ပင်လယ်သတ္တဝါများ
Vol. 39 Ch. 590
ပင်လယ်ပြင်ပေါ်၌ ကြက်သွေးနီရောင် ပင်လယ်သင်္ဘောတစ်စင်းက အသည်းအသန် ရွက်လွှင့်နေပြီး အနက်ရောင် သင်္ဘောတစ်စင်းက နောက်မှ နီးနီးကပ်ကပ် လိုက်လာနေသည်။ ကြက်သွေးနီရောင် သင်္ဘောပေါ်ရှိ ပင့်ကူနက်အလံ လွင့်မနေခဲ့လျှင် နောက်လိုက်ခံနေရသော ထိုသင်္ဘောမှာ ပင်လယ်သေ၏ နာမည်ကျော် ပင့်ကူနက် ပင်လယ်ဓားပြသင်္ဘော ဖြစ်နေလိမ့်မည်ဟု မည်သူမှ ထင်ထားကြမည် မဟုတ်ပေ။
ပင်လယ်လေများကြောင့် ပင့်ကူနက်သင်္ဘော ခေါင်းဆောင် ဂျို့စ်၏ ချွေးများ ခြောက်သွေ့ကုန်သော်လည်း ထိတ်လန့်နေဆဲ ဖြစ်သည်။ ငါက သိုးဝဝတစ်ကောင်ကို တွေ့သွားပြီလို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ တကယ်တော့ အစွယ်ဖြဲထားတဲ့ ဧရာမနဂါးတစ်ကောင် ဖြစ်နေတယ်။
ယခုတွင် သံချိတ်သင်္ဘောနှင့် သွေးလသင်္ဘောတို့ ဖျက်ဆီးခံလိုက်ရပြီဖြစ်ရာ ဂျို့စ်က ယခင်ကရှိခဲ့ဖူးသော အတွေးမျိုး မရှိတော့သလို လက်စားချေချင်စိတ်လည်း မရှိတော့ပေ။ သူ၏စိတ်ထဲ၌ အတွေးတစ်ခုသာ ရှိနေသည်။ ထွက်ပြေးရမယ်။
ငါ အခု မထွက်ပြေးရန် ပင်လယ်အောက်ခြေမှာ နစ်မြုပ်သွားတဲ့ အဲဒီ သင်္ဘောနှစ်စင်းလိုပဲ အဆုံးသတ်ရလိမ့်မယ်။
လက်ထောက်က ကြောက်လန့်တကြားနှင့် သတင်းပို့လာသည်။ “ခေါင်းဆောင်။ နောက်ကသင်္ဘောက ရေနဲ့လေကြောင်း အပြောင်းအလဲတွေနဲ့ မရင်းနှီးပေမဲ့ သင်္ဘောကို လည်ပတ်တဲ့နေရာမှာတော့ အတွေ့အကြုံရှိတယ်။ ဒီအတိုင်းသာဆိုရင် ကျုပ်တို့ သူတို့ကို မျက်ခြေဖျက်လို့ရနိုင်မှာ မဟုတ်ဘူး။ ရှေ့မှာက ပင်လယ်သတ္တဝါနယ်မြေပဲ။ ကျုပ်တို့ ဘာလုပ်ရမလဲ။”
ဂျို့စ်က မြူဖုံးနေပြီး ကြောက်မက်ဖွယ်ရာ ကျောက်ဆောင်များ ရှိနေသည့် ပင်လယ်ကို ကြည့်ကာ အံကြိတ်ပြီး ပြောသည်။ “ရှေ့ဆက်သွာ။ မရပ်နဲ့။ ရန်သူတွေကို ကျောက်ဆောင်တွေ၊ မြူတွေ ဒါမှမဟုတ် ပင်လယ်သတ္တဝါတွေကို သုံးပြီးတော့ ငါတို့ ဖယ်ရှားလို့ရနိုင်တယ်။”
လက်ထောက်က သိမ့်သိမ့်တုန်သွား၏။ “ဒါပေမဲ့ ပင်လယ်သတ္တဝါတစ်ကောင်နဲ့ ကျုပ်တို့ တွေ့မယ်ဆိုရင်...”
“အပိုတွေ ပြောမနေနဲ့တော့။ ငါ့အမိန့်အတိုင်းလုပ်။” ဂျို့စ်၏မျက်နှာပေါ်၌ ကြောက်မက်ဖွယ်ရာ အမူအရာ ရှိနေပြီး လက်ထဲမှ ဓားကိုမြှောက်လိုက်သည်။ လက်ထောက်ကလည်း အမြန်ပြေးသွားတော့သည်။
ဂျို့စ်က ထိုနေရာမှ အန္တရာယ်များကို ကောင်းကောင်း သိသည်။ သို့ရာတွင် တခြား ရွေးစရာလမ်း မရှိပေ။ နောက်ကသင်္ဘောမှာရှိတဲ့ မှော်သလင်းကျောက်အမြောက်က ကြောက်စရာကောင်းလွန်းတယ်။ ပြန်ပစ်လို့ရတာနဲ့ ပင့်ကူနက်သင်္ဘောရဲ့ အကာအကွယ် မှော်တောင် တားဆီးနိုင်မှာ မဟုတ်ဘူး။ ရန်သူနဲ့ပဲ အတူတူ သေလိုက်တာကောင်းမယ်။
မိစ္ဆာထောင်ခြောက်သင်္ဘောပေါ်မှ ချန်လွေ့က မြူဖုံးနေသော ပင်လယ်ထဲသို့ ဆက်သွားနေသည့် အဝေးမှ ပင့်ကူနက် သင်္ဘောကို မြင်နေရပြီး မေးသည်။ “မိုးရီ။ ကျုပ်တို့ ဆက်လိုက်ဦးမှာလား။”
မိုးရီက မျက်လုံးကိုမှိတ်ပြီး ခဏအာရုံခံလိုက်သည်။ “ဒီလမ်းကြောင်းမှာရှိတဲ့ ရေဒြပ်စင်အငွေ့အသက်က ပိုပြီးတော့ ပြင်းထန်တယ်။ ဒါက ငါတို့ကို ရေဒြပ်စင်ကောင်တွေရဲ့ စားကျက်ဆီ ပို့ပေးနိုင်မယ့် တစ်ခုတည်းသောလမ်း ဖြစ်မယ်။”
ချန်လွေ့ ခေါင်းညိတ်သည်။ “ဒါဆို ဆက်သွားကြတာပေါ့။”
“ဒီနေရာက နည်းနည်း ထူးဆန်းတယ်။ ကွယ်ဝှက်နေတဲ့ ကျောက်ဆောင်တွေ အများကြီးကို ငါ အာရုံခံမိတယ်။ သဲလူသားတွေကို အမြန်နှုန်း နည်းနည်း လျှော့ဖို့နဲ့ သတိထားပြီး ဆက်သွားဖို့ ပြောလိုက်မယ်။”
ပင့်ကူနက်သင်္ဘောက ကြောက်လန့်နေသော ငှက်တစ်ကောင်သဖွယ် မြူထဲသို့ အမြန်ဝင်သွားလိုက်သည်။ မြူများက ပါးဟန်တူသော်လည်း မြင်ကွင်းကို ဟန့်တားနိုင်နေသည်။ ယခင်က သူတို့က မထင်မရှား အရိပ်များကို မြင်နိုင်သော်လည်း နောက်ပိုင်းတွင် မြူထဲ၌ ပျောက်ကွယ်သွားတော့သည်။
ပင့်ကူနက်သင်္ဘောပေါ်၌ သင်္ဘောသားအားလုံးက ဂရုတစိုက် ရွက်လွှင့်နေကြရင်း ကြောက်လန့်နေကြသည်။ နောက်မှာ ကြောက်စရာကောင်းတဲ့ သင်္ဘောက လိုက်နေတယ်။ ရှေ့မှာလည်း ကြောက်စရာကောင်းတဲ့ ပင်လယ်သတ္တဝါတွေ ရှိနေတယ်။ တစ်ခုတည်းသော မျှော်လင့်ချက်ကတော့ နောက်လိုက်လာတဲ့သူတွေက မြူနဲ့ ကျောက်ဆောင်တွေကြောင့် ငါတို့ကို မလိုက်မီဘဲနဲ့ ငါတို့က မြူကိုကျော်ပြီး ထွက်ပြေးနိုင်ဖို့ပဲ။ ဒါပေမဲ့ ငါတို့က ပင်လယ်သတ္တဝါနဲ့ မတိုးမှပဲ ရမယ်။
ထိုအချိန်တွင် သီချင်းဆိုသောအသံ အဝေးမှ ထွက်လာသည်။
ထိုသီချင်းသံက သာယာကြည်နူးဖွယ်ကောင်းပြီး စိတ်ကို အေးချမ်းစေသည့်အတွက် ရပ်ပြီး နားထောင်ချင်စိတ်များ ဖြစ်သွားစေသည်။ သေသေချာချာ နားထောင်ကြည့်သော် ၎င်းမှာ အလွန်ပင် စိတ်ထိခိုက်စရာ ဖြစ်သည်။ စိတ်နှင့် ဝိညာဉ်တစ်ခုလုံးပင် ထိုအထဲသို့ နှစ်ဝင်သွားပြီး ကိုယ့်ကိုယ်ကိုယ် မဆွဲထုတ်နိုင်တော့ပေ။
ဂျို့စ်စွမ်းအားက မဟာနတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်းဖြစ်ပြီး နတ်ဆိုးဧကရာဇ် အဆင့်သို့ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုနေသည်။ သူက သီချင်းသံကြောင့် ဆွဲဆောင်ခံလိုက်ရသော်လည်း ထိုအသံ၏ဖြားယောင်းမှုကို ဖယ်ရှားရန်အတွက် စိတ်ထဲ၌ သတိတစ်မျိုးမျိုးကို အလိုလိုထုတ်လိုက်သည်။ သူ၏ဘေးမှ အဖွဲ့ဝင်များက မိန်းမောနေသော အမူအရာများ ပြသနေကြသည်။ သင်္ဘောတစ်စင်းလုံးက သီချင်းသံနှင့် တဖြည်းဖြည်း နီးကပ်လာရာ သူ မအံ့သြဘဲ မနေနိုင်တော့ပေ။
“ဒါက ပင်လယ်သတ္တဝါတွေနဲ့ သီချင်းသံပဲ။ နားမထောင်နဲ့။ ဒီကနေ သွားကြမယ်။”
ဂျို့စ်၏ ဒေါသတကြီးအော်သံက ဖြစ်သင့်သလောက် အလုပ်မဖြစ်ခဲ့ပေ။ စိတ်ဝိညာဉ် စွမ်းအားကောင်းသော အဖွဲ့သားအချို့သာ နိုးထလာပြီး အများစုမှာ ၎င်းကို ငမ်းနေကာ သတိပေးချက်ကို မကြားနိုင်တော့ပေ။
ဂျို့စ်က ထိတ်လန့်ကာ ဒေါသထွက်နေရင်း လူအချို့ကို ခုတ်ပိုင်းသော်လည်း သင်္ဘောသားများကို နိုးထအောင် မလုပ်နိုင်သေးပေ။ သူက တက်မနေရာမှာ သင်္ဘောသားကို ကန်ထုတ်ပြီး ကိုယ်တိုင် ပဲ့တိုင်တော့သည်။ “လိုကို။ အရန်ရွက်ကို လွှင့်လိုက်။ တယ်လာ။ ရှေ့ဆက်သွားဖို့အတွက် ပေါက်ကွဲမှော်ပန့်ကိုသုံး။ ဒီနေရာဆိုးကနေ အရင်ဆုံး ထွက်သွားကြမယ်။”
လူအနည်းငယ်က အလျင်အမြန် စတင်လှုပ်ရှားကြသော်လည်း ကျက်သရေ ရှိသော သီချင်းသံက သူတို့၏နားထဲ တရစ်ဝဲဝဲ ဖြစ်နေသည်။ နားကိုပိတ်ထားသည့်တိုင် အသုံးမဝင်ပေ။ လူတိုင်း၏အကြည့်က တဖြည်းဖြည်း ဝေဝါးသွားပြန်သည်။ ဂျို့စ် ကျိန်ဆဲလိုက်ပြီး အရေးပေါ်ဒုံးစက်ကို အသက်သွင်းရန်ပြင်လိုက်စဉ် ရုတ်တရက် အလင်းရောင်မှိန်သွားကြောင်း ခံစားမိသွားသည်။
ဂျို့စ် မော့ကြည့်လိုက်ရာ ကောင်းကင်ပေါ်၌ သိပ်သည်းသော အမည်းရောင် အရိပ်များ ပေါ်ထွက်လာသည်ကို မြင်လိုက်ရသည်။ သူ အလွန်ပင် ယူကြုံးမရဖြစ်သွား၏။
မြောက်မြားလှစွာသော အရိပ်များက တောင်ပံခတ်ရင်း ပင့်ကူနက်သင်္ဘောထံသို့ ထိုးဆင်းလာကြသည်။ အော်ဟစ်သံများနှင့် တုန်လှုပ်သံများက ရင်ကိုထိစေသော ဂီတသံမှ ဂီတခလုတ်ကဲ့သို့ပင် ဖြစ်နေသည်။ ခဏအကြာ အရာအားလုံး ငြိမ်သက်သွားပြီး ကောင်းကင်ဘုံသဖွယ် ဂီတသံစဉ်များသာ ကျန်ရှိတော့သည်။
မြူနှင်းက ထူးခြားသော သက်ရောက်မှုတစ်ခု ရှိဟန်တူသည်။ မိစ္ဆာထောင်ခြောက် သင်္ဘောပေါ်ရှိ ချန်လွေ့နှင့် မိုးရီတို့က ပင့်ကူနက်သင်္ဘော ဘာဖြစ်သွားကြောင်း မသိခဲ့ပေ။ သူတို့က သတိထားလျက်ပင် ရှေ့သို့ ဆက်သွားကြနေသည်။
ခဏကြာ ရွက်လွှင့်ပြီးနောက် ချန်လွေ့က သီချင်းဆိုနေဟန်တူသော အသံတိုးတိုးလေး တစ်သံကို ကြားလိုက်ရသည်။ ရေးရေးလေးသာ ဖြစ်သော်လည်း ထူးဆန်းသော ဆွဲဆောင်မှုတစ်ခုရှိပြီး သေသေချာချာ နားထောင်ချင်စိတ် ဖြစ်လာစေသည်။
မြေဒြပ်စင်ဘုရင်က သိနေသော အမူအရာ ပြသလိုက်သည်။ “လက်စသတ်တော့ ဒါက သူတို့ရဲ့ စားကျက်ကိုး....”
ချန်လွေ့ မေးရန်ပြင်လိုက်သည်နှင့် သီချင်းသံက တဖြည်းဖြည်း ပိုမိုပြတ်သား လာသည်။ အသံက သာယာပြီး ရင်ကိုထိစေသည်။ တီးလုံးမပါသော်လည်း သဘာဝအသံ ကဲ့သို့ပင် ကျက်သရေရှိလှသည်။
ချန်လွေ့က ထိုကဲ့သို့ သာယာဖွယ် သီချင်းသံကို အံ့အားသင့်နေစဉ် တစ်ချိန်တည်းမှာပင် အားကောင်းသော ညှို့ဓာတ်စွမ်းအားတစ်ခုကို သေသေချာချာ ခံစားမိလိုက်သည်။ ထိုစွမ်းအားက ကဝေမမိသားစုနှင့် အနည်းငယ် ဆင်တူသော်လည်း ကွာခြားချက်မှာ ကဝေမမိသားစုသည် ရုပ်ရည်သွင်ပြင်ကို အမှီပြုပြီး ထိုကဲ့သို့ သီချင်းသံက သီဆိုသူက မမြင်နိုင်သေးခင်မှာပင် ကြောက်မက်ဖွယ်ရာကောင်းသော ညှို့ဓာတ်ကို ထုတ်နိုင်နေသည်။ ၎င်းသည် ဝိညာဉ်အတွက် သေစေနိုင်သော ဆွဲဆောင်မှုတစ်ခု ဖြစ်လုနီးပါး ဖြစ်နေပြီး ကဝေမ ပါရမီထက်ပင် စွမ်းအား များစွာ သာလွန်သည်။
သီချင်းဆိုသံက အလွန်ပင် ဆွဲဆောင်မှုရှိသော်လည်း ချန်လွေ့က ထိုကဲ့သို့ သဘာဝလွန်စွမ်းအားကို မကြောက်ရွံ့ပေ။ သူက [ စိတ်သန့်စင်ခြင်း ] ၌ အတွင်းနတ်ဆိုး၏ ဖြားယောင်းမှုကို အကြိမ်များစွာ ကြုံတွေ့ခဲ့ဖူးသည်။ ရှေးဟောင်း အဂ္ဂိရတ် သက်ရှိအဖွဲ့အစည်း အမွေအနှစ်ကို ဆက်ခံပြီးနောက် သူ၏ စိတ်ဝိညာဉ်စွမ်းအားက အရည်အသွေးအရ ပြောင်းလဲသွားကာ S+ အဆင့်သို့ ရောက်ရှိသွားခဲ့သည်။ ထို့ပြင် စိတ်ဝိညာဉ်တိုက်တိုက်မှုများ ပြီးနိုင်သော နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးနှင့် ကျူးကျော်လာသော စိတ်ဝိညာဉ်စွမ်းအားကို စုပ်ယူနိုင်သည့် စူပါစနစ်လည်း ရှိနေသေး၏။
ချန်လွေ့ ခေါင်းညိတ်ပြီး ချီးမွမ်းလိုက်သည်။ “အတော်လေး သာယာတဲ့ သီချင်းသံပဲ။ ဒါက ကျုပ်ရဲ့မွေးရပ်မြေက ဒဏ္ဍာရီတစ်ပုဒ်ကို သတိရစေတယ်။ ဒါက ဘယ်လို သတ္တဝါမျိုးရဲ့ သီချင်းသံလဲ။”
“ငါတို့တွေ ပင်လယ်သတ္တဝါ နယ်မြကို ရောက်လာပြီ။” မြေဒြပ်စင်ဘုရင်က ချန်လွေ့ကို ကြည့်လိုက်သည်။ “ဒါက အထူးသွေးမျိုးဆက် ပါရမီရှိတဲ့ မာယာရှင်တွေ သီချင်းဆိုနေတာပဲ။ လှပတဲ့ သီချင်းသံတွေမှာ ဝိညာဉ်ကိုတောင် ဆွဲဆောင်နိုင်သော အင်အားကြီး စိတ်ဝိညာဉ် ညှို့ငင်မှုနဲ့ စွမ်းအားတွေ ပါဝင်နေတယ်။ ဝိညာဉ်သန္ဓေပြောင်းတဲ့ မာယာရှင်တွေက အသံကိုသုံးပြီးတော့ အင်အားကြီးတဲ့ ပုံရိပ်ယောင်တွေကိုတောင် ဖန်တီးနိုင်ပြီးတော့ နားထောင်သူကို စိတ်လွတ်ပြီးတော့ ရုန်းထွက်လို့မရအောင် လုပ်နိုင်တယ်။ ကံဆိုးချင်တော့ ဒြပ်စင်ကောင်တွေရဲ့နားထဲမှာ ဒီအသံတွေက ပင်လယ်လေတိုးသံနဲ့ ဘာမှမခြားဘူး။”
“မာယာရှင်တွေ ဟုတ်လား။” ချန်လွေ့၏မျက်လုံးများ အရောင်တောက်သွား၏။ ဂူရာဒန် အဆင့်တက်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းနှစ်ခုထဲကတစ်ခုက မာယာရှင်နှလုံးသားပဲ။ ဒီတစ်ခေါက် ပင်လယ်သေကို လာရတဲ့ အရေးကြီးဆုံး ရည်ရွယ်ချက်က အစ်ဇဘယ်လာကို ကုသဖို့ ဖြစ်ပေမဲ့ မာယာရှင်တွေနဲ့ တွေ့တဲ့အခါ အခွင့်အရေးကို လက်လွှတ်လို့ မဖြစ်ဘူး။
“မာယာရှင်တွေရဲ့ သီချင်းသံက လူအများစုအတွက် သေစေနိုင်တဲ့ ညှို့ဓာတ်တစ်ခု ရှိတယ်။ ဒါပေမဲ့ အရာရာတိုင်းက နှစ်ဖက် ရှိတယ်လေ။ ဒီသီချင်းသံက နားထောင်သူရဲ့ ဝိညာဉ်စွမ်းအားကို သန့်စင်ပြီးတော့ ခိုင်မာစေနိုင်တယ်။ မိတ်ဆွေ။ မင်းမှာရှိတဲ့ စိတ်ဝိညာဉ်စွမ်းအားက နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းကို ရောက်လုနီးပါး ဖြစ်နေပြီဆိုတာကို ငါ အာရုံခံမိတယ်။ ဒါပေမဲ့ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းကို နားလည်သဘောပေါက်မှု မရှိသေးတဲ့အတွက် မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအားက နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းတွေကို အရည်အသွေးအရ မယှဉ်နိုင်ဘူး။ တကယ်လို့ မင်းက မယာရှင်တွေရဲ့ သီချင်းသံကို သုံးပြီးတော့ ဝိညာဉ်စွမ်းအားကို အဆက်မပြတ် သန့်စင်နိုင်မယ်ဆိုရင် နတ်ဆိုးအရှင်သခင်အဆင့်ကို ရောက်ဖို့ အကူအညီ ပေးနိုင်လိမ့်မယ်။ ပြီးတော့လည်း မင်းရဲ့စိတ်ဝိညာဉ်စွမ်းအားက အဆင့်တက်ပြီးရင် သန္ဓေပြောင်းမှုအချို့ ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအားက အားကောင်းလွန်းတဲ့အတွက် ဒီလိုသီချင်းသံအဆင့်က အသုံးဝင်မှာ မဟုတ်ဘူး။ သန္ဓေပြောင်းပါရမီရှိတဲ့ မာယာရှင်တစ်ယောက်ကို မင်း ရှာရမယ်။”
ချန်လွေ့ ခေါင်းညိတ်လိုက်သည်။ “ဒါပေမဲ့ မာယာရှင်နှလုံးသားက ဒီတစ်ခေါက် ကျုပ်ရဲ့ ပန်းတိုင်တစ်ခု ဖြစ်နေတယ်။ သီချင်းသံနောက်ကို လိုက်ပြီးတော့ မာယာရှင်တွေကို ရှာကြမလား။”
“အဲဒီမတိုင်ခင် ပြဿနာ အသေးလေးတွေကို ဖြေရှင်းကြရအောင်။ မာယာရှင်တွေထက် ပိုပြီးတော့ ကြမ်းတမ်းတဲ့ သတ္တဝါတစ်မျိုး ရှိတယ်။ သူတို့ကို ဟာပီလို့ ခေါ်တယ်။ ဟာပီတွေကို ဟာပီစုန်းမတွေလို့လည်း ခေါ်ကြတယ်။ သူတို့က ခက်ထန်ပြီး ရက်စက်တယ်။ တိုက်ခိုက်သူတွေရဲ့ အရိုးကို သူတို့ပိုင်နက်သင်္ကေတ အနေနဲ့ သုံးရတာကို ကြိုက်ကြတယ်။ သူတို့မှာ လေဒြပ်စင်စွမ်းအားရှိတယ်။ အတော်လေး မြန်ဆန်ပြီးတော့ သူတို့ရဲ့ တိုက်ခိုက်မှုမှာ သွက်ချာပါဒဖြစ်စေတဲ့ အထူးသက်ရောက်မှုတစ်ခု ရှိတယ်။ အဲဒါကြောင့် ရန်သူတွေ ပြန်မတိုက်ခိုက်နိုင်ခင်မှာပင် လဲကျသွားကြတယ်။ ပုံမှန်ဆိုရင်တော့ ဟာပီတွေက မာယာရှင်တွေနဲ့ အတူတူ နေကြတယ်။ သူတို့ကို ပင်လယ်သတ္တဝါတွေလို့လည်း ခေါ်ကြတယ်။ သူတို့ကြားမှာ ထူးခြားတဲ့ မှီခိုမှုတစ်ခု ရှိတယ်။ မာယာရှင်တွေကို ညှို့ငင်တဲ့ သီချင်းဆိုသံကို စလိုက်ပြီးတော့ သိပ်မကြာခင် ဟာပီတွေ ရောက်လာလိမ့်မယ်။”
ချန်လွေ့၏အမူအရာက အတော်လေး ထူးဆန်းသွားခဲ့သည်။ ဒီလောကမှာရှိတဲ့ ပင်လယ်သတ္တဝါတွေက ငါ့အရင်ဘဝက အနောက်ပိုင်း ဒဏ္ဍာရီတွေ၊ ဇာတ်လမ်းတွေ ထဲကနဲ့ နည်းနည်း ဆင်တူတယ်။ ကြည့်ရတာ လောကနှစ်ခုအကြားမှာ မယုံနိုင်စရာ ကောင်းတဲ့ တိုက်ဆိုင်မှုတွေ အများကြီး ရှိနေတဲ့ပုံပဲ။
အကွာအဝေးတစ်ခုအထိ ရွက်လွှင့်ပြီးနောက် ချန်လွေ့က ကောင်းကင်ထက်မှ တစ်စုံတစ်ခုကို ချက်ချင်းပင် အာရုံခံလိုက်မိသည်။ ခဏအကြာ ကောင်းကင်တွင် သိပ်သည်းသော အနက်ရောင်အရိပ်များကို မြင်လိုက်ရသည်။ သူ၏အမြင်ဖြင့် ၎င်းမှာ အမျိုးသမီးမျက်နှာနှင့် ရင်ဘတ်ဗလာကျင်းဖြစ်နေသော အမသတ္တဝါအုပ်စု ဖြစ်သည်ကို သေသေချာချာ မြင်နေရသည်။ သူတို့၏လက်များက တောင်ပံနှင့် တွယ်ဆက်နေပြီး အောက်ပိုင်းခန္ဓာကိုယ်မှာ လုံးဝကို ငှက်ပုံစံ ဖြစ်သည်။ လက်သည်းများမှာ အလွန်ပင် ထက်လှ၏။
ဟာပီများ တိုက်ခိုက်သော နည်းလမ်းများမှာ အနည်းငယ် ထူးခြားသည်။ ပထမဦးစွာ သူတို့က မြင့်မြင့်ပျံသွားပြီးနောက် ကောင်းကင်ထက်မှ ပြင်းပြင်ထန်ထန် ထိုးဆင်းလာသည်။ သူတို့၏မျက်လုံးထဲမှ ရက်စက်မှု ဆာလောင်နေသည်ကို ချန်လွေ့ သေသေချာချာ မြင်နေရသည်။ ထိုအချိန်၌ မိုးရီက ကောင်းကင်ကို လက်ညှိုးထိုးလိုက်ရာ အလျင်အမြန်ထိုးဆင်းနေကြသော ဟာပီစုန်းမများက အလျင်အမြန်ပင် ခဲသွားခဲ့သည်။ သူတို့က ရွက်ထိပ်သို့သာ ရောက်လာနိုင်ပြီး အေးခဲသော ကျောက်ရုပ်များအဖြစ် ပြောင်းသွားကာ အထက်သို့တက်သွားပြီး ဟာပီအုပ်စုထဲ၌ ပေါက်ကွဲထွက်သွားလေသည်။ နေရာအနှံ့ အော်သံများ ထွက်လာ၏။ နေရာတိုင်းတွင် သွေးပေနေသော ငှက်တောင်များ ပျံ့လွင့်နေလေသည်။ “ [ ကျောက်ဖြစ်ခြင်း ] နဲ့ [ မရဏကျောက်ပန်းပွင့် ] လား။ ” ချန်လွေ့၏ မျက်လုံးများ အရောင်တောက်သွား၏။ မိုးရီရဲ့ မြေဒြပ်စင်မှော်ပညာက စိတ်ဝိညာဉ်စွမ်းအား စုစည်းဖို့မလိုသလို မန္တန်ရွတ်ဖို့လည်း မလိုဘူး။ [ ကျောက်ဖြစ်ခြင်း ] နဲ့ [ မရဏကျောက်ပန်းပွင့် ] က မှော်ပညာအမျိုးအစား တူနေသလိုပဲ မှော်ထိန်းချုပ်မှုနှင့် အချိတ်အဆက်က လွယ်ကူနေတယ်။ ဒါက ဒြပ်ပေါင်းမှော်ပညာ မဟုတ်ဘူး။ ဒါက မူလအဖြစ်ဆုံးအသွင်ကို ပြန်သွားတဲ့ သာမန် မှော်ပညာ အသုံးပြုသလိုပဲ။ မြေဒြပ်စင်မှော်ပညာအရဆိုရင် ဇိုလာတောင် သူ့ထက် နိမ့်ကျတယ်။
“မဟုတ်ဘူး။ မိတ်ဆွေ။” မိုးရီ ခေါင်းခါသည်။ “မှော်ပညာဆိုတဲ့အရာက စွမ်းအားထုတ်ဖို့အတွက် စိတ်ဝိညာဉ်စွမ်းအားကို သုံးပြီးတော့ ဒြပ်စင်စွမ်းအားကို စီစဉ် ပေါင်းစပ်တဲ့ နည်းလမ်းတစ်ခုပဲ။ [ ကျောက်ဖြစ်ခြင်း ] နဲ့ [ မရဏကျောက်ပန်းပွင့် ] က ဇစ်မြစ်တူတယ်။ ဒါပေမဲ့ ဖော်ပြပုံခြင်း ကွဲပြားတယ်။ ငါက အသွင်တစ်ခုကို တမင်တကာ သုံးခဲ့တာ မဟုတ်ဘူး။ ဇစ်မြစ်စွမ်းအားကိုပဲ အသက်သွင်းခဲ့တာ။”
မှော်ပညာဆိုတာ အသွင်တစ်ခုပဲတဲ့လား။ ဇစ်မြစ်ရဲ့ စစ်မှန်တဲ့ အမြုတေ ဟုတ်လား။ ချန်လွေ့က ရေးရေးလေး သဘောပေါက်သွားသည်။
မြေဒြပ်စင်ဘုရင်က ချန်လွေ့၏အမူအရာကို သတိထားမိသွားသည်။ သူက လက်တစ်ချက် ဝှေ့ရမ်းလိုက်ကာ ထိုးဆင်းလာသော ဟာပီများက လေထဲ၌ ရပ်တန့်သွားပြီး မဆင်းသက်နိုင်တော့ပေ။ မိုးရီက တည်ငြိမ်သော လေသံ ဆက်လက်၍ ထိန်းထားပြီး ပြောသည်။ “တကယ်တော့ အနိမ့်ဆင့်နတ်ဆိုးကနေ နတ်ဆိုးအရှင်သခင် အထိ အသုံးပြုတဲ့စွမ်းအားက “အသွင်”တစ်မျိုးပဲ။ ဇစ်မြစ်ကို နားလည်တဲ့သူ မရှိသလောက်ပဲ။ ဒါပေမဲ့ ဒါက အမြင့်လွှာ ပုဂ္ဂိုလ်ကနေ အထူးအစွမ်းထက်ပုဂ္ဂိုလ်အထိ အရည်အသွေးအရ အသွင်ပြောင်းဖို့အတွက် သော့ချက်တစ်ခုဆိုတာ အသေအချာပဲ။ ခေတ်ပေါင်းများစွာမှာ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းကို ရောက်သွားတဲ့သူတွေ မရေမတွက်နိုင်အောင် ရှိခဲ့တယ်။ ဒါပေမဲ့ အနည်းစုကပဲ ဇစ်မြစ်ကို အမှန်တကယ် နားလည်သဘောပေါက်ခဲ့တာ။ ဒါပေမဲ့ “အသွင်”ကလည်း မရှိမဖြစ်ပဲ။ ဘာလို့လဲဆိုတော့ အဲဒါက “ဇစ်မြစ်”ရဲ့ အခြေခံမို့လို့ပဲ။ ဒီအရာတွေကို မင်း နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းဆီ ရောက်မှပဲ ပြောသင့်တာ။ ဒါပေမဲ့ မင်းရဲ့စွမ်းအားက နတ်ဘုရား-ယောင် ပုဂ္ဂိုလ်ကနေလာတာ ဖြစ်လောက်တယ်။ ဒါက သာမန်နဲ့မတူဘူး။ ဇစ်မြစ်ကို စောစော နားလည်တာက အမွေအနှစ်စွမ်းအားကို ခပ်မြန်မြန်ရရှိစေနိုင်တယ်။”
နတ်ဆိုးအရှင်သခင်ရဲ့ လေ့ကျင့်ရေးက “ပညာရပ်” နဲ့ “အစွမ်း” တစ်မျိုးမျိုးပဲ။ ပြီးတော့ တကယ့် အထူးအစွမ်းထက်ပုဂ္ဂိုလ်က “လမ်းစဉ်”လား။ ချန်လွေ့က မိုးရီ၏ စကားများကို ကိုယ်ပိုင်နားလည်မှုများဖြင့် သဘောပေါက်သွားပြီး တံခါးအသစ်ကို မြင်လိုက်ရသလို ဖြစ်သွားသည်။ နည်းလမ်းတွေအားလုံးက ဇစ်မြစ်တစ်ခုတည်းကနေ လာတာ။ စူပါစနစ်ပဲဖြစ်ဖြစ်၊ နတ်ဆိုးတွေရဲ့ လေ့ကျင့်ရေးပဲဖြစ်ဖြစ်၊ လမ်းတွေသာ ကွဲပြားသွားမယ်။ ဒါပေမဲ့ ဇစ်မြစ်ရဲ့ နောက်ဆုံးပန်းတိုင်ကတော့ အတူတူပဲ။
စူပါစနစ်ရဲ့ ဆင့်ကဲပြောင်းလဲခြင်းကို ကြည့်ရမယ်ဆိုရင် အရေအတွက်ကနေ အရည်အသွေးကို ပြောင်းလဲသွားတာပဲ။ တစ်နေ့ကျရင်....
ချန်လွေ့ သတိပြန်ဝင်လာပြီး ခေါင်းညိတ်သည်။ မိုးရီက စကားအနည်းငယ်သာ ပြောခဲ့သော်လည်း တစ်ဆို့မှုတွင်ရှိနေသော ချန်လွေ့အတွက် ခန့်မှန်း၍မရသော သိသာထင်ရှားမှုတစ်ခု ရှိနိုင်ပေသည်။
“နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းက တကယ့်အစွမ်းထက်ပုဂ္ဂိုလ်ရဲ့ အဆုံးသတ် မဟုတ်ဘူးဆိုတာ မမေ့နဲ့။ ဒါက အစပဲ ရှိသေးတယ်။” ချန်လွေ့ စဉ်းစားပြီးသည်ကို မြင်သည့်အခါ မြေဒြပ်စင်ဘုရင်က ပြုံးလိုက်သည်။
ဟာပီစုန်းမများ ပျောက်ကွယ်သွားကြောင်း ချန်လွေ့ တွေ့လိုက်ရသည်။ ကြောက်မက်ဖွယ်ရာ တွန်သံများကို အဝေးမှ ကြားနေရသည်။ သူတို့က အဝေးသို့ ထွက်ပြေးသွားပုံရသည်။ အစပိုင်းတွင် ချန်လွေ့က လေ့ကျင့်ချင်ခဲ့သော်လည်း မိုးရီက ၎င်းတို့အားလုံးကို ဖြေရှင်းပစ်ခဲ့သည်။
မိုးရီက ချန်လွေ့၏အတွေးများကို မြင်လိုက်ပြီး ခေါင်းခါသည်။ “မင်းက မာယာရှင် နှလုံးသားကို ရှာနေတာ မဟုတ်လား။ ဟာပီစုန်းမတွေက အငြိုးကြီးမားတယ်။ ငါ့ရဲ့ စွမ်းအားကြောင့် သူတို့ တုန်လှုပ်နေတာတောင် တကယ် လက်မလျှော့ကြသေးဘူး။ အရှေ့မှာ ရန်သူတွေကို ပိုရင်ဆိုင်ရမယ်လို့ ယုံကြည်တယ်။ ဒါပေမဲ့ အခု ငါမင်းကို သတိပေးချင်တာကတော့ မာယာရှင်နှလုံးသားဆိုတာ မာယာရှင်နဖူးမှာရှိတဲ့ အသက်ဓာတ် သလင်းကျောက်ပဲ။ အဲဒါကို ဆုံးရှုံးသွားရင် သူတို့ရဲ့ အသက်ဓာတ်လည်း ထိခိုက်သွားမှာ။ မာယာရှင်တွေက ဟာပီစုန်းမတွေကိုလည်း မကြမ်းတမ်းဘူး။ သူတို့ရဲ့ စရိုက်က ညင်သာတယ်။ ဒါပေမဲ့ အားကောင်းတဲ့ဘက်ခြမ်းလည်း ရှိတယ်။ သူတို့ရဲ့ဆန္ဒ မပါဘဲနဲ့ သူတို့ကို သတ်လိုက်ရင်တောင် မာယာရှင်နှလုံးသားကို မင်းမရနိုင်ဘူး။”
ချန်လွေ့ ခေါင်းညိတ်သည်။ “သွားကြည့်ရအောင်။ ကျုပ်ရဲ့ စိတ်ဝိညာဉ်စွမ်းအားကို ပုံသွင်းပေးဖို့ ကူညီနိုင်တဲ့ မာယာရှင်တစ်ယောက်ကို ရှာတွေ့နိုင်လောက်တယ်။”
သီချင်းသံ တဖြည်းဖြည်း ပိုမိုရှင်းလင်းလာသည်။ သတ္တဝါတစ်ကောင်ထက် ပိုရှိနေပုံရသည်။ အနိမ့်အမြင့်အသံများက ပြီးပြည့်စုံအောင် လိုက်ဖက်ညီနေသည်။ ဂီတသံက အလွန်နူးညံ့သိမ်မွေ့ပြီး စိတ်ထိခိုက်စေဟန်တူသော်လည်း ချန်လွေ့အတွက် တေးသွားများသာ ဖြစ်သည်။ တကယ့်ကို သာယာတဲ့ တေးသွားတွေပဲ။
မာယာရှင်တွေက ဂီတပွဲ ဒါမှမဟုတ် တစ်ခုခု လုပ်ဖို့ ဖြစ်နိုင်လောက်တယ်....။ ချန်လွေ့၏စိတ် လျှောက်သွားနေစဉ်မှာပင် ကျက်သရေရှိသော အသံတစ်သံက သူ၏နားထဲ ရောက်ရှိလာသည်။ ရုတ်တရက် သီချင်းသံအားလုံးကို ထိုအသံက ဖုံးလွှမ်းသွားပြီး အကြားအာရုံမှတစ်ဆင့် ချန်လွေ့၏စိတ်ထဲသို့ စိမ့်ဝင်သွား၏။ သူ၏ ဝိညာဉ် ထိန်းချုပ်၍မရဘဲ တုန်လှုပ်သွားခဲ့သည်။
တောက်ပနေတဲ့လရောင်...
ကြည်လင်တဲ့ စမ်းချောင်းနဲ့ ဝါးသစ်တော...
တစ်စုံတစ်ယောက် လက်ဖက်ရည်ဖျော်နေတဲ့ ရနံ့လည်း ရှိနေတယ်...
ထိုမြင်ကွင်းက ချန်လွေ့၏ မျက်လုံးထဲ၌ ခဏသာ ပေါ်ထွက်လာပြီးနောက် စူပါစနစ်၏ သတိပေးသံကို သူ၏အသိစိတ်ထဲ၌ ကြားလိုက်ရသည်။ “အမည်မသိ စိတ်ဝိညာဉ်စွမ်အား ကျူးကျော်ဝင်ရောက်ခြင်းကို တွေ့ရှိပါတယ်။ အရှိန်အဝါအဖြစ် ပြောင်းလဲချင်ပါသလား။”
တစ်ချိန်တည်းမှာပင် ကောင်းကင်ထက်၌ ဟာပီစုန်းမ အများအပြား ပေါ်ထွက်လာပြီး မိစ္ဆာထောင်ခြောက် သင်္ဘောဆီသို့ ပျံသန်းလာကြသည်။ ၎င်းမှာ ယခင်အသုတ်ထက် ပိုများပေသည်။