အမှောင်ထု ဘုရင်သုံးပါး
Vol. 39 Ch. 594
နှစ်ရက်ကြာပြီးနောက် မိစ္ဆာထောင်ခြောက်သင်္ဘောက ပင်လယ်ထဲသို့ ဆက်လက် ရွက်လွှင့်ကြသည်။ မှော်ပညာ၌လူသစ်ဖြစ်သော ချန်လွေ့သည်ပင် ရှီလန်တောင် မြေအောက်လောကရှိ ပထဝီဘုံနှင့် တစ်နည်းနည်း ဆင်တူသော ကြွယ်ဝလှသည့် ဒြပ်စင်အငွေ့အသက်ကို သူ၏စိတ်ဝိညာဉ်စွမ်းအားဖြင့် အာရုံခံမိနိုင်လေသည်။
ချန်လွေ့၏အမြင်ဖြင့် အပြာရောင်မြူနှင်း မှိန်ပျပျ ထုတ်လွှတ်နေသော ကျွန်းကို မြင်လိုက်ရသည်။ ဒါက တကယ့်ကို “နက်ပြာ”ဆိုတဲ့ နာမည်နဲ့ ထိုက်တန်တာပဲ။
နဂိုက အရှိန်ကုန် ရွက်လွှင့်နေသော မိစ္ဆာထောင်ခြောက် သင်္ဘောက ရုတ်တရက် နှေးကွေးသွား၏။ အသေအချာပင် ရေစီးကြောင်း ပြောင်းလဲသွားလေသည်။ အပြာရောင် ပုံရိပ်များက တစ်ခုပြီးတစ်ခု သူတို့အရှေ့မှ ပင်လယ်၌ ပေါ်ထွက်လာပြီး ကုန်းမြေပေါ်၌ သကဲ့သို့ပင် သူတို့က ကြီးမားလှသော ပင်လယ်ပြင်၌ လမ်းလျှောက်နေကြေလေသည်။
ထိုပုံရိပ်များ၏ အပေါ်ပိုင်းမှာ လူသားနှင့်ဆင်တူပြီး မျက်နှာအသွင်အပြင်များက မြေဒြပ်စင်ကောင်များထက် ပိုမိုအသေးစိတ်သည်။ သူတို့တွင် လိင်ပိုင်းဆိုင်ရာ ဝိသေသလက္ခဏာများ မရှိကြပေ။ သူတို့၏ အောက်ပိုင်းခန္ဓာကိုယ်က ရေနှင့် တစ်သားတည်း ပေါင်းစပ်နေကြသည်။ သူတို့၏ အရည်လဲ့သော ခန္ဓာကိုယ်ထဲ၌ ရေကဲ့သို့ လှည့်ပတ်သွားလာနေသော အရာများကို ရေးရေးလေး မြင်နိုင်ပေသည်။
ရေဒြပ်စင်ကောင်တွေပဲ။
မိစ္ဆာထောင်ခြောက်သင်္ဘော ပတ်ပတ်လည်မှ ပင်လယ်သည် အေးခဲသွားသွားရာ ရှေ့ဆက်သွား၍ မရတော့ပေ။ ၎င်းကို ရေခဲခွဲ နှင့် မှော်ဒုံးအင်ဂျင်ဖြင့် ဖြေရှင်းနိုင်သော်လည်း ချန်လွေ့က ယခုတစ်ခေါက်တွင် ရေဒြပ်စင်ကောင်များနှင့် ပြဿနာ မဖြစ်ချင်ပေ။
“ကျူးကျော်သူ...”
[ သရုပ်ခွဲမျက်လုံး ] က ရေဒြပ်စင်ကောင်များ၏ အသံကို အဓိပ္ပါယ် ပြန်ပေးသည်။ ထိုဒြပ်စင်ကောင်များက နတ်ဆိုးဘုံရှိ အများသုံးဘာသာစကားအစား ဒြပ်စင် ဘာသာစကားကို အသုံးပြုကြသည့်အတွက် လက်ရွေးစင် ရေဒြပ်စင်ကောင်များ မဟုတ်နိုင်လောက်ပေ။
မိုးရီက သင်္ဘောဦးပိုင်းသို့ လမ်းလျှောက်သွားလိုက်ပြီး ဘုရင်အငွေ့အသက်ကို ထုတ်လွှတ်လိုက်ကြသည်။ ရေဒြပ်စင်ကောင်များက ရုတ်တရက် အံ့အားသင့်သော အမူအရာ ပြသလိုက်ပြီး ရန်လိုမှုများကို ဖယ်ရှားလိုက်ကြပြီး အသာလေး ခေါင်းငုံ့ကာ အရိုအသေပေးလိုက်သည်။
မိုးရီက လက်ကိုဆန့်တန်းပြီး မျက်လုံးကိုမှိတ်ကာ မတည်ငြိမ်မှုအချို့ကို အစပျိုးနေဟန် တူသည်။ အချိန်ခဏကြာပြီးနောက် လေထဲ၌ တွန့်လိမ်နေသော လှိုင်းတစ်ခု ဖြစ်လာပြီး မျက်နှာအသေးစိတ်ရှိသော နောက်ထပ်ပုံရိပ်တစ်ခု ရောက်လာသည်။ ထိုသူ၏ ကြည်လင်လှသော ခန္ဓာကိုယ်က အေးစက်သော အငွေ့အသက် တစ်ခုနှင့်အတူ ခမ်းနားလှသော အပြာရောင်ကို ပြသနေလေသည်။ ၎င်းမှာ ယခင်တစ်ခေါက် လုပင်မြို့တွင် ချန်လွေ့မြင်ခဲ့ရသော ရေဒြပ်စင်ဘုရင် လန်ဘို့စ်ပင် ဖြစ်လေသည်။
“ကြိုဆိုပါတယ်။ အရှင်မင်းကြီး မိုးရီ။ နက်ပြာကျွန်းက ရေဒြပ်စင်ကောင်တွေ အားလုံးကိုယ်စား အရှင်မင်းကြီးကို လေးလေးနက်နက် အရိုအသေပေးပါတယ်။” လန်ဘို့စ်က ကျက်သရေရှိစွာဖြင့် အရိုအသေပြုလိုက်သည်။ ၎င်းမှာ ထိုစဉ်က မိုးရီထံ ဇိုလာ ပြုလုပ်ခဲ့သော ရှေးဟောင်း ကျင့်ဝတ်ထုံးတမ်းတစ်ခုဖြစ်ကြောင်း ချန်လွေ့ မှတ်မိသည်။
မိုးရီကလည်း တူညီစွာပင် အရိုအသေ ပြန်ပြုလိုက်သည်။ “ဝမ်းမြောက်လျက်ပါ။ အရှင်မင်းကြီး လန်ဘို့စ်။ မြေဒြပ်စင်ကောင်တွေရဲ့ အကောင်းဆုံးမိတ်ဆွေ အက်ဂ်ယောကို မိတ်ဆက်ပေးပါရစေ။ အချင်းချင်း တွေ့ဖူးကြပြီးပြီလို့ ထင်ပါတယ်။”
ထိုအချိန်၌ ချန်လွေ့က မျက်နှာကို “အက်ဂ်ယော”အသွင်သို့ ပြောင်းလိုက်ပြီ ဖြစ်သည်။ ထို့နောက် သူက လန်ဘို့စ်ကို ဦးညွှတ်လိုက်သည်။
လန်ဘို့စ်၏ အတွေးများ အလျင်အမြန် လှုပ်ရှားသွားခဲ့သည်။ ဒီအက်ဂ်ယောက ဒြပ်စင်ကောင်းချီးကို ရခဲ့ဖူးတယ်။ သူနဲ့ မြေဒြပ်စင်ဘုရင် ပတ်သက်မှုက ထူးခြားတယ်။ ဒါပေမဲ့ သူတို့ရဲ့ ရင်းနှီးမှုက ငါထက်တာထက် ပိုပြီးတော့ နက်ရှိုင်းနေတဲ့ပုံပဲ။
မိုးရီက ပထမဆုံး တွေ့ပြီးတော့ စပြောတဲ့စကားမှာပဲ သူ့ကို မိတ်ဆက်ပေးခဲ့ပြီး အက်ဂ်ယောက မြေဒြပ်စင်ကောင်အားလုံးရဲ့ အကောင်းဆုံးမိတ်ဆွေ ဖြစ်တဲ့အကြောင်း အလေးပေးပြီးတော့ ပြောခဲ့တယ်။ ဒါက ဖော်ရွေတာ မဟုတ်တော့ဘူး။ တကယ့် ရင်းနှီးမှုပဲ။ အရင်တစ်ခေါက် လုပင်မြို့မှာ ဟီဂယ်ကို ငါ တားဖို့ ဆုံးဖြတ်ခဲ့တာ တကယ် မှန်ကန်ခဲ့တာပဲ။
“ကြိုဆိုပါတယ်။ မြေဒြပ်စင်ဘုရင်ရဲ့ အရင်းနှီးဆုံးမိတ်ဆွေ ဆာ-အက်ဂ်ယော။” ချန်လွေ့၏စွမ်းအားက နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းဖြစ်ကြောင်း လန်ဘို့စ် ရှာဖွေတွေ့ရှိခဲ့သည်။ ယခင်တစ်ခေါက်ကထက် အလျင်အမြန် တိုးတက်သွားသည့် အတွက်ကြောင့် သူ အနည်းငယ် အံ့အားသင့်သွားလေသည်။ ထို့နောက် သူက အက်ဂ်ယောကို ခေါင်းညိတ်ပြလိုက်သည်။
“ငါ့နဲ့ လိုက်ခဲ့ပေးပါ။” လန်ဘို့စ်က ထိုသို့ပြောလိုက်ပြီးနောက် ရေစီးကြောင်းက ခါးပတ်ပုံစံ လမ်းကြောင်းတစ်ခုအဖြစ် ရုတ်တရက် ပြောင်းလဲသွားကာ မိစ္ဆာထောင်ခြောက် သင်္ဘောအား ရှေ့သို့ သယ်ဆောင်သွားလိုက်သည်။
နက်ပြာကျွန်းအလယ်တွင် အမည်မသိ ရေဒြပ်စင်သလင်းကျောက်အချို့ဖြင့် ပြုလုပ်ထားသော လှပသည့် နန်းတော်တစ်ခု ရှိနေသည်။ ၎င်းမှာ ခမ်းနားလှပြီး ပို၍ အရေးကြီးသည်မှာ သလင်းကျောက်ထဲ၌ အထူးစွမ်းအားတစ်ခု ရှိနေခြင်းပင်။ ချန်လွေ့ ထိုင်နေသော ကုလားထိုင် တစ်ခုတည်းကပင် သူ့တစ်ကိုယ်လုံးကို ညင်သာသော ရေဒြပ်စင် အငွေ့အသက်ဖြင့် ရစ်ပတ်ခြင်း ခံစားရစေသည်။ သူ၏ စိတ်ဝိညာဉ်စွမ်းအား သည်လည်း အားပြည့်လာဟန်တူပြီး အတော်လေး သက်တောင့်သက်သာ ရှိလှသည်။ ရေဒြပ်စင်ကိုလေ့ကျင့်သော မှော်ပညာရှင်များ၏ အကျိုးအမြတ်က ထိုထက် များနိုင်ပေသည်။
နက်ပြာနန်းတော်က လက်ရာနှင့် ပစ္စည်းများ၌ အရည်အသွေး အမြင့်ဆုံး ဖြစ်သည်။ အဖိုးမဖြတ်နိုင် ဟူ၍ပင် ဖော်ပြနိုင်ပြီး မြေဒြပ်စင်ကောင်များ၏ ပထဝီဘုံထက် များစွာ ခမ်းနားလှပေသည်။
“အရှင်မင်းကြီး မိုးရီ။ စိတ်မရှိဘူးဆိုရင် ငါ့ကို လန်ဘို့စ်လို့ပဲ ခေါ်ပေးပါ။” လန်ဘို့စ်က အထက်ကုလားထိုင်ပေါ်တွင်ထိုင်ပြီး ညင်သာစွာ ပြုံးပြလိုက်သည်။ “နောက်ဆုံး ဒြပ်စင်စစ်ပွဲပြီးသွားတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ဒါက မင်း ပြန်မွေးဖွားပြီးတော့ ငါတို့ ပထမဆုံး တွေ့တာပဲ။ ဒါပေမဲ့ အမှောင်ထု ဘုရင်သုံးပါးအကြားမှာ တအား ယဉ်ကျေးနေဖို့ မလိုပါဘူး။”
မိုးရီက ပြုံးပြီး ပြောလိုက်သည်။ “ကောင်းပါပြီ...လန်ဘို့စ်။ ငါ့ကိုလည်း မိုးရီလို့ပဲ ခေါ်ပါ။”
“ဝမ်းမြောက်စွာနဲ့ပါ မိတ်ဆွေ။” လန်ဘို့စ်၏ လက်ထဲ၌ ဝါညိုရောင် အလင်းတစ်ခု ပေါ်ထွက်လာသည်။ “မြေအမှတ်အသားကို မူလပိုင်ရှင်ဆီ ပြန်ပေးသင့်ပြီ။ ဒါအတွက် မင်း ပြင်ဆင်ထားပြီးပြီလို့ ထင်ပါတယ်။”
“ဒါပေါ့။” မိုးရီ မတ်တပ်ရပ်ကာ ဝါညိုရောင်အလင်းကို လက်ခံလိုက်သည်။ ချန်လွေ့က မြေအမှတ်အသားက မည်သည့်အရာဖြစ်ကြောင်း နားမလည်သော်လည်း ထိုအမှတ်အသားကို လက်ခံရန်အတွက် နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း ဖြစ်သင့်ကြောင်း ရေးရေးလေး သဘောပေါက်ခဲ့သည်။ ထို့ကြောင့်ပင် မိုးရီက ပင်လယ်သေသို့ မလာခင် သြဇာယွမ်မြေစွမ်းအားကို စုပ်ယူပြီးသည်အထိ စောင့်ဆိုင်းခဲ့ခြင်း ဖြစ်ပေသည်။
ခဏစဉ်းစားပြီးနောက် လှုပ်နေသော အလင်းရောင်က မိုးရီ၏လက်ထဲ၌ ထူးဆန်းသော အမှတ်အသားတစ်ခုအဖြစ် ပြောင်းလဲသွားကာ သူ၏နဖူးအလယ်သို့ မြုပ်ဝင်သွားခဲ့လေသည်။
“သိပ်ကောင်းတယ်။ အခုက စပြီးတော့ သုံးလလောက်ပဲ အချိန်ယူရမယ်။ ငါ့ရဲ့ အကူအညီနဲ့ဆိုရင် မင်းက အမှတ်အသားကို လုံးဝ စုပ်ယူပြီးတော့ ဇစ်မြစ်နဲ့ လုံးဝ ပေါင်းစည်းနိုင်မှာပါ။”
“ကျေးဇူးပါပဲ။” မိုးရီ ခေါင်းညိတ်လိုက်ပြီးနောက် စကားလမ်းကြောင်း ပြောင်းလိုက်သည်။ “အမှောင်ဒြပ်စင်ဘုရင် ဟီဂယ် ဒီကို လာမှာလား။”
လန်ဘို့စ်က ချန်လွေ့က လေးလေးနက်နက်နှင့် ကြည့်လိုက်သည်။ “ဟီဂယ်က လွန်ခဲ့တဲ့ တစ်လတုန်းက နက်ပြာကျွန်းကို ရောက်လာခဲ့တယ်။ ဒါပေမဲ့ သူက လျို့ဝှက်ဆန်းကြယ်တဲ့ ပင်လယ်နေရာကို သွားပြီးတော့ တစ်ခုခု သွားရှာနေတယ်။ ငါ သိရသလောက်ဆိုရင် ဟီဂယ်က မင်းရဲ့မိတ်ဆွေအပေါ်မှာ အားကောင်းတဲ့ အမုန်းတရားတစ်ခု ရှိနေသေးတယ်။ ဒါက ဖြေရှင်းရ ခက်ခဲတယ်။”
မိုးရီက ချန်လွေ့အား ရေဒြပ်စင်ကောင်များက သံသယကြီးပြီး ဉာဏ်များကြောင်း ပြောခဲ့ဖူးသည်။ ချန်လွေ့ကို နက်ပြာကျွန်းသို့ မိုးရီခေါ်ခဲ့ခြင်းမှာ ဟီဂယ်နှင့် တမင်တကာ အချိတ်အဆက် ပြုလုပ်ရန်ဖြစ်ကြောင်း လန်ဘို့စ် သတိထားမိခဲ့လေသည်။
“အရှင်မင်းကြီး လန်ဘို့စ်။ အရင်တစ်ခေါက် လုပင်မြို့မှာ ကျုပ်ကို ကူညီပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်။” ချန်လွေ့က အမှောင်ဒြပ်စင်ဘုရင်နှင့် ရန်ငြိုးအကြောင်း မပြောခဲ့ပေ။ သူက မတ်တပ်ရပ်ကာ အရိုအသေ ပေးလိုက်သည်။ “ကျုပ်က ကံကောင်းပြီးတော့ ရတနာတစ်ခု ရထားတယ်။ အရှင်မင်းကြီး တစ်ချက်ကြည့်ပေးပါ။”
ထိုသို့ပြောပြီးနောက် ချန်လွေ့၏လက်ထဲ၌ နက်ပြာရောင် ပုတီးလုံးတစ်လုံး ပေါ်ထွက်လာသည်။ ထိုပုတီးလုံးကို ထုတ်လိုက်သည်နှင့် အနီးအနားမှ ရေဒြပ်စင်ကောင်များက ထူးထူးဆန်းဆန်း မတည်မငြိမ် ဖြစ်သွားကြသည်။ ပုတီးက ညင်ညင်သာသာ စတင်တုန်ခါလာပြီး တစ်ခုနှင့်တစ်ခု ပဲ့တင်ထပ်နေတော့သည်။ ချန်လွေ့က ထိုနက်ပြာပုတီးကို အချိန်အတော်ကြာ လေ့လာခဲ့ဖူးသော်လည်း မည်သည့် သဲလွန်စကိုမျှ မတွေ့ခဲ့ပေ။ ထိုကဲ့သို့ အခြေအနေမျိုးကို ယခုမှ သူ တွေ့ဖူးခဲ့လေသည်။
“လှိုင်းသရဖူ...” လန်ဘို့စ်က ခံစားချက်ပြင်းပြလျက် မတ်တပ်ရပ်လိုက်သည်။ ထို့နောက် သူက စိတ်ကို အေးအေးထားလိုက်ပြန်ပြီး မိုးရီကို ကြည့်သည်။
မိုးရီက ယုံကြည်ချက်ရှိရှိနှင့် ပြုံးလိုက်သည်။ “ဒါက ကျုပ်ရဲ့မိတ်ဆွေဆီက လက်ဆောင်တစ်ခုပါ။”
ပုတီးက ချန်လွေ့လက်ထဲမှ လန်ဘို့စ်ထံ ပျံသန်းသွားသည်။ လန်ဘို့စ်က အသာလေး ခေါင်းညိတ်ပြီး လက်ခံလိုက်သည်။ ပုတီးက ရေဒြပ်စင်ဘုရင်၏လက်ထဲသို့ ရောက်သွားသည်နှင့် ချက်ချင်းပင် ဖော်ပြ၍မရသော အလင်းပြင်းအားတစ်ခုကို ထုတ်လွှတ်လိုက်၏။ တမုဟုတ်ချင်းပင် နက်ပြာနန်းတော်တစ်ခုလုံးက ခမ်းနားလှသော အပြာရောင် တောက်ပသွားလေသည်။
လန်ဘို့စ်က ၎င်းကို ခေါင်းပေါ်၌ ထားလိုက်သည်။ ခဏကြာပြီးနောက် အလင်းရောင်များ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ရေဒြပ်စင်ဘုရင်၏ ဦးခေါင်းပေါ်၌ သလင်းကျောက်ကဲ့သို့ ကြည်လင်နေသော သရဖူတစ်ခု ရှိနေလေသည်။ လန်ဘို့စ်က တည်တည်ငြိမ်ငြိမ်နှင့် ပြုံးနေသော်လည်း သူ၏မျက်လုံးထဲ၌ ဖုံးကွယ်၍မရသော “စိတ်လှုပ်ရှားမှု” အလင်းရောင်တစ်ခု လင်းလက်နေ၏။
မိုးရီလည်း အံ့အားသင့်သွားသည်။ “ဒီအငွေ့အသက်...ဒါက ရေဒြပ်စင်ရဲ့ ဇစ်မြစ်အပိုင်းအစလား။ ဒါကြောင့် ဒီရတနာရဲ့ ဇစ်မြစ်ကို ငါတောင် မမှတ်မိတာကိုး။”
လန်ဘို့စ်က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ “ရေဒြပ်စင် ဇစ်မြစ်အပိုင်းအစက ပျောက်ဆုံးသွားတာ နှစ်ပေါင်းသန်းနဲ့ချီနေပြီ။ နောက်ဆုံးတော့ ရေဒြပ်စင်ကောင်တွေရဲ့ လက်ထဲကို ပြန်ရောက်လာခဲ့တယ်။ ဒီတစ်ခေါက် ဟီဂယ်က အမှောင်ဒြပ်စင် ဇစ်မြစ်အပိုင်းအစကို ရှာဖွေဖို့အတွက် လျို့ဝှက်ဆန်းကြယ်တဲ့ ပင်လယ်နေရာကို သွားခဲ့တယ်။သူ့ထက်အရင် ဇစ်မြစ်အပိုင်းအစကို ငါ ရသွားလိမ့်မယ် မထင်ထားခဲ့ဘူး။ အပိုင်းအစရဲ့စွမ်းအားနဲ့ဆိုရင် ဒြပ်စင်တိုက်ပွဲမှာ အနိုင်ရဖို့အတွက် အခွင့်အရေး ပိုသာနိုင်လောက်တယ်။”
ထိုသို့ပြောပြီးနောက် ရေဒြပ်စင်ဘုရင်၏ ချန်လွေ့အပေါ်အကြည့် ပြောင်းလဲသွားသည်။ “လှိုင်းသရဖူက ငါ့အတွက် ဘာကိုဆိုလိုလဲဆိုတာ မင်းသိသိ မသိသိ ဒါက မမျှော်လင့်ထားတဲ့ လက်ဆောင်တစ်ခုပဲ။ ဟီဂယ်နဲ့ ပတ်သက်ပြီးတော့ ငါ ဖြန်ဖျေပေးဖို့ မိုးရီကို ကူညီပေးမှာပါ။ ပြီးတော့လည်း ငါ့ရဲ့ ကျေးဇူးတင်မှုကို ဖော်ပြတဲ့ အနေနဲ့ ငါမင်းကို တစ်ခု ကတိပေးနိုင်တယ်။”
ချန်လွေ့က ခဏ စဉ်းစားလိုက်သည်။ “ကျုပ် ရေအရင်းအမြစ် စွမ်းအား နည်းနည်း လိုချင်တယ်။”
လန်ဘို့စ်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ “ရေအရင်းအမြစ် စွမ်းအားလား။ မင်းရဲ့စွမ်းအားနဲ့ဆို ရေအရင်းအမြစ်စွမ်းအားကို လက်ခံလို့မနိုင်ဘူး။ ပြီးတော့လည်း မင်းက မှော်ပညာရှင် မဟုတ်.....”
“တောင်းပန်ပါတယ်၊ အရှင်မင်းကြီး။ ကျုပ်ရဲ့ မိတ်ဆွေတစ်ယောက် လိုအပ်လို့ပါ။”
ရေဒြပ်စင်ဘုရင်က ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဆက်မမေးတော့ပေ။ သူ၏ လက်ထဲ၌ အပြာရောင် အလင်းလေးတစ်ခု ရှိနေပြီး သလင်းကျောက်ပန်းပွင့် အဖြစ်သို့ ပြောင်းလဲသွားကာ ချန်လွေ့ထံ ပျံသန်းသွား၏။
ချန်လွေ့က ဇိုလာအတွက် ရေအရင်းအမြစ်စွမ်းအားကို ရရှိလိုခြင်း ဖြစ်သည်။ သို့သော်လည်း ၎င်းကို မည်သို့သိမ်းဆည်းရမည်ကို သူ နားမလည်ပေ။ ဘေးဖက်မှ မိုးရီက ပြောလိုက်သည်။ “မင်းရဲ့ နေရာလွတ်စွမ်းအားထဲ တစ်ခါတည်း သိမ်းထားလိုက်ရုံပဲ။”
လန်ဘို့စ်က မိုးရီကို ဖျပ်ခနဲ ကြည့်လိုက်ပြီးနောက် စကားပြောရန် ပြင်လိုက်စဉ် ရေဒြပ်စင်ကောင်တစ်ယောက် ဝင်ရောက်လာပြီး အရိုအသေ ပြုလိုက်သည်။ “အရှင်မင်းကြီး ဟီဂယ် ပြန်ရောက်လာပါပြီ။”
ချန်လွေ့က သိုလှာင်နေရာလွတ်ထဲသို့ ရေအရင်းအမြစ်စွမ်းအားကို ထည့်လိုက်၏။ ထိုစကားကို ကြားသည့်အခါ လန်ဘို့စ် ပုံမှန်အတိုင်းပင် ပြုံးလိုက်သည်။ “ဒါက အနှေးနဲ့အမြန် ရင်ဆိုင်ရမှာပဲ။ ဟီဂယ်ကို အတူတူ သွားတွေ့ကြတာပေါ့။”
ချန်လွေ့က ဘာမှမပြောဘဲ လန်ဘို့စ်နှင့် မိုးရီတို့နောက်သို့ လိုက်သွားခဲ့သည်။
နက်ပြာနန်းတော်မှ လမ်းလျှောက်ထွက်သွားပြီးနောက် ချန်လွေ့က ကောင်းကင်ထက်၌ လွင့်မျောနေသော ထူးဆန်းသည့် လေသင်္ဘောတစ်စင်းကို မြင်လိုက်ရသည်။
ဟုတ်ပေသည်။ လေသင်္ဘောတစ်စင်းပင်။
နတ်ဆိုးဘုံ၌ ချန်လွေ့ ပြန်လည်မွေးဖွားလာချိန်မှစ၍ လေင်္ဘောကဲ့သို့ “နည်းပညာမြင့်” အရာကို ပထမဆုံး တွေ့ဖူးခြင်းပင် ဖြစ်သည်။ လေသင်္ဘောပုံစံက ချန်လွေ့ ယခင်ဘဝက သိခဲ့သည်နှင့် သိပ်ပြီး မကွာခြားလှပေ။ သို့သော်လည်း မောင်းနှင်စနစ်က မှော်သလင်းကျောက်ကဲ့သို့ စွမ်းအင်တစ်မျိုးနှင့်ဖြစ်ပြီး ပျံသန်းမှုကို ထိန်းချုပ်ပုံက ချန်လွေ့၏မှတ်ဉာဏ်ထဲမှ လေသင်္ဘောထက် များစွာ သာလွန်ပေသည်။
လေသင်္ဘောထဲမှ အနက်ရောင်အငွေ့တစ်ခု ဆင်းသက်လာသည်။ မျက်စိ တစ်မှိတ်အတွင်းမှာပင် ၎င်းက နက်ပြားကျွန်းပေါ်သို့ ရောက်လာသည်။ ပုခုံးနှင့် တံတောင်ဆစ်ပေါ်၌ ကြောက်မက်ဖွယ်ရာ အရိုးဆူးချွန်ရှိသော အရပ်မြင့်မြင့် ပုံရိပ်တစ်ခု ပေါ်ထွက်လာပြီး အနက်ရောင်မြူက ဖုံးလွှမ်းထားလေသည်။ သူ၏မျက်လုံးတွင် အနီရင့်ရောင် အလင်းတစ်ခု လင်းလက်နေလေသည်။ ၎င်းမှာ လုပင်မြို့၌ ချန်လွေ့ ရင်ဆိုင်ခဲ့ရသော အမှောင်ဒြပ်စင်ဘုရင် ဟီဂယ် ဖြစ်၏။
[ သရုပ်ခွဲမျက်လုံး ] ၌ S+ ဖြစ်နေဆဲ ဖြစ်သော်လည်း ဟီဂယ်အဆင့်က လုပင်မြို့၌ ရှိနေစဉ်ကထက် များစွာ သာလွန်သွားပြီဖြစ်ကြောင်း ချန်လွေ့ ခံစားမိသည်။ သူ့ဒဏ်ရာတွေ လုံးဝ ပြန်ကောင်းသွားတဲ့ပုံပဲ။ အခုလက်ရှိ အခြေအနေနဲ့ဆိုရင် အရင်တုန်းက ဟီဂယ်ကို ဖိနှိပ်နိုင်ခဲ့တဲ့ ပါ့ဂ်လီအိုတောင် သူ့ပြိုင်ဘက် မဟုတ်လောက်တော့ဘူး။
“မြေဒြပ်စင်ဘုရင်လား။” ဟီဂယ်က ပထမဦးစွာ မိုးရီကို မြင်ခဲ့ပြီး သူ၏ မျက်လုံးထဲမှ အနီရောင်အလင်း တောက်ပသွားခဲ့သည်။
“ဟီဂယ်။ ဒါက မိုးရီပါ။ မင်း မြင်တဲ့အတိုင်းပဲ မြေဒြပ်စင်ဘုရင်က မြေအမှတ်အသားကို အောင်အောင်မြင်မြင်နဲ့ လက်ခံပြီးသွားပြီ။” လန်ဘို့စ်၏အသံ ထွက်လာသည်။
မိုးရီက ဟီဂယ်ကို အရိုအသေပြုပြီးနောက် ဟီဂယ်ကလည်း သတိထားလျက် ပြန်အရိုအသေပြုလိုက်သည်။ ထို့နောက် သူက မိုးရီကို သုံးလေးခေါက် ကြည့်လိုက်သည်။ “သိပ်ကောင်းတယ်။”
ဟီဂယ်၏အကြည့်က မိုးရီနောက်မှ ချန်လွေ့ထံ ရောက်သွားသောအခါ သူ၏ သတ်ဖြတ်ချင်စိတ်က ရုတ်တရက် ပြည့်နှက်သွားသည်။ စိတ်ဝိညာဉ်စွမ်းအားကို အပြည့်အဝ အာရုံစိုက်ထားသော ချန်လွေ့က အန္တရာယ်ကို အသေအချာ ခံစားမိလိုက်သည်။ ချန်လွေ့၏ အသွင်ပြောင်းထားသောမျက်နှာက လုပင်မြို့၌ ဝတ်ရုံနှင့်လူနှင့် လုံးဝကွဲပြားနေသော်လည်း လုပင်မြို့တွင် အမှောင်ဒြပ်စင်ကောင် အများအပြားကို သတ်ပစ်ခဲ့ခြင်းက ချန်ရစ်ခဲ့သော အမုန်းတရား မှတ်ဉာဏ်တစ်မျိုးဖြင့် အမှောင်ဒြပ်စင်ဘုရင်က သူ့ကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိခဲ့လေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကြောက်မက်ဖွယ်ရာ အငွေ့အသက်တစ်ခုက ချန်လွေ့ကို တင်းတင်းကျပ်ကျပ် အသေမှတ်ထားလိုက်သည်။ ယှဉ်၍မရသော သတ်ဖြတ်ချင်စိတ်က သူ၏သွးကို ခဲသွားစေဟန်တူပြီး တစ်ကိုယ်လုံး ကြက်သီးများ ထလာခဲ့လေသည်။
ထို့နောက် ချက်ချင်းပင် အဝါရောင်အလင်းနှင့် အနက်ရောင်မြူတို့က အလျင်အမြန် ရောယှက်သွားကာ မြေပြင်လည်း အနည်းငယ် စတင်တုန်ခါလာသည်။
ခဏကြာပြီးနောက် အနက်ရောင်မြူနှင့် အဝါရောင်အလင်းတို့က ရုတ်တရက် နောက်ဆုတ်လိုက်ကြပြီး မိုးရီနှင့် ဟီဂယ်တို့၏ ပုံရိပ်များ ပြန်ဖြစ်သွားကြသည်။
ဟီဂယ်က သရော်ပြုံး ပြုံးလိုက်သည်။ “မင်းနောက်မှာရှိတဲ့ကောင်က ငါ့ရဲ့ အင်အားအကြီးဆုံး လက်ရွေးစင် နတ်ဆိုးဧကရာဇ်အဆင့်အပါအဝင် အမှောင်ဒြပ်စင်ကောင်တွေ မရေမတွက်နိုင်အောင် သတ်ပစ်ခဲ့တယ်။ ဒီကိစ္စကို မင်း လက်ရှောင်မယ်ဆိုရင် ငါမင်းကို အကြွေးတင်တယ်လို့ သဘောထားလိုက်။ ဒီလို အကြွေးမျိုးက နောက်ပိုင်းကစားပွဲတွေမှာ ဘယ်လောက်အရေးပါလဲဆိုတာကို မင်း သိသင့်တယ်။”
မိုးရီက ထူးထူးခြားခြား လေသံမာမာဖြင့် ခေါင်းခါလိုက်သည်။ “အက်ဂ်ယောက မြေဒြပ်စင်ကောင်တွေအားလုံးနဲ့ ငါ့ရဲ့ အရေးအပါဆုံး မိတ်ဆွေ။ သူ့ကို ထိခိုက်ခွင့်ပြုမှာ မဟုတ်ဘူး။ ဟီဂယ်။ မင်း ပြေလည်နိုင်တယ်ဆိုရင် ငါလည်းမင်းကို ကတိတစ်ခု ပေးနိုင်တယ်။”
ဟီဂယ်က ကြောက်မက်ဖွယ်ရာကောင်းစွာ ပြောလိုက်သည်။ “ပုရွက်ဆိတ်လေး တစ်ကောင်အတွက်နဲ့ မင်းက ဒြပ်စင်ပဋိညာဉ်စာချုပ်ကိုတောင် ဂရုမစိုက်တော့ဘူးလား။”
မိုးရီက တည်တည်ငြိမ်ငြိမ်နှင့် ပြန်ဖြေသည်။ “ငါလည်း ဒါကိုပဲ ပြောချင်နေတာ။ မင်း လက်စားခြေဖို့က ဘုရင်တွေကြားက ပဋိညာဉ်စာချုပ်ထက် ပိုအရေးကြီးတာလား။”
ဟီဂယ်က ရက်ရက်စက်စက် ပြုံးလိုက်သည်။ “ဒီလို အာလူးလေးက ဒြပ်စင် ပဋိညာဉ်စာချုပ်ကိုတောင် ထိခိုက်စေနိုင်တာလား။ မင်းတို့ မြေတုံးတွေရဲ့ ဒြပ်စင်နှလုံးသားက ရေလွှမ်းခံလိုက်ရလို့လား။ ဒြပ်စင်အမှတ်အသားနဲ့ မပေါင်းစပ်ရသေးတဲ့ မင်းက ဒြပ်စင် ပဋိညာဉ်စာချုပ်ဆိုတဲ့ အသုံးအနှုန်းကို ပြောဖို့ အရည်အချင်း ပြည့်မီရဲ့လားဆိုတာ ငါ သိချင်တယ်။”
ထိုသို့ပြောပြီးသည်နှင့် ဟီဂယ်က လက်ကို ဝှေ့ရမ်းလိုက်ရာ ကောင်းကင်တစ်ခုလုံး မှောင်မိုက်သွားသည်။ နက်ပြာကျွန်းတစ်ခုလုံးက ထူးဆန်းပြီး သုန်မှုန်သော အငွေ့အသက်များဖြင့် စတင်ပြည့်နှက်လာသည်။ ကောင်းကင်မှ ဆင်းသက်လာသော မဟာအမှောင်စွမ်းအားကလည်း အရာအားလုံးကို ဝါးမျိုတော့မတတ် ဖြစ်နေသည်။ မိုးရီက လေးနက်သော အမူအရာ ပြသလိုက်သည်။ သူက မြေကြီးကို တက်နင်းလိုက်ရာ အဝါရောင်အလင်းက နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။ လေထဲမှ သုန်မှုန်သော အငွေ့အသက်တွင် လေးလံသော ခံစားချက်တစ်ခု ရှိနေလေသည်။
ဟီဂယ်က သရော်ပြုံး ပြုံးလိုက်ပြီး လေထဲ၌ ပေါ်ထွက်လာသည်။ ကောင်းကင်ရှိ အနက်ရောင်အငွေ့က မြောက်မြားလှစွာသော လက်တံများအဖြစ်သို့ ပြောင်းလဲသွားကာ မိုးရီထံ လှိမ့်လာသည်။ မိုးရီက လက်ကို ကြတ်ခြေခတ်ပြုလုပ်လိုက်ရာ လေထဲရှိ အဝါရောင်အလင်းများက ဒိုင်းကာအလွှာများအဖြစ်သို့ ချိတ်ဆက်သွားကြသည်။ ဒိုင်ကာစွမ်းအားကို လက်တံများ ထိသွားသည်နှင့် ဒုတ်ခနဲ အသံတစ်သံ ထွက်လာသည်။ အနက်ရောင်အငွေ့ ထိသွားသော ဒိုင်းကာ တစ်စိတ်တစ်ပိုင်းက အလျင်အမြန် ပျက်စီးပြီး ယိုယွင်းလာသည်ကို သာမန်မျက်စိဖြင့် မြင်နိုင်ပေသည်။ သို့သော်လည်း ဒိုင်းကာကို တိုက်စားနေသော အနက်ရောင်အငွေ့က တဖြည်းဖြည်းနှင့် ပို၍ပို၍ အဝါရောင် ဖြစ်သွားသည်။ ၎င်းက ဖြည်းဖြည်းချင်း အစိုင်အခဲဖြစ်လာကာ ဒိုင်းကာ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သွားတော့သည်။ နှစ်ဖက်စလုံး၏ စွမ်းအားက အချင်းချင်း ချေဖျက်လိုက်လေသည်။ အချိန်တစ်ခုအထိ တိုးမရဆုတ်မရ အခြေအနေ ဖြစ်နေ၏။
မြေဒြပ်စင်ကောင်များက ခုခံမှုတွင် အကောင်းဆုံး ဖြစ်ကြသည်။ ဟီဂယ်၏ စွမ်းအားက မိုးရီထက် သာနေသည့်တိုင် ဒိုင်းကာ၏ခုခံမှုကို အချိန်တိုအတွင်း မဖောက်ထွင်းနိုင်ခဲ့ပေ။ သို့သော်လည်း ၎င်းမှာ တစ်ယောက်ချင်းတိုင်ပွဲ မဟုတ်ပေ။ လက်တံများက အသုံးမဝင်ကြောင်း မြင်ပြီးနောက် ၎င်းတို့က အမှန်တကယ်ပင် မိုးရီထံမှ ထွက်သွားကာ ချန်လွေ့ထံ လှိမ့်လာသည်။ မိုးရီ မျက်မှောင်ကြုတ်သွား၏။ ချန်လွေ့၏ ခန္ဓာကိုယ်က အလင်းရောင်အလွှာတစ်ခုဖြင့် ရုတ်တရက် လွှမ်းမိုးခြင်း ခံလိုက်ရပြီး ထိုလက်တံများကို တားဆီးလိုက်လေသည်။
ချန်လွေ့ကို ကာကွယ်ရင်း မိုးရီ သတိလက်လွတ်ဖြစ်နေစဉ် ဟီဂယ်က အခွင့်အရေးကို အသုံးချကာ လက်များကို ဖိချလိုက်ရာ ဒိုင်းကာ တုန်ခါသွား၏။ မိုးရီ၏ ခြေထောက်က မြေကြီးထဲသို့ နစ်ဝင်သွားလေသည်။ သို့သော်လည်း သူ၏ခုခံမှုက ပို၍ပင် အားကောင်းလာသည်။ သို့ရာတွင် သူက ချန်လွေ့ကို ကာကွယ်ရဦးမည် ဖြစ်သည်။ နဂိုက ပိုမိုအားနည်းနေသော မိုးရီက အာရုံလွှဲမှုကြောင့် တဖြည်းဖြည်းနှင့် အရေးနိမ့်လာသည်။
ဖြန်ဖျေပေးရန် ကတိပေးခဲ့သော လန်ဘို့စ်က ကြားဝင်မနှောင့်ယှက်ဘဲ ဘုရင်နှစ်ပါး စွမ်းအားသုံးနေကြသည်ကို စိတ်ဝင်တစားနှင့် ကြည့်နေလေသည်။
အချိန်၌ လက်တံများဖြင့် တင်းတင်းကျပ်ကျပ် ရစ်ပတ်ခြင်း ခံထားရသော အလင်းအလွှာက အားကောင်းသော အလင်းရောင်တစ်ခုကို ရုတ်တရက် ထုတ်လွှတ်လိုက်သည်။ နက်မှောင်လှသော အမှောင်ထုသည်ပင် ထိုကြယ်ရောင်ကဲ့သို့ အလင်းရောင်ကို မအုပ်မိုးနိုင်ခဲ့ပေ။
ဟီဂယ်၏မျက်လုံးထဲ၌ အနီရောင်အလင်းတစ်ခု လက်ခနဲ ဖြစ်သွားသည်။ ဒီအလင်းရောင်ထုတ်လွှတ်တဲ့ အငွေ့အသက်က မြေဒြပ်စင်ဘုရင်ရဲ့ စွမ်းအားမဟုတ်တာ သေချာတယ်။ ဒီအလင်းရောင်က ငါ့ကို အတော်လေး မသက်မသာ ခံစားရစေတယ်။ ဒါက အလင်းဒြပ်စင် စွမ်းအားလား။ မဟုတ်ဘူး။ လုံးဝ မဟုတ်ဘူး။
တိုက်ပွဲကိုကြည့်နေသော ရေဒြပ်စင်ဘုရင်၏ အပြာရောင်မျက်လုံးများက ထူးဆန်းသော အမူအရာတစ်ခုကို ပြသလိုက်သည်။ သူက နောက်ဘက်ရှိ လက်ဝါးထဲမှ ရေခဲသလင်းကျောက်ကဲ့သို့ အစုအဝေးတစ်ခုကို တဖြည်းဖြည်း ရုပ်သိမ်းလိုက်၏။
တလက်လက်ဖြစ်နေသော ကြယ်ရောင်က အလင်းရောင်အလွှာရှိသော ပုံရိပ်ထံသို့ တဖြည်းဖြည်းနှင့် ပြန်ရောက်လာပြီး “အက်ဂ်ယော”၏ ပုံရိပ်ကို ပြသလိုက်သည်။ တစ်ချိန်တည်းမှာပင် မြောက်မြားလှစွာသော ကြယ်များက နက်မှောင်သော မြူထဲ၌ ပေါ်ထွက်လာသည်။ ဟီဂယ်က သူ၏စွမ်းအားများ အမှန်တကယ်ပင် အလျင်အမြန် အားနည်းလာကြောင်း ခံစားလိုက်ရသည်။ သူက ပိုင်နက်စွမ်းအားကို အကြိမ်ကြိမ် အသုံးပြုခဲ့သော်လည်း ၎င်းကို မဖြေရှင်းနိုင်ခဲ့ပေ။ သူ ထိတ်လန့်သွား၏။ ဒီလိုမျိုး အားလျှော့သက်ရောက်မှုက အမှောင်ဒြပ်စင်ရဲ့စွမ်းအား ဖြစ်နိုင်တယ်။ ဒါက ဘာလို့ ငါ့လို အမှောင်ဒြပ်စင်ဇစ်မြစ်ကို သက်ရောက်မှု ရှိနေတာလဲ။ ဒါက “ဥပဒေသ” ရဲ့ တကယ့်စွမ်းအားလား။
ဒါနဲ့ ဒီရန်သူက လုပင်မြို့မှာ ရှိတုန်းက နတ်ဆိုးဧကရာဇ်အဆင့် စွမ်းအားပဲ ရှိခဲ့တာ။ အခု သူ ထုတ်လွှတ်နေတဲ့ အငွေ့အသက်က နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း ကိုတောင် ချဉ်းကပ်နေပြီ။ ပြီးတော့ သူ့ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ ချပ်ကာက ....
မိုးရီလည်း အံ့အားသင့်သွားခဲ့သည်။ သူ၏ခန္ဓာကိုယ်မှ အနီရောင်အလင်းက သူ့စွမ်းအားကို ကြီးမားသော အတိုင်းအတာတစ်ခုအထိ တိုးမြှင့်ပေးခဲ့သည်။ တစ်စုံတစ်ယောက်၏ မှော်စွမ်းအားက (ဇိုလာကဲ့သို့) အမြင့်ဆုံးအဆင့်အထိ မရောက်ရှိလျှင် တိုးမြှင့်မှော်ပညာနှင့် အားလျှော့မှော်ပညာက ဒြပ်စင်ဘုရင်များအတွက် သက်ရောက်မှု မရှိပေ။ ချန်လွေ့က မှော်ပညာကို မလေ့ကျင့်သည်မှာ သေချာပေသည်။ သို့သော်လည်း သူက ထိုကဲ့သို့ စွမ်းအားမျိုးကို အသက်သွင်းနိုင်နေသည်။ ၎င်းမှာ အမှန်တကယ် အံ့အားသင့်စရာပင်။
ချန်လွေ့က မိမိနှင့် ဒြပ်စင်ဘုရင်သုံးပါး အကြားတွင် ခြားနားချက် အများအပြား ရှိနေသေးကြောင်း သိသည့်အတွက် မထိမ်ချန်ဘဲ စွမ်းအားအကုန်ကို ချက်ချင်းပင် အသက်သွင်းခဲ့ခြင်း ဖြစ်သည်။ [ အရုဏ်ဦးပစ်ချက် ] ဒါဇင်ခန့်ဖြင့် ဟီဂယ်ကို ပစ်လွှတ်လိုက်သည်။ ဟီဂယ်က လက်ကို ဝှေ့ရမ်းလိုက်ရာ တလက်လက်ဖြစ်နေသော အလင်းစက်လုံးက အနက်ရောင်မြူနှင်းထဲသို့ မြှုပ်ဝင်သွားကာ တဇက်ဇက် အသံများ ထွက်ပေါ်လာပြီးနောက် ပျောက်ကွယ်သွားသည်။ မိုးရီလည်း တန်ပြန်တိုက်ခိုက်လာသည်။ သူ၏ အဝါရောင်ဒိုင်းကာက ထက်မြက်သော အဆူးများအဖြစ်သို့ ရုတ်ချည်း ပြောင်းလဲသွားသည်။ နောက်ဆုံး၌ ဟီဂယ်က ယခင် တည်ငြိမ်မှုကို မထိန်းထားနိုင်တော့ပေ။ သူက အနက်ရောင်အငွေ့အဖြစ် ပြောင်းလဲကာ မြေပေါ်သို့ ဆင်းသက်ပြီး ထက်မြက်လှသာ အဆူးများကို ရှောင်တိမ်းလိုက်လေသည်။
နောက်ဆုံး၌ အမှောင်ဒြပ်စင်ဘုရင်က ချန်လွေ့ကို မျက်နှာချင်းဆိုင် ကြည့်လိုက်သည်။ အစက မိုးရီကို အာရုံပြောင်းအောင် လုပ်ဖို့အတွက် ငါ အသုံးချခဲ့တဲ့ ဒီအာလူးလေးက တကယ်ကြီး တိုက်ပွဲကို သက်ရောက်နိုင်တဲ့ စွမ်းရည် ရှိနေတာပဲ။
ချန်လွေ့၏ အကူအညီနှင့်အတူ မိုးရီက နိမ့်ကျနေရာမှ အနည်းငယ် ပြန်လာနိုင်လာသည်။ ထိုအချိန်တွင် ထူးဆန်းပြီး လေးလံသော အငွေ့အသက်ကြားထဲ၌ နူးညံ့သော စွမ်းအားတစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။ ၎င်းက လှိုင်းတွန့် အလွှာများအဖြစ်သို့ ပြောင်းလဲသွားကာ ဟီဂယ်နှင့် မိုးရီတို့ကို တစ်ချိန်တည်းမှာပင် လွှမ်းမိုးသွားခဲ့သည်။
ဘုရင်နှစ်ပေါးက ပျော့ပျောင်းဟန်တူသော လှိုင်းတွန့်များထဲ၌ ကြီးစွာသော ဖိအား ပါရှိနေကြောင်း ခံစားလိုက်မိသည်။ ဟီဂယ်၏ လက်ကောက်ဝတ်တွင် အရိုးရှည် ဆူးချွန်ကဲ့သို့ ဓားသွားများ ပေါ်ထွက်လာသည်။ ထို့နောက် သူက မြန်နှုန်းမြင့် ဝှေ့ရမ်းပြီး နောက်ဆုတ်လိုက်သည်။ လှိုင်းတွန့်များက အနားမကပ်လာခင်မှာပင် ကွဲထွက်သွား၏။ ၎င်းတို့ ပြန်လည်မပေါင်းစည်းနိုင်ခင်မှာပင် အနက်ရောင်အငွေ့ကြောင့် လုံးဝ တိုက်စားခံလိုက်ရသော်လည်း ဟီဂယ်က နောက်ဆုံး ၇လှမ်း ၈လှမ်း ဆုတ်ခွာခဲ့ရသည်။
မိုးရီ၏ခန္ဓာကိုယ်အရှေ့တွင် ရေမြှုပ်ကဲ့သို့ စွမ်းအားပုံစံကွက်တစ်ခု ပေါ်ထွက်လာသည်။ လှိုင်းတွန့်များ အားလုံးကို ထို “ရေမြှုပ်က” စုပ်ယူလိုက်သည်။ ဖောင်းကားလာသော “ရေမြှုပ်”က တဖြည်းဖြည်း ပြန်ပိန်လာပြီး ထူးဆန်းသော တွန့်လိမ့်မှုတစ်ခုဖြင့် ပျောက်ကွယ်သွားခဲ့သည်။ သို့သော်လည်း မိုးရီက မြေထဲသို့ ဒူးအထိ လုံးဝ နစ်နေခဲ့သည်။
“မင်း ဘာလုပ်နေတာလဲ လန်ဘို့စ်။” ဟီဂယ်က အော်ပြောလိုက်သည်။
“မင်းတို့ တိုက်ခိုက်နေတာကို ကြည့်ရင်းနဲ့ ငါ့လက် နည်းနည်း ယားလာလို့ပါ။” လန်ဘို့စ်၏ တည်ငြိမ်သောအသံ ထွက်လာသည်။ “ဒါနဲ့ မင်း မိုးရီကို ‘မြေတုံး’လို့ပြောတာ ကန့်ကွက်စရာ မရှိဘူး။ ဒါပေမဲ့ သူ့ရဲ့ ဒြပ်စင်နှလုံးသားက ‘ရေ’လွှမ်းနေတယ်လို့ မင်း ပြောခဲ့တယ်။ အဲဒါကြောင့် မင်းက ရေဒြပ်စင်ကောင်တွေကို အသရေဖျက်ပြီးတော့ ရန်စတယ်လို့ သတ်မှတ်ဖို့အတွက် ငါ့မှာ ခိုင်လုံတဲ့ အကြောင်းပြချက်တွေ ရှိတယ်။”