ငှက်တုံးငှက်အနှင့် တွေ့ခြင်း
Vol. 126 Ch. 1753
ငှက်မည်းကြီးသည် သူမကို တောင်ထိပ်ဆီသို့ခေါ်သွားပြီးနောက် မြေပေါ် တွင်ချကာ ပြောလိုက်သည် “ငါ့နောက်လိုက်ခဲ့”
ရှီမာယူယူသည် အမည်းလေးကို ဖက်ပြီး တောင်ကမ်းပါးအစွန်းနားထိ လိုက်ခဲ့လိုက်သည်။ သူမ အနားကပ်သွားသည်နှင့် တောင်ကမ်းပါးအစွန်းနားရှိ သစ်ပင်အကိုင်းတွင် အိပ်တန်းတက်နေသော မီးခိုးရောင်ငှက်တစ်ကောင်ကို တွေ့လိုက်ရသည်။
ငှက်မည်းကြီးသည် ထိုအရာကို ကျင့်သားရဟန်နှင့် ပြောလိုက်သည် “ဆရာ လူကိုခေါ်လာပါပြီ”
“အင်း” မီးခိုးရောင်ငှက်ကြီးသည် မျက်လုံးဖွင့်လာသည်။ ရှီမာယူယူ သူ့ကို ကြည့်လိုက်သည်နှင့် အထွတ်အထိပ်သားရဲဖြစ်သည်ကို သူမ သိလိုက်သည်။
သို့သော် အဆင့်မြင့်သို့ရောက်သည်မှာ မကြာသေးသော အထွတ်အထိပ် သားရဲပင်ဖြစ်သည်။ သူမသည် မီအာကို ဆက်သွယ်လိုက်သည်။ မီအာ၏ အား သည် အကန့်အသက်ဖြစ်နေသော်လည်း အံ့ဖွယ်သားရဲနှင့် အထွတ်အထိပ် သားရဲတို့ကို ကိုင်တွယ်ရန်အတွက်တော့ လုံလောက်သည်။
“မင်း သတ္တုတွင်းတစ်ခုလောက်ရှာတွေ့လို့ ငါ စုပ်ယူလိုက်ရရင် အဆင် ပြေသွားမှာ” မီအာသည် နောက်ဆုံးတွင် ကမ်းလှမ်းလာသည်။
“ဟုတ်ပြီ” ရှီမာယူယူ သဘောတူလိုက်သည်။
“မင်းက အဲလူလား” မီးခိုးရောင်ငှက်သည် ရှီမာယူယူကို ကြည့်လေသည် “နှစ်ပေါင်းများစွာစောင့်ပြီးသွားတဲ့နောက်တော့ တကယ်ပဲ ဒီလိုဖြစ်လာပြီပဲ”
“ကျွန်မကို ဘာလုပ်စေချင်တာလဲ” ရှီမာယူယူသည် နှစ်ပေါင်းများစွာ စောင့်ခဲ့ရသည်ကို လျစ်လျူရှုပြီး မေးလိုက်သည်။
သူမကို စောင့်နေတာလား။
မီးခိုးရောင်ငှက်သည် ရုတ်တရက်ပါးစပ်ဟ,လာသည်။ သူ အကွက် ကြီးကြီး တစ်ခုထုတ်တော့မည်ဟု ရှီမာယူယူ ထင်လိုက်မိသည်။ သို့သော် ထိုငှက်သည် မထင်ရှားသော အမည်းရောင်ပုတီးစေ့ကို အန်ထုတ်လိုက်သည်။
“အိုး… အခုမှပဲ နေသာသွားတော့တယ်” မီးခိုးရောင်ငှက်သည် ခန္ဓာကိုယ် တစ်ခုလုံး သက်တောင့်သက်သာဖြစ်သွားသကဲ့သို့ သူ၏ အတောင်ပံများကို ခတ်လေသည်။
အမည်းရောင်ပုတီးစေ့သည် ရှီမာယူယူ၏ရှေ့သို့ လွှင့်လာသည်။ ပုတီးစေ့ ပေါ်တွင် တံတွေးများပေရေနေသည်ကို မြင်သောအခါ သူမ လက်ကိုင်ပုဝါထုတ် ပြီး တွေဝေခြင်းမရှိ ထုတ်ပတ်လိုက်သည်။
သူမ ထိုပုတီးစေ့ကို လက်ထဲတွင်ကိုင်လိုက်သည်နှင့် ဝိညာဉ်ကျောက်စိမ်း နှင့်တူသည့် နူးညံ့သော အားတစ်ခုသည် ခန္ဓာကိုယ်အတွင်း ဝင်သွားသည်ကို ခံစားမိလိုက်သည်။
“ဒါဘာလဲ” သူမသည် စိတ်ထဲမှ ပျော်ရွှင်မှုကို ဖိနှိပ်ထားလိုက်ပြီး မီးခိုးရောင်ငှက်ကိုကြည့်ပြီး မေးလိုက်သည်။
“အဲဒါဘာလဲတော့ ငါလည်းမသိဘူး” မီးခိုးရောင်ငှက်၏ အဖြေမှာ သူမ ထင်ထားသလိုမဟုတ်ပေ။ “ငါ ငှက်ပေါက်ဘဝတုန်းက လူတစ်ယောက်က ဒီ ပုတီးစေ့ယူလာပြီး ထိန်းသိမ်းခိုင်းထားတယ်၊ ဒီပုတီးစေ့ကို တုံ့ပြန်စေတဲ့လူကို ပေးလိုက်ပါတဲ့ ဒီလောက် အကြာကြီးစောင့်ပြီးသွားတော့ မင်း ရောက်လာမယ် လို့ထင်မထားဘူး ငါ တောင်မှ ငှက်ပေါက်ကနေ ငှက်အိုကြီးဖြစ်နေပြီ”
“ရှင့်ကို ဒါ ဘယ်သူပေးတာလဲ” ရှီမာယူယူ မေးလိုက်သည်။
“ငါ မသိဘူး” မီးခိုးရောင်ငှက် ပြန်ဖြေလေသည် “အစတုန်းကတော့ ဒီပုတီးစေ့က ဘေးမကင်းဘူး လူတွေအများကြီးကိုလည်း ဆွဲဆောင်နေတယ် ကံကောင်းလို့ ငါ အမြော်အမြင်ရှိရှိနဲ့ မျိုချလိုက်တော့ အဲလူတွေရှာမတွေ့တော့ ဘူး မဟုတ်ရင် မင်း ရောက်တဲ့အထိ ထိန်းသိမ်းနိုင်ပါ့မလား မသိဘူး အခုမှပဲ ငါ့ တာဝန်ပြီးသွားတော့တယ်”
“ကျေးဇူးတင်ပါတယ်” သူမအတွက် မည်သူမည်ဝါမှ ထားသွားခဲ့သည်ကို မသိသော်လည်း မီးခိုးရောင်ငှက်ကြီးသည် နှစ်ပေါင်းများစွာ ထိန်းသိမ်းပေးလာ ခဲ့သည်။ အနည်းဆုံးတော့ သူမ ကျေးဇူးတင်ကြောင်း ပြသရမည်။
ထိုဒဏ္ဍာရီလာရတနာသည် ဤနေရာတွင် တကယ်ရှိလိမ့်မည်ဟု သူမ ထင်မထားပေ။ ထိုလူများသည် နှစ်ပေါင်းများစွာရှာလာသော်လည်း မတွေ့ပေ။ သို့သော် သူမသည် ဤကဲ့သို့အပြုအမူနှင့် လက်ခံနေရသည်။
“ကျေးဇူးတင်ဖို့တော့မလိုပါဘူး မင်းက ငါလိုချင်တာကို ပေးနိုင်တယ်လို့ အဲလူပြောသွားတယ်” မီးခိုးရောင်ငှက်ပြောလိုက်သည်။
ရှီမာယူယူသည် ပုတီးစေ့ကိုသိမ်းပြီး မေးလိုက်သည် “ကျွန်မက ရှင့်ကို ဘာပေးနိုင်မှာလဲ အခု ကျွန်မမှာဘာမှမရှိဘူး ကျွန်မက လူဆင်းရဲတစ်ယောက် ပဲ”
သူမတွင် ရတနာများစွာရှိခဲ့သော်လည်း ထိုပစ္စည်းများမှာ လူသားလောက တွင်သာ ရနိုင်သည်။ အခုချိန်တွင် အကုန်လုံးမှာ အပိတ်ခံထားသည်။ မုရုန်ဟွေ့ သူမကို ပေးခဲ့သည်များနှင့် ကျောက်စိမ်းအိပ်ရာမှလွဲပြီး သူမတွင် ဘာမှမရှိပေ။
“ငါ အသွင်ပြောင်းချင်တယ်” မီးခိုးရောင်ငှက်ပြောလိုက်သည် “မင်း ငါ့ကို ကူညီနိုင်မယ်လို့ သူပြောတယ်”
သူမ၏ ပါးစပ်ထောင့်မှာ ကွေးတက်သွားသည်။ ဒီတောင်းဆိုချက်က တော့ တကယ်ပဲ…
“အသွင်ပြောင်းဖို့ဆို မိုးကြိုးဘေးဒုက္ခကို ရင်ဆိုင်ရမယ် အဲဒါကိုသိလား” သူမ မေးလိုက်သည်။
“သိတာပေါ့ အဲဒါကြောင့် မင်းကိုအကူအညီတောင်းတာ” မီးခိုးရောင်ငှက် ပြောလိုက်သည်။
သူ ငှက်ပေါက်အရွယ်ကပင် အသွင်ပြောင်းရန် စိတ်အားထက်သန်ခဲ့ သည်။ နှစ်ပေါင်းများစွာ စောင့်လာပြီးနောက် သူသည် ကျင့်ကြံခဲ့ရာ အထွတ်အထိတ်သားရဲဖြစ်လာပြီး ကူညီပေးနိုင်မည့်သူကို စောင့်ခဲ့သည်။
အသွင်ပြောင်းလိုသည့် မရဏာသားရဲများအတွက်ကတော့ မိုးကြိုး ဘေးဒုက္ခသည် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ မိုးကြိုးဘေးဒုက္ခ သည် ကောင်းကင်ဘုံ၏ အပြစ်ပေးမှုတင်မကဘဲ တစ္ဆေလောကတွင် အရာ အားလုံးကို ဟန့်တားထားသည့်အရာပင်ဖြစ်သည်။
မိုးကြိုးသွားများကို ဘာမှမဟုတ်သလို ဆင့်ခေါ်နိုင်သော သူမဆိုလျှင် တောင် ယခုအချိန်တွင် မိုးကြိုးဘေးဒုက္ခကို သွားရန်မစရဲပေ။
“ကျွန်မ.. ရှင်…” သူမသည် စကားဆုံးအောင် မပြောလိုက်ရခင်မှာပင် ထိတ်လန့်သွားလေသည်။
မီးခိုးရောင်ငှက်ကြီးသည် အသွင်ပြောင်းမိုးကြိုးဘေးဒုက္ခကို အစပျိုးလိုက် လေပြီ။
ဘယ်လောက်တောင် စိတ်မရှည်လိုက်လဲ။
ငှက်မည်းကြီးမှာ မည်သည့်အချိန်က ထွက်သွားသည်မသိလိုက်… အခု ချိန်တွင် သူမနှင့်မီးခိုးရောင်ငှက်ကြီးသာ တောင်ထိပ်တွင် ကျန်နေခဲ့သည်။ အသွင်ပြောင်းမိုးကြိုးဘေးဒုက္ခကို အစပျိုးလိုက်သည်နှင့် သူမသည်လည်း ဤနေရာတွင် မိုးကြိုးအပစ်ခံရတော့မည်။
သူမသည် ကျိန်ဆဲ ဆဲဆိုသော စကားများအားလုံးကို ပြောလိုက်ချင် သည်။ သူမသည် အသွင်ပြောင်းမိုးကြိုးဘေးဒုက္ခ အဆင့်လောက်ကို ရင်ဆိုင်ရန် မဆိုထားနှင့် အသေးဆုံးမိုးကြိုးဘေးဒုက္ခကိုပင် ခံနိုင်ရည်မရှိသေးပေ။ အခု မိုးကြိုးဘေးဒုက္ခမှာ သူမကို ပိတ်ထားလိုက်ရာ သူမ ထွက်ပြေးချင်လျှင်တောင် ပြေးမရတော့ပေ။
သူမ ဒီနေ့ပဲ ဒီငှက်တုံးငှက်အကြီးနဲ့ သေရတော့မှာလား။
တက်ကြွပြီး ပျော်ရွှင်နေသော သစ်ကိုင်းပေါ်မှ ငှက်တုံးငှက်အကြီးကို ကြည့်ပြီး သူမ လည်ပင်းသွားညှစ်ချင်နေသည်။
သို့သော် မီးခိုးရောင်ငှက်မှာ ခံစားချက်ကောင်းနေသည်။ နှစ်ပေါင်းများစွာ စောင့်လာပြီးနောက် နောက်ဆုံးတွင် ယနေ့သို့ရောက်ခဲ့လေပြီ။ နောက်ဆုံးတွင် သူ အသွင်ပြောင်းနိုင်မည်ဖြစ်ကာ စုဝေးလာသော ဘေးဒုက္ခတိမ်တိုက်များကို တမ်းတစွာကြည့်ပြီး မျှော်လင့်ချက်များရှိနေသည်။
“ပြောပါဦး ငှက်အကြီး ကျွန်မမှာ ဘာဝိညာဉ်စွမ်းအားမှမှိဘူး ဒီ မိုးကြိုး ဘေးဒုက္ခကို ရှင်ကျော်လွှားနိုင်ဖို့ ဘယ်လိုကူညီရမှာလဲ”
“ဘာ” မီးခိုးရောင်ငှက်ကြီးသည် မှင်တက်သွားကာ သူမကို မှိုင်တွေစွာ ကြည့်လေသည် “မင်း ဘာပြောလိုက်တာလဲ”
“ကျွန်မမှာ အားမရှိဘူးဆိုတာ ရှင်မသိဘူးလား” ရှီမာယူယူသည် အကူအညီမဲ့စွာပင် ပြောလိုက်သည်။
“အဲဒါကို ဖုံးထားဖို့ မင်းမှာလျှို့ဝှက်နည်းလမ်း ရှိနေတာလို့ ငါ ထင်လိုက် တာ…” မီးခိုးရောင်ငှက်ပြောလိုက်သည်။ “မဟုတ်ဘူးလား”
“မဟုတ်ဘူးလေ”
“ဒါဆို အဲဒီအားကောင်းလှတဲ့ ရောင်ဝါက ဘယ်ကနေလာတာလဲ” မီးခိုး ရောင်ငှက်ကြီးသည် လုံးဝပင် မှင်တက်နေလေ၏။ မှားများမှားနေသလား။
“ကျွန်မ ရှင့်ကို ရှင်းအောင်တော့ မပြောနိုင်ဘူး” ရှီမာယူယူသည် မိုးကြိုး ဘေးဒုက္ခကို မော့ကြည့်လိုက်သည်။
အသွင်ပြောင်း မိုးကြိုးဘေးဒုက္ခစတင်သည်နှင့် ပစ်မှတ်သေသွားသည် ဖြစ်စေ မဟုတ်လျှင် ဘေးဒုက္ခမပြီးဆုံးသရွေ့ သူ့ဘာသာပျောက်ကွယ်သွားမည် မဟုတ်ပေ။
တောင်အောက်တွင် ရှောင်ရော့ပိုင်နှင့် ကုန်းဇီယွမ်တို့သည် ဘေးဒုက္ခ တိမ်တိုက်များစုဝေးလာသည်ကို မြင်သောအခါ ထိတ်လန့်သွားကြသည်။ တစ္ဆေ မျိုးနွယ်များသည် ဘေးဒုက္ခတိမ်တိုက်များကို အလွန်ပင်ကြောက်ရွံ့ကြသည်။ မရဏာသခင်များပင် ဘေးဒုက္ခတိမ်တိုက်ကိုမြင်လျှင် ကြောက်ရွံ့ကြသဖြင့် ထို ကလေးနှစ်ယောက်ဆို ပြောရန်ပင်မလိုတော့ပေ။
“ဒါက… ဘာတွေဖြစ်နေတာလဲ” ကုန်းဇီယွမ်သည် သူ၏ စွမ်းအင်များ ကုန်ခမ်းသွားသလို ခံစားရသည်။
“ငါလည်း မသိဘူး” ရှောင်ရော့ပိုင်သည် စိတ်ငြိမ်အောင်ထားချင် သော်လည်း သူမ၏ တုန်ယင်သော ခန္ဓာကိုယ်သည် ခံစားချက်ကို သစ္စာဖောက် နေသည်။
ဤတစ်ကြိမ်တွင် ငှက်မည်းကြီးသည် တောင်ပေါ်မှဆင်းလာကာ သူတို့ နှစ်ယောက်ကို တစ်ယောက်တစ်ဖက်မှ ကုပ်ထားကာ မိုးကြိုးဘေးဒုက္ခ စက်ကွင်းမှ ခေါ်ထုတ် ပျံသန်းခဲ့သည်။
“ယူယူရော” ကုန်းဇီယွမ်သည် ငှက်မည်းကြီး ပျံဆင်းလာသည်ကို မြင်ရ သော်လည်း ရှီမာယူယူကိုတော့ မမြင်မိပေ။
“ဆရာ မိုးကြိုးဘေးဒုက္ခရင်ဆိုင်တာကို ကူညီပေးနေတယ်” ငှက်မည်း ကြီး ပြောလိုက်သည်။
“ဘာ” ကုန်းဇီယွမ်နှင့် ရှောင်ရော့ပိုင်တို့အော်မိကြသည် “ဘယ်လိုလုပ် ဒီလိုဖြစ်တာလဲ သူမ သေလိမ့်မယ်”
ကုန်းဇီယွမ်သည် ရှီမာယူယူကို ပြေးကယ်မည်အပြုတွင် ငှက်မည်းကြီး သည် အတောင်ပံဖြင့် သူ့ကိုရိုက်ချရာ သူသည် မြေကြီးထဲတွင် နစ်ဝင်သွားလေ သည်။
“ဘယ်သူမှ သွားခွင့်မရှိဘူး” ငှက်ကြီးသသည် သူတို့နှစ်ယောက်ကို စိုက် ကြည့်ပြီး မျက်လုံးထဲတွင် လူသတ်မည့်အရိပ်အယောင်ထည့်လိုက်သည်။
သူတို့ ကတိုက်သရိုက်ဝင်ရောက်မှုကြောင့် မိုးကြိုးဘေးဒုက္ခ စွမ်းအား တိုးမြင့်သွားလျှင် အောင်မြင်မှုရာခိုင်နှုန်းမှာ ပိုနည်းသွားမည်။
ခန္ဓာကိုယ်တစ်ဝက် မြေကြီးထဲမြုပ်နေသော ကုန်းဇီယွမ်ကို မြင်သောအခါ ရှောင်ရော့ပိုင်သည် တောင့်တင်းစွာပင် ခေါင်းညိတ်လိုက်သည်။
သူတို့သည် သားရဲများ၏ ထိန်းချုပ်မှုအောက်မှ ထွက်မပြေးနိုင်ပေ။ သူတို့ သည် မိုးကြိုးဘေးဒုက္ခကိုကြည့်ရုံသာကြည့်ကာ ရှီမာယူယူ အသက်ရှင်နိုင်ရန် မျှော်လင့်ချက်ဖြင့် စိတ်ထဲမှ တိတ်တဆိတ်ဆုတောင်းပေးရုံသာရှိတော့မည်။
သူတို့၏ စိတ်ထဲတွင်တော့ ဖြစ်နိုင်ချေမှာ သုညဖြစ်သည်ကိုတော့ အားလုံးနားလည်ထားကြသည်။
***