← Chapters

အခန်း ၁၅၉၅

Vol. 107 Ch. 1595

အခန်း ၁၅၉၅

Vol. 107 Ch. 1595

အပိုင်း (၁၅၉၅)

“အင်း။ ဒါက အရင်က အနံ့အတိုင်းပဲ။”

အဓိကဟောခန်း၏ အရှေ့တွင် မတ်မတ်ရပ်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် တိုက်ခတ်လာသည့် လေပြေညင်း များကို ရှူရှိုက်ရင်း စိတ်သက်သာရာရသလို ခံစားနေမိ၏။ ကျောက်ရုပ်ထုမျိုးနွယ်ကလန်တွင် သူသည် ကလန် ခေါင်းဆောင်တစ်ယောက်ဖြစ်သည်ဆိုသော်လည်း ဤနေရာကိုသာလျှင် သူသည် အိမ်ဟု သတ်မှတ်မိ၏။

“ကောင်မလေး”

ကျွင်းချောင်ရှောင်းသည် ကျယ်လောင်စွာ ပြောလိုက်၏။

“အစားအသောက်တွေ ပြင်ဆင်တော့။ ဒီည ပါတီပွဲကျင်းပမယ်။”

မျိုးနွယ်စု ၃ ခုသည် သူ၏ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် ထိန်းချုပ်မှုအောက်တွင် ရောက်ရှိနေ၏။ စက်ရုပ်နှင့် နတ်ဆိုးစစ်သည်များအားလုံးသည်လည်း သာမန်ထက်ပိုသည့် တိုက်ခိုက်ရေးစွမ်းအင်ကို ထုတ်ဖော်နိုင်စွမ်းရှိနေပြီ ဖြစ်ကြောင်းကို နဂါးကလန်ထဲတွင် သေသေချာချာ မြင်ခဲ့ရ၏။ ထို့ကြောင့် ကျိန်းသေပေါက် ဂုဏ်ပြုပွဲကို ပြုလုပ်ရပေ လိမ့်မည်။

“ကောင်းပါပြီ။”

လျှိုဝမ်ရှစ်သည် စားသောက်ခန်းတွင်ရှိနေသော အဖွဲ့ဝင်များကို ဦးဆောင်ကာဖြင့် စတင်ကာ အလုပ်များတော့၏။ ညသို့ ရောက်လာသည့်အချိန်မှာတော့ ကြီးမားလှသော မီးပုံပွဲကြီးကို ထွန်းညှိလိုက်ပြီးသည့်နောက် စားပွဲပေါ်တွင် အရသာရှိလှသော အစားအစာများကို တည်ခင်းထား၏။

အထက်ပိုင်းအကြီးအကဲနှင့် တပည့်များအားလုံးသည် လေ့ကျင့်ရေးတည်နေရာတွင် စုဝေးကာဖြင့် သောက်စားပျော်ပါးလျက်ရှိနေ၏။ ရီရှင်းချန်သည်လည်း အပါအဝင်ပင် ဖြစ်တော့၏။ သူသည် စုရှောင်မို၏ ပုခုံးပေါ်သို့ လက်တစ်ဖက်တင်ကာဖြင့် စားပွဲပေါ်တွင်ရှိနေသော အရက်မူးအိပ်မက် ဝိုင်ဂျား ၁၀ ဂျားကို လှမ်းကာ ကြည့်ရှုလိုက်၏။ ပြီးနောက် တည်ငြိမ်အေးချမ်းစွာဖြင့် ပြောလိုက်သည်။

“ဒီနေ့ အကုန်ကုန်အောင်မသောက်ဘူးဆိုရင် ထွက်သွားဖို့ စဉ်းတောင်မစဉ်းစားနဲ့။” ဝိုင်တာအို နတ်ဘုရားသည် အကြောက်အလန့်ကင်းမဲ့လှချေ၏။

………..

ကျွင်းချောင်ရှောင်းသည် ဝိုင်ခွက်ကို မြှောက်ကာဖြင့် စိတ်ဝင်တစားဖြင့် ပြောလိုက်၏။ “ခင်ဗျား ဓားတောင်မီးပင်လယ်နယ်မြေထဲကို ဝင်ရပြီးတဲ့နောက်မှာ တော်တော်ကြီးကြီးမားမား ပြောင်းလဲသွားခဲ့ တာပဲ။”

“………..”

ခရမ်းရောင်ဘုရင်၏ နှုတ်ခမ်းများသည် တုန်ယင်သွားခဲ့၏။ သူသည် အချိန်အတော်ကြာ ဓားတောင်မီးပင်လယ်နယ်မြေ ထဲတွင် သွားရောက်ကာ လေ့ကျင့်နေခဲ့ရ၏။ ဤအရာနှင့်ပတ်သက်၍ သေသေချာချာ ပြောဆိုခဲ့ခြင်းမရှိသည်ဆိုသော် လည်း သူကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများအားလုံးသည် ကြက်သီးထလောက်ဖွယ်ရာပင်။

ဟုတ်ပေသည်။ အကျိုးသက်ရောက်မှုများနှင့် ပြန်လာခဲ့ခြင်းဖြစ်၏။ အထဲသို့ မဝင်ခင်က ခရမ်းရောင်ဘုရင်သည် အဆင့် ၇ သို့မဟုတ် အဆင့် ၈ အမြုတေပြောင်းလဲခြင်းအဆင့်သာ ရှိသည်ဆိုသော်လည်း လက်ရှိအခြေအနေမှာတော့ အစစ်အမှန် ရှာဖွေခြင်းအဆင့်နှင့် နှိုင်းယှဉ်၍ ရနိုင်သည့်အခြေအနေဆီသို့ ရောက်ရှိလာခဲ့၏။

“ကျုပ် ကြားခဲ့တယ်။”

ကျွင်းချောင်ရှောင်းသည် နောက်ထပ်ဝိုင်တစ်ခွက်ကို ကောက်မော့ကာဖြင့် ပြုံးလိုက်မိသည်။ “ခင်ဗျား တည်နေရာအက်ကွဲကြောင်းကြီးကို ဆွဲခွဲပြီးတော့ ရှိတဲ့ လူတွေအကုန်လုံးကို နဂါးမျိုးနွယ်ထဲဆီကို ခေါ်သွား နိုင်ခဲ့တယ်တဲ့။ ဟုတ်လား။”

“……..”

ခရမ်းရောင်ဘုရင်သည် စိတ်ထဲမှာ ကြိတ်ကာ ရေရွတ်လျက်ရှိနေ၏။ ထပ်ပြီး ကြားချင်တာလား။ မျက်စိနဲ့ ကိုယ်တိုင် မြင်ခဲ့တာပဲ မဟုတ်ဘူးလား။

“ကျိ”

ကျွင်းချောင်ရှောင်းသည် ဝိုင်ခွက်ကို အသာမော့ကာဖြင့် အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။ “ခင်ဗျားရဲ့ ဒီစွမ်းအင်က တကယ့်ကို ကောင်းတာပဲ။ အနာဂတ်မှာ အားတယ်ဆိုရင် ကျုပ်ကို တစ်ခြားမျိုးနွယ်စု တွေဆီ အလည်အပတ် ခေါ်သွားပါအုံး။”

“……..”

ခရမ်းရောင်ဘုရင်၏ မျက်နှာပေါ်ရှိ ကြွက်သားများသည် တဆတ်ဆတ် တုန်ယင်လျက်ရှိနေ၏။ ဤကဲ့သို့သော သွားလည်မည် ဟူသည့် အဓိပ္ပာယ် သည် တစ်ခြားသော အဓိပ္ပာယ်သက်ရောက်ကြောင်း သူက ကောင်းကောင်း သိရှိနေ၏။

…………

ဂုဏ်ပြုပွဲသည် ညသန်းခေါင်အထိ ကြာမြင့်ခဲ့၏။ တပည့်များအနေနှင့် ကျင့်ကြံခြင်းကို လုံးဝမစဉ်းစားဘဲ နေထိုင် ခွင့်ရသည့်အချိန်သည် အလွန်ရှားပါးလွန်းလှ၏။ ထို့ကြောင့် ပျော်ရွှင်လျက်ရှိနေကြသည်။

ဘုတ်

စုရှောင်မိုသည် နောက်ဆုံးမှာတော့ မည်သို့မှ မနေနိုင်ဘဲ စားပွဲခုံအောက်သို့ ပြုတ်ကျကာ အိပ်ပျော်သွား၏။

“ဟမ့်”

ရီရှင်းချန်သည် ဝိုင်ဂျားကြီးကို အသာချကာဖြင့် လဲကျသွားခဲ့ပြီဖြစ်သော သူ၏ ရောင်းရင်းကို ကြည့်ရှုကာ အထင်အမြင် သေးစွာဖြင့် ပြောလိုက်သည်။ “ဒီလောက်ကိုတောင်မှ တောင့်မခံထားနိုင်ဘူး။”

အားညိုသည် အရက်မသောက်ပေ။ သို့ပေမဲ့ အားညိုသည် မမူးသေးချေ။ ထိုအစား သောက်လေ ခေါင်းတွေ ပိုမိုကာ ကြည်လင်လာသလိုဖြစ်၏။ စားပွဲကြီး ပြီးဆုံးသွားသည့်နောက်မှာတော့ သူသည် တောင်၏ ထိပ်တစ်နေရာသို့ မတ်မတ်ရပ်လျက်ရှိပြီး စိတ်ရှုပ်ထွေးလျက်ရှိသည့် အကြည့်များနှင့်အတူ ကောင်းကင်ပေါ်သို့ မော့ကြည့်လျက်ရှိ၏။

“မင်း ဘာတွေတွေးနေတာလဲ။” ကျွင်းချောင်ရှောင်း၏ အသံသည် အနောက်ဘက်ဆီမှ ထွက်ပေါ်လာသည်။

ရီရှင်းချန်သည် ခေါင်းလှည့်မကြည့်ချေ။ သူက ပြောလိုက်၏။ “ဒီအတောအတွင်းမှာ ကျုပ်ရဲ့ခန္ဓာကိုယ်ထဲမှာ အခြားဝိညာဉ်တစ်ခုက လှုပ်ရှားသွားလာနေတယ်လို့ ခံစားမိနေတယ်။”

“ဖေးအားညိုလား”

“ဟုတ်တယ်”

ကျွင်းချောင်ရှောင်းသည် ဘေးတစ်ဖက်တွင်ရှိနေသော ကျောက်တုံးပေါ်တွင် ထိုင်ကာဖြင့် ခြေထောက်ကို ယမ်းခါရင်း ပြောလိုက်သည်။ “ကြည့်ရတာ မင်းက သူ့ခန္ဓာကိုယ်ယူသွားတယ်ဆိုပေမဲ့ သူ့ရဲ့ဝိညာဉ်ကို အလုံးစုံထုတ်မပစ်နိုင်ခဲ့ဘူးထင်တယ်။”

ရီရှင်းချန်သည် နာနာကျင်ကျင်နှင့် ပြောလိုက်၏။ “တကယ်လို့ ကျုပ်ကို အခွင့်အရေးသာ ထပ်ပြီး ပေးမယ်ဆိုလို့ရှိရင် ကျုပ်ရဲ့ အမှားကို ပြင်ဆင်ဖို့ပဲ တောင်းဆိုမိမယ်။”

“ဘယ်လိုအမှားမျိုးလဲ။”

“ကျုပ်ကြောင့် အပြစ်ကင်းတဲ့ အသက်တစ်သက် ပါဝင်ပတ်သက်ခဲ့ရတာမျိုးလေ။” ကျွင်းချောင်ရှောင်းသည် အမှန်ပင် အံ့အားသင့်သွားမိ၏။

ဖေးအားညို၏ ခန္ဓာကိုယ်ကို ယူဆောင်ခြင်းနှင့်ပတ်သက်လျှင် သူလက်ရှိနေထိုင်ရာ ကျင့်ကြံခြင်းလောက၏ သဘော သဘာဝအရဆိုလျှင် ကျိန်းသေပေါက် မှားယွင်းသည့်အရာတစ်ခု မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ဤတည်နေရာ သည် သိုင်းကျင့်ကြံသူများကိုသာ လေးစားမှုရှိသည့် ကျင့်ကြံခြင်းလောကကြီး ဖြစ်နေသည်မဟုတ်ပါလား။ ထို့ကြောင့် မိမိပြုလုပ်ချင်သည်ကို လုပ်နိုင်စွမ်းရှိနေ၏။ သိုင်းပညာကို လေ့ကျင့်ကြသော ကျွမ်းကျင်သူများသည် သာမန်လူသား တစ်ယောက်၏ အသက်ကို မည်သို့သောအခါကမှ စိတ်ဝင်စားလိမ့်မည်မဟုတ်ချေ။

“ဂိုဏ်းချုပ်”

ရီရှင်းချန်သည် လေးလေးနက်နက် ပြောလိုက်၏။ “ကျုပ် ဝိညာဉ်ကြံ့ခိုင်ခြင်းနတ်အတတ်ကျမ်းကို နက်နက်နဲနဲ နားလည်လာတဲ့အချိန်မှာ အဲဒီသိုင်းပညာက ကျုပ်ရဲ့ အမှားကို ပြန်လည်ပြင်ဆင်နိုင်ဖို့အခွင့်အရေးရှိတယ်လို့ သိရှိခဲ့ရတယ်။”

“မင်းဘာကို ဆိုလိုတာလဲ။” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။

“ဝိညာဉ်ကြံ့ခိုင်ခြင်းနတ်အတတ်က ဝိညာဉ်ကို ပိုမိုကြံ့ခိုင်စေဖို့ အခြေအနေမှာ အသုံးပြုတာလေ။ ဒါပေမဲ့ ထိပ်ဆုံး အဆင့်ထိ ကျင့်ကြံနိုင်တယ်ဆိုရင် ဝိညာဉ်ကိုစိတ်နဲ့ ထိန်းချုပ်နိုင်စွမ်းရှိတယ်။ ဒါဆိုရင် ဝိညာဉ်ကို ခန္ဓာကိုယ်ထဲကနေ ထုတ်ပြီး တစ်ခြားခန္ဓာကိုယ်တစ်ခုထဲကို ထည့်ပြောင်းဖြစ်နိုင်လောက်တယ်။”

“အဲလောက် မှော်ဆန်လား။” ကျွင်းချောင်ရှောင်းက ကြောင်အသွား၏။ သူသည် လတ်တလော အလုပ်များနေသောကြောင့် ဝိညာဉ်ကြံ့ခိုင်ခြင်း နတ်အတတ်ကို မလေ့ကျင့်ရသေးချေ။

ပိုမိုအားကောင်းစေရန်အလို့ငှာ အားညိုသည် နေ့စဉ်နေ့တိုင်း လေ့ကျင့်လျက် ရှိနေ၏။ ထို့ကြောင့် သူ၏ နားလည်မှုသည် ပိုမိုကာ အားကောင်းလာခဲ့၏။

“ဆိုးတာက”

ရီရှင်းချန်သည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ “တစ်ခြားသူရဲ့ ခန္ဓာကိုယ်ထဲကို လွှဲပြောင်းမယ်ဆိုရင် နောက်ထပ်အသက်တစ်သက်က ပါဝင်ပတ်သက်နေအုံးမှာပဲလေ။ ဒါကြောင့် ကျုပ်က လွန်ဆွဲနေမိတာ။”

“ဒါက ရိုးရှင်းတယ်လေ။”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “အလောင်းတစ်ခုခုကို ရှာရမှာပေါ့။”

ယေဘုယျအားဖြင့် ပြောရမည်ဆိုလျှင် သူသည်လည်း တစ်ခြားသောသူ၏ ခန္ဓာကိုယ်ကို ယူဆောင်ထားခြင်းဖြစ်၏။ သို့ပေမဲ့ ရီရှင်းချန်နှင့် မတူစွာဖြင့် အတင်းအဓမ္မ ရယူထားခြင်းမဟုတ်ပေ။ မူလပိုင်ရှင် သေဆုံးပြီးသည့်နောက် သူသည် ဆက်ခံရယူထားခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် အားနာမှုကို ဘယ်လိုမှ မခံစားရချေ။

“သာမန်အလောင်းတစ်ခုနဲ့ ပေါင်းစပ်နိုင်မယ်ဆိုရင်လည်း အစကနေ ပြန်ပြီးတော့ လေ့ကျင့်ရအုံးမယ်။”

ဤအရာကို ရီရှင်းချန် ဝေခွဲမရ ဖြစ်နေခြင်းပင်ဖြစ်၏။ သူသည် ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားချင်မိသည်။ သို့ပေမဲ့ ဤခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားပြီး အားညိုအား ပြန်လည်ထိန်းချုပ်ခွင့်ရစေချင်မိသည်။ သို့ပေမဲ့ သူသာ အခြား ခန္ဓာကိုယ်တစ်ခုဆီသို့ ရောက်ရှိသွားပါက ၁၀ နှစ်တာ ကြိုးစားခဲ့သမျှ အရာအားလုံးသည် အမှိုက်ကဲ့သို့ ဖြစ်တည် သွားပေလိမ့်မည်။

လင်းရောင်ပတ်သက်သည့် အမုန်းတရားများသာ မရှိပါက ရီရှင်းချန်သည် ပြန်လည်စတင်ရမည်ဆိုလျှင်တောင်မှ ထိုအရာကိုသာ ရွေးချယ်မိပေလိမ့်မည်။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ လင်းရောင်နှင့်ပတ်သက်သည့် ၁၀ နှစ်တာ ကတိစကားက တည်ရှိလို့နေခဲ့သောကြောင့် အစမှ ပြန်လည်လေ့ကျင့်ဖို့ဆိုသည်မှာ သူ့အတွက် အလွန်ပင် ခက်ခဲ လွန်း၏။

“အင်း”

ကျွင်းချောင်ရှောင်းသည် သူ၏ မေးစေ့ကို ပွတ်သပ်ကာဖြင့် ပြောလိုက်သည်။ “တကယ်လို့ အလောင်းနဲ့ ဝိညာဉ်က လိုက်ဖက်မှုမရှိဘူးဆိုလို့ရင်လည်း ဘာမှန်းမသိတဲ့ ပြဿနာတွေ ဖြစ်လာနိုင် တယ်။ ဒီကိစ္စကို သေသေချာချာ စဉ်းစားဖို့ လိုအပ်လိမ့်မယ်။ အလျင်မလိုနဲ့။”

သူက နှစ်သိမ့်လိုက်မိ၏။ “ရှေ့မှာ သွားစရာလမ်းတွေ အရှည်ကြီးရှိသေးတာပဲ။ ငါတို့ ကြိုတင်ပြီး စဉ်းစားထားသင့်တယ်။”

အချက်အလက်အားဖြင့် ကုန်းရှန့်သည် ရီရှင်းချန်နှင့် ဖေးအားညိုတို့ကို မည်ကဲ့သို့ ခွဲခြမ်းရမည်ဖြစ်ကြောင်းကို စဉ်းစား ထားမိပြီးသားဖြစ်၏။ သို့ပေမဲ့ သူ့၌ နည်းလမ်းတော့ မရှိချေ။ ယခု ဝိညာဉ်ကြံ့ခိုင်ခြင်းနတ်အတတ်သည် ထိုကဲ့သို့ အရာမျိုးကို ပြုလုပ်နိုင်မည်ဆိုတာကို သိရှိပြီဖြစ်မှတော့ သူသည် လေးလေးနက်နက်နှင့် ကျိန်းသေပေါက် ပြုလုပ်ရပေ လိမ့်မည်။ ထို့အပြင် သေဆုံးသွားခဲ့သော ထိပ်တန်းကျွမ်းကျင်သူတစ်ယောက်၏ ခန္ဓာကိုယ်ကို ရှာဖွေနိုင်မည် ဆိုလျှင်……….။

…………………

ဝါး

ကြည်လင်လျက်ရှိနေသည့် ရေကန်ထဲတော့ အားကောင်းလှသည့် ခန္ဓာကိုယ်တစ်ခုသည် ရေမျက်နှာသွင်ပြင်ပေါ်သို့ တဖြည်းဖြည်းချင်း တက်လာ၏။ ပြီးနောက် ကမ်းခြေတွင် ရပ်တန့်လိုက်၏။ မည်သူဖြစ်သနည်း။ နတ်ဆိုးဘိုးဘေးကြီး ပင်ဖြစ်၏။ သူသည် နတ်ဆိုးနယ်မြေထဲတွင် အချိန်အတော်ကြာပိတ်မိနေခဲ့ပြီးသည့်နောက် နောက်ဆုံး အားရပါးရ ရေချိုးကာ ထလာခြင်းပင်ဖြစ်သည်။

ဟား … ဟား ….။

ကန်ထဲတွင် အရိပ်ထင်လျက်ရှိနေသော သူ၏ ခန္ဓာကိုယ်ကို ကြည့်ရှုပြီးသည့်နောက် ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက် မိ၏။ “တကယ့်ကို ပြည့်စုံတဲ့ ခန္ဓာကိုယ်တစ်ခုပဲ။”

ပြန်လည်တည်ဆောက်ထားသည့်ခန္ဓာကိုယ်သည် မည်သည့်အရာမှ မှားယွင်းမှုမရှိချေ။ သို့ပေမဲ့ ယခင်ကျင့်ကြံခြင်း အဆင့်ကို ပြန်လည်ရရှိရန်တော့ အချိန်အတော်ကြာ လိုအပ်ပေဥ◌ီးမည်။

“ဒါက ပြဿနာကြီးတစ်ခုမဟုတ်ဘူး။”

နတ်ဆိုးဘိုးဘေးကြီးသည် နှစ်သိမ့်လိုက်၏။ “ငါ နေရာကောင်းတစ်ခုခုကို ရှာပြီး ပြန်လည်အားမွေးမယ်ဆိုရင် အနည်းဆုံး နှစ် ၁၀၀ လောက်ပဲ ပြန်ပြီး လေ့ကျင့်ရမှာ။”

နတ်ဆိုးနယ်မြေတွင်ရှိနေသော နတ်ဆိုးစစ်သည် တစ်သန်းကျော်တို့ မရှိတော့ချေ။ ဖုံးကွယ်ထားသည့်စိတ်ဝိညာဉ်ကျွန်း ကလည်း ပျောက်ကွယ်သွားခဲ့၏။ သို့ပေမဲ့ သူ့အနေနှင့် ဤအရာများအားလုံးသည် သူ့အား စိတ်ဓာတ်ကျအောင် ပြုလုပ်နိုင်စွမ်းတော့ မရှိပေ။ သူသည် နှစ်ပေါင်းတစ်သိန်းကျော် သေဆုံးခြင်းနှင့် ကျဆုံးမှုဟူသော အရာများကို ခံစားခဲ့ရဖူးသူဖြစ်သည်မဟုတ်ပါလား။

“ဘိုးဘေးကြီး”

အစောင့်အရှောက်ကြီးက ပြောလိုက်၏။ “နောက် ဘာဆက်လုပ်ကြမလဲ။”

နတ်ဆိုးဘိုးဘေးကြီး၏ မျက်လုံးများသည် သတ်ဖြတ်လိုခြင်းဆန္ဒများနှင့် ပြည့်နှက်လျက်ရှိသည်။ “ဖြစ်နိုင်သမျှ ပြိုင်စံရှားဂိုဏ်းကို သုတ်သင်ရှင်းလင်းပစ်ဖို့ နည်းလမ်းကို စဉ်းစားကြရမှာပေါ့။”

သူ၏ စစ်သည်များအဘယ့်ကြောင့် ပျောက်ကွယ်သွားရသနည်း။ သူ၏ ဌာနချုပ်သည် အဘယ့်ကြောင့် ပျောက်ကွယ် သွားရသနည်းဆိုသည့် အကြောင်းအရာနှင့်ပတ်သက်၍ သူသေသေချာချာ မသိသေးချေ။ ထိုအရာများသည်သာ ကျွင်းချောင်ရှောင်းနှင့်ပတ်သက်သည်ဆိုသည့်အကြောင်းကို သိရှိသည်ဆိုပါက သူသည် ကျိန်းသေပေါက် ဒေါသပုန် ထမိမှာ သေချာ၏။

အစောင့်အရှောက်ကြီးသည် စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်သည်။ “ပြိုင်စံရှားဂိုဏ်းက အခုချိန်မှာ အဓိကဂိုဏ်းတော်တော်များများရဲ့ အသိအမှတ်ပြုခြင်းကို ခံနေရတာလေ။ ကျုပ် စိုးရိမ်မိတာက ….”

နတ်ဆိုးဘိုးဘေးကြီးသည် တစ်ဖက်လူ၏ ဦးခေါင်းကို လက်ညှိုးဖြင့် ထိုးကာပြောလိုက်၏။ “ခင်ဗျား ရဲ့ ခေါင်းထဲမှာ ချီးတွေပဲ ရှိတာလား။ ဘယ်လိုမျိုး လှည့်ကွက်တွေသုံးရမယ်ဆိုတာကို မသိဘူးလား။”

“နားလည်ပါပြီ။” အစောင့်အရှောက်ကြီးသည် ရုတ်တရက် နားလည်သွားမိသည်။

ဘိုးဘေးကြီးသည် သူ့အား ပြိုင်စံရှားဂိုဏ်းအား ပွင့်ပွင့်လင်းလင်း သွားကာ တိုက်ခိုက်စေခြင်းမျိုးမဟုတ်ပေ။ နောက်ကွယ်မှနေ၍ လှည့်ကွက်များအသုံးပြုရန် ခိုင်းစေခြင်းသာဖြစ်၏။

“ကျုပ်တံခါးပိတ်ပြီး ကျင့်ကြံတော့မယ်။”

နတ်ဆိုးဘိုးဘေးကြီးသည် ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ “ပြိုင်စံရှားဂိုဏ်းနဲ့ ရင်ဆိုင်တဲ့ ကိစ္စရပ်တွေအားလုံး ခင်ဗျားဆီလွှဲထားလိုက်မယ်။ အကောင်းဆုံးလုပ်လိုက်တော့။”

“ကောင်းပါပြီ။”

အစောင့်အရှောက်ကြီးသည် ချက်ချင်းပဲ ဦးခေါင်းကို မော့လိုက်၏။ သို့ပေမဲ့ သူသည် အားပျော့စွာ ပြောလိုက်၏။ “ဘိုးဘေးကြီး ဘယ်နေရာကို သွားပြီးတော့ တံခါးပိတ်ကျင့်ကြံမယ်လို့ စဉ်းစားထားလဲ။”

“ငါ အနောက်ဘက်ပင်လယ်ထဲမှာ နေလို့မဖြစ်ဘူး။”

နတ်ဆိုးဘိုးဘေးကြီးသည် ခဏလောက် တွေးတောကာ ပြောလိုက်သည်။ “အရှေ့ဘက်ပင်လယ်ဆီကို သွားမှဖြစ်မယ်။”

“အရှေ့ဘက်ပင်လယ်မှာ ကျောက်ရုပ်ထုမျိုးနွယ်ကလန်ရဲ့ ဝင်ပေါက် ရှိတယ်။ တကယ်လို့ သူတို့သာ သိသွားမယ် ဆိုရင်”

“ဟမ့်”

နတ်ဆိုးဘိုးဘေးကြီးသည် ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်၏။ “ကျုပ်သာ ပုန်းအောင်းချင်တယ်ဆိုရင် ဘယ်သူမှ ရှာဖွေတွေ့ရှိမှာမဟုတ်ဘူး။”

သေဆုံးသွားခဲ့ပြီဖြစ်သော အသုဘခန်းဆောင်မှ လူများသည် အသက်သာ ပြန်လည်ရှင်သန်လာသည်ဆိုပါက ကျိန်းသေပေါက် ထကာ အော်ဟစ်မိပေလိမ့်မည်။ “ဘိုးဘေးကြီး ဖုံးကွယ်ထားတဲ့ စိတ်ဝိညာဉ်ကျွန်းမှာတုန်းကလည်း အဲလိုပြောခဲ့တာပဲ။ နောက်ဆုံးတော့ ကျုပ်တို့ အားလုံးကို ရှာတွေ့ခဲ့တာနဲ့တင် မကာသေးဘူး။ အကုန်လုံးကို သတ်သွားသေးတယ်။”

All Chapters