အခန်း ၁၅၉၂
Vol. 107 Ch. 1592
အပိုင်း (၁၅၉၂)
ကောင်းကင်ယံတွင် အကြေးခွံများ ပျံသန်းလျက်ရှိနေ၏။ ထိုအရာမှာ အလွန်ပင် ဆန်းကြယ်လွန်းသည်။ သို့ပေမဲ့ ၎င်းတို့၏ အကြေးခွံများ ဆွဲခွာခြင်းကို ခံလိုက်ရသော နဂါးကလန်မှ သိုင်းကျင့်ကြံသူများမှာတော့ မြေပေါ်တွင် လဲကျလျက်ရှိနေ၏။ ၎င်းတို့၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တစ်စုံတစ်ခု ဆုံးရှုံးသွားသလို ခံစားလိုက်ကြရ၏။ ၎င်းတို့၏ နဂါးအဆီအနှစ် ဆုံးရှုံးသွားခဲ့လေသည်လား။
အချက်အလက်အားဖြင့် အကြေးခွံ ဆုံးရှုံးသွားမည်ဆိုလျှင်ပင် ကိစ္စမရှိချေ။ သို့ပေမဲ့ နဂါးအကြေးခွံ ယူဆောင်သွား ခံရပြီးသည့်နောက် သူတို့သည် အားနည်းလျက်ရှိနေ၏။ ထိုအရာမှာ ခန္ဓာကိုယ်ထဲတွင်ရှိနေသော နဂါးအဆီအနှစ် ကို ထုတ်ယူသွားခဲ့ခြင်းပင် ဖြစ်ပေလိမ့်မည်။ နဂါးကလန်နှင့် တခြားသော သားရဲမျိုးနွယ်တို့ကြား ကွာခြားချက်သည် နဂါးများ၏ခန္ဓာကိုယ်ထဲ၌ သလင်းအမြူတေများ မရှိဘဲ နဂါးအဆီအနှစ် တည်ရှိနေခြင်းပင်ဖြစ်သည်။
အားကောင်းမလား၊ အားမကောင်းဘူးလား ဆိုသည်ကို ထိုအချင်းအရာနှင့် ဆုံးဖြတ်နိုင်၏။ နဂါးအဆီအနှစ် ဆိုသည်မှာ စွမ်းအင်များနှင့် ဆင်တူသည်။ ထိုအရာ မရှိပါက ကျိန်းသေပေါက် ခန္ဓာကိုယ်ထဲတွင် အားအင် တစ်ခုမှ မရှိဘဲ ကျိန်းသေပေါက် အားနည်းသွားပေလိမ့်မည်။
ဝှစ် ဝှစ်
ရေတွက်လို့မရအောင် များပြားလှသော နဂါးအဆီအနှစ်များ ပါဝင်လျက်ရှိနေသည့် အကြေးခွံများသည် စုစည်းကာ ပျံသန်းပြီး နဂါးကလန်၏ သင်္ချိုင်းရှေ့ဆီသို့ ရောက်ရှိလာခဲ့သည်။ မကြာခင်မှာပဲ ထိုနဂါးအကြေးခွံ များသည် လေဝဲကြီးတစ်ခုကဲ့သို့ ချာချာလည်လျက်ရှိပြီး ပိုးအိမ်ထဲမှ ဖောက်ထွက်လာသည့် နဂါးလေး၏ ခန္ဓာကိုယ် အထက်တွင် လွင့်မျောနေ၏။ ပြီးသည့်နောက် တစ်ခုချင်းစီတိုင်းသည် နဂါးလေး၏ ခန္ဓာကိုယ်ပေါ်တွင် လာရောက်ကာ ကပ်ညှိသည်။
ကျွင်းချောင်ရှောင်းက ပျော်ရွှင်သွား၏။ လက်ရှိအခြေအနေမှာတော့ သူ၏ပဋိညာဉ်သားရဲသည် နဂါး၏ အကြေးခွံ များ ပြန်လည်ပေါက်နေသည်သာမက အသက်ဓာတ်သည်မှာလည်း ပိုမိုကာ အားကောင်းလာခဲ့၏။ အန္တရာယ် အတွင်းမှ လွတ်ကင်းသွားသည့်ပုံပင်ဖြစ်သည်။ ထိုတင်သာ မကသေးချေ။ အဘက်ဘက်မှ နဂါးအဆီအနှစ်များ စုစည်းလာပြီးသည့်နောက် နဂါးလေး၏ ခန္ဓာကိုယ်ထဲတွင် လာရောက်ကာ စုစည်းနေသည်။ ပြီးနောက် သူ၏ အသားအရေ၊ သူ၏အရေပြား၊ မရီဒန်နှင့် အရာအားလုံးတို့သည် ပြန်လည်ကာ အားပြည့်လာခဲ့၏။
နဂါးလေး၏ ဦးခေါင်းပေါ်တွင် နဂါးဂျိုများ ဖြစ်တည်လာခဲ့ပြီး နဂါးနှုတ်ခမ်းမွှေးသည်လည်း သူ၏နှုတ်ခမ်းတွင် ဖြစ်တည်လာ၏။ ပိုးအိမ်ထဲမှ စတင်ထွက်ခွာလာခဲ့စဉ်က အသက်ဓာတ်များ ပြန်လည်အားကောင်းလာသည် ဆိုသော်လည်း ငါးရှဉ့်တစ်ကောင်ကဲ့သို့ ဖြစ်နေ၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ နဂါးတစ်ကောင်၏ အသွင်သဏ္ဍာန်မျိုးကို အလုံးစုံ ပြောင်းလဲသွားခဲ့၏။ ထို့အပြင် ရောင်စုံနဂါးကြီးလည်း ဖြစ်လို့နေသည်။
နဂါးကလန်၏ ခန္ဓာကိုယ်သည် အရောင်တစ်ခုတည်း မဟုတ်ချေ။ လက်ရှိအချိန်မှာတော့ နဂါးများ၏ ခန္ဓာကိုယ် ဆီမှ အကြေးခွံတစ်ခုချင်းစီတိုင်းကို ယူဆောင်ခဲ့ပြီးသည့်နောက် နဂါးလေး၏ ခန္ဓာကိုယ်သည် ရောင်စုံနဂါးကြီး အဖြစ်သို့ ဖြစ်တည်လာခဲ့၏။
“ဒါ... ဒါက”
နဂါးမင်းကြီးသုံးယောက်တို့၏ မျက်လုံးများသည် ပြူးကျယ်သွား၏။ ရုတ်တရက် သူတို့သည် ရှေးစာအုပ် မှတ်တမ်းများတွင် မှတ်သားထားသည့် စာတမ်းကို သတိရလိုက်မိ၏။ “ငါတို့ရဲ့ကလန်ဘိုးဘေးကြီးက အရောင်ကိုးရောင်နဲ့ နဂါးကြီးပဲ။ စကြဝဠာအနက်ပိုင်းထဲထိ ခရီးသွားလာနိုင်တယ်။ နောက်ပိုင်း သူအထက် နယ်မြေ ဆီကို ရောက်လာတဲ့အချိန်မှာ နဂါးဌာနေကြီးကို ဖွင့်လှစ်ခဲ့တာပဲ”
ရှည်လျားလှသည့် သမိုင်းကြောင်းကြီးဖြစ်သောကြောင့် အားလုံးသောသူတို့သည် ထိုအရာကို ဒဏ္ဍာရီလာ ပုံပြင် တစ်ခုအဖြစ်သာ သတ်မှတ်ခဲ့၏။ သို့ပေမဲ့ သူတို့အရှေ့တွင် ရပ်တန့်လျက် ရှိနေသည့် နဂါးလေးသည် ရောင်စုံ နဂါးကြီးဖြစ်လျက်ရှိနေ၏။ ထို့ကြောင့် နဂါးမင်းကြီးသုံးပါးတို့၏ နှလုံးသားထဲတွင် အမှန်ပင် ထိတ်လန့်တုန်လှုပ်မှု များ ဖြစ်တည်လာခဲ့၏။ ထို့အပြင် သူတို့ မြင်နေရသည့် နဂါးလေး၏ လက်နှင့်ခြေထောက်များသည် ငါးချောင်း မဟုတ်ပေ။ လက်ကိုးချောင်းအဖြစ် ဖြစ်လို့နေသည်။
နှစ်ပေါင်းများစွာ ကြာမြင့်ပြီးသည်နောက် နဂါးကလန်က မျိုးဆက်သစ်များ သို့မဟုတ် သန္ဓေပြောင်းလဲပြီးသော နဂါးများ၏ မျိုးဆက်သစ်များသည် မတူညီသည့်အရောင်နှင့် အကြေးခွံများ တည်ရှိခဲ့၏။ သို့ပေမဲ့ အားလုံးသော သူတို့သည် လက်ချောင်းလေးချောင်းသာလျှင် ရှိကြ၏။ တစ်ခုပို၍ လက်ချောင်းငါးချောင်းရှိသည်ဆိုပါက နဂါး ကလန်၏ အင်ပါယာအဖြစ် သတ်မှတ်နိုင်၏။
“လက်ချောင်းကိုးချောင်းလား” ကျွင်းချောင်ရှောင်းက ကြောင်အသွား၏။ ဤရောင်စုံနဂါး အကြေးခွံများသည် အလွန်ပင် မျက်စိစူးရှလွန်းလှ၏။ ထို့အပြင် နဂါးလေးသည် လက်ကိုးချောင်း တည်ရှိလို့နေခဲ့၏။ ဤအသွင်အပြင် ပြောင်းလဲမှုသည် အလွန်ပင် ကြီးမားလွန်းလှသည်။
“မယုံနိုင်စရာပဲ”
စနစ်က ပြောလိုက်၏။ “ဒါ မယုံနိုင်စရာပဲ”
ဆွစ်
ထိုအချိန်မှာတော့ နဂါးလေးသည် လေထုထဲသို့ ခုန်တက်လိုက်၏။ ပြီးနောက် ကောင်းကင်ယံထက်တွင် ပျံသန်း လျက်ရှိနေပြီး သူ၏ဦးခေါင်းကြီးကို မော့ကာဖြင့် တောင်များ၊ ချောင်းများ တုန်ခါသွားစေသည့် နဂါးအော်သံကြီးကို ထုတ်ဖော်လျက်ရှိနေ၏။ အသံလှိုင်းများသည် မျက်စိနှင့် မြင်နိုင်သည်အထိ နေရာအနှံ့ဆီသို့ ပျံ့နှံ့သွားသည်။
ဒွီ ဒွီ
၎င်းတို့၏ နဂါးအဆီအနှစ်ကို ထုတ်ယူခြင်းခံလိုက်ရသောကြောင့် အားနည်းလျက်ရှိနေသည့် နဂါးများသည် ခက်ခက်ခဲခဲဖြင့် ထထိုင်လိုက်ကြသည်။ ပြီးသည့်နောက် ၎င်းတို့၏ နှလုံးသားထဲတွင် အလုံးစုံ လေးမြတ်သည့် ခံစားချက်များ ဖြစ်တည်လာခဲ့ပြီး ကြိုးစားကာ ဒူးထောက်လိုက်ကြတော့၏။
“.............”
နဂါးမင်းကြီးသုံးပါးတို့၏ မျက်နှာများသည် ပြောင်းလဲသွားခဲ့ကြ၏။ သူတို့သည် နဂါးလေးနှင့် အနီးဆုံးသော နေရာတွင်ရှိ၏။ ထို့ကြောင့် ကြားနိုင်သလို ပိုမိုကာ ခံစားသိမြင်နိုင်ကြ၏။ သူတို့နှင့်စိတ်ထဲတွင် တူညီသည့် အတွေး တစ်ခုသာလျှင် ရှိနေ၏။ ထိုအရာမှာ မြန်မြန်ဆန်ဆန်နှင့် ဒူးထောက်လိုက်ရန်သာဖြစ်၏။ သို့ပေမဲ့ ခန္ဓာကိုယ်သည် ကျောက်တိုင်ကြီးတွင် သံနှင့်ရိုက်ခံထားရသည်ဖြစ်သောကြောင့် မလှုပ်ရှားနိုင်ကြချေ။
“အိုး...”
ရှောင်မိုရှန်းက ထအော်လိုက်၏။ “လှလိုက်တာ”
နဂါးလေးသည် ယခင်တုန်းက ခန္ဓာကိုယ်တစ်ခုလုံး ဓားရာများနှင့် ပြည့်နှက်လျက်ရှိနေပြီး တစ်ကိုယ်လုံးသည် လည်း ဖူးယောင်နေ၏။ သနားစရာပင် ကောင်းလွန်းလှချေ၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ပြာပုံထဲမှ ပြန်လည်မွေးဖွားလာသည့် သက်ရှိတစ်ကောင်ကဲ့သို့ပင်။
ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် နဂါးလေး၏ တောက်ပလှသော အသွင်အပြင်ကို ဂရုမစိုက်လှချေ။ သူ ပို၍ ဂရုစိုက်သည်မှာ အားအင်အဆင့်ပင်ဖြစ်၏။ အထူးသဖြင့် နဂါးလေးဆီမှ ထွက်ပေါ်နေသည့်အော်ရာများသည် သူ့ထက်ပင် ပိုမိုကာ အားကောင်းနေသည်။
“အမှန်ပဲ”
စနစ်က ပြောလိုက်၏။ “လက်ခံသူထက် ပိုပြီးအားကောင်းတယ်”
“ဘယ်အဆင့်လဲ”
“အစစ်အမှန် ရှာဖွေခြင်းအထက်ပိုင်း အဆင့်လေ”
“...............”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွား၏။ ပထမဦးဆုံး ရောင်မုန့်ယဉ်သည် သန္ဓေနတ်ဆိုး သူတော်စင်ခန္ဓာကိုယ်ကို အမွေဆက်ခံပြီးသည့်နောက် အဆင့်သည် ဆက်တိုက်ဆိုသလို တိုးတက်သွား၏။ လက်ရှိအခြေအနေမှာတော့ ပြာပုံထဲမှ ပြန်လည်မွေးဖွားလာခဲ့ပြီဖြစ်သော သူ၏ပဋိညာဉ်သားရဲသည် အစစ်အမှန် ရှာဖွေခြင်းအထက်အဆင့်သို့ပင် ရောက်ရှိသွား၏။ ပြောရမည်ဆိုလျှင် သူ့မှာတော့......
သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ကျွင်းချောင်ရှောင်းသည် စနစ်၏ လွှမ်းမိုးမှုကို ခံထားရသည်ဖြစ်သောကြောင့် အစစ်အမှန် ရှာဖွေခြင်းထိပ်ဆုံးအဆင့် ကျင့်ကြံသူများကိုပင် တစ်ချက်တည်း တိုက်ခိုက်အနိုင်ယူနိုင်သည့် အခြေအနေဆီသို့ ရောက်ရှိနေ၏။ ထိုကဲ့သို့သော အရာမျိုးကို ရောင်မုန့်ယဉ်နှင့် နဂါးလေးတို့သည် ဘယ်တော့မှ ပြုလုပ်နိုင်လိမ့်မည် မဟုတ်ချေ။
လက်ရှိအခြေအနေမှာတော့ နဂါးမင်းကြီးသုံးပါးတို့သည်လည်း အမှန်ပင် ဆွံ့အလျက် ရှိနေ၏။ ဤကဲ့သို့ လှပလွန်း လှသော အသွင်အပြင်နှင့် လက်ကိုးချောင်းရှိသောနဂါး - ဤအရာသည် ကျိန်းသေပေါက် ဒဏ္ဍာရီထဲမှ နဂါး ဘိုးဘေးကြီးပင်ဖြစ်၏။
လက်ငါးချောင်းနဂါးလား၊ နဂါးအင်ပါယာလား။ ထိုအရာများသည် ဘာမှ မဟုတ်တော့ချေ။
ဟူး
နဂါးလေးသည် သူ၏ ကြီးမားလွန်းလှသော နဂါးအာဏာနှင့် စွမ်းအင်များကို ပြန်လည်ကာ ရုတ်သိမ်းလိုက်ပြီး သည့်နောက် မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ဆင်းသက်လာ၏။ တောက်ပလျက်ရှိနေသည့် အရောင်ငါးရောင် အောက်မှာပဲ လူသားတစ်ယောက်၏ ပုံပန်းသွင်ပြင်မျိုး ပြောင်းလဲသွား၏။ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော အကြေးခွံ များသည် တော်ဝင်ဝတ်စုံအဖြစ် ပြောင်းလဲသွားခဲ့ပြီး ၎င်းသည် တောက်ပစွာ ပြုံးလျက်ရှိသည်။
“သခင်”
ဤစကားလုံးသည် အခြေအနေတစ်ခုလုံးကို နွေးထွေးသွားစေခဲ့၏။ ကျွင်းချောင်ရှောင်းသည် သူ၏ ဦးခေါင်း ပြောင်ပြောင်ကြီးကို ပွတ်ကာဖြင့် မျက်ရည်ယိုဗုံးကို အသာထုတ်ယူလိုက်တော့၏။ မျက်ရည်ယိုဗုံးဆီမှ အငွေ့များသည် လေထုထဲတွင် ပြည့်နှက်သွား၏။ မြင်ကွင်းကို ကြည့်ရှုရမည်ဆိုလျှင် သခင်နှင့် ကျေးကျွန်တို့သည် တစ်ယောက်ကိုတစ်ယောက် ဖက်လျက်ရှိ၏။ ဘူးသီးလုံးခန့်ရှိသော မျက်ရည်များသည် တပေါက်ပေါက်နှင့် ကျဆင်းလျက် ရှိနေ၏။
အလွန်အားကောင်းလှသည့် ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်သည့်လူများသည် မျက်ရည်ယိုဗုံးကို အဘယ်ကြောင့် မခုခံနိုင်ရသနည်း။ ရိုးရှင်းလှချေ၏။ ၎င်းတို့အားလုံးသည် အမှန်အကန်ပင် သေခြင်းနှင့်ရှင်ခြင်းကြားတွင် ခွဲခွာလု မတတ် ဖြစ်ခဲ့ရ၏။ ယခုလုံခြုံသည့်အခြေအနေသို့ ရောက်ရှိသည့်အချိန်မှာတော့ မည်သို့မှ မနေနိုင်တော့ဘဲ ငိုယိုမိ နေခြင်းပင် ဖြစ်တော့သည်။
ဝူး ဝူး အီး ...။
ဘေးတစ်ဖက်တွင် ရှိနေသော ရှောင်မိုရှန်းသည် စတင်ကာ ငိုယိုလိုက်၏။ မျက်ရည်ယိုဗုံး၏ အစွမ်းသက်ရောက်မှု သည်လည်း ပါဝင်သည်ဆိုသော်လည်း ယခု သူမ ငိုယိုလျက်ရှိနေသည့် မျက်ရည်စများသည် ပျော်ရွှင်မှုကြောင့် ကျဆင်းလာသည့် မျက်ရည်စများပင်ဖြစ်၏။
နဂါးမင်းကြီးသုံးပါးတို့သည်လည်း ငိုယိုချင်နေကြ၏။ သူတို့မှာတော့ မျက်ရည်ယိုဗုံးကြောင့် ငိုယိုနေကြခြင်းပင် ဖြစ်သည်။ သူတို့သည် ကျောက်တိုင်ကြီးများပေါ်တွင် သံနှင့်ရိုက်ကာ ချိတ်ဆွဲခြင်းခံထားရသည် ဖြစ်သောကြောင့် ဒဏ်ရာများ ရရှိနေပြီး အလွန်လည်း အားနည်းနေ၏။ ထို့ကြောင့် မျက်ရည်ယိုဗုံးဒဏ်ကို မခံနိုင်ခြင်းပေ။ ယခု အချိန်မှာတော့ ကျယ်လောင်စွာ ငိုယိုလျက်ပင် ရှိနေကြသည်။
...............
နဂါးအင်ပါယာ၏ ခန္ဓာကိုယ်ကို ဆုံးရှုံးခဲ့ပြီးသည့်နောက် နဂါးလေးသည် အရောင်ကိုးရောင်ရှိသော လက်ကိုးချောင်း နတ်ဘုရားနဂါးကြီးအဖြစ် ဖြစ်တည်လာခဲ့၏။ ၎င်း၏ အားအင်အဆင့်သည် ကြီးကြီးမားမား တိုးတက်သွားခဲ့၏။ ဤအရာမှာ လောကကြီး၏ ကောင်းချီးပင်ဖြစ်သည်။ အရာအားလုံးသည် မြေကမ္ဘာနဂါးဦးချိုနှလုံးသားကြောင့် ဖြစ်တည်လာခဲ့ခြင်းပင်ဖြစ်ပေသည်။
အကြောင်းအရာများအားလုံးသည် မပြီးဆုံးသေးချေ။ နဂါးအင်ပါယာခန္ဓာကိုယ်ကို အပိုင်သိမ်းဆည်းခဲ့သော ချင်းမင် နဂါးဘုရင်သည် အသက်ရှင်လျက်ရှိနေသေး၏။ သို့ပေမဲ့ သူသည် သတိလစ်မေ့မျောလျက် ရှိနေသည်။ ထို့အပြင် နဂါးမင်းကြီးသုံးပါးတို့ကိုလည်း အပြစ်မပေးရသေးချေ။
“နဂါးလေး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါ နဂါးဘုရင်တွေ ကြားမှာရှိတဲ့ သွေးကြွေးကိစ္စတွေပဲလေ။ ဒီကိစ္စတွေကို မင်းဘာသာမင်း ဖြေရှင်းလိုက်”
“အင်း”
နဂါးလေးသည် ကျောက်တိုင်ကြီးဆီသို့ လျှောက်လာခဲ့၏။ ပြီးနောက် သေမလိုဖြစ်လျက်ရှိနေသော ချင်းမင် နဂါးကို ကြည့်လိုက်၏။ သူ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုခြင်းဆန္ဒများနှင့် ပြည့်နှက်နေ၏။ ဤလူကြောင့် သူသည် ကြီးမားလှသည့် ကံကောင်းခြင်းအခွင့်အရေးကို ရရှိခဲ့၏။ သို့ပေမဲ့ သူ့အားပုန်ကန်ကာဖြင့် အာဏာကို လုယူရန် ကြံစည်ခဲ့၏။ ထိုအရာသည် သေဆုံးခြင်းနှင့် ထိုက်တန်လှ၏။
“သခင်”
နဂါးလေးက ပြောလိုက်၏။ “ဒီလူက နဂါးအင်ပါယာရဲ့ အမွေအနှစ်ကို ဆက်ခံခဲ့တယ်။ သူ့ဆီမှာ အရမ်းကို အားကောင်းတဲ့ နဂါးအဆီအနှစ်တစ်ခု ရှိတယ်။ ဒါကို သန့်စင်ယူလိုက်လို့ရလား”
“...........”
နဂါးမင်းကြီးသုံးပါးတို့သည် ချွေးစေးများပင် ပြန်လာ၏။
“သူတို့အတွက်ကတော့”
နဂါးလေးသည် နဂါးမင်းကြီး သုံးပါးကို လှမ်းကြည့်ကာ လက်ကိုယမ်းခါလိုက်၏။ ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော သံချောင်းများသည် လွင့်စင်သွားခဲ့ကြ၏။ သူသည် အေးစက်စက်ဖြင့် ပြောလိုက်၏။ “သူတို့က ဒီလူဆိုးကို ကူညီခဲ့တယ်ဆိုပေမဲ့ ကျုပ်က သူတို့ကို ချမ်းသာပေးလိုက်မယ်”
နဂါးမင်းကြီးသုံးပါးတို့သည် စိတ်ဓာတ်တကျဖြင့် မြေပေါ်သို့ ပြုတ်ကျလျက်ရှိ၏။ ၎င်းတို့၏ ခန္ဓာကိုယ်မှာ ဖြစ်တည်လျက် ရှိနေသည့် နာကျင်မှုများကို လျစ်လျှူရှုကာဖြင့် အလျင်အမြန် ဒူးထောက်ကာ ပြောလိုက်သည်။ “ကျေး.. ကျေးဇူးတင်ပါတယ် အင်ပါယာ .... ဘိုး .... ဘိုးဘေးကြီး”
ချင်းမင်နဂါးဘုရင်သည် အာဏာလုရန် ကြိုးစားရင်း ကျရှုံးခဲ့ရ၏။ နဂါးလေးမှာ နဂါးနယ်မြေ၏ အုပ်စိုးသူ ဖြစ်လာ ခဲ့သည်။ သူတို့အနေနှင့် အခြေအနေကို လက်ခံရပေလိမ့်မည်။ သို့ပေမဲ့ တစ်ဖက်လူသည် အရောင်ကိုးရောင် ရှိသော လက်ကိုးချောင်းနဂါးဖြစ်လို့နေခဲ့၏။ ထိုအရာသည် ဒဏ္ဍာရီထဲမှ နဂါးဘိုးဘေးကြီးဖြစ်၏။ သူတို့အနေနှင့် အင်ပါယာဟု ခေါ်ဆို၍ မဖြစ်နိုင်ချေ။ ဘိုးဘေးကြီးဟု ခေါ်ဆိုရပေမည်။
ကျွင်းချောင်ရှောင်းမှာတော့ မည်သည့်စကားမှ မဆိုချေ။ ထို့အပြင် ဤကိစ္စသည် နဂါးမျိုးနွယ်၏ အတွင်းရေး ကိစ္စရပ်ကြီး ဖြစ်သည်မဟုတ်ပါလား။
ရွှီး
နဂါးလေးသည် လက်ကို အသာမြှောက်လိုက်၏။ ကြမ်းတမ်းလွန်းလှသော နဂါးစွမ်းအင်များ ထွက်ပေါ်လျက် ရှိ၏။ အရှက်မဲ့စွာဖြင့် တိုင်တွင် သံဖြင့်ရိုက်နှက်ခံထားရသည့် ချင်းမင်နဂါးဘုရင်ကို ဖုံးလွှမ်းသွား၏။ ပြီးသည့်နောက် ဆိုးရွားသည့်အော်ဟစ်သံကြီး ထွက်ပေါ်လာပြီးသည့်နောက် ချင်းမင်နဂါးဘုရင်၏ ခန္ဓာကိုယ်ဆီမှ သလင်းအမြူတေ နှင့် ဆင်တူလွန်းလှသော နဂါးအဆီအနှစ်သည် ထွက်ပေါ်လာခဲ့၏။
နဂါးမင်းကြီးသုံးပါးတို့သည် ထိတ်လန့်ကြောက်ရွံ့ရလွန်းသောကြောင့် သက်ပြင်းများပင် ချမိလိုက်ကြ၏။ အစစ်အမှန် ရှာဖွေခြင်း ထိပ်ဆုံးအဆင့်တွင်ရှိနေသည့် သိုင်းကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်ထဲမှ နဂါး အဆီအနှစ်အား ထုတ်ယူနိုင်ခြင်းဆိုသည်မှာ ဤနဂါးဘိုးဘေးကြီး၏ စွမ်းအင်အဆင့်မှာ ကျိန်းသေပေါက် ကြောက်မက်ဖွယ် ကောင်းလွန်းလှပေလိမ့်မည်။
“သွားကြရအောင်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “နဂါးမျိုးနွယ်ကို မင်းအမွေဆက်ခံရအုံးမယ်”
“အင်း” နဂါးလေးက ခေါင်းညိတ်လိုက်၏။
“ဟေး”
ရှောင်မိုရှန်းသည် အနောက်မှ လိုက်ပါလာ၏။ သူမ၏ နှုတ်ခမ်းထောင့်များသည် ကွေးညွတ်သွားသည်။ “ကိုယ့်ကိုယ်ကိုယ် အရမ်းကို အံ့အားသင့်စရာကောင်းတဲ့ လူတစ်ယောက်လို ထင်နေတာလား။ ငါ့ကို တစ်ချက် ကလေးတောင်မှ လှည့်မကြည့်ဘူး”
“သွားစမ်း.. ငါ့အနားကဖယ်”