အခန်း ၁၅၉၇
Vol. 108 Ch. 1597
အပိုင်း (၁၅၉၇)
“အစောင့်အရှောက်ကြီး... ပြိုင်စံရှားဂိုဏ်းရဲ့ တပည့်တွေက ကျွန်းငယ်လေးတစ်ခုကို ဆင်းသွားပြီ”
“သူတို့က သူတို့က မြေမြှုပ်ပစ်ရမယ့် နေရာတစ်ခုကို ဘယ်ကိုရှာရမလဲ ကောင်းကောင်း သိကြတာပဲ”
“ဒါဆိုရင် ကျုပ်တို့ လှုပ်ရှားကြမလား”
“နေအုံး... သူတို့ အလစ်ငိုက်မိတဲ့အချိန်ကို စောင့်ကြရအောင်”
အစီအရင်ဟောခန်းမှ အဖွဲ့ဝင်များအားလုံးသည် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို ဖန်တီးရင်း အလုပ်ရှုပ် လျက်ရှိနေ၏။
အစောင့်အရှောက်ကြီးနှင့် သူ၏နောက်လိုက်များအားလုံးသည် အဆိပ်ပြင်းမြွေများကဲ့သို့ပင် အမှောင်ထဲ၌ ပုန်းအောင်းလျက် ရှိနေ၏။ တကယ်တမ်းမှာတော့ သူတို့သည် အရှေ့ပင်လယ်ဆီသို့ ရောက်ရှိ မလာခဲ့စဉ်က ဝင်ရောက်ကာ လှုပ်ရှားတိုက်ခိုက်ပြီး သတ်ဖြတ်ချင်မိ၏။ သို့ပေမဲ့ တခြားသော ကျင့်ကြံသူများ အလန့်တကြား ဖြစ်သွားမည်ကို စိုးရိမ်မိ၏။ ထို့ကြောင့် အောင့်အီးသည်းခံနေခြင်းသာ ဖြစ်သည်။
ယခု ချောင်ကျလွန်းသော ကျွန်းငယ်လေးတစ်ခုဆီသို့ ရောက်ရှိလာပြီဆိုမှတော့ သူတို့အနေနှင့် ဘာတစ်ခုမှ ကြောက်စရာ မရှိတော့ချေ။ အကောင်းဆုံးအရာသည် အရှေ့ပင်လယ်ထဲတွင် သူ၏ ဘိုးဘေးကြီးသည် တံခါးပိတ် ကျင့်ကြံနေခြင်းပင်။
ပြိုင်စံရှားဂိုဏ်း၏ တပည့်များကို သူသာ သတ်ဖြတ်ပြီး ဦးခေါင်းများကို ယူဆောင်သွားနိုင်ခဲ့သည်ဆိုပါက နတ်ဆိုး ဘိုးဘေးကြီးသည် သူ့အား မျက်နှာသာပေးမှာ သေချာ၏။ အစောင့်အရှောက်ကြီးသည် ပိုမိုကာ တွေးတောလေ စိတ်လှုပ်ရှားလာလေ ဖြစ်သည်။ ဆယ့်ငါးမိနစ်လောက် ကြာပြီးသည့်နောက် သူသည် အချိန်ကောင်း ရောက်ရှိပြီဟု ဆုံးဖြတ်လိုက်၏။ ချက်ချင်းပဲ လက်ကို ယမ်းခါကာ ပြောလိုက်၏။ “အားလုံးကို သတ်လိုက်တော့”
“ကောင်းပါပြီ”
ဆွစ် ဆွစ်
ချက်ချင်းပဲ အမှောင်ထဲတွင် ပုန်းအောင်းလျက် ရှိနေသော အသုဘခန်းဆောင်မှ အဖွဲ့ဝင်များအားလုံးတို့သည် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်ကို ထုတ်ဖော်ကာဖြင့် ကျွန်းထဲသို့ ပြေးဝင်သွားခဲ့ကြသည်။
“ဟောခန်းသခင်”
ထိုအချိန်မှာပဲ အစီအရင်ဟောခန်းမှ အဖွဲ့ဝင်တစ်ယောက်သည် ပျော်ရွှင်စွာဖြင့် ပြောလိုက်၏။ “ဂိုဏ်းနဲ့ ဆက်သွယ်လို့ ရသွားပြီ။ အချိန်မရွေး တည်နေရာ ရွှေ့ပြောင်းလို့ ရနိုင်ပြီ”
“အင်း”
ဟောခန်းသခင်ကျိက ခေါင်းညိတ်လိုက်၏။ ဓားတောင်၊ မီးပင်လယ် လျှို့ဝှက်နယ်မြေထဲတွင် အတွေ့ အကြုံများ ရရှိပြီးသည့်နောက် ဟောခန်းသခင်ကျိသည် ယခင်ကထက် ပိုမိုကာ ရင့်ကျက်လာခဲ့သည်။
ဆွစ် ဆွစ်
ထိုအချိန်မှာပဲ လေလှိုင်းများသည် ကျွန်း၏ အပြင်ဘက်ဆီမှ ထွက်ပေါ်လာ၏။ “အမ်” ခရမ်းရောင်ဘုရင်သည် အသာလှည့်ကြည့်ပြီးသည့်နောက် အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာဖုံးများ တပ်ထားသည့် လူများသည် ကောင်းကင်ပေါ်မှ ဆင်းသက်လာကြောင်း မြင်လိုက်ရ၏။ “အသုဘခန်းဆောင်လား”
“သေစမ်း”
အကြီးအကဲကြီးသည် ပထမဦးဆုံး လှမ်းဝင်လာခဲ့၏။ သူသည် များပြားလွန်းလှသော နတ်ဆိုးချီများကို ထုတ်ဖော်လာခဲ့၏။ အလယ်အလတ်အဆင့် အစစ်အမှန်ရှာဖွေခြင်း အဆင့်ကို ဆက်တိုက်ဆိုသလိုပဲ ထုတ်ဖော် ကာဖြင့် တစ်ဖက်လူများကို ဖိနှိပ်လိုက်သည်။
ပြိုင်စံရှားဂိုဏ်းမှ တပည့်များသည် အကြမ်းဖျင်းအားဖြင့် အမြူတေပြောင်းလဲခြင်းအဆင့်သာ ရှိသည်ကို သူ အတည်ပြုပြီးသားဖြစ်၏။ သူမ ပြောနှင့် သူ၏နောက်လိုက်များပင်လျှင် ထိုသူတို့အား ကောင်းကောင်းမွန်မွန်နှင့် လွယ်လွယ်ကူကူ ရင်ဆိုင်နိုင်စွမ်း ရှိကြ၏။
“ခင်ဗျားတိုက်ခိုက်ချင်တာလား”
ဟောခန်းသခင်ကျိသည် ချက်ချင်းပဲ သူ၏အဝတ်များကို ချွတ်လိုက်၏။ သူ့၌ အနီရောင်အတွင်းခံလေး တစ်ခုသာလျှင် ကျန်ရှိတော့သည်။
ဆွစ် ဆွစ် ဆွစ်
ပန်းရောင်လက်ဝှေ့အိတ်ကြီးကို ဝတ်ဆင်ပြီးသည့်နောက် သူသည် လက်ကို တဘုန်းဘုန်း ထုနှက်ကာဖြင့် ပြောလိုက်၏။ “ခင်ဗျားနဲ့ အဆုံးထိ တိုက်ခိုက်ပေးလိုက်မယ်”
ဘုန်း
နတ်ဆိုးအော်ရာများနှင့် မွန်းစတားအော်ရာများသည် ထိပ်တိုက်တွေ့ဆုံပြီးသည့်နောက် လှိုင်းများအဖြစ်ပင် ဖြစ်တည်သည်။
ဆွစ် ....။
အစောင့်အရှောက်ကြီးသည် ပေတစ်ရာနီးပါးခန့် အနောက်သို့ ဆုတ်သွားခဲ့ပြီး မျက်လုံးထဲတွင် မယုံကြည်နိုင်မှု များဖြင့် ပြည့်နှက်သွားခဲ့သည်။ မည်သို့ပင်ကြည့်ကြည့် တစ်ဖက်လူသည် ယခုမှ အစစ်အမှန်ရှာဖွေခြင်းအဆင့်ကို ဝင်ရောက်ကာစ ဖြစ်ပုံပေါ်၏။ သို့ပေမဲ့ အဘယ်ကြောင့် အားအင်အဆင့်သည် ကြောက်မက်ဖွယ်ရာ ကောင်းနေရ သနည်း။
ရွှီး
ထိုအချိန်မှာတော့ ခရမ်းရောင်ဘုရင်သည် ခရမ်းရောင်အလင်းတန်းများကို ထုတ်ကာဖြင့် အရှေ့ဆီသို့ တိုးဝင် လာခဲ့၏။ သူ၏ခန္ဓာကိုယ် တစ်ခုချင်းစီတိုင်းနှင့် မရီဒန်များသည် ကြမ်းတမ်းလွန်းလှသော စွမ်းအင်များကို ထုတ်ဖော်လျက် ရှိနေ၏။ ပတ်ဝန်းကျင်တည်နေရာကြီး တစ်ခုလုံးပင်လျှင် တွန့်လိမ်လျက် ရှိနေ၏။
ဘုန်း ဘုန်း ဘုန်း ဘုန်း ......။
ပေါက်ကွဲသံများသည် အဆက်မပြတ် ဖြစ်ပေါ်လျက်ရှိနေပြီး ကောင်းကင်ယံထက်တွင်တော့ စွမ်းအင်လှိုင်းများ ပြည့်နှက်လျက် ရှိနေ၏။ မတူညီသည့် တခြားသောလူတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားပြီဖြစ်သော ခရမ်းရောင် ဘုရင်သည် ကြောက်မက်ဖွယ်ရာကောင်းလှသည့် တိုက်ခိုက်နိုင်မှု အားအင်ကို အစွမ်းကုန် ထုတ်ဖော်လျက် ရှိနေသည်။
ထို့ကြောင့် အသုဘခန်းဆောင်မှ အစောင့်အရှောက်ကြီးသည် တောက်လျောက်ပဲ အနောက်သို့ ဆုတ်ခွာလျက် ရှိနေ၏။ တစ်ချိန်တည်းမှာပဲ သူ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်ပေါက်လာခဲ့၏။ ဤလူသည် လူသား တစ်ယောက် မဟုတ်နိုင်ချေ။
မဆိုးပေ။ ကျိသည် လူသားတစ်ယောက် မဟုတ်ချေ။ မွန်းစတားတစ်ယောက် သာလျှင် ဖြစ်လေ၏။
ဘုန်း ဘုန်း ....။
ဟောခန်းသခင်ကျိသည် အမြန်ဆန်ဆုံးသော နှုန်းထားဖြင့် ဆက်ကာ တိုက်ခိုက်လျက်ရှိ၏။ တိုက်ခိုက်နိုင်မှု စွမ်းရည်သည် လက်သီးတစ်ချက်ထိုးတိုင်း ပိုမိုကာ အားကောင်းလာခဲ့၏။ အစောင့်အရှောက်ကြီးသည် ဟန်ချက် ညီစွာဖြင့် မရှောင်ရှားနိုင်ခဲ့ချေ။ ထို့ကြောင့် ဆိုးဆိုးရွားရွား ပုံပန်းသွင်ပြင်မျိုး ရိုက်နှက်ခံနေရ၏။ သို့ပေမဲ့ သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုက ဖြစ်တည်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ နောက်လိုက်များသည် ကျွန်းထဲသို့ တိုးဝင်သွားခဲ့ကြသည် မဟုတ်ပါလား။ ၎င်းတို့အားလုံးသည် ပြိုင်စံရှားဂိုဏ်းမှ တပည့်များအားလုံးကို ဝန်းရံထား၏။
“မင်းက အားကောင်းချင် အားကောင်းလိမ့်မယ်။ ဒါပေမဲ့ ငါ့ရဲ့လူအရေအတွက်နဲ့ အားအင်အဆင့်ကသာသေးတယ်။ သေစမ်း”
အစောင့်အရှောက်ကြီးသည် ရှောင်ရှားရင်းမှ အော်ဟစ်လိုက်သည်။ “သူတို့အားလုံးကို သတ်လိုက်တော့”
“ကောင်းပါပြီ”
အသုဘခန်းဆောင်မှ လူများ၏ မျက်လုံးများသည် ကြမ်းတမ်းလွန်းလှသော နတ်ဆိုးအလင်းတန်း များနှင့် ပြည့်နှက်လာခဲ့၏။ ၎င်းတို့သည် စွမ်းအင်အကုန်ကို စုစည်းကာဖြင့် ပြိုင်စံရှားဂိုဏ်းတပည့် ရာကျော်ရှိရာသို့ တိုးဝင်သွားခဲ့ကြသည်။ ၎င်းတို့သည် အရေအတွက်အားဖြင့်သာမက အရည်အသွေးအားဖြင့်လည်း အားကောင်း လွန်းလှ၏။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းတပည့်များ အားလုံးတို့သည် အမူအရာတစ်ချက်ကလေးမှ မပြောင်းလဲ ခဲ့ကြချေ။ သူတို့သည် သေဆုံးသွားရမည်ဆိုလျှင်တောင်မှ ခပ်တည်တည်ဖြင့် ရပ်လျက်ရှိ၏။
ဟား ဟား ဟား ဟား
အသုဘခန်းဆောင်မှ အဖွဲ့ဝင်တစ်ယောက်သည် အားရပါးရ ရယ်မောပြီးနောက် ပြောလိုက်၏။ “သေခြင်းတရား ဆိုတာ အရမ်းကို နာကျင်ရတဲ့ အရာပဲလေ။ မင်းတို့ သွားပြီးတော့ အတွေ့အကြုံ ယူကြ”
ဟူး ဟူး ဟူး
စွမ်းအင်လှိုင်းမျိုးစုံတို့သည် ကျဆင်းလာ၏။ အရှိန်အဟုန်မှာ ကျယ်ပြန့်ကြီးမားလွန်းလှသည်။ အစီအရင်ကို ဖန်တီး တည်ဆောက်ခဲ့ပြီးပြီဖြစ်သော အစီအရင်ဟောခန်းမှ အဖွဲ့ဝင်များသည် တစ်ချက်ကလေးမှ မလှုပ်ရှားခဲ့ကြချေ။ ၎င်းတို့သည် ခေါင်းမော့ရင်ကော့ကာဖြင့် လက်များကိုပိုက်ကာ ယုံယုံကြည်ကြည်နှင့် ရပ်နေကြသည်။
ဤအချင်းအရာသည် အသုဘခန်းဆောင်မှ အဖွဲ့ဝင်များအားလုံးကို ပိုမိုကာ ဒေါသထွက်သွားစေ၏။ သူတို့သည် စွမ်းအင်အကုန်ကို ထုတ်ဖော်ကာ တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ သို့ပေမဲ့ တစ်ဖက်လူများသည် မည်သို့မှ ဂရုမစိုက်ချေ။
ဟူး ဟူး
နတ်ဆိုးအော်ရာများသည် ကြောက်မက်ဖွယ်ရာ ကျဆင်းလာခဲ့သည်။ လေထုထဲတွင် ဝံပုလွေအော်ငြီးသံကဲ့သို့ အသံများ ထွက်ပေါ်လာ၏။ သို့ပေမဲ့ ဤကဲ့သို့သော အရေးအကြောင်း အခြေအနေမျိုးတွင် တည်နေရာ ရွှေ့ပြောင်းခြင်းအစီအရင်ကြီးက လင်းလက်လာခဲ့၏။
ဖြူမဲညီနောင်တို့သည် အရင်ဆုံးထွက်ပေါ်လာ၏။ ပြီးနောက် တင်းရှင်းဝမ်နှင့် တခြားသော အထက်ပိုင်းအကြီး အကဲများသည်လည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့ထွက်ပေါ်လာခဲ့သည်နှင့် တပြိုင်နက် လေထုထဲတွင် စုစည်းလျက်ရှိနေသော နတ်ဆိုးအော်ရာများသည် ချက်ချင်းပဲ ယုတ်လျော့သွားခဲ့သည်။
ခရမ်းရောင်ဘုရင်နှင့် တိုက်ခိုက်လျက်ရှိနေသည် အစောင့်အရှောက်ကြီးသည် မျက်လုံးများ ပြူးထွက်သွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော သေးငယ်လှသည့် ကျွန်းလေးတွင် ပြိုင်စံရှားဂိုဏ်းမှ တပည့်တစ်ထောင် ကျော်တို့သည် အဘယ်ကြောင့် အချိန်တိုအတွင်း ရောက်ရှိလာရသနည်း။ ထို့အပြင် အားလုံးသောသူများသည် အမြူတေပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်လို့နေကြ၏။ အစစ်အမှန်ရှာဖွေခြင်းအဆင့် ကျင့်ကြံသူများ လည်း ပါဝင်နေကြသေး၏။
ဘုတ် ......။
အစီအရင်၏ အပြင်ဘက်မှာတော့ ရှောင်ကျီသည် ထိုင်ခုံတစ်ခုကို သေသေချာချာ ပြင်ဆင်ပေးလိုက်သည်။ ကျွင်းချောင်ရှောင်းသည် ထိုင်ခုံပေါ်သို့ အသာထိုင်ချပြီးသည့်နောက် ဘယ်ခြေပေါ် ညာခြေတင်ကာဖြင့် ဦးခေါင်းကို ငုံ့၍ စီးကရက်ကြီးကို မီးညှိလိုက်၏။ ပြီးနောက် သူသည် တည်ငြိမ်စွာ ပြောလိုက်သည်။ “ကောင်းကင်ကို သွားတဲ့လမ်းကြောင်းကို မရွေးချယ်ဘဲနဲ့ ငရဲတံခါးကို လာခေါက်တာကိုး။ တပည့်တို့ ဒီအမှိုက်တွေကို တစ်ခါတည်း ရိုက်ချကြတော့”
“ကောင်းပါပြီ”
ဆွစ် ဆွစ်
ချက်ချင်းပဲ ကျွဲရိုင်းစက်ရုပ်များသည် ရောက်ရှိလာခဲ့၏။ များပြားလွန်းလှသော တပည့်များသည် ကျွှဲရိုင်းစက်ရုပ် ထဲသို့ ဝင်ရောက်ပြီးသည့်နောက် ကျွန်းကြီးတစ်ခုလုံးကို ပြည့်နှက်ကာ ဝိုင်းပတ်ထားခဲ့ကြ၏။ ဤအရာသည် အလွန် ခမ်းနားကြီးကျယ်လွန်းလှသော မြင်ကွင်းပင်ဖြစ်၏။
အသုဘခန်းဆောင်မှ အဖွဲ့ဝင်များမှာတော့ တကယ်ပဲ ဆွံ့အလို့ နေခဲ့သည်။ သူတို့သည် ယခင်တုန်းက အလွန် အားကောင်းလှသည့်အော်ရာများနှင့် တစ်ဖက်လူကို ဖိနှိပ်နေခဲ့၏။ သို့ပေမဲ့ ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး ပြိုင်စံရှားဂိုဏ်းမှ တပည့်တစ်သောင်းတို့သည် ချက်ချင်းရောက်ရှိလာခဲ့ကြ၏။ ထို့အပြင် စက်ရုပ်ပေါင်း တစ်ထောင် ကျော်ကလည်း ပါဝင်လျက် ရှိနေသေးသည်။ “ငါတို့တော့ ဒုက္ခရောက်ပြီပဲ”
အစောင်အရှောက်ကြီးသည် အလျင်အမြန်ဖြင့် ပြောလိုက်၏။ “အနောက်ကို ဆုတ်ကြမယ်”
ဒွီ
သူပြောပြောပြီးချင်းမှာပဲ ပတ်ဝန်းကျင်တည်နေရာကြီးသည် တွန့်လိမ်သွားခဲ့၏။ ပြီးသည့်နောက် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ပလတ်စတစ်ကဲ့သို့အရာကြီးနှင့် ရစ်ပတ်ခံလိုက်ရသကဲ့သို့ပင် ချုပ်နှောင်ခြင်းကို ခံလိုက်ရသည်။
ယုစီနန်သည် လက်ကိုယမ်းခါပြီးသည့်နောက် ထိုသူ့ကို အောက်ကိုဆွဲချကာ ပြောလိုက်၏။ “နောက်ဆုံးအကြိမ် တုန်းက ခင်ဗျားကို လွှတ်ပေးခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့ မရတော့ဘူး”
“ခင်ဗျား”
အစောင့်အရှောက်ကြီး၏ မျက်လုံးထဲတွင် တုန်လှုပ်မှုများနှင့် ပြည့်နှက်သွားခဲ့၏။ သူသည် ယခင်တုန်းက ယုစီနန်နှင့် တိုက်ခိုက်ခဲ့ဖူး၏။ ယှဉ်ပြိုင်၍ မနိုင်သည်ကို သိရှိပြီးသည့်နောက် အခွင့်အရေးကို အရယူကာဖြင့် ထွက်ပြေးသွားခဲ့ဖူးသည်။ သို့ပေမဲ့ မထင်မှတ်ဘဲ ယနေ့အချိန်တွင် ပြန်လည်ကာ တွေ့ဆုံလျက် ရှိနေသည်။
.............
လူတစ်ယောက် ဒုက္ခရောက်ပြီဆိုပါက တစ်မိသားစုလုံးသည် လာရောက်ကာ ကူညီကြ၏။ ဤကဲ့သို့သော အရာ သည် ပြိုင်စံရှားဂိုဏ်း၏ ရှေးယခင်ကတည်းက ရှိခဲ့သောရိုးရာပင်ဖြစ်သည်။
ထို့ကြောင့်ပင်လျှင် အစောင့်အရှောက် ကြီးနှင့် အသုဘခန်းဆောင်မှ အဖွဲ့ဝင်တစ်ရာကျော်တို့သည် မည်သို့မှ မခုခံနိုင်ခဲ့တော့ချေ။ ၎င်းတို့သည် မြေပေါ်တွင် ဆောင့်ကြောင့်ထိုင်ပြီး ခေါင်းပေါ်သို့ လက်များတင်ထားရ၏။
“ဂိုဏ်းချုပ်”
လီချင်းယန်သည် အသာလျှောက်လာပြီးသည့်နောက် ပြောလိုက်သည်။ “သိုလှောင်လက်စွပ်ထဲမှာ ရွှမ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်သန်းပဲရှိတယ်”
“မဆိုးဘူး၊ မဆိုးဘူး”
ကျွင်းချောင်ရှောင်းသည် အစောင့်အရှောက်ကြီး၏ ရှေ့ဆီသို့ အသာလျှောက်လှမ်းလာ၏။ ပြီးသည့်နောက် ထိုသူ၏ အင်္ကျီကို ဆွဲကိုင်ပြီးသည့်နောက် အေးစက်စက်ပြောလိုက်သည်။ “နတ်ဆိုးဘိုးဘေးကြီးက ဘယ်မှာလဲ”
သူသည် ဤလူကို မသတ်ဖြတ်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် နောက်ကွယ်မှ ဆရာကြီးအား ဖမ်းချင် သောကြောင့်ပင်။
အစောင့်အရှောက်ကြီးသည် လုံးဝထိန်းချုပ်ခြင်းကို ခံထားရ၏။ သို့ပေမဲ့ သူသည် ခေါင်းမာလျက်ပင် ရှိနေသေး၏။ “သေအောင်ရိုက်မယ်ဆိုရင်တောင်မှ မပြောဘူး”
“သေချာလို့လား”
“လုံးဝပြောမှာ မဟုတ်ဘူး”
“ယောက်ျားပဲ”
ကျွင်းချောင်ရှောင်းသည် ထိုသူ့အား အသာလွှတ်ပေးလိုက်၏။ ပြီးနောက် ပခုံးကိုပုတ်ကာ ပြောလိုက်၏။ “အဲလို တကယ့်ကို သတ္တိကောင်းတဲ့လူမျိုးကို ချီးကျူးမိတယ်။ ဒီတော့ ထျန်းရွှမ်အကျဉ်းထောင် စေတီရဲ့တန်ဖိုးကိုလည်း ကြည့်သင့်တာပေါ့”
“ဘာလဲ”
ဝှစ် ....။
အစောင့်အရှောက်ကြီးသည် ပြောပြောပြီးချင်းမှာပဲ သူ၏ အမြင်အာရုံများသည် ဝေဝါးသွားခဲ့၏။ သူသည် နက်မှောင်လျက်ရှိနေသော ပတ်ဝန်းကျင် တည်နေရာကြီးဆီသို့ ရောက်ရှိနေသည်ကို သတိပြုမိလိုက်သည်။
ဟား ဟား ဟား ဟား
ဟား ဟား ဟား ဟား
ခြောက်ခြားဖွယ်ရာ ရယ်သံများသည် သူ၏နားထဲတွင် ပေါ်ပေါက်လာခဲ့၏။ အကျဉ်းထောင်၏ တာဝန်ရှိသူ သုံးဦး တို့သည် ချက်ချင်းပဲ ရောက်ရှိလာခဲ့ကြသည်။ အစောင့်အရှောက်ကြီးသည် ထိုအရိပ်ကြီးသုံးခုကို မြင်လိုက်သည့် အချိန်မှာတော့ ကျောရိုးမကြီးတစ်ခုလုံးသည် စိမ့်တက်သွားခဲ့၏။
.................
လူသူကင်းရှင်းလျက်ရှိနေသည့် ကျွန်းကြီးပေါ်မှာတော့ ကျွင်းချောင်ရှောင်းသည် ဇိမ်ကျကျနှင့် ရေနွေးကို သောက်နေ၏။ သူသည် ရွှမ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးကို အသုံးပြု၍ တည်နေရာရွှေ့ပြောင်းကာ ရောက်ရှိလာခဲ့၏။ ထို့ကြောင့် ထိုက်တန်အောင် ပင်လယ်မြင်ကွင်းများကို ကြည့်ရှုနေခြင်းပင်ဖြစ်သည်။ မဟုတ်ပါက ဒီအတိုင်းပြန်သွားလျှင် ဆုံးရှုံးနေသလိုဖြစ်နေမည် မဟုတ်ပါလား။
“ဂိုဏ်းချုပ်”
ထိုအချိန်မှာပဲ ရမ်ရှန်၏ အော်သံသည် သူ၏နားထဲတွင် ပေါ်ပေါက်လာခဲ့သည်။ “ရတနာကျွန်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်”