ဓားမောက်ရှည်နှင့် စောင်းကောက်
Vol. 39 Ch. 599
နာဂါများက မယ်ဒူဆာများကဲ့သို့ မြွေမျက်လုံးနှင့် မြွေဆံပင်များ မရှိကြပေ။ ၎င်း၏ မျက်နှာမှာ လူသားများ၊ နတ်ဆိုးများနှင့် မခြားနားကြပေ။ ထိုနာဂါတွင် လှပကြော့ရှင်းသော မျက်နှာရှိပြီး ရဲစွမ်းသတ္တိရှိသော လက္ခဏာလည်း ရှိနေ၏။ သူ၏ အနည်းငယ်ညိုနေသော အရေပြားက အပြစ်အနာအဆာ ကင်းမဲ့လှပြီး အသံသြသြလေးက အတော်လေး ဆွဲဆောင်မှု ရှိပေသည်။ ဝမ်းဗိုက်အောက်နှင့် လက်၆ဖက်ကို မကြည့်လျှင် သူသည် စွဲမက်စရာ မိန်းမလှတစ်ယောက်ပင် ဖြစ်လေသည်။
သို့သော်လည်း “စွဲမက်စရာ”ဟူသော စကားလုံးကို ထိုမိန်းကလေးနှင် တွဲဖက်၍ ရနိုင်မည် မဟုတ်ပေ။ အကြောင်းမှာ ချန်လွေ့ကို သူပေးခဲ့သော ရွေးချယ်စရာနှစ်ခုတွင် ရလာဒ်တစ်ခုတည်း ရှိနေ၍ပင် ဖြစ်သည်။ ၎င်းမှာ သေခြင်းပင်။
“ကျွန်မက နာဂါမျိုးနွယ်စုရဲ့ ခေါင်းဆောင်ငယ်နဲ့ မျှော်စင်ဖြူ ရှေ့တန်းတပ်စခန်း ခေါင်းဆောင် စထရီနာပဲ။ အခု ကျွန်မ ရှင့်ကို စဉ်းစားဖို့ နောက်ဆုံး အချိန် တစ်မိနစ် ပေးမယ်။ မဟုတ်ရင် ပထမတစ်ခုကို အလိုလို ရွေးချယ်ရမယ်။” စထရီနာက ပြင်းထန်သော သတ်ဖြတ်ချင်စိတ်ဖြင့် ပြောလိုက်သည်။ နာဂါများသည် သာမန်မျိုးနွယ်စုများနှင့် နတ်ဆိုးသားရဲများထက် များစွာသာလွန်သော တိုက်ခိုက်ရေးသိစိတ်များရှိသည့် အစွမ်းထက်မျိုးနွယ်စုဖြစ်ကြောင်း မိုးရီ ပြောခဲ့ဖူးသည်။ သူတို့၏ အနီးကပ် တိုက်ခိုက်ရေး စွမ်းရည်မှာ အထူးသဖြင့် ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။ စထရီနာက အင်အားကြီးသော ရန်သူတစ်ယောက် ဖြစ်သည်မှာ သေချာပေသည်။
နောက်ဘက်တွင် နာဂါးများ တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာကာ သစ်တောတစ်ခုလုံးကို ဝိုင်းရံလိုက်သည်။ စထရီနာအပြင် အနည်းဆုံး နတ်ဆိုးအရှင်သခင်အဆင့် ကနဦးပိုင်း တစ်ယောက်နှင့် နတ်ဆိုးဧကရာဇ်အဆင့် ဆယ်ယောက်ကျော် ရှိကြသည်။ ကျန်ရှိသောသူများမှာ အနည်းဆုံး နတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်းများ ဖြစ်ကြပေသည်။
ချန်လွေ့က စိတ်ထဲ၌ အံ့အားသင့်သွားခဲ့သည်။ မျိုးနွယ်စု ခေါင်းဆောင်ငယ်မှာ ဒီလိုမျိုးစွမ်းအား ရှိနေတာပဲ။ ဒီနာဂါတွေက နာဂါမျိုးနွယ်စု တစ်ခုလုံးရဲ့ တစ်စိတ်တစ်ပိုင်းပဲ ဆိုတာ သေချာတယ်။ ဒါကြောင့် မာယာရှင်မျိုးနွယ်စုက ဟာပီစုန်းမတွေနဲ့ ပူးပေါင်းတာတောင် အသက်ရှင်ဖို့အတွက် တစ္ဆေသန္တာကျောက် အနည်းငယ်ကိုပဲ ရခဲ့တာကိုး။ ဒါပေမဲ့ အဲဒါက ငါ အဖမ်းခံရဖို့ စောင့်နေရမှာလို့ မဆိုလိုဘူး။ ဒါပေမဲ့ ငါ့ရဲ့ နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းက ရန်သူကို မခုခံနိုင်တာ သေချာတယ်။ [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] ကို သုံးပြီးတော့ အစွမ်းကုန် တိုက်ခိုက်ပြီးတော့ နာဂါတွေအားလုံးကို သတ်ပစ်နိုင်ရင် အနည်းငယ်တော့ ဝိုင်းရံမှုကနေ ဖောက်ထွက်နိုင်မယ်။ သဲလူသားတွေကို ပြန်ရှင်သန်အောင် လုပ်နိုင်ပေမဲ့ ရေဒြပ်စင်ကောင်တွေက သေချာပေါက် အသက်ရှင်မှာ မဟုတ်ဘူး။ ပြီးတော့လည်း ရေဒြပ်စင်ကောင်တွေက ငါ့ရဲ့ သင်္ဘောသားတွေ။ သူတို့ရဲ့ လမ်းပြမှုမရှိရင် သဲလူသားတွေက ဟီဂယ်ရဲ့ အချိန်အကန့်အသတ်အတွင်း ဒီမြူဖုံးပင်လယ်နက်ထဲက လျို့ဝှက်မြူဖုံးကျွန်းကို ရောက်နိုင်မှာ မဟုတ်တာ သေချာတယ်။
[ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] ကို သုံးရင် ငါ အိပ်ပျော်သွားလိမ့်မယ်။ နောက်ဆုံး အချိန်မှပဲ ဒါကို အသက်သွင်းရမယ်။
ချန်လွေ့က ပင့်သက်ရှိုက်လိုက်ပြီး တိတ်တိတ်လေး စွမ်းအားစုစည်းကာ မေးသည်။ “မစ်-စထရီနာ။ မရွေးချယ်ခင် ကျုပ် နောက်ဆုံးတစ်ခု မေးချင်တယ်။ အခုသေရမှာနဲ့ နောက်နှစ်ရက်မှ သေရမှာက ဘာကွာလို့လဲ။”
စထရီနာက ထိုကဲ့သို့ မမျှော်လင့်ထားလောက်အောင် တည်ငြိမ်နေသော ရန်သူကို ကြည့်ပြီး အေးစက်စက်နှင့် ပြန်ဖြေသည်။ “နောက်နှစ်ရက်ကျရင် နာဂါမျိုးနွယ်စုက လျို့ဝှက်မြူဖုံးပင်လယ်မှာ ပင်လယ်စတေးမှုတစ်ခု ကျင်းပမယ်။ အဲဒီအချိန် ရှင်က ပင်လယ်နက် နတ်ဘုရားဆီမှာ စတေးခံရမယ်။”
လျို့ဝှက်မြူဖုံးပင်လယ်၊။ ပင်လယ်နက် နတ်ဘုရား။ နာဂါတွေရဲ့ ပင်လယ်စတေးမှု ဟုတ်လား။ ချန်လွေ့က ချက်ချင်းပင် ပထမ မှတ်တိုင်ကို တွေးမိလိုက်သည်။ သူ ယခု သွားနေသည်မှာ လျို့ဝှက်မြူနှင်းပင်လယ် ဖြစ်ပေသည်။ သူ၏အတွေးများ ထက်မြက်လျက် စတင်လှည့်ပတ်သွားတော့သည်။
“ဒါမှမဟုတ်...ရှင် ကံကောင်းရင် ပင်လယ်စတေးမှုကနေ လွတ်မြောက်နိုင်တယ်။” စထရီနာက ထပ်ဖြည့်ပြောလိုက်ပြီး သူ၏ အစိမ်းရောင်မျက်လုံးထဲ၌ ထူးဆန်းသော အကြည့်တစ်ခု လက်ခနဲ ဖြစ်သွားကာ စိတ်အနည်းငယ် ရှုပ်ထွေးသွားဟန်တူသည်။ ထိုကဲ့သို့ အနည်းငယ် ပြောင်းလဲမှုကို ချန်လွေ့၏ စိတ်ဝိညာဉ်စွမ်းအားက ချက်ချင်း သတိထားမိလိုက်သည်။ လှုပ်ရှားချင်ရင် အခုက အကောင်းဆုံး အချိန်ပဲ။
ထိုအချိန်၌ ဒိုဒို၏အော်သံက နာဂါအုပ်စုထံမှ ထွက်လာလေသည်။ “သခင်။ ကယ်ပါဦး။”
စထရီနာ၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး ချက်ချင်းပင် သတိပြန်ဝင်သွား၏။ ဓားမောက်ရှည်ကို ကိုင်ထားသော လက်၆ဖက်က ပုံစံတစ်ခု အနည်းငယ် ပြောင်းသွားပြီး မိမိ၏ အနေအထား အမျိုးမျိုးကို ထို ဓားမောက်ရှည်၆လက်ကို တစ်ချိန်တည်းမှာပင် အသေမှတ်ထားလိုက်ကြောင်း ချန်လွေ့ သေသေချာချာ ခံစားမိနေသည်။ သူ မဆင်မခြင် လှုပ်ရှားလိုက်သည်နှင့် ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုတစ်ခုကို ခံစားရမည်မှာ သေချာပေသည်။
“အချိန်ပြည့်ပြီ။ ကျူးကျော်သူ။ ရှင့်ရဲ့ ရွေးချယ်မှုကို ပြော။”
ချန်လွေ့က သဲလူသားများနှင့် ရေဒြပ်စင်ကောင်များကို ကြည့်လိုက်ပြန်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ နောက်ဆုံး၌ သူက စိတ်ကိုပိုင်းဖြတ်ပြီး အစမ်းသဘော မေးကြည့်သည်။ “ကျုပ်အဖော်တွေနဲ့ ကျုပ်ရဲ့အသက်တွေအတွက် အဖိုးတန် ရတနာတွေနဲ့ လဲလှယ်လို့ ရနိုင်မလား။”
“တန်ဖိုးအရှိဆုံးအရာက ရှင့်အသက်ပဲ။” စထရီနာက ပြင်းထန်သော သတ်ဖြတ်ချင်စိတ်နှင့်အတူ သရော်ပြုံးပြုံးလိုက်သည်။ “အပိုတွေ ပြောမနေနဲ့တော့။ အချိန်ဆွဲရင် ရှင်သေတာ ပိုမြန်မယ်။”
“မဒမ်-စထရီနာ။ ကျုပ်ပြောတာကို အရင် နားထောင်ပေးပါ။ ကျုပ်အသက်အတွက် အလဲအလှယ်အနေနဲ့ ဒဏ္ဍာရီထဲက မိစ္ဆာသစ်သီးလိုမျိုး အသက်ကလွဲ၍ အရာအားလုံးကို တွန့်တိုမှာ မဟုတ်ပါဘူး။ ဒါက မဒမ်အတွက် မမျှော်လင့်ထားတဲ့ အံ့အားသင့်စရာတွေ ယူဆောင်လာပေးနိုင်တယ်။”
“မိစ္ဆာသစ်သီး ဟုတ်လား။” စထရီနာ၏ အစိမ်းရောင်မျက်လုံးများက ထူးခြားသော စိတ်လှုပ်ရှားမှုများဖြင့် တောက်ပသွားသည်။ မိစ္ဆာသစ်သီးမှာ စွမ်းအားကို တိုးစေရုံသာမက အလားအလာကိုပါ တိုးမြှင့်ပေးနိုင်သော ဒဏ္ဍာရီထဲမှ ရှားပါးသစ်သီးတစ်မျိုးဖြစ်ကြောင်း သွေးမျိုးဆက်မှတ်ဉာဏ်က သူ့ကို ပြောနေသည်။ ထို့ပြင် ထပ်တိုး အထူးစွမ်းရည်များ ရရှိနိုင်သည့် အလွန်အမင်း သေးငယ်သော အခွင့်အရေးတစ်ခုလည်း ရှိနေသည်။
“ဟုတ်တယ်။ ဒါက မိစ္ဆာသစ်သီးပါ။” ချန်လွေ့၏လက်ထဲ၌ အရောင်ဖျော့ဖျော့ တောက်နေသော အနီရောင်သစ်သီးတစ်လုံး ထွက်ပေါ်လာသည်။
စထရီနာ၏ စိတ်ဝိညာဉ်စွမ်းအားက အတော်လေး အားကောင်းလှသည်။ ထိုသစ်သီးက ထုတ်လွှတ်သော အထူးအငွေ့အသက်ကို သူ အာရုံခံမိပြီး အနည်းငယ် တုန်လှုပ်သွားသည်။ သူ ရှေ့တက်ရန် ပြင်လိုက်စဉ် သစ်သီးက ချန်လွေ့၏လက်ထဲ၌ ပျောက်ကွယ်သွားခဲ့သည်။
“ကျုပ်ကို ခွင့်လွှတ်ပေးပါ။ ဒါက နေရာလွတ်မှော်ပညာရဲ့ လှည့်ကွက်လေး တစ်ခုပါ။” ချန်လွေ့က ပြတ်သားမှုကို ပြသလိုက်သည်။ “ကျုပ်နဲ့ ကျုပ်ရဲ့ အဖော်တွေကို လွှတ်ပေးနိုင်ရင် ဒီမိစ္ဆာသစ်သီးက မဒမ်အတွက်ပဲ။ မဟုတ်လို့ကတော့ ဒါက သေတဲ့အထိ ကျုပ်ကို အဖော်ပြုသွားလိမ့်မယ်။”
စထရီနာက ချန်လွေ့ကို ခဏစိုက်ကြည့်ပြီး ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။ “ဒါက ဒဏ္ဍာရီထဲကအတိုင်း အာနိသင်ရှိမယ်ဆိုရင် ရှင့်ကို အန္တရာယ်ကင်းကင်းနဲ့ လွှတ်ပေးမယ်လို့ နာဂါမျိုးနွယ်စုရဲ့ ရွှေတဲအိမ်နဲ့ ကျိန်ဆိုတယ်။ ဒါပေမဲ့ ဒီမတိုင်ခင်တော့ တစ်ယောက်ယောက်နဲ့ အရင်တွေ့ဖို့အတွက် မိုးကြိုးမြွေကျွန်းကို ကျွန်မနဲ့အတူ အရင်ဆုံး သွားရမယ်။”
ထို့နောက် စထရီနာက နောက်ဘက်ကို လက်ယပ်ခေါ်လိုက်သည်။ နာဂါများက လက်ထိပ်များဖြင့် ရောက်လာကြသည်။ “ဒါက ကြယ်ပြာရေလေးနဲ့ တစ္ဆေသန္တာကျောက်နဲ့ လုပ်ထားတဲ့ ကျက်သရေပြာ လက်ထိပ်ပဲ။ ဒါက စွမ်းအားနှင့် မှော်ပညာကို ချုပ်တည်းနိုင်တယ်။ ကျွန်မရှင့်ကို သတိပေးလိုက်မယ်။ အဓိပ္ပာယ်မရှိတဲ့ ရုန်းကန်မှုတွေ လုပ်ဖို့ မကြိုးစားပါနဲ့။”
ကြယ်ပြာရေလေးတဲ့လား။ ဒါက ရှေးဟောင်း အဂ္ဂိရတ် သက်ရှိအဖွဲ့အစည်းမှာ စုစည်းရုပ်သေးအတွက် လိုအပ်တဲ့ ကုန်ကြမ်း မဟုတ်လား။ ချန်လွေ့ အနည်းငယ် အံ့အားသင့်သွားသော်လည်း ယခုမှာ ၎င်းကို အာရုံစိုက်နေရန် အချိန်မဟုတ်ပေ။ သူ၏ အချက်ပြမှုအောက်တွင် သဲလူသားနှင့် ရေဒြပ်စင်ကောင်တို့က လက်ထပ်များ၏ ချုပ်နှောင်မှုကို မခုခံခဲ့ကြပေ။
ပထမဆုံး ဖမ်းမိသူဖြစ်သည့် ဒိုဒိုကို အထူးပြုလုပ်ထားဟန်တူသော လှောင်အိမ် တစ်ခုအတွင်း ဖမ်းဆီးထားပြီး သူက အားနည်းနေဟန်တူသည်။ သူက အတော်လေး ထိခိုက်ခဲ့ပုံရသည်။ ချန်လွေ့နှင့် အခြားသူများကို စထရီနာတို့အဖွဲ့က သစ်တောမှတစ်ဆင့် ခေါ်သွားခဲ့ပြီး အလွန်ကြီးမားသော အဖြူရောင် ကျောက်အိမ်များရှိသည့် တောင်နံဘေး တစ်ခုသို့ ရောက်လာကြသည်။ ထိုနေရာတွင် ကင်းလှည့်စောင့်ကြပ်နေသော နာဂါ ဒါဇင်ခန့် ရှိနေသည်။ မျက်နှာချင်းဆိုင်ရှိ တောင်ကုန်းထိပ်ပေါ်တွင် မြင့်မားသော စောင့်ကြည့်မျှော်စင်တစ်ခု ရှိသည်။ ၎င်းက မိုးကြိုးမြွေကျွန်းစု၏ အပြင်အစွန်းရှိ နာဂါများအတွက် ကင်းစောင့်နေရာတစ်ခု ဖြစ်နိုင်ပေသည်။
“မဒမ်-စထရီနာ ပြန်လာပြီပဲ။ နတ်ဆိုးအရှင်သခင်အဆင့် ကနဦးပိုင်း နာဂါတစ်ယောက်က ရင်ဘတ်ပေါ် လက်တင်ပြီး အရိုအသေ ပြုလိုက်သည်။”
“မက်တီ။ သင်္ဘောကို ချက်ချင်း ပြင်ထား။ မဒမ်-မျိုးနွယ်စုခေါင်းဆောင်နဲ့ တွေ့ဖို့အတွက် ဒီဖမ်းမိထားတဲ့သူတွေကို မိုးကြိုးမြွေကျွန်းဆီ ငါကိုယ်တိုင် ပို့မယ်။”
မက်တီက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ “မဒမ်-စထရီနာ။ ကျွန်မကို ခွင့်လွှတ်ပေးပါ။ ခေါင်းဆောင်က သူ့အမိန့်မပါဘဲနဲ့ မဒမ့်ကို ဒီနေရာကနေ ထွက်သွားခွင့် မပြုဘူးလို့ သေသေချာချာ အမိန့်ပေးထားပါတယ်။”
စထရီနာ၏ အစိမ်းရောင်မျက်လုံးထဲ၌ အေးစက်မှုတစ်ခု ရှိနေသည်။ သူ၏လက်ထဲ၌ ဓားမောက်ရှည်၆လက် ရုတ်တရက် ပေါ်ထွက်လာပြီး သူ၏အသံလည်း အေးစက်သွားသည်။ “ငါက မျှော်စင်ဖြူ ရှေ့တန်းတပ်စခန်းရဲ့ အမြင့်ဆုံး ခေါင်းဆောင်ပဲ။ ငါ နောက်တစ်ခေါက် ပြန်ပြောမယ်။ အခုချက်ချင်း သင်္ဘောတစ်စင်း ပြင်ထား။”
ဟန်ဆောင်ခြင်းမဟုတ်သော ကြောက်မက်ဖွယ်ရာ သတ်ဖြတ်ချင်စိတ်တစ်ခု၏ ဝိုင်းရံခြင်းကို ခံနေရကြောင်း မက်တီ ခံစားမိလိုက်ပြီး ထိတ်လန့်သွားခဲ့သည်။ သူက ခန္ဓာကိုယ်ကို တွန့်လိမ်ရင်း နောက်သို့ အနည်းငယ် ဆုတ်သွားသည်။ “မဟုတ်ဘူး။ မဒမ်-စထရီနာ။ ခေါင်းဆောင်က....”
သူ စကားပြောမပြီးသေးခင်မှာပင် ဓားမောက်ရှည် အလင်းရောင် လက်ခနဲ ဖြစ်သွားပြီး ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ မက်တီက ထိုနေရာ၌ ရပ်နေဆဲ ဖြစ်ပြီး သူ၏နဖူးက ချွေးစေးများဖြင့် ပြည့်နှက်နေသည်။ စိတ်ဝိညာဉ်စွမ်းအား S+ အဆင့်အထိ ရောက်နေပြီဖြစ်သော ချန်လွေ့က ထိုအခိုက်အတန့်၌ စထရီနာသည် ၅၄ချက် ခုတ်ပိုင်းခဲ့ကြောင်း သေသေချာချာ အာရုံခံမိခဲ့သည်။ နတ်ဆိုးအရှင်သခင်အဆင့် စွမ်းအားအရ ၎င်းမှာ သိပ်မမြန်လှသော်လည်း ထိုခုတ်ချက်အားလုံးမှာ မက်တီ၏ ဘယ်မျက်တောင်ကိုသာ ဖြစ်သည်။ သူက မျက်တောင် ၅၄ချောင်းကို ပိုင်းဖြတ်ခဲ့၏။ ပိုလည်းမပို၊ လျော့လည်းမလျော့ပေ။
၎င်းမှာ သရုပ်ပြခြင်း မဟုတ်ဘဲ အမှန်တကယ် တိုက်ခိုက်ခြင်း ဖြစ်သည်။ မက်တီက တုံ့ပြန်ရ အချိန်လုံးဝမရှိသလောက် ဖြစ်ခဲ့သည်။ စထရီနာက ဓားမောက်ရှည်များကို အရှိန်မြန် ဝှေ့ရမ်းနေရင်း ထိုမျှအသေးစိတ်သောအဆင့်အထိ စွမ်းအားကို ထိန်းချုပ် နေနိုင်လေသည်။ ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာ ဓားစွမ်းရည်မျိုးကို “စိတ်ရှိသလို ပြုလုပ်ခြင်း” ဟူ၍ ဖော်ပြရန် မလုံလောက်နိုင်ပေ။
[ ၆ခု ကိုင်ဆွဲခြင်း ] ။ ၎င်းမှာ နာဂါမျိုးနွယ်စု၏ သွေးမျိုးဆက်ထဲသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်နေသော ဓားပညာရပ် ဖြစ်သည်။ ထို့ပြင် ၎င်းကို နာဂါမျိုးနွယ်စု ခေါင်းဆောင်ငယ်လေးက ပြတ်ပြတ်သားသား အသုံးချခဲ့လေည်။
ထိုတိုက်ခိုက်မှုကိုသာ ခံရလျှင် [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] ကိုသာ အသက်သွင်းထားသည့်တိုင် ခုခံရန် အတော်လေး ခက်ခဲလိမ့်မည်ဟု ချန်လွေ့ စိတ်ထဲ၌ တွေးမိလိုက်သည်။ ဒါက တကယ့်ကို အံ့သြဖွယ်ရာ အနီးကပ်တိုက်ခိုက်ရေး စွမ်းရည်ရှိတဲ့ မျိုးနွယ်စု တစ်ခုပဲ။
“ငါ့ကို မိုးကြိုးအလင်းသင်္ဘောပေး။” စထရီနာ အော်ပြောလိုက်သည်။
အပေါ်ယံ၌ မက်တီ၏ စွမ်းအားအဆင့်က စထရီနာထက် အနည်းငယ်သာ နိမ့်ပါးသော်လည်း ကြောက်မက်ဖွယ်ရာ အဟုန်ကြောင့် တုန်လှုပ်နေလေသည်။ ခဏတာ တုံ့ဆိုင်းပြီးနောက် သူက အတွင်းတွင် ခရမ်းရောင်ရွက်သင်္ဘော အသေးစားရှိသော အုန်းသီးအရွယ် ဖောက်ထွင်းမြင်ရသည့် အလုံးတစ်လုံးကို ထုတ်ပေးလိုက်သည်။
စထရီနာ၏လက်ထဲမှာ ဓားမောက်ရှည် ချက်ချင်းပင် ပျောက်ကွယ်သွား၏။ အလုံးကို လက်ခံရရှိပြီးနောက် မိမိကို အသေမှတ်ထားသော သတ်ဖြတ်ချင်စိတ် တဖြည်းဖြည်း ကွယ်ပျောက်သွားကြောင်း မက်တီ ခံစားလိုက်မိသည်။ သူက တိတ်တိတ်လေး စိတ်သက်သာရာရသွားပြီး စကားထပ်မပြောရဲတော့ပေ။
“ကိတ်။ ဂျူဒီ။ နင်တို့ရဲ့ အဖွဲ့တွေခေါ်ပြီး ငါ့နဲ့လိုက်ခဲ့။”
စထရီနာက နာဂါ ဒါဇင်ကျော်ခန့်ကို ခေါ်လိုက်သည်။ ခေါင်းငုံ့ကို တိတ်ဆိတ်နေသော မက်တီကို ကြည့်ရင်း စထရီနာက စကားတစ်ခွန်း ပြောသည်။ “မျိုးနွယ်စု ခေါင်းဆောင်ကို ငါ ရှင်းပြလိုက်မယ်။” ထို့နောက် သူက နောက်ပြန်လှည့်မကြည့်ဘဲ ချန်လွေ့နှင့် အခြားသူများကို စောင့်ကြည့်မျှော်စင်နောက်သို့ ခေါ်သွားသည်။
ထိုမြင်ကွင်းက ချန်လွေ့က အနည်းငယ် ထူးဆန်းသလို ခံစားသွားရစေသည်။ မျိုးနွယ်စုခေါင်းဆောင်ငယ်ကို မျိုးနွယ်စုခေါင်းဆောင်က အပြစ်ပေးထားတာလား။ ဒါမှမဟုတ် နာဂါတွေကြားမှာ ပြဿနာတစ်ခုခု ရှိနေတာလား။ ထူးဆန်းတာ တစ်ခုခု ရှိမယ်ဆိုရင် မိစ္ဆာသစ်သီး ပေါ်ထွက်လာတာက ဗြဟ္မာဦးခေါင်း လိုမျိုးပဲ။ နောက်မှ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို မဖြစ်ရင် ကောင်းမယ်။
သုံးလေးနာရီ ကြာပြီးနောက် သူတို့က ကျွန်း၏ အခြားဘက်ခြမ်း ကမ်းခြေသို့ ရောက်လာခဲ့ကြသည်။
စထရီနာက အလုံးကို ရေထဲသို့ လွှင့်ပစ်လိုက်ရာ ဆပ်ပြာပူဖောင်းကဲ့သို့ပင် ပေါက်ကွဲထွက်သွား၏။ ထို့နောက် ယခင် “ပုံစံငယ်” အတိုင်း အတိအကျပင် သူ၏အရှေ့၌ ထူးဆန်းသော အသွင်အပြင်ရှိသည့် ခရမ်းရောင် သင်္ဘောကြီးတစ်စင်း ပေါ်ထွက်လာလေသည်။
အားလုံး သင်္ဘောပေါ်သို့ ရောက်သောအခါ နာဂါများက စတင် ရွက်လွှင့်ကြသည်။ စထရီနာ ပြောသည့်အတိုင်းဆိုလျှင် ယခုတစ်ခေါက် ခရီးပန်းတိုင်မှာ နာဂါမျိုးနွယ်စု၏ အဓိကအခြေစိုက်စခန်းဖြစ်ပြီး မိုးကြိုးမြွေ ကျွန်းစု၏ အချက်အချာလည်း ဖြစ်သော မိုးကြိုးမြွေကျွန်း ဖြစ်သည်။ ထူးဆန်းသည်မှာ ထို“မိုးကြိုးအလင်းသင်္ဘော”တွင် ထူးဆန်းသော အငွေ့အသက်တစ်ခု ရှိနေခြင်းပင်။ လမ်းတစ်လျှောက်၌ အလွန်ကြီးမားသော ပင်လယ်မြွေများ ရှိကြသော်လည်း နာဂါများကို မတိုက်ခိုက်ခဲ့ပေ။
ချန်လွေ့၏ တောင်းဆိုချက်ကြောင့် သူနှင့် သူ၏အစေခံကို အကျဉ်းခန်း တစ်ခုထဲသို့ ထိန်းသိမ်းထားခဲ့သည်။ ကျက်သရေပြာ လက်ထိပ်က ဒိုဒိုအပေါ်၌ သက်ရောက်မှု အများအပြား မရှိသော်လည်း ဉာဏ်များသော သတ္တိနည်းသော ဒိုဒိုက နာဂါများ၏ စွမ်းအားကို ကြောက်သည့်အတွက် ချုပ်တည်းခံရဟန်ဆောင်ပြီး ငြိမ်ငြိမ်လေး နေနေခဲ့သည်။
အစောင့်များ ထွက်သွားပြီးနောက် ချန်လွေ့က ဒိုဒိုကို ထွက်လာရန် ပြောသည်။ သူက ခရမ်းမီးတောက်နှလုံးသား လက်စွပ်မှ အသွင်ပြောင်းထားသော မျက်မှန်ကို ထုတ်ကာ ရတနာ မြေပုံကို စတင်ကြည့်ရှုတော့သည်။ အမှန်တကယ်ပင် သူ၏ တည်နေရာကို ကိုယ်စားပြုသော အလင်းရောင် အမှတ်အသားက ဗဟိုမှတ်နှင့် အနည်းငယ် ပို၍ ရွေ့လျားလာခဲ့သည်။ လမ်းတစ်လျှောက်ရှိ ပင်လယ်နှင့် ကျွန်းများလည်း “လင်းလက်”လာသည်။ ချန်လွေ့က စိတ်ကို အသုံးချပြီး ပုံကြီးချဲ့ကြည့်ရာ သူ၏ ယခင်ဘဝမှ ဂြိုလ်တုမြေပုံ ကဲ့သို့ပင် အသေးစိတ်မြင်ကွင်းများနှင့် အခြေအနေအချို့ကိုပင် မြင်ခဲ့ရသည်။ ထို့အပြင် ၎င်းမှာ လှုပ်ရှားနေလေသည်။
မရှာတွေ့သေးသော မရောက်သေးသော နေရာများမှာ ဝါးတားတား ဖြစ်နေဆဲ ဖြစ်သည်။ ချန်လွေ့က ပုံကြမ်းသာ မြင်နိုင်ခဲ့သည်။ ၎င်းတစ်ခုတည်းက ထိုရတနာမြေပုံကို ဆန်းကြယ်စေသည်။
တစ်ရက်နှင့်တစ်ည ကြာပြီးနောက် မိုးကြိုးအလင်းသင်္ဘော ရပ်တန့်သွား၏။
ချန်လွေ့ကဲ့သို့သော ဖမ်းဆီးရမိသူများကို ကမ်းခြေသို့ ပို့ဆောင်ခဲ့သည်။ ၎င်းမှာ မျှော်စင်ဖြူ ရှေ့တန်းတပ်စခန်း တည်ရှိရာ ကျွန်းထက် အစပေါင်း ဒါဇင်ခန့် ပိုကြီးသည်။
လမ်းတစ်လျှောက်၌ ချန်လွေ့က နာဂါ အများအပြားကို မြင်ခဲ့ရသည်။ စထရီနာ အရိုအသေပြုနေသည်ကို မြင်သည့်အတွက် ၎င်းမှာ နာဂါအသိုက် တည်ရှိရာ မိုးကြိုးမြွေကျွန်း ဖြစ်လောက်ပေသည်။
“ရှင် ကျွန်မနဲ့ လိုက်ခဲ့။” စထရီနာက ချန်လွေ့ကို အမိန့်ပေးလိုက်သည်။
ချန်လွေ့ အလျင်အမြန် စဉ်းစားလိုက်၏။ “ခင်ဗျားရဲ့ ခေါင်းဆောင်ဆီ သွားမှာလား။”
“ရှင် အခု သိစရာ မလိုဘူး။” စထရီနာက အေးစက်စက်နှင့် ပြန်ဖြေသည်။ “ရှင်သိဖို့လိုတာက မိစ္ဆာသစ်သီးက အတုပဲဖြစ်ဖြစ်၊ ဒဏ္ဍာရီလာ အာနိသင်မျိုး မရှိရင်ပဲ ဖြစ်ဖြစ် ဖြစ်လာခဲ့ရင် ရှင်နဲ့ ရှင့်လူတွေကို မနက်ဖြန် ပင်လယ်စတေးမှုမှာ စတေးခံရမှာ ဆိုတာပဲ။”
ချန်လွေ့က အများကြီး မမေးခဲ့ပေ။ သူက စထရီနာနောက်သို့ အေးအေးဆေးဆေး လိုက်သွားခဲ့ပြီးနောက် လူပြတ်သော တောင်ကြားတစ်ခုသို့ ရောက်လာခဲ့သည်။ ထိုနေရာ၌ အနီးအနားတွင် ပန်းအမျိုးမျိုး စိုက်ပျိုးထားသော အဖြူရောင်တဲအိမ်တစ်လုံး ရှိနေပြီး ပင်လယ်လေညှင်းနှင့် လုံးဝကွဲပြားသော ရနံ့မျိုး ထုတ်လွှတ်ပေးနေသေည်။
ဒါက နာဂါမျိုးနွယ်စု ခေါင်းဆောင် နေတဲ့နေရာ မဟုတ်လောက်ဘူး။ ဒီမှာ ဘယ်သူ နေနေတာလဲ။
တဲအိမ်သို့ သူတို့ ချဉ်းကပ်လာစဉ် အတွင်းထဲမှ စောင်းသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
ဟုတ်တယ်။ ဒါက စောင်းသံပဲ။ ချန်လွေ့က ခဏတာ ကြက်သေသေသွားပြီးနောက် ထင်ယောင်ထင်မှား ဖြစ်နေခြင်း မဟုတ်ကြောင်း ချက်ချင်း သဘောပေါက်လိုက်သည်။
စထရီနာက ချန်လွေ့ကို တားဆီးပြီး စောင်းသံကို အနှောင့်အယှက် မဖြစ်စေရန် အတွက် ဆက်မသွားရန် အချက်ပြလိုက်သည်။
ချန်လွေ့လည်း ရပ်တန့်လိုက်ပြီး စထရီနာနှင့်အတူ နားထောင်နေလိုက်သည်။ လမ်းတစ်လျှောက်တွင် စထရီနာ၏ မောက်မာပြီး ပြတ်သားသော မျက်နှာက ရှားပါးသော ညင်သာမှုတစ်ခုကို ပြသနေကြောင်း ချန်လွေ့ သတိထားမိခဲ့သည်။ စောင်းသံက အတော်လေး သာယာလှသည်။ တီးခတ်သူမှာ အတော်လေး ကျွမ်းကျင်ကြောင်း ချန်လွေ့ ကြားရသည်။ သို့သော်လည်း ထိုသူက စိတ်ခံစားချက်တစ်မျိုး ဖြစ်နေသည့်အတွက် တည်ငြိမ်ပြီး ငြိမ်သက်တော့ မူရင်းခံစားချက်ကို ထိန်းထားရန် ခက်ခဲနေခဲ့သည်။
ထိုအချိန်၌ ကြွပ်ရွသော တူရိယာသံတစ်သံ ထွက်လာ၏။ ထိုအသံက စောင်းသံကို ဦးဆောင်သွားပြီးနောက် တည်ငြိမ်သွားပြန်သည်။ ယခင်က စောင်းသံသည် ထိုတူရိယာ အသံကို ယှဉ်နိုင်သော်လည်း နောက်ပိုင်း၌ ထိုတူရိယာအသံ၏ စည်းချက်က စောင်းသံကို တဖြည်းဖြည်း ဦးဆောင်သွားတော့သည်။
အချိန်အတော် ကြာပြီးနောက် စောင်းသံက ဖြည်းဖြည်းချင်း ငြိမ်သက်သွားသည်။ စထရီနာက ချန်လွေ့က စူးစိုက်ကြည့်သည်။ ချန်လွေ့က လက်ထဲမှ ဗျပ်စောင်းကို ဖယ်လိုက်ပြီးနောက် အပြစ်ကင်းသောမျက်နှာဖြင့် ပုခုံးတွန့်လိုက်သည်။
“အစ်မလား။ ဧည့်သည်တစ်ယောက် ခေါ်လာတာလား။” အခန်းထဲမှ ကောင်မလေး တစ်ယောက်၏အသံ ထွက်ပေါ်လာသည်။
“အယ်ဒီလိုင်း။ ငါ ပြန်လာပြီ။” စထရီနာ၏အသံက ထူးထူးခြားခြား နူးညံ့နေ၏။ သူက ချန်လွေ့နှင့်အတူ ဝင်သွားလိုက်သည်။
အခန်းထဲ၌ ပရိဘောဂ အများအပြား မရှိသော်လည်း အားလုံးမှာ လက်ရာမြောက် ပေသည်။ အတော်လေး ကြိုးစားအားထုတ်ထားကြောင်း မြင်နိုင်ပေသည်။ ထင်းခနဲ အဖြစ်ဆုံးမှာ ဆံပင်အပြာနှင့် စိုပြည်ပြီး လှပသောမျက်နှာရှိသည့် နာဂါကောင်မလေး တစ်ယောက်ပင် ဖြစ်သည်။ သူက လက်နှစ်ဖက်သာရှိပြီး သူ့ရှေ့တွင် ရွှေရောင်စောင်းကောက် တစ်ခု ရှိနေသည်။ ၎င်းမှာ ခုနက အံ့သြဖွယ်ရာကောင်းသော ဂီတသံကို တီးခတ်ခဲ့သော စောင်းကောက် ဖြစ်ပေသည်။
ထိုကောင်မလေး၏ လှပသော အပြာရောင်မျက်လုံးများမှာ မမြင်နိုင် သကဲ့သို့ပင် အရောင်မှိန်ပြီး မွဲခြောက်နေကြောင်း ချန်လွေ့ သတိထားလိုက်မိသည်။
စထရီနာက ထိုကောင်မလေးထံ ရောက်လာပြီး အသာလေး ပွေ့ဖက်လိုက်သည်။ “အယ်ဒီလိုင်း။ ငါ့မှာ နင့်ကိုပြောစရာ သတင်းကောင်းတစ်ခု ရှိတယ်။ ငါ ဒီတစ်ခေါက် လူတစ်ယောက် ခေါ်လာတယ်။ သူ့မှာ ဒဏ္ဍာရီထဲက မိစ္ဆာသစ်သီး ရှိတယ်။ အဲဒါကို စားလိုက်။ ဒါက နင့်ရဲ့စွမ်းအားကို အများကြီး တိုးစေနိုင်တယ်။ ပြီးတော့ နင့်ရဲ့ ခန္ဓာအမျိုးအစားလည်း ပြောင်းလဲသွားလိမ့်မယ်။”
အယ်ဒီလိုင်း ခဏတာ တိတ်ဆိတ်နေခဲ့ပြီး အသာလေး ခေါင်းခါလိုက်သည်။ “အစ်မ။ ရပါတယ်။ ကျေးဇူးပါပဲ..”
“အယ်ဒီလိုင်း။ ဒီတစ်ခေါက်က တကယ် မျှော်လင့်ချက် ရှိတယ်။ ဒီလူက...”
အယ်ဒီလိုင်း သက်ပြင်းချလိုက်သည်။ “ပင်လယ်နက် နတ်ဘုရားကို ဒီတစ်ခေါက် စတေးမယ့် အသုတ်မှာ ငါပါမယ်လို့ မဒမ်-အမေက ကြေညာပြီးသွားပြီ။”
စထရီနာ၏ မျက်နှာက တမုဟုတ်ချင်း ပြောင်းလဲသွား၏။ “ဘာပြောတယ်။ စတေးခံတွေ အများကြီးကို ငါရှာပေးခဲ့တယ် မဟုတ်လား။ ဘာလို့ သူ ဒီလို လုပ်ရတာလဲ။ စိတ်မပူနဲ့။ ငါ အခုပဲ သူ့ဆီသွားမယ်။ ငါရှိနေရင် နင့်ကို ဘယ်သူမှ ဖိအားပေးလို့ မရဘူး။”
“မဟုတ်ဘူး။ ဘယ်သူမှ ငါ့ကို ဖိအားမပေးပါဘူး။ ငါကိုယ်တိုင်က လိုလိုလားလားနဲ့ လုပ်ခဲ့တာပါ။ ပြီးတော့လည်း အခုက နောက်ကျသွားပြီ။ ငါက အဓိက စတေးခံအမှတ်အသားကို လက်ခံပြီးသွားပြီ။” အယ်ဒီလိုင်၏ စကားများက ရုတ်တရက်ကြီး ဖြစ်သည်။ စထရီနာ ထိတ်လန့်သွားခဲ့ပြီး နေရာတွင်ပင် ကြက်သေသေ သွားတော့သည်။