← Chapters

ငါ သေနေလို့လား

Vol. 1 Ch. 13

ငါ သေနေလို့လား

Vol. 1 Ch. 13

လီကျေးရွာ။

လီယောင်၏မိသားစု ခြံဝင်းထဲတွင် လူအုပ်စုကြီးတစ်စုသည် စုရုံးနေနှင့်ပြီ ဖြစ်သည်။

လီအဒေါ် သုံးယောက်နှင့် အဖွားခြောက်ယောက်အပြင် သန်မာသော လူငယ်အယောက်၂၀ကျော်ခန့်ပါ ရှိသည်။ သူတို့သည် လီယောင်တယောက် ဆန္ဒအလျောက် နစ်နာကြေးပေးရန် မလာခဲ့ပါက ဘယ်လိုဆက်လုပ်ရမလဲဆိုသည်ကို ဆွေးနွေးနေခဲ့ကြသည်။

“သူ လျော်ကြေးမပေးပဲ မနေရဲပါဘူး။ သူ မလျော်ရင် သူ့အိမ်ကိုသွားဖြိုဖို့ ငါပါလိုက်မယ်”ဟု လီယောင်၏အိမ်တွင် ယခင်က အရှက်ရခဲ့ဖူးသူ လီဖူက ပြောခဲ့သည်။

“သူ့မိသားစုကိုတောင် သူက ရိုက်တယ်။ ဒီလို ကျေးဇူးကန်းပြီး အကြင်နာတရားမရှိတဲ့သူကို ပြင်းပြင်းထန်ထန် အရေးယူပြစ်ရမယ်။”

“ကြည့်စမ်း။ သူမ လာနေတာမို့လား။”

လူအုပ်ကြီးသည် လှည့်ကြည့်လိုက်ကြပြီး အမှန်ပင် သူတို့ဆီသို့ လျင်လျင်မြန်မြန် လမ်းလျှောက်လာသည့် လီယောင်၏ပုံပန်းသွင်ပြင်ကို တွေ့ခဲ့ရသည်။

လီယောင် ခြံထဲသို့‌ ရောက်သောအခါ လီဖူသည် အနည်းငယ်မျှ ဘဝင်ခိုက်စွာဖြင့် မေးခဲ့သည်။ “နင် ကြောက်နေသေးပုံရတယ်။ ဒါကြောင့်မို့ စောစောလာခဲ့တာပဲ။ နင်ငွေယူခဲ့လား။”

လီယောင်က “ဘာငွေလဲ”ဟု မေးခဲ့သည်။

“ဘာငွေတွေလို့ နင်က ပြောတာလဲ။” လီဖူသည် ထိုစကားမှားနေသည်ကို ကြားသောအခါ ရုတ်တရက်ချက်ချင်း ဒေါသထွက်လာခဲ့သည်။ “ဝမ်အာက လီရှန်းကို ထိခိုက်စေလို့ ငွေငါးချောင်းလျော်ရမယ်လေ”

“အိုး..၊ နင်က ဒီအကြောင်းပြောနေတာပဲ”ဟု လီယောင်သည် အေအေးဆေးဆေး ပြန်ပြောခဲ့သည်။ “အဲ့နေ့က ဝမ်အာလည်း လီယောင်ကြောင့် ဒဏ်ရာရသွားတာ ဆေးဖိုးငွေ ဆယ်ချောင်းလောက် ကုန်တယ်။ ဒါကြောင့် နင် ဒီလိုတွက်မယ်ဆိုရင် နင်တို့ ငါ့ကို ငွေငါးချောင်း အကြွေးတင်နေသေးတယ်။”

လီယောင်၏ အမေ လုရှီသည် ထိုစကားကို ကြားသောအခါ သူမသည် ချက်ချင်းပင် ဆူပူကြိမ်းမောင်းခဲ့သည်။ “အရှက်မရှိတဲ့ အပေါစား မိန်းမပျက်၊ နင်က ကောင်းကင်ဘုံကိုတောင် ဆန့်ကျင်ပြီး ပုန်ကန်ဖို့ ကြိုးစားနေတာလား။ ကိုယ့်မိသားစုဝင်ကိုတောင် နင်ကရိုက်ပြီး ငါတို့ကို လျော်ကြေးတောင်းရဲသေးတာလား။”

လီဖူကလည်း ကျယ်လောင်စွာဖြင့် အော်ဟစ်ခဲ့သည်။ “နင်ဒီနေ့ မပေးရင်၊ နင့်ကိုငါ သေအောင် ရိုက်ပစ်မယ်။”

သန်မာသော အမျိုးသားတစ်ဒါဇင်ကျော်ကလည်း ရက်စက်သည့် မျက်နှာပေးများဖြင့် ဝန်းရံထားခဲ့သည်။

သို့သော် လီယောင်သည် အလွယ်တကူ ခြိမ်းခြောက်ခံရမည် မဟုတ်ချေ။ သူမသည် ခါးထောက်က လီဖူ၏နှာခေါင်းကို ထိုးလိုက်ပြီး ပြောခဲ့သည်။ “နင်လုပ်ရဲရင်လာလေ။ နင်ခြေတလှမ်းနောက်ဆုတ်ရင် နင်နာမည်ကို ငါ နောက်မှာ ကျိန်ဆဲပေးမယ်။”

“မိန်းမပျက်၊ နင်က တကယ်ကို ပုန်ကန်ချင်နေတာပဲ။ ဒီနေ့ငါ နင့်ကို ပြုပြင်ပေးမယ် စောင့်နေ။”

လုရှီက ထိုကဲ့သို ပြောနေတုန်းပင် တံမြက်စည်းတစ်ချောင်းကို ကောက်ကိုင်ကာ လီယောင်အား ရိုက်ခဲ့သည်။ သို့သော် အမြဲလိုလို နာခံမှုရှိခဲ့သည့် လီယောင်သည် ယနေ့တွင်မူ သည်းမခံခဲ့တော့သည်ကို သူမ မမျှော်လင့်ခဲ့ပေ။ သူမသည် တံမြက်စည်းကို ဖမ်းယူခဲ့သည်။

“တော့်အသက်ကြောင့် တော်ကို ကျုပ် ချမ်းသာပေးလိုက်မယ်။ မရိုက်တော့ဘူး။ ဒါပေမဲ့ ဆက်ပြီး အရှက်မဲ့နေဦးမယ်ဆိုရင်တော့ ထပ်ညှာနေမှာ မဟုတ်လို့ အပြစ်မတင်နဲ့နော်”ဟု လီယောင်က ပြောခဲ့သည်။

“နင်.. နင်...” လုရှီသည် လီယောင် ဤမျှစိတ်ကြီးဝင်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ဒေါသထွက်လွန်းသဖြင့် သူမ၏ မျက်နှာ ဖြူဖျော့လာခဲ့သည်။

“သူ့ကို ရိုက်စမ်း။ ဒီခွေးမကို သေအောင်ရိုက်ကြစမ်း။”

လီဖူသည် ထိုစကားကို ကြားကြားချင်း လီယောင်၏ဆံပင်ကို တည့်တည့်ပင် လှမ်းဆွဲလိုက်သည်။

သို့သော် သူ့လက်မရောက်ခင်မှာပင် လီယောင်သည် သူ၏ဗိုက်ကို ကန်ခဲ့သည်။ ပြင်းထန်သော နာကျင်မှုသည် သူ့အား အလိုအလျောက် ကိုင်းညွတ်သွားစေခဲ့ပြီး သူ့ကို စောင့်နေသည်မှာ လီယောင်၏ ဒူးပင် ဖြစ်သည်။

ဂျွတ်။

လီဖူ၏နှာခေါင်းကို အရှိန်ပြင်းပြင်းနှင့်ထိကာ မျက်ရည်နှင့်သွေးများ တပြိုင်နက် ထွက်လာခဲ့သည်။ တခြားသော လီအမျိုးသားများသည် ဒီဟာကို မြင်သောအခါ ကူညီရန် ရှေ့တက်လာခဲ့ချင်ကြသော်လည်း လီယောင်သည် သူမ၏ တံမြက်စည်းကို မြှောက်ကာ “တခြား ဘယ်သူလာရဲသေးလဲ။ ဒီနေ့ ငါပြောမယ်။ ငါ့ရှေ့ရောက်လာတဲ့ ဘယ်သူ့ကိုမဆို ငါ အသားကုန်ရိုက်မှာမို့ လာအပြစ်မတင်ကြနဲ့။”

သူမ၏ အရှိန်အဝါသည် လူတွေကို ဟန့်တားစေခဲ့ပြီး မည်သူမျှ ထပ်မံ ခြေမလှမ်းရဲခဲ့ကြပေ။

နောက်ဆုံးတွင် လီဖူသည် ညီအစ်ကိုတစ်ယောက် မဟုတ်ပဲ မျိုးနွယ်စုမှ လူတစ်ဦးသာဖြစ်သည်။ ပြီးတော့ လီယောင်၏ နာမည်ဆိုးနှင့် ကျော်ကြားမှုသည် လူတိုင်းသိထားပြီးသား ဖြစ်ပေသည်။ သူတို့အားလုံး သူမကို အမှန်ပင် အသည်းအသန်ဖြစ်အောင် ဆွပေးခဲ့ပါက ကောင်းတာထက် ဆိုးတာသာ ပိုဖြစ်လာပေလိမ့်မည်။

သူမ၏ သားကြီးသည် နာကျင်မှုကြောင့် မြေပြင်ပေါ်တွင် ညည်းတွားနေပြီး လီယောင်နှင့် ဆန့်ကျင်ဘက်တွင် လူများစွာသည် ကူရာကယ်ရာမဲ့နေသည်ကို မြင်လိုက်ရသောအခါ လီရှီတယောက် ထပ်မံ ခုန်တက်လာခဲ့ပြန်သည်။

“အပျက်မ၊ နင်ကတော်တော် သတ္တိကောင်းနေတယ်ပေါ့လေ။ လူတွေကို နာအောင်လုပ်နေတုန်းပဲ။ အဲ့ကောင်မကို တရားစွဲဖို့ ခေါ်သွား”

“မြန်မြန်လုပ် ၊ တရားစွဲလိုက်။”ဟု လီယောင်သည် လုံး၀ပင် နောက်မဆုတ်ပဲ “တရားသူကြီးက ယောက်ျား ဒါဇင်ကျော်လောက်က အမျိုးသမီးတစ်ယောက်ကို ၀ိုင်းပြီး အနိုင်ကျင့်တာကို ဘယ်လို အမိန့်ချမလဲဆိုတာ ငါလည်း သိချင်သေးတယ်။ အားနည်းတဲ့သူကို ဖိနှိပ်ဖို့ နင်တို့အာဏာကို ဘယ်လိုအားကိုးတယ် ဆိုတာကိုလည်း လူတိုင်းသိစေလိမ့်မယ်။ လီရှန်းလည်း မျက်နှာပန်း ပိုပွင့်လိမ့်မယ်။“

လီရှန်းအကြောင်းကို ထုတ်ပြောသောအခါ လုရှီ အထိတ်တလန့် ဖြစ်သွားခဲ့သည်။

စာတတ်ပေတတ်များ၏ အကြီးမားဆုံး အကြောက်တရားမှာ မျက်နှာပျက်ခြင်းပင် ဖြစ်သည်။

လီရှန်းသည် အစိုးရစာမေးပွဲကို ဝင်ရောက်ဖြေဆိုတော့မှာ ဖြစ်ပြီး အနာဂါတ်တွင် အရာရှိတစ်ဦး‌ ဖြစ်လာပေလိမ့်မည်။ ဤကိစ္စ ကြီးမားသွားခဲ့ပါက သူ့၏အသက်မွေးဝမ်းကြောင်းကို သေချာပေါက် ထိခိုက်ပေလိမ့်မည်။

“နင်က ၀တ္တရားမကျေတဲ့ဟာပဲ။ လီရှန်း အရာရှိဖြစ်လာရင် ဘာအကူအညီမှ ရဖို့ မမျှော်လင့်နဲ့။ အခုချိန်ကစပြီး ဘာအတွက်ကိုမှ နင့်အတွက် စကားတခွန်းပြောပေးဖို့ မမျှော်လင့်နဲ့တော့။”

“မသိရင် တော်ကပဲ ကျုပ်ကို ကူညီဖူးသလိုပါပဲတော်။”ဟု လီယောင်က ပြောခဲ့သည်။ “ဒီနှစ်တွေမှာ တော်တို့ကို ကျုပ် ဘယ်လောက်ပေးခဲ့လဲ။ ပိုက်ဆံဘယ်လောက်ရော ကျုပ်ပြန်ယူခဲ့လို့လဲ။ တော်က တခုခုဖြစ်ရင် ကူညီပေးမယ်လို့ပဲ စကားကောင်းပြောခဲ့တာလေ။ ဒါပေမဲ့ ဘာဖြစ်လာလို့တုန်း။ ဝမ်အာ လက်ထပ်ဖို့အငြင်းခံရတုန်းက ဘယ်သူကလိပ်လို အခန်းထဲမှာ ပုန်းနေခဲ့တာတုန်း။ ဒီလိုမွေးမိဘ မိသားစုလိုမျိုးက မရှိတာပဲ ပိုကောင်းတယ်။”

“ကောင်းပါပြီ။‌ ကောင်းပါပြီ။ နင်အခုလို့ အကြင်နာမရှိ စပြောလာပြီဆိုတော့ နင့်ကိုစွန့်လွှတ်လို့ ငါကို လာအပြစ်မတင်နဲ့။ အခုချိန်ကစပြီး ငါတို့လီတံခါးရှေ့ကို ခြေလှမ်းဖို့တောင် မစဉ်းစားနဲ့တော့။”

ဤသို့ သူမပြောလာမည်ကို လီယောင်စောင့်နေခဲ့သည်မှာ အတိအကျပင်ဖြစ်သည်။ “ကျုပ်ကို သေသွားပြီလို့မှတ်လိုက်တော့။ နောက်ကျလို့ သူမပြန်ရုတ်သိမ်းခဲ့ရင် အားလုံး သက်သေပဲနော်။”

လုရှီသည် ဒေါသအလွန်ထွက်သွားပြီး မျက်နှာစိမ်းသွားခဲ့သည်။

သူမသည် ကျွေးမွေးစောင့်ရှောက်ရမည့် ကလေးလေးယောက်ရှိသည့် မုဆိုးမ လီယောင်သည် သူမ၏ အမေကို စွန့်လွှတ်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

သို့သော် အဆက်အသွယ်များကို ဖြတ်ရန် မဖြစ်နိုင်ပေ။

လီယောင်သည် သူမ၏ လုပ်ငန်းမှာ ငွေရှာခဲ့သည်ကို လူတိုင်းသိသည်။ အကယ်၍ ဆက်ဆံရေးများ အမှန်တကယ်ပြတ်တောက်သွားပါက၊ လီရှန်း ပညာသင်ဖို့အတွက် ထောက်ပံ့ရန် သူမ ငွေမည်သို့ ပေးရလိမ့်မည်နည်း။

ထို့ကြောင့် သူမသည် မြေပြင်ပေါ်တွင် သပ်ရပ်စွာ လှဲချလိုက်သည်။

“ဘုရားသခင်၊ ငါ ဘာမကောင်းမှုတွေများ လုပ်မိခဲ့လို့လဲ။”

“သူ့အမေ့ကိုတောင် အသိအမှတ်မပြုတဲ့ ၀တ္တရားမကျေ ဆိုဆုံးမခက်တဲ့ဟာမတစ်ယောက်ကို ငါက ကျွေးမွေးစောင့်ရှောက်ခဲ့တာပဲ။”

“ဘုရားသခင်၊ သူ့ကို မိုးကြိုးနဲ့ ပစ်သတ်လိုက်ပါတော်”

ခေတ္တခဏ အော်ဟစ်ငိုကြွေးပြီးနောက် လီယောင် ထွက်မသွားသည်ကို မြင်သော်အခါ ဤနည်းပရိယာယ်သည် အလုပ်ဖြစ်သည်ဟု ထင်ကာ သူမ၏ အကြီးဆုံးချွေးမကြီး ကျိုးရှီကို တိတ်တဆိတ် အချက်ပြခဲ့သည်။

“အစ်မ၊ ဒီအသံဗလံတွေက ဘာကိစ္စတုန်း။ ကျွန်မတို့အားလုံးက တစ်မိသားစုတည်းလေ။ ကိစ္စသေးသေးလေးအတွက် စကားနည်းနည်းများကြပြီးရင် ခဏလောက် လှည့်ထွက်သွားလိုက်ရင် ပြီးသွားမှာပဲလေ။ ဒါ့အပြင် မင်းက အမေရဲ့ သမီးအရင်းလေ။ သူ့ကိုချော့ဖို့ ကောင်းတဲ့စကားလေး တခွန်းလောက်ပြောလိုက်ပါ။ သူ့ဒေါသတွေ ပြေသွားမှာပါ။ ကျွန်မတို့လည်း အနာဂတ်မှာ တမိသားစုတည်း ဖြစ်နေကြတုန်းပဲလေ။ မဟုတ်ဘူးလား။”

“ပြီးပြီလား”ဟု လီယောင်က ပြောခဲ့သည်။ “မြန်မြန်လုပ်၊ ငါရဲ့ ကြက်မကြီး ပြန်ယူလာခဲ့။ ငါပြန်ဖို့ အလျင်လိုနေပြီ”

ကျိုးရှီသည် “ကျွန်မက ညှိပေးဖို့ ကြိုးစားနေတာလေ။ တော်က ကြက်မအကြောင်းပြောနေတာလား”

“ငါ့ဖာသာပဲ သွားရှာလိုက်တော့မယ်။”

လီယောင်သည် ကြက်လှောင်အိမ်သို့ တည့်တည့်သွားကာ သူမ၏ ကြက်မကြီးကို ချက်ချင်း တွေ့မြင်ခဲ့သည်။

သူမ ကြက်မကြီးနှင့် တကယ်ထွက်သွားသည်ကို မြင်သောအခါ လီရှီသည် မြေပြင်ပေါ်မှ ထလာပြီး ကြမ်းတမ်းရက်စက်သည့် ကျိန်စာများနှင့် ညစ်ညမ်းတဲ့ စကားမျိုးစုံကို သူမနောက်ပြန်လှည့်သွားသည့်အတွက် အသံကုန်အော်ဟစ်ကာ ဆဲဆိုခဲ့သည်။

လီယောင်လည်း သူမ၏ မူလမိသားစုမှ သူမကိုယ်သူမ လုံး၀လွတ်မြောက်ရန် မဖြစ်နိုင်ကြောင်းကို သိခဲ့သည်။

သို့သော် အနည်းဆုံးတော့ ယခုမှစ၍ အနှောက်အယှက်ကင်းစွာဖြင့် ငြိမ်းချမ်းမှုတချို့ ရနိုင်ပေမည်။

ဤအရာကို တွေးကာ သူမသည် ပေါ့ပါးလန်းဆန်းနေခဲ့သည်။

သို့သော် သူမသိပ်မသွားရသေးခင် ဟဲရှောင်ယာနှင့် ဒုတိယယောင်းမကျိုးတို့သည် သူမဆီသို့ စိုးရိမ်တကြီးဖြင့် လျှောက်လာသည်ကို တွေ့ခဲ့ရသည်။

“မေမေ”

“ယောင်းမ”

“ဒီမှာ ဘာလုပ်နေကြတာလဲ”ဟု လီယောင်က မေးခဲ့သည်။ “ရှောင်ယာက အိမ်မှာ စိတ်တွေပူနေတာလေ၊ အဲဒါနဲ့ အမေကို သွားပြောတယ်လေ”ဟု ဒုတိယယောင်းမကျိုးက ပြောခဲ့သည်။ “အမေက ကျွန်မကို လာကြည့်ဖို့ ပြောတယ်။ တစ်ခုခုဖြစ်နေခဲ့ရင် မြန်မြန်ပြန်ပြီး သူ့ကို ပြောရမယ်။ ဒါမှ တော်ကို ပြန်ခေါ်လာဖို့ လူတွေ ခေါ်လာနိုင်မှာလေ။”

လီယောင် …….

“ဘာဖြစ်သွားသေးတုန်း၊ အဆင်ပြေရဲ့လား။”

“ဘာဖြစ်နိုင်မှာမို့လို့လဲ။”

သူမ အမှန်တကယ်ပင် အဆင်ပြေနေသည်ကို မြင်ရသောအခါ နောက်ဆုံးတွင် ယောင်းမကျိုးနှင့် ဟဲရှောင်ယာတို့သည် စိတ်သက်သာရာရသွားခဲ့သည်။ သူမတို့၏ ကြက်မကြီးကိုလည်း ကိုင်ထားဆဲ ဖြစ်သည်ကို မြင်သောအခါ ဟဲရှောင်ယာ၏ ကြည်ညိုလေးစားမှုက ပို၍တိုးလာခဲ့သည်။

အမေက တကယ့်ကို အံဩစရာကောင်းလွန်းပေသည်။

“အမြန်ပြန်ကြစို့၊ အမေ့ကို အိမ်မှာ စိတ်မပူနေစေနဲ့”ဟု ယောင်းမကျိုးက တိုက်တွန်းခဲ့သည်။ သူမ၏ တိုက်တွန်းမှုအရ သုံးယောက်သား အလျင်အမြန် ပြန်ခဲ့ကြသည်။

တာ့ကျွမ်းသည် ဆိုင်သိမ်းပြီး အိမ်သို့ပြန်ရောက်သောအခါ အဖွားဖြစ်သူ၏ ငေါက်ငမ်းခြင်းကို ခံခဲ့ရသည်။ လီယောင်နှင့်အတူ သူမ၏ မိသားစုထံသို့ လိုက်မသွားသည့်အတွက် ဖြစ်ပြီး သူမျက်နှာတွင် မကျေနပ်ချက်များနှင့် နားထောင်နေခဲ့ရသည်။

သူက လိုက်ချင်ခဲ့သော်လည်း အမေက အခိုင်အမာငြင်းခဲ့လေသည်။

အမေအိမ်ပြန်ရောက်လာသောအခါ အဘွားဝမ်သည် သူ့ဦးတည်ချက်ကို လီယောင်ဆီသို့ တိုက်ရိုက် ပြောင်းသွားခဲ့သဖြင့် သူသည် အငေါက်ခံရခြင်းမှ လွတ်သွားခဲ့သည်။

“ကလေးလေးယောက်ရဲ့ အမေတစ်ယောက်လေ။ အလုပ်လုပ်တာ အဓိပ္ပါယ်ကို မရှိဘူး”

“နင်သေအောင် အရိုက်ခံလိုက်ရရင် သေသွားရော နားအေးသွားရောလေ။ ဒါပေမဲ့ နင့်သားသမီးတွေအတွက်ကော”

“နင် နောက်အိမ်ထောင်မပြုမချင်း နင်က ငါတို့ဝမ်မိသားစုရဲ့လူ ဖြစ်နေတုန်းပဲ။ နောက်တခါ ဒါမျိုးထပ်ဖြစ်ခဲ့ရင်၊ နင် ငါ့ကို ထပ်ဖုံးထားခဲ့ရင် အရေခွံ့ဆုတ်ပြီးမယ်ဆိုတာ ယုံထား။”

အဖွားအို၏ တစ်ပုံတစ်ပင် ဆူပူကြိမ်းမောင်းမှုများကို ရင်ဆိုင်ရင်း လီယောင်သည် ထူးထူးခြားခြား စကားပြန်မပြောခဲ့ပဲ နေ့လည်စာပြင်ရန် မီးဖိုချောင်ထဲသို့ တန်းတန်းမတ်မတ် သွားခဲ့သည်။

ဆူပူကြိမ်းမောင်းရင်း သူမ မောသွားချိန်တွင် အစားအသောက်များကလည်း အဆင်သင့်ဖြစ်နေခဲ့ပြီ ဖြစ်သည်။

“အမေ ဒီကိုရောက်နေပြီပဲ၊ မပြန်ခင် ထမင်းစားသွားမလား။”

ဤစကားကိုကြားသောအခါ အဘွားအိုသည် အညှောက်ပေါက်လာသကဲ့သို့ ချက်ချင်းပင် ခွေးခြေထိုင်ခုံမှထကာ ထွက်သွားခဲ့သည်။

“မစားပါဘူး၊ နင်တို့အိမ်က အစားအသောက်တွေကို သည်းမခံနိုင်ဘူး”

“နင့်မှာ ပိုက်ဆံနည်းနည်းရှိလာရုံနဲ့ လွှင့်ပစ်မနေနဲ့။ ဝမ်အာ မိန်းမရဖို့ သိမ်းထားဦး”

သူမ၏ အသံသည် ဆက်လက်ပျံ့လွင့်ကာ လာနေသော်လည်း အဘွားကြီး၏ပုံရိပ်မှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

“တော် သူနဲ့မငြင်းတာ သိပ်ရှားတာပဲ။ ဒီတခေါက်တော့ သူ ခဏ ဂုဏ်ယူနေလိမ့်မယ်နဲ့တူတယ်”ဟု ယောင်းမကျိုးက ပြုံးကာပြောခဲ့သည်။ လီယောင်သည် ကနဦးတည်းက အစားအသောက်များကို ပိုလုပ်ထားခဲ့သဖြင့် ယောင်းမကျိုးကို ထိုင်ခိုင်းကာ သူမတို့နှင့်အတူ စားစေခဲ့သည်။

“ကျုပ် မစားသင့်ပါဘူး..”

“ထိုင်ဦး။ ကျွန်မ ရှင်နဲ့ ဆွေးနွေးချင်တာ ရှိတယ်။”ဟု လီယောင်က ပြောခဲ့သည်။

အသားပြုတ်ဆိုင်သည် ပိုင်ချွမ်းစျေးတွင် ဂုဏ်သတင်းတချို့ ရနေခဲ့ပြီဖြစ်ပြီး အရောင်းအဝယ် တည်ငြိမ်သွားနိုင်သည်။ သူမသည် နောက်ထပ် လုပ်ငန်းလည်ပတ်မှုကို တိုးချဲ့ရန် လိုအပ်သောကြောင့် လူအင်အား ပိုမိုလိုအပ်လာပေမည်။

ထို့ကြောင့် ပထမဆုံး လုပ်ငန်းလုပ်ပိုင်ခွင့်ကို ယောင်းမကျိုးကို လွဲပေးရန် လီယောင် ကြံရွယ်ထားခဲ့သည်။

All Chapters