အခန်း ၁၆၀၉
Vol. 108 Ch. 1609
အပိုင်း (၁၆၀၉)
ထိုသူသည် ရောက်ရှိလာခဲ့၏။ ထိုသူသည် ဘယ်ဖက်လက်ထဲတွင် ငှက်မွေးယက်တောင်ကို ကိုင်ဆောင်ထားပြီး ညာဖက်လက်တွင်တော့ လေလံတင်ရာတွင် အသုံးပြုသည့် တူလေးတစ်ချောင်းကို ကိုင်ဆောင်ထား၏။
စွမ်းအားမြင့်ကျင့်ကြံသူများသည် ထိုသူမည်သူဖြစ်မှန်း မသိရှိကြချေ။ ကျွင်းချောင်ရှောင်းသည်လည်း ထိုသူကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။ သို့ပေမဲ့ ပုံပြောသူဟူ၍ အသံကြားရသည့် အခါမှာတော့ ချက်ချင်းပဲ ကုကျောင်းရှစ်ပြောဖူးသော ပုံပြောသူအကြောင်းကို သတိရလိုက်မိသည်။
"အရမ်းအားကောင်းတယ်" စနစ်က ပြောလိုက်၏။ ဤလူသည် ပုံပန်းသွင်ပြင်အရ ရင့်ကျက်လှပြီး ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အော်ရာများသည် ကျွမ်းကျင်သူတစ်ယောက်၏ အသွင်အပြင်လက္ခဏာမျိုးနှင့် ပြည့်စုံနေ၏။
"နေအုံး …. ဒါက ငါ့အမေလိုက်ရှာနေတဲ့ ငါ့အဖေများလား။ ဘယ်သူဖြစ်တယ်ဆိုတာ နှစ်ပေါင်းများစွာ ဖုံးကွယ်ထားပြီး အထက်နယ်မြေဒုက္ခရောက်ချိန်မှ ပေါ်ထွက်လာတာ။ ဒီလိုကိစ္စမျိုးက မိသားစုပေါင်းစုံတဲ့ ကိစ္စမျိုးလည်း ဖြစ်သွားနိုင်တယ်။ မဟုတ်သေးဘူး ငါမျက်ရည်ယိုဗုံးတွေ ကြိုပြီးတော့ ပြင်ဆင်ထားရမယ်။ ဒီလောက် လူတွေအများကြီးရှေ့မှာ ထငိုရရင် ကြောင်တောင်တောင်နိုင်တော့မှာပဲ"
ကုန်းရှန့်သည် စိတ်ကူးများ ရိုင်းစိုင်းလျက် ရှိနေတုန်းမှာပဲ စနစ်သည် ဆွံ့အလျက် ရှိနေ၏။ "လက်ခံသူရဲ့ ရွှေပေါင်ကြီးကို မြင်တိုင်းဖက်ချင်တဲ့စိတ်က ဆိုးရွားလွန်းတာပဲ။ ပြီးတော့ ပထမ ရေတပ်ချုပ်နဲ့ ရင်ဆိုင်ရတဲ့ အချိန်မှာ တစ်ချက်ကလေးမှ အောက်မကျဘူး။ ဒီလိုလူမျိုးက အထက်နယ်မြေကလူ ဖြစ်နိုင်ပါ့မလား”
"ဒါ …."
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "အပြင်ဖက်နယ်မြေကနေ လာတာဆိုတော့ ငါ့ရဲ့အဖေဖြစ်ဖို့ အခွင့်အလမ်းပိုရှိနေပြီ"
"ငါ့သား"
ကုန်းစွန်းရော့လီသည် အသံပို့လွှတ်လိုက်၏။ "ဒီလူကိုသိလား"
ဟမ်
မူလအားဖြင့် ကိုယ်ပိုင်ဇာတ်လမ်းများ တည်ဆောက်နေသည့် ကျွင်းချောင်ရှောင်းသည် နှုတ်ခမ်းများ တဆတ်ဆတ်နှင့် တုန်ယင်သွား၏။ "အဖေ သူ့ကို တကယ်ပဲမသိဘူးလား"
"မသိဘူးလေ"
ဖုတ်
အမှန်တရားသည် ကုန်းရှန့်အား နောက်စေ့ကို ဒုတ်ဖြင့် ရိုက်လိုက်သကဲ့သို့ပင် ။ ကုန်းရှန့်သည် လက်ရှိအချိန်မှာတော့ လေလျော့သွားသော မိုးပျံပူဖောင်းကဲ့သို့ ပိန်ရှုံသွား၏။
ဟား ဟား
လက်ခံသူတစ်ယောက် စွမ်းအားမြင့် အမေတစ်ယောက် မပိုင်ဆိုင်ရတော့သည့် အခြေအနေကို သိရှိပြီးနောက် စနစ်သည် မည်သို့မျှ မနေနိုင်ပဲ အားရပါးရ ရယ်မောလိုက်တော့၏။ သို့ပေမဲ့ သူ၏အသံသည် ဘဲငန်းတစ်ကောင်နှင့်ပင် ဆင်တူနေ၏။ အဟက် အဟက် အဟက်
"ဒီလူ"
ကုန်းစွန်းရော့လီသည် လေးလေးနက်နက်ဖြင့် ပြောလိုက်သည်။ "သူ့ရဲ့ အားအင်အဆင့်က ငါ့ထက် ပိုအားကောင်းတယ်"
နတ်ဘုရားတတိယအဆင့်သို့ ခြေလှမ်းဝက် လှမ်းထားပြီးသူထက် ပိုမိုအားကောင်းသည့်သူသည် နတ်ဘုရားအဆင့်သို့ တတ်ရောက်ပြီးသူပင် ဖြစ်ရမည်။ ဤရိုးရှင်းလှသော အဘိုးအိုသည် နတ်ဘုရား တတိယအဆင့်ကို တတ်လှမ်းပြီးပုံ ပေါ်၏။
"ညီလေး …… မင်းခနခနပြောနေတဲ့သူက စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်ပဲ"
အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းမှ ထိပ်တန်းကျွမ်းကျင်သူများနှင့် နှိုင်းယှဥ်ကြည့်ရမည်ဆိုလျှင် ထိုသူသည် ခြေလှမ်းဝက် သို့မဟုတ် ခြေတစ်လှမ်း ဝင်ရောက်ပြီးသား ဖြစ်ပေလိမ့်မည်။
"ဒါက တကယ့်ကို ကယ်တင်ရှင်ပဲ"
"စီနီယာ"
ကျွင်းချောင်ေရှာင်းသည် လက်သီးကိုဆုပ်ကာ မေးမြန်းလိုက်၏။ "ကုကျောင်းရှစ်ကို သိပါသလား"
တစ်ဖက်လူသည် သူ၏အမေဖြစ်မလား၊ မဖြစ်မလား မသိပေ။ သို့ပေမဲ့ တစ်စုံတစ်ခုကို ရွေးချယ်ကာဖြင့် နီးစပ်အောင် ကြိုးစားရပေလိမ့်မည်။
"ကုကျောင်းရှစ် ဟုတ်လား"
အဘိုးအိုသည် သူ၏မုတ်ဆိတ်ကို အသာပွတ်သပ်လိုက်၏။ ခနလောက် စဉ်စားပြီးနောက် သူကပြောလိုက်သည်။ "ငါ့နောက်ကို ခနခနလိုက်နေလို့ ပြန်လည်မွေးဖွားခြင်း စိတ်ဝိညာဉ် နဲ့ ပေါင်းစပ်ပေးလိုက်တဲ့ ကောင်လေးလား"
ကျွင်းချောင်ရှောင်းသည် တည်နေရာမှာပင် အေးခဲသွားမိ၏။ ကြီးမြတ်သူတုံးကုနှင့် အင်မော်တယ်ဂိုဏ်းကြီးဆယ်ဂိုဏ်းမှ ကျင့်ကြံသူများလည်း ဆွံ့အသွားကြ၏။ ပြန်လည်မွေးဖွားနိုင်သည့် စိတ်ဝိညာဉ်ကို ကုကျောင်းရှစ် ပိုင်ဆိုင်သည် ဖြစ်ကြောင်းကို အထက်နယ်မြေတစ်ခုလုံးက သိရှိ၏။ သို့ပေမဲ့ ဤကဲ့သို့ စကြာဝဠာတစ်ခုလုံးတွင် ရှားပါးသည့် မျိုးစိတ်သည် ဤထူးခြားသည့် အဘိုးကြီးပေးထားမှန်း မသိရှိခဲ့ချေ။
"ကျုပ်ညီလေးရဲ့ ပြန်လည်မွေးဖွားခြင်း စိတ်ဝိညာဉ်ကို စီနီယာပေးထားတာလား"
ကျွင်းချောင်ရှောင်းသည် အံ့အားတသင့်ဖြင့် မေးလိုက်၏။
"အင်း "
ပုံပြောသူက ပြောလိုက်သည်။ "သူကတစ်ချိန်လုံး ငါ့နောက်ကို လိုက်နေတာလေ။ ဒီတော့ ခပ်ဝေးဝေးသွားအောင် စိတ်ဝိညာဉ် မျိုးစေ့ကို ပေးလိုက်တာပဲ"
"ခပ်ဝေးဝေးသွားအောင် ပေးလိုက်တာ ဟုတ်လား"
ကျွင်းချောင်ရှောင်းသည် တည်နေရာ၌ပင် မူးနောက်နောက်ဖြစ်သွား၏။ ကြယ်တာရာစိတ်ဝိညာဉ် လောကဆီမှ ရေတပ်မှုးသည် အလွန်ဟိတ်ဟန်ထုတ်လှသည့် လူတစ်ယောက်ဟု ထင်မှတ်ခဲ့၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ ယခုမှ ရောက်ရှိလာသည့် ပုံပြောသူသည် ပိုမိုကာ ဆိုးရွားနေခဲ့၏။ သူ့ထက်ပင် ပိုမိုကာ ဟိတ်ဟန်ထုတ်လွန်းလှ၏။
သို့ပေမဲ့ ထိုက်တန်လှချေသည်။
ဟင်း ….
ကျွင်းချောင်ရှောင်းက တွေးလိုက်သည်။ သူသည် ရှက်ရွံ့သလိုပင် ခံစားမိနေ၏။ "ငါ့အနေနဲ့ ရှေ့မှာလျှောက်ရမဲ့လမ်းတွေ အများကြီးရှိသေးတယ်။ ဒီထက်ပိုပြီးတော့ ဟိတ်ဟန်ထုတ်နိုင်တဲ့ နေ့ဆီကို ရောက်ရမယ်"
သိုင်းကျင့်ကြံသူများသည်သာ အံ့အားသင့်သည်မက နတ်ဆိုးအင်ပါယာပင် တုန်လှုပ်သွားမိ၏။ သူသည် အံ့အားသင့်စွာ ပြောလိုက်မိ၏။ "အထက်နယ်မြေကို ဒီလိုလူမျိုးက ဘယ်ချိန်ကတည်းက ရောက်နေတာလဲ"
သူ့အနေဖြင့် လွန်ခဲ့သည့် နှစ်ပေါင်းတစ်သိန်းကတည်းက နေထိုင်ခဲ့သူဖြစ်ပြီး ပြန်လည်မွေးဖွားလာနိုင်ခဲ့သည်ဆိုသော်လည်း အထက်နယ်မြေသည် နတ်ဘုရားအဆင့် တစ်ယောက်ကို မွေးထုတ်နိုင်မှုမှာ ဖြစ်နိုင်ချေ သုညသာလျှင် ဖြစ်သည်။
"အဘိုးကြီး"
တပ်ချုပ်သည် သူ၏ဝိုင်ခွက်ကို ပြန်လည်သိမ်းဆည်းပြီးနောက် ပုခုံးပေါ်တွင်ရှိနေသော ဖုန်များကို ခါကာ ပြောလိုက်၏။ "ခင်ဗျားရဲ့ အော်ရာကို ကြည့်ရတာ ဒီဒေသကလူ ဖြစ်ပုံမပေါ်ဘူး"
"မဟုတ်ဘူး"
ပုံပြောသူသည် ခေါင်းကိုခါရမ်းကာ ပြောလိုက်မိ၏။ "ကျုပ်က ဒီမှာမွေးပြီး ဒီမှာကြီးပြင်းတဲ့ လူတစ်ယောက်ပါ ။ ဒါပေမဲ့ ငယ်ရွယ်စဉ် တုန်းက ဒီကနေ ထွက်သွားခဲ့ရတယ်။ ပြီးတော့ ကောင်းမွန်တဲ့ နည်းစနစ်တစ်ချို့ကို သင်ယူခဲ့ရတယ်လေ။ ပြန်လာတဲ့ အခါမှာတော့ ပုံပြောဖို့ကိစ္စကိုပဲ အာရုံစိုက်ထားပါတယ်"
ရေတပ်ချုပ်က ပြောလိုက်သည်။ "ခင်ဗျားက မြို့ထဲကို ပတ်ပြီးတော့ ပုံပြောတဲ့ ရင်္သေ့ကြီးလား"
ဤအဘိုးအိုသည် သူ့ထက် မည်သို့မှ အားမနည်းကြောင်း သူကသိရှိနေ၏။ သို့ပေမဲ့ တကယ်ပဲ ပုံပြောသူတစ်ယောက် ဖြစ်နေသည်လား။ သို့ပေမဲ့ အစောကပြောခဲ့သည့်အတိုင်း ခန့်မှန်း၍မရသော စွမ်းရည်မျိုး ရှိပေလိမ့်မည်။ သို့ပေမဲ့ အဘယ့်ကြောင့် သူက သတိမပြုမိရသနည်း။
"ထူးဆန်းလိုက်တာ"
တပည့်များကြားတွင် ရှိနေသော ဟယ်ဝူတီသည် ကြိတ်ကာရေရွတ်လိုက်မိ၏။ အားကောင်းသည်ဟု ပြောဆိုခြင်းသည် တကယ့်ကို ဖော်ပြ၍မရအောင် အားကောင်းသောကြောင့်ပင် ဖြစ်ပေလိမ့်မည်။
"ကျုပ်က အဲရဟန်းလို မလုပ်နိုင်ပါဘူး"
ပုံပြောသူသည် နိမ့်ချစွာ ပြောဆိုလိုက်၏။ "ကျုပ်က ပါးစပ်တစ်ခုကို သုံးပြီးတော့ အသက်ရှင်နေရတဲ့ လူတစ်ယောက်ပဲလေ"
".........."
အားလုံးသောသူများသည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။ နတ်ဘုရားအဆင့် လူတစ်ယောက်နှင့် ရင်ဆိုင်နေရသည့် အချိန်တွင် အမူအရာ တစ်စက်ကလေးမှ မပြောင်းဘဲ ရယ်ရယ်မောမောပြောဆိုနေ၏။ ထိုကဲ့သို့သော အရာမျိုးသည် အစစ်အမှန်ရှာဖွေခြင်းအဆင့် ကျင့်ကြံသူပင် ပြုလုပ်နိုင်သော အရာမျိုးမဟုတ်ချေ။ ဤလူ၏ ဟန်ထုတ်မှုသည် အကြီးမားဆုံးသော အခြေအနေသို့ ရောက်ရှိနေသည်။
"ကောင်းပြီ"
ရေတပ်ချုပ်သည် ထိုသူမည်သူဖြစ်ကြောင်း ဖော်ထုတ်ရန် စိတ်ကူးမရှိချေ။ ထို့ကြောင့် ပြောလိုက်မိ၏။ "ခင်ဗျားက ထွက်လာပြီဆိုမှတော့ တိုက်ခိုက်ကြရအောင်"
သူ့အနေဖြင့် ပေါ်ပေါက်လာကတည်းက သူသည် ကုန်းရှန့်ကဲ့သို့ အတင်းဟန်ထုတ်ချင်နေသည့် လူတစ်ယောက် မဟုတ်ချေ။ သူ၏ခန္ဓာကိုယ်အော်ရာကိုက ထိုကဲ့သို့ ဖြစ်တည်နေခြင်း ဖြစ်၏။ ယခု တူညီသည့် အဆင့်နှင့် ရင်ဆိုင်ရသည့် အချိန်မှာတော့ သူ၏အမူအရာသည် အမှန်ပဲ လေးနက်လာခဲ့၏။
"ဒါကိုလည်း ကျုပ်တွေးနေတာပဲ"
ပုံပြောသူ၏အမူအရာသည် ပို၍တည်ငြိမ်လာခဲ့၏။ သူသည် အစစ်အမှန်ကျွမ်းကျင်သူတစ်ယောက်၏ အမူအရာကို အလုံးစုံထုတ်ဖော်ပြသလျက် ရှိနေ၏။ သူက ခနရပ်တန့်ကာ ပြောလိုက်သည်။
"လောင်းကြေးစားကြေးလေး ထည့်လိုက်ချင်တယ်"
"ဘယ်လို လောင်းကြေးလဲ"
"တကယ်လို့ ရှုံးသွားရင် အထက်နယ်မြေကနေ ထွက်သွားဖို့"
"နိုင်ရင်ကော"
"ကျုပ်ရဲ့ သေခြင်းရှင်ခြင်း ပြီးတော့ အထက်နယ်မြေရဲ့ သေဆုံးခြင်းနဲ့ တည်ရှိခြင်း အရာအားလုံးက ခင်ဗျားသဘောပဲ"
"ကောင်းပြီ"
ရေတပ်ချုပ် က ပြောလိုက်၏။ "ခင်ဗျားနဲ့ လောင်းမယ်"
ပုံပြောသူသည် အင်မော်တယ်ဂိုဏ်းကြီးဆယ်ဂိုဏ်းမှ ကျင့်ကြံသူများနှင့် လွတ်လပ်သောကျင့်ကြံသူများကို ကြည့်ကာပြောလိုက်သည်။ "ခပ်ဝေးဝေးသွားကြ။ ဒါမှ တိုက်ခိုက်တဲ့အချိန်မှာ သက်ရောက်မှုမရှိမှာ"
"စီနီယာ ကျေးဇူးတင်ပါတယ်"
ကျွင်းချောင်ရှောင်းသည် တစ်ချက်ကလေးမှ နောက်သို့ပြန်မကြည်ဘဲ အောက်သို့ဆင်းလာခဲ့၏။
တခြားသော သူများသည်လည်း တစ်ယောက်ပြီးတစ်ယောက် ခပ်ဝေးဝေးတည်နေရာသို့ နောက်ဆုတ်ပြီးမှ ရပ်တန့်လိုက်၏။ သူတို့သည် စိတ်ထဲမှ ကျိတ်ကာ ရေရွတ်လျက် ရှိနေကြသည်။ "ဒီလောက်ဆို လုံလောက်ပါပြီ။ ဟုတ်တယ်မလား"
................
ပုံပြောသူပေါ်ပေါက်လာခြင်းသည် အထက်နယ်မြေတစ်ခုလုံးကို အသက်ရှုခွင့် ရရှိခဲ့၏။ သို့ပေမဲ့ စွမ်းအားမြင့် ကျင့်ကြံသူများသည် စိုးရိမ်လျက် ရှိနေတုန်းပင် ဖြစ်၏။ ယခုရောက်ရှိလာသည့် သူသည် တစ်ဖက်လူကို နိုင်အောင် မတိုက်ခိုက်နိုင်ပါက သူတို့သည် သေခြင်းတရားမှ မလွတ်မြောက်နိုင်သေးချေ။
ကျွင်းချောင်ရှောင်းမှာတော့ ထိုကဲ့သို့ မထင်ချေ။ သူသည် ရင်နာသလို ခံစားနေရ၏။ အထက်နယ်မြေတစ်ခုလုံးသည် အန္တရာယ်ကျရောက်လျက်ရှိ၏။ ထိုအရာသည် ဟန်ထုတ်ကြွားဝါရန် အကောင်းမွန်ဆုံးသော အချိန်ပင် ဖြစ်၏။
အဆုံးသတ်မှာတော့ သူသည်ဘေးမှထိုင်ကာ ပွဲကြည့်ပရိတ်သတ်လုပ်နေရ၏။ အလွန်ထွန်းတောက်လှသည့် အခြေအနေမျိုးသို့ ရောက်ရှိရမည့်အချိန်တွင် သူသည် သိုသိုဝှက်ဝှက်နှင့် နေထိုင်နေရသည်။
"စိတ်မညစ်နဲ့"
စနစ်က နှစ်သိမ့်လိုက်၏။ "ငါရှိပါတယ်"
"ဒါဆိုလည်း ဘာကိုစောင့်နေတာလဲ။ ငါကို မင်းရဲ့စွမ်းအင်တွေပေးတော့"
"အားနာပါတယ်။ မကူညီနိုင်ဘူး"
"……..."
ကျွင်းချောင်ရှောင်းတစ်ယောက် စိတ်ဓာတ်ကျလျက် ရှိနေတော့၏။ ထိုအချိန်မှာပဲ ရေတပ်ချုပ်သည် လက်ကိုမြောက်လိုက်၏။ ပတ်ဝန်းကျင်တွင် ရှိနေသော ဓာတ်သဘာဝများသည် လာရောက်စုစည်းပြီးနောက် ကြောက်မက်ဖွယ်ရာကောင်းလှသည့် စွမ်းအင်များကို ဖြစ်တည်စေ၏။
"ကြောက်စရာပဲ …. တကယ်ကြောက်စရာကောင်းတယ်"
အင်မော်တယ်အဆင့်ဂိုဏ်းဆယ်ဂိုဏ်းမှ စွမ်းအားမြင့် ကျင့်ကြံသူများသည် တုန်လှုပ်သွားကြ၏။ သက်လတ်ပိုင်းလူ၏ အားအင်အဆင့်သည် သာမန်ထက်ပိုသည်ကို သိရှိပြီးဖြစ်၏။ သို့ပေမဲ့ လက်ရှိတွင် ကောင်းကင်နယ်မြေတစ်ခုလုံး၏ ဓာတ်သဘာဝများသည် ထိုသူ၏လက်တွင် လာရောက်ကာ စုစည်း၏။ သူတို့သည် စိတ်နှလုံးများ တုန်ခါသွားသည်အထိ အံ့အားသင့်လျက်ရှိနေသည်။
ရေတပ်ချုပ်၏ အားအင်အဆင့်သည် ပိုမိုကာ အားကောင်းလေ ကျွင်းချောင်ရှောင်းအနေဖြင့် ပိုကာ မနာလိုလေဖြစ်၏။
"မဆိုးဘူးပဲ"
ပုံပြောသူသည် မထူးခြားသလို ပြောလိုက်သည်။ "မင်းမှာ စွမ်းရည်တစ်ချို့တော့ ရှိသေးတာပဲ"
ဆွစ် ဆွစ်
ထိုအချိန်မှာတော့ တပ်ချုပ်သည် သူ၏လက်ကို အသာမြောက်လိုက်၏။ ကောင်းကင်နယ်မြေကြီး၏ ဓာတ်သဘာဝများသည် မြန်မြန်ဆန်ဆန်နှင့် တောက်ပစွာ ဖြစ်တည်လာခဲ့၏။ ပတ်ဝန်းကျင် တည်နေရာကြီး တစ်ခုလုံးသည် တွန့်လိမ်လျက်ရှိနေ၏။ "ဒါက ကျုပ်ဖန်တီးတည်ဆောက်ထားတဲ့ ကျင့်ကြံခြင်း နည်းစနစ်ပဲ။ နေရာအနှံ့မှ ကိုးကွယ်ခြင်းလို့ ခေါ်တယ်"
ထိုသူသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။ "ဒီနေ့ ကျုပ်ရဲ့စွမ်းအင်ကို လက်တွေ့ပြမယ်"
ဝှစ်
သူသည် ရုတ်တရက် လက်နှစ်ချောင်းကို ဆန့်ထုတ်လိုက်၏။ အလင်းတန်းများသည် ရေစက်များကဲ့သို့ပင် လွင့်စင်လာခဲ့၏။
ဂျွတ် …. ဂျွတ် …..။
၎င်းဖြတ်သန်းသွားရာ တည်နေရာတွင် ရှိနေသော လေဟာနယ်တစ်ခုလုံးသည် ကြီးမားလှသည့် အက်ကွဲကြောင်းများနှင့် ဖြစ်တည်ကုန်၏။ နေရာအနှံ့မှ ကိုးကွယ်ခြင်း ဆိုသည်မှာ တည်နေရာအနှံ့ဆီမှ စွမ်းအင်လှိုင်းများ သက်ရောက်ခြင်းကို ဆိုလို၏။
ထုတ်ဖော်အသုံးပြုရသည့် ပုံစံသည် ရိုးရှင်းလှသည်ဆိုသော်လည်း ဖြစ်ပေါ်လာသည့် အားအင်အဆင့်မှာမူ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
အထက်နယ်မြေတွင် ရှိနေသော သိုင်းကျင့်ကြံသူများအားလုံးသည် ဖိအားဒဏ်ကို ခံစားလာရ၏။ အစစ်အမှန်ရှာဖွေခြင်းအဆင့်၊ အမြူတေပြောင်းလဲခြင်းအဆင့် ထိုသူများသည် နတ်ဘုရားအဆင့် ကျင့်ကြံသူများရှေ့တွင်တော့ ပုရွက်ဆိတ်ထက်မပိုလှချေ။ ပုံပြောသူက ပြုံးကာ ပြောလိုက်၏။
"တိုက်တိုက်ဆိုင်ဆိုင် ကျုပ်ဆီမှာလဲ နေရာအနှံ့မှ ကိုးကွယ်ခြင်းဆိုတဲ့ သိုင်းနည်းစနစ်တစ်ခု ရှိတယ်"
ဆွစ်
ပြောပြီးသည်နောက် သူသည် လက်ကိုယမ်းခါလိုက်၏။
ဝှစ် ဝှစ်
ခပ်ဝေးဝေးတွင် ရှိနေသောကောင်းကင်နယ်မြေ၏ ဓာတ်သဘာဝများသည် သူ့နားတွင် စုဝေးလာကြ၏။ ပြီးနောက် ရောင်စုံ အကာအကွယ်တစ်ခု ဖြစ်တည်လာခဲ့၏။ အဝေးမှ ကြည့်ရှုလျှင် ရေတံခွန်မှ ရေများကျဆင်းနေသလိုပင်။
"အရမ်းအားကောင်းလွန်းတယ်"
ထိပ်တန်းကျင့်ကြံသူနှစ်ယောက် တိုက်ခိုက်မှုအောက်မှာတော့ ကျွင်းချောင်ရှောင်းသည် အံ့အားတသင့် ဖြစ်မိနေ၏။ သူ့အနေဖြင့် နတ်ဘုရားတတိယအတင့်တွင် ရှိနေသော ကျင့်ကြံသူနှစ်ယောက်၏ တိုက်ပွဲကို မျက်မြင်ကိုယ်တွေ့ တွေ့မြင်ခဲ့ရ၏။ ထိုအရာသည် တကယ်ပဲ ဗဟုသုတများပြားစေခဲ့သည်။
ဘုန်း
အလင်းတန်းများ ထိခိုက်ပြီးနောက် နားကွဲလောက်စရာ အသံကြီး ထွက်ပေါ်လာခဲ့၏။ ပတ်ဝန်းကျင်တစ်ခုလုံးသည် ကမ္ဘာကြီး ပြိုလဲတော့မလိုပင် ဖြစ်နေ၏။
ဝှစ် ဝှစ်
အားကောင်းလှသည့် လှိုင်းများသည် အချိန်အတော်အကြာ ဖြစ်တည်ပြီးနောက် မည်သည့်အခါကမှ မရှိခဲ့သလို ပျောက်ကွယ်သွားတော့၏။ ကျွင်းချောင်ရှောင်းနှင့် အခြားသော ကျင့်ကြံသူများသည် အလောတကြီးဖြင့် အပေါ်သို့မော့ကာ ကြည့်ရှုလိုက်ကြသည်။ သို့သော် ပုံပြောသူကို ရှာမတွေ့ခဲ့ကြချေ။
ထို့ကြောင့် သူတို့သည် ကြိတ်ကာ ခန့်မှန်းလိုက်ကြသည်။
"ရှောင်လိုက်နိုင်တာလား။”
“နေအုံး …. ဘာလို့မြေပြင်မှာ တွင်းကြီးက ပေါ်နေရတာလဲ"
အားလုံးတို့သည် စိတ်ဝိညာဉ်စွမ်းအင်များကို ဖြန့်ကျက်ကာ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ တွင်းထဲတွင် ပက်လက်လန်ကာ ပါးစပ်ထဲမှ အမြုပ်များထွက်နေသည့် ပုံပြောသူကို မြင်လိုက်ရတော့၏။
ကြည့်ရှုနေသည့် သူများ၏ မျက်နှာများသည် အေးခဲသွား၏။ တိုက်ခိုက်လိုက်သည့် တပ်ချုပ်ပင်လျှင် ဆွံ့အသွားသည်။
"မဖြစ်နိုင်ဘူး"
ခနလောက်ကြာပြီးနောက် ကျွင်းချောင်ရှောင်းသည် သူ၏ဦးခေါင်းကို ဆုပ်ကိုင်ကာ အော်ဟစ်လိုက်မိ၏။ "ရုတ်တရက်ပေါ်လာပြီး ရုတ်တရက်ရှုံသွားတာလား"
နဝေတိမ်တောင်ဖြစ်နေသော ဟယ်ဝူတီ သည် ပုံပြောသူ၏ အော်ရာများကို သေသေချာချာ အာရုံခံလိုက်၏။ ပြီးနောက် အသံပို့လွှတ်လိုက်သည်။ "ဂိုဏ်းချုပ် ဒီလူက ဟန်ထုတ်နေတာပဲ။ သူရဲ့အားအင်အဆင့်က အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့်မှာပဲ ရှိတယ်"