ပင်လယ်ဓားပြများ
Vol. 39 Ch. 589
သုံးရက်ကြာပြီးနောက် ယခင်ဘဝက ပင်လယ်သို့ တစ်ခါမှ မသွားဖူးခဲ့သော ချန်လွေ့သည် နောက်ဆုံးတွင် ဤလောက၌ ဆန္ဒပြည့်ဝခဲ့လေပြီ။
ပင်လယ်ကိုမြင်ရသည့် သူ၏ပထမဆုံးအမြင်မှာ ကျယ်ပြောလှခြင်း ဖြစ်သည်။ ထိုကဲ့သို့ ခမ်းနားကြီးကျှယ်လှသော အတွေ့အကြုံကို ရုပ်မြင်သံကြားကြည့်ရုံဖြင့် ခံစားနိုင်မည် မဟုတ်ပေ။ စူပါစနစ်ထဲမှ ပင်လယ်လှိုင်းကြမ်း လေ့ကျင့်ရေးကွင်းသည်ပင် ၎င်းကို မယှဉ်နိုင်ပေ။ ငေးကြည့်လိုက်လျှင် အဆုံးမဲ့ဖြစ်နေပြီး ချန်လွေ့သည် အဝေးမှ ပင်လယ် မိုးကုတ်စက်ဝိုင်းကိုသာ မြင်နိုင်ပေသည်။
“အဆုံးမဲ့ပင်လယ်နှင့်ကောင်းကင်”ဟူသော အဓိပ္ပာယ်ကို နောက်ဆုံး၌ ချန်လွေ့ သဘောပေါက်သွားသည်။ အေးမြသော ပင်လယ်လေညင်းကို ခံစားနေရင်း သူ၏စိတ်ထဲ၌ ကျယ်ပြောသော ခံစားချက်တစ်ခု လှိမ့်တက်လာ၏။ ပင်လယ်က မြစ်ပေါင်းထောင်ချီက ရေတွေကို ထိန်းထားနိုင်တယ်။ သဘောထားကြီးမား၍ ကျယ်ပြာလှခြင်းပင်။
အဆုံးမဲ့ ကျယ်ပြောမှုရဲ့နောက်ကွယ်မှာ မရေမတွက်နိုင်တဲ့ အန္တရာယ်တွေ ရှိတယ်။ ချန်လွေ့က ၎င်းကို ကောင်းကောင်း သိသည်။ သူက မထွက်ခွာခင် လုံလုံလောက်လောက် ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။ သိုလှောင်ဂိုဒေါင်ထဲ၌ စားစရာနှင့် အရေးပေါ်ပစ္စည်း အများအပြားကို သိုလှောင်ထားလေသည်။
ကမ်းရိုးတန်းမှ ပင်လယ်သို့ ဖြည်းဖြည်းချင်း ပျံသွားနေရင်း ချန်လွေ့က ထယ်တင်းနစ် ပေးခဲ့သော သင်္ဘောကို ထုတ်လိုက်သည်။
အထူးပြုလုပ်ထားသည့် နေရာလွတ်လက်စွပ်မှ ကြီးမားသော သင်္ဘောတစ်စင်းကို ထုတ်ပြခဲ့စဉ်၌ အဘိုးအိုက အတော်လေး ဂုဏ်ယူနေခဲ့သည်။ ချန်လွေ့က မည်သည့် နေရာလွတ်ကိရိယာမျှမပါဘဲ ထိုသင်္ဘောအား သိမ်းလိုက်သည်ကို မြင်သည့်အခါ အဘိုးအိုက ချန်လွေ့ကို နေရာတွင်ပင် အပိုင်းပိုင်း ဖြတ်ချင်လုနီးပါး ဖြစ်သွားခဲ့သည်။
သို့သော်လည်း အဘိုးအိုပေးခဲ့သော သင်္ဘောမှာ အမှန်တကယ်ပင် ကောင်းမွန်လှ၏။ ပုံပန်းသွင်ပြင် တစ်ခုတည်းကပင် ခမ်းနားကြီးကျယ်ပြီး ကျက်သရေရှိကာ ချန်လွေ့ ယခင်က ကြည့်ခဲ့ဖူးသော နာမည်ကျော် ပင်လယ်ဓားပြ ရုပ်ရှင်မှ ပုလဲနက်နှင့် အနည်းငယ် ဆင်တူပေသည်။ ပို၍ အထင်ကြီးစရာကောင်းသည်မှာ သင်္ဘောပေါ်မှ အရာများစွာသည် “အလိုအလျောက်လည်ပတ်နေခြင်း”ပင် ဖြစ်သည်။ သူက မှော်သလင်းကျောက်ကို စွမ်းအားအနေဖြင့် ထည့်ရန်သာ လိုအပ်သည်။
သို့သော်လည်း ချန်လွေ့၊ မြေဒြပ်စင်ဘုရင်နှင့် ချွဲကျိကောင်တို့သာ ထိုကဲ့သို့ ကြီးမားသော သင်္ဘော၌ရှိနေလျှင် အတော်လေး မလိုက်ဖက်လှပေ။
မိုးရီက သင်္ဘောကို ကျွမ်းကျင်သူ မျက်လုံးဖြင့် ကြည့်လိုက်သည်။ “ဒါက မယုံနိုင်စရာ လက်ရာတစ်ခုပဲ။ အလွှာ၊ တည်ဆောက်ပုံနဲ့ အသုံးအဆောင်တွေ အားလုံးက အတော်လေး အကြောင်းအကျိုးညီတယ်။ ပြီးတော့ အကြံဉာဏ်တွေ အများကြီးကလည်း ပညာသားပါတယ်။ ဒါကို တိုးမြှင့် မှော်သလင်းကျောက် အမြောက်လို့ခေါ်တဲ့ အရာတောင် တပ်ဆင်ထားတယ်။ သာမန်သင်္ဘောတွေက မှော်သလင်းကျောက်အမြောက်ရဲ့ တုန်ခါမှုကို မခံနိုင်ကြဘူး။ ဒီသင်္ဘောကို ရွက်လွှင့်တာ အတွေ့အကြုံများတဲ့ ကျွမ်းကျင်သူတစ်ယောက် လုပ်ထားတာ ဖြစ်ရမယ်။”
ထယ်တင်းနစ် ပြောတဲ့အတိုင်းဆိုရင် ဒီသင်္ဘောကို သူကိုယ်တိုင် လုပ်ခဲ့တာ။ အဲဒီ အဘိုးကြီးက သင်္ဘောသားတစ်ယောက်တောင် ဖြစ်နေမယ်လို့ ငါ မထင်ထားခဲ့ဘူး။ ချန်လွေ့ ခေါင်းကုတ်လိုက်သည်။ “ကျုပ်က ဒါတွေကိုတောင် မသိဘူး။ ကျုပ်သိတာက ဒီသင်္ဘောရဲ့ အဓိကကုန်ကြမ်းတွေမှာ သစ်နက်နဲ့ ရွှေမင်္ဂလာသဲ ပါဝင်တာပဲ။ မာကြောမှုက တစ်ဝက်-ဒဏ္ဍာရီလာအဆင့် သတ္တုချပ်ကာကိုတောင် ယှဉ်နိုင်တယ်။ အနည်းဆုံးတော့ ခုနက ခင်ဗျားပြောခဲ့တဲ့ ‘ခိုင်ခံ့မှု’က အဆင်ပြေတယ်။”
“ဒါက ခိုင်ခံ့တယ်ဆိုတာ အသေအချာပဲ။” မိုးရီက အသာလေး ပြုံးလိုက်သည်။ “မင်း ဒါကို နာမည်မပေးချင်ဘူးလား။”
ချန်လွေ့က လက်ဖက်ရည်ရနံ့ ယဲ့ယဲ့လေးကို တွေးမိလိုက်ပြီး ပြောသည်။ “ဒါကို မိစ္ဆာထောင်ခြောက်သင်္ဘောလို့ ခေါ်ကြတာပေါ့။ ဒါပေမဲ့ .... ကျုပ်တို့ အခု ဘာလုပ်ကြမလဲ။ ရွက်ကို လွှင့်ရမလား။”
“မိစ္ဆာထောင်ခြောက်သင်္ဘော။ ဒါက နာမည်ကောင်းတစ်ခုပဲ။ ရွက်လွှင့်ဖို့အတွက် စိတ်ပူစရာ မလိုပါဘူး။” မိုးရီ၏လက်ထဲ၌ အဝါရောင် အလင်းတစ်ခု ပေါ်ထွက်လာသည်။ အနီးကပ်ကြည့်လိုက်သော် လက်တစ်ဆုပ်စာ သဲများက အပြာရောင်အလင်းများ တောင်ပနေခြင်း ဖြစ်သည်။ သဲများက မိုးရီ၏လက်ထဲ၌ အလျင်အမြန် စီးထွက်သွားကာ ကုန်းပတ်တစ်ခုလုံးကို အလျင်အမြန် ပျံ့နှံ့သွားခဲ့သည်။
ထို့နောက် သဲများက လူသားပုံစံ ဖြစ်တည်မှုများသို့ တဖြည်းဖြည်း ပေါင်းစပ်သွားသည်။ အလင်းရောင်များ ကွယ်ပျောက်သွားပြီးနောက် သဲများဖြင့် ပြုလုပ်ထားသော အပြာရောင် “သဲလူသား” အယောက် ၃၀က ချန်လွေ့၏ မျက်လုံးရှေ့၌ ပေါ်ထွက်လာသည်။ သဲလူသား ခန္ဓာကိုယ်၏ သိပ်သည်းမှုမှာ အလွန်အမင်း မြင့်မားလှ၏။ ထို့ပြင် ၎င်းတို့က အတော်လေး ခိုင်မာပုံရသည်။ သူတို့၏စွမ်းအားမှာ အမြင့်ဆင့်နတ်ဆိုး ဖြစ်သည်။
မိုးရီ လက်ခုတ်တီးလိုက်သောအခါ သဲလူသားများ၏ ဖျော့တော့နေသော မျက်လုံးထဲ၌ ဝိညာဉ်တစ်ခု ချီးမြှင့်ခြင်း ခံလိုက်ရသလိုမျိုးပင် အဖြူရောင်အလင်းတစ်ခု ပေါ်ထွက်လာသည်။ သူတို့က တစ်ယောက်စီ စတင်၍ အလုပ်လုပ်တော့သည်။ အလုပ်ခွဲဝေမှုများမှာ ရွက်လွှင့်ခြင်း၊ တက်မကိုပဲ့ကိုင်ခြင်း၊ စောင့်ကြည့်ခြင်း၊ ခုခံခြင်း အစရှိသဖြင့် အလွန်ရှင်းလင်းလှသည်။ အတွေ့အကြုံရင့်ကျက်ပြီး အပြန်အလှန် နားလည်ကြသော အဖွဲ့တစ်ဖွဲ့နှင့် တူပေသည်။
ရုတ်တရက် ပေါ်ထွက်လာသော “သင်္ဘောသားများ”ကို ဒိုဒိုက ပါးစပ်ဟလျက် အချိန်အတော်ကြာ စောင့်ကြည့်နေလိုက်သည်။ မိုးရီက မည်သည့်အတွက်ကြောင့် စိတ်တည်ငြိမ်ကြောင်းကိုလည်း ချန်လွေ့ သဘောပေါက်သွားခဲ့သည်။
“ဒါတွေက ပင်လယ်ပြာသဲနဲ့ လုပ်ထားတဲ့ မြေဒြပ်စင်သက်ရှိတွေပဲ။ သူတို့မှာ သင်္ဘောကို ပဲ့ကိုင်နိုင်တဲ့ အထူးစွမ်းရည်တွေ ရှိတယ်။ တကယ်တော့ ဒါက အရင်တစ်ခေါက် မင်းပေးခဲ့တဲ့ သြဇာယွမ်မြေကြောင့်ပါပဲ။ မဟုတ်ရင် အသွင်ပြောင်းလဲတာကို လွယ်လွယ်နဲ့ ငါ ပြီးစီးမှာ မဟုတ်ဘူး။”
ချန်လွေ့က ပြုံးရင်း အရိုအသေ ပြုလိုက်သည်။ “ဒါဆိုလည်း .... ဆာ-ခေါင်းဆောင်။ ကျုပ်တို့ရဲ့ ရေကြောင်းခရီးကို စတင်ပေးပါ။”
မိုးရီ ပြောသည့်အတိုင်းပင် သဲလူသားများ၌ ရွက်လွှင့်ရန် အထူးပါရမီတစ်ခု ရှိသည်။ အလုပ်မျိုးစုံကို အစီအစဉ်တကျ ပြီးစီးသွားခဲ့သည်။ ထို့ပြင် မိုးရီတွင် အထူး ဒြပ်စင်အာရုံခံ တစ်ခု ရှိနေပြီး ဆက်ခံထားသော မှတ်ဉာဏ်နှင့် ပေါင်းလိုက်သောအခါ အစွမ်းအထက်ဆုံး ရေဒြပ်စင်များ၏ ဦးတည်ဘက်ကို အသေမှတ်ထားနိုင်ပြီး ကျယ်ပြောလှသော ပင်လယ်ထဲ၌ လမ်းပျောက်တော့မည် မဟုတ်ပေ။ ထိုကဲ့သို့ဘုရင်နှင့် သင်္ဘောသားငယ်များကြောင့် ချန်လွေ့က သင်္ဘောခန်းထဲ၌ အေးအေးဆေးဆေး အိပ်နေရန်သာ လိုအပ်ပေသည်။
ဒိုဒိုကလည်း ပင်လယ်အကြောင်း သိချင်စိတ် အပြည့်အဖြစ်နေခဲ့သည်။ ပင်လယ်ထဲသို့ ပထမဆုံး ဝင်ရောက်စဉ်က သူ အဆင်ပြေနေခဲ့သည်။ ရွက်လွှင့်သော အကွာအဝေး များလာသည်နှင့်အမျှ ပတ်ပတ်လည်တွင် ကျယ်ပြောသော ပင်လယ်သာ ရှိနေပြီး ဆိပ်ကမ်းတစ်ခုပင် မရှိကာ ကုန်းတွင်းမြစ်များ၌ လမ်းညွှန်ရသည်နှင့် လုံးဝ ကွဲပြားနေလေသည်။ ချွဲကျိကောင်က တဖြည်းဖြည်း ကြောက်ရွံ့လာသည်။ ထို့အပြင် သင်္ဘော၏ လှုပ်ယိမ်းမှုနှင့်လည်း အသားကျရန် ခက်ခဲလှသည့်အတွက် ဒိုဒိုက အလွန်ပင် လှိုင်းမူးနေခဲ့သည်။ သူက မကြာမကြာ မျက်နှာမည်းနေတတ်ပြီး အစာလည်း သိပ်မစားတော့ပေ။
ချန်လွေ့က မူးဝေခြင်းကဲ့သို့ မသက်မသာမှုများ မရှိပေ။ ပင်လယ်ပြင်ပေါ်၌ ရှည်လျားပြီး ပျင်းရိစရာကောင်းသော ရွက်လွှင့်ခြင်းက သူ့အတွက် ဘာမှ မဟုတ်ပေ။ စူပါစနစ်၏ လေ့ကျင့်ရေးကွင်း၌ သူ လေ့ကျင့်နေခဲ့စဉ်က အချိန်တိုင်း ရက်၁၀၀ နေခဲ့ပြီး တစ်ယောက်တည်း ဖြစ်ခဲ့ရသည်။ ထို့အပြင် ယခုတွင် မြေဒြပ်စင်ဘုရင်ကဲ့သို့ မိတ်ဆွေများလည်း ရှိနေလေသည်။
မြေဒြပ်စင်ဘုရင်က အတိတ်မျိုးဆက်မှ မှတ်ဉာဏ်နှင့် အမွေအနှစ်များကို သယ်ဆောင်ထားသည့်အတွက် သူ၏အတွေ့အကြုံနှင့် အသိပညာတို့မှာ အလွန်အမင်း ကြွယ်ဝလှသည်။ သူတို့နှစ်ယောက် စကားပြောနေစဉ်အတွင်း ချန်လွေ့က အတော်များများ အကျိုးကျေးဇူး ရရှိခဲ့သည်။
တဖြည်းဖြည်းနှင့် အချိန်သုံးရက် ကုန်ဆုံးသွားခဲ့သည်။
နေ့လယ်ပိုင်း၌ ချန်လွေ့က နေ့လယ်စာစားပြီးပြီး ကုန်းပတ်ပေါ်၌ မိုးရီနှင့် စကားပြောနေစဉ် စောင့်ကြည့်နေသော သဲလူသားများက အလောတကြီး ရောက်လာကာ မိုးရီကို သတင်းလာပို့သည်။ သူတို့က တစ်ခုခု မူမမှန်သောအရာကို ရှာတွေ့သွားဟန် တူသည်။
မြေဒြပ်စင်ကောင် လက်ရွေးစင်များ၏ လေ့လာမှုစွမ်းရည်မှာ အလွန်ပင် အားကောင်းလှသည်။ သူတို့သည် နတ်ဆိုးဘုံ၏ ဘုံဘာသာစကားကို အလွယ်တကူ တတ်ကျွမ်းသွားခဲ့သော်လည်း သဲလူသားများမှာ အဆင့်နိမ့် ဒြပ်စင်သက်ရှိများဖြစ်နေရာ ဒြပ်စင်ကောင် ဘာသာစကားကိုသာ အသုံးပြုနိုင်သည်။ ကံကောင်းစွာပင် ချန်လွေ့တွင် [သရုပ်ခွဲမျက်လုံး] ရှိသည့်အတွက် သူတို့ပြောနေရသည်ကို နားလည်သည်။
သဲလူသားများ သတင်းပို့လာသည်မှာ စောင့်ကြည့်မှော်မှန်ဘီလူးမှကြည့်၍ သူတို့အရှေ့တွင် သင်္ဘောသုံးစင် ပေါ်ထွက်လာခြင်း ဖြစ်သည်။
ပင်လယ်သေတွင် မရေမတွက်နိုင်သော အရင်းအမြစ်များ ကြွယ်ဝကြောင်း မိုးရီထံမှ ချန်လွေ့ ကြားခဲ့ရသည်။ အဂ္ဂိရတ်ကုန်ကြမ်း တစ်ခုတည်းကပင် အလွန်ကြီးမားသော အကျိုးအမြတ်များ ယူဆောင်လာပေးနိုင်သည်။ ထို့ကြောင့် ကုန်ကြမ်းများက စွန့်စားပြီး ပင်လယ်ထဲ၌ ခရီးသွားကြခြင်း ဖြစ်သည်။ ယခင်က ချော်ရည်ပြာနယ်မြေ၏ တောင်ဘက်အစွန်ဆုံး မြို့ဖြစ်သော လုပင်မြို့က ပင်လယ်ကို အမှီပြုနေသည့် ကြွယ်ဝသောမြို့တစ်မြို့ ဖြစ်သည်။ ချော်ရည်ပြာနယ်မြေအတွင် အကြီးမားဆုံးသော ဝင်ငွေလည်းဖြစ်သော စီးပွားရေးခရီးသွားများနှင့် ခရီးသည်များက ထိုနေရာတွင် စုဝေးကြသည်။
သို့ရာတွင် လွန်ခဲ့သော တစ်နှစ်ခန့်က လုပင်မြို့က အတော်လေး ပျက်စီးသွား၏။ အမည်မသိ အင်အားစုများကြောင့် သက်ရှိများအားလုံး သုတ်သင်ခံလိုက်ရပြီး မြို့သေတစ်ခု ဖြစ်သွားကာ လူတိုင်း ရှောင်တိမ်းခဲ့ကြသည်။
ထိုအဖြစ်အပျက်၏ ဇစ်မြစ်ကို ချန်လွေ့ အသေအချာသိသည်။ ဒြပ်စင်စစ်ပွဲမှာ ဒဏ်ရာများကို ကုသရန်အတွက် အမှောင်ဒြပ်စင်ဘုရင် ဟီဂယ်က အမှောင်ထု အရင်းအမြစ် သုံးခုကို ရှာဖွေကာ ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင်ရန်အတွက် အရေအတွက် အများအပြား စတေးခဲ့သည်။ လုပင်မြို့က တတိယမြောက် အမှောင်ထု အရင်းအမြစ် ဖြစ်သည်။ ထိုအကြောင်းရင်းကြောင့် ဟီဂယ်က သတ္တဝါအားလုံးကို ရက်ရက်စက်စက် သတ်ပစ်ခဲ့သည်။ ၎င်းတွင် ချော်ရည်ပြာနယ်မြေ လော့ဒ်၏ လျို့ဝှက်အကြံအစည်နှင့် တစ်ဆို့မှုကို ချိုးဖက်ရန် အမှောင်စွမ်းအား လိုအပ်နေသည့် လျို့ဝှက်ဆန်းကြယ်သောသူ တစ်ယောက်လည်း ပါဝင်နေသည်။
ထိုကပ်ဘေးပြီးနောက် လုပင်မြို့က ပြင်ဆင်၍မရအောင်နီးပါး ပျက်စီးသွားခဲ့သည်။ နောက်ပိုင်းတွင် ကိုယ်စားလှယ်လော့ဒ် စူမန်က အပြစ်များကို ယခင်လော့ဒ်၏ မကောင်းမှုများအပေါ်၌ ပုံချခဲ့ပြီး ပိုက်ဆံနှင့် အားထုတ်မှု အများအပြား သုံးစွဲကာ လုပင်မြို့ကို ပြန်လည်တည်ဆောက်ခဲ့ပြီး အခွန်လျှော့ချခြင်း၊ အကာကွယ်များနှင့် အခြား လုပ်ဆောင်ချက်များ ပြုလုပ်ခဲ့သည်။ ပင်လယ်အရင်းအမြစ်များ၏ အလွန်ကြီးမားသော အကျိုးအမြတ်များ၏ ဆွဲဆောင်မှုကြောင့် လုပင်မြို့က တဖြည်းဖြည်း အသက်ပြန်ဝင် လာသည်။ ပင်လယ်သေပေါ်ရှိ သင်္ဘောအရေအတွက်များကလည်း တဖြည်းဖြည်း ပိုများလာလေသည်။
“ဆက်ပြီး စောင့်ကြည့်နေ။” မိုးရီ အမိန့်ပေးလိုက်သည်။ “သင်္ဘောသားတွေ အကုန် သတိထားနေကြ။ အမြောက်ပစ်တဲ့သူက အသင့်နေနေ။ အချိန်မရွေး တိုက်ခိုက်ဖို့ အဆင်သင့်လုပ်ထား။”
ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။ “အဲဒါက ပင်လယ်ဓားပြသင်္ဘောလား။”
ယခင်မြေကမ္ဘာတွင်သာမက ဤလောက၌လည်း ပင်လယ်ဓားပြများမှာ ကြာမြင့်စွာ ရှိနေခဲ့သော ဒုစရိုက်လုပ်ငန်း ဖြစ်သည်။ သင်္ဘောများ ရွက်လွှင့်သည်နှင့် ပင်လယ်ဓားပြများ ရှိနေခဲ့သည်။ လုပင်မြို့ ပျက်စီးသွားခြင်းက “အစာကွင်းဆက်” တစ်ခုလုံးကို ဖျက်ဆီးလုနီးပါး ဖြစ်သွားခဲ့ပြီး ပင်လယ်ဓားပြများ ခဏတာ အလုပ်လက်မဲ့ ဖြစ်သွားကြသည်။ လုပင်မြို့ ပြန်လည်ရှင်သန်လာသောအခါ ပင်လယ်ပြင်ပေါ်ရှိ ပင်လယ်ဓားပြများက တမန်ပြန်လည်၍ များပြားလာသည်။ ပင်လယ်သေရှိ ပင်လယ်ဓားပြများက ရက်စက်တတ်ကြောင်း နတ်ဆိုးဘုံက သိကြသည်။ သူတို့က ပိုက်ဆံများကိုလည်း လုယက်ရုံသာမက အသက်များကိုလည်း ချမ်းသာမပေးကြပေ။
“ဟုတ်ချင်မှဟုတ်မယ်။ ဒါပေမဲ့ သတိထားတာ ပိုကောင်းတယ်။”
ထိုအချိ၌ ချန်လွေ့၏အမြင်တွင် အဝေးတစ်နေရာ ပင်လယ်ပြင်ပေါ်၌ အနက်ရောင် အစက်များကို ရေးရေးလေး မြင်လိုက်ရသည်။ ကောင်းကင်ထက် အမြင့်တစ်နေရာ၌ ပျံသန်းနေသော ငှက်တစ်ကောင်ကိုလည်း ချန်လွေ့ သေသေချာချာ သတိထားမိလိုက်၏။
“မိတ်ဆွေ။ မင်းထင်တာ တကယ် မှန်သွားတာပဲ။” ချန်လွေ့က ကောင်းကင်ကို မော့ကြည့်ကာ တည်တည်ငြိမ်ငြိမ်နှင့် ပြောသည်။ “ဒါက အဝေးကိုမြင်နိုင်သော အထူးစွမ်းရည်ရှိတဲ့ သန္ဓေပြောင်း ပင်လယ်လင်းယုန်စိမ်း တစ်ကောင်ပဲ။ ဒါကို ပင်လယ်ဓားပြတွေက အခြေအနေ စုံစမ်းဖို့ အသုံးပြုတတ်ကြတယ်။”
သဲလူသားများက အနီရောင် မှော်အလင်းများကို စတင်၍ စည်းချက်ညီညီ ထုတ်လွှင့်လာကြပြီး ၎င်းမှာ ပင်လယ်ထဲမှ ခရီးဝေး အဆက်အသွယ် ဘာသာစကားနှင့် ညီမျှပေသည်။ သို့ရာတွင် တစ်ဖက်က ၎င်းကို မြင်ဟန်မတူပေ။ သင်္ဘောသုံးစင်းက မြားပုံသဏ္ဌာန် ဖြန့်ကျက်လိုက်ပြီး သူတို့ထံ အလျင်အမြန် ရွက်လွှင့်လာသည်။
ချဉ်းကပ်လာသော အကြီးဆုံးသင်္ဘောပေါ်၌ နားနောက်ဘက်တွင် ဆူးတောင်များ ရှိနေသည့် ပိန်ပိန်ပါးပါးနှင့် အသားပြာပြာ ယောက်ျားတစ်ယောက်က လက်ထဲတွင် ပုံရိပ်မှော်တစ်ခု ပြသနေသည်။ ၎င်းမှာ ပင်လယ်လင်းယုန်စိမ်းမြင်သည့်အတိုင်း အတိအကျပင် ဖြစ်သည်။ သူက စိတ်လှုပ်ရှားစွာဖြင့် တအံ့တသြနှင့် ပြောလိုက်သည်။ “ညီအစ်ကိုတို့။ ဒီသင်္ဘောကို တစ်ချက်လာကြည့်ကြဦး။”
“ဒီလိုမျိုး တန်ဖိုးကြီးတဲ့ သင်္ဘောမျိုးကို ငါ တစ်ခါမှ မမြင်ဖူးဘူး။”
“ဒါက ငါတို့ ပင့်ကူနက်သင်္ဘောထက် ပိုကြီးတယ်။ ဒီသင်္ဘောက သိုးဝဝကြီး တစ်ကောင် ဖြစ်ရမယ်။”
“အကာအကွယ်မှော်နဲ့ ကာထားတော့ သင်္ဘောပေါ်က အသေးစိတ် အခြေအနေကို မမြင်ရဘူး။ ဒါပေမဲ့ သလင်းကျောက်နက်ဒင်္ဂါးတွေနဲ့ ပစ္စည်းတွေ အများကြီး ရှိလောက်တယ်။”
“မိန်းမလှတွေတောင် ရှိနိုင်တယ်။”
“…”
နောက်ထပ် အေးစက်သော အသံတစ်သံ ထွက်လာသည်။ “ကောင်းပြီ။ အာရုံစိုက်ထားကြ။ ဒီလိုသင်္ဘောမျိုးကို ပိုင်တာက သာမန် စီးပွားရေးသမားတော့ မဟုတ်လောက်ဘူး။ သံချိတ်သင်္ဘောနဲ့ သွေးလသင်္ဘောကို ရေဒြပ်စင် မှော်ပန့် ဖွင့်ပြီးတော့ အရှိန်ကုန် ရှေ့တက်ဖို့ အချက်ပြ ပို့ထားလိုက်။ နောက်ကျရင် သန့်သန့်ရှင်းရှင်းနဲ့ ကောင်းကောင်းလေး လုပ်ကြတာပေါ့။ ဒီနေရာက ပင်လယ်သတ္တဝါနယ်မြေနဲ့ နီးကပ်နေပြီ။ သူတို့ကိုပဲ အပြစ်တင်ရမယ်။ ဒီတစ်ခေါက် ကျေနပ်လောက်စရာ တစ်ခုခု ရမယ်ဆိုရင် ငါ အားလုံးကို အမှောင်လနဲ့ ချော်ရည်ပြာမြို့တော်ဆီ ခေါ်သွားပြီးတော့ ပျော်ပါးခွင့်ပေးမယ်။”
ထိုသူမှာ မျက်နှာပေါ်၌ ကြောက်စရာ အမာရွတ်တစ်ခုရှိသော ကြမ်းတမ်းပုံရသည့် မဟာနတ်ဆိုးတစ်ယောက် ဖြစ်သည်။ သူက အနက်ရောင် ငွေချပ်ကာကို ဝတ်ထားသည်။ ထိုစကား ကြားလိုက်ရသည့်အခါ ပင်လယ်ဓားပြအားလုံး ပျော်ရွှင်သွားကြသည်။
“ဟုတ်ကဲ့ပါ။ ခေါင်းဆောင် ဂျို့စ်။”
ပင်လယ်ဓားပြ သင်္ဘောသုံးစီး တဖြည်းဖြည်း ချဉ်းကပ်လာသည်။ ထိုအချိန်၌ “သိုးဝဝ” သင်္ဘောကြီးက ရုတ်တရက် အလင်းတစ်ခု တောက်ပလာပြီး အဖြူရောင် အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်သည်။ ရှေ့သို့ အပြေးသွားနေသော သံချိတ်သင်္ဘောက အကာအကွယ်မှော်ကို အချိန်မီ အသက်မသွင်းနိုင်ဘဲ တစ်ခါတည်း အပစ်ခံလိုက်ရသည်။
ကြောက်မက်ဖွယ်ရာစွမ်းအင်ကြောင့် သင်္ဘောတစ်စင်းလုံး အစိတ်စိတ် အမွှာမွှာ ဖြစ်ကုန်သည်။ ထိုစွမ်းအား ဖြတ်သွားတိုင်း ပင်လယ်ဓားပြများဖြစ်စေ၊ ပစ္စည်းများဖြစ်စေ၊ အမှုန့်ဖြစ်သွားပြီး အစအနမကျန် ပျောက်ကွယ်သွားခဲ့သည်။
ပင့်ကူနက်သင်္ဘောနှင့် သွေးလသင်္ဘောတို့မှ ပင်လယ်ဓားပြများက သံချိတ် သင်္ဘော ချက်ချင်း ပျက်စီးသွားသည်ကို ကြည့်ရင်း ကြက်သေသေသွားကြသည်။ အလွန်ကြီးမားသော သင်္ဘောသည် အစအနမကျန် ပျောက်ကွယ်သွားခြင်း ဖြစ်သည်။ အသက်ရှင်ကျန်သူ အနည်းစုကသာ ပင်လယ်ထဲသို့ မဟာမိတ်သင်္ဘောများထံသို့ အသည်းအသန် ရေကူးသွားနေကြသည်။
မှော်သလင်းကျောက်အမြောက်ပဲ။
ဒီသင်္ဘောပေါ်မှာ တကယ်ကြီး မှော်သလင်းကျောက်အမြောက် ရှိနေတယ်။
ဒီလိုစွမ်းအား၊ ဒီလိုအကွာအဝေးမျိုးကို ငါ တစ်ခါမှ မကြားဖူးဘူး။ စစ်ခံတပ်မှာ ဆင်ထားတဲ့ မှော်သလင်းကျောက် အမြောက်တောင် ဒီလောက် ကြောက်စရာ မကောင်းဘူး။
ဒါက သိုးဝဝ တစ်ကောင်လား။ ဒါမှမဟုတ် ဧရာမနဂါးလား။
ခေါင်းဆောင်ဖြစ်သူ မဟာနတ်ဆိုးဘုရင်အဆင့် ဂျို့စ်က အမြန်ဆုံး တုံ့ပြန်ပြီး အော်ပြောလိုက်သည်။ “မြန်မြန် အရှိန်လျှော့ပြီးတော့ မှော်ဒိုင်းကာကို ချက်ချင်းဖွင့်။”
ခဏကြာပြီးနောက် “စစ်သင်္ဘော” လည့်သွားပြီး အခြားဘက်မှ အဖြူရောင်အလင်း ထပ်မံ ပစ်လွှတ်လိုက်ပြန်သည်။ ယခုတစ်ခေါက်ပစ်မှတ်မှာ သွေးလ သင်္ဘော ဖြစ်သ်ည။ သံချိတ်သင်္ဘော ပြိုလဲကျသွားသည်မှ သင်ခန်းစာ ယူထားသည့်အတွက် သွေးလသင်္ဘောက အပြာရောင် ရေဒြပ်စင် မှော်ဒိုင်းကာကို အသက်သွင်းထားပြီ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ရန်သူ၏ အသေမှတ်ထားခြင်းကို မခံရစေရန်အတွက် ရေဒြပ်စင်စွမ်းအား မှော်ပန့်ဖြင့် သင်္ဘောကို ပိုမိုမြန်ဆန်စေရာ၌ အတော်လေး အတွေ့အကြုံ ရှိလှသည်။
ထိုရှောင်တိမ်းမှုက အသေအချာပင် အလုပ်ဖြစ်သွားခဲ့သည်။ ယခုတစ်ခေါက်တွင် အဖြူရောင်အလင်းက သူတို့ကို မထိခဲ့ပေ။ သို့သော်လည်း အလင်းဖြူ၏ ဆက်စပ်မှုက မယုံနိုင်စရာကောင်းသည်။ ၎င်းသည် အမှန်တကယ်ပင် စွမ်းအားကို ထိန်းသိမ်းပြီး လမ်းကြောင်းပြောင်းသွားခဲ့သည်။ ၎င်းမှာ အလွန်ကြီးမားသော ဓားရှည်တစ်လက်ကဲ့သို့ ဖြစ်နေပြီး အချိန်မီ မရှောင်တိမ်းနိုင်သော သွေးလသင်္ဘောကို ခုတ်ပိုင်းလိုက်လေသည်။
အပြာရောင် မှော်ဒိုင်းကာက တစ်မိနစ်သာခံပြီး ပြိုကွဲသွား၏။ ထို့နောက် သံချိတ်သင်္ဘောမှ အဖြစ်အပျက်အတိုင်း ဆက်ဖြစ်တော့သည်။
ယခုတစ်ခေါက်တွင် မှော်သလင်းကျောက်အမြောက်၏ စွမ်းအားက လှုပ်ရှားမှုနှင့် အကာအကွယ်ဒိုင်းကာတို့ကြောင့် သိသိသာသာ လျော့ကျသွားပြီး သွေးလသင်္ဘောကို နှစ်ပိုင်းသာပြတ်သွားစေသည်။ သို့သော်လည်း ၎င်းမှာ ထိုကဲ့သို့ပင်လယ်မျိုး၌ သေစေနိုင်သော ထိုးနှက်ချက်တစ်ခု ဖြစ်သည်။ ပင်လယ်ဓားပြများက အကြွင်းအကျန်များ ပင်လယ်ထဲ တဖြည်းဖြည်းမြုပ်ဝင်သွားကြသည်ကိုသာ ကြည့်နေရပြီး ရေထဲသို့ တစ်ယောက်ပြီးတစ်ယောက် ခုန်ဆင်းထားကြသည်။ မှော်ပညာတတ်သောသူအချို့သာ ရေပေါ်တွင် ရပ်နေနိုင်လေသည်။
အချိန်တိုအတွင်းမှာပင် သင်္ဘောနှစ်စင်းက ထိုကဲ့သို့ပင် ချေမှုန်းခံလိုက်ရသည်။ ကျန်ရှိနေသည်မှာ ခေါင်းဆောင် ဂျို့စ်နှင့် ပင်လယ်ဓားပြများရှိနေသော ပင့်ကူနက်သင်္ဘောဖြစ်ပြီး အားလုံးက ကြောက်ရွံ့လျက် ချွေးပြန်နေကြသည်။
ထိုပင်လယ်ဓားပြများက တစ်ခါမှ မတိုက်ခိုက်ဖူးသည် မဟုတ်ပေ။ သူတို့၏ တိုက်ခိုက်ရေးစွမ်းအားက အတော်လေး ကြမ်းတမ်းသည့်တိုင် ရန်သူ၏မျက်နှာကို မမြင်ရသေးခင်မှာပင် အသတ်ခံခဲ့ရသော ထိုတိုက်ပွဲများကို ပထမဆုံး ကြုံတွေ့ဖူးခြင်း ဖြစ်သည်။ မှော်သလင်းကျောက်အမြောက်၏ ကြောက်မက်ဖွယ်ရာအဟုန်ကြောင့် သူတို့၏ တိုက်ခိုက်ချင်စိတ်များနှင့် စိတ်ပိုင်းဆိုင်ရာအားလုံး ပြိုလဲကုန်သည်။
ပင့်ကူနက်သင်္ဘော၏ မှော်ခုခံစွမ်းအားနှင့် သွေးလနှင့်သံချိတ် သင်္ဘောတို့ထက် သာလွန်သော်လည်း ကြောက်မက်ဖွယ်ရာ မှော်သလင်းကျောက်အမြောက်ကို မခုခံနိုင်ပေ။ အကယ်၍ ရန်သူက တတိယအကြိမ် ထပ်ပစ်ပါက ပင့်ကူနက်သင်္ဘောသည် အခြားသင်္ဘောနှစ်စင်းကဲ့သို့ပင် ချေမှုန်းခံလိုက်ရပေမည်။
သူတို့၏ သင်္ဘောကို ဆုံးရှုံးသွားသည်နှင့် ကံကောင်း၍ လွတ်မြောက်ခဲ့သည့်တိုင် ကျွန်းမမြင်ရသော ထိုကဲ့သို့ ကျယ်ပြောလှသည့် ပင်လယ်ထဲ၌ ပင်လယ်ဓားပြများကို စောင့်နေသည်မှာ လမ်းဆုံးတစ်ခုသာ ရှိလေသည်။
“မြန်မြန်လုပ်။ သင်္ဘောကိုလှည့်ပြီးပြေးတော့။” ဂျို့စ်က အော်ပြောလိုက်သည်။ သူ၏ ကြီးကြပ်မှုမပါဘဲ ပင်လယ်ဓားပြများက သင်္ဘောကိုလှည့်ပြီး ထွက်ပြေးရန် စတင်ကြတော့သည်။
ချန်လွေ့က ထိုပင်လယ်ဓားပြများ၏ မကောင်းမှုများကို သိသည့်အတွက် သနားစိတ် မရှိခဲ့ပေ။ သို့သော်လည်း ရေကြောင်းတိုက်ပွဲ၌ ပြုပြင်ထားသော မှော်သလင်းကျောက် အမြောက်၏အဟုန်ကြောင့် အံ့အားသင့်သွားသေးသည်။
“မိုးရီ။ မှော်သလင်းကျောက်အမြောက်က အခု ပစ်မရသေးဘူး။ ကုန်သွယ် သင်္ဘောတွေ အန္တရာယ်မဖြစ်အောင်လို့ သူတို့ကိုလိုက်ပြီး သတ်ကြရအောင်။ ဒါမှမဟုတ် ခေါင်းဆောင်ကို အရှင်ဖမ်းပြီးတော့ ပင်လယ်သေရဲ့ နောက်ဆုံးရ အခြေအနေကို သိအောင် လုပ်ရမယ်။”
မိုးရီ ခေါင်းညိတ်လိုက်ပြီး ပင့်ကူနက်သင်္ဘော နောက်ကိုလိုက်ရန်အတွက် မိစ္ဆာထောင်ခြောက် သင်္ဘောကိုထိန်းချုပ်ရန် သဲလူသားများကို အမိန့်ပေးသည်။ မိစ္ဆာထောင်ခြောက်သင်္ဘော၏ လှုပ်ရှားနိုင်မှုက ပင့်ကူနက်သင်္ဘောထက် များစွာပိုသာသည်။ သဲလူသားမျာ၏ သင်္ဘောထိန်းချုပ်မှု စွမ်းရည်နှင့် ပေါင်းလိုက်သော် သင်္ဘောနှစ်စီးကြားမှ အကွာအဝေးက တဖြည်းဖြည်း ကျဉ်းမြောင်းလာခဲ့သည်။
ထိုအခြေအနေက စစ်ရေးအတွေ့အကြုံ မရှိသော ပင်လယ်ဓားပြများကို ချက်ချင်းပင် ကြောက်လန့်သွားစေပြီး အုတ်သော်သောင်းတင်း ဖြစ်သွားခဲ့သည်။ “သွားပြီ။ ရန်သူ လိုက်လာနေပြီ။ ခေါင်းဆောင်။”
“ဘာလုပ်ကြမလဲ။”
“သူတို့ အနားမကပ်လာရင်တောင် မှောင်သလင်းကျောက် အမြောက်တွေ ထပ်ပစ်တာနဲ့ ငါတို့သေပြီ။”
“ပါးစပ်ပိတ်ထား။” မဟာနတ်ဆိုး ဂျို့စ်က ဓားရှည်တစ်လက်ထုတ်ပြီး အံကြိတ်ကာ အော်ပြောလိုက်သည်။ “ပင်လယ်သတ္တဝါတွေရှိတဲ့ဘက်ကို သွားတယ်။ ဒီခွေးကောင်တွေ ငါတို့နောက်ကို လိုက်နေဦးမယ်ဆိုရင် ငါတို့အားလုံး အတူတူ သေကြတာပေါ့။”