အခန်း ၁၅၉၃
Vol. 107 Ch. 1593
အပိုင်း (၁၅၉၃)
နဂါးမျိုးနွယ်၏ ကိစ္စများသည် အခြေခံအားဖြင့် ပြီးဆုံးသွားခဲ့ပြီဖြစ်၏။ သို့ပေမဲ့ အရေးကြီးဆုံး ကိစ္စမှာတော့ ထိုအရာသည် ပုလ္လင်ကိုနန်းဆက်ခံရန်ပင် ဖြစ်သည်။ နဂါးလေးသည် နဂါးအင်ပါယာ၏ ခန္ဓာကိုယ်မရှိသော်လည်း မြေကမ္ဘာနဂါးဦးချို နှလုံသား နှင့် ပေါင်းစပ်ပြီးသည့်နောက် ပိုမို အားကောင်းလှသည့် နဂါးဘိုးဘေးကြီး၏ ခန္ဓာကိုယ်ကို အမွေဆက်ခံ ရရှိခဲ့၏။ ထို့ကြောင့် နဂါးမျိုးနွယ်တစ်ခုလုံး ၏ အုပ်စိုးသူဖြစ်လာမှာ သေချာသည်။
ဖြောက် ... ဖြောက် .... ဖြောက် ....။
ကလန်ဟောခန်း၏ အပြင်ဖက်မှာတော့ ကျုံးရီသည် ၎င်း၏ကျွဲရိုင်းစက်ရုပ်များကို ဦးဆောင်ကာဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် တည်နေရာကိုရှင်းလင်းလျက်ရှိ၏။ တည်နေရာထဲတွင် များပြားလှသော နဂါးကြေးခွံများ တည်ရှိနေပြီး ၎င်းတို့သည် အားလုံးကို သိုလှောင်လက်စွပ်ထဲသို့ သိမ်းဆည်းလျက်ရှိ၏။
နဂါးများသည်လည်း မွန်းစတားများသာ ဖြစ်၏။ ထို့ကြောင့်ထိုအရာများသည်လည်း တန်ဖိုးကြီးမားသော အရာများပင် ဖြစ်၏။ နဂါးလေးကို အားနာသောကြောင့်ပင် မဟုတ်ပါက ကုန်းရှန့်သည် နဂါးအသားကို ယူဆောင်ကာဖြင့် လျိုဝမ်ရှစ်ကို ချက်ပြုတ်ခိုင်းကာ စားသောက်ရန် အစီအစဥ်ပင်ရှိခဲ့သည်။
ဟူး ဟူး ဟူး ....။
တောဝက်ရိုင်းများသည် မြေပေါ်သို့ဆင်းကာ ၎င်းတို့၏ မြေဓာတ်သဘာဝများကို အသုံးပြုကာဖြင့် ကြီးမားလှသည့်တွင်းများကို မြေဖို့လျက်ရှိ၏။ လီချင်းယန်၏ ဆောက်လုပ်ရေးအဖွဲ့များသည် ကျောက်ချပ်များကို ပြန်လည်ခင်းခြင်းကို တာဝန်ယူထာ၏။
ကုန်းရှန့်၏ ပထမဆုံးစိတ်ဝိညာဥ်သားရဲ ဖြစ်သည်နှင့်အညီ ကြီးမားလှသည့် ဂုဏ်ပုဒ်များ မရှိသော်လည်း ကြမ်းတမ်းပြီးအလုပ်ကြိုးစားသည့်နေရာမျိုးမှာတော့ တော၀က်ရိုင်းလေးက ဦးဆောင်ထား၏။ မတတ်နိုင်ချေ။ တောဝက်ရိုင်းလေး၏ အခန်းကဏ္ဍသည် ထောက်ပံ့ပို့ဆောင်ရေးတွင်သာ အားကောင်းနေလေသည်။
ဥပမာအားဖြင့် ခရမ်းရောင်လျှပ်စီးကျားသားရဲနှင့် အားလုံးကို နိုးထနိုင်အောင် ပြုလုပ်နိုင်သည့် ကြက်ဖအပြင် တခြားသောစိတ်ဝိညာဥ်သားရဲများသည် မနာလိုပင် ဖြစ်မိနေကြ၏။ ထို့ပြင်၎င်းတို့သည် အပိုင်းတစ်ထောင်ကျော်အထိ တစ်ခါတလေမှသာ ပါလာရသော ဇာတ်ပို့သတ္တဝါများသာ ဖြစ်နေသည် မဟုတ်ပါလား။
ရက်အနည်းအတွင်းမှာပဲ ပျက်စီးပြိုလဲနေသည့် နဂါးနန်းတော်ကြီးသည် အသစ်အတိုင်း ပြန်လည်ဖြစ်တည်သွားခဲ့၏။ အဘယ့်ကြောင့်ဆိုသော် လီချင်းယန်သည် အားလုံးကိုဦးဆောင်ကာဖြင့် ပြန်လည်တည်ဆောက်သောကြောင့်ပင် ဖြစ်၏။ ကြည့်ရသည်မှာ ယခင်ကထက် ပိုမို၍ခန့်ငြားသွားခဲ့၏။
"အထက်ပိုင်း အကြီးအကဲကြီး"
ကလန်၏ရှေ့တွင် မတ်တပ်ရပ်လျက်ရှိနေသည့် ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "နဂါးလေးအနေနဲ့ မနက်ဖြန်မှာ ပုလ္လင်ကိုဆက်ခံမယ်ဆိုရင် ဘယ်လိုနေမလဲ"
"ကောင်းတာပေါ့"
ဘေးတစ်ဖက်တွင် ရပ်နေသော အထက်ပိုင်းအကြီးအကဲ ပြောလိုက်၏။ ဤနဂါးမျိုးနွယ်၏ အထက်ပိုင်းအကြီးအကဲသည် ပထမ၎င်းတို့ဆီ လာရောက်လည်ပတ်စဥ်ကထက် ကြီးကြီးမားမား ပြောင်းလဲသွားခဲ့၏။ အထူးသဖြင့် ၎င်း၏ကိုယ်နှုတ်အမူအရာနှင့် ဟန်ပန်ပင် ဖြစ်သည်။
အကြောင်းအရင်းမှာ ရိုးရှင်းလှချေ၏။ ယခင်ရောက်ရှိလာသော အထက်ပိုင်းအကြီးအကဲကြီးသည် ချင်းမင်နဂါးဘုရင်မှ ၎င်းအစား ဟန်ဆောင်ကာဖြင့် စေလွှတ်ထားခဲ့သည့် လူတစ်ယောက်ပင် ဖြစ်၏။ အစစ်အမှန် အထက်အပိုင်းအကြီးအကဲမှာတော့ နဂါးလေး၏ နန်းတက်မှုကိုသာ အလိုရှိနေသဖြင့် ဖမ်းဆီးအကျဥ်းချခဲ့၏။ အရာကိစ္စများကို မသိသလိုနေထိုင်ခဲ့သည့် နဂါးမင်းကြီးသုံးပါးနှင့်မတူဘဲ သူသည် နဂါးလေးကို အမှန်ပင်ထောက်ပံ့ပေးခဲ့သူဖြစ်၏။ နဂါးအင်ပါယာ၏ ခန္ဓာကိုယ် ယူဆောင်သွားခံရသည် ဆိုလျှင်တောင်မှ သူသည် နဂါးလေးကို ဆက်လက်ကာ အားပေးခဲ့သေး၏။
နဂါးမျိုးနွယ်တွင် ရှိနေသော နဂါးများအတွက်တော့ ချင်းမင်နဂါးဘုရင်၏ နောက်လိုက်များမှလွဲ၍ အကုန်လုံးသည် အမှောင်ထဲတွင် ဆက်လက်ကာ ပုန်းအောင်းလျက် ရှိနေကြ၏။ အရင်တုန်းက သူတို့သည် အဓိကမြို့သို့ လာရောက်ခဲ့ကြ၏။ အဘယ့်ကြောင့်ဆိုသော် အဓိက အင်ပါယာ ခန္ဓာကိုယ်၏ ဆင့်ခေါ်မှုကြောင့်ပင် ဖြစ်၏။ တိတိကျကျပြောရလျှင် ၎င်းတို့သည် အသုံးချခံများပင်။
နောက်တစ်ရက် ....။
နဂါးအင်ပါယာ၏ ဆက်ခံမှုအခမ်းအနားသည် စတင်ခဲ့၏။
နဂါးမင်းကြီးသုံးပါးနှင့် နဂါးမျိုးနွယ်၏ စီနီယာအဖွဲ့ဝင်များသည် ရောက်ရှိလာခဲ့ကြ၏။ ၎င်းတို့၏ ဒဏ်ရာများမှာတော့ မကောင်းမွန်ကြသေးချေ။ ၎င်းတို့သည် နန်းတော်ရှေ့တွင် စီစီရီရီနှင့် မတ်တပ်ရပ်လျက် ရှိနေကြ၏။ ၎င်းတို့၏ မျက်နှာပေါ်တွင်တော့ ရှက်ရွံ့သည့် အရိပ်အယောင်များဖြင့် ပြည့်နှက်လျက်ရှိ၏။ အချို့သော နဂါးမျိုးနွယ်၏ ကျွမ်းကျင်သူများသည် ချင်းမင်နဂါးဘုရင်၏ နောက်လိုက်များ မဟုတ်ကြချေ။ သို့ပေမဲ့ ၎င်းတို့အားလုံးသည် အတူပူးပေါင်းကာဖြင့် တိုက်ခိုက်ခဲကြဖူးသည်။
ယခု နဂါးအင်ပါယာအသစ် နန်းတက်သည့်အခါမှာတော့ ၎င်းတို့သည် ကိုယ့်ကိုကိုယ် ရှက်ရွံ့လျက် ရှိနေကြ၏။ နဂါးလေးသည်လည်း ထိုအရာကို သတိပြုမိ၏။ သို့ပေမဲ့ နန်းပုလ္လင်ကို ဆက်ခံရပြီးနောက် သူသည် လက်စားချေမှုကိုတော့ မပြုလုပ်တော့ချေ။ များပြားလှသော အထက်ပိုင်းအကြီးအကဲများ သည် ဤကဲ့သို့ အာဏာလွန်ဆွဲပွဲတွင် ပါဝင်နေကြ၏။ တစ်ယောက်ခြင်းကိုသာ လိုက်၍ လက်စားချေနေရလျှင် မဆုံးသော သံသရာကဲ့သို့ပင် ဖြစ်သွားလိမ့်မည်။
သို့ပေမဲ့ နန်းတက်ပွဲပြီးသည့်နောက် ကျွင်းချောင်ရှောင်းက မေးလိုက်၏။ "သူတို့ကို အပြစ်မပေးဘူးဆိုတာ သေချာလား။ "
"လူတွေအများကြီး ဒီထဲမှာ ပါဝင်ပတ်သက်နေတယ်လေ။ ပြီးတော့ တစ်ချို့က တွန်းအားပေးခံထား ရတယ်" နဂါးလေးက ပြောလိုက်သည်။
"အခု ချင်းမင်နဂါးဘုရင်ကို သုတ်သင်ပြီးပြီဆိုတော့ တစ်ခြားသူတွေလဲ မလုပ်ရဲတော့ပါဘူး။ သူတို့အကုန်လုံးကို သတ်ပစ်လို့လည်း မဖြစ်ဘူးလေ။ နဂါးမျိုးနွယ်အခြေခံကို သက်ရောက်သွား လိမ့်မယ်"
ကျွင်းချောင်ရှောင်းသည် ခေါင်းညိတ်လိုက်၏။
"မင်းက ဒီကပ်ဘေးကြီးပြီးတဲ့နောက်မှာ အတော့်ကို ရင့်ကျက်လာတာပဲ။ လာခဲ့ ...... မင်းရဲ့စိတ်ကို လျော့ထား"
နဂါးလေးသည် ဘာကိုဆိုလိုမှန်း မသိချေ။ သို့ပေမဲ့ ပြောသည့်အတိုင်း လုပ်ထားလိုက်၏။ ပြီးသည့်နောက် ၎င်းတို့နှစ်ယောက်ကြားရှိ ဆက်သွယ်မှုပျက်သွားသည်ကိုသိလိုက်ရပြီးနောက် ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။ "သခင်"
ကျွင်းချောင်ရှောင်းသည် နဂါးလေး၏ ပုခုံးကို အသာပုတ်ကာ ပြောလိုက်၏။ "မင်းကအခု နဂါးမျိုးနွယ်ရဲ့ ခေါင်းဆောင်ဖြစ်သွားပြီလေ။ နဂါးမျိုးနွယ်ရဲ့ အနာဂတ်က မင်းအပေါ်မူတည်နေပြီ"
နဂါးနှင့် သူသည် သားဖောက်ပြီးနောက် အလိုလို သခင်နှင့်ကျေးကွန်ရေးထိုးပြီးပြီ ဖြစ်၏။ သို့ပေမဲ့ ကုန်းရှန့်သည် ၎င်းအား ကျေးကွန်တစ်ယောက်ကဲ့သို့ ဘယ်တုန်းကမှ မဆက်ဆံခဲ့ချေ။ မိသားစုတစ်ယောက်ကဲ့သို့သာ ဆက်ဆံခဲ့၏။ ယခု နန်းပုလ္လင်ကို ဆက်ခံပြီးသောကြောင့် သူ၏ကျေးကျွန်အဖြစ် ဆက်လုပ်ရန် မသင့်တော်တော့ချေ။
"သခင်"
နဂါးလေးသည် ဝမ်းနည်းစွာဖြင့် ပြောလိုက်၏။ "ကျုပ်ကို ထပ်ပြီးတော့ မလိုချင်တော့ဘူးလား"
"ငါ့ကို ဂိုဏ်းချုပ်လို့ခေါ်"
"ဂိုဏ်းချုပ်ကျွင်း"
ဘန်း
ခေါင်းကို လက်သီးဖြင့် ထိုးချပြီးနောက် ဝင်ခွင့်ဖောင်ကိုထုတ်ကာ ပြောလိုက်၏။
"ဂိုဏ်းချုပ်လို့ပဲခေါ် "
နဂါးလေးသည် ခေါင်းကိုပွတ်သပ်ပြီးနောက် စပ်ဖြီးဖြီးနှင့် ရယ်လိုက်၏။ သခင်နှင့် ကျေးကျွန်ဆက်ဆံရေးသည် ပြီးဆုံးသွားခဲ့သော်လည်း ဂိုဏ်းချုပ် နှင့် တပည့် အဖြစ်သို့ ပြောင်းလဲခဲ့၏။ သူ့အနေဖြင့် ငြင်းပယ်စရာမရှိချေ။
"ကျုပ်"
သူသည် စုတ်တံကို ကောက်ယူကာဖြင့် တုံ့ဆိုင်းဆိုင်းဖြင့် ပြောလိုက်၏။ "ကျုပ်မှာ နာမည်ရှိတယ်လို့ မထင်ဘူး"
နဂါးလေးဆိုသည်မှာ နာမည်ပြောင်သာ ဖြစ်၏။ တရားဝင်နာမည်အဖြစ် အသုံးမပြုနိုင်ချေ။
"ရိုးရှင်းတယ်"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ကိုယ့်ဘာသာ ရွေးလိုက်လေ"
ဟမ်
နဂါးလေးသည် သူ၏ခေါင်းကိုကုတ်ကာဖြင့် စဥ်းစားလျက် ရှိနေ၏။ ဤအူကြောင်ကြောင်ကောင်သည် အဘယ့်ကြောင့် သူ၏ပဋိညာဥ်သားရဲ ဖြစ်နေရသနည်း။ ကိုယ့်ကိုယ်ကိုယ်တောင် စဥ်းစား၍ မရချေ။
ကျွင်းချောင်ရှောင်းသည် ဤကဲ့သို့ စဥ်းစားရင်းမှ ညဏ်အလင်းရရှိသွား၏။ "နဂါးမျိုးနွယ်တွေရဲ့ နာမည်က လုံနဲ့စတယ်။ ဒီတော့ ကောင်းကင်ကြီးကနေ အောက်ကိုငုံ့ကြည့်မယ်ဆိုတဲ့ အဓိပ္ပာယ်ရှိတဲ့ လုံဟောင်ထျန်းလို့ပဲ ပေးလိုက်ရင်ကော"
"ကောင်းပြီ"
အခု နဂါးလေးသည် ပဋိညာဥ်သားရဲတစ်ကောင် မဟုတ်တော့ချေ။ ကိုယ်ပိုင်နာမည်ဖြင့် ပြိုင်စံရှားဂိုဏ်းသားဖြစ်သော လုံဟောင်ထျန်း ဖြစ်သွားခဲ့၏။ ရှမ်းရှဝတ္ထုများထဲတွင် နာမည်ကြီးမျိုးရိုးများဖြစ်သော ရီ၊လင်း၊ရှောင်နှင့် လုံ မျိုးရိုးနာမည်များထဲမှ ဟောင်ထျန်းဟူသော နာမည်ကို ရရှိခဲ့ပြီ ဖြစ်သည်။
ဘုတ်
ထင်ရှားလျက်ရှိနေသော ဂိုဏ်း၏ တံဆိပ်တုံးကို ထုနှက်လိုက်၏။
"တပည့် လုံဟောင်ထျန်း"
နဂါးလေးသည် ခန္ဓာကိုယ်ကို မတ်မတ်ထားကာဖြင့် လက်သီးကိုဆုပ်ကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကို ဂါဝရပြုပါတယ်"
ပဋိညာဥ်သားရဲအဖြစ်မှ သူသည် ဂိုဏ်းသားအဖြစ်သို့ ရောက်ရှိခဲ့၏။ ပြောရမည်ဆိုလျှင် ၎င်းတို့၏ ဆက်ဆံရေးသည် ယခင်အတိုင်းပင် ဖြစ်၏။
ရောင်မုန့်ယဥ်သည် နတ်ဆိုးစစ်သည်တစ်သန်းကျော်ကို ထိန်းချုပ်နိုင်စွမ်း ရှိ၏။ လုံဟောင်ထျန်းသည် နဂါးမျိုးနွယ်တစ်ခုလုံးကို ထိန်းချုပ်ထားနိုင်သည်။ ကျွင်းချောင်ရှောင်းမှာတော့ ကျောက်ရုပ်ထုမျိုးနွယ် ကလန်ခေါင်းဆောင်ဖြစ်၏။ အထက်နယ်မြေတွင် အားအကောင်းဆုံးသော မျိုးနွယ်စုသုံးစုသည် ပြိုင်စံရှားဂိုဏ်း၏ ထိန်းချုပ်မှုအောက်တွင် ရှိလို့နေခဲ့၏။ ထိုစွမ်းအားများကိုသာ စုစည်းလိုက်လျှင် အင်မော်တယ်အဆင့်ဂိုဏ်းကြီးဆယ်ဂိုဏ်းအနေဖြင့် ဘာတစ်ခုမှ တတ်နိုင်လိမ့်မည် မဟုတ်ချေ။
ထိုမျှမကသေးချေ။ လီချင်းယန်၊ ရှောင်ကျီနှင့် အခြားသူများသည် အဓိက မွန်းစတားမျိုးနွယ် အသီးသီးဆီမှ လက်ရွေးစင် သတ္တ၀ါများနှင့် အသက်သွေး ပဋိညာဥ် ရေးထိုးထားကြ၏။ ၎င်းတို့ကိုပါ ထည့်တွက်လိုက်လျှင် အကုန်လုံး မျက်ဖြူစိုက်သွားပေလိမ့်မည်။
အောက်နယ်မြေတွင် ရှိစဥ်က ကျွင်းချောင်ရှောင်းသည် သူ၏အဆင့်ကို ဂိမ်းဆာဗာခိုးယူကာ တိုးတက်အောင် ပြုလုပ်ခဲ့၏။ ပြီးနောက် အဓိကဂိုဏ်းအသီးသီးကို စိန်ခေါပြီးနောက် ပြိုင်စံရှားဂိုဏ်း၏ ဂုဏ်သတင်းကို တိုးတက်အောင် တစ်လှမ်းခြင်း ပြုလုပ်ခဲ့ရ၏။
အထက်နယ်မြေသို့ ရောက်ရှိလာပြီးနောက် သူသည် အစစ်အမှန်ရှာဖွေခြင်းအဆင့်ကို ရောက်ရှိခဲ့သည် ဆိုသော်လည်း သူ၏တပည့်နှင့် သူထိန်းချုပ်ထားသော စွမ်းအင်များသည် ထိပ်တန်းအင်အားစုများကို ယှဥ့်ပြိုင်နိုင်သည်အထိ ကြီးမားနေပြီ ဖြစ်၏။ ထိုအရာမှာ နှစ်အနည်းငယ်သာ ကြာမြင့်ပေသေးသည်။
ရက်အနည်းငယ်ကြာမြင့်ပြီးနောက် ကျွင်းချောင်ရှောင်းသည် အားလုံးသောသူများကို ဦးဆောင်ကာဖြင့် နဂါးမြို့မှ ထွက်ခွာလာခဲ့၏။ ပြန်ဖို့အချိန်ကျရောက်ပြီ ဖြစ်၏။
"ဂိုဏ်းချုပ်"
နဂါးလေးသည် တံခါးဝအထိ လိုက်လံပို့ဆောင်ကာ လေးလေးနက်နက်ပြောလိုက်သည်။ "မျိုးနွယ်စုရဲ့ ကိစ္စတွေအကုန်လုံးပြီးသွားရင် ဂိုဏ်းဆီကို ပြန်လာခဲ့ပါမယ်"
သူသည် ယခုမှ မျိုးနွယ်စု၏ အုပ်စိုးသူ ဖြစ်လာခြင်းပင်။ ထို့ကြောင့် အတွင်းစည်းကိစ္စရပ်များကို ပြုလုပ်ရပေဦးမည်။ ချက်ချင်းပြန်လာရန် မဖြစ်နိုင်သေးချေ။
"အင်း"
ကျွင်းချောင်ရှောင်းသည် နားလည်သည်ဟူသော သဘောကိုပြလိုက်၏။ သို့ပေမဲ့ သူသည် မထွက်ခွာခင်မှာတော့ တစ်စုံတစ်ခုကို တွေးတောလိုက်မိ၏။ "ကြယ်တာရာစိတ်ဝိညာဥ် လောက က လူတွေ အချိန်မရွေး ရောက်လာနိုင်တယ်။ ဒီတော့ နဂါးမျိုးနွယ်က လူတွေက ဒါတွေအားလုံးကို ဖြေရှင်းထားနိုင်ဖို့ ကြိုပြီးတော့ ပြင်ဆင်ထားသင့်တယ်"
"နားလည်ပါပြီ"
ကျွင်းချောင်ရှောင်းသည် အင်္ကျီလက်ကို ယမ်းခါကာဖြင့် အားလုံးကို ဦးဆောင်ခေါ်သွားခဲ့၏။
ဟမ့်
ရှောင်မိုရှန်း သည် နဂါးလေးအား ဒေါသတကြီးဖြင့် စူးစိုက်ကြည့်လျက်ရှိ၏။ ပြီးသည့်နောက် အသာလှည့်ကာဖြင့် သူမ၏သခင်နောက်သို့ လိုက်ပါသွား၏။
"အင်ပါယာ"
၎င်းတို့ထွက်ခွာသွားသည်ကို ကြည့်ရှုပြီးနောက် အထက်ပိုင်းအကြီးအကဲကြီးသည် အားရဝမ်းသာသည့် အမူအရာဖြင့် ပြောလိုက်သည်။
"ဂိုဏ်းချုပ်ကျွင်း က သာမန်ထက်ပိုတာပဲ"
ချင်းမင်နဂါးဘုရင်၏ အဆင့်သည် အမှန်ပင်ကောင်းမွန်လွန်းလှ၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်း ရောက်ရှိလာချိန်တွင် မည်သည့်စွမ်းအင်ကိုမှ မရှိတော့သည့် လူတစ်ယောက်ကဲ့သို့ပင် ရိုက်နှက်နှိပ်စက်ခံခဲ့ရ၏။
"ဂိုဏ်းချုပ်နဲ့ သေချာလေး ထိတွေ့ဆက်ဆံဖူးမယ်ဆိုရင် ဂိုဏ်းချုပ်က"
နဂါးလေးသည် ဂုဏ်ယူဝင့်ကြွားစွာပြောလိုက်၏။ "ဂိုဏ်းချုပ်က သာမန်ထက်ပိုတာနဲ့တင် မလုံလောက်သေးဘူး"
............
"အကြီးအကဲယု"
နဂါးမျိုးနွယ်များ၏ အပြင်ဘက်ဆီသို့ ထွက်ခွာလာပြီးနောက် ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "သူတို့ကိုခေါ်ပြီး ဂိုဏ်းကိုအရင်ပြန်လိုက်အုံး။ ကျုပ် ကျောက်ရုပ်ထုမျိုးနွယ်ကလန်ဆီ ခရီးထွက်လိုက်အုံးမယ်"
"ချီးတဲ့မှ ..... သူဦးဆောင်ပြီးတော့ ပြန်ရမှာလား"
တင်းရှင်းဝမ်၊ လီချင်းယန်နှင့် အခြားသူများသည် နဂါးနယ်မြေသို့လာရာလမ်း၌ ဖြစ်ပေါ်လာသည့် နာကျင်ဖွယ်ရာ အဖြစ်များကို ပြန်လည်ကာ စဥ်းစားလိုက်မိကြသည်။
ဆွစ် ဝှစ်
အထက်ပိုင်းအကြီးအကဲများနှင့် ပြိုင်စံရှားဂိုဏ်းမှ တပည့်များသည် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားခဲ့၏။
ကျွင်းချောင်ရှောင်းသည် နှင်းဆီဧကရီကို ခေါ်ဆောင်ကာဖြင့် ကုန်းစွန်းရော့လီနှင့်အတူ ကျောက်ရုပ်ထုမျိုးနွယ်ဆီသို့ ပြန်ခဲ့၏။ သူသည် ပြိုင်စံရှားဂိုဏ်းသို့ တိုက်ရိုက်မပြန်ခဲ့ချေ။ မျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်သည်မို့ စီစဥ်စရာများကို ကြိုတင်ကာ စီစဥ် ပေဦးမည်။
"ငါ့သား"
လမ်းမှာတော့ ကုန်းစွန်းရော့လီက ပြောလိုက်၏။ "မင်းမိန်းမကိုကြည့်ရတာ ထူးခြားတဲ့ သဘာဝစွမ်းရည်မျိုးကို ပိုင်ဆိုင်ပေမဲ့ သူမရဲ့ အားအင်အဆင့်ကတော့ အရမ်းကို အားနည်းလွန်းတယ်။ ဒီတော့ ငါနဲ့အတူတူလိုက်ပြီး အချိန်အတိုင်းအတာတစ်ခုအထိ လေ့ကျင့်ဖို့ စေလွှတ်လိုက်ရင်ရော"
"အဖေက အကြင်နာတရား ကင်းမဲ့တဲ့ အမေ့ကို လိုက်ရှာဖို့ အထက်နယ်မြေကနေ ထွက်ခွာသွားမှာ မဟုတ်ဘူးလား။”
“အင်း တစ်နှစ်၊ နှစ်နှစ်လောက်ကတော့ ကိစ္စမရှိပါဘူး"
"ကောင်းပြီ"
ကျောက်ရုပ်ထုမျိုးနွယ်၏ ခေါင်းဆောင်သည် မိန်းမဖြစ်သည်ဆိုသော်လည်း ကြီးမြတ်သူတုံးကုထက်ပင် ပိုမိုကာ အားကောင်းလွန်း၏။ သူမ၏ သင်ကြားပြသမှုနှင့်အတူ နှင်းဆီဧကရီသည် ပိုမိုကာ အားကောင်းလှမည်မှာ သေချာတော့၏။
အနောက်ပင်လယ်ရှိ တည်နေရာကြီးသည် တစ်ဖြည်းဖြည်းနှင့်ကွဲအက်လာခဲ့၏။ ရုတ်တရက် အလင်းတန်းတစ်ခုဆီမှ လူတစ်ယောက် ထွက်ပေါ်လာ၏။ ပြီးနောက် အားရပါးရဖြင့် ရယ်မောလိုက်သည်။
"ဟား ဟား ဟား နောက်ဆုံးတော့ ဒီဘိုးဘေးကြီးက ထွက်လာခဲ့ပြီ။ နောက်ဆုံးတော့ ထွက်လာခဲ့ပြီကွ"
ဘယ်သူလဲ။ ဤဝတ္ထုစာအုပ်တွင် ကံအဆိုးဆုံးဖြစ်သည့် နတ်ဆိုးအင်ပါယာပင် ဖြစ်လေ၏။