ညီအစ်မနှင့် သားအမိသုံးယောက်
Vol. 39 Ch. 600
“အဓိက...အဓိက စတေးခံအမှတ်အသား...”
စထရီနာက တစ်ယောက်တည်း ရေရွတ်လိုက်ပြီး ခဏတာ ကြောင်သွား၏။ ထို့နောက် ရုတ်တရက် သူက အိမ်ပြင်ဘက်သို့ ပြေးထွက်သွားခဲ့သည်။ လမ်းတစ်လျှောက် အရာအားလုံးက မြေပြင်ပေါ်သို့ လဲကျကုန်ပြီး တံခါးတစ်ဝက်လည်း ပျက်စီးသွား၏။
ထို့နောက် ချက်ချင်းပင် တောင်ကြားတစ်ခု၏ တုန်ခါသွားပြီး စထရီနာ၏ ဒေါသတကြီး အော်သံက ပဲ့တင်ထပ်သွားတော့သည်။
ကောင်မလေးက အလန့်တကြားနှင့် တံခါးဆီသို့ သွားလိုက်ပြီး အစ်မဖြစ်သူနောက် လိုက်ရန် ကြိုးစားခဲ့သော်လည်း ဘာမှမမြင်ရသည့်အတွက် တစ်ခုခုနှင့် တိုက်မိကာ ပြုတ်ကျသွားခဲ့သည်။ ချန်လွေ့ မျက်မှောင်ကြုတ်လိုက်ပြီး အမြင့်ဆင့် နတ်ဆိုးသာ ရှိသေးသော နာဂါကောင်မလေးကို တံခါးအပြင်ဘက်သို့ တစ်လှမ်းချမ်း လျှောက်သွားရန် ကူညီပေးလိုက်သည်။
ရှေ့မှ တောင်လျှောစောက် တစ်ဝက်နီးပါး ပြိုလဲနေ၏။ မြေပြင်ကလည်း ကြက်ခြေခတ်ပုံစံ နက်ရှိုင်းသော ချိုင့်များ ဖြစ်နေပြီး ခုတ်ပိုင်းထားသော အရာများ ဖြစ်ဟန်တူသည်။ သဲနှင့်ကျောက်စရစ်များ ကြားထဲ၌ လက်၆ဖက် ပုံရိပ်တစ်ခုကို ကောင်းကင်ကိုမော့ကာ ဟိန်းဟောက်နေလေသည်။ သူ၏အော်သံက ဒေါသနှင့် ဝမ်းနည်းမှုများ ပြည့်နှက်နေ၏။
“အစ်မ..” ကောင်မလေး၏ ခန္ဓာကိုယ်က အားတင်းထားရန် စွမ်းအားမရှိတော့ပုံ ရသည်။ သူက ချန်လွေ့ကိုသာ အမှီပြုနေရပြီးနောက် အပြာရောင်မျက်လုံးများမှ မျက်ရည်များ စီးကျလာတော့သည်။
ယခင်စကားများနှင့် လုပ်ရပ်များမှ ချန်လွေ့က သူ ယခင်က ခန့်မှန်းထားခဲ့သော အတွင်းရေး အာဏာ လုယက်မှုများနှင့် လုံးဝကွဲလွဲသည့် တစ်စုံတစ်ခုကို ရေးရေးလေး မှန်းဆမိလိုက်သည်။ ညီမဖြစ်သူအတွက် လွန်စွာ ဝမ်းနည်းပြီး ဒေါသထွက်နေသော စထရီနာကို မြင်သည့်အခါ ချန်လွေ့က နန်းတော်မှ အစ်မတစ်ယောက်ကို ဖော်ပြ၍မရဘဲ တွေးလိုက်မိသည်။
စထရီနာ၏အော်သံ ရုတ်ချည်း ရပ်တန့်သွား၏။ သူ၏မျက်လုံးများက တောင်ကြားထဲ၌ ပေါ်ထွက်လာသော ပုံရိပ်ထံသို့ လှည့်သွားသည်။ ထို့နောက် ထိုပုံရိပ်၏ သြဇာရှိသောအသံ ထွက်လာသည်။ “စထရီနာ။ နင်က မျှော်စင်ဖြူကျွန်းမှာ နေရမှာ မဟုတ်လား။ မိုးကြိုးမြွေကျွန်းကို ပြန်လာဖို့ ဘယ်သူခွင့်ပြုခဲ့တာလဲ။”
ထိုအသံက အနက်ရောင်ချပ်ကာ ဝတ်ဆင်ထားပြီး ခေါင်းပေါ်၌ ရွှေရောင်သရဖူး ဆောင်းထားသော အရပ်မြင့်မြင့် နာဂါတစ်ယောက်ထံမှ ဖြစ်သည်။ လှပသင့်သော မျက်နှာက အေးစက်ပြီး တင်းမာနေကာ လူအများက အကြောက်တရားများဖြင့် တုန်လှုပ်စေသည်။ ၎င်းမှာ နာဂါမျိုးနွယ်စု၏ ဘုရင်မ ဖြစ်လောက်ပေသည်။
မျိုးနွယ် - နာဂါ (သန္ဓေပြောင်း)
စွမ်းအားအကဲဖြတ်မှု - S+
ခန္ဓာအမျိုးအစား - S+
စွမ်းအား - S+
စိတ်ဝိညာဉ် - S
အမြန်နှုန်း - S+
[ စိစစ်ချက် ] - အန္တရာယ်ရှိ
“ခေါင်းဆောင်..” အယ်ဒီလိုင်းက အလျင်အမြန်ပင် မျက်ရည်များကိုသုတ်ပြီး လေးစားသောအမူအရာ ပြသလိုက်သည်။ ထို့နောက် သူက လက်ကို ရင်ဘတ်ပေါ်တင်ကာ လေးလေးနက်နက်နှင့် ဦးညွှတ်လိုက်သည်။
“အမေ..” စထရီနာက အရိုအသေ မပေးခဲ့ပေ။ သူက နာဂါဘုရင်မက တည့်တည့်ကြည့်ပြီး ခံစားချက်များဖြင့် အသံကျယ်ကျယ် ပြောလိုက်သည်။ “ကျွန်မကို ပြောပြ။ ဘာလို့ အယ်ဒီလိုင်းက မနက်ဖြန် ပင်လယ်စတေးမှုရဲ့ အဓိကစတေးခံ ဖြစ်ရတာလဲ။ ဘာလို့ အမေက ကိုယ့်သမီးကို သေဖို့ ကိုယ်တိုင် ပို့ရတာလဲ။”
“စထရီနာ။ နင်ငါ့ကို ခေါင်းဆောင် ဒါမှမဟုတ် အရှင်မ မိုဒက်စတီလို့ ခေါ်သင့်တယ်။” နာဂါဘုရင်မ အေးစက်စက်နှင့် ပြောသည်။ “တကယ်တော့ နင့်ရဲ့ မေးခွန်း အဖြေကို နင် သိလောက်ပါတယ်။ လိုက်လျောညီထွေရှိတဲ့သူပဲ ရှင်ကျန်နိုင်မယ်ဆိုတာ နာဂါမျိုးနွယ်စုရဲ့ ဓလေ့ရိုးရာပဲ။ ဒါက အန္တရာယ်များတဲ့ ပင်လယ်နက်ဆိုတာကို ပြောစရာတောင် မလိုဘူး။”
စထရီနာက အကြောက်တရား ကင်းမဲ့လျက် မာန်ဖီလိုက်သည်။ “အယ်ဒီလိုင်းကို အဲဒီမကောင်းဆိုးဝါး စားမှာ ကြည့်နေတော့မှာလား။ သူက ရှင့်ရဲ့ သမီးအရင်း မဟုတ်ဘူးလား။”
“သူက ငါ့သမီးဖြစ်လို့ကို ဒီစည်းမျဉ်းကို လိုက်နာရမှာ။” နာဂါဘုရင်မက အယ်ဒီလိုင်းကို တင်းမာလျက် ကြည့်လိုက်သည်။ “နာဂါမျိုးနွယ်စုရဲ့ ကံကြမ္မာက အန္တရာယ် ရှိနေတယ်။ တိုက်ခိုက်ဖို့ ပါရမီမရှိတဲ့ တိုက်ခိုက်ချင်စိတ်မရှိတဲ့ နာဂါတစ်ယောက်က ဘယ်လိုလုပ် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မှာလဲ။ သူ ဘယ်လို တိုက်ခိုက်နိုင်မှာလဲ။ အဲဒီ ရယ်စရာ စောင်းကောက်နဲ့လား။ သူက ဖယ်ရှားခံရဖို့ ကံတရားပါလာခဲ့တာ။”
စထရီနာက ဆောက်တည်ရာမရ အော်ပြောလိုက်သည်။ “သူက တိုက်ခိုက်ဖို့ မလိုဘူး။ ကျွန်မ သူ့ကို ကာကွယ်ပေးနိုင်တယ်။ အမေလည်း ကာကွယ်ပေးနိုင်တယ်။ ကိုယ့်သမီးကိုတောင် ကာကွယ်နိုင်တဲ့ အရည်အချင်း မရှိဘူးဆိုရင် တခြားသူတွေကို ဘယ်လို ကာကွယ်မှာလဲ။ အမေက အမေဖြစ်ဖို့ မထိုက်တန်ဘူး။ ကျွန်မတို့ရဲ့ ခေါင်းဆောင်ဖြစ်ဖို့ မထိုက်တန်ဘူး။”
မိုဒက်စတီ၏မျက်နှာ ရုတ်တရက် မည်းမှောင်သွားခဲ့ပြီး တောင်ကြား တစ်ခုလုံးကို ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခုက အလျင်အမြန် ပြည့်နှက်သွားခဲ့သည်။ “ငါက အမေဖြစ်ဖို့ ထိုက်တန်မတန်က သမီးတစ်ယောက် ဆုံးဖြတ်ရမယ့်နေရာ မဟုတ်ဘူး။ ငါမရှိရင် နင်က အသက်တောင်ရှိမှာ မဟုတ်ဘူး။ ခေါင်းဆောင်ကတော့ နင်က ဆက်ခံသူ မဟုတ်ဘူးလား။ ဓလေ့ထုံးတမ်းတွေ အရဆိုရင် ငါ့ကို အနိုင်ယူနိုင်တာနဲ့ ခေါင်းဆောင်နေရာက နင့်အပိုင်ပဲ။ အဲဒီအချိန် နင်က သူ့ကို ကာကွယ်ဖို့အတွက် နာဂါမျိုးနွယ်စုရဲ့ ကံကြမ္မာနဲ့ ဆက်လက်ရှင်သန်နိုင်ရေး ဥပဒေသကို စွန့်လွှတ်မယ် ဆိုရင်တောင် ငါနင့်ကို မထိန်းချုပ်နိုင်တော့ဘူး.”
စထရီနာ၏ လက်၆ဖက်၌ ရှည်လျားပြီး သေးသွယ်သေား ဓားမောက်ရှည် ၆လက်က တစ်ချိန်တည်းမှာပင် ဝှစ်ခနဲ ပေါ်ထွက်လာသည်။ သူ၏ အင်အားကြီးသော တိုက်ခိုက်ချင်စိတ်က ချက်ချင်းပင် အဆုံးစွန်အထိသို့ ရောက်ရှိသွားပြီး နာဂါဘုရင်မကို ဒေါသထွက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေလိုက်သည်။
“ကျွန်မ ရှင့်ကို အခု စိန်ခေါ်တယ်။”
“သိပ်ကောင်းတယ်။” မိုဒက်စတီက အေးစက်စက်နှင့် ပြုံးလိုက်သည်။ သူက ဓားမောက်ရှဉ်နှစ်လက်အား ရှေ့မှလက်နှစ်ဖက်ဖြင့် ဖြည်းဖြည်းချင်း ဆွဲထုတ်သည်။ “နင် ဘယ်လောက်ထိ ရောက်နေပြီလဲဆိုတာ ကြည့်ရတာပေါ့။ ဒါမှမဟုတ် နင်က ဘယ်လောက် တုံးအလဲ၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်အထင်ကြီးနေလဲဆိုတာ ငါ့ဓားမောက်ရှည်ကို ပြောခိုင်းလိုက်မယ်။”
စထရီနာ၏ အငွေ့အသက်က အလျင်အမြန်ပင် ထိုးတက်သွားခဲ့သည်။ မြွေခန္ဓာ တုန်ခါသွဦးပြီးနောက် ချက်ချင်းနီးပါးမှာပင် မိုဒက်စတီအရှေ့တွင် ပေါ်ထွက်လာသည်။
အယ်ဒီလိုင်းအနားတွင် ရှိနေသော ချန်လွေ့က ကောင်းကင်းထက်မှ ဓားမောက်ရှည်များ၏ အလင်းကိုသာ မြင်ခဲ့ရသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် စထရီနာက အနည်းဆုံး ခုတ်ချက်ပေါင်း ၂၀၀ခန့် ပြုလုပ်ခဲ့သည်။ အရှိန်သာမက ဓားမောက်ရှည်၏ မြန်နှုန်းမြင့် လှုပ်ရှားချက်တို့က မျဉ်းကွေးများအဖြစ် ပြောင်းလဲသွားကာ နေရာလွတ် ပိုင်းဖြတ်ခံလိုက်ရသကဲ့သို့ပင် မိုဒက်စတီကို နေရာအနှံ့မှ တားဆီးထားလိုက်သည်။ မျဉ်းကွေးထဲ၌လည်း မြောက်မြားလှစွာသော လျို့ဝှက် တိုက်ကွက်များ ရှိနေခဲ့သည်။ အကယ်၍ မိုဒက်စတီက ရပ်နေပြီး မခုခံနိုင်ခဲ့ဘဲ လှုပ်ရှားလိုက်သည်နှင့် ဓားမောက်ရှည်အားလုံး၏ ကွင်းဆက်နှိပ်ကွက်ခြင်းကို အသက်သွင်းမိသွားပေမည်။
နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း ရောက်နေပြီး မျိုးနွယ်စုတွင်လည်း အစွမ်းအထက်ဆုံးဖြစ်သော အမေဖြစ်သူကို ရင်ဆိုင်ရသည့်အခါ စထရီနာက စွမ်းအားများ မထိမ်ချန်ထားဘဲ အစွမ်းကုန်ထုတ်တော့သည်။
ချန်လွေ့က ဓားမောက်ရှည် အလင်း၏ လျို့ဝှက်ဆန်းကြယ်မှုကို ကြည့်နေရင်း စိတ်ထဲ၌ တုန်လှုပ်သွားခဲ့သည်။ ထိုတိုက်ကွက်ကိုသာ သူရင်ဆိုင်ရလျှင် တန်ပြန် မတိုက်ခိုက်နိုင်ခင်မှာပင် ဓားမောက်ရှည်အလင်း အဝန်းအဝိုင်းမှ လွတ်မြောက်ရန် ခုန်လျှင်ခုန်၊ မခုန်လျှင် အကာကွယ်ဒိုင်းကာတစ်ခုဖြင့်သာ ခုခံနိုင်ပေမည်။
ထိုကဲ့သို့ “လှုပ်ရှား၍မရသော” အခြေအနေ၌ မိုဒက်စတီက မယုံကြည်နိုင်စရာ ကောင်းလောက်အောင်ပင် လှုပ်ရှားခဲ့သေးသည်။ ထို့နောက် သူက ဘယ်နှင့်ညာသို့ ခုတ်ပိုင်းလိုက်သည်။
အပေါ်ယံ၌ သူက လက်နှစ်ဖက်မှ ဓားမောက်ရှည်များကို ရိုးရိုးရှင်းရှင်း ဝှေ့ရမ်းခဲ့သော်လည်း ချန်လွေ့၏ ခံစားချက်ထဲ၌ ထို “ရိုးရှင်းသော” ခုတ်ပိုင်းချက် နှစ်ခုတွင် လေးနက်သော စည်းချက်တစ်ခု ပါဝင်နေသည်။ အပြစ်အဆာကင်းပုံရသော စထရီနာ၏ ဓားမောက်ရည်အလင်းက မင်များဖြင့်နစ်နေသော သပ်ရပ်ပြီး စေ့စပ်သည့် ပန်းချီကားတစ်ချပ်ကဲ့သို့ ဖြစ်သွားသည်။ လျို့ဝှက်တိုက်ကွက်များ အပါအဝင် အယူအဆ တစ်ခုလုံး ဖျက်ဆီးခံလိုက်ရသည်။ ထို့အပြင် ထိုကဲ့သို့ မင်များကလည်း စေ့စပ်သော စုတ်ချက်ကို လက်တမ်းစုတ်ချက် ဖြစ်သွားစေသည်။
ဓားမောက်ရှည် အလင်းရောင် လက်ခနဲ ဖြစ်သွားခဲ့ပြီးနောက် ထို “မျဉ်းကွေးများ”က တစ်ခုပြီးတစ်ခု ပြတ်ထွက်သွားခဲ့သည်။ စထရီနာ၏ ပုံရိပ်က နောက်ဘက်သို့ ဆုတ်ခွာသွားရပြီး သူ၏ခန္ဓာကိုယ်ပေါ်၌ မရေမတွက်နိုင်သော သိပ်သည်းလှသည့် သွေးစက်များ ပေါ်ထွက်လာခဲ့လေသည်။
၎င်းမှာ ခုတ်ချက် နှစ်ချက်သာ ဖြစ်သည်။
စွမ်းအား ကွာခြားချက် တစ်ခုတည်းသာမဟုတ်ဘဲ နယ်ပယ်တွင်လည်း အလွန်ပင် ကွာဟနေလေသည်။ နှစ်ယောက်လုံးတွင် ဓားမောက်ရှည်များ ရှိကြပြီး နာဂါများ၏ သိုင်းပညာ ပါရမီဖြစ်သော [ ၆ခု ကိုင်ဆွဲခြင်း ] ရှိကြသည်။ စထရီနာက ထိုကဲ့သို့ ဓားစွမ်းရည်ကို သေသေချာချာ လေ့ကျင့်ပြီး အကောင်းမွန်ဆုံးအထိ ပုံသွင်းထားခဲ့သည်။ ၎င်းမှာ သူ မရေမတွက်နိုင်အောင် ထုတ်လုပ်ခဲ့သော ပစ္စည်းကဲ့သို့ပင် ဖြစ်နေပြီး မျက်လုံးမှိတ်လျက်ပင် မည်သို့နေရာက မည်သို့ဖြစ်ရမည်ကို သေသေချာချာ ပြောနိုင်သည်။ သို့ရာတွင် မိုဒက်စတီ၏လက်ထဲ၌ [ ၆ခု ကိုင်ဆွဲခြင်း ] က အနုပညာ လက်ရာတစ်ခုနှင့် ပိုတူနေ၏။ ပစ္စည်းများကို ပွားယူ၍ ရသော်လည်း အနုပညာလက်ရာမှာ အတုမရှိပေ။
စထရီနာက [ ၆ခု ကိုင်ဆွဲခြင်း ] ‘နည်းစနစ်’ကို တတ်ကျွမ်းနေစဉ် မိုဒက်စတီက ‘နိယာမ’အဆင့်သို့ ရောက်နေပြီ ဖြစ်သည်။ ထိုနာဂါဘုရင်မက ဤလောကသို့ ချန်လွေ့ ရောက်လာစဉ်မှစ၍ အစွမ်းအထက်ဆုံး လက်နက်အကျော်အမော်ဟု ပြော၍ရနိုင်၏။ သို့သော်လည်း မိုဒက်စတီ၏ [ ဓားမောက်ရှည်၆လက် ဆွဲကိုင်ခြင်း ] က မည်မျှပင် အားကောင်းစေကာမူ နတ်ဆိုးအရှင်သခင်အဆင့် အမျိုးစားထဲမှ ထွက်မြောက်နိုင်မည် မဟုတ်သလို တိုင်းပြည်ဖန်တီးနိုင်သော နတ်ဆိုးဒိပ် ပုဂ္ဂိုလ်နှင့် နတ်ဘုရား-တစ်ပိုင်း ပုဂ္ဂိုလ်တို့ကို အမှန်တကယ် ယှဉ်နိုင်မည် မဟုတ်ပေ။
လုံးဝကွာဟနေသော “စွမ်းအား”နှင့် ရင်ဆိုင်ရသည့်အတွက် “နည်းစနစ်” နှင့် “ဥပဒေသ”တို့ မည်မျှပင် ပါးနပ်စေကာမူ အချည်းနှီးသာ။
သို့သော်လည်း လက်ရှိ စထရီနာအတွက် နာဂါဘုရင်မက မကျော်လွှားနိုင်သော အကာအရံတစ်ခုကဲ့သို့ ဖြစ်နေသေးသည်။
“မဖြစ်နိုင်တဲ့ ရည်မှန်းချက်ပဲ။ နင်က ဓားမောက်ရှည် နှစ်လက်ကိုတောင် မတပ်ကျွမ်းသေးဘဲနဲ့ ဓားမောက်ရှည် ၆လက်ကို သုံးတော့မှာလား။” မိုဒက်စတီက စထရီနာအား အထင်သေးစွာဖြင့် ကြည့်လိုက်သည်။
စထရီနာက အော်ဟစ်လိုက်ပြီး ဝင်တိုးလာပြန်သည်။
“နင့်ရဲ့ တည်ငြိမ်မှုကိုတောင် ဆုံးရှုံးသွားပြီလား။ ဒီလို နုံအတဲ့ တိုက်ခိုက်မှုက [ ၆ခု ကိုင်ဆွဲခြင်း ] နိုးထခါစပဲ ရှိသေးတဲ့ ကလေးထက်တောင် ပိုဆိုးတယ်။”
“ဟာကွက်တွေ။ အကုန် ဟာကွက်တွေပဲ။ နင် ဒီလိုမျိုး ကြိုးစားရင်တောင် အရင်ဆုံး ကိုယ့်ကိုယ်ကိုယ်ပဲ သတ်လို့ရမယ်။”
“မျက်စိနောက်စရာပဲ။ အပိုအကွက်တွေ များလွန်းတယ်။”
“…”
နာဂါဘုရင်မ၏ လှောင်ပြောင်သရော်မှုများ ကြားထဲ၌ စထရီနာက တစ်ခေါက်ပြီး တစ်ခေါက် လဲကျသွားသည်။ ထို့နောက် သူက တစ်ခေါက်ပြီးတစ်ခေါက် ပြန်ထပြီး ထပ်မံ၍ လဲကျသွားပြန်သည်။
သူ၏ ရွှေရောင်ချပ်ကာ ပျက်စီးသွားပြီး ခန္ဓာကိုယ်ကလည်း သွေးများ ပြည့်နေသော ဒဏ်ရာများနှင့် ဖုံးလွှမ်းနေခဲ့သည်။ အချို့မှာ အရိုးကိုပင် မြင်နေရသည်။ နာဂါမျိုးနွယ်စု၏ အလွန်အမင်း ခိုင်မာခန္ဓာကိုယ်ကြောင့်သာ မဟုတ်လျှင် သူသည် ဒဏ်ရာအပြင်းအထန် ရပြီး သေဆုံးသွားခဲ့လေပြီ။ ၎င်းမှာ မိုဒက်စတီ ညှာတာသည့်အတွက်ကြောင့်သာ ဖြစ်လေသည်။
တိုက်ပွဲက အတော်လေး ရက်စက်သော်လည်း နာဂါဘုရင်မက စထရီတာကို သတ်ပစ်ရန် မရည်ရွယ်ထားကြောင်း ချန်လွေ့ ပြောနိုင်သည်။ လှည့်ကွက်များဖြင့် အစာကျွေးခြင်းနှင့် ပိုတူနေသည်။ ထောက်ပြမှု အများစုမှာ စထရီနာ၏ အဓိက အားနည်းချက်များ ဖြစ်လေသည်။ နာဂါညီမတစ်ယောက် ဒေါသနှင့် ပူဆွေးမှုများ ပြည့်နှက်နေသည်မှာ ဝမ်းနည်းစရာပင်။ သူက အမေဖြစ်သူကို မည်သို့ အနိုင်ယူရမည် ဆိုသည်ကိုသာ တွေးနေခဲ့သည်။ ထိုထောက်ပြမှုများက သူ၏နားထဲ၌ တကယ့် လှောင်ပြောင်မှုများ ဖြစ်နေခဲ့လေသည်။
အယ်ဒီလိုင်းက တိုက်ပွဲကို မမြင်နိုင်သော်လည်း ဖြစ်ခဲ့သော အရာအားလုံးကို သေသေချာချာ ကြားခဲ့သည်။ သို့သော်လည်း သူက သူတို့ကို တားဆီးရန် စကား မပြောခဲ့ပေ။ သူ၏ငိုသံက စထရီနာကို အနှောင့်အယှက်ဖြစ်မည် စိုးသည့်အတွက် သူက မျက်ရည်များ ပြည့်နေရင်း ပါးစပ်ကိုသာ ပိတ်ထားနေခဲ့သည်။
ထိုကောင်မလေးက အစ်မဖြစ်သူ၏ စိတ်နေသဘောထားကို ကောင်းကောင်း သိသည်။ အကြံပေးခြင်းနှင့် ငိုကြွေးခြင်းတို့က သူ၏အစ်မဖြစ်သူကို ပို၍ပင် အကြောင်းအကျိုးမဲ့ ဖြစ်စေနိုင်သည်။
နောက်ဆုံးတွင် ပင်ပန်းသွားသော စထရီနာက မြေပြင်ပေါ်သို့ လဲကျသွားကာ မထနိုင်တော့ပေ။ သူက အမှန်တကယ် သတိလစ်သွားပုံရသည်။
“နင်က ကိုယ့်စွမ်းအားရဲ့ အဆင့်ကိုတောင် မထိန်းချုပ်နိုင်သေးဘူး။ ဘယ်လိုလုပ် နာဂါမျိုးနွယ်စုကို အုပ်ချုပ်နိုင်မှာလဲ။” နာဂါဘုရင်မက သတိလစ်သွားသော အပြင်းအထန် ဒဏ်ရာရနေသည့် သမီးဖြစ်သူကို ကြည့်ပင် မကြည့်ခဲ့ပေ။ သူက မြွေခန္ဓာကို လူးလွန့်ပြီး အယ်ဒီလိုင်းထံ ရောက်ရှိလာသည်။ ထို့နောက် သူက ထိုကောင်မလေးဘေးနားမှ ချန်လွေ့ကို စေ့စေ့စပ်စပ် ကြည့်လိုက်သည်။
အေးစက်သောအကြည့်များဖြင့် စိုက်ကြည့်ခံရပြီးနောက် ချန်လွေ့က အရိုးထဲစိမ့်အောင် အေးစက်သွားခဲ့ပြီး ကြက်သီးများ ထသွားခဲ့သည်။
“မင်းက ဘယ်သူလဲ။ မင်း ဒီမှာ စထရီနာနဲ့အတူ ဘာလို့ ရောက်လာတာလဲ။”
ချန်လွေ့က စထရီနာသည် မိစ္ဆာသစ်သီးကို သူနှင့် သင်္ဘောသားများ၏ လုံခြုံရေးနှင့် အလဲအလှယ်ပြုလုပ်ရန် သဘောတူခဲ့ကြောင်း အလျင်အမြန် ရှင်းပြလိုက်သည်။ “မိစ္ဆာသစ်သီး”ဟူသော စကားလုံးကို ကြားသည့်အခါ နာဂါဘုရင်မ၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားခဲ့သည်။ သူက တိုးတိုးလေး ငိုရှိုက်နေသော အယ်ဒီလိုင်းကို ကြည့်လိုက်သောအခါ စထရီနာ၏ ရည်ရွယ်ချက်ကို ရုတ်တရက် သဘောပေါက်သွား၏။
“နတ်ဆိုး။ မင်းလည်း မြင်ပြီးပြီလို့ ငါထင်တယ်။ ငါက ငါ့သမီးကိုတောင် မညှာတာဘူး။ တကယ်လို့ စထရီနာက နာဂါမျိုးနွယ်စုရဲ့ ဆက်ခံသူ မဟုတ်ဘဲနဲ့ မျိုးနွယ်စု တစ်ခုလုံးရဲ့ အနာဂတ်နဲ့ မသက်ဆိုင်နေဘူးဆိုရင် ဒီလိုအပြစ်တစ်ခုတည်းနဲ့တင် သူ့ကို ကွပ်မျက်လိုက်မှာ။” နာဂါဘုရင်မက တိုးတိုးလေး ပြောလိုက်သည်။ “အခု မိစ္ဆာသစ်သီးကို ပေးလိုက်။ မဟုတ်ရင် မင်းနဲ့ မင်းရဲ့အဖော်တွေကို ငါ ချက်ချင်း သတ်ပစ်မယ်။”
ရက်စက်သော ဘုရင်မက ပြောသည့်အတိုင်း လုပ်နိုင်ကြောင်း ချန်လွေ့ သိသည့်အတွက် မိစ္ဆာသစ်သီးတစ်လုံးကို ချက်ချင်း ထုတ်ပေးလိုက်သည်။ နာဂါဘုရင်မက သစ်သီးကိုယူပြီး အနံ့ခံကာ မျက်လုံးများ အရောင်တောက်သွားခဲ့သည်။ သူက ၎င်းကို မစားဘဲ အယ်ဒီလိုင်းကို ကြည့်လိုက်ပြီး အိမ်ထဲရှိ ကြမ်းပြင်ပေါ်၌ စောင်းကောက်ကို ဖျပ်ခနဲ ကြည့်လိုက်သည်။ ထို့နောက် ခဏစဉ်းစားပြီး သတိလစ်နေသော စထရီနာထံ သွားခဲ့သည်။
မိုဒက်စတီက ခါးကိုင်းပြီး စထရီနာ၏ ပါးစပ်ထဲသို့ သစ်သီး ထိုးထည့်ခဲ့သည်ကို ချန်လွေ့ သေသေချာချာ မြင်လိုက်ရသည်။ ထိုလုပ်ရပ်က ချန်လွေ့အတွက် ထူးဆန်နေ၏။
“အရှင်ဘုရင်မ မိုဒက်စတီ။ ကျုပ်ရဲ့ အဖိုးတန်ဆုံး ရတနာကို ပေးအပ်ပြီးပါပြီ။ အရင်က သဘောတူထားတဲ့အတိုင်းဆိုရင် အရှင်မကို ကတိတည်ဖို့ အလှည့်ပါပဲ။ ကျုပ်ရဲ့ သင်္ဘောသားတွေနဲ့ ကျုပ်ကို သွားခွင့်ပြုပါ။”
မိုဒက်စတီ၏ မျက်နှာပေါ်၌ မှုန်တေတေ အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။ “ကိစ္စနှစ်ကို မင်း အရင်ဆုံး ရှင်းရှင်းလင်းလင်း သိရမယ်။ ပထမတစ်ခုက မင်းနဲ့ စထရီနာ ကြားမှာ သဘောတူညီမှု တစ်ခုရှိရင်ရှိမယ်။ ဒါပေမဲ့ ငါ့နဲ့တော့ မဟုတ်ဘူး။ ငါက မင်းကို သစ်သီးပေးဖို့ပဲ ပြောခဲ့တာ။ ဒုတိယကတော့ ငါမင်းကို ကတိပေးခဲ့ရင်တောင် အသုံးမဝင်ဘူး။ ဘာလို့လဲဆိုတော့ မနက်ဖြန် ပင်လယ်စတေးမှုရဲ့ စတေးခံ တစ်ယောက် အနေနဲ့ မင်းမှာက ငါ့ကို ကတိတည်နိုင်ဖို့ အပါအဝင် ဘာစွမ်းအားမှ မရှိတော့ဘူး။ အစောင့်တွေ။ သူ့ကို ခေါ်သွားလိုက်တော့။”
တောင်ကြားအပြင်ဘက်မှ နာဂါစစ်သည်နှစ်ယောက် ရောက်ရှိလာပြီး ချန်လွေ့၏ လက်မောင်းများကို ဆုပ်ကိုင်လိုက်သည်။
“ခေါင်းဆောင်....” အယ်ဒီလိုင်းက ပြောသည်။ “ကျွန်မကို ဒီနတ်ဆိုးနဲ့ စကားနည်းနည်း ပြောခွင့်ပြုပါ။”
မိုဒက်စတီက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ “၃မိနစ် ရမယ်။”
အယ်ဒီလိုင်းက ခံစားချက်များဖြင့် ချန်လွေ့ထံ ရောက်လာပြီး ဦးညွှတ်လိုက်သည်။ “အရင်ဆုံး သစ်သီးအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့... တောင်းပန်ပါတယ်။ စိတ်မကောင်းပါဘူး...”
ချန်လွေ့က ထိုကောင်မလေး၏ ဝမ်းနည်းမှုနှင့် စိတ်မသန့်မှုများကို မြင်လိုက်ပြီး အပြစ်မတင်ခဲ့ပေ။ သူက ပြောလိုက်သည်။ “ငါ့နာမည်က အက်ဂ်ယောပါ။”
ချန်လွေ့၏ တည်ငြိမ်မှုကြောင့် အယ်ဒီလိုင်း အနည်းငယ် အံ့အားသင့်သွားသည်။ သူက ခဏတာ တုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်သည်။ “ကျွန်မ နာမည်က အယ်ဒီလိုင်း။ ရှင် တီးခဲ့တဲ့ တေးသွားက အတော်လေး ကောင်းတယ်။ နာမည် ပြောပြလို့ ရမလား။”
“ကောင်းကင်ထဲကရဲတိုက်...”
၎င်းမှာ ချန်လွေ့က ယခင်ဘဝက အတော်လေး နှစ်ခြိုက်ခဲ့သော တေးသွားတစ်ပုဒ် ဖြစ်သည်။ ၎င်းကို ဆရာ ဟီဆာအိရှိက တီးခတ်ထားခြင်း ဖြစ်သည်။ ချန်လွေ့က ယခင်နေ့များ၌ ပင်လယ်တွင် ပျင်းရိနေခဲ့သည်။ ထို့နောက် သူက အတော်လေး အားထုတ်ပြီး ပြန်စဉ်းစားကာ ခက်ခက်ခဲခဲ လေ့ကျင့်ခဲ့သည်။ ၎င်းမှာ အောင်မြင်မှု အသေးစား တစ်ခုလည်း ဖြစ်သည်။ သူက အစ်ဇဘယ်လာကို အံ့အားသင့် စေချင်ခဲ့သော်လည်း ဤနေရာတွင် ပွဲဦးထွက်ခဲ့ရသည်။
“ကောင်းကင်ထဲကရဲတိုက်....ကောင်းကင်မှာ လွင့်မျောနေတဲ့ ရဲတိုက်မျိုး တကယ်ရှိတာလား။”
“ရှိတယ်။ မင်း ယုံကြည်နေသရွေ့ လေထဲမှာ ရှိတယ်။” ချန်လွေ့က နာဂါဘုရင်မကို ဖျပ်ခနဲ ကြည့်ပြီး ပုခုံးတွန့်လိုက်သည်။ “ငါ့ရဲ့ မွေးရပ်မြေမှာ စကားတစ်ခွန်းရှိတယ်။ အသက်ကို ယူသွားလို့ရတယ်။ ဒါပေမဲ့ မျှော်လင့်ချက်က အမြဲတမ်း ရှိနေဦးမှာတဲ့။”
“မျှော်လင့်ချက် ဟုတ်လား။” အယ်ဒီလိုင်းက အသာလေး ခေါင်းညိတ်လိုက်သည်။ “ကျေးဇူးပါ..”
ထိုအချိန်၌ မိုဒက်စတီ၏ တင်းမာသောအသံက သူတို့နှစ်ယောက် စကားပြောနေသည်ကို နှောင့်ယှက်လိုက်သည်။ “သုံးမိနစ်ပြည့်ပြီ။ နတ်ဆိုး။ အချိန်တွေ ဖြုန်းမနေနဲ့တော့။ မင်းက ငါ့သမီးက စကားချိုချိုတွေနဲ့ လှည့်ဖျားရင်တောင် အသုံးမဝင်ဘူး။ မင်းနဲ့သူက အတူတူ အဆုံးသတ်ရမှာပဲ။ ဟုတ်ပြီ။ အစောင့်တွေ။ သူ့ကို အခုပဲ ခေါ်သွားလိုက်တော့။ စထရီနာကိုလည်း အချုပ်ခန်းထဲ ထည့်ထားလိုက်။”
ချန်လွေ့နှင့် သတိလစ်နေသော စထရီနာတို့ နှစ်ယောက်လုံး ခေါ်သွားခံလိုက်ရ၏။ မိုဒက်စတီက နောက်လှည့်ပြီး ခြေလှမ်းအနည်းငယ် လျှောက်လာသည်။ သူက အယ်ဒီလိုင်းကို ကျောခိုင်းထားရင် ရုတ်တရက် စကားပြောလိုက်သည်။ “အယ်ဒီလိုင်း။ အဓိကစတေးအမှတ်အသားကို ဖယ်ရှားလို့ မရနိုင်ဘူး...။ ဒါကို နင် နားလည်သင့်တယ်။”
“နားလည်ပါတယ်။ ကျွန်မအတွက် စိတ်မကောင်းမဖြစ်ဖို့အတွက် အစ်မကို ပြောပေးလိုက်ပါ။ ခေါင်းဆောင်။ အရာအားလုံးက ကျွန်မရဲ့ ဆန္ဒအရပါပဲ။” အယ်ဒီလိုင်းက ခေါင်းကိုငုံ့ထားပြီး မိုဒက်စတီအား တရိုတသေနှင့် ဦးညွှတ်လိုက်သည်။ “ပြီးတော့... ဂရုစိုက်ပါ...ခေါင်းဆောင်..”
မိုဒက်စတီ ရပ်တန့်လိုက်ပြီး အသာလေး ခေါင်းလှည့်လိုက်သည်။ “ဒါက နောက်ဆုံး အကြိမ်ပဲ။ နင်ငါ့ကို အမေလို့ ခေါ်လို့ရတယ်....”
အယ်ဒီလိုင်းက ခေါင်းငုံ့ထားပြီး အရိုအသေပြုသော အနေအထားတိုင်း ရှိနေဆဲ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ် အနည်းငယ် တုန်ခါသွားသော်လည်း စကားတစ်လုံးမှ မပြောခဲ့ပေ။
မိုဒက်စတီ၏ နှုတ်ခမ်းများ လှုပ်ရှားသွားပြီး တစ်ခုခု ပြောချင်ခဲ့သော်လည်း အဆုံးသတ်၌ ဘာမှ မပြောခဲ့ပေ။ သူက နောက်လှည့်ပြီး ရှေ့သို့ အလျင်အမြန် ဆက်သွားလိုက်သည်။
ထိုအချိန်၌ မျက်ဝန်းအိမ်ထဲ၌ ပြည့်နှက်နေခဲ့သည့် မျက်ရည်များက ခေါင်းငုံ့ထားသော ကောင်မလေး၏ မျက်နှာမှ စီးကျလာကာ မြေပေါ်သို့ ကျပြီးနောက် ပျောက်ကွယ်သွားခဲ့လေသည်။