ပင်လယ်သေသို့သွားခြင်း
Vol. 39 Ch. 588
နောက်ဆုံး၌ ကြယ်ကြွေတမန်အင်ပါယာနှင့် အရိပ်နက်အင်ပါယာတို့က ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီမှုတစ်ခု ရရှိသွားခဲ့သည်။
ရှီရာ၏ ကတ်သရင်း၏အစီအစဉ်မှ အချိန်ခြားနားချက်ကို အခွင့်ကောင်းယူကာ အချိန်တိုအတွင်း အကြီးအကဲမိသားစုများကို ထိန်းချုပ်ပြီး အထက်ရေးရာ စီမံခန့်ခွဲရေး၏ အသံများကို စုစည်းနိုင်ခဲ့သည်။ ယခုတွင် ကြယ်ကြွေတမန်အင်ပါယာက ခေါင်းအစ ခြေအဆုံး ဆူးချွန်များပြည့်နေသော ဖြူကောင်အဖြစ် တစ်စုတစ်စည်းတည်း ဖြစ်သွားကြပြီ ဖြစ်သည်။ အသားတစ်တုံး အကိုက်ခံရလျှင်ပင် ရန်သူ၏ပါးစပ်က ဆူးစူးမည် ဖြစ်သည်။ သို့ရာတွင် အတူတူ ပျက်သုဉ်းရန်မှာ မရသည့်အဆုံးမှ ဖြစ်သည်။ ကြယ်ကြွေတမန် အင်ပါယာ၏အင်အားမှာ အရိပ်နက်အင်ပါယာထက် နိမ့်ကျ၏။ လက်ရှိ တင်းမာနေသော အခြေအနေအရ ရှီရာ ထိုအချိန်တွင် အောင်အောင်မြင်မြင် ညှိနှိုင်းနိုင်ရန်အတွက် တန်ဖိုး ကြီးကြီးမားမား ပေးဆပ်ခဲ့ရလေသည်။
ပူးပေါင်းဆောင်ရွက်ခြင်းနှင့် လိုက်လျောချက်များအပြင် ကြယ်ကြွေတမန် အင်ပါယာက အရိပ်နက်အင်ပါယာကို တိုက်ပွဲဘောလုံး၊ မှော်ရုပ်မြင်သံကြား၊ ရနှံ့မွှေး နှံစားပြောင်း ဝိုင်အရက်တို့၏ လျို့ဝှက်ဖော်မြူလာနှင့် မြေတိုးမြှင့်ရန်အတွက် သလင်းကျောက် အရေအတွက် အများအပြားကို ထောက်ပံ့ပေးရမည်ဖြစ်သည်။ ထို့ပြင် သူတို့က သွင်းကုန် ထုတ်ကုန်များ၊ တိုက်ပွဲဘောလုံးပြိုင်ပွဲ ထုတ်လွှင့်ခြင်း၊ ရုပ်မြင်သံကြား အစီအစဉ် မျှဝေခြင်းနှင့် အခြားနေရာများ၌လည်း အတွင်းကျကျ ပူးပေါင်းဆောင်ရွက် ရပေမည်။
အင်ပါယာနှစ်ခုအကြား ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီမှု စာချုပ် ချုပ်ဆိုသော သတင်းကိုလည်း သိပ်မကြာခင်၌ သတင်းစာ၏ နောက်ဆုံးထွက် စာစောင်တွင် ထုတ်ဝေခဲ့ကာ ကြယ်ကြွေတမန်အင်ပါယာအပေါ်သို့ ပျော်ရွှင်ခြင်းများ ယူဆောင်လာပေးခဲ့သည်။
သတင်းစာများက “စနစ်တကျသွား”ပြီးနောက် အပြုသဘောဆောင်သော သတင်းများကိုထုတ်ဝေခဲ့ပြီး အင်ပါယာနှစ်ခုအကြားရှိ ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းအချို့ကို အဓိကထား စာရင်းပြုစုခဲ့သည်။ ဥပမာအနေဖြင့် အင်ပါယာနှစ်ခုလုံးက အင်ပါယာဖလား တိုက်ပွဲဘောလုံးအဖွဲ့ချုပ်ကို ပူးတွဲကျင်းပပြီး မှော်ရုပ်မြင်သံကြားတွင် တိုက်ရိုက်ထုတ်လွှင့်မည် ဖြစ်သည်။ ရွိုင့်စ်ထံ အပ်နှင်းထားသော အင်ပါယာငယ်လေးဖြစ်သည့် ကြယ်ကြွေတမန်အင်ပါယာမှ အရိပ်စိမ်း နယ်မြေက ပူးတွဲကုန်စည်ပြပွဲတစ်ခု ကျင်းပခဲ့သည်။ မင်းသမီးလက်လီစတိုး၊ အရိပ်နက်အင်ပါယာ၏ နာမည်အကျော်ဆုံး ဇိမ်ခံစတိုးဆိုင်၊ အဖိုးတန်ခရမ်းစတိုးဆိုင်တို့လည်း ပူးပေါင်းကြမည် ဖြစ်သည် ....
ထို့အပြင် အင်ပါယာနှစ်ခုလုံးကလည်း နောက်တစ်နှစ်ကြာပြီးနောက်တွင် နတ်ဆိုးဘုံ အဂ္ဂိရတ်ပညာရှင်ပြိုင်ပွဲကို ပူးတွဲကျင်းပကြမည် ဖြစ်သည်။ ဆေးရည်ပညာရှင် ပြိုင်ပွဲကို ကြယ်ကြွေတမန်အင်ပါယာ၌ ကျင်းပမည်ဖြစ်ပြီး ယန္တရားပညာရှင်ပြိုင်ပွဲကို အရိပ်နက်အင်ပါယာ၌ ကျင်းပပေမည်။ ထိုကဲ့သို့ အင်ပါယာများက ပူးပေါင်းကျင်းပသော ယန္တရားပြိုင်ပွဲမျိုး နတ်ဆိုးဘုံးသမိုင်းကြောင်းတွင် မရှိခဲ့ဖူးပေ။
အိုဆိုင်ဒန်က ဆေးရည်ပညာရှင်ပြိုင်ပွဲတစ်ခု ကျင်းပရန် စီစဉ်ခဲ့ဖူးသည်။ သို့ရာတွင် ရန်ပုံငွေ အလိမ်အညာ အဖြစ်အပျက်ကြောင့် အင်ပါယာ၏ ဘဏ္ဍာတိုက် ပြောင်းသလင်းခါ သွားခဲ့ရသည်။ ထို့ကြောင့် သူက နောက်တစ်နှစ်သို့ ရွှေ့ဆိုင်းကြောင်း ကြေညာခဲ့သည်။ ထို့နောက် စစ်ပွဲကဲ့သို့ အမျိုးမျိုးသော အကြောင်းရင်းများကြောင့် ကြန့်ကြာခဲ့ပြီး ထပ်မကြားရတော့ပေ။ ယခုတွင် ကတ်သရင်းနှင့် ရှီရာတို့က ယန္တရားဆရာသခင် ပြိုင်ပွဲနှင့် ဆေးရည်ပညာရှင်ပြိုင်ပွဲတို့ကို ပူးတွဲကျင်းပကြမည်ဖြစ်ရာ အဂ္ဂိရတ်လောကကို အုတ်အော်သောင်းတင်း ဖြစ်သွားစေခဲ့လေသည်။
ထိုပူးပေါင်းမှုက အင်ပါယာနှစ်ခု၏ သဘောထားကို ပြသနေပြီး သွေးရောင် အင်ပါယာကို ဖိနှိပ်ရန်အတွက် ပူးပေါင်းသော အဟုန်အနည်းငယ် ရှိနေလေသည်။
အင်ပါယာနှစ်ခုက အောင်အောင်မြင်မြင်နှင့် ပူးပေါင်းမှုစာချုပ်တွင် လက်မှတ် ရေးထိုးသွားပြီးနောက်တွင် ချန်လွေ့က ဒိုဒိုကိုခေါ်ပြီး မြေဒြပ်စင်ဘုရင်နောက်လိုက်ကာ ပင်လယ်သေသို့ ခရီးထွက်တော့သည်။
အင်ပါယာနှစ်ခုအကြားမှ ပူးပေါင်းဆောင်ရွက်ခြင်း ပစ္စည်းအများအပြားမှာ ချန်လွေ့၏ အကြံပြုချက်များအပေါ်၌ အခြေခံထားခြင်း ဖြစ်သည်။ တိုက်ပွဲဘောလုံး အတွက် ဖော်မြူလာမှာ အမှန်တကယ်၌ မရှုပ်ထွေးပေ။ အဓိကသော့ချက်မှာ ကုန်ကြမ်းများ ဖြစ်ပြီး ၎င်းတို့ကို ချန်လွေ့၏ စူပါစနစ်မှတစ်ဆင့် သန့်စင်ထားလေသည်။ အကယ်၍ အရိပ်နက်အင်ပါယာက အမြောက်အမြား ထုတ်လုပ်ချင်သည်ဆိုလျှင် ကြယ်ကြွေတမန်အင်ပါယာမှ ကုန်ကြမ်းများကို ဝယ်ယူရပေမည်။
ရနံ့မွှေး နှံစားပြောင်း ဝိုင်အရက်ချက်သော လုပ်ငန်းစဉ်များမှာ စျေးကွက်ရှယ်ယာကြီးတစ်ခုကို အရိပ်နက်အင်ပါယာသို့ ပေးအပ်လိုက်ခြင်းနှင့် ညီမျှပေသည်။ မူလက ချန်လွေ့က နတ်ဆိုးဘုံ၌ နာမည်ကျော်စေ၇န်အတွက် ဝိုင်လုပ်ငန်း မိသားစုအချို့ထံ ထိုလျို့ဝှက်ဖော်မြူလာကို ရောင်းချရန် ရည်ရွယ်ထားခဲ့သည်။ သို့ရာတွင် အသက်ဓာတ်ရေစင်နှင့် ပထဝီဘုံတို့၏ သက်ရောက်မှုမရှိလျှင် ထိုနှံစားပြောင်း ဝိုင်အရက်များကို “သာမန်ထုတ်လုပ်ရေး” ဟူ၍သာ သတ်မှတ်၍ ရနိုင်သည်။ တကယ့် စစ်မှန်သော ထုတ်ကုန်များကို မင်းသမီးလက်လီစတိုးနှင့် မင်းသမီးစံအိမ်၌သာ ရောင်းချပြီး မင်းသမီးလက်လီစတိုး၏ “အထူးအမှတ်တံဆိပ်”ကို ထပ်မံတည်ဆောက်ရန် ဖြစ်သည်။ အမှန်တကယ်တွင် နှံစားပြောင်း ဝိုင်အရက် တစ်ခုတည်းမဟုတ်ဘဲ နောက်ထပ် ပိုမိုကြီးမားသော “ဝှက်ဖဲ”ဖြစ်သည့် ဝိုင်ဖြူကိုလည်း ချက်နေလေသည်။ ၎င်းသည် အနာဂတ်တွင် ပိုမိုကြီးမားစွာ တစ်ရှိန်ထိုး နာမည်ကျော်လာနိုင်မည်ဖြစ်သည်။
မှော်ရုပ်မြင်သံကြား မိတ်ဆက်ခြင်း၏ သိသာထင်ရှားမှုက ပို၍ပင် အပြုသဘော ဆန်လှသည်။ ၎င်းသည် တိုက်ပွဲဘောလုံးအဖွဲ့ချုပ်ကဲ့သို့သော ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းများနှင့် တိုက်ရိုက် ဆက်နွှယ်နေရုံသာမက ချန်လွေ့၏ ယခင်ဘဝ အတွေ့အကြုံအရ ပဏာမခြေလှမ်းကို အချိန်အတော်ကြာသည်အထိ ကြယ်ကြွေတမန် အင်ပါယာ၏ လက်ထဲ၌ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားနိုင်ပေလိမ့်မည်။ ကတ်သရင်းက ပါးနပ်သည့်တိုင် နောက်မှလိုက်၍သာ တတ်နိုင်ပေမည်။ ထို့ပြင် ရုပ်မြင်သံကြား တိုက်ရိုက်ထုတ်လွှင့်ခြင်းက အကောင်းဆုံးကြားခံနယ် ဖြစ်လာနိုင်သော ရေရှည်အစီအစဉ်အချို့လည်း ရှိနေသည်။
အခြားရှုထောင့်မှကြည့်လျှင် ကပ်ဘေးကို ဖြေရှင်းနိုင်ခဲ့ပြီး အဖိုးတန်သော ဖွံ့ဖြိုးတိုးတက်ချိန် ရရှိသွားခဲ့သည့် ကြယ်ကြွေတမန်အင်ပါယာက အများအပြား ဆုံးရှုံးမှု မရှိခဲ့ပေ။ ထိုပူးပေါင်းဆောင်ရွက်မှုမှာ နှစ်ဖက်လုံး အကျိုးရှိသော အခြေအနေ ဖြစ်သည်။
ပင်လယ်သေသို့သွားရမည့် အကြောင်းရင်းကို ရှီရာထံ ဖွင့်ပြောပြီးနောက် ရှီရာ၏ ပထမဆုံးစကားက ချန်လွေ့ကို အံ့အားသင့်သွားစေသည်။ “ကောင်းတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အစ်ဇဘယ်လာကို ရအောင်ကယ်။”
သို့သော်လည်း နောက်ထပ်စကားမှာမူ “ဘာလို့လဲဆိုတော့ ငါတို့ ခမ်းခမ်းနားနား မင်္ဂလာဆောင်တဲ့အခါ သူက ကြည့်နေ...အာ..မဟုတ်ဘူး... သူက ငါ့ရဲ့ သတို့သမီးအရံ လုပ်ရမယ်။ ငါတို့နှစ်ယောက်ရဲ့ မင်္ဂလာခန်းအသစ်မှာ ငါတို့အတွက် သူ့ကို သီးချင်းတစ်ပုဒ် တီးခိုင်းမယ်။ ဘာပါလိမ့်။ “လောကအဆုံးသတ်” ဆိုလားပဲ။”
ချန်လွေ့ “...”
ဧကရီအရှင်မရဲ့ ပြိုင်ဘက်တွေကို တိုက်ခိုက်တဲ့နည်းက တကယ့်ကို ရက်စက်တာပဲ။ ဒါပေမဲ့ မစ်-လျို့ဝှက်သတင်းအချက်အလက်က ကိုယ်တွယ်ရ လွယ်တဲ့သူ မဟုတ်ဘူး။ တစ်ခုခု မှားနိုင်မနိုင် ဆိုတာကို ပြောဖို့ခက်တယ်။ ဒါက တကယ်ပဲ သလင်းကျောက် မောင်းမဆောင်လောကရဲ့ အဆုံးသတ် ဖြစ်သွားမှာ စိုးမိတယ်.....
“နောက်ကျနေပြီ။ တစ်ညတော့ ရှေ့ကတောင်မှာ နားကြတာပေါ့။ ဒီအမြန်နှုန်းနဲ့ တောင်ဘက်ကို ငါတို့ပျံသွားမယ်ဆိုရင် ၃ရက်အတွင်း ပင်လယ်သေ အစွန်နားကို ရောက်လိမ့်မယ်။” မြေဒြပ်စင်ဘုရင်၏ အသံက ချန်လွေ့၏ အတွေးများကို နှောင့်ယှက်သွားသည်။ ထိန်းချုပ်ထားသော ဝိုင်ဗန်နှစ်ကောင်ကလည်း အောက်မှ တောင်ခြေသို့ ဆင်းသက်လိုက်ကြသည်။
ယခုတစ်ခေါက်တွင် ချန်လွေ့နှင့် မြေဒြပ်စင်ဘုရင်တို့က အမှောင်လမှ နတ်ဆိုးဘုရင်အဆင့် လက်ရွေးစင် ဝိုင်ဗန်နှစ်ကောင်ဖြင့် ထွက်ခွာလာပြီး ချော်ရည်ပြာ နယ်မြေ တောင်ဘက်အစွန်ဆုံးရှိ လုပင်မြို့ကို ကျော်ဖြတ်ကာ မဖွံ့ဖြိုးသေးသော မြေနေရာအလွတ်သို့ ရောက်လာကာ ပင်လယ်သေသို့ တဖြည်းဖြည်း ချဉ်းကပ်လာခဲ့၏။
“ပင်လယ်သေက ကျယ်ပြောတယ်။ အဆုံးမရှိလုနီးပါးပဲ။ ပင်လယ်သေ ကိုယ်တိုင်က ရတနာသိုက်ပြီး တစ်ခုပဲ။ ဒါပေမဲ့ အဆုံးမရှိတဲ့ ဘေးအန္တရာယ်တွေလည်း ရှိနေတယ်။ အထူးသဖြင့် ပင်လယ်နက်နေရာတွေမှာ အမည်မသိတဲ့ အင်အားကြီး ပင်လယ် နတ်ဆိုးသားရဲတွေ အများကြီး ရှိတယ်။ အန္တရာယ်ကြောင့် နတ်ဆိုးအရှင်သခင်အဆင့် ပုဂ္ဂိုလ်တောင် အချိန်မရွေး သေသွားနိုင်တယ်။”
ချန်လွေ့က ယခင်ဘဝ၌ ပင်လယ်သို့ တစ်ခါမှ မသွားခဲ့ဖူးသည်ကို နောင်တရနေခဲ့သည်။ သို့သော်လည်း ပင်လယ်သေက အမှန်တကယ် အန္တရာယ်များသော နေရာတစ်ခုဖြစ်ပြီး ထိုခရီးမှာ လည်ပတ်ခြင်း မဟုတ်ပေ။
“ကျုပ်က ပင်လယ်သေကို တစ်ခါမှ မသွားဖူးဘူး။ သင်္ဘောကိုလည်း ဘယ်လိုမျိုး ထိန်းရမလဲ မသိဘူး။ ပြီးတော့ တခြားစွမ်းရည်တွေလည်း မရှိဘူး။ ကျုပ်တို့ နှစ်ယောက်တည်း ပင်လယ်ကိုသွားဖို့ အဆင်ပြေပါ့မလား။”
မိုးရီက ပြုံးရင်း ပြောသည်။ “စိတ်မပူပါနဲ့။ ခိုင်မာတောင့်တင်းတဲ့ သင်္ဘောတစ်စင်း ပြင်ထားပြီးတော့ သင်္ဘောပေါ်မှာ ငါရှိနေရင် ဧရာမလှိုင်းတွ ကြုံရရင်တောင် ရေနစ်မှာ မဟုတ်ဘူး။”
မိုးရီ ယုံကြည်ချက်ရှိကြောင်း မြင်သည့်အခါ ချန်လွေ့က စိတ်သက်သာရာ ရသွားသည်။ “သင်္ဘောအကြောင်း ပြောနေရင်းနဲ့မှ ကျုပ်က ပင်လယ်ဆီ သွားတော့မှာကို ကျုပ်ရဲ့ဆရာတစ်ယောက် သိသွားပြီးတော့ အတော်လေး ခိုင်မာတောင့်းတယ်လို့ သတင်းရထားတဲ့ သင်္ဘောတစ်စင်း ပေးခဲ့တယ်။”
“သတင်းရထားတယ် ဟုတ်လား။”
“သတင်းရထားတာ။” ချန်လွေ့ ပုခုံးတွန့်လိုက်ပြီး မြေဒြပ်စင်ဘုရင်ကို ပြုံးပြကာ ညဘက် အနားယူရန်အတွက် မီးပုံ စတင်ပြင်ဆင်တော့သည်။ ဒိုဒိုက စားစရာ ရှာဖွေရန် လုပ်အားပေးခဲ့သည်။
ချန်လွေ့က တဲအိမ်ဆင်ပြီး မီးဖိုကာ နှံစားပြောင်း ဝိုင်အရက်တစ်ပုလင်းကို ထုတ်လိုက်သည်။ ထို့နောက် အဆို့ကိုဖြုတ်ကာ မေးသည်။ “မြေဒြပ်စင်ကောင်တွေက ပုံမှန် ဘာမှ မစားကြဘူးလား။ ခင်ဗျား ဒါ သောက်ကြည့်ချင်လား။”
“ဒြပ်စင်ကောင်တွေရဲ့ခန္ဓာကိုယ်က သက်ဆိုင်ရာ ဒြပ်စင်ကို စွမ်းအင်အနေနဲ့ အလိုလို ယူငင်နေတဲ့အတွက် ထပ်ပြီးတော့ စားစရာ မလိုဘူး။” မိုးရီက နှံစားပြောင်း ဝိုင်အရက်ပုလင်းကိုကြည်ပြီး ခေါင်းခါလိုက်သည်။ “ဒီလိုမျိုး နှံစားပြောင်းနဲ့ အချဉ်ဖောက်ထားတဲ့ ဝိုင်မျိုးက နတ်ဆိုးတွေ၊ လူသားတွေအတွက် ရှားပါးတဲ့ စားဖွယ် တစ်ခုပဲ။ ဒြပ်စင်ကောင်တွေအတွက် တကယ် တန်ဖိုးရှိတာက ရေရာထားတဲ့ အသက်ဓာတ်ရေစင်ပဲ ရှိတယ်။”
“မိတ်ဆွေ။ ခင်ဗျားရဲ့ ဗဟုသုတနဲ့ အမြင်က မယုံနိုင်စရာပဲ။ ဒါက ကျုပ်ရဲ့ လျို့ဝှက် ဖော်မြူလာပဲ။ ဒါက ခင်ဗျားက တစ်ချက်ကြည့်ရုံနဲ့ မြင်နိုင်တယ်။ ခင်ဗျားက ကျုပ်ရဲ့ စီးပွားရေးပြိုင်ဘက်မဟုတ်တာ ကျေးဇူးတင်ရမယ်။” ချန်လွေ့က ရယ်ရင်း ပြောသည်။ “ဒါနဲ့ အဲဒီတုန်းက ရှီလန်တောင်မှာ ကျုပ်ကိုပေးခဲ့တဲ့ မြေအရင်းအမြစ်ကို မှတ်မိလား။”
“အင်း။ မြေအရင်းအမြစ်က မြေစွမ်းအားအမြုတေရဲ့ သိပ်သည်းခြင်းတစ်ခု ဖြစ်ပြီးတော့ လောကရဲ့အပင်တွေကို အလျင်အမြန်ကြီးထွားစေပြီး အသက်ပြန်ရှင် စေနိုင်တယ်။ ပြီးတော့ ဒြပ်စင်နှလုံးသားကို ပြန်ပြင်နိုင်တယ်။ မြေဒြပ်စင်ကောင်တွေ အတွက်တော့ ဒါက အတော်လေး အဖိုးတန်တဲ့ စွမ်းအားအရင်းအမြစ် တစ်ခုပဲ။ သြဇာယွမ်မြေရဲ့စွမ်းအားနဲ့ ပေါင်းလိုက်ရင် မြေဒြပ်စင်ကောင်တွေရဲ့ အရေအတွက်ကို နှစ်ဆတိုးစေနိုင်တယ်။”
“ဒါဆို...” ချန်လွေ့၏လက်ထဲ၌ ဝါညိုရောင် သလင်းကျောက်အလုံး ၅၀၊ ၆၀ ရုတ်တရက် ပေါ်ထွက်လာသည်။ “ဒါတွေက ခင်ဗျားအတွက်ပါ။ လောက်ရဲ့လား။”
မိုးရီ အံ့အားသင့်သွား၏။ သူက ဖြည်းဖြည်းချင်း မတ်တပ်ရပ်ကာ ခံစားချက်များဖြင့် ပြောသည်။ “ဒါက မြေအရင်းအမြစ် အမြုတေရဲ့ ပြီးပြည့်စုံတဲ့ ပုံစံပဲ။ ဒါကို နှစ်သောင်းနဲ့ချီပြီးတော့ အထူးပတ်ဝန်းကျင်တစ်ခုမှာ မရှိနေရင် မဖြစ်နိုင်ဘူး။ ဒီပုံစံကို မင်း ဘယ်ကရလာတာလဲ။ ပြီးတော့ အများကြီးပဲကော။”
“ဒါတွေက အဲဒီတုန်းက ကျုပ်ကို ခင်ဗျားပေးခဲ့တာတွေပဲ။ ကျုပ်က ဒါတွေကို မဟာဆရာသခင်ရဲ့ အမွေအနှစ်စွမ်းအားနဲ့ သီးခြားနေရာလွတ်တစ်ခုကို ပျိုးထောင်ခဲ့တယ်။ တစ်နှစ် နှစ်နှစ်ကြာပြီးတော့ ဒီလိုမျိုး အလိုလို ဖြစ်သွားတာပဲ။ စားစရာ အကြောင်း ပြောမနေခဲ့ရင် ဒါတွေ ရှိနေတာကို မေ့သွားလောက်ပြီ။ အခု ခင်ဗျားကို ပေးတာက ပိုင်ရှင်ကို ပြန်ပေးတာပါပဲ။”
“ပိုင်ရှင်ကို ပြန်ပေးတာလား။” မိုးရီ ခေါင်းခါလိုက်ပြီး အားမနာနေဘဲ ယူလိုက်သည်။ “မိတ်ဆွေအစစ်အမှန်အရှေ့မှာ စကားလုံးတွေက ကျေးဇူးတရားကို ဖော်ပြလို့မရဘူး။ မင်းရထားတဲ့ မှော်ဆန်တဲ့ အမွေအနှစ်စွမ်းအားကး တကယ့်ကို မယုံနိုင်စရာပဲ။ ငါ့ရဲ့ မှတ်ဉာဏ်အရဆိုရင် ဗိုလ်ချုပ် နတ်ဘုရား-တစ်ပိုင်းအဆင့် ပုဂ္ဂိုလ်ရဲ့ တိုင်းပြည်စွမ်းအားတောင် ဒီလိုစွမ်းရည်မျိုး မရှိဘူး။ အဲဒီမဟာဆရာသခင်က ဒဏ္ဍရီလာ အဆင့်ကို တော်တော်လေး နီးစပ်နေတာပဲဖြစ်မယ်။ မိတ်ဆွေ။ မင်းရဲ့ အနာဂတ်က အဆုံးမရှိ ဖြစ်နေမှာပဲ...”
ချန်လွေ့က “မဟာဆရာသခင်” ဆိုသည်ကို သေသေချာချာ သိသည်။ သူက သရော်ပြုံးပြုံးလိုက်၏။ “ဟုတ်ချင်မှဟုတ်မှာပါ။ အနာဂတ်မှာ ကျုပ် ဘယ်လောက်အထိ ရောက်နိုင်မလဲဆိုတာ ကျုပ် မသိဘူး။ ဒါနဲ့ တကယ်လို့ ဒြပ်စင်ဘုရင်က နတ်ဆိုးဒိဗ်အဆင့် ဒါမှမဟုတ် ပိုမြင့်တဲ့အဆင့်ကို ရောက်ချင်ရင် ဘယ်လိုမျိုး အထူးပစ္စည်းတွေ လိုအပ်လဲ။ ကျုပ် ကူညီပေးနိုင်လောက်တယ်။”
မြေဒြပ်စင်ဘုရင်က ခဏတာ တိတ်ဆိတ်သွား၏။ ထို့နောက် သူက ပြောသည်။ “မိတ်ဆွေ။ ငါ့ကို ခွင့်လွှတ်ပေးပါ။ အချို့ကိစ္စတွေကို ငါရှင်းပြလို့ မရဘူး။ ငါပြောနိုင်တာကတော့ အခု မင်းမြင်နေရာတာက တကယ့် “ငါ” မဟုတ်ဘူး။ ဒီလောကမှာ ပေါ်ထွက်လာနိုင်တဲ့ အစွမ်းအထက်ဆုံး ဒြပ်စင်ဘုရင်က နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းကိုပဲ ရောက်နိုင်တယ်။ အဲဒါကြောင့် မင်းရဲ့စေတနာကို ငါ ကျေးဇူးတင်ပါတယ်။”
ထိုအဖြေက ချန်လွေ့မျှော်လင့်နေသည်ကို ကြီးကြီးမားမား ကျော်လွန်နေ၏။ ဒါက တကယ့် “ငါ” မဟုတ်ဘူးတဲ့လား။ “ဒီ”လောက ဟုတ်လား။ ဒါက ဘာကို ဆိုလိုတာလဲ။ ဒြပ်စင်စစ်ပွဲ ဒါမှမဟုတ် ဒြပ်စင်ပဋိညာဉ်စာချုပ် လျို့ဝှက်ချက်က ဘာလဲ။
ချန်လွေ့ ခေါင်းညိတ်ပြီး ဆက်မမေးတော့ပေ။ ငါ့ရဲ့ လက်ရှိစွမ်းအားနဲ့ဆိုရင် ဒီကိစ္စတွေကို သိရင်တောင် ဘာမှလုပ်လို့မရဘူး။ ငါ့ရဲ့လက်ရှိ အဆင့်ကနေ ဆက်ဖို့ကိုပဲ အာရုံစိုက်တာ ပိုကောင်းမယ်။ အခြေအနေပေးမယ်ဆိုရင် အောင်မြင်မှုက နောက်ကနေ လိုက်လာမယ် ဆိုတဲ့အတိုင်းပေါ့။ ငါ့ရဲ့စွမ်းအားက နတ်ဘုရား-တစ်ပိုင်း အဆင့်ကို ရောက်တဲ့အချိန်ကျရင် အဖြေတွေအများကြီး ပေါ်လာမှာပဲ။
ထိုအချိန်၌ ဒိုဒို၏ အော်ဟစ် အကူအညီတောင်းသံကို ရေးရေးလေး ကြားလိုက်ရသည်။ ချန်လွေ့ အံ့အားသင့်သွားပြီး စိတ်ရွှေ့ပြောင်းလိုက်ရာ အသံနှင့် နီးကပ်သောနေရာသို့ မျက်စိတစ်မှိတ်အတွင်းမှာပင် ရောက်ရှိသွားခဲ့သည်။
ဒိုဒိုက နတ်ဆိုးတောဆိတ်အဖြစ် အသွင်ပြောင်းပြီး အသည်းအသန် ပြေးနေသည်ကို အဝေးမှ ချန်လွေ့ မြင်လိုက်ရသည်။ မြောက်မြားလှစွာသော ရေဘဝဲလက်တံကဲ့သို့ အလွန်ကြီးမားသည့် နွယ်များက ချွဲကျိကောင်ကို လိုက်နေခြင်း ဖြစ်သည်။ ထိုနွယ်များက ထက်မြက်သော ဆူးချွန်များနှင့် နီရဲနေသော သစ်သီးနှင့် ပန်းပွင့်များ ရှိသည်။ ထိုပန်းပွင့်များ၏ အလယ်တွင် အမှန်တကယ်ပင် ဒေါသထွက်နေသည့် အမူအရာများ ပြသနေသော လူသားမျက်နှာများ အမှန်တကယ် ရှိနေလေသည်။
အပင်လား။ ဒါမှမဟုတ် နတ်ဆိုးသားရဲလား။
နွယ်များက အလွန်အမင်း မြန်ဆန်စွာ ဆန့်တန်းလာသည်။ ဒိုဒိုက တောတောင်ထဲ၌ အပြေးမြန်ဆုံးဖြစ်သော နတ်ဆိုးတောဆိတ် ဖြစ်သွားသော်လည်း နွယ်များက လိုက်မီ နေသေးသည်။ သူက အကြိမ်များစွာ အန္တရာယ်ကြုံတွေ့ခဲ့ရပြီး နောက်ဆုံး၌ နွယ်များက ဖမ်းခြင်းကို ခံခဲ့ရသည်။ နွယ်များက နတ်ဆိုးတောဆိတ်၏ခန္ဓာကိုယ်ကို တစ်ချက်တည်း ညှစ်၍ ဆွဲဖြဲလိုက်သည်။ ချွဲကျိကောင်၏ မသေနိုင်သော အထူးခန္ဓာကိုယ် အစွမ်းပြလာပြီး စုတ်ပြဲသွားသော ခန္ဓာကိုယ်များ ပြန်ဆက်သွားခဲ့သည်။ သူက တောင်ပံနီ ငှက်အဖြစ်သို့ ပြောင်းလဲကာ လေထဲသို့ ပျံသွား၏။
ထိုအချိန်၌ အနီရောင် နွယ်ပင်၏မျက်နှာက ပါးစပ်ဟလိုက်ပြီး တောင်ပံနီငှက်ကို ခရမ်းရောင်အချွဲအကျိများ မှုတ်ထုတ်လိုက်သည်။ ငှက်တောင်ပံများ ချက်ချင်းပင် ကပ်သွားခဲ့သည်။ ၎င်းက ခဏကြာ တောင်ပံ တဖျပ်ဖျပ်ခတ်နေရင်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။
ယခုတစ်ခေါက်တွင် ဒိုဒိုက တမင်တကာပင် ခန္ဓာကိုယ်ပိုင် အပိုင်းပိုင်းဖြစ်အောင် ပြုလုပ်ခဲ့သည်။ အချွဲအကျိများကို ဖယ်ရှားပြီးနောက် ၎င်းက နတ်ဆိုးပန်ဂိုလင်အဖြစ် ပြောင်းလဲကာ မြေပေါ်တွင် အလျင်အမြန် တွင်းတူးပြီး အောက်ထဲသို့ ပြေးဝင်လေသည်။
နွယ်ပင်က အပေါက်ထဲသို့ ဆက်မလိုက်ခဲ့သော်လည်း မြေပြင်က ဆက်လက် တုန်ခါနေသည်။ ထို့နောက် ဧရာမ နွယ်များက မြေပြင်ပေါ်မှ ရုတ်တရက် ထွက်လာပြီး ချွဲကျိကောင်ကို လေထဲသို့ လွှင့်ပစ်လိုက်သည်။ လေထဲသို့ လွှင့်ပစ်ခံလိုက်ရသော ပန်ဂိုလင်က ချက်ချင်းပင် ကြွက်တစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ ရှေ့ခြေနှင့် နောက်ခြေကြားမှ သားရေတောင်ပံများကြောင့် ၎င်းသည် လေဟုန်စီးသကဲ့သို့ဖြစ်နေပြီး လေထဲ၌ပင် လူသားမျက်နှာမှ အချွဲအကျိများ မှုတ်ထုတ်နေသည်ကို ရှောင်ရှားနေ၏။
လေထဲမှ ချန်လွေ့ကို မြင်သည့်အခါ ဒိုဒိုက အော်ဟစ်နေရင်း အသည်းအသန် လေဟုန်စီးလာလိုက်သည်။ “သခင်။ ကယ်ပါဦး။”
ထိုထူးဆန်းသော “အပင်”က အမှန်တကယ်ပင် မဟာနတ်ဆိုးဘုရင်အဆင့် စွမ်းအားရှိနေပြီး နတ်ဆိုးဧကရာဇ်အဆင့်နှင့် အတော်လေး နီးကပ်နေကြောင်း မြင်လိုက်ရာ တိတ်တဆိတ် အံ့အားသင့်သွားခဲ့သည်။ အမှောင်လရဲ့ သန္ဓေပြောင်း ဝိုင်ဗန်ဘုရင်မှာလည်း ဒီလိုစွမ်းအားမျိုးရှိတယ်။ ဒါပေမဲ့ ဒီလိုမျိုး ထူးဆန်းပြီးတော့ အမျိုးမျိုးသုံးလို့ရတဲ့ တိုက်ခိုက်မှုမျိုး မရှိဘူး။
မဟာမိတ် အပြင်ဘက်နေရာက တကယ် ထူးခြားတာပဲ။ အပင်တစ်ပင်တောင် ဒီလိုမျိုး အစွမ်းထက်တယ်။
ဒိုဒို ပြိုလဲလုမတတ် ဖြစ်နေသည်ကို မြင်သည့်အခါ ချန်လွေ့က အလျင်အမြန်ကို စွမ်းအားစုစည်းလိုက်သည်။ သူ လှုပ်ရှားရန်ပြင်လိုက်စဉ် မြေဒြပ်စင်ဘုရင်၏ပုံရိပ်က သူ့အရှေ့တွင် ရုတ်တရက် ပေါ်ထွက်လာ၏။ “ခဏနေဦး။”
မြေဒြပ်စင်ဘုရင် ထို့သို့ပြောလိုက်ပြီး နွယ်ပင်ဆီသို့ တစ်လှမ်းချင်း လမ်းလျှောက် သွားကာ ထူးဆန်းသော အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေသည်။
နွယ်ပင်၏လှုပ်ရှားမှု ရုတ်တရက် ရပ်တန့်သွားပြီး အနီရောင်ပန်း၏ မျက်နှာ အမူအရာက ဒေါသမှ အကြောက်တရားသို့ အလျင်အမြန် ပြောင်းလဲသွားသည်။ ၎င်းက ခဏကြာ မလှုပ်ရှားရဲတော့ပေ။ မိုးရီက နွယ်ပင်ဆီ ရောက်လာပြီး လက်ဆန့်လိုက်ရာ အပင်၏မျက်နှာအမူအရာ တဖြည်းဖြည်း တည်ငြိမ်သွားကာ ကြမ်းတမ်းသော အငွေ့အသက်များ ပျောက်ကွယ်ကုန်သည်။ ၎င်းက မိုးရီကို ခေါင်းညိတ်ပြလိုက်ပြီး ဒိုဒိုနောက်သို့ ဆက်မလိုက်တော့ဘဲ လာရာလမ်းအတိုင်း ပြန်သွားတော့သည်။
“ဒိုဒို။ မင်းက စားစရာ သွားရှာတာ မဟုတ်ဘူးလား။” ချန်လွေ့က နောက်ဘက်တွင် ပုန်းနေသော ချွဲကျိကောင်ကို ဆွဲထုတ်လိုက်သည်။ “အဲဒီဟာကို ဘာလို့ ရန်စခဲ့တာလဲ။”
ချွဲကျိကောင်က မျက်လုံးလှန်လိုက်သည်။ “ဒီမုန်းစရာရန်သူက သခင့်အတွက် ကျုပ် ခက်ခက်ခဲခဲ ကြိုးစားခဲ့တဲ့ စားစရာကို လုယက်ချင်ခဲ့တာ။ အဲဒါကို ကာကွယ်ဖို့အတွက်....”
ဘေးဖက်က မြေဒြပ်စင်ဘုရင်က ပြောသည်။ “ဒါက ရာဟူပန်းပဲ။ အတော်လေး အငြိုးကြီးတဲ့ သန္ဓေပြောင်း အပင်သက်ရှိ ဖြစ်တည်မှု တစ်ခုပဲ။ မင်းရဲ့ အစေခံက သစ်သီးနဲ့ သူ့ရဲ့ ပိုလောင်းတွေကို ဝါးမျိုချင်ခဲ့တာ ဖြစ်မယ်။ အဲဒါကြောင့် သူက ဒေါသတကြီးနဲ့ အလိုက်ခံရတာ။ ဒါပေမဲ့ အခု အားလုံး အဆင်ပြေသွားပါပြီ။ ပြန်သွားကြရအောင်။”
ဒိုဒို၏အလိမ် ချက်ချင်း ပေါ်သွားသည့်အတွက် စိတ်မသိုးမသန့်နှင့် ခေါင်းငုံ့ပြီး စကားမပြောရဲတော့ပေ။
အမှန်တကယ်၌ ခုနက စားစရာ ရှာထွက်စဉ်တွင် ချွဲကျိကောင်က လမ်းတစ်လျှောက်၌ ရှားပါးသော သစ်သီးအများအပြားကို ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် ကြေညာထားသော “လျှာကဝေ”က စားစရာရှာသည့်တာဝန်ကို ချက်ချင်းပင် ဘေးဖက်ထားပြီး ဗိုက်ဖြည့်တော့သည်။ ထိုခရီးကို စားသောက်ပွဲဟူ၍ပင် ဖော်ပြ၍ ရနိုင်သည်။ သို့သော် သူ ဆက်သွားသည့်အခါ နောက်ဆုံးတွင် အန္တရာယ်နှင့် ကြုံတွေ့ခဲ့ရသည်။ သူက နောက်ဆုံး အချိုပွဲအနေဖြင့် အရသာရှိသော အနီရောင် သစ်သီးတစ်လုံးကို ခူးရန်ပြင်လိုက်စဉ် ကြမ်းတမ်းသော ရာဟူပန်းကို ရန်စမိခဲ့ပြီး တစ်စုံတစ်ယောက်၏ အချိုပွဲ ဖြစ်လုနီးပါး ဖြစ်သွားခဲ့သည်။
ချန်လွေ့က ချွဲကျိကောင်ကို စိုက်ကြည့်ပြီးနောက် မေးလိုက်သည်။ “ဒီရာဟူပန်းက ခုနက မြင်ခဲ့တာထက် ပိုအစွမ်းထက်တဲ့ပုံပဲ။ မိုးရီ။ ခင်ဗျားမှာ အပင်တွေကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည် ရှိတာလား။”
“ဒါက ထိန်းချုပ်တာ မဟုတ်ဘူး။ မြေဒြပ်စင်ကောင်တွေမှာက မြေပေါ်မှာ ပေါက်ဖွားတဲ့ အပင်တွေကို ဆက်သွယ်စကားပြောနိုင်တဲ့စွမ်းရည်နဲ့ ထူးခြားတဲ့နှီးနွှယ်မှု ရှိသည်။” မိုးရီ မျက်မှောင်ကြုတ်လိုက်သည်။ “ဒါပေမဲ့ ဘယ်အရာကမှ အကြွင်းမဲ့ မဟုတ်ဘူး။ ပင်လယ်သေက ရေဒြပ်စင်ကောင်တွေ အကြွယ်ဝဆုံးနေရာ ဖြစ်ပေမဲ့ ရေဒြပ်စင်ကောင်တွေက ပင်လယ်သေရဲ့ အရှင်သခင်တွေ မဟုတ်ဘူး။ ဒီခရီးမှာ မင်း အရာအားလုံးကို သတိထားရမယ်။”
“သဘောပေါက်ပြီ။” ချန်လွေ့က သတိထားလျက် ခေါင်းညိတ်လိုက်သည်။