← Chapters

အခန်း ၁၅၈၅

Vol. 107 Ch. 1585

အခန်း ၁၅၈၅

Vol. 107 Ch. 1585

အပိုင်း (၁၅၈၅)

နဂါးလေးအနေနှင့် နဂါးအင်ပါယာတစ်ယောက်ဖြစ်လာလိမ့်မည်ဟု ကျွင်းချောင်ရှောင်းက အဆုံးမဲ့ယုံကြည်မိ၏။ ထို့ကြောင့်ပင်လျှင်သူသည်များပြားလွန်းလှသော လက်ဆောင်များကို ကြိုတင်ကာ ပြင်ဆင်ခဲ့ခြင်းပင် ဖြစ်၏။ သို့ပေမဲ့သောက်တလွဲ နဂါးဘုရင်သည်နဂါးပလ္လင်ကို လာရောက်ကာ ဆက်ခံနေ၏။ သူသည်ကျိန်းသေပေါက်လက်မခံနိုင်ချေ။

အချက်အလက်အားဖြင့်နဂါးအင်ပါယာ မည်သူဖြစ်သည်က အရေးမကြီးချေ။ကုန်းရှန့်အနေနှင့် နဂါးအင်ပါယာဖြစ်လာမည့်သူ၏ ပဋိညာဉ်သားရဲအား တခြားသူများ အထူးအနိုင်ကျင့်ခြင်းအား မည်သို့မျှလက်ခံလိမ့်မည်မဟုတ်ပေ။

နဂါးမင်းကြီးချင်းမင်သည်နဂါးအင်ပါယာအဆင့်ကို ဆက်ခံနိုင်သည့်လက်ငါးချောင်းနဂါးဘုရင်ဖြစ်လာခဲ့၏။ထိုအရာသည်ယခင်တုန်းက နဂါးလေးထံတွင်ရှိသော လက်ငါးချောင်းဖြစ်သည်။ယခု တစ်ဖက်လူ ပိုင်ဆိုင်နေသည် ဆိုခြင်းမှာ အဆုံးမဲ့သော စွမ်းအင်များနှင့် နှိပ်စက်ကာ တစ်စုံတစ်ခု ပြုလုပ်ခဲ့ခြင်းပင်ဖြစ်ပေလိမ့်မည်။

နဂါးမင်းကြီးတို့သည်ထို နဂါးအင်ပါယာတည်နေရာကို ရရှိရန်အတွက်အချိန်အတော်ကြာတိုက်ခိုက်နေသည်ဟု ကုန်းစွန်းရော့လေက ပြောခဲ့ဖူး၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်း၏ ဦးနှောက်သည်အလျင်အမြန်နှင့်အလုပ်လုပ်လျက်ရှိ၏။ သူ၏ပဋိညာဉ်သားရဲသည်ထိန်းချုပ်ခြင်းခံထားရပြီး နဂါးအင်ပါယာရာထူးကို အတင်းစွန့်လွှတ်ခိုင်းခဲ့သည်ဟု သူက ခန့်မှန်းလိုက်မိ၏။ ဤအရာလောက်နှင့်သူက ဒေါသမထွက်သေးချေ။သူ ဒေါသအထွက်ဆုံးမှာ ခပ်တည်တည်ဖြင့်လက်ငါးချောင်းနဂါးဆိုသည့်ပုံပန်းသွင်ပြင်ကို ထုတ်ဖော်ခဲ့ခြင်းပင်။

ကျွင်းချောင်ရှောင်းအနေနှင့် နဂါးကလန်တွင်ဒုတိယမြောက်လက်ငါးချောင်းနဂါး တည်ရှိနေလိမ့်မည်ဟု မယုံကြည်ချေ။မဟုတ်ပါက နှစ်ပေါင်းများစွာ စောင့်မျှော်နေခဲ့ကြပြီးမှ ပြိုင်စံရှားဂိုဏ်းဆီသို့ ရောက်ရှိလာကာ နဂါးလေးအား ခေါ်ဆောင်သွားလိမ့်မည်လည်း မဟုတ်ပေ။

အနှစ်ချုပ်ရမည်ဆိုလျှင်သူ၏ ပဋိညာဉ်သားရဲသည်အလွန်အန္တရာယ်များ သည့်အခြေအနေသို့ကျရောက်နေခဲ့၏။နဂါးများတွင်ထိတွေ့ကိုင်တွယ်၍မရသည့်အရာဖြစ်၏။ထိုအရာကို ထိတွေ့ကိုင်တွယ်မိနေပြီဆိုလျှင်အသေခံ၍ တိုက်ခိုက်သတ်ဖြတ်ကြ၏။

ကျွင်းချောင်ရှောင်းသည်နဂါးကလန်မှမဟုတ်ချေ။သို့ပေမဲ့သူ့တွင်ထိတွေ့ကိုင်တွယ်၍မရနိုင်သော အရာများများစွာ ရှိကြ၏။ ပြိုင်စံရှားဂိုဏ်း၏ တပည့်တစ်သိန်းကျော် နှင့်အထက်ပိုင်းအကြီးအကဲများ၊ ထို့အပြင်သံမဏိအရိုးတောင်ထဲတွင်စားသောက်ဆိုင်ဖွင့်ထားသော အဒေါ်ဝမ်အပါအဝင်အားလုံးသော သူတို့သည်သူ၏ ထိတွေ့ကိုင်တွယ်၍မရသော အရာများဖြစ်၏။ထိုအရာကို လာရောက်ထိပါးသည်ဆိုပါက နာကျင်သည်ဖြစ်စေ၊ မနာကျင်သည်ဖြစ်စေ တစ်ဖက်လူအား သေဆုံးသွားသည့်အခြေအနေအထိ ရောက်အောင်သူကျိန်းသေပေါက် ပြုလုပ်ပေးလိမ့်မည်။

စွန်းဝူခုန်းဝတ်စုံ၊ စည်းဓားမော့…. ထိုအရာများအားလုံးကို သူ ထုတ်ဖော်ခဲ့၏။နဂါးကလန်အနေနှင့် ၁၅ မိနစ်အတွင်း နဂါးလေးအား လွှဲပြောင်းပေးခြင်းမရှိပါက ကျွင်းချောင်ရှောင်းသည်ကျိန်းသေပေါက်သူ၏ စိတ်ကို လွှတ်ပေးလိုက်ပေတော့မည်။

ကုန်းရှန့်ပေါက်ကွဲနေသည့်အချိန်တွင်ဘာတစ်ခုကိုမှမစဉ်းစားတော့ဘဲ အလုံးစုံသောအရာများကို ပြုလုပ်တတ်သည် ဖြစ်ကြောင်း စာဖတ်သူများ လည်း ကောင်းကောင်းသိပေလိမ့်မည်။

“ယောကျ်ား”

နှင်းဆီဧကရီသည်ရှေ့ဆီသို့လှမ်းလျှောက်လာ၏။ ပြီးနောက်သူမ ယောကျ်ား၏ ကျောပေါ်သို့မျက်နှာကပ်ကာ ပြောလိုက်၏။ “ကျွန်မရှင့်ကို ကူညီမယ်။”

သူမသည်နားလည်၏။ဘာမှထပ်၍ပြောနေစရာမလိုအပ်တော့ချေ။

ရွှီး

အစိမ်းရောင်အလင်းတန်းများ ပျံ့နှံ့သွားပြီး ၂ ယောက်သည်တစ်ယောက်တည်း အဖြစ်သို့ပေါင်းစပ်သွား၏။ မူလအားဖြင့် ကျွင်းချောင်ရှောင်း၏ မဲနက်လျက်ရှိနေသည့်မျက်ခုံးနှင့် မျက်တောင်များအားလုံးသည်အစိမ်းရောင်အဖြစ်သို့ပြောင်းလဲသွား၏။ ကျွင်းနှင်းဆီဖြစ်သွားခဲ့သည်။

“ဒါက”

ကုန်းစွန်းရော့လီ ၏ အမူအရာသည်ကြောင်အသွားခဲ့၏။ လက်ရှိအခြေအနေမှာတော့လက်ထဲတွင်သေမင်း တံစဉ်ကြီးကို ကိုင်ဆောင်ထားသည့် ကျွင်းချောင်ရှောင်းသည်အော်ရာများပိုမိုအားကောင်းလာသည်သာမက တည်နေရာ၏ စွမ်းအင်များကိုလည်း ထုတ်ဖော်လျက်ရှိနေ၏။ အလုံးစုံခြားနားသည့်လူတစ်ယောက်အဖြစ်သို့ပြောင်းလဲသွားခဲ့၏။

ဝန်ကြီး ၃ ပါးနှင့် မှူးမတ် ၉ပါးတို့သည်လည်း ဆွံ့အလျက်ရှိနေသည်။ခေါင်းဆောင်၏လက်ရှိ အော်ရာသည်ယခင်လေ့ကျင့်ရေးကွင်းပြင်၌စစ်သည်တော်များနှင့်တိုက်ခိုက်ခဲ့သည့်အော်ရာများထက်အဆပေါင်း များစွာ အားကောင်းနေခဲ့သည်။

မဟုတ်သေးပေ။ ၁၀ ဆကျော်ပိုမိုကာ အားကောင်းနေသည်။

ဟုတ်ပေ၏။ အထူးတာဝန်(၆) ကို ပြည့်စုံပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည်အစစ်အမှန်ရှာဖွေခြင်း အဆင့်ကို တိုးတက်ရောက်ရှိခဲ့၏။ထို့ကြောင့်သူ၏ အားအင်အဆင့်သည်ပိုမိုကာ တိုးတက်လာခဲ့သည်။ယခု ဝှက်ဖဲပေါင်းစုံကို ထုတ်ဖော်ကာ အသုံးပြုလိုက်သည့်အချိန်မှာတော့သူ၏ တိုက်ခိုက်နိုင်မှုစွမ်းအားသည် နှိုင်းယှဉ်၍မရနိုင်အောင်ကွာခြားသွားခဲ့၏။

“အမှိုက်ကောင်”

မူလအားဖြင့်ရင်းနှီးသည့်အကြည့်ဖြင့်လှမ်းကာ ကြည့်ရှုနေသည့်ချင်းမင်နဂါးဘုရင်သည်သုန်မှုန်သည့်လေသံဖြင့်လှမ်းကာပြောလိုက်သည်။ “ကျုပ်က လူကြီးလူကောင်းဆန်ဆန်နဲ့စိတ်ရှည်ရှည်နေပေးထားတာ။ မင်းရဲ့ကံတရားကို ဒီမှာလာပြီး မစမ်းသပ်နဲ့။”

ဟူး ဟူး …..။

နဂါးကလန်မှ ကျွမ်းကျင်သူများသည်တစ်ချိန်တည်းမှာပဲ ၎င်းတို့၏ကျင့်ကြံခြင်းအဆင့်များကို ထုတ်ဖော်လိုက်၏။မျက်လုံးထဲတွင်ရှိနေသော ဒေါသတရားများသည်ပိုမိုကာ အားကောင်းလာခဲ့၏။ဤကဲ့သို့သော အချိန်အခါမျိုးတွင် ပြဿနာလာရှာခြင်းသည်သည်းခံနိုင်သည့်အရာမဟုတ်ပေ။

ကလန်၏အဓိကဟောခန်းအတွင်းမှာတော့သတ်ဖြတ်လိုခြင်းဆန္ဒများသည် ကြမ်းတမ်းစွာ ဖြစ်တည်လျက်ရှိနေ၏။ ၎င်းတို့အနေနှင့် တိုက်ခိုက်မည်ဆိုလျှင်တောင်မှအံ့အားသင့်စရာမရှိတော့ချေ။

ဝန်ကြီး ၃ ပါးနှင့် မှူးမတ် ၉ပါးတို့သည်လည်း လူကြောက်များ မဟုတ်ကြချေ။ထို့ကြောင့် ၎င်းတို့သည် ကျွင်းချောင်ရှောင်း ၏ ရှေ့ဆီသို့လှမ်းတက်လာခဲ့ပြီး အပြည့်အဝ အကာအကွယ်ပေးထားခဲ့၏။သို့ပေမဲ့စိတ်ထဲမှာတော့အော်ဟစ်လျက်ရှိနေတော့၏။

သောက်ကျိုးနည်း …. ဘာတွေဖြစ်ကုန်တာလဲ။

ကျွင်းချောင်ရှောင်းအနေနှင့် ဟန်ထုတ်ကြွားဝါချင်သောကြောင့်သူတို့အား နဂါးလေးအကြောင်း မပြောပြခဲ့ချေ။ထို့ကြောင့်အခြေအနေသည်ဤအခြေအနေအထိသို့ပြောင်းလဲသွားခဲ့သည်ကိုမြင်ပြီး ကျောက်ရုပ်ထုမျိုးနွယ် ကလန်မှအကြီးအကဲများသည်ဇဝေဇဝါနှင့် ဖြစ်လို့နေခဲ့ခြင်းပင်။

“အားလုံးပဲ”

ချင်းမင်နဂါးဘုရင်က ပြောလိုက်၏။ “ဒီကောင့်ကို ကာကွယ်ပေးချင်တာလား။”

“နဂါးအင်ပါယာ”

အထက်ပိုင်းအကြီးအကဲကြီးသည်အလောတကြီးဖြင့်အသံပို့လွှတ်လိုက်သည်။ “ဒီလူက ကျောက်ရုပ်ထု မျိုးနွယ်ကလန်ရဲ့ခေါင်းဆောင်အသစ်ပဲလေ။ ကုန်းစွန်းရော့လီရဲ့သား”

“ဘာ”

ချင်းမင်နဂါးဘုရင်သည်မျက်လုံးပြူးသွား၏။ သူသည် ပြိုင်စံရှားဂိုဏ်း ဂိုဏ်းချုပ်တစ်ယောက်မဖိတ်ခေါ်ဘဲနှင့် ဤတည်နေရာသို့အဘယ့်ကြောင့်ရောက်ရှိနေသနည်းဆိုသည်ကို တောက်လျှောက်စဉ်းစားနေခဲ့၏။သို့ပေမဲ့သူ၏ နောက်လိုက်ဆီမှစကားကို ကြားရသည့်အချိန်မှာတော့ ၎င်းသည်ကျောက်ရုပ်ထုမျိုးနွယ်ကလန်ကို ကိုယ်စားပြုကာ ရောက်ရှိလာသည့်ခေါင်းဆောင်ဖြစ်ကြောင်းကို နားလည်လိုက်မိ၏။

မဟုတ်သေးပေ။ ဤကောင်လေးသည် ကြီးမြတ်သူတုံးကု၏တပည့်မဟုတ်လေလား။ မည်သည့်အချိန်က ကျောက်ရုပ်ထု မျိုးနွယ်ကလန်နှင့်ဆက်နွယ်သွားရသနည်း။ ထို့အပြင်ကျောက်ရုပ်ထုကလန်၏ခေါင်းဆောင်လည်းဖြစ်လို့နေသေးသည်။

နဂါးကလန်သည်ကျောက်ရုပ်ထုမျိုးနွယ်ကလန်နှင့်အလုံးစုံသော အားအင်အဆင့်တွင်အားကောင်းနိုင်၏။သို့ပေမဲ့ကွာခြားချက်မှာ မကြီးမားလှချေ။ထို့ကြောင့်ဂုဏ်သိက္ခာအဆင့်အတန်းအရ ပြောဆိုရမည်ဆိုလျှင်နဂါးအင်ပါယာနှင့် ကျောက်ရုပ်ထုမျိုးနွယ်ကလန်၏ခေါင်းဆောင်တို့သည်တူညီသည့်အဆင့်တွင်ရှိနေ၏။

“ကျုပ်ထပ်ပြောမယ်။”

ဝှက်ဖဲများအားလုံးကို ထုတ်ဖော်အသုံးပြုပြီးပြီဖြစ်သော ကျွင်းနှင်းဆီသည်စည်းဓားမော့ကြီးကို ကိုင်ကာဖြင့်ယောကျ်ားမိန်းမ မကွဲပြားသော အသံဖြင့်ပြောလိုက်သည်။ “၁၅ မိနစ်အချိန်ပေးမယ်။နဂါးလေးကို မတွေ့ရဘူးဆိုရင်နဂါးကလန်တစ်ခုလုံးကို ဖျက်ဆီးပစ်မယ်။”

မည်မျှကြမ်းတမ်းလိုက်သနည်းဆိုသော်နဂါးတည်နေရာထဲသို့လာပြီး နဂါးများကို ဖျက်ဆီးပစ်မည်ဟု ကြိမ်းဝါးလျက်ရှိနေ၏။ အင်မော်တယ်အဆင့်ဂိုဏ်းကြီး ၁၀ ဂိုဏ်းမှစွမ်းအားမြင့်ကျင့်ကြံသူများပင်လျှင်ဤကဲ့သို့မောက်မာလှသော စကားကို မပြောရဲကြချေ။

“ကြားတယ်မလား။”

ကုန်းစွန်းရော့လီသည်ဝင်ကာပြောလိုက်၏။

“ခေါ်ခဲ့တော့”

ဝှစ်ဝှစ်

သူမသည်သူမ၏ အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့်ကျင့်ကြံခြင်းများကို ထုတ်ဖော်လိုက်ပြီး အလွန်ကြီးမားလှသည့်ဖိအားများကို ဖန်တီးကာ ကလန်၏ဟောခန်းတစ်ခုလုံးကို ဖုံးလွှမ်းခဲ့၏။

ဘန်း ဘန်း ဘန်း

ချက်ချင်းပဲ အောက်တွင်ရှိနေသော စားပွဲနှင့် ထိုင်ခုံများအားလုံးသည်ဖိအားဒဏ်ကို မခံနိုင်ဘဲ ကျိုးပျက်ကုန်ကြ သည်။

သားသည်ဟန်ထုတ်လျက်ရှိနေသည်ဆိုမှတော့အဖေကလည်း ဟန်ထုတ်ရပေတော့မည်။ကျားမိသားစုကို လာရောက်ကာ ကျီစယ်၍မရနိုင်ချေ။

ချင်းမင်နဂါးအင်ပါယာသည်သူ၏ ဒေါသတရားများကို ဖိနှိပ်ကာဖြင့်သုန်သုန်မှုန်မှုန်ကြည့်လိုက်၏။“နဂါးကလန်နဲ့စစ်ကြေညာချင်တာလား။”

“ငါ့သားကို မပျော်ရွှင်အောင်လုပ်တယ်ဆိုမှတော့…..”

ကုန်းစွန်းရော့လီသည်အေးစက်စက်ဖြင့်ပြောလိုက်၏။ “နဂါးကလန်နဲ့စစ်တိုက်ခိုက်ရမယ်ဆိုတော့လည်း ဘာဖြစ်မှာမလို့လဲ။”

“………..”

ဝန်ကြီး ၃ပါးနှင့် မှူးမတ် ၉ပါးတို့သည်ထိုင်၍ အော်ငိုလုမတတ်ပင်ဖြစ်နေကြသည်။ ခေါင်းဆောင်တို့…. ဒါက အဆင်ခြင်မဲ့လွန်းနေပြီ။

ယှဉ်ပြိုင်တိုက်ခိုက်ပွဲတစ်ခုကို တိုက်ခိုက်မည်ဆိုလျှင်တောင်အဆင်ပြေသေး၏။ သို့ပေမဲ့မျိုးနွယ်စုချင်း စစ်ဖြစ်ပွားမည်ဟု ပြောဆိုနေခြင်းသည် ပြဿနာပိုမိုကာ ကြီးလာစေ၏။

“မြန်မြန်”

ကျွင်းချောင်ရှောင်းသည် အော်ဟစ်လိုက်သည်။ “သူ့ကို ခေါ်ခဲ့။မဟုတ်ရင်နဂါးတည်နေရာကြီးထဲမှာ သတ်ဖြတ်ပွဲကြီး ပြုလုပ်တယ်ဆိုပြီး ကျုပ်ကို အပြစ်မတင်နဲ့တော့။”

ဟုတ်ပေသည်။အဖေနှင့်သားသည်အမှန်ပင်စိန်ခေါ်လျက်ရှိနေတော့သည်။သူတို့ဘာလုပ်ရမည်နည်း။ ခေါင်းဆောင် နှင့်ယခင်ခေါင်းဆောင်တို့အား ထောက်ပံ့ရန်သာလျှင်ရှိတော့၏။

ဝှစ်

ဝန်ကြီး ၃ ပါးနှင့် မှူးမတ် ၉ပါးတို့သည် ၎င်းတို့၏ကျင့်ကြံခြင်းအဆင့်များကို ထုတ်ဖော်လိုက်ကြ၏။ထိုအချိန်မှာပဲ ခေါင်းဆောင်အသစ်သည်များပြားလှသော အင်အားစုများကို စွမ်းအားမြင့်ကျင့်ကြံသူများကို ခေါ်ဆောင်လာခဲ့ခြင်း သည်အဘယ့်ကြောင့်ဖြစ်ကြောင်း နားလည်လိုက်မိကြ၏။ အစစ်အမှန်ရည်ရွယ်ချက်သည်တိုက်ခိုက်ရန်သာ ဖြစ်တော့သည်။

အရိုးသားဆုံးပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည်များပြားလှသောလူများကို ခေါ်ဆောင်လာခြင်းမှာ နဂါးမျိုးနွယ်များအား လာရောက်ထောက်ပံ့ပေးခြင်းသာဖြစ်၏။သူသည်နဂါးလေးအား အံ့အားသင့်စေချင်သည်။အဆုံးသတ်မှာတော့အံ့အားသင့်မှုများမရရှိခဲ့ချေ။ထိုအစား ကလန်နှစ်ခုအကြား စစ်ပွဲကြီးတစ်ခုပင် ဖြစ်ပွားပေတော့မည်။

“ကောင်းတယ်။ကောင်းတယ်။”

ချင်းမင်နဂါးဘုရင်သည်ဒေါသထွက်သွား၏။ “ဒါဆိုလည်း တိုက်ခိုက်ကြတာပေါ့။”

သူတို့ဖိတ်ခေါ်ထားသော ဧည့်သည်များသည်လာရောက်ကာ ပြဿနာရှာလျက်ရှိ၏။ ထို့ကြောင့်အိမ်ရှင်အနေနှင့် ကျိန်းသေပေါက်သည်းမခံနိုင်ချေ။ဘာဘဲဖြစ်ဖြစ်ကျောက်ရုပ်ထုမျိုးနွယ်ကလန်ကို သင်ခန်းစာကောင်းကောင်းပေးမှ ဖြစ်ပေလိမ့်မည်။

……

အရှေ့ဘက်ပင်လယ်

ယုစီနန်သည်ပင်လယ်၏ဘေးတွင်ရှိနေသော ကျောက်တုံးတစ်ခုပေါ်တွင်ဆောင့်ကြောင့်ထိုင်ကာဖြင့်စိတ်ဓာတ်တကျ ဖြစ်လို့နေ၏။

“အစ်ကိုကြီး”

အဖြူရောင်နတ်ဆိုးသည်ငိုမလိုပင်ဖြစ်လို့နေခဲ့သည်။ “နဂါးနယ်မြေက ဒီနေရာမှာလား၊ ဒီနေရာမှာ မဟုတ်ဘူးလား။”

“နေအုံး”

ယုစီနန်သည်သူ၏ ကုပ်ပိုးကို တဖြောင်းဖြောင်းနှင့် ရိုက်နှက်ကာ စဉ်းစားလိုက်၏။ “ငါ သေချာစဉ်းစားလိုက်အုံးမယ်။”

“ခင်ဗျားစဉ်းစားနေတာ ၄ နာရီလောက်ရှိပြီလေ။”

အား

ယုစီနန်သည် ရုတ်တရက်မတ်တပ်ထရပ်ကာ အော်လိုက်၏။ “ဘာလို့ ကျုပ်ကို လမ်းပြခိုင်းနေရတာလဲ။ အစောကြီးကတည်းက ဟိုနဂါးနှစ်ကောင်ကို ခေါ်လာရင်ပြီးပြီမဟုတ်လား။”

ထိုသို့ပြောလိုက်သည့်အချိန်မှာတော့ဂိုဏ်းထဲတွင်ရှိနေသော အထက်ပိုင်းအကြီးအကဲများအားလုံးသည်ဆွံ့အသွားခဲ့ ကြ၏။မှန်ပေ၏။ သူတို့သည်အဘယ့်ကြောင့်ရောက်ရှိလာခဲ့သည့်နဂါးမျိုးနွယ် ၂ ယောက်အား လမ်းပြရန်မခေါ်ဆောင်လာခဲ့ရသနည်း။

ညံ့ဖျင်းလွန်းသူဟု အပြစ်တင်၍လည်းမရခဲ့ချေ။ ဖြစ်ပေါ်လာသည့်အခြေအနေကြီးတစ်ခုလုံးသည်သူတို့အား အမှန်ပင်အကျပ်ရိုက်စေခဲ့၏။ထို့ကြောင့်အလောတကြီးနှင့် ထွက်လာခဲ့ကြခြင်းဖြစ်ပြီး နဂါး ၂ ကောင်ကိုခေါ်ဆောင်ရန်မေ့လျော့နေခဲ့ကြသည်။

“ကျုပ် ဂိုဏ်းဆီပြန်ပြီး သူတို့ကို ပြန်ခေါ်လိုက်မယ်။”

အမဲရောင်နတ်ဆိုးသည်ထွက်ခွာရန် ပြင်လိုက်သည့်အချိန်မှာပဲ ခရမ်းရောင်အလင်းတန်းတစ်ခုသည်အဝေးတစ်နေရာဆီမှ ရုတ်တရက်ပေါ်ပေါက်လာ၏။ ပြီးနောက်အမြှောက်ဆံနှင့်ပစ်လိုက်သလိုပင်သူတို့၏ဘေးနားဆီသို့ကျဆင်းလာ၏။ ဖုန်များသည်တဟောင်းဟောင်းနှင့် ဖြစ်တည်လာခဲ့၏။

“မတွေ့တာကြာပြီ။ ငါ့ကို လွမ်းနေတာမဟုတ်ဘူးလား။”

အော်ဟစ်လိုက်ပြီးသည့်နောက်နဂါးမျိုးနွယ်များဖြစ်သော ထုံနဂါးနှင့် ဖေးနဂါးတို့အား ဘယ်ညာပုခုံးပေါ်တွင်တင်၍ရောက်ရှိလာခဲ့သည့်ခရမ်းရောင်ဘုရင်ကို သူတို့ မြင်လိုက်ကြရသည်။

“ဟောခန်းသခင်ကျိ”

အားလုံးတို့သည်သံပြိုင်ဆိုသလိုပဲ ထကာ အော်ဟစ်လိုက်၏။

ဆွစ်ဆွစ်

ခရမ်းရောင်ဘုရင်သည်နဂါးနှစ်ကောင်အား မြေပေါ်သို့ပစ်ချလိုက်၏။ ပြီးနောက်သူ၏ လက်များကို တဖြောင်းဖြောင်း နှင့်ရိုက်ကာပြောလိုက်သည်

“ဟောခန်းသခင်ဝေက အကြီးအကဲယုကို မယုံရဘူးဆိုတာသိလို့ ကျုပ်ကို လွှတ်လိုက်တာ။”

၎င်း၏ လေသံနှင့် အော်ရာများကို ကြည့်ရှုရမည်ဆိုလျှင် ကြီးကြီးမားမား ပြောင်းလဲသွားသကဲ့သို့ပင်။အားလုံးသော သူများသည်ပျော်ရွှင်သွားခဲ့ကြ၏။

သို့ပေမဲ့ထုံနဂါးနှင့် ဖေးနဂါးတို့ကိုငုံ့ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ ၎င်းတို့ နှစ်ယောက်သည်ပါးစပ်မှအမြှုပ်များပင်ထွက်လျက်ရှိနေပြီး မျက်လုံးများသည်ချာချာလည်နေကြောင်း မြင်လိုက်ရ၏။ ဤနှစ်ယောက်သည် သတိလစ် မေ့မျောနေလေရှာသည်။

All Chapters