အဆင်မပြေသောတိမ်တိုက်ဝိညာဉ်
Vol. 126 Ch. 1754
သည်တစ်ကြိမ်တွင် ရှီမာယူယူသည်လည်း အလွန်ပင် စိုးရိမ်လျက်ရှိ၏။ သူမတွင် ခရမ်းရောင်ထိပ်တန်းလျှပ်စီး မဆိုထားနှင့် စွမ်းအားပါမရှိသည့်အပြင် ဝိညာဉ်စေတီအတွင်းတွင် သိမ်းထားသော မိုးကြိုးတားပစ္စည်းများကိုလည်း မထုတ်နိုင်ပေ။ ဒီမိုးကြိုးဘေးဒုက္ခကို ခုခံဖို့ သူမ ဘာသုံးရမလဲ။
သူမ စဉ်းစားကြည့်လေလေ စိတ်ထဲတွင် ဒေါသထွက်ကာ နောင်တရနေ မိသည်။
သူမ စောစောကသာသိလျှင် ဤငှက်တုံးငှက်အနှင့် တွေ့ရန်လာမည် မဟုတ်ပေ။
မိုးကြိုးဘေးဒုက္ခဧရိယာတစ်ခုလုံးမှာ လျှပ်စီးဒြပ်စင်များဖြင့် ပြည့်နေ၏။ မည်သည့်အားမှမရှိဘဲ သူမ ထိလိုက်လျှင် သူမ၏ ခန္ဓာကိုယ်ထိခိုက်သွားမည် ဖြစ်သည်။
“အဲဒါကြောင့် တစ္ဆေမျိုးနွယ်ကလူတွေက မိုးကြိုးကိုကြောက်ကြတာကိုး” သူမသည် နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့မိသွားသည်။ ထိုကဲ့သို့ဖိနှိပ်မှုသည် အမှန်တကယ်ပင် နေရခက်လှသည်။
ရုတ်တရက် ထိုမိုးကြိုးဘေးဒုက္ခဒြပ်စင်များသည် သူမ ခန္ဓာကိုယ်အတွင်း သို့ ဝင်သွားသည်ကို ခံစားမိသည်။ သူမ၏ တစ်ကိုယ်လုံးသည် တစ်စစီပြဲမတတ် ခံစားရကာ သူမ၏ ဝိညာဉ်သည် အချိန်မရွေးပြိုလဲတော့မည့်အတိုင်း ခံစားရ သည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” သူမသည် စိတ်ထဲမှအော်ပြီး ညည်းညူလိုက်သည် “ငါ တစ္ဆေလောကကို ရောက်တဲ့အချိန်မှာတောင် မိုးကြိုးကို ဘာလို့ ခံစားရလွယ်နေတာလဲ…”
ထိုသည်မှာ သူမ၏ ကနဦးအဆင့်တက်မှုဖြစ်ခဲ့သည်။ သို့သော် ယခုအချိန် တွင် သူမသည် တစ္ဆေတစ်ကောင်ဖြစ်ကာ သူမအတွက် နှစ်ဆနာကျင်စေသည်။
မိုးကြိုးဘေးဒုက္ခ မစခင်ကို သူမ သေသွားတော့မှာလား။
သူမ တစ္ဆေလောကကို ရောက်တာတောင် မကြာသေးဘူးလေ။ သူမ စပြီး မကျင့်ကြံရသေးသလို မိခင်ဖြစ်သူကိုလည်း မကယ်ရသေးပေ။ သူမ၏ အရင် သူငယ်ချင်းတွေကို သွားတွေ့ဖို့အချိန်လည်းမရသေးပေ။ သူမ ဒီလိုပဲ သေသွား တော့မှာလား။
သူမသည် ခန္ဓာကိုယ်ထက် စိတ်ထဲမှ နာကျင်မှုကို ပိုခံစားရသည်။
“ဟင်း…” သူမ နားထဲတွင် ကျေနပ်နေသော သက်ပြင်းချသံကိုကြား လိုက်ရသည်။ သူမ၏ မျှော်လင့်ချက်ကင်းမဲ့နေသော စိတ်သည် အလင်းရောင် ကို မြင်လိုက်ရသည်။
“ခရမ်းရောင်လေး မင်းလား” သူမသည် ပျော်ရွှင်စွာ မေးလိုက်သည်။
အဖြေမရှိပေ…
သို့သော် ဘေးပတ်ဝန်းကျင်မှ မိုးကြိုးဒြပ်စင်များသည် သူမ၏ ခန္ဓာကိုယ် ထဲသို့ အရှိန်အဟုန်ဖြင့် ဝင်လာရာ ပြင်းထန်သောနာကျင်မှုကို ခံစားရသည်။ သူမသည် စဉ်းစားရန်ပင် အားမရှိတော့ပေ။ ထိုအချိန်တိုင်းတွင် သူမ၏ ခန္ဓာ ကိုယ်သည် ပေါက်ပြဲတော့မလို ခံစားရသည်။
သူမ ခန္ဓာကိုယ် အကန့်အသက်ရောက်တော့မည်ဟု ခံစားရချိန်၊ အနည်း ငယ်သာ ထပ်စုပ်ယူလိုက်လျှင် သေတော့မည်အချိန်လောက်တွင် ရပ်တန့်သွား လေသည်။ နူးညံ့သောအားတစ်ခုသည် သူမ ဝမ်းဗိုက်တွင် ပျောက်ကွယ်သွားပြီး ခန္ဓာကိုယ် လဲကျလုနီးပါးဖြစ်သွားပြီးမှ နာကျင်မှုသည် တဖြည်းဖြည်း ပျောက် ကွယ်သွားလေသည်။
“မြောင်… ဒီကလေးလေး နောက်ဆုံး နိုးလာပြီ ယူယူ ဒီကလေးလေးကို လွမ်းနေလား” ပျော်ရွှင်သောအသံသည် ရှင်းလင်းစွာ ပဲ့တင်ထွက်လာသည်။ ရှီမာယူယူသည် ထင်ယောင်ထင်မှားမဟုတ်သည်မှာတော့ သေချာသည်။ ဒီ ကောင်လေးက တကယ်ပဲ သူမ ဝိညာဉ်နောက်လိုက်ပြီး တစ္ဆေလောကကို ဝင်လာခဲ့တာပဲ။
နာကျင်မှုမှာ ပျောက်ကွယ်သွားသော်လည်း သူမသည် အားနည်းနေသေး သောကြောင့် မြေပေါ်တွင် မလှုပ်မယှက် လှဲလျောင်းနေလိုက်သည်။
“မင်းကို လွမ်းရမယ်ဟုတ်လား မင်းကို လွမ်းသလို မုန်းလည်းမုန်းတယ်” သူမသည် အားနည်းသံဖြင့် ပြန်ဖြေလိုက်သည်။
သူ့ကြောင့်သာမဟုတ်လျှင် သူမသည် ယခုလို ပြင်းထန်စွာခံစားရမည် မဟုတ်ပေ။ သို့သော် သူသာမရှိလျှင် ခဏအကြာ မိုးကြိုးဘေးဒုက္ခ ပစ်ခတ်လာ လျှင် သူမသည် တောင့်ခံရန်မဖြစ်နိုင်ပေ။
“ဟင်” သူမသည် မိုးပေါ်မှ မိုးကြိုးဘေးဒုက္ခကို ကြည့်လိုက်သည်။ ဘာလို့ ဒီလောက် ရင်းနှီးသလိုခံစားနေရတာလဲ။ အဲဒီကောင်လေးများလား… တိမ်တိုက်ဝိညာဉ်…
သူမ အတည်ပြုနေစဉ်မှာပင် မိုးပေါ်မှ မိုးကြိုးသွားကျလာကာ သူမကို ရစ်ပတ်ခေါ်သွားပြီး လေထဲသို့ပို့လိုက်သည်။
တိမ်တိုက်၏ ရင်းနှီးသော မျက်လုံးများကိုမြင်သောအခါ ထိုကောင်လေး ဆိုသည်မှာ ရှီမာယူယူ သေချာသွားသည်။
“မင်းက ဘာလို့ ဒီလိုဖြစ်လာတာလဲ” တိမ်တိုက်ဝိညာဉ်သည် သူမကို အထင်သေးစွာကြည့်လေသည် “ခရမ်းရောင်ထိပ်တန်းလျှပ်စီးသာ မနိုးရင် ငါ မင်းကို မခေါ်ရဲဘူး မဟုတ်ရင် မိုးကြိုးသွားတစ်ခုက မင်းကိုအမှုန့်ဖြစ်အောင် လုပ်မိမှာပဲ”
“ဟားဟား ငါက အခု တကယ်ကိုမွဲတေနေတဲ့ အခြေအနေဖြစ်နေတာ” ရှီမာယူယူသည် လက်ရှိတွင်အနည်းငယ် ဝမ်းနည်းဖွယ်အခြေအနေ ဖြစ်နေ သည်ကို မငြင်းဆန်ပေ။ “မင်းက ဘာလို့ တစ္ဆေလောကကိုလာတာလဲ”
“ဒါက အစကတည်းက ငါ့နယ်မြေပဲ” တိမ်တိုက်ဝိညာဉ်ပြောလိုက်သည် “မင်းက ဘာလို့သေသွားတာလဲ မင်းကိုဘယ်သူသတ်လိုက်တာလဲ”
“ငါ့ခန္ဓာကိုယ်ထဲက စွမ်းအားကို မထိန်းချုပ်နိုင်လို့…. ပေါက်ကွဲသွားခဲ့တာ”
“…” တိမ်တိုက်ဝိညာဉ်သည် သူမကို ဆွံ့အစွာဖြင့် ကြည့်လိုက်သည် “အဲလိုမျိုး သေတဲ့လူဆိုတာ ရှားတယ်”
“ဟေး သူရဲကောင်းဆိုတာ အရင်က ရဲရင့်ခဲ့တာတွေကို ပြန်မပြောဘူး” ရှီမာယူယူသည် အကူအညီမဲ့စွာဖြင့် ပြောလိုက်သည် “ဒါပေမဲ့ ငါသေသွား ပြီးတော့ ပထမဆုံးပြန်တွေ့တဲ့ အသိအကျွမ်းက မင်းဖြစ်လိမ့်မယ်လို့ ထင်မထားဘူး ဆိုးတော့မဆိုးဘူး”
အနည်းဆုံးတော့ သူမ ယနေ့မသေနိုင်ပေ။
“ဟင်း တခြားသူနဲ့သာတွေ့ရင် မင်းသေမှာပဲ” တိမ်တိုက်ဝိညာဉ်သည် ညည်းညူလေသည် “ဒီလိုမျိုး မရှိစလောက် အားလေးနဲ့ အသွင်ပြောင်းမိုးကြိုး ဘေးဒုက္ခကိုတောင် ရန်စရဲသေးတယ်”
“ဒါဆိုလည်း ဒီတစ်ခေါက်ကို မင်းလက်ရှောင်လိုက်တော့ ဘယ်လိုပဲ ဖြစ်ဖြစ် ငါတို့တွေက အကြွေးတင်နေကြတာပဲ” ရှီမာယူယူ ပြောလိုက်သည်။
“မင်းမှာတင်နေတဲ့အကြွေးကို ဘာလို့ပြန်တောင်းနေတာလဲ” တိမ်တိုက် ဝိညာဉ်သည် သူမကို စိုက်ကြည့်လေသည်။
“ဟေး ငါတို့က သူငယ်ချင်းကောင်းတွေ မဟုတ်ကြဘူးလား” ရှီမာယူယူ သည် ပြုံးပြီးပြောလိုက်သည် “သူငယ်ချင်းကောင်းဆိုတာ တစ်ယောက်နဲ့ တစ် ယောက်ကူညီရမှာမဟုတ်ဘူးလား”
“ဟင်း အရင်တစ်ခေါက်က မင်း ငါ့ကို အသီးဝိုင်ပေးမယ်လို့ပြောခဲ့တယ် ဒါပေမဲ့ မင်းက ကတိလည်းမတည်ဘူး” တိမ်တိုက်ဝိညာဉ်သည် မပျော်ရွှင်စွာ ဖြင့် ပြောလေသည်။
ရှီမာယူယူ ပြုံးလိုက်သည် “အဲတုန်းက ငါ အလုပ်များနေလို့ပါ ဒါပေမဲ့ အခု ငါအားသွားပြီ နောက်မှ မင်းအတွက်လုပ်ပေးမယ်”
“ပစ္စည်းပြတ်သွားတာလား” တိမ်တိုက်ဝိညာဉ်သည် နှုတ်ခမ်းစုတ်သပ် လိုက်သည်။
“အကုန်လုံး အပိတ်ခံလိုက်ရတယ် ဝိညာဉ်စွမ်းအားမရှိဘဲ ဖွင့်မရဘူး” ရှီမာယူယူ သက်ပြင်းချလိုက်သည် “ခဏတော့ စောင့်လိုက်ပါ ငါ ဝိညာဉ် စွမ်းအား ကျင့်ကြံနိုင်ရင် ပွင့်လာမှာပါ… ဒီနှစ်တွေမှာ အများကြီးလုပ်ထားတယ် အကုန်လုံး မင်းကိုပေးမယ်”
“မင်းပဲပြောတာပဲ… မင်း ငါ့ကိုချောင်ထိုးပြီး ကတိမတည်လို့မဘူးနော် မဟုတ်ရင် မင်းဝိညာဉ်ကွဲသွားတဲ့အထိ မင်းကိုသတ်ပြီး တစ်မှုန်မှမကျန်အောင် လုပ်လိုက်မယ်” ပြီးခဲ့သည့်တစ်ခေါက် သူမ ကတိပျက်ကွက်သည်ကို တိမ်တိုက် ဝိညာဉ်သည် နာကြည်းလျက်ရှိသည်။
“ဟုတ်ပြီ ဒီတစ်ခေါက် မင်းကို ငါ အာမခံပါတယ် ပြောတဲ့အတိုင်းလုပ်ပါ မယ်” ရှီမာယူယူ ကတိပေးလိုက်သည်။
“ဟင်း… ငါ တစ်ခါထပ်ပြီး ယုံပေးလိုက်မယ်” တိမ်တိုက်ဝိညာဉ် ပြော လိုက်သည် “ဒါပေမဲ့ အခု မင်းမှာစွမ်းအားမရှိဘူး ဝိညာဉ်စွမ်းအားရဖို့ မကျင့်ကြံ နိုင်တာဖြစ်နိုင်သလို အဲမတိုင်ခင်လည်း ပျက်စီးသွားနိုင်တယ်”
“ဒါဆိုရင်တော့ ငါအဲဒါနဲ့ပတ်သက်ပြီး ဘာမှမတတ်နိုင်ဘူး” ရှီမာယူယူ သည် မတတ်သာသည့် အမူအရာဖြင့် ပြလိုက်သည်။ အားအင်ဆိုသည်မှာ လိုချင်တိုင်းရသည့်အရာမဟုတ်ပေ။
“ငါ့နောက်လိုက်ခဲ့” တိမ်တိုက်ဝိညာဉ်သည် ပြောပြီးသည်နှင့် လှည့်ထွက် သွားသည်။
ရှီမာယူယူသည် တိမ်တိုက်ပေါ်တက်လိုက်သည်။ သူမတွင် လမ်းလျှောက် ရန်အားမရှိတော့သလို ခံစားရသည်မှာ ပထမဆုံးအကြိမ်ဖြစ်ကာ ကျသွားတော့ မလိုပင် ခံစားရသည်။
သူမသည် တိမ်တိုက်ဝိညာဉ်နောက်လိုက်ကာ တိမ်အလယ်ဆီသို့ လိုက် လာရာ ဘောင်ခတ်ထားသော ကန်ကိုမြင်သောအခါ ထိုအရာကို မှတ်မိလိုက် သည်။
ပြီးခဲ့သည့်တစ်ခေါက် သူမသည် ဤနေရာမှ လျှပ်စီးအရည်များစွာကို ရခဲ့သည်။
“မင်းခန္ဓာကိုယ်ထဲက အဲကလေးကိုထုတ်လိုက်” တိမ်တိုက်ဝိညာဉ်သည် စိတ်မပါသလိုပြောလိုက်သည်။
ရှီမာယူယူ အံ့ဩသွားကာ ခရမ်းရောင်လေးကို ရည်ညွှန်းသည်ကို သူမ နားလည်လိုက်သည်။
“အရင်တစ်ခေါက်ကလိုပဲ မဟုတ်ဘူးလား” သူမသည် ခရမ်းရောင် ထိပ်တန်းလျှပ်စီးကို ခေါ်ထုတ်လိုက်သည်။
သည်တစ်ကြိမ်တွင် ခရမ်းရောင်လေးတွင် ခရမ်းရောင်တိမ်တိုက်အငွေ့ များရှိနေတုန်းပင်။ သူသည် စကားပြောနိုင်သော်လည်း အသွင်မပြောင်းနိုင် သေးပေ။
“မင်းခန္ဓာကိုယ်က ခံနိုင်တယ်မလား” တိမ်တိုက်ဝိညာဉ်သည် မျက်လုံး လှိမ့်ကာ ခရမ်းရောင်လေးကို ဆုပ်ကိုင်ပြီး လျှပ်စီးကန်ထဲသို့ ပစ်လိုက်သည်။ ဤအနစ်နာခံမှုကြောင့် သူ၏ရင် မည်မျှနာကြောင်းကို ထိုနေရခက်နေသော အမူအရာကပြနေသည်။
“မြောင် သက်တောင့်သက်သာရှိလိုက်တာ” ခရမ်းရောင်ထိပ်တန်းလျှပ်စီး သည် လျှပ်စီးကန်သို့ ဝင်သွားပြီးနောက် အထဲမှလျှပ်စီးအရည်ကို လျင်မြန်စွာ သောက်လိုက်သည်။ ပြီးနောက် တိမ်တိုက်ဝိညာဉ် စကားမပြောခင်မှာပင် လျှပ်စီးကန်မှ ထွက်လာပြီး အလယ်ပိုင်းသို့ ခုန်ဆင်းသွားသည်။
ခရမ်းရောင်ထိပ်တန်းလျှပ်စီးသည် လျှပ်စီးအရည်ကို ပိုပိုသောက်လေ သူ၏ ခန္ဓာကိုယ်မှာပုံပေါ်လာပြီး နောက်ဆုံးတွင် ခရမ်းရောင်ကြောင်လေးဖြစ် လာသည်ကို ရှီမာယူယူတွေ့လိုက်သည်။
သူ လျှပ်စီးအရည်အားလုံး သောက်ပြီးချိန်တွင် တိမ်တိုက်ဝိညာဉ်သည် ငိုတော့မလိုဖြစ်သွားသည်။
ရှီမာယူယူသည် သူ၏ခေါင်းကိုပုတ်ပြီး ပြောလိုက်သည် “နောက်ကျမှ မင်းကို အသီးဝိုင်များများပေးမယ် အဲဒါဆိုရင် မင်းနေ့တိုင်း အသီးဝိုင်သောက် လို့ရပြီလေ”
“နောက်တစ်ခါကျမှ မင်းဆီလာမယ်” တိမ်တိုက်ဝိညာဉ်သည် သူမကို နားလည်သလိုကြည့်လိုက်သည်။ ထိုနက်နဲလှသော မျက်လုံးများသည် ရှီမာယူယူကို နိမိတ်မကောင်းသော သတိပေးချက်တစ်ခုလိုပင်။
“ဟုတ်ပြီ အချိန်ပြည့်တော့မယ် မင်းဆင်းသွားလိုက်တော့” ပြောပြီးနောက်တွင် သူသည် ရှီမာယူယူကို မြေပြင်ပေါ်သို့ပြန်ပို့လိုက်သည်။
ရှီမာယူယူ မြေပေါ်ရောက်သည်နှင့် ခေါင်းပေါ်မှ အော်သံကြားရသဖြင့် မော့ကြည့်လိုက်ရာ ခရမ်းရောင်ထိပ်တန်းလျှပ်စီးသည် ခြေကားရား လက်ကားရားဖြင့် ကျလာသည်ကို မြင်လိုက်ရသည်။
“…”
တိမ်တိုက်ဝိညာဉ် လုပ်ချင်သလိုလုပ်တဲ့အချိန်ဆိုရင် တကယ် အဆင်မပြေတာပဲ။
***