းပို့ကာဖြင့် ပြောလိုက်၏။ “ခင်ဗျား ဒါတွေကို လုပ်လိုက်တော့။ ကျုပ် ဒါတွေကို မကျွမ်းကျင်ဘူး”
“မင်းက မကျွမ်းကျင်တာ မဟုတ်ဘူး။ အရှက်မဲ့တာ ဖြစ်နေပြီ” စနစ်သည် ဝင်ကာ ပြောဆိုလိုက်သည်။
“ကောင်းပြီ” နှင်းဆီဧကရီသည် အသာထိုင်ချပြီးသည့်နောက် မှတ်တမ်းမှတ်ရာများကို ယူကာ ဖတ်ကြည့်မိ၏။ ပြောနေစရာပင် မလိုချေ။ ကုန်းရှန့်သည် သူမ မှတ်တမ်းမှတ်ရာများကို ဖတ်သည့်အချိန်မှာတော့ ဘေးနားတွင် မျောက်တစ်ကောင်ကဲ့သို့ ငြိမ်ငြိမ်မနေဘဲ ဟိုဟာလှမ်းဆွဲ၊ ဒီဟာလှမ်းဆွဲနှင့် အလုပ်များလျက် ရှိ၏။ ကျွမ်းကျင် လှချေ၏။ တစ်ညအတွင်းမှာပဲ နှင်းဆီဧကရီသည် မှတ်တမ်းမှတ်ရာများကို ဖတ်ရှုပြီး ပြီးစီးခဲ့၏။
“အံ့အားသင့်စရာပဲ” ကျွင်းချောင်ရှောင်းသည် လက်မထောင်ပြလိုက်မိသည်။။
မှတ်တမ်းမှတ်ရာများကို ဖတ်ရှုပြီးသည့်နောက် နှင်းဆီဧကရီသည် ဧကရီမတစ်ပါး၏ ခံစားချက်များကို ပြန်လည် ရရှိလာ၏။ ထို့ကြောင့် သူမသည် ပျင်းရိလေးကန်စွာဖြင့် ပြောလိုက်သည်။ “လက်ဖက်ရည် သွားဖျော်စမ်း”
“ကောင်းပါပြီ”
ကျွင်းချောင်ရှောင်းသည် ဦးညွတ်ကာဖြင် ထွက်ခွာသွားခဲ့၏။ ခြေနှစ်လှမ်းခန့် လှမ်းပြီးသည့်နောက် သူသည် ကြောင်အသွားခဲ့၏။ “ငါ ဘယ်သူလဲ”
စနစ်က ပြောလိုက်သည်။ “ကိုယ့်အလုပ်ကိုယ်လုပ်စမ်း”
.......
မနက်စောစောမှာတော့ ပုံမှန်အတိုင်း ကလန်၏ဟောခန်းထဲတွင် အစည်းအဝေး ကျင်းပတော့၏။ ဝန်ကြီးသုံးပါးနှင့် မူးမတ်ကိုးပါးတို့သည် မှတ်တမ်းမှတ်ရာများကို တစ်ခုချင်းစီ လှန်လှောကာ ကြည့်ရှုနေကြ၏။ ၎င်းတို့၏ မျက်လုံးများသည် လင်းလက်သွား၏။ ဤကဲ့သို့ များပြားလှသော အတွင်းရေးကိစ္စရပ်များအားလုံးကို တစ်ည အတွင်း ပြီးစီးအောင် ပြုလုပ်ခဲ့၏။ ကလန်ခေါင်းဆောင်အသစ်သည် တကယ်ပင် လုပ်နိုင်ကိုင်နိုင်စွမ်း မြင့်မားလှ၏။
“မင်းဆရာ”
ကျွင်းချောင်ရှောင်းသည် ပေါ့ပါးစွာ ပြောလိုက်သည်။ “နဂါးကလန်ဆီကို သွားဖို့အတွက် လုံလောက်တဲ့ လက်ဆောင်တွေ ပြင်ခဲ့ပြီးပြီလား”
နဂါးလေးသည် နဂါးအင်ပါယာဆိုသည့် ရာထူးကို ဆက်ခံတော့မှာဖြစ်၏။ သခင်တစ်ယောက်အနေဖြင့် ဂုဏ်ပြုစကားကို ပြောဆိုရပေလိမ့်မည်။ လေးနက်မှုကို ပြသသည့်အနေဖြင့် သူသည် ကြီးကျယ်မြင့်မြတ်လှသည့် လက်ဆောင်များကို ပြင်ဆင်သွားမှာ ဖြစ်ပေလိမ့်မည်။
“ကလန်ခေါင်းဆောင်... အဆင်သင့်ပါပဲ” မင်းဆရာသည် လက်ဆောင်စာရင်းကို လှမ်းကာ ကမ်းပေးလိုက်၏။ စာရင်းတွင် ကျောက်ရိုင်းများ၊ သလင်းအမြူတေများ၊ ဆေးပင်များနှင့် တခြားသောအရာများ ပါဝင်လျက်ရှိ၏။ အမည်များကို ကြည့်ရှုလိုက်မည်ဆိုသည်နှင့် အလွန်တန်ဖိုးကြီးသည့် အရာများ ဖြစ်လို့နေ၏။
“မဆိုးဘူးပဲ”
ကျွင်းချောင်ရှောင်းသည် သဘောတကျဖြင့် ပြောလိုက်၏။ ပြီးနောက် ကြေညာလိုက်တော့သည်။ “မနက်ဖြန် သွားကြမယ်”
မင်းဆရာက ပြောလိုက်၏။ “ကလန်ခေါင်းဆောင်က နဂါးနယ်မြေထဲကို ကိုယ်တိုင်ကိုယ်ကျ သွားချင်တာလား”
“ဟုတ်တယ်”
“ဒါက သိပ်ပြီး မသင့်တော်ပါဘူး”
ကလန်ခေါင်းဆောင်သည် ရာထူးကို လက်ခံရရှိသည့်အချိန်၌ နဂါးကလန်အား ဖိတ်စာ မပို့ခဲ့ချေ။ ယခု နဂါးအင်ပါယာသည် သူ၏နန်းပုလ္လင်ကို တက်လှမ်းရန် ပြင်သည့်အချိန်မှာတော့ လူကိုယ်တိုင် သွားရန် ပြင်ဆင်နေ၏။ ဤအရာသည် မျက်နှာပြောင်တိုက်သလို ဖြစ်လို့နေသည်။
“ကျုပ်ဆုံးဖြတ်ပြီးပြီ”
ကျွင်းချောင်ရှောင်းသည် ပြောလိုက်၏။ “ဘယ်သူမှ မငြင်းနဲ့တော့”
....
ဝန်ကြီးသုံးပါးနှင့် အမတ်ကြီးကိုးပါးတို့သည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ကြ၏။ ဤကလန်ခေါင်းဆောင် အသစ်သည် ယခင်ကလန်ခေါင်းဆောင်ထက်ပင် ပိုမိုကာ ဟိတ်ဟန်ကောင်းလွန်းလှ၏။ ဆုံးဖြတ်ချက် ပြတ်သား နေသည်။ အဖေတူသားပင်ဖြစ်မည်။
“ခင်ဗျားတို့အားလုံး”
ကျွင်းချောင်ရှောင်းသည် သူ၏လက်များကို လက်ခုပ်တီးကာဖြင့် ပြောလိုက်သည်။ “ခင်ဗျား တို့လည်း သွားရမယ်”
“ဟမ်” ဝန်ကြီးသုံးပါးနှင့် မူးမတ်ကိုးပါးတို့သည် ကြောင်အသွားခဲ့သည်။ ကုန်းရှန့်သည် ကလန်ခေါင်းဆောင် အနေဖြင့် ကိုယ်တိုင်သွားသည်သာမက ကုန်းစွန်းရော့လီနှင့် တခြားသောသူများအားလုံးကိုလည်း ခေါ်ဆောင် သွားစေချင်သေး၏။ ထိုအရာများအားလုံးသည် နဂါးလေးအား သွားရောက်ထောက်ပံ့ပေးရန်သာ ဖြစ်ပြီး တခြား မရှိချေ။ အချိန်သာရှိသည်ဆိုပါက သူသည် ပြိုင်စံရှားဂိုဏ်းဆီသို့ သွားကာဖြင့် အထက်ပိုင်း အကြီးအကဲနှင့် တပည့်များ အားလုံးကို ခေါ်ဆောင်မိပေဦးမည်။
........
နောက်တစ်ရက် ဝန်ကြီးသုံးပါးနှင့် မူးမတ်ကိုးပါးတို့အပြင် လက်ရွေးစင်စစ်သည် တစ်ရာကျော်တို့သည် အဓိက ဟောခန်း၏ အပြင်ဘက်ဟောခန်းတွင် စုဝေးလျက် ရှိနေသည်။
ကုန်းစွန်းရော့လီသည်လည်း ထိုနေရာတွင် ရှိနေသည်။ သူမသည် ကျောက်ရုပ်ထုမျိုးနွယ်ကလန်ဆီမှ ထွက်ခွာရန် စီစဉ်ခဲ့၏။ သို့ပေမဲ့ သူမသား၏ ဆွဲဆောင်မှုအောက် တွင်တော့ မည်သို့မှ မရုန်းကန်နိုင်တော့ချေ။ ထို့ကြောင့် နဂါးကလန်ဆီသို့လိုက်ပါရန် ဆုံးဖြတ်ချက် ချခဲ့တော့သည်။ ပြီးမှသာလျှင် အကြင်နာကင်းမဲ့သူကို လိုက်လံရှာဖွေရန် ဆုံးဖြတ်ချက် ချလိုက်၏။
ဒွီ
ရှေးရွက်သင်္ဘောကြီးသည် ပေါ်ပေါက်လာခဲ့တော့၏။ “ရှေးရွက်သင်္ဘောပေါ်တက်ကြ”
ရွှီး ရွှီး
ချက်ချင်းပဲ အထက်ပိုင်းအကြီးအကဲများနှင့် လက်ရွေးစင်တပည့်များသည် ဝင်ရောက်လာခဲ့ကြ၏။ များပြားလှသော လူစာရင်းဖြစ်ပြီး အင်အားလည်း ကောင်းလွန်းလှ၏။ မသိလျှင် နဂါးမျိုးနွယ်ကလန်ဆီသို့ သွားရောက်တိုက်ခိုက်မည်ဟု ထင်မှတ်စရာပင်။
ဝှစ်
ရှေးရွက်သင်္ဘောကြီးသည် စတင်ကာ လှုပ်ရှားသွားသည်။
………
ပြိုင်စံရှားဂိုဏ်း
“အဘိုးကြီးတင်း”
အကြီးအကဲဝေနှင့် တခြားသောသူများသည် မျက်မှောင်ကုတ်လျက်ရှိ၏။ နဂါးကလန်မှ အဖွဲ့ဝင် နှစ်ယောက် နိုးထလာခဲ့ပြီးသည့်နောက် ဆိုးရွားလှသည့် သတင်းအချက်အလက်အား ပေးအပ်ခဲ့၏။ ထို့ကြောင့် သူတို့သည် တွေဝေနေမိကြ၏။
“ဟောခန်းသခင်လီ”
ကျန့်ရာက ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကို ဆက်သွယ်လို့ရလား”
“မရဘူး” လီလိုရှုသည် ခေါင်းကို ခါယမ်းလိုက်၏။
ကျန့်ရာသည် အကူအညီမဲ့စွာဖြင့် သက်ပြင်းချလိုက်မိတော့သည်။ ဂိုဏ်းချုပ်သည် ဤကဲ့သို့သော အခက်အခဲ၊ အခြေအနေမျိုးတွင် ကျောက်ရုပ်ထုကလန်ဆီသို့ သွားရောက်နေ၏။ သူတို့ မည်ကဲ့သို့ ပြုလုပ်ရမည်နည်း။
“ထပ်ပြီးစောင့်လို့မဖြစ်ဘူး”
အဘိုးကြီးတင်းသည် မတ်တပ်ထရပ်လိုက်၏။ ပြီးနောက် လေးနက်တည်ကြည်စွာဖြင့် ပြောလိုက်သည်။ “ဒီကိစ္စက အရမ်းကို အရေးကြီးတယ်။ ဂိုဏ်းချုပ်ရှိရင်လည်း နှောင့်နှေးနေမှာ မဟုတ်ဘူးလေ။ ငါတို့ ဖြစ်နိုင်သမျှ အမြန်ဆုံး လှုပ်ရှားရမယ်”
“အမှန်ပဲ” ဖြူမဲညီနောင်၊ အဘိုးကြီးကုန်းနှင့် တခြားသောသူများကလည်း သဘောတူညီလိုက်၏။
“နဂါးကလန် ဘယ်နေရာမှာလဲဆိုတာ သိလို့လား” အကြီးအကဲဝေက မေးမြန်းလိုက်သည်။
“........”
အားလုံးတို့သည် တိတ်ဆိတ်ငြိမ်သက်သွား၏။ ထိုအချိန်မှာပဲ ယုစီနန်သည် သူ၏ မျက်နှာကိုမော့၍ ဝင့်ကြွားစွာဖြင့် ဝင်ရောက် ပြောဆိုလိုက်၏။ “ကျုပ်သိတယ်”
“သွားကြရအောင်၊ နဂါးကလန်ကို သွားမယ်”
ဆွစ် ဆွစ်
ထိုနေ့မှာပဲ ကျုံးရီ၏ ဦးဆောင်မှုအောက်တွင် ပြိုင်စံရှားဂိုဏ်းဆီမှ စက်ရုပ်ပေါင်းသောင်းကျော်တို့သည် နဂါးနယ်မြေသို့ ပျံသန်းထွက်ခွာလာ၏။
ယုစီနန်၏ ဦးဆောင်မှုနှင့်အတူ ဂိုဏ်း၏ အထက်ပိုင်းအကြီးအကဲများသည် စတင်ကာ လှုပ်ရှားလာကြသည်။
ရောင်မုန့်ယဉ်သည် အခြေအနေ လေးနက်သည်ကို သိရှိလိုက်၏။ ထို့ကြောင့် ချက်ချင်းပဲ နတ်ဆိုးစစ်သည် နှစ်သိန်းကျော်တို့အား ခေါ်ဆောင်၍ စတင်ကာ ထွက်ခွာစေ၏။
ကျွင်းချောင်ရှောင်းသည် ကျောက်ရုပ်ထုမျိုးနွယ်ကလန်မှ လက်ရွေးစင်တပည့်များကို ခေါ်ဆောင်ကာဖြင့် နဂါးလေးအား ထောက်ပံ့ပေးရန် ရောက်ရှိလာခဲ့၏။ သို့ပေမဲ့ ထိုကဲ့သို့ ရောက်ရှိလာခြင်းသည် တိုက်ခိုက်ရန်အတွက် ဖြစ်နေသည်လား။
စိတ်ဝိညာဉ်သားရဲဟောခန်းကလည်း စတင်ကာ လှုပ်ရှားလိုက်၏။ နှစ်တစ်သောင်းမွန်းစတားဘုရင်သည် အထက်ပိုင်းအကြီးအကဲများကို ခေါ်ဆောင်ကာဖြင့် အနောက်မှ လိုက်ပါလာခဲ့၏။
“နေအုံး”
လမ်းတစ်ဝက် အရောက်မှာတော့ အကြီးအကဲညိုသည် နဖူးကိုရိုက်ကာဖြင့် ပြောလိုက်သည်။ “ဘာလို့ ဟောခန်းသခင်က ထွက်မလာသေးတာလဲ”
ခရမ်းရောင်သခင်ကာ သိရှိသည်ဆိုပါက အသံကုန်ဟစ်ကာ အော်ဟစ်ပေလိမ့်မည်။ “မင်းတို့ ငါ့ကို အခုတော့ သတိရပြီပေါ့။ သတိရဖို့ အချိန်ရှိသေးတယ်ပေါ့”