မာယာရှင်
Vol. 39 Ch. 591
ယခုတစ်ခေါက် ဟာပီများမှာ ယခင်အသုတ်ထက် အရည်အသွေးရော အရေအတွက်ပါ သာလွန်ပြီး ထောင်နှင့်ချီ ရှိနေသည်။ မိုးရီက စွမ်းအားကြီးမားကြောင်း ပြသခဲ့သော်လည်း ဟာပီများမှာ လက်စားချေတတ်သောစရိုက် ရှိကြသည်။ သူတို့ နောက်ပြန်ဆုတ်ခဲ့ခြင်းမှာ ထွက်ပြေးခြင်း မဟုတ်ဘဲ အဖော်များ စုစည်းခြင်းသာ ဖြစ်၏။
ဟာပီများက ပိုများသော ပိုအစွမ်းထက်သော အဖော်များကို စုစည်းပြီးသောအခါ မာယာရှင်များ၏ ညှို့ငင်နိုင်သော သီချင်းသံများကြားထဲ၌ ရန်သူများထံ ပျံသန်း လာကြပြန်သည်။
သာယာလှသော သီချင်းဆိုသံက အားကောင်းသော ဝိညာဉ်ညှို့ဓာတ်စခု ရှိနေသည်။ ချန်လွေ့သည်ပင် ထူးဆန်းသော ပုံရိပ်ယောင်များကို မြင်ခဲ့သည်။ သို့သော်လည်း သူက ၎င်းထံမှ ခပ်မြန်မြန် ရုန်းထွက်နိုင်ခဲ့သည်။ မည်သို့ပင် ဆိုစေကာမူ သူ၏မျက်လုံးထဲ၌ ထူးဆန်းသော အမူအရာများ ခဏခဏ ပေါ်ထွက်လာနေလေသည်။
ဒီမာယာရှင်ရဲ့ သီချင်းသံက ငါ့ဝိညာဉ်ကို တုန်လှုပ်စေနိုင်ပြီးတော့ ပုံရိပ်ယောင်တွေ ထုတ်ပေးနိုင်တာပဲ။ ဒါက မြေဒြပ်စင်ဘုရင်ပြောတဲ့ သန္ဓေပြောင်းပါရမီ ဖြစ်ရမယ်။ ငါ ဒီမာယာရှင်ကို ဖမ်းနိုင်မယ်ဆိုရင် မာယာရှင်နှလုံးသားကိုလည်း ရမယ်။ ငါ့ရဲ့ ဝိညာဉ်စွမ်းအားကိုလည်း သန့်စင်နိုင်မယ်။ အဆိုးဆုံးဖြစ်လာရင် နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးကို သုံးပြီးတော့ ငါ့ကိုလိုက်နာတဲ့ ရုပ်သေးဖြစ်အောင် လုပ်လို့ရတာပဲ။
ဒါပေမဲ့ ရုပ်သေးနှစ်ယောက်က အခု အသုံးဝင်နေသေးတယ်။ တစ်ယောက်က အမှောင်လရဲ့ မြင်းတပ်ကို လေ့ကျင့်ဖို့ တာဝန်ယူထားတဲ့ နက်စ်တာပဲ။ နောက်တစ်ယောက်က အဲလစ်ကို တိတ်တိတ်လေး ကာကွယ်ပေးနေတဲ့ ကြယ်ကြွေတမန် မြို့တော်မှာရှိနေတဲ့ လိုကီပဲ။ လိုကီက ဂျာဒယ်ခံတပ်မှာရှိတဲ့ ဘရော့ခ်ရဲ့ လက်ထောက် ဗိုလ်ချုပ်လည်း ဟုတ်တယ်။ သူက အနာဂတ်မှာ ဗိုလ်ခြေတစ်ခုကို ဦးဆောင်ရနိုင်တယ်။ အခုအချိန် ရွေးချယ်ဖို့ မလွယ်ဘူး။
မာယာရှင်များ၏ သီချင်းသံက ဟာပီများအပေါ်၌ လုံးဝသက်ရောက်မှု ရှိနေဟန် မတူပေ။ ကြမ်းတမ်းသော ဟာပီ အုပ်လိုက်ကြီးနှင် ရင်ဆိုင်ရသည့်အခါ ချန်လွေ့က မိုးရီ ပြောခဲ့သော ထိုသတ္တဝါများ၏ ရက်စက်ကြမ်းကြုတ်ပုံကို တွေးမိလိုက်သည်။ ထို့နောက် သူ၏မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ်တစ်ခု လက်ခနဲ ဖြစ်လာသည်။ “မိုးရီ။ မိစ္ဆာထောင်ခြောက် သင်္ဘောကို ဂရုစိုက်ထားပေး။ သူတို့ကို ကျုပ်တာဝန် ထားလိုက်။”
ထို့သို့ ပြောပြီးသည်နှင့် ချန်လွေ့၏ပုံရိပ်က လေထဲ၌ ပေါ်ထွက်လာကာ ကောင်းကင်အနံ့မှ မကောင်းဆိုးဝါးများကို နှုတ်ဆက်လိုက်သည်။
သာမန်ဟာပီများ၏ တောင်ပံများက စိမ်းညိုရောင်ဖြစ်သည်။ ထိုဟာပီအုပ်ကြီးထဲ၌ သာမန်ဟာပီများထက် များစွာအစွမ်းထက်သော လိမ္မော်ညိုရောင် တောင်ပံ ရှိသူများ အများအပြား ရှိသည်။ ၎င်းတို့က သန္ဓေပြောင်း လက်ရွေးစင် ခေါင်းဆောင်များ ဖြစ်ရပေမည်။
ရန်သူများပြားလှသည့်အတွက် [ သရုပ်ခွဲမျက်လုံး ] က အလွန်လျင်မြန်စွာ ပြောင်းလဲနေပြီး တစ်ယောက်ချင်း ခွဲခြမ်းရန် နောက်ကျသွားလေပြီ။ ချန်လွေ့၏ ခံစားချက်အရ သူတို့သည် မဟာနတ်ဆိုးဘုရင်အငဆ့်များ ဖြစ်လောက်ပေသည်။ နတ်ဆိုးဧကရာဇ်အဆင့် အငွေ့အသက်ကိုလည်း သူ အနည်းငယ် ခံစားမိသည်။ ထင်းခနဲ အဖြစ်ဆုံး အနီရောင်ဆံပင်နှင့် တောင်ပံထိပ်များရှိပြီး ခန္ဓာကိုယ်ပတ်ပတ်လည်၌ အစိမ်းရောင် လေစီးကြောင်းများ စီးဆင်းနေသာ ဟာပီပင် ဖြစ်လေသည်။ သူက ချန်လွေ့ကို အတော်လေး အန္တရာယ်များသော ခံစားချက်တစ်ခု ပေးနေခဲ့သည်။
သန္ဓေပြောင်း မာယာရှင်၏ သီချင်းဆိုသံ သက်ရောက်ခြင်း မခံရရန်အတွက် ချန်လွေ့က နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးကို ဝတ်ဆင်ပြီး ဟာပီများထံသို့ အကြောက်တရား ကင်းမဲ့စွာဖြင့် ပျံသန်းသွားလိုက်သည်။
ဟာပီများတွင် လေဒြပ်စင်ဂုဏ်သတ္တိ ရှိကြသည့်အတွက် အလွန်အမင်း မြန်လှသည်။ အလွန်ကြီးမားသည့် တိမ်တိုက်နက်ကဲ့သို့ အစုအဝေးက ဝင်ရောက်လာသော ချန်လွေ့ကို ဝိုင်းရံလိုက်လေသည်။
ထိုမြင်ကွင်းက မိစ္ဆာထောင်ခြောက်သင်္ဘောပေါ်မှ မြေဒြပ်စင်ဘုရင်ကို အနည်းငယ် မျက်မှောင်ကြုတ်သွားစေသည်။ ထို “တိမ်တိုက်နက်”ထဲ၌ နတ်ဆိုးဧကရာဇ်အဆင့် ဟာပီများသာမက နတ်ဆိုးအရှင်သခင်အဆင့် အလတ်ပိုင်းနားနီးနေသော ဟာပီဘုရင်မ သည်ပင် ပါရှိနေကြောင်း သူ ခံစားမိနေသည်။
ချန်လွေ့ရဲ့ အပေါ်ယံစွမ်းအားက နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းပဲ။ ဒါပေမဲ့ သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားအဆင့် နတ်ဆိုးအရှင်သခင်အဆင့်ကို ရောက်နေပြီ။ သူ ဒါကို မခံစားမိတာ မဖြစ်နိုင်ဘူး။ သူ ယုံကြည်ချက်မရှိရင် ဒီလိုမျိုး ပြေးဝင်သွားမှာ မဟုတ်လောက်ဘူး။
ထိုအချိန်၌ မိစ္ဆာထောင်ခြောက်သင်္ဘောအနီး ပင်လယ်တွင် မမြင်သာသော လှုပ်ရှားမှု အများအပြား ဖြစ်လာသည်။ ရေမျက်နှာပြင်အောက်တွင် ခိုင်မာသောပုံရိပ် တစ်ခုပြီးတစ်ခုက မိစ္ဆာထောင်ခြောက်သင်္ဘောဆီသို့ ခိုးလာနေကြသည်။ ထိုလှုပ်ရှားမှုများက မြေဒြပ်စင်ဘုရင်၏ အာရုံခံမှ မလွတ်မြောက်နိုင်ခဲ့ပေ။ သို့သော်လည်း မိုးရီက ချဉ်းကပ်လာသော ပင်လယ်ရေအောက် သတ္တဝါများကို ဂရုမစိုက်ဘဲ ကောင်းကင်ထက်၌ ဟာပီပေါင်းထောင်နှင့်ချီ အဝိုင်းခံထားရသော ချန်လွေ့ကိုသာ ဂရုစိုက်နေ၏။
ရှူးရှူးရှဲရှဲအသံများ ဖြစ်စေသော “တိမ်တိုက်နက်များ”က အလွန်ကြီးမားသော စက်လုံးတစ်ခု ကဲ့သို့ပင် အတွင်းမှ ရန်သူကို အပိုင်းပိုင်း လိမ်ပစ်ရန်သဖွယ် အဆက်မပြတ် ဝိုင်းဝိုင်းလည်နေလေသည်။
ရုတ်တရက် မိုးရီ မျက်ခုံးပင့်လိုက်ပြီး သိပ်သည်းသော “တိမ်တိုက်နက်များ” ကြားထဲ၌ အလင်းရောင် အက်ကွဲကြောင်းများ မြင်လိုက်ရသည်။
အက်ကြောင်းများ တဖြည်းဖြည်း ကျယ်လာပြီး တလက်လက် အလင်းရောင်က နေရာအနှံ့သို့ ပေါက်ကွဲထွက်ကုန်သည်။ တောက်ပမှုက နေ့ခင်း လနှစ်စင်းကိုပင် ဖုံးကွယ်သွားနိုင်ခဲ့သည်။ ၎င်းမှာ နေအပူရှိန်မဟုတ်ဘဲ ကြယ်များ၏ တောက်ပမှု ဖြစ်လေသည်။
“တိမ်တိုက်နက်များ” ကွဲထွက်သွားသည်နှင့် အသံတစ်သံ ထွက်လာ၏။ “[ကြယ်ပေါက်ကွဲခြင်း]”
“တိမ်တိုက်များ”က နေရာအနှံ့သို့ ပျံ့နှံ့သွားပြီး အချိန် ရပ်တန့်သွားဟန် တူသည်။ နောက်ထပ်စက္ကန့်တွင် ပြန့်ကျဲသွားသော “တိမ်တိုက်များ”က တလက်လက် အလင်းရောင် အောက်တွင် အပိုင်းပိုင်း ဖြစ်ကုန်ကြသည်။ မြောက်မြားလှစွာသော တောင်ပံအမွှေးများ၊ အရိုးကျိုးများ၊ အသားများနှင့် သွေးများက မိုးရွာသကဲ့သို့ပင် ပြုတ်ကျလာလေသည်။
မိုးရီက ကောင်းကင်ထဲ၌ ကြယ်ကဲ့သို့ချပ်ကာ ဝတ်ဆင်ထားသော ပုံရိပ်ကို စိုက်ကြည့်လိုက်သည်။ သူချပ်ကာအကြောင်း အခေါ်အဝေါ်တစ်ခုက သူ၏ခေါင်းထဲ ပေါ်ထွက်လာသည်။ သူ၏မျက်နှာပေါ်၌ အံ့အားသင့်နေသော အမူအရာတစ်ခု ဖြစ်လာပြီး “မဟာဆရာသခင်” အမွေအနှစ်အဆင့်ကို ပိုမိုသေချာသွားကာ ပြန်လည်တည်ငြိမ်သွား၏။
ထိုအချိန်၌ မိစ္ဆာထောင်ခြောက်သင်္ဘောက ရေအောက်မှ တစ်စုံတစ်ခု တွန်းလှန်နေ သကဲ့သို့ပင် အပြင်းထန် ယိမ်းထိုးလာသည်။
ထယ်တင်းနစ်၏ သင်္ဘောမှာ ပုံစံနှင့် လက်ရာ၌ အလွန်ပင် ပညာသားပါလှပြီး သာမန်သင်္ဘောများ၌ မရှိသော မှော်မျှခြေတစ်ခု တပ်ဆင်ထား၏။ သဘောတရားမှာ ပစ်တိုင်းထောင်နှင့် ဆင်တူလှသည်။ ထောင့်တစ်ခုအောက်တွင် သင်္ဘောက မည်သို့ပင် ယိမ်းထိုးစေကာမူ မှောက်သွားမည် မဟုတ်ပေ။
ထိုစဉ် သဲလူများကလည်း ကိုယ်ပိုင် အထူးစွမ်းရည်များ ရှိကြသည်။ သူတို့၏ ခြေထောက်အောက်တွင် စုပ်ခွက်ကဲ့သို့ တစ်စုံတစ်ခုပေါ်ထွက်လာကာ မလဲကျရန်အတွက် ခန္ဓာကိုယ်ကို သင်္ဘောကုန်းပတ်နှင့် မြဲမြဲမြံမြံ စွဲကပ်ထား၏။
အလုပ်မဖြစ်ကြောင်း မြင်သွားသည့်အခါ ရေအောက်သတ္တဝါများက ရေပေါ်သို့ တက်လာပြီး မိစ္ဆာထောင်ခြောက်သင်္ဘောအား ရေခဲမြားကဲ့သို့ မှော်စွမ်းအားများဖြင့် ပစ်လွှတ်ကာ တိုက်ခိုက်တော့သည်။ မိုးရီက ကောင်းကင်အနှံ့မှ ရေခဲမြားများကို ကြည့်ရုံသာ ကြည့်လိုက်ရာ မြားအားလုံး လေထဲ၌ ရုတ်တရက် ရပ်တန့်သွားကာ ရှေ့သို့ မသွားနိုင်ကြတော့ပေ။
မိုးရီက စွမ်းအားကို လည်ပတ်စေပြီး တိုက်ခိုက်ရန် ပြင်လိုက်စဉ် ရှေ့မှ စွဲမက်ဖွယ်ရာ သီချင်းသံက ဖြည်းဖြည်းချင်း ချဉ်းကပ်လာလေသည်။ သူက ချက်ချင်းပင် အတွေး ပြောင်းသွားပြီး သတ်ဖြတ်ခြင်း တိုက်ကွက်ကို မသုံးခဲ့ပေ။ သူ၏ခန္ဓာကိုယ်ပေါ်၌ ရွှေရောင်အလင်းတစ်ခု အမြန်ဖြစ်တည်လာပြီး ထိုအလင်းရောင်ထိသွားသော ရေခဲမြားများက အားနည်းလျက် တစ်ခုပြီးတစ်ခု ပင်လယ်ထဲ ပြုတ်ကျသွားတော့သည်။
ချန်လွေ့က လေထဲ၌ ရပ်နေပြီး မျက်လုံးထဲ၌ ဓားသွားကဲ့သို့ အလင်းရောင်များဖြင့် ရောက်လာကြပြန်သော ဟာပီများကို အေးစက်စက်နှင့် ကြည့်လိုက်သည်။
သူ၏တိုက်ခိုက်ရေးစွမ်းအားမှာ ယခုတွင် အမြင့်ဆုံး အခြေအနေ ဖြစ်နေလေသည်။ [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] ထဲရှိ အားကောင်းသော [ ကြယ်ပေါက်ကွဲမှု ] က ဟာပီများကို ကြီးကြီးမားမား ထိခိုက်စေခဲ့ပြီး ထိုတိုက်ကွက်ကြောင့် နတ်ဆိုးဧကရာဇ် အဆင့် ဟာပီနှစ်ကောင်အပြင် ဟာပီထောင်နှင့်ချီ သေဆုံးသွားခဲ့သည်။
သာမန်ရန်သူသာဆိုလျှင် အလောတကြီး ထွက်ပြေးသွားပေမည်။ သို့ရာတွင် ဟာပီများက အငြိုးကြီးပြီး ကြမ်းတမ်းသောစရိုက် ရှိသည်။ သူတို့က မထွက်ပြေးကြဘဲ လွင့်ထွက်သွားသော ဟာပီများနှင့်အတူ ချန်လွေ့ကို ဝိုင်းရံလိုက်ကြပြန်သည်။
သူတို့က တကယ့်ကို ရက်စက်ကြတာပဲ။
သန္ဓေပြောင်း မာယာရှင်၏ သာယာဖွယ် သီချင်းက ပိုမိုကြည်လင်လာသည်။ ထိုသီချင်းသံ၏ သက်ရောက်မှုအောက်တွင် ဟာပီများ၏မျက်လုံးများ ရဲရဲတောက်လာပြီး ကြမ်းတမ်းသော အငွေ့အသက် ရုတ်တရက် အားကောင်းလာသည်။ သေချာသည်မှာ မာယာရှင်၏ သီချင်းသံက ရန်သူများကို ညှို့ငင်နိုင်ရုံသာမက ဟာပီများကလည်း ခွန်အားတိုးစေနိုင်လေသည်။
ထိုမာယာရှင်၏ သီချင်းဆိုစွမ်းရည်မှာ သာမန်ထက် များစွာ သာလွန်နေ၏။
သီချင်းသံက ဟာပီများ၏ စွမ်းအားကို ကြီးကြီးမားမား တိုးတက်သွားစေသည်။ အနီရောင်ဆံပင်နှင့် တောင်ပံရှိသော ခေါင်းဆောင်ဟာပီက အော်ဟစ်လိုက်ရာ ဟာပီများအားလုံးက တစ်ပြိုက်နက်တည်း စူးစူးရှရှိ အသံပြုလုပ်လိုက်ကြသည်။ ချန်လွေ့ စိတ်ရှုပ်သွားပြီး မအီမသာ ဖြစ်သွားခဲ့သည်။
လေပွေထဲ၌ ဟာပီများက ချန်လွေ့ထံ ဥက္ကာပျံများကဲ့သို့ပင် တစ်ယောက်ပြီး တစ်ယောက် ပြေးဝင်လာကြသည်။ အဟုန်မှာ ယခင်တစ်ခေါက်ကထက် ပိုမို ကြမ်းကြုတ် ရက်စက်ပေသည်။
ချန်လွေ့၏ လက်ထဲ၌ ဖျော့တော့သော အလင်းရောင်တစ်ခုက တောက်လာပြီး လေထဲ၌ လက်ကို ဝှေ့ရမ်းလိုက်ရာ သုံးလေးမီတာအကွာမှ ဟာပီသုံးကောင်က အလွန်အမင်း ထက်မြက်လှသော ဓားတစ်လက်ဖြင့် အဖြတ်ခံလိုက်ရသကဲ့သို့ပင် အပိုင်းပိုင်း ပြတ်သွားခဲ့သည်။ ထို [ အရှိန်အဝါဓား ] တိုက်ခိုက်မှု အောင်မြင်ပြီးနောက် ချန်လွေ့က တယ်လီပို့ခုန်ကာ ချက်ချင်းပင် ပိုမြင့်သောနေရာ၌ ပေါ်ထွက်လာသည်။ နောက်ထပ် သုံးလေးကြိမ် ခုတ်ပိုင်းပြီးနောက် သူက ပါပီအချို့ကို သတ်ပစ်လိုက်ပြန်၏။ ထို့နောက် ချက်ချင်းပင် သူက အဝေးသို့ တယ်လီပို့ခုန်လိုက်ပြန်သည်။
အဖော်များ၏ သေဆုံးမှုကြောင့် ဟာပီများ ပို၍ပင် ကြမ်းတမ်းလာကြသည်။ သီချင်းသံ၏ လွှမ်းမိုးမှုအောက်တွင် လေကဲ့သို့အမြန်နှုန်းများက ပိုမိုမြန်ဆန်လာကာ ချန်လွေ့ထံ တစ်ယောက်ပြီးတစ်ယောက် ပြေးဝင်လာတော့သည်။
အထူးသဖြင့် [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] အခြေအနေ၌ ရှိနေသော ချန်လွေ့ထက်ပင် ပိုမိုမြန်နေသည့် အနီရောင် ဟာပီဘုရင်မက အနီးကပ် တိုက်ခိုက်ရန် နတ်ဆိုးဧကရာဇ်အဆင့် လက်ရွေးစင် ဟာပီများကို ဦးဆောင်လာခဲ့သည်။ နတ်ဆိုးဘုရင်အဆင့် ဟာပီများက သွက်ချပါဒ ဖြစ်စေသော အချွဲများကို မှုတ်ထုတ်နိုင်ကြသည်။ နတ်ဆိုးဧကရာဇ်အဆင့် ဟာပီများ၏ တိုက်ခိုက်မှုများမှာ အဓိကအားဖြင့် လေပွေ ဖြစ်သည်။ အစွမ်းထက်ဆုံးမှာ ဟာပီဘုရင်မပင် ဖြစ်လေသည်။ ၎င်းက အလှမ်းဝေး စွမ်းအင်ဗုံး တိုက်ခိုက်မှုများ အသုံးပြုနိုင်ရုံသာမက ပိုင်နက်နှင့် ဆင်တူသော အားစက်ကွင်းတစ်ခုကိုလည်း အသက်သွင်းနိုင်သည်။ ဟာပီဘုရင်မ၏ အတောင်မွှေးများက ထိုအားစက်ကွင်းထဲ၌ ဓားပျံများကဲ့သို့ ပစ်လွှတ်နိုင်ပြီး တစ်မွှေးချင်းစီက သေစေနိုင်သော ဓားတစ်လက် ဖြစ်နေလေသည်။
သို့သော်လည်း ချန်လွေ့၏ တစ်ကိုယ်လုံးကို ကြယ်ချပ်ကာဖြင့် ဖုံးလွှမ်းထားလေသည်။ သူ၏မျက်နှာကိုပင် နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးဖြင့် ဖုံးအုပ်ထားသည့်အတွက် တောင်ပံအမွှေးများက ချပ်ကာ၏ခုခံမှုကို လုံးဝ မဖောက်ထွင်းနိုင်ခဲ့ပေ။ ဟာပီဘုရင်မက ချန်လွေ့ကို လမ်းတစ်လျှောက်လုံး လိုက်ခဲ့သော်လည်း ထိထိရောက်ရောက် တိုက်ခိုက်ရန် ခက်ခဲနေခဲ့သည်။
တိုက်ပွဲကို ချန်လွေ့ အချိန်ဆွဲနေရခြင်းမှာ ရည်ရွယ်ချက်တစ်ခု ရှိသည်။ နောက်လိုက်နေသော ဟာပီအများအပြားကို ဆွဲဆောင်ပြီးနောက် [ အသံဗုံး ] အသံ ထွက်လာ၏။ သူ၏တစ်ကိုယ်လုံးက ရုတ်တရက် မြန်ဆန်သွားပြီး ဟာပီ အများဆုံး စုဝေးနေသောနေရာသို့ အတင်းဝင်သွားလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ်မီတာပတ်လည်အတွင်းရှိ ဟာပီများ အားလုံးက ချန်လွေ့ကို ဗဟိုပြုပြီး မြောက်မြားလှစွာသော ရွှေရောင်များ တောက်ပလာကြသည်။ ၎င်းမှာ ကခုန်နေသော ဂီတခလုတ်များကဲ့သို့ပင် ဖြစ်နေ၏။ သို့သော်လည်း သေသေချာချာ ကြည့်လိုက်လျှင် မြန်နှုန်းမြင့် ပိုင်းဖြတ်နေသော ထက်မြက်လှသာ ဓားချီစွမ်းအင်တစ်ခု ဖြစ်ကြောင်းကို မြင်နိုင်ပေသည်။
၎င်းမှာ နေရာပြန့်စွမ်းရည် [ စစ်မှန်သော ဖျက်ဆီးခြင်းအရှိန်အဝါတိုက်ကွက် ] ပင် ဖြစ်လေသည်။ မီတာ၃၀၀ပတ်လည်အတွင်းရှိ ရန်လိုသော သတ္တဝါများအားလုံးက မြန်နှုန်းမြင့် ဓားချီစွမ်းအင်ဖြင့် ချက်ချင်း ပိုင်းဖြတ်ခံလိုက်ရသည်။ [ ကြယ်ပေါက်ကွဲခြင်း ] ၏ မခွဲခြားသော ဖိနှိပ်ခြင်းနှင့်ပါက [ စစ်မှန်သော ဖျက်ဆီးခြင်းအရှိန်အဝါတိုက်ကွက် ] မှာ ရန်သူ အစွမ်းထက်လေလေ၊ ဓားချီစွမ်းအင်တိုက်ခိုက်မှု ပိုမိုအားကောင်းလာလေလေ ဖြစ်သည်။ သို့ရာတွင် တိုက်ခိုက်ရသောအရာများလေလေ၊ စွမ်းအား ပိုမိုသုံးရလေလေ ဖြစ်သ်ည။ ကံကောင်းစွာပင် ချန်လွေ့သည် ယခုတွင် [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] အခြေအနေ၌ ဖြစ်နေသည့်အတွက် စွမ်းအားဆုံးရှုံးမှာမှာ လက်ခံနိုင်သော အတိုင်းအတာ အတွင်း လုံးဝ ရှိနေလေသည်။
ထိုကဲ့သို့ နေရာပြန့်စွမ်းရည်က အလွန်အမင်း ထက်မြက်လှသည်။ ဟာပီများ၏ ခန္ဓာကိုယ်များက မြောက်မြားလှစွာသော အပိုင်းအစများ ဖြစ်သွားခဲ့ကြပြီး မိုးသီးကြွေ သကဲ့သို့ပင် ပင်လယ်ထဲသို့ တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျသွားတော့သည်။ အနီးအနားရှိ ပင်လယ်ရေက သွေးများဖြင့် နီရဲနေလေသည်။ ပင်လယ်ပေါ်၌လည်း မရေမတွက်နိုင်သော ငှက်တောင်များလည်း ပြန့်ကျဲလျက် ရှိနေ၏။
ဟာပီများက ဝမ်းနည်းစွာဖြင့် အော်ဟစ်လိုက်ကြပြီး မာယာရှင်များ၏ သီချင်းသံ များကိုပင် လွှမ်းမိုးသွားခဲ့သည်။ အနီရောင်တောင်ပံရှိသော ခေါင်းဆောင်က သွေးများဖြင့် ဖုံးလွှမ်းသွား၏။ ထို့နောက် မူလက သင့်တင့်သော မျက်နှာအသွင်အပြင်များ ပျက်ယွင်းပြီး ကြောက်မက်ဖွယ်ရာ ကောင်းလာသည်။ သူ၏ပါးစပ်မှ ချွန်ထက်သော အစွယ်များ ထွက်ပေါ်လာသည်။ ရုတ်တရက် သူက နတ်ဆိုးဧကရာဇ်အဆင့် အဖော်ထံသို့ ခုန်ဝင်ပြီး လည်ပင်းကို ကိုက်ပြီး သွေးများက သူ၏ပါးစပ်ထဲ စီးဝင်သွားသည်။ သွေးစုပ်ခံရသော ဟာပီက အော်ဟစ်လိုက်ပြီးနောက် ခဏအကြာတွင် အလောင်းခြောက်အဖြစ် ပြောင်းလဲသွားကာ လေထဲမှ ပြုတ်ကျသွားတော့သည်။
ဟာပီဘုရင်မက အဖော်များ၏ သွေးများကို တစ်ပုံစံတည်း စုပ်ယူပြီးနောက် သူ၏ အငွေ့အသက်က ၁၀ဆ ရုတ်တရက် တိုးလာသည်။ သူ၏အရေပြားက အစိမ်းရင့်ရောင် ဖြစ်သွားကာ အရပ်မြင့်ပြီး အကောင်လည်း ကြီးလာခဲ့သည်။ အနီရောင်တောင်ပံနှင့် ဆက်နေသော လက်များလည်း ကွဲထွက်သွားခဲ့သည်။ မျဉ်းကွေးသဏ္ဌာန်ဖြစ်နေသော အမြီးကလည်း တစ်မီတာခန့် ရှည်ထွက်လာကာ ထက်လှသော သံချိတ်ကဲ့သို့ ဖြစ်နေလေသည်။
ဟာပီဘုရင်မက အနီရောင်တောင်ပံများကိုခတ်ပြီး ချန်လွေ့ထံ ဟိန်းဟောက်ရင်း ပျံသန်းလာသည်။ သူက မျက်စိတစ်မှိတ် အတွင်းမှာပင် ချန်လွေ့ အရှေ့သို့ ရောက်သွားသည်။ ထို့နောက် သူ၏ ချွန်ထက်လှသော လက်သည်းများဖြင့် ချန်လွေ့၏ခေါင်းကို ကုတ်ဆွဲလိုက်ရာ လေထဲ၌ စူးစူးဝါးဝါးအသံ ထွက်လာ၏။ ၎င်းကို ကြည့်ခြင်းအားဖြင့် လွန်စွာမြန်ဆန်လှကြောင်းကို မြင်နိုင်ပေသည်။
ချန်လွေ့က လက်မောင်းဖြင့် အချိန်မီ ခုခံလိုက်ပြီး အားကောင်းသော ထိခိုက်မှု တစ်ခုကို ခံစားလိုက်ရသည်။ လေထဲ၌ စွမ်းအားကို နေရာလွှဲရန် မရှိသည့်အတွက် သူ၏တစ်ကိုယ်လုံး လွင့်ထွက်သွားခဲ့သည်။ ကြယ်ချပ်ကာပေါ်၌ အရာတိမ်တိမ်လေး ဖြစ်သွားပြီးနောက် တဖြည်းဖြည်းနှင့် အလိုလို ပြန်ကောင်းသွားလေသည်။
ဟာပီဘုရင်မ၏ သန္ဓေပြောင်းပြီးနောက် စွမ်းအားနှင့် အမြန်နှုန်းမှာ အလွန်အမင်း အံ့အားသင့်စရာ ကောင်းလှသည်။ သူက အနီရောင်အလင်းတစ်ခုအဖြစ် ပြောင်းလဲကာ ချန်လွေ့ထံ လိုက်မီသွားပြီး ရိုက်ထုတ်လိုက်ပြန်သည်။
ချန်လွေ့၏ အပြည့်အဝ အာရုံစိုက်ထားသော စိတ်ဝိညာဉ်စွမ်းအားက လျှပ်စီးကဲ့သို့ လှုပ်ရှားမှုများကို သေသေချာချာ မြင်နိုင်သည်။ သူက အာရုံစိုက်ပြီး ၎င်းကို ဖြေရှင်းသည်။ အပေါ်ယံ၌ သူကလုံးဝ နိမ့်ကျနေသော်လည်း အမှန်အတကယ်၌ သူက ဟာပီဘုရင်မ၏ ရူးရူးမိုက်မိုက်တိုက်ခိုက်မှုများ ကြားထဲ၌ ကြယ်စွမ်းအားက အဆက်မပြတ် ဖိသိပ်ထားနေခြင်း ဖြစ်သည်။ သူက ရန်သူ ဟာကွက်တစ်ကွက် ပြသသည်နှင့် ပေါက်ကွဲထွက်ရန် အချိန်ကို စိတ်ရှည်ရှည်နှင့် စောင့်နေလေသည်။ ကြောက်မက်ဖွယ်ရာ ကောင်းသော ဟိန်းသံများနှင့် စူးစူးဝါးဝါးအသံများ လေထဲ၌ ဆက်လက် ထွက်ပေါ်လာ၏။
မိစ္ဆာထောင်ခြောက်သင်္ဘောပေါ်၌ ပင်လယ်ပြင်ပေါ်တွင် လွင့်နေသော မိုးရီက ပတ်ပတ်လည်တွင် ပျံနေသော ရေခဲမြားများကို လျစ်လျူရှုထားသည်။ သူ၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းများ လင်းလက်လာ၏။၊ သူ ဖိချလိုက်ရာ ပင်လယ်က စတင် တုန်ခါလာပြီး ပင်လယ်ထဲရှိ ကျောက်သားနှင့်မြေပြင်က မီတာသုံးလေးရာအထိ မြင့်တက်လာခဲ့သည်။ အမြန်နှုန်းမှာ အတော်လေး လျင်မြန်လှသည်။ ၎င်းသည် မယုံကြည်နိုင်စရာ ကောင်းလောက်အောင်ပင် ကျွန်းတစ်ကျွန်းအဖြစ် ပြောင်းလဲသွားခဲ့သည်။ ရေအောက်မှ လျို့ဝှက်ဆန်းကြယ်သော သတ္တဝါများအပါအဝင် မိစ္ဆာထောင်ခြောက်သင်္ဘော နှင့် မရေမတွက်နိုင်သော ပင်လယ်သတ္တဝါများက ရုတ်တရက် ထွက်ပေါ်လာသော ထိုကျွန်းငယ်လေးပေါ်မှ ပင်လယ်ပင်အပေါ်သို့ တွန်းပို့ခြင်း ခံလိုက်ရလေသည်။
“ဝုန်း...”
အစိမ်းရောင်ပုံရိပ်က လေထဲမှ ထိုးဆင်းသွားပြီး ကျောက်မာတစ်ခုနှင့် ရိုက်မိကာ ချိုင့်တစ်ခု ဖြစ်သွားခဲ့သည်။ ထိုပုံရိပ်က ထရန်ရုန်းကန်နေစဉ် အရောင်တောက်နေသော ပုံရိပ်တစ်ခု ရုပ်ချည်းပေါ်ထွက်လာကာ အစိမ်းရောင်ပုံရိပ်၏ ကျောဘက်ကို လက်သီးဖြင့် ထိုးလိုက်ရာ အနီးအနားမြေပြင်တွင် အက်ကြောင်းများ အလျင်အမြန် ပျံ့နှံ့သွားတော့၏။ ထို့နောက်တွင် အစိမ်းရောင်ပုံရိပ်ကို ဗဟိုပြု၍ အလွန်ကြီးမားသော တွင်းတစ်တွင်း ဖြစ်ပေါ်လာတော့သည်။ တွင်းထဲမှ မြေသားသည်လည်း ပြားချပ်သွားဟန်တူသည်။
ထိုအစိမ်းရောင်ပုံရိပ်မှာ သန္ဓေပြောင်း ဟာပီဘုရင်မ ဖြစ်သည်။ မြေပြင်ပေါ်၌ သွေးများ ပျံ့နှံ့သွား၏။ သွေးအများစုမှာ သူ၏ အဖော်များမှ စုပ်ယူထားခြင်း ဖြစ်သည်။ ချန်လွေ့၏တိုက်ခိုက်မှုက သူ၏နောက်ဆုံး ခုခံမှုကို လုံးဝဖျက်ဆီးလိုက်ကာ လျို့ဝှက်ပညာရပ်၏ အားကောင်းသော တန်ပြန်မှုကို ဖြစ်စေခဲ့သည်။ ဟာပီဘုရင်မ၏ အသွင်ပြောင်းစွမ်းအား တဖြည်းဖြည်း ကွယ်ပျောက်သွားပြီး မူလအသွင်သို့ ပြန်လည် ရောက်ရှိသွားသည်။ ထို့နောက် သူက မြေပေါ်သို့ ပြုတ်ကျသွားကာ တိုက်ခိုက်ရေးစွမ်းအား မရှိတော့ပေ။
ချန်လွေ့ တယ်လီပို့ခုန်လိုက်ပြီး မိုးရီထံ ရောက်လာကာ ရှေ့မှမြင်ကွင်းကို အံ့အားသင့်စွာဖြင့် ကြည့်နေလိုက်သည်။
ဟာပီဘုရင်မ အသွင်ပြောင်းပြီးနောက်တွင် နတ်ဆိုးအရှင်သခင်အဆင့် အလတ်ပိုင်း စွမ်းအားသာ ရှိနေသည်။ ဟာပီများနှင့် နတ်ဆိုးသားရဲ အမျိုးအစားနှင့် ပိုမိုနီးစပ်သည်။ နတ်ဆိုးနှင့် လူသားများနှင့်ယှဉ်လျှင် သူတို့၏ပိုင်နက်စွမ်းအားက မပြည့်စုံပေ။ ဟာပီဘုရင်မကို အနိုင်ယူခဲ့ခြင်းကို ချန်လွေ့ ဂုဏ်မယူပေ။ သို့သော် သူက ရုတ်တရက် ပေါ်ထွက်လာ ထိုကျွန်းကြောင့် အံ့အားသင့်သွားခဲ့သည်။
“မိုးရီ။ ဒါက...” ချန်လွေ့က မြေဒြပ်စင်ဘုရင်ကို ကြောင်တောင်တောင်နှင့် ကြည့်လိုက်သည်။ ဒါက မြစ် မဟုတ်ဘူး။ နက်ရှိုင်းတဲ့ ပင်လယ်။ ဒီလိုမျိုး ကျွန်းတစ်ကျွန်းကို အေးအေးဆေးဆေး ဖန်တီးလိုက်တာက အံ့အားသင့်စရာပဲ။
ငါ့အရင်ဘဝက “ရေကိုထိန်းချုပ်တဲ့မဟာယု” ဒဏ္ဍာရီထဲမှာ အလိုလို ကြီးထွားလာတဲ့ မြေတစ်မျိုး ရှိတယ်။ အစ်ကိုကြီး မိုးရီကလည်း လောကကူးပြောင်း လာတဲ့သူပဲလား။
“မနေ့ နေ့လယ်တုန်းက သင်္ဘောပေါ်မှ ငါတို့ပြောခဲ့တာကို မှတ်မိလား။ ငါရှိနေရင် မင်း ရေနစ်မှာ မဟုတ်ဘူးလို့ ပြောခဲ့တယ်လေ။”
မြေဒြပ်စင်ဘုရင်၏ ဂရုမစိုက်သောပုံစံကို မြင်သည့်အခါ ချန်လွေ့ အနည်းငယ် ဆွံ့အသွားခဲ့သည်။ အမှန်ပဲ။ ခင်ဗျားရှိနေရင် ကျုပ် ကျောက်ဖြစ်တဲ့ သေသွားရင်တောင် ရေနစ်မှာ မဟုတ်ဘူး။
ချန်လွေ့ကို အံ့အားသင့်သွားစေသည်မှာ ပေါ်ထွက်လာသော ကျွန်းသာမက ကျွန်းပေါ်၌ ရုန်းကန်နေသော သတ္တဝါများကြောင့်လည်း ဖြစ်ပေသည်။ ထိုသတ္တဝါများက အမများ ဖြစ်ဟန်တူသည်။ သူတို့၏ အပေါ်ပိုင်း ဗလာကျင်းပုံစံက သာမန်မိန်းမများနှင့် အတူတူပင် ဖြစ်သည်။ ခန္ဓာကိုယ်အောက်ပိုင်းမှာ ဝမ်းဗိုက်အောက်တွင် ငါးပုံစံကဲ့သို့ ဖြစ်နေသည်။
ထိုကဲ့သို့ “ရင်းနှီးသော” သတ္တဝါက ချန်လွေ့ကို အံ့အားသင့်စေခဲ့သည်။ ကလေးဘဝကတည်းက ချန်လွေ့သည် “သူ့”အကြောင်း အိပ်ယာဝင်ပုံပြင်များကို ဖတ်ခဲ့ရသည်။ သူ မနေနိုင်ဘဲ လွှတ်ခနဲ ပြောလိုက်မိသွားသည်။ “ရေသူမ...”
“မိတ်ဆွေ။ သူတို့ကို မာယာရှင်လို့ ခေါ်တာပါ။” ဘေးဖက်မှ မြေဒြပ်စင်ဘုရင်က ချန်လွေ့၏ “အခေါ်အဝေါ်”အမှားကို အမှန်ပြင်ပေးလိုက်သည်။