မာယာရှင်မင်းသမီး
Vol. 39 Ch. 592
မာယာရှင်။ မြေဒြပ်စင်ဘုရင်၏ စကားက ချန်လွေ့အား အခြားလောက မှတ်ဉာဏ်မှ ပြန်ဆွဲခေါ်လိုက်သည်။ ဟုတ်တယ်။ ဒါတွေက မာယာရှင်တွေပဲ။ “ရေသူမ” မဟုတ်ဘူး။
အန်ဒရီဆန်ရဲ့ နတ်သမီးပုံပြင်ထဲမှာရှိတဲ့ လှပပြီး ကြင်နာတတ်တဲ့ ရေသူမလေးက ဂရိဒဏ္ဍာရီထဲမှာရှိတဲ့ မာယာရှင်တွေကို အခြေခံထားတာ ဖြစ်မယ်။ ဒါပေမဲ့ ဂရိ ဒဏ္ဍာရီထဲမှာရှိတဲ့ မာယာရှင်တွေက မကြင်နာတတ်ကြဘူး။ သူတို့က ငါ့အရှေ့မှာ ရှိနေတဲ့ ဟာပီတွေနဲ့ နည်းနည်း ဆင်တူတယ်။ သူတို့က သင်္ဘောသားတွေကို စားဖို့အတွက် သင်္ဘောတွေကို ကျောက်ဆောင်နဲ့ တိုက်မိအောင် သာယာတဲ့ သီချင်းသံတွေသုံးပြီး ဖြားယောင်းတတ်ကြတယ်။ မာယာရှင် ညီအစ်မသုံးဖော်နဲ့ သူရဲကောင်း အိုဒီစီးရက်စ် ဇာတ်လမ်းက အတော်လေး နာမည်ကြီးတယ်။ ဒါပေမဲ့ ဒဏ္ဍာရီက ဒဏ္ဍာရီပါပဲ။ အဲဒီ ပုံပြင်တွေကို ငါ သတိရမိတယ်။ ဒါပေမဲ ငါ့အရှေ့မှာရှိတဲ့ “ရေသူမ” က ငါရင်ဆိုင်ရတော့မယ့် မာယာရှင်ပဲ။
မာယာရှင်သည် ကုန်းပေါ်၌ ပင်လယ်၏ လျင်မြန်မှု မရှိပေ။ သူတို့က ပင်လယ်ထဲသို့ ပြန်ခုန်သွားရန် အသည်းအသန် ကြိုးစားကြသော်လည်း ကျွန်းပေါ်၌ ထူးဆန်းသော စုပ်ယူမှုအားတစ်ခု ရှိနေပြီး အကြောင်းရင်းမရှိဘဲ သူတို့၏ခန္ဓာကိုယ်က သုံးလေးဆ ပိုမိုလေးလံနေဟန်တူသည်။ သူတို့က မလှုပ်ရှားနိုင်ကြတော့ဘဲ အချို့က အသက်ရှူရန် အတွက်ကိုပင် အသည်းအသန် ကြိုးစားနေခဲ့ရသည်။ တစ်ဖက်တွင်မူ ချန်လွေ့က လမ်းလျှောက်သည်၌ဖြစ်စေ၊ ပျံသန်းသည်၌ဖြစ်စေ၊ ပြောင်းလဲမှု အနည်းငယ်ကိုမျှ မခံစားခဲ့ရပေ။ ၎င်းကို ကြည့်ခြင်းအားဖြင့် မိုးရီ၏ စွမ်းအားထိန်းချုပ်မှု တိကျပုံကို မြင်နိုင်ပေသည်။
“မင်းရှာနေတဲ့ ပါရမီရှိတဲ့သူက အဲဒီမှာ ရှိတယ်။”
ချန်လွေ့က မိုးရီ လက်ညှိုးထိုးပြသောနေရာကို ကြည့်လိုက်ရာ အချိုးအစားညီမျှသော ရင်သားကို ဖုံးထားနေသည့် စိုနေသော အနက်ရောင် ဆံပင်ရှည်ကောက်ကောက် တွဲလျားကျနေပြီး မာယာရှင်တစ်ယောက်ကို မြင်လိုက်ရသည်။ သူ၏ခန္ဓာကိုယ်မှ အသားအရေသည် အပြစ်ကင်းမဲ့သော ကျောက်စိမ်း တစ်ခုကဲ့သို့ပင် အရောင်ဖျော့ဖျော့ လင်းလက်နေ၏။ ထိုဖက်မှကြည့်လျှင် ချန်လွေ့က မျက်နှာ တစ်ဖက်ခြမ်းကိုသာ မြင်နိုင်သော်လည်း ရင်သပ်ရှုမောဖွယ်ရာ ကောင်းနေသေး လေသည်။
ထိုမာယာရှင်က သီချင်းဆိုနေဆဲ ဖြစ်သည်။ သူ၏သီချင်းဆိုသံတွင် ထူးဆန်းသော စွမ်းအားတစ်ခု ရှိနေပြီး အနီးအနားရှိ အဖော်များ၏ နာကျင်မှုတို အတော်လေး လျော့ပါးသွားစေသည်မှာ ထင်ရှားလှပေသည်။
မိုးရီက လက်ကိုဝှေ့ရမ်းပြီး မြေတွင် တယ်လီပို့မှော်အစွမ်း ရှိသကဲ့သို့ပင် ထိုမာယာရှင်အား ချန်လွေ့အရှေ့သို့ ခေါ်လာလိုက်သည်။ အပေါ်ပိုင်းကိုကြည့်လျှင် မာယာရှင်များသည် အလွန်လှပပြီး နတ်ဆိုးဘုံရှိ အလှဆုံးသော အက်စ်မိုဒက်စ် တော်ဝင်မိသားစုထက်ပင် မနိမ့်ကျပေ။ ထိုမာယာရှင်က အထူးချွန်ဆုံးဖြစ်သည်မှာ အသေအချာပင် ဖြစ်သည်။ သူက လှပသောမျက်နှာရှိပြီး သန့်စင်သော စိတ်နေသဘောထားကို ပြသနေလေသည်။ အထူးသဖြင့် သူ၏ ရွှေရောင်မျက်လုံးများက သီချင်းဆိုနေသကဲ့သို့ပင် ဟန်ဆောင်မှုမရှိဘဲ သဘာဝ ညှို့ငင်မှုများ အပြည့် ဖြစ်နေလေသည်။ သို့သော်လည်း ယခုတွင် သူ၏မျက်လုံးထဲ၌ ပြင်းထန်သော ရန်လိုမှုတစ်ခု ရှိနေလေသည်။
“ဒါက မာယာရှင် ဘုရင်မ ဒါမှမဟုတ် မင်းသမီး ဖြစ်နိုင်တယ်။” မိုးရီက ထိုမာယာရှင်၏ မျက်ခုံးကြားမှ ရွှေရောင်သလင်းကျောက်ကို မြင်သည့်အခါ ချန်လွေ့ကို သတိပေးလိုက်သည်။ သာမန်မာယာရှင်များ၏ သလင်းကျောက်မှာ ပုံမှန်အားဖြင့် အနီရောင် ဖြစ်လေသည်။
ထိုအချိန်၌ ကောင်းကင်တွင် ကျန်ရှိနေသော ဟာပီများက ဘုရင်မဖြစ်သူကို ရန်သူ အနိုင်ယူခဲ့ကြောင်း မြင်သည့်အခါ အော်ဟစ်ရင်း ထိုးဆင်းလာကြသည်။ သို့သော်လည်း အမြင့်တစ်ခုသို့ ရောက်သောအခါ သူတို့က ကျွန်း၏ မြေဆွဲအား သက်ရောက်ခြင်းခံရပြီး တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျလာလေသည်။ ၎င်းကို မြင်သည့်အခါ အခြားသူများ မချဉ်းကပ်ရဲတော့ပေ။ သူတို့က အဝေးမှနေ၍ အော်ဟစ်ကာ အချွဲအကျိများ မှုတ်ထုတ်နေကြလေသည်။ သို့သော်လည်း မြေဆွဲအားကြောင့် အချည်းနှီး ဖြစ်ခဲ့ရသည်။
ဟာပီများက ဆုတ်ခွာရန် ငြင်းဆန်ပြီး လေထဲ၌ သေသေချာချာ ပျံဝဲနေကာ တိုက်ခိုက်ရန် အခွင့်အရေးကို စောင့်ဆိုင်းနေကြပြီး စိတ်ရှုပ်စရာ ရှူးရှူးရှဲရှဲ အသံများ အဆက်မပြတ် ပြုလုပ်နေခဲ့လေသည်။
“ငါမင်းကို ဒီမှာထားခဲ့မယ်။ ဟာပီတွေကို ရှင်းလိုက်ဦးမလို့။” ထို့နောက် မိုးရီ၏ ခန္ဓာကိုယ် တဖြည်းဖြည်း မြောက်တက်သွားပြီး သူ၏ခန္ဓာကိုယ် ပတ်ပတ်လည်၌ သိပ်သည်းသော သဲနှင့်ကျောက်တုံးများ လှည့်ပတ်လာသည်။ မြေဒြပ်စင်ဘုရင်က လက်ကို ကောင်းကင်သို့ မြှောက်လိုက်ရာ လည်နေသော လေနှင့် သဲတို့က ရုတ်တရက်ပင် ကြမ်းတမ်းသော လေပွေတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ကောင်းကင်တစ်ခုလုံးကို အဝါရောင်လေနှင့်သဲတို့က ဝိုင်းရံထားနေသည်။ ပို၍ တိတိကျကျ ပြောရလျှင် ၎င်းမှာ အထူးသဲမုန်းတိုင်း တစ်ခုကဲ့သို့ ဖြစ်နေလေသည်။
ကောင်းကင်ထက်မှ မီးခိုးနှင့်ဖုန်မှုန့်များက မြင်ကွင်းအားလုံးကို ဖုံးကွယ်လုနီးပါး ဖြစ်သွားခဲ့သည်။ သဲများပြည့်နှက်နေသော ဖုန်ထဲ၌ မရေမတွက်နိုင်သော ကျောက်စရစ်များက အသန့်စင်ဆုံး မြေဒြပ်စင်စွမ်းအားကြောင့် ဖြစ်တည်လာကာ မြန်နှုန်းမြင့် လှုပ်ရှားနေကြပြီး သေစေနိုင်ဆုံးသော လက်နက် ဖြစ်လာခဲ့လေသည်။
သဲမုန်တိုင်း ဝိုင်းရံခံရသော ဟာပီများက တိုက်ခိုက်ရန်နှင့် ထွက်ပြေးရန်ကို မပြောနှင့်၊ မျှခြေကိုပင် လုံးဝ မထိန်းထားနိုင်ခဲ့ပေ။ ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာ စွမ်းအားအောက်တွင် သူတို့က ချက်ချင်းပင် ဇကာပေါက် ဖြစ်သွားတော့သည်။ အောက်ဘက်မှ ချန်လွေ့နှင့် မာယာရှင်များက လေပွေထဲမှ အော်သံများကိုသာ ကြားခဲ့ရလေသည်။
“သူတို့ကို မသတ်ပစ်ပါနဲ့။” အလှပဆုံးသော မာယာရှင် သီချင်းဆိုရပ်လိုက်ပြီး မြေဆွဲအား သက်ရောက်မှုကြောင့် ထရန်ပင် အတော်လေး ရုန်းကန်ခဲ့ရကာ နာကျင်လျက် အော်ပြောလိုက်သည်။ ၎င်းမှာ အမှန်တကယ်ပင် နတ်ဆိုးဘုံရှိ ဘုံသုံး ဘာသာစကား ဖြစ်နေလေသည်။
သူ၏အသံက ဆွဲဆွဲငင်ငင်နှင့် ကြေကွဲစရာကောင်းပြီး စိတ်ထိခိုက်စေသည်။ သို့သော် နတ်ဘုရား-မျက်နှာဖုံး ဝတ်ထားသော ချန်လွေ့က သူ့ကို အသာလေးသာ ငေးကြည့်လိုက်သည်။ ဒီမာယာရှင်ရဲ့စွမ်းအားက နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်းပဲ ရှိသေးပေမဲ့ သူ့ရဲ့သီချင်းသံက S- အဆင့် စိတ်ဝိညာဉ်စွမ်အားရှိတဲ့ ငါ့ကိုတောင် သက်ရောက်စေနိုင်ခဲ့တယ်။ ဒါက သန္ဓေပြောင်းပါရမီ ဆိုရင်တောင် တကယ့်ကို အတော်လေး မယုံနိုင်စရာ ကောင်းတာပဲ။ မာယာရှင်မျိုးနွယ်စုက တကယ့်ကို ထူးကဲတဲ့ ပါရမီ ရှိတာပဲ။
မြေဒြပ်စင်ဘုရင်၏စွမ်းအားက ချန်လွေ့ကို မျက်လုံး ပွင့်သွားစေသည်။ တစ်ချိန်တည်းမှာပင် သူ၏ခေါင်းထဲသို့ အတွေးတစ်ခု ဝင်ရောက်လာသည်။ အရင်တုန်းက ချော်ရည်ပြာနယ်မြေမှာရှိတဲ့ လုပင်မြို့မှာ ပါ့ဂ်လီအိုက အမှောင်ဒြပ်စင်ဘုရင် ဟီဂယ်ကို တိုက်ခိုက်ခဲ့ပြီးတော့ အမှောင်ဒြပ်စင်ဘုရင်၊ ရေဒြပ်စင်ဘုရင်နဲ့ နာမည်ဝှက် ဘရစ်ဂက်ရှိတဲ့ သွေးရောင်အင်ပါယာက ပထမဗိုလ်ချုပ်တို့ ပူးပေါင်းတာကို တိုက်ခိုက်ခဲ့ရသည်။ နောက်ဆုံးမှာတော့ သူက ဒဏ်ရာ ရရသွားပြီးတော့ ရှုံးနိမ့်သွားခဲ့တယ်။ မိုးရီပြနေတဲ့ စွမ်းအားကို ကြည့်ရတာတော့ သူ့စွမ်းအားအဆင့်က နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းပဲ ဖြစ်ပေမဲ့ စွမ်းအားအပေါ် တချို့နားလည်မှုတွေနဲ့ နည်းလမ်းတွေက နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း အမျိုးအစားကို ကျော်လွန်သွားပြီ။
ဒါကိုကြည့်မယ်ဆိုရင်က အမှောင်ဒြပ်စင်ဘုရင်က စွမ်းအား အပြည့်အဝ ပြန်မရသေးတာလို့ ပြောလို့ရတယ်။ မဟုတ်ရင် ပါ့ဂ်လီအို အစောဆုံး ရှုံးသွားမှာပဲ။ ရေဒြပ်စင်ဘုရင် လန်ဘို့စ်ကလည်း စွမ်းအားထိမ်ချန်ထားပြီးတော့ အကုန်မသုံးခဲ့တာ သေချာတယ်။ မဟုတ်ဘဲနဲ့ အဲဒီတုန်းက သူ့အစွမ်းအကုန်သုံးပြီး ပါ့ဂ်လီအိုကို အချိန်ဆွဲထားလိုက်ရန် ဟီဂယ်ရဲ့လက်ထဲမှာ ငါ သေသွားနိုင်လောက်တယ်။
လေထဲရှိ သဲနှင့်ဖုန်မှုန့်များ တဖြည်းဖြည်း ကွယ်ပျောက်သွားပြီး သွေးပျက်ဖွယ် အလောင်းများက မြေပေါ်သို့ ပြုတ်ကျလာခဲ့သည်။ လေထဲ၌ ဟာပီများ ရှိမနေတော့ဘဲ ကောင်းကင်အနှံ့ တောင်ပံအမွှေးများကို ပြန့်လွင့််နေခဲ့လေသည်။ မြေဒြပ်စင်ဘုရင်က ချန်လွေ့အရှေ့၌ ရိုးသားသော လူကြီးလူကောင်းတစ်ယောက်ကဲ့သို့ အမြဲပင် ယဉ်ကျေးပြီး သိမ်မွေ့နေခဲ့သည်။ ယခု ရန်သူကို ရင်ဆိုင်သည့်အခါ သူက ပြတ်သားသောဘက်ခြမ်းကို ပြသခဲ့သည်။ မြေပြင်ပေါ်၌ ဟာပီဒါဇင်ခန့်အပြင် ဟာပီထောင်နှင့်ချီကိုလည်း သတ်ပစ်ခဲ့လေသည်။
ထိုမြင်ကွင်းကို မြင်သည့်အခါ ဟာပီဘုရင်မက ဒေါသတကြီးနှင့် ရှူးရှူးရှဲရှဲ အသံပြုလိုက်သည်။ ဟာပီများက အလွန်အမင်း ရက်စက်ကြမ်းကြုတ်သာ သတ္တဝါ ဖြစ်သော်လည်း အသိဉာဏ် နိမ့်ပါးလှသည် မဟုတ်ပေ။ ယခုတွင် သူတို့က မာယာရှင်များ၏ အကူအညီ ရရှိခဲ့သော်လည်း ရှုံးနိမ့်နေဆဲ ဖြစ်သည်။ သူက ရန်သူ၏ ပြိုင်ဘက် လုံးဝမဟုတ်ကြောင်း သိသည့်အတွက် ဟာပီဘုရင်မက ချက်ချင်းပင် တောင်ပံကို အကောင်းဆုံးခတ်ပြီး ပျံသန်းရန် ကြိုးစားသည်။ ထို့နောက် သူက အနီးဆုံး မာယာရှင်ထံ အမြန်သွားကာ လည်ပင်းကို ကိုက်လိုက်သည်။
ဟာပီဘုရင်မတွင် သန္ဓေပြောင်း သွေးစပ်ပါရမီ တစ်ခု ရှိသည်။ သူက စွမ်းအား ပြန်ပြည့်ရန်အတွက် သာမန်သတ္တဝါများ၏သွေးကို စုပ်ယူနိုင်သည်။ မျိုးစိပ်တူသော သွေးကိုစုပ်ယူနိုင်လျှင် အစွမ်းထက် အသွင်ပြောင်းခြင်းကို အသုံးပြုနိုင်သည့် လျို့ဝှက်နည်းလမ်းတစ်ခုကို အသက်ဝင်စေနိုင်သည်။ သွေးက အစွမ်းထက်လေလေ၊ အသွင်ပြောင်းခြင်း ပိုမိုကြီးမားလေလေ ဖြစ်သည်။ ယခုတွင် သူက မာယာရှင်သွေးကို အသုံးချပြီး စွမ်းအားပြန်ဖြည့်ကာ ထွက်ပြေးချင်နေသည်။ ထို့နောက် သူက နောက်တစ်ခေါက် လက်စားချေရန် ကြိုးစားပေမည်။
မာယာရှင်က နာကျင်စွာပင် အသည်းအသန် ရုန်းကန်နေသော်လည်း ဟာပီဘုရင်မက ရပ်တန့်ချင်စိတ် လုံးဝ မရှိပေ။ သူ သွေးစစုပ်လိုက်ရာ သူ့အရှေ့၌ ပုံရိပ်တစ်ခု ချက်ချင်း ပေါ်ထွက်လာသည်။ ကန်ချက်တစ်ချက်ကြောင့် ဟာပီဘုရင်မက အဝေးသို့ လွင့်ထွက်သွားခဲ့သည်။ အသတ်ခံရလုနီးနီး ဖြစ်နေခဲ့သော မာယာရှင်က ရင်သား ဗလာကျင်းဖြစ်နေသည်ကို ဂရုမစိုက်နိုင်တော့ပေ။ သူက လည်ပင်းမှ သွေးပေါက်၄ခုကို ကြောက်လန့်နေသောမျက်နှာဖြင့် ဖုံးထားလိုက်သော်လည်း ၎င်းကို ချန်လွေ့ကို ပို၍ ဦးတည်ထားလေသည်။
ဟာပီဘုရင်မက ကြမ်းကြုတ်ရက်စက်ရဲသေးကြောင်း မြင်သည့်အခါ ချန်လွေ့၏ သတ်ဖြတ်ချင်စိတ် လှိမ့်တက်လာခဲ့သည်။ သူ၏လက်ထဲ၌ အလင်းရောင် ဖျော့ဖျော့တစ်ခု တောက်ပလာပြီးနောက် လေထဲသို့ ဝှေ့ရမ်းလိုက်သည်။ ဟာပီဘုရင်မက နောက်မှ အန္တရာယ်ကို ခံစားမိသော်လည်း မရှောင်နိုင်ခဲ့သည့်အတွက် အပိုင်းခံလိုက်ရသည်။ သူက နာကျင်စွာ အော်ဟစ်လိုက်ပြီးနောက် ဘယ်လက်နှင့် ဘယ်တောင်ပံ ပြတ်ထွက်သွား၏။
“ခဏနေဦး။ သူ့ကို မသတ်ပါနဲ့။” နတ်ဆိုးဧကရာဇ်အဆင့်ရှိသည့် လှပသော မာယာရှင်က တစ်နည်းနည်းဖြင့် အားအင်စုစည်းပြီး ချန်လွေ့ကို တားဆီးရန်အတွက် အသည်းအသန် ပြေးလာလိုက်သည်။
ချန်လွေ့က အခြားမာယာရှင်ထံ ခုန်လွှားတော့မည် ဟာပီဘုရင်မကို လက်ညှိုးထိုးပြလိုက်သည်။ “သူက မင်းရဲ့လူတွေကို သတ်တော့မလို့ပဲ။ ဒါတောင် မင်းက သူ့အတွက် တောင်းပန်နေသေးတာလား။”
မာယာရှင်က အေးစက်စက်နှင့် ပြောသည်။ “သူက ကျွန်မရဲ့အဖော်ထဲက တစ်ယောက်ကိုပဲ သတ်ချင်တာ။ ရှင်တို့သတ်ချင်တာက ကျွန်မတို့အားလုံးပဲ။”
မြေဒြပ်စင်ဘုရင်က ဟာပီဘုရင်မ အရှေ့တွင် ပေါ်ထွက်လာပြီ ဖြစ်သည့်အတွက် ချန်လွေ့က ဟာပီဘုရင်မကို မတားဆီးခဲ့ပေ။ ရှေ့သို့သွားနေသော ဟာပီဘုရင်မ၏ လှုပ်ရှားမှုက လေထဲ၌ ရပ်တန့်သွားကာ သူ၏ခန္ဓာကိုယ်က အလျင်အမြန် စတင် တောင့်တင်လာသည်။ ထို့နောက် သူ၏ခန္ဓာကိုယ်အောက်ပိုင်းက တဖြည်းဖြည်းနှင့် ကျောက်အဖြစ်သို့ ပြောင်းလာခဲ့သည်။
“မဟုတ်ဘူး။” လှပသော မာယာရှင်က ထိတ်လန့်လျက် မြည်တမ်းလိုက်၏။ “သူ့ကို လွှတ်ပေးလိုက်ပါ။”
မာယာရှင်၏ ဝမ်းနည်းဖွယ် တောင်းပန်တိုးလျှိုသံက မိုးရီအပေါ်၌ သက်ရောက်မှု လုံးဝ မရှိခဲ့ပေ။ မြေဒြပ်စင်ကောင်များ၏ ဝိသေသေလက္ခဏာများက ရန်သူများကို လွယ်လွယ်နှင့် ရန်မစကြသော်လည်း ဇယားရှုပ်ရန် လွယ်ကူလှသည် မဟုတ်သည်မှာ သေချာပေသည်။ သူတို့ ရန်လိုလာသည်နှင့် မည်သည့်ပြဿနာကိုမျှ မကျန်ရစ်စေဘဲ ရက်ရက်စက်စက် တိုက်ခိုက်ကြလေတော့သည်။
ခဏကြာပြီးနောက် ဟာပီဘုရင်မ၏ ကြောက်မက်ဖွယ်ရာ အမူအရာက လုံးဝ ကျောက်ရုပ်ဖြစ်သွားသည်။ ဟာပီဘုရင်မသာမက မြေပြင်ပေါ်ရှိ ဟာပီများသည်ပင် ကျောက်အဖြစ် ပြောင်းလဲသွားလေသည်။ မြေဒြပ်စင်ဘုရင်က လက်ကိုဝှေ့ရမ်းလိုက်ရာ ကျောက်ရုပ်များအားလုံး တစ်ပြိုင်နက်တည်း ကြေမွသွားခဲ့သည်။
ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသော မာယာရှင်များက ဒေါသထွက်သော အမူအရာများ ပြသလိုက်ကြသည်။ ဘုရင်မ သို့မဟုတ် မင်းသမီး ဖြစ်နိုင်သော မာယာရှင်၏ ရွှေရောင်မျက်လုံးထံမှ အမုန်းတရားကိုကြည့်ရင်း ချန်လွေ့ သရော်ပြုံး ပြုံးလိုက်သည်။ “ဘာလို့ သူတို့ကို လွှတ်ပေးရမှာလဲ။ သူတို့ မဟုတ်ဘူး... မင်းတို့အားလုံးပဲ။ ဖြတ်သွားဖြတ်လာတဲ့ ခရီးသွားတွေကို သတ်ပစ်ပြီးတော့ အဲဒီအရိုးတွေကို ကြွားဖို့အတွက် သုံးတဲ့အခါတုန်းက မင်းတို့တွေ သူတို့ကို အသက်ရှင်လျက် လွှတ်ပေးဖို့ စဉ်းစားခဲ့ဖူးလား။”
လှပသော မာယာရှင်က ပြန်မဖြေခဲ့ပေ။ ပတ်ပတ်လည်မှ မာယာရှင်များကို ကြည့်လိုက်သည့်အခါ မာယာရှင်အများအပြား၏ ငါးမြီးများက တဖြည်းဖြည်း ပြောင်းလဲလာသည်ကို မြင်ရပေသည်။ ထို့နောက် လူသားခြေထောက်ပုံစံက မြူနှင်းကဲ့သို့ အမြှေးပါးအလွှာတစ်ခုအထဲ၌ တဖြည်းဖြည်း ပေါ်ထွက်လာလေသည်။ ပြောရမည်ဆိုလျှင် မာယာရှင်က ကုန်းမြေပေါ်၌ အချိန်အကြာကြီး မနေနိုင်ပေ။ အထူးသဖြင့် မြေဒြပ်စင် အလွန်အမင်းကြွယ်ဝသော “ကျွန်း”ပေါ်၌ဆိုလျှင် ပိုဆိုးပေသည်။ မာယာရှင်များက အချိန်အကန့်အသတ်ကို ရောက်သွားသည်နှင့် ရေဒြပ်စင်စွမ်းအား ဆုံးရှုံးမှုကြောင့် ခြောက်သွေ့ပြီး သေဆုံးသွားမည်ဖြစ်သည်။
လှပသောမာယာရှင်၏ ရွှေရောင်မျက်လုံးက ပြတ်သားသော အမူအရာ ပြသနေသည်။ သူ၏ သာယာသော သီချင်းဆိုသံက အမည်မသံ သံစဉ်တစ်ခုကို စတင် သီဆိုလာသည်။ ထိုသံစဉ်က ဝမ်းနည်းမှုနှင့် အထီးကျန်ခြင်းတို့ ပြည့်နှက်နေခဲ့သည်။ ကျန်ရှိသော မာယာရှင်များကလည်း စတင်သံပြိုင်သီဆိုလာကြသည်။ ချန်လွေ့က နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးဖြင့် ကာကွယ်ခြင်း ခံထားရသည့်အတွက် ပုံရိပ်ယောင်ကြောင့် သက်ရောက်ခြင်း မခံခဲ့ရပေ။ သို့သော်လည်း ဝမ်းနည်းခြင်းခံစားချက်က သူ၏ နှလုံးသားထဲသို့ စိမ့်ဝင်လာဆဲ ဖြစ်သည်။ သူက လုပင်မြို့၌ “အယ်စီဒေါသီချင်း”ကို အသီနာ သီဆိုခဲ့စဉ်က အချိန်အား တွေးမိလိုက်သည်။
ထိုအချိန်၌ ကျွန်းတစ်ခုလုံး စတင်ပြောင်းလဲလာသည်။ ကျွန်းအလယ်မြေပြင်က တဖြည်းဖြည်းနှင့် နိမ့်ဆင်းလာ၏။ တစ်ချိန်တည်းမှာပင် ပင်လယ်ရေအများပြားက ခွက်ကြီးထဲ၌ ရေအပြည့် ဖြစ်နေသကဲ့သို့ပင် မြေပြင်မှ ပန်းထွက်လာသည်။ အန္တရာယ်ကို ရင်ဆိုင်နေသော အချို့မာယာရှင်များက ချက်ချင်းပင် စိတ်သက်သာရာ ရသွားခဲ့သည်။ သို့သော်လည်း သူတို့က ထိုအချိန်၌ မြေဆွဲအားကြောင့် လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်ကြပေ။
မြေဒြပ်စင်ဘုရင်၏အသံ ထွက်လာသည်။ “မာယာရှင်တွေက အသီးအရွက်ပဲ စားကြတယ်။ သူတို့က ဟာပီတွေလိုမျိုး သွေးဆာပြီးတော့ မရက်စက်ကြဘူး။ ဒါပေမဲ့ သူတို့က ခရီးသွားတွေကို တိုက်ခိုက်တဲ့ ဟာပီတွေရဲ့ ကြံရာပါတွေ ဆိုတာတော့ အသေအချာပဲ။ ငါ့ကို ထူးဆန်းသလို ခံစားရစေတာက ဟာပီတွေကို မာယာရှင်တွေ အဖော်ပြုတာက အပြာစက်ရောဂါကို တိုက်ချွတ်ဖို့အတွက် ဟာပီတွေရဲ့ အငွေ့အသက်ကို အဓိကရယူချင်တာ ဖြစ်နိုင်ပေမဲ့ တခြားအစားထိုးတွေလည်း ရှိသေးတာပဲ။ သေချာတာကတော့ ငါတို့မှာ မာယာရှင်တွေကို မျိုးဖြုတ်ပစ်ဖို့ ရည်ရွယ်ချက် မရှိဘူး။ မဟုတ်ရင် မင်းတို့တွေ သေသွားတာ ကြာပြီ။ မင်းက ဘာလို့ ဝိညာဉ်ပြိုသီချင်းကို ဆိုနေသေးတာလဲ။ ငါမင်းကို သတိပေးလိုက်မယ်။ ဒီသီချင်းက ငါတို့အပေါ်မှာ ဘာမှ သက်ရောက်မှု မရှိဘူးနော်။”
ဝိညာဉ်ပြိုသီချင်းက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်နိုင်ပြီး အင်အားကြီးသော ကျိန်စာတစ်ခု မန်းမှုန်နိုင်သည့် နှစ်ဖက်ဓားသွား သီချင်းတစ်ပုဒ် ဖြစ်သည်။ ၎င်းသည် မြေဒြပ်စင်ဘုရင်၏ သန့်စင်သော ဒြပ်စင်ခန္ဓာကိုယ်ပေါ်၌ လုံးဝ သက်ရောက်မှု မရှိပေ။ ချန်လွေ့သည် နတ်ဘုရား-ယောင် အစွမ်းထက်ပုဂ္ဂိုလ်၏ အမွေအနှစ်ကို ရရှိထားသည့်အတွက် ( မိုးရီအထင်) သူ၏ဝိညာဉ်စွမ်းအားက တွေးမတတ်လောက်အောင် နက်နဲပြီး သက်ရောက်ခံရမည် မဟုတ်ပေ။
ချန်လွေ့က ပြောသည်။ “ဟာပီတွေက ကျုပ်တို့ကို အရင်တိုက်ခိုက်ခဲ့တာ။ အဲဒါကြောင့် ကျုပ်တို့လက်ထဲမှာ သေရတာက ထိုက်တန်တယ်လို့ပဲ ပြောလို့ရတယ်။ ကျုပ်တို့က မာယာရှင်တွေကို မရှင်းပစ်ချင်ဘူး။ ခင်ဗျားတို့ရဲ့ ကြံရာပါဖြစ်တဲ့ အပြစ်တွေကို ခွင့်လွှတ်ပေးနိုင်တယ်။ အပြာစက်ရောဂါအတွက်တောင် ကူညီပေးနိုင်တယ်။”
“ကျွန်မတို့ကို မရှင်းပစ်ချင်ဘူး ဟုတ်လား။” ရွှေရောင်မျက်လုံးများရှိသော မာယာရှင်က ချန်လွေ့ကို အထင်သေးစွာဖြင့် ကြည့်လိုက်တယ်။ “ဒီတော့ ရှင်က ဘာကို လိုချင်တာလဲ။ မာယာရှင်တွေကို ကျွန်အဖြစ် ဖမ်းချင်တာလား။ ဒါမှမဟုတ် မာယာရှင် နှလုံးသားကို လိုချင်တာလား။”
ထိုစကားက ချန်လွေ့ကို မျက်မှောင်ကြုတ်သွားစေသည်။ ပင်လယ် ပေါ်ထွက်လာခြင်းက မာယာရှင်များ၏ သေအံ့ဆဲဆဲ ကပ်ဘေးကို ပြေလျော့သွားစေ သော်လည်း ဝိညာဉ်ပြို သီချင်းသံက မရပ်တန့်သေးပေ။ သီချင်းသံ ဆက်လက်၍ သီဆိုနေခြင်းကြောင့် ဝမ်းနည်းဖွယ်ရာ မရဏဝိညာဉ်တစ်ခုက ကျွန်းတစ်ခုလုံးသို့ ပြည့်နှက်သွားကာ ပို၍ပို၍ ပြင်းထန်လာခဲ့သည်။
ထိုအချိန်၌ နက်ရှိုင်းပြီး ကြော့ရှင်းသော အသံတစ်သံက အဝေးမှ ပဲ့တင်ထပ်လာ၏။ ထိုသီချင်းသံ၏ နှောင့်ယှက်မှုအောက်တွင် ဝိညာဉ်ပြို သီချင်း၏ အငွေ့အသက်က တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားခဲ့သည်။ ရွှေရောင်သလင်းကျောက်ရှိသော မာယာရှင်က အဝေးမှ နောက်ထပ်ပုံရိပ်ပုံရိပ်တစ်ခု ပေါ်ထွက်လာရာ ထူးဆန်းသလို ဖြစ်သွားခဲ့သည်။
၎င်းမှာ ဆွဲဆောင်မှုရှိသော ဝတ်ရုံကို ဝတ်ဆင်ထားသည့် မိန်းမလှတစ်ယောက် ဖြစ်သည်။ သူ၏ခန္ဓာကိုယ်အောက်ပိုင်းတွင် ငါးမြီးအစား သွယ်လျသော ခြေထောက်များ ရှိနေသည်။ ထိုအမျိုးသမီး၏ အသွင်အပြင်က ရွှေရောင်သလင်းကျောက်ရှိသော မာယာရှင်နှင့် ဆင်တူပေသည်။ ဆံပင်အနက်၊ ရွှေရောင်မျက်လုံးနှင့် နဖူးပေါ်၌ ရွှေရောင် သလင်းကျောက်ရှိနေသော်လည်း သူ၏ စိတ်နေသဘောထားက လုံးဝကွဲပြားနေသည်။ သူက ရင့်ကျက်ပြီး ဆွဲဆောင်မှုရှိသော ညှို့ဓာတ်ကို ထုတ်လွှတ်နေလေသည်။ ၎င်းနှင့်ယှဉ်လျှင် ခုနက ရွှေရောင်သလင်းကျောက်နှင့် မာယာရှင်က ပန်းသီးစိမ်း တစ်လုံးနှင့် ပိုတူလေသည်။
“အစွမ်းထက်ပုဂ္ဂိုလ်နှစ်ယောက်ကို အယ်လီနာ ဂါရဝပြုပါတယ်။” အယ်လီနာ အမည်ရှိသော မာယာရှင်က နတ်ဆိုးအရှင်သခင်အဆင့် အလတ်ပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူက မြေဒြပ်စင်ဘုရင်နှင့် ချန်လွေ့တို့ကို ထူးဆန်းသော ကျင့်ဝတ်ထုံးတမ်း တစ်ခုဖြင့် နှုတ်ဆက်လိုက်သည်။
မိုးရီနှင့် ချန်လွေ့တို့က အချင်းချင်း ကြည့်လိုက်ကြပြီး ပြောသည်။ “မာယာရှင် မျိုးနွယ်စုရဲ့ ဘုရင်မ။ မင်္ဂလာပါ။ ငါက မိုးရီပါ။ ဒါက ငါ့ရဲ့မိတ်ဆွေ ချန်လွေ့ပါ။”
“ကျွန်မက ဒီလောက် သန့်စင်တဲ့ ဒြပ်စင်အငွေ့အသက်ကို အရှင်မင်းမကြီး လန်ဘို့စ် ဆီကနေပဲ ခံစားမိခဲ့ဖူးတာ။ အရှင်မင်းကြီး မိုးရီ။ ဒြပ်စင်ဘုရင်တစ်ပါးကို ဒီလိုပဲ ကျွန်မ ခေါ်ရမလား။” အယ်လီနာ၏ အတွေ့အကြုံနှင့် အမြင်တို့က အတော်လေး ကျယ်ပြောလှသည်မှာ ထင်ရှားပေသည်။ ထိုကျွန်း၏ မယုံနိုင်စရာလက်ရာကြောင့် သူက မိုးရီ၏ ဇစ်မြစ်ကို မှန်မှန်ကန်ကန် ခန့်မှန်းမိနိုင်ခဲ့လေသည်။
မိုးရီက ခေါင်းညိတ်ပြီး ပြောသည်။ “ငါက လန်ဘို့စ်ကို လာတွေ့ဖို့အတွက် ရေဒြပ်စင်ကောင်တွေရဲ့ ပင်လယ်နယ်မြေဆီကို လာခဲ့တာ။ လမ်းတစ်ယောက်မှာ ဟာပီတွေနဲ့ မာယာရှင်တွေရဲ့ တိုက်ခိုက်တာကို ခံခဲ့ရတယ်။ မင်းမြင်တဲ့အတိုင်းပဲ ဟာပီတွေအားလုံး သေသွားပြီ။ မာယာရှင်တွေက အသက်ရှင်နေတုန်းပဲ။”
အယ်လီနာက ရှေ့မှပုဂ္ဂိုလ်သည် ဒြပ်စင်ဘုရင် ၆ပါးထဲမှ တစ်ပါးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ သူက ရေဒြပ်စင်ဘုရင် လန်ဘို့စ်နဲ့ ယှဉ်နိုင်တဲ့ အစွမ်းထက်ပုဂ္ဂိုလ် တစ်ယောက်ပဲ။ ငါ သူ့ကို အနိုင်မယူနိုင်တာ သေချာတယ်။ အယ်လီနာ၏စိတ်ထဲ၌ ထိတ်လန့်သွားပြီးနောက် အရိုအသေ ပြုလိုက်ပြန်သည်။ “အရှင်မင်းကြီးရဲ့ စေတနာ အတွက် ကျေးဇူးတင်ပါတယ်။ မာယာရှင်တွေရဲ့ မသိနားလည်မှုတွေနဲ့ အပြစ်ပြုမိတာ တွေကို ခွင့်လွှတ်ပေးပါ။ အရှင်မင်းကြီးရဲ့ ခွင့်လွှတ်မှုကို ရရှိဖို့အတွက် ကျွန်မ ဘယ်လိုမျိုး ပေးဆပ်ရမလဲဆိုတာ မေးချင်ပါတယ်။”
မိုးရီက ချန်လွေ့ထံ မေးခွန်းများ ပစ်ပေါက်လိုက်သည်။ “ကျုပ်ရဲ့မိတ်ဆွေက မာယာရှင်တွေဆီကနေ အကူအညီတချို့ လိုအပ်တယ်။ သူ့ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ်ဆိုရင် မာယာရှင်တွေအားလုံးက ဒီနေက ဘေးကင်းကင်းနဲ့ ထွက်သွားလို့ရမယ်။”
ချန်လွေ့က လက်ရှိတွင် အောင်နိုင်သူတစ်ယောက် ဖြစ်နေသည့်အတွက် စကားပလ္လင် မခံနေခဲ့ပေ။ သူက လှပသော မာယာရှင်ငယ်လေးကို လက်ညှိုးထိုးပြ လိုက်သည်။ “ကျုပ် သူ့ကို လိုချင်တယ်။”
အယ်လီနာ၏မျက်နှာ ရုတ်တရက် မည်းမှောင်သွား၏။ “ဟယ်လင်က ကျွန်မရဲ့သမီးပဲ။ ပြီးတော့ မာယာရှင်မျိုးနွယ်စုရဲ့ ဆက်ခံသူလည်း ဖြစ်တယ်။ ဒါပေမဲ့ သူက သာမန်မာယာရှင် ဆိုရင်တောင် ဒီလိုခြိမ်းခြောက်မှုမျိုးကို လက်ခံမှာ မဟုတ်ဘူး။ အရှင်မင်းကြီးရဲ့ အသိပညာနဲ့ဆိုရင် မာယာရှင်တွေရဲ့ ရိုးရာဓလေ့ကို သိလောက်မှာပါ။ ကျွန်မက ပြိုင်ဘက်မဟုတ်ဘူးဆိုတာ ဝန်ခံပါတယ်။ ဒါပေမဲ့ အင်အားသုံးမယ်ဆိုရင် အရှင်မင်းကြီးနဲ့ အရှင်မင်းကြီးရဲ့ မိတ်ဆွေက မာယာရှင်မျိုးနွယ်စုရဲ့ အလောင်းတွေကိုပဲ ရလိမ့်မယ်။ ဒါက အရှင်မင်းကြီးရဲ့ နဂိုကတည်းက အကြံအစည် ဆိုရင်ပေါ့။”
မြေဒြပ်စင်ဘုရင်က ဂရုမစိုက်ဘဲ ဆက်ပြောသည်။ “ငါ မေးမယ်။ မာယာရှင် မျိုးနွယ်စုက မျိုးသုန်းမယ့် အကျိုးဆက်တွေကို လက်ခံဖို့ အသင့်ဖြစ်ပြီလား။”
“မာယာရှင်မျိုးနွယ်စုက မျိုးသုန်းတော့မယ့် အန္တရာယ် ကျရောက်နှင့်နေပါပြီ။” ဟယ်လင်က အေးစက်စက်နှင့် စကားဖြတ်ပြောလိုက်သည်။ “အဲဒါက ဟာပီတွေကို ရှင်တို့တွေ သတ်လိုက်တဲ့အချိန်က စတာပဲ။”
“အပြာစက်ရောဂါကြောင့်ဆိုရင် ဒီလောက်ဆိုးမယ် မထင်ဘူး။” မိုးရီက မျက်မှောင်ကြုတ်လိုက်သည်။ “တခြားအကြောင်းရင်းတွေ ရှိနယ်ဆိုရင် ငါနဲ့ ငါ့မိတ်ဆွေက မာယာရှင်မိသားစုကို ကူညီနိုင်လောက်ပါတယ်။”
အယ်လီနာ မဖြေခင်မှာပင် ဟယ်လင်က တဲ့တိုးပြောလိုက်သည်။ သူ၏ ရွှေရောင် မျက်လုံးများက ချန်လွေ့ကို တည့်တည့်စိုက်ကြည့်နေလေသည်။ “မာယာရှင်တွေကို နာဂါနဲ့ တစ္ဆေသန္တာကျောက် ပြဿနာ လုံးဝဖြေရှင်းပေးနိုင်ရင် ကျွန်မက ရှင့်အပိုင်ပဲ။”