← Chapters

အခန်း ၁၅၈၄

Vol. 107 Ch. 1584

အခန်း ၁၅၈၄

Vol. 107 Ch. 1584

အပိုင်း (၁၅၈၄)

နဂါးအင်ပါယာ၏ ဆက်ခံခြင်းအခမ်းအနားသည် နောက်သုံးရက်ကြာလျှင် ကျင်းပမည်ဖြစ်၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် လုပ်စရာ ဘာတစ်ခုမှ မရှိလှချေ။ နှင်းဆီဧကရီကို ခေါ်ကာဖြင့် နဂါးမြို့ထဲသို့ လျှောက်လည် ကာ မတူညီသည့် ဓလေ့ထုံးတမ်းစဉ်လာများကို လေ့လာလျက်ရှိနေ၏။

ဤအတောအတွင်း နဂါးမျိုးနွယ်များသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မစေလွှတ်ခဲ့ချေ။ ထို့ကြောင့် ဝန်ကြီး ၃ ပါးနှင့် မှူးမတ် ၉ ပါးတို့သည် အမှန်ပင် မပျော်မရွှင်ဖြစ်လို့နေခဲ့၏။ သူတို့သည် ရက်ရောလွန်းလှသော လက်ဆောင်များကို ယူဆောင်ကာဖြင့် လာရောက်ခဲ့ကြခြင်းဖြစ်၏။ သို့ပေမဲ့ အထက်ပိုင်းအကြီးအကဲများသည် လူကိုယ်တိုင်တစ်ယောက်မှ ရောက်ရှိမလာခဲ့ကြချေ။ သူတို့ အား အထင်သေးနေသည်လား။

“ဂိုဏ်းချုပ်”

မင်းဆရာသည် ဒေါသတကြီးပြောလိုက်၏။ “နဂါးမျိုးနွယ်တွေက ကျောက်ရုပ်ထုမျိုးနွယ်တွေကို လစ်လျူရှုထား တယ်။ ဘာလို့ ဒီလောက် အေးတိအေးစက် ဖြစ်နေရတာလဲ။”

“အလျင်မလိုပါနဲ့။”

ကျွင်းချောင်ရှောင်းသည် ရေနွေးတစ်ခွက်ကို ကောက်မော့ကာဖြင့် တည်ငြိမ်အေးဆေးစွာ ပြောလိုက်သည်။ “ပြီးတော့ သူတို့က ဆက်ခံခြင်းအခမ်းအနားကို ပြုလုပ်နေကြတာလေ။ ဒီတော့ သူတို့ဆီမှာ ကျုပ်တို့ဆီကို လာဖို့ အချိန်မရှိတာလည်း ဖြစ်နိုင်တယ်မဟုတ်လား။ နားလည်ပေးလိုက်ပါ။”

……

ခေါင်းဆောင်သည် ထိုသို့ပြောနေသည်ဆိုသောကြောင့် ဝန်ကြီး ၃ ပါးနှင့် မှူးမတ် ၉ ပါးတို့သည် ၎င်းတို့၏ ဒေါသတရားများကို ဖိနှိပ်ကာ ဆက်လက်ကာ စောင့်မျှော်နေကြ၏။ နောက်ထပ်တစ်ရက် စောင့်မျှော်ပြီးသည့်နောက် အထက်ပိုင်း အကြီးအကဲကြီးသည် ပေါ်မလာခဲ့ချေ။ ထို့အတူ နဂါးမင်းကြီး ၄ ပါးတို့ကလည်း မပေါ်လာခဲ့ပေ။

“ဘာတွေဖြစ်နေတာလဲ။ ငါတို့ နဂါးနယ်မြေထဲကို မလာခဲ့သင့်ဘူး။”

သီးသန့်တည်နေရာထဲတွင်ရှိနေသော ကျောက်ရုပ်ထုမျိုးနွယ်ကလန်မှ အထက်ပိုင်းအကြီးအကဲများသည် ဒေါသထွက်လျက်ရှိနေ၏။ အလုံးစုံအားအင်အရဆိုလျှင် သူတို့မျိုးနွယ်သည် နဂါးမျိုးနွယ်ထက် မည်သို့မှ အားမနည်းလှချေ။ အဆုံးသတ်မှာတော့ သူတို့သည် အေးတိအေးစက် ဆက်ဆံခြင်းကို ခံခဲ့ရ၏။ ဧည့်သည်လို့ပင် သတ်မှတ်ရဲ့လား မသိနိုင်ချေ။

ဝန်ကြီး ၃ ပါးနှင့် မှူးမတ် ၉ ပါးတို့သည် အလွန်ပင် ခံစားချက်ပြင်းထန်လျက်ရှိနေတုန်းမှာပဲ နဂါးမျိုးနွယ်၏ အထက်ပိုင်းအကြီးအကဲကြီးသည် သူတို့တည်းခိုရာနေရာဆီသို့ နောက်ဆုံး၌ ရောက်ရှိလာခဲ့ကြ၏။ အဓိကဟောခန်း ထဲသို့ လျှောက်ဝင်လာချင်းမှာပဲ သူ့ကိုယ်သူ အပြစ်တင်ကာ ပြောဆိုလိုက်၏။ “အခုတလော အလုပ်တွေအရမ်းများနေလို့ အားလုံးကို လျစ်လျူရှုထားခဲ့မိတယ်လေ။ ကျေးဇူးပြုပြီးတော့ ခွင့်လွှတ်ပေး ပါ။”

“ဟမ့်”

မင်းဆရာနှင့် တစ်ခြားသောသူများသည် သဘောမတွေ့ ဖြစ်နေကြသည်။ လာရန်တော့ သတိရှိသေးသည်လား။

အထက်ပိုင်းအကြီးအကဲကြီးသည် အနည်းငယ်ရှက်ရွံ့နေခဲ့၏။ အခြေအနေကို သက်တောင့်သက်သာ ဖြစ်စေရန် အတွက် သူသည် ကျွင်းချောင်ရှောင်းကို ကြည့်ရှုကာဖြင့် ပြောလိုက်၏။ “ဒီရောင်းရင်းလေးက သာမန်နဲ့မတူတဲ့ ပုံပန်းသွင်ပြင်ရှိတာပဲ။ သူက ကျောက်ရုပ်ထုမျိုးနွယ်ကလန်ရဲ့ ခေါင်းဆောင် အသစ်များလား။”

နဂါးမျိုးနွယ်များသည် ကျောက်ရုပ်ထုမျိုးနွယ်ကလန်၏ ခေါင်းဆောင်ပြောင်းလဲမှုအကြောင်းနှင့်ပတ်သက်၍ သိရှိပြီး ဖြစ်သည်။

“အမှန်ပါပဲ။” ကျွင်းချောင်ရှောင်းက ပြောလိုက်၏။

“အင်း။ သူရဲကောင်းတွေဆိုတာ ငယ်ရွယ်စဉ်ကတည်းက အစွမ်းအစအပြည့်နဲ့ ဖြစ်တည်လာခဲ့တာကိုး။”

ဆိုရိုးစကားရှိ၏။ ပြုံးနေသောလူကို ရိုက်နှက်၍မရနိုင်ချေ။ ယဉ်ကျေးမှု ရှိရပေလိမ့်မည်။ ထို့ကြောင့် ဝန်ကြီး ၃ ပါးနှင့် မှူးမတ် ၉ ပါးတို့သည် မပျော်မရွှင် ဖြစ်နေသည်ဆိုသော်လည်း တစ်ဖက်လူကို အပြစ်မဆိုသာတော့ချေ။

“အထက်ပိုင်းအကြီးအကဲကြီး”

ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “နဂါးအင်ပါယာဆီမှာ အချိန်ရှိရဲ့လား။ ကျုပ် သူနဲ့တွေ့ချင်ပါတယ်။”

အစောတုန်းက နဂါးလေးအား အံ့အားသင့်စေရန် သူပြုလုပ်မည်ဟု စဉ်းစားထားခဲ့၏။ သို့ပေမဲ့ နဂါးမြို့ထဲသို့ ရောက်ရှိနေသည်ဆိုမှတော့ မတွေ့တာကြာသောကြောင့် ဖြစ်ပေါ်လာသည့် လွမ်းဆွတ်မှုသည် ပိုမိုကာ အားကောင်းလာခဲ့၏။ ထို့ကြောင့် သူ့ကိုယ်သူ မထိန်းချုပ်နိုင်ဘဲ မေးမြန်းခဲ့ခြင်းဖြစ်၏။

အထက်ပိုင်းအကြီးအကဲကြီးသည် တောင်းပန်လိုက်သည်။ “နဂါးအင်ပါယာဆက်ခံဖို့က တကယ့်ကို အလုပ်ရှုပ်လွန်းတယ်လေ။ ဒီတော့ ဧည့်သည်ကို လက်ခံတွေ့ဆုံဖို့က မဖြစ်နိုင် သေးဘူးထင်တယ်။”

ဤစကားစုသည် ဝန်ကြီး ၃ ပါးနှင့် မှူးမတ် ၉ ပါးတို့ကို မပျော်မရွှင် ဖြစ်စေခဲ့တော့၏။ သူတို့၏ ခေါင်းဆောင်သည် အခမ်းအနားကို တက်ရောက်ခြင်းအားဖြင့် တစ်ဖက်လူအား မျက်နှာသာပေးခဲ့ပြီးပြီဖြစ်သည်။ သို့ပေမဲ့ တစ်ဖက်လူသည် အဘယ့်ကြောင့် ဟိတ်ကြီးဟန်ကြီး ပြုလုပ်နေရသနည်း။

“ကောင်းပြီ”

ကျွင်းချောင်ရှောင်းသည် သူ၏ နားလည်မှုကို ဖော်ပြလိုက်၏။ ပြီးတော့ သူ ကျောက်ရုပ်ထုမျိုးနွယ်ကလန်၏ ခေါင်းဆောင်အဖြစ် ရယူခဲ့စဉ်က အလွန်အလုပ်များခဲ့၏။ ထို့ကြောင့် နဂါးလေး၏ လက်ရှိအခြေအနေကိုလည်း နားလည်ပေးနိုင်စွမ်းရှိ၏။

အနည်းငယ်ကြာသည်အထိ အာလာပသလာပများကို ပြောဆိုပြီးသည့်နောက် အထက်ပိုင်း အကြီးအကဲကြီးသည် ထွက်ခွာသွားခဲ့သည်။

ကုန်းစွန်းရော့လီသည် အနောက်ဘက်ခြံဝန်းဆီမှ လျှောက်ဝင်လာပြီးနောက် ပြောလိုက်၏။ “ဒီအထက်ပိုင်းအကြီးအကဲကြီးရဲ့ပုံစံကို ကြည့်ရတာ မဟုတ်သေးဘူး။”

“ဘာမှားနေလို့လဲ။”

“သေချာတော့ ပြောလို့မတတ်နိုင်ဘူး။”

…….

၂ ရက်ကြာမြင့်ပြီးသည့်နောက် နဂါးအင်ပါယာဆက်ခံပွဲအခမ်းအနားသည် စတင်ခဲ့၏။ ကျောက်ရုပ်ထုမျိုးနွယ်ကလန် နှင့် မတူညီစွာပင် နဂါးမျိုးနွယ်ကလန်၏ ခေါင်းဆောင်ဆက်ခံမှုသည် အဓိကဟောခန်းထဲတွင် ကျင်းပခဲ့၏။

ကျွင်းချောင်ရှောင်းသည် အားလုံးသောသူများကို ဦးဆောင်ကာဖြင့် ဂုဏ်ပြုလက်ဆောင်များ လာရောက်ကာ ပေးအပ်ခဲ့သည်။

နဂါးကလန်သည် လက်ဆောင်တစ်ခုချင်းစီကို စတင်ကာ ရွတ်ဖတ်ပြောဆိုခဲ့၏။ နဂါးကလန်တွင်ရှိနေသော သိုင်းကျင့်ကြံသူအားလုံးသည် ထိုလက်ဆောင်ပစ္စည်းစာရင်းကို သိရှိရသည့်အချိန်မှာတော့ အံ့အားသင့်လို့နေခဲ့၏။ ဂုဏ်ပြုလက်ဆောင်ဆိုသည်မှာ အလွန် ရက်ရောလွန်းနေချေ၏။

လက်ဆောင်များကို မပြောနှင့်။ ကုန်းရှန့်ကိုယ်တိုင် လာရောက်တွေ့ဆုံခြင်းကပင်လျှင် တကယ့်ကို ကြီးမားလှသည့် ကောင်းချီးပင်ဖြစ်နေသည် မဟုတ်ပါလား။

ကံကောင်းစွာဖြင့် နဂါးအင်ပါယာအခမ်းအနားသည် တစ်ခြားသောသူများကို မဖိတ်ကြားခဲ့ချေ။ မဟုတ်ပါက အားလုံး သောသူများသည် ကုန်းရှန့်၏ လက်ဆောင်ကို ကြည့်ရှုပြီး ရှက်ရွံ့နေမိကြမှာ သေချာ၏။

“ခေါင်းဆောင်ကုန်းစွန်း …. ကျေးဇူးပြုပြီး”

လက်ဆောင်များ များပြားစွာရရှိထားသည်ဖြစ်သောကြောင့် နဂါးကလန်မှ လူများ၏ ဆက်ဆံမှုသည် အလုံးစုံခြားနား သွားခဲ့ကြ၏။ ၎င်းတို့သည် အရှေ့ဆုံးတွင်ထိုင်ရန် တည်နေရာကိုပင် စီစဉ်ပေးခဲ့ကြ၏။ ဤတည်နေရာသည် နဂါး အင်ပါယာ၏ ပလ္လင်နှင့် ၂ မီတာ၊ ၃ မီတာလောက်သာလျှင် ကွာခြားသည်။

နဂါးလေး။

ကျွင်းချောင်ရှောင်းသည် ထိုင်ချပြီး တွေးလိုက်၏။ မင်း နဂါးအင်ပါယာဖြစ်လာတဲ့ မြင်ကွင်းကို ငါ ကြည့်ရှုဖို့ လာခဲ့ပြီ။

“နန်းပလ္လင်ဆက်ခံပွဲ”

ထိုအချိန်မှာတော့ အထက်ပိုင်းအကြီးအကဲကြီးက အော်ဟစ်လိုက်သည်။ “စတင်ပါပြီ။”

ဆွစ် ဆွစ်

နဂါးကလန်မှ သိုင်းကျင့်ကြံသူများသည် ဟောခန်းထဲတွင် တစ်ယောက်ပြီးတစ်ယောက် စုဝေးလာခဲ့ကြပြီး ၎င်းတို့၏ မျက်နှာပေါ်တွင်လည်း လေးနက်သည့် အမူအရာများနှင့် ဖြစ်တည်လာ၏။

“နဂါးအင်ပါယာ။ ကျေးဇူးပြုပြီး နန်းပလ္လင်ပေါ်တက်ပါ။”

လေးနက်လှသည့် အခြေအနေအောက်မှာတော့ ဘေးတစ်ဖက်တွင်ရှိနေသော ဟောခန်း၏ တံခါးကြီးသည် ဖြည်းညှင်းစွာ ပွင့်လာခဲ့သည်။

“လာပြီ။”

ကုန်းရှန့်သည် ပြုံးလျက်ရှိနေ၏။

ဘုတ် ဘုတ်

ခြေသံအကျယ်ကြီးများ ထွက်ပေါ်လာပြီးသည့်နောက် ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့်လူတစ်ယောက်သည် အသာလှမ်းလျှောက်လာ၏။ ထိုသူ့အား နဂါးကလန်မှ သိုင်းကျင့်ကြံသူများက ဝိုင်းရံထားခဲ့သည်။

ကျွင်းချောင်ရှောင်း၏ မျက်နှာပေါ်ရှိ အပြုံးသည် အေးခဲသွားခဲ့၏။ လက်ရှိလှမ်းလျှောက်ပြီး ထွက်လာသူသည် နဂါးလေးမဟုတ်ဘဲ မျက်နှာလေးထောင့်နှင့် သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်လို့နေ၏။

ကျွင်းချောင်ရှောင်းသည် ထိုသူ့ကို ယခင်တုန်းက မြင်ခဲ့ဖူး၏။ ပြိုင်စံရှားဂိုဏ်းအား များပြားလှသည့် မွန်းစတားကလန်များ လာရောက်ဝိုင်းစဉ်အခါက သူ၏ ဆရာသည် ထိုသူအား ချင်းမင်နဂါးဘုရင်ဟု ခေါ်ဆိုခဲ့ကြောင်း သတိရမိသည်။

“မဖြစ်သေးဘူး။”

အဘယ့်ကြောင့်အဓိကဇာတ်ဆောင်သည် ပေါ်မလာရသေးသနည်း။ ကျွင်းချောင်ရှောင်းသည် ရုတ်တရက် မတ်တပ်ရပ်ကာဖြင့် ဘေးဘက်ရှိတံခါးဆီသို့ လှမ်းမျှော်ကာ ကြည့်ရှုလိုက်၏။ သို့ပေမဲ့ တံခါးသည် တင်းတင်းစေ့လို့နေခဲ့၏။ “ဘယ်သူမှ မလာတော့ဘူးလား။ ဒါဆို ဇာတ်လမ်းက လွဲနေပြီနဲ့တူတယ်။”

ဘုတ်

ထိုအချိန်မှာပဲ ကောင်းမွန်လှသည့်ဝတ်စုံကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းလူသည် နဂါးအင်ပါယာ၏ ပလ္လင် အရှေ့တွင် ရုတ်တရက် ရပ်တန့်လိုက်၏။ အားကောင်းလွန်းလှသော အော်ရာများသည် သူ၏ ခန္ဓာကိုယ်၌ လွှမ်းခြုံကာ ဖြစ်တည်လျက်ရှိနေသည်။

“သူပဲကိုး”

ကုန်းစွန်းရော့လီ၏ လေသံသည် အံ့အားသင့်ခြင်းမရှိချေ။ နဂါးမင်းကြီးလေးပါးထဲတွင် ချင်းမင်နဂါးဘုရင်သည် အားအကောင်းဆုံးဖြစ်၏။ ထို့ကြောင့် နဂါးအင်ပါယာ၏ ပလ္လင်ကို ဆက်ခံသည်ဆိုခြင်းမှာ သာမန်သာ ဖြစ်ပေလိမ့်မည်။

ကျွင်းချောင်ရှောင်းမှာတော့ ဆွံ့အသွားခဲ့မိ၏။ အဘယ့်ကြောင့် နဂါးအင်ပါယာ၏ ပလ္လင်ရှေ့တွင် ဤလူသည် ရပ်တန့်နေရသနည်း။ တစ်ခြားသော လုပ်ငန်းစဉ်တာ ဓလေ့များကို ပြုလုပ်ရန် လိုအပ်နေသည်လား။ နဂါးလေးသည် နောက်ဆုံးမှ ထွက်ပေါ်လာမည်လား မသိနိုင်ချေ။

“အထက်ပိုင်းအကြီးအကဲကြီး”

ချင်းမင်နဂါးဘုရင်က ပြောလိုက်၏။ “ကြေညာလိုက်တော့”

“ကောင်းပါပြီ”

အထက်ပိုင်းအကြီးအကဲကြီးသည် အသာလှည့်ကာဖြင့် နဂါးမျိုးနွယ်ရှိ သိုင်းကျင့်ကြံသူများဆီသို့ မျက်နှာချင်းဆိုင် လိုက်၏။ ပြီးနောက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “နဂါးဘုရင် အထက်ပိုင်းအကြီးအကဲကြီးတစ်ယောက် ဖြစ်တာနှင့်အညီ နဂါးအင်ပါယာပလ္လင်ကို ဆက်ခံမယ့်သူက ချင်းမင်နဂါးဘုရင် ဖြစ်ကြောင်း တရားဝင်ကြေညာပါ့မယ်။ သဘောတူရဲ့လား။”

“သဘောတူပါတယ်။”

“သဘောတူပါတယ်။”

အားလုံးသောသူများသည် ဦးခေါင်းကို ငုံ့ကာဖြင့် ၎င်းတို့၏ ရင်ဘတ်ပေါ်သို့ လက်တင်ထားလိုက်ကြ၏။

ချင်းမင်နဂါး ဘုရင်သည် ပြုံးကာဖြင့် နဂါးပလ္လင်ထက်သို့ လက်တင်ကာ အသာထိုင်ချလိုက်သည်။

“ကျုပ် သဘောမတူဘူး။”

ရုတ်တရက် ကျယ်လောင်သော အသံတစ်ခုသည် ဟောခန်းထဲမှ ထွက်ပေါ်လာခဲ့၏။

“ဟမ်”

ချင်းမင်နဂါးဘုရင်၏ ခန္ဓာကိုယ်သည် တုန်ခါသွားခဲ့၏။ သူသည် အသံထွက်ပေါ်လာရာဆီသို့ မဲမှောင်နေသည့် မျက်နှာသွင်ပြင်နှင့် လှမ်းကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းကို မြင်လိုက်ရ၏။ သူသည် အံ့အားတသင့် ဖြင့် ပြောလိုက်မိသည်။ “မင်းကိုး”

ရွှီး

ကျွင်းချောင်ရှောင်းသည် စင်မြင့်ပေါ်သို့ အသာခုန်တက်လိုက်၏။ ပြီးနောက် ဒေါသတကြီးဖြင့် ပြောလိုက်၏။ “ခင်ဗျားက လက်ငါးချောင်းနဂါးမှ မဟုတ်တာ။ ဘယ်လိုမျိုး အရည်အချင်းတွေရှိလို့ နဂါးအင်ပါယာပလ္လင်ပေါ်မှာ တက်ထိုင်ချင်ရတာလဲ။”

ကုန်းစွန်းရော့လီသည် ကြောင်အသွား၏။ ဝန်ကြီး ၃ ပါးနှင့် မှူးမတ် ၉ပါးတို့သည်လည်း ဆွံ့အလျက်ရှိနေတော့သည်။ ၎င်းတို့သည် လွန်ခဲ့သည့် ရက်ပိုင်းအတွင်း နဂါးမျိုးနွယ်၏ လစ်လျူရှုမှုနှင့်ပတ်သက်၍ မပျော်မရွှင်ဖြစ်နေကြသည် ဆိုသော်လည်း တစ်ဖက်လူများ၏ လုပ်ငန်းဆောင်တာနှင့်ပတ်သက်၍ ဘာတစ်ခုမှ ဝင်ရောက်ပြောဆိုခြင်းမရှိကြချေ။ သို့ပေမဲ့ ခေါင်းဆောင်သည် လက်ရှိဖြစ်တည်လာခဲ့သည့် နဂါးအင်ပါယာအသစ်အား လက်ညှိုးငေါက်ငေါက်ထိုးကာ ပြောဆိုလျက်ရှိနေတော့၏။ အလွန်ကြီးမားလှသည့် ကိစ္စကြီးတစ်ရပ် ဖြစ်တော့မှာသေချာသည်။

ထင်မှတ်ထားသည့်အတိုင်းပင်။ နဂါးမျိုးနွယ်ရှိ ကျွမ်းကျင်သူများအားလုံးသည် မပျော်မရွှင် ဖြစ်သွားခဲ့သည်။ အဘိုးအို တစ်ယောက်သည် မတ်တပ်ထရပ်ကာဖြင့် ဒေါသတကြီးပြောလိုက်၏။ “ရမ်းကားလိုက်တာ”

ရွှီး ရွှီး

နဂါးမျိုးနွယ်မှ သိုင်းကျင့်ကြံသူများသည် ကျွင်းချောင်ရှောင်းကို လှမ်းကာ ကြည့်ရှုလိုက်ကြ၏။ ၎င်းတို့၏ မျက်လုံးထဲ တွင် ဒေါသတရားများနှင့် ပြည့်နှက်လာခဲ့တော့သည်။

ဘုန်း

ကုန်းစွန်းရော့လီသည် ရုတ်တရက် မတ်တပ်ထရပ်ကာဖြင့် သူမ၏ ရှေ့ရှိ စားပွဲကို ရိုက်နှက်လိုက်၏။ သူမ၏ လှပသော မျက်လုံးများထဲတွင် အေးစက်မှုများ လွှမ်းခြုံလျက်ရှိနေ၏။

“ဘာဖြစ်ချင်တာလဲ။”

ယခင် ခေါင်းဆောင်ဟောင်းသည်လည်း ကြောက်မက်ဖွယ်ရာကောင်းလှစွာ ရန်လိုလျက်ရှိနေ၏။ သို့ပေမဲ့ ညှိနှိုင်း ဆွေးနွေးရန် ဆိုသည်မှာ အချိန်ရှိနေသေး၏။ စားပွဲကို ချိုးဖြတ်လိုက်ပြီးသည့်နောက်မှာတော့ အခြေအနေသည် ထိန်းချုပ်၍ မရနိုင်သည့် အခြေအနေဆီသို့ ရောက်ရှိမသွားခဲ့ချေ။

“ကျုပ်တို့က မေးရမှာမဟုတ်ဘူးလား။”

အထက်ပိုင်းအကြီးအကဲကြီးသည် လေးလေးနက်နက်ဖြင့် မေးမြန်းလိုက်၏။ သူသည် တစ်ဖက်လူများကို ဧည့်သည် အဖြစ်ခေါ်ဆောင်ခဲ့၏။ ဤအရာမှာ နဂါးအင်ပါယာ ဆက်ခံသည့်အခမ်းအနားကို လာရောက်ကြည့်ရှုရန်ပင်ဖြစ်သည်။ သို့ပေမဲ့ နဂါးအင်ပါယာကို လာရောက်ကာ ရမ်းကားလို့ နေခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူတို့မှန်ကန်သည်ဟု ဆုံးဖြတ်ခဲ့သည်။

ထိုအချိန်မှာပဲ ဟောခန်းထဲရှိ အခြေအနေတစ်ခုလုံးသည် လေးနက်တည်ကြည်လို့နေခဲ့၏။ နဂါးမျိုးနွယ်၏ ကွျှမ်းကျင်သူများသည် ကျွင်းချောင်ရှောင်းကို စူးစိုက်ကာ ကြည့်ရှုလျက်ရှိ၏။ ကုန်းစွန်းရော့လီ၊ ဝန်ကြီး ၃ ပါးနှင့် မှူးမတ် ၉ ပါးတို့အားလုံးသည် မတ်တပ်ထရပ်လိုက်ကြ၏။ ၎င်းတို့အားလုံးသည် ကြောက်ရွံ့ကြသည့်ပုံ မပေါ်ချေ။

“ဟမ့်”

ထိုအချိန်မှာပဲ ချင်းမင်နဂါးဘုရင်သည် ဖင်ကြွကာဖြင့် ကလန်သားအားလုံးကို ထိုင်ချရန် အချက်ပြလိုက်၏။ ပြီးနောက် ပြုံးကာပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်းအနေနဲ့ ဒီလို ဆက်ခံတဲ့ အခမ်းအနားပွဲကို လာရောက်တက်ရောက်လိမ့်မယ်လို့ မထင်ခဲ့မိဘူးလေ။ ဒီအင်ပါယာက တကယ့်ကို အံ့အားသင့်မိသွားတယ်။”

ကျွင်းချောင်ရှောင်းသည် အေးစက်သည့် မျက်နှာသွင်ပြင်ဖြင့် ေ“နဂါးလေးဘယ်မှာလဲ။”

နဂါးအင်ပါယာသည် သူ၏ ပဋိဉာဏ်သားရဲ မဟုတ်တော့ပေ။ ဤအရာမှာ တစ်ခုခု လွဲမှားနေလေ၏။

“ဂိုဏ်းချုပ်ကျွင်း”

ချင်းမင်နဂါးဘုရင်က ပြောလိုက်သည်။ “ဒီနဂါးအင်ပါယာက လူတွေအားလုံးကို လေးစားမှုရှိပါတယ်။ ခင်ဗျားတို့က ပြင်ပကလူတွေဖြစ်နေတယ်ဆိုရင်တောင်မှ ဒီနေ့မှာ ကျုပ်က နဂါးအင်ပါယာပလ္လင်ကို ဆက်ခံဖို့ အရည်အသွေး ရှိတယ်ဆိုတာ ပြမယ်။”

သူသည် ဦးခေါင်းကို မော့ကာဖြင့် မျက်နှာတစ်ခုလုံး တင်းမာခက်ထန်လာခဲ့သည်။

ဟူး ဟူး

ချက်ချင်းပဲ နဂါးချီများသည် တည်နေရာတစ်ခုလုံးကို ပျံ့နှံ့လျက်ရှိပြီး နဂါး၏ လက်ငါးချောင်းသည် တဖြည်းဖြည်းချင်း ပေါ်ပေါက်လာခဲ့၏။

ကုန်းစွန့်ရော့လီက ပြောလိုက်သည်။ “ဒါ တကယ့်ကို လက်ငါးချောင်းနဂါးပဲ။”

နဂါးများဆိုသည်မှာ လူသားများကဲ့သို့ လက်ငါးချောင်း၊ ခြေငါးချောင်း မရှိကြချေ။ သူတို့တွင် လေးခုသာလျှင်ရှိ၏။ ယခု ချင်းမင်နဂါးဘုရင်သည် လက်ငါးချောင်းရှိကြောင်းကို ထုတ်ပြခဲ့ပြီးဖြစ်၏။ ထိုအရာသည် ပါရမီရှင် လက်ငါးချောင်းနဂါးဖြစ်ကြောင်း သက်သေပြခဲ့ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် နဂါးအင်ပါယာ၏ ပလ္လင်ကို ဆက်ခံရန် အရည်အသွေးပြည့်မီလှ၏။

“နဂါးအင်ပါယာ ထာဝရတည်ရှိစေ။”

“နဂါးအင်ပါယာ ထာဝရတည်ရှိစေ။”

နဂါးမျိုးနွယ်၏ ကျွမ်းကျင်သူများသည် ဒူးထောက်ကာဖြင့် ချီးမြှောက်လိုက်ကြ၏။

သို့ပေမဲ့ ထိုကဲ့သို့ မျက်မြင် ကိုယ်တွေ့ တွေ့နေရသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်း၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုခြင်းဆန္ဒများသည် အရှိန်အဟုန်ပြင်းပြင်းနှင့် ဖြစ်တည်လာခဲ့သည်။

နဂါးမျိုးနွယ်တွင် လက်ငါးချောင်းနဂါးဆိုသည်မှာ တစ်ယောက်တည်းသာရှိ၏။ ချင်းမင်နဂါးဘုရင်သည် လက်ငါးချောင်းနဂါးဖြစ်ခဲ့သည်ဆိုမှတော့ နဂါးလေးသည် သေဆုံးသွားသည်ဟု ဆိုလိုသည့်အဓိပ္ပာယ်လား။ သို့မဟုတ် နဂါးလေးဆီမှ လုယူခဲ့လေသည်လား။

ဟူး

ချက်ချင်းပဲ ကျွင်းချောင်ရှောင်းအား ကြမ်းတမ်းလွန်းလှသော ချီများလွှမ်းခြုံသွားခဲ့၏။ အရာအားလုံး ပျောက်ကွယ်သွား သည့်အချိန်တွင် သူ၏ ခန္ဓာကိုယ်ပေါ်တွင် စွန်းဝူခုန်းဝတ်စုံ ဖြစ်တည်လာခဲ့ပြီး ၄ ကြိမ်မြောက် အဆင့်မြှင့်တင်ထားသည့် စည်းဓားမော့ကြီးကလည်း လက်ထဲတွင်ရှိနေ၏။ ပြီးနောက် သူသည် ခံစားချက်ကင်းမဲ့နေသည့် သေဆုံးခြင်း နတ်ဘုရားတစ်ယောက်ကဲ့သို့ ပြောဆိုလိုက်၏။ “ဒီဖေဖေက ခင်ဗျားကို ၁၅ မိနစ် အချိန်ပေးမယ်။ နဂါးလေးကို မတွေ့ရဘူးဆိုရင် နဂါးမျိုးနွယ်တစ်ခုလုံးကို သုတ်သင် ပစ်မယ်။”

All Chapters