← Chapters

ဝိုင်းရံတိုက်ခိုက်ခံရခြင်း

Vol. 39 Ch. 602

ဝိုင်းရံတိုက်ခိုက်ခံရခြင်း

Vol. 39 Ch. 602

စတေးခံသင်္ဘောမှ ထွက်လာသော ပုံရိပ်မှာ စထရီနာ ဖြစ်သည်။ စထရီနာက မြွေအမြီးကို ဝှေ့ရမ်းပြီး ပင်လယ်ရေမျက်နှာပြင်ပေါ်၌ မနစ်မြုပ်ဘဲ လျင်မြန်စွာ လျှောစီးနေခဲ့သည်။ သူ၏လက်ထဲမှ ဓားမောက်ရှည် ၆လက်ကလည်း တလက်လက် အလင်းကွေးများအဖြစ် ဝေးရမ်းနေရင်း မရေမတွက်နိုင်သော နတ်ဆိုးငါးမန်းများ၏ အသက်ကို နုတ်ယူနေလေသည်။ သူက သွေးများပြည့်နှက်နေသော လမ်းကြောင်းတစ်ခု ဖွင့်ပေးခဲ့သည်။

သွေးများပေကျံနေသော စထရီနာ ရွှေရောင်သင်္ဘောပေါ်၌ ပေါ်ထွက်လာသော အခါတွင် အယ်ဒီလိုင်းက ခံစားချက်ပြင်းထန်စွာဖြင့် ထခုန်ပြီး သွေးများကို လျစ်လျူရှုကာ အစ်မဖြစ်သူအား တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်တော့သည်။

ထို့နောက်ချက်ချင်းမှာပင် နာဂါကောင်မလေးက သတိပြန်ဝင်လာပြီး အလန့်တကြားနှင့် စထရီနာကို တွန်းထုတ်လိုက်သည်။ “အစ်မက ဘာလို့ ဒီကို ရောက်နေတာလဲ။ မြန်မြန်ပြန်သွားတော့။ မဟုတ်ရင် နောက်ကျသွားလိမ့်မယ်။”

စထရီနာက စကားတစ်လုံးမှ မပြောပေ။ သူ၏ ခေါင်းမာသော မျက်လုံးမှ အဖြေကို လူတိုင်း မြင်နိုင်ပေသည်။ ငါ ဒီလိုရောက်နေမှတော့ ပြန်ဖို့ အစီအစဉ် မရှိဘူး။

အယ်ဒီလိုင်းက စထရီနာ၏ အမူအရာကို မမြင်နိုင်သော်လည်း သူ၏ စိတ်ဝိညာဉ်မှ ဆုံးဖြတ်ချက်ပြတ်သားမှုနှင့် မလျှော့သောဇွဲကို ခံစားမိလိုက်ပြီး ငိုကြွေးလိုက်မိသည်။ “နင် ဘာလို့ ဒီလောက် တုံးရတာလဲ။”

စထရီနာက ခေါင်းခါပြီး လက်ထဲမှ ဓားမောက်ရှည်ကို တင်းတင်းကြပ်ကြပ် ကိုင်ထားနေခဲ့သည်။

“ဒီလိုလုပ်ဖို့အတွက် တကယ် မတန်ပါဘူး။” အယ်ဒီလိုင်း တောင်းပန်သည်။ “အစ်မ။ ငါ့ကို ညီမတစ်ယောက်လို သဘောထားသေးတယ်ဆိုရင် မြန်မြန် ပြန်သွားလိုက်ပါ .... နော်။”

“မတန်ဘူး ဟုတ်လား။” စထရီနာ ခံစားချက် ပြင်းထန်သွားပြီး အော်ပြောလိုက်သည်။ “ငါ့ရဲ့ တုံးအမှုကြောင့်သာ မဟုတ်ရင် ဒီနေ့ နင် ဒီမှာ ရှိနေမှာ မဟုတ်ဘူး။ ဒီထဲ နင့်ကို ဆွဲခေါ်ခဲ့တာ ငါပဲ။”

“အဲဒီတုန်းက မတော်တဆပါ။ အစ်မက ငါ့ရဲ့ မျက်လုံးကို ကုသဖို့အတွက် လျို့ဝှက်မြူဖုံးကျွန်းမှာ ဆေးပင်တွေသွားရှာဖို့အတွက် ကျွန်မကို ခေါ်သွားချင်ခဲ့တာ။” အယ်ဒီလိုင်းက အသည်းအသန် ခေါင်းခါလိုက်သည်။

“မဟုတ်ဘူး။ ငါက တိုက်ခိုက်ရေးပါရမီကို တိုးတက်အောင် လုပ်ဖို့အတွက် လျို့ဝှက်မြူဖုံးကျွန်းပေါ်မှ ရတနာ သွားရှာဖို့အတွက် နင့်ရဲ့ အာရုံခံစွမ်းရည်ကို အသုံးချချင်ခဲ့တာ။ ငါက တကိုယ်ကောင်းအဆန်ဆုံးသူပဲ။” စထရီနာ၏ မျက်လုံးများ ရုတ်တရက် နီရဲသွားခဲ့သည်။ သူက နာဂါဘုရင်မကြောင့် သရော်ခံရပြီး ဒဏ်ရာရခဲ့သည့်တိုင် မျက်ရည်တစ်စက်မျှ မကျခဲ့ပေ။ သို့သော်လည်း ယခုတွင် သူ မထိန်းချုပ်နိုင်တော့ပေ။ “နင် အမြဲ သိနေတာပဲ။ အဲဒီတုန်းက ဘာလို့ ငါ့ကို ကယ်ခဲ့တာလဲ။ ငါ့ကို နင့်ရဲ့ပါရမီ ဘာလို့ ပေးခဲ့တာပဲ။ ငါနင့်ကို အသက်ကြွေး တင်နေတယ်။”

အယ်ဒီလိုင်းက ငယ်စဉ်က လျို့ဝှက်မြူဖုံးကျွန်းကို ရှာဖွေရန်အတွက် အစ်မမဖြစ်သူ ခေါ်သွားခဲ့ကြောင်း ပြောခဲ့သည်ကို ချန်လွေ့ တွေးမိလိုက်ပြီး စထရီနာက မည်သည့် အတွက်ကြောင့် ညီမဖြစ်သူကို ကာကွယ်ရန် ခက်ခက်ခဲခဲ ကြိုးစားနေရကြောင်း သဘောပေါက်သွားခဲ့သည်။ လက်စသတ်တော့ ဒီလိုအကြောင်းရင်းမျိုး ရှိနေတာကိုး။ အယ်ဒီလိုင်းမှာ မျက်လုံးပြဿနာ ရှိနေပေမဲ့ သူ့ရဲ့ နဂိုပါရမီက အတော်လေး အစွမ်းထက်လောက်တယ်။ သူက သူ့ပါရမီကို တခြားတစ်ယောက်ဆီ လွှဲပေးနိုင်တယ်။

“ငါပြောခဲ့တယ်လေ။ အဲဒါအားလုံးက ငါ့သ‌ဘောပါလို့။ ငါက ကလေးဘဝတည်းက ဂီတကို သဘောကျခဲ့တာ။ ပြီးတော့ ငါက မျက်လုံးမမြင်ရဘူး။ [ ၆ခုကိုင်ဆွဲခြင်း ] ပါရမီက ငါ့အပေါ်မှာဆိုရင် အလကား ဖြစ်နေမှာ။ အစ်မက အမြဲတမ်း တက်ကြွပြီးတော့ ပြိုင်ဆိုင်ချင်စိတ် ပြင်းထန်တယ်။ အဲဒါကြောင့် အသင့်တော်ဆုံးပဲ။” အယ်ဒီလိုင်းက ခံစားချက် မထိန်းချုပ်နိုင်တော့သော စထရီနာကို ပွေ့ဖက်လိုက်သည်။ “နင်ငါ့ကို တစ်ခုခု ပေးချင်တယ်ဆိုရင်တော့ အခု ချက်ချင်း ပြန်ပြီးတော့ ငါ့ရဲ့မျှော်လင့်ချက်နဲ့ အသက်ဆက်ရှင်။ ဒါက ငါ နောက်ဆုံး တောင်းဆိုတာပဲ။”

စထရီနာ ခေါင်းခါလိုက်သည်။ “အဲဒီအချိန်တုန်းက ငါနင့်ကို အသက်နဲ့ရင်းပြီး ကာကွယ်ပေးမယ်လို့ သစ္စာဆိုခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါက တကိုယ်ကောင်းဆန်တဲ့ သူတစ်ယောက်ပဲ။ အဲဒါကြောင့် နောက်ဆုံးအကြိမ် ငါနင့်ကို စိတ်ပျက်အောက် လုပ်လိုက်ဦးမယ်။”

“အာ...မိန်းကလေးတို့... ခဏလောက် နေပါဦး။” ချန်လွေ့၏အသံ ထွက်ပေါ်လာသည်။ “အခုက အတိတ်အကြောင်း ပြန်ပြောနေဖို့ အချိန်မဟုတ်ဘူး။ ငါတို့ရဲ့ ပြဿနာက တဖြည်းဖြည်း ပိုကြီးလာနေပြီ။”

ထိုအချိန်၌ ပတ်ပတ်လည်တွင် နတ်ဆိုးငါးမန်းများ တဖြည်းဖြည်း ပိုများလာသည်။ အချို့က အမှန်တကယ်ပင် သင်္ဘောထဲသို့ ခုန်တက်ပြီး တိုက်ခိုက်လာသည်။ စထရီနာ ပြုလုပ်ခဲ့သော နတ်ဆိုးငါးမန်းများ၏ အလောင်းများကို အဖော်များက ဝါးမျိုးလိုက်ကြပြီး သူတို့က ပိုမို သွေးဆာလာကြသည်။ ရွှေရောင် အဓိက စတေးခံသင်္ဘောမှလွဲ၍ ကျန်ရှိသော သင်္ဘောများအားလုံး မြှုပ်သွားပြီ ဖြစ်ကာ အဆုံးမရှိသော အော်သံများ ပြည့်နှက်နေခဲ့၏။

ချန်လွေ့က နောက်ဘက်သင်္ဘောမှ အမှောင်ဒြပ်စင်ကောင် အနည်းငယ်ကိုသာ ကယ်ဆယ်နိုင်ခဲ့ပြီး အခြားဘယ်သူမှ အသက်မရှင်ကျန်ခဲ့ပေ။

“နေရာတိုင်းမှာ မြူတွေချည်းပဲ။ ငါတို့ လမ်းရှာဖို့ မတတ်နိုင်ဘူး။ ပြန်သွားနိုင်ရင်တောင် အရှင်မ မိုဒက်စတီက သေချာပေါက် သတ်ပစ်မှာပဲ။ ဒါမှမဟုတ် နောက်တစ်ခေါ် စတေးခံရနိုင်တယ်။ လမ်းတစ်ခုပဲ ရှိတော့တယ်။ အဲဒါက လျို့ဝှက်မြူဖုံးကျွန်းကို အမြန်ဆုံး ရှာပြီးတော့ ဒီကပ်ဘေးကနေ လွတ်မြောက်ဖို့ပဲ။ မစ်-အယ်ဒီလိုင်း။ မင်းရဲ့ အာရုံခံပါရမီကို အကောင်းဆုံး အသုံးချပေးပါ။”

အယ်ဒီလိုင်း တုန်လှုပ်နေ၏။ “ဒါပေမဲ့ ပင်လယ်နက် နတ်ဘုရားက ...”

“ခုနက လူတွေအများကြီး သေသွားပြီ။ ပင်လယ်စတေးမှုက ပြီးလုနီးပါး ဖြစ်နေလောက်ပြီ။ မင်းရဲ့ အစ်မကို တကယ် ကယ်ချင်တယ်ဆိုရင် အခုချက်ချင်း ဆုံးဖြတ်ချက်ချလိုက်တော့။”

မည်သူမှ မသေချင်ကြပေ။ အထူးသဖြင့် စထရီနာ ရှိနေသည့်အတွက် အယ်ဒီလိုင်း ခဏတာ တုံ့ဆိုင်းနေခဲ့ပြီး နောက်ဆုံးတွင် ပြတ်သားသော အမူအရာတစ်ခု ပြသကာ ခေါင်းညိတ်လိုက်သည်။

ထိုအချိန်၌ ဘေးဖက်မှ နာဂါတစ်ယောက်က အော်ပြောလိုက်သည်။ “သတင်းဆိုးပဲ။ သင်္ဘောအောက်ပိုင်း ပေါက်သွားပြီးတော့ ရေတွေဝင်လာပြီ။”

စထရီနာ အံကြိတ်လိုက်သည်။ “အယ်ဒီလိုင်း။ ငါ့ကို သေချာဖက်ထား။ ငါမင်းကို ခေါ်ထုတ်သွားမယ်။”

အမှန်တကယ်၌ စထရီနာ ပျံသန်းနိုင်သည့်တိုင် ထိုကဲ့သို့ ကျယ်ပြောလှသော ပင်လယ်ပြင်ထဲ၌ သင်္ဘောမရှိဘဲ နေနိုင်မည်မဟုတ်ကြောင်း လူတိုင်း သိကြသည်။ ထို့ပြင် ကြောက်မက်ဖွယ်ရာ ရန်သူများလည်း အများအပြား ရှိနေလေသည်။ သူ မောပန်းသွားသည်နှင့် သေချာပေါက် လမ်းဆုံးပြီ ဖြစ်သည်။

“မစ်-အယ်ဒီလိုင်း။ ငါပြောခဲ့တာ မှတ်မိလား။ လက်မလျှော့သရွေ့ မျှော်လင့်ချက်က အမြဲတမ်း ရှိနေဦးမှာပဲ...” ထိုသို့ပြောနေရင်း ချန်လွေ့၏ခန္ဓာကိုယ် လွင့်မျောကာ လမ်းကြောင်းရှင်းလင်းရန်အတွက် [ အရုဏ်ဦးပစ်ချက် ] ကို ပစ်လွှတ်လိုက်သည်။ ချန်လွေ့၏လက်ထဲမှ ကျက်သရေပြာလက်ထိပ် မရှိတော့သည်ကို စထရီနာ သတိထားမိသည်မှာ ကြာပြီဖြစ်သည်။ အဓိက စတေးခံသင်္ဘောပေါ်က နာဂါတွေနဲ့ အယ်ဒီလိုင်းတောင် ဒီလိုမျိုး လက်ထိပ်များကို မဖယ်ရှားနိုင်တာ။ ငါ အလွယ်လေး ဖမ်းလာခဲ့တဲ့သူမှာ ဒီလိုမျိုး ထူးခြားတဲ့စွမ်းရည် ရှိနေမယ်လို့ မထင်ထားခဲ့ဘူး။

အံ့အားသင့်စရာများ ပိုမိုဖြစ်လာသည်။ ချန်လွေ့က လက်ကို ဝှေ့ရမ်းလိုက်ရာ လူတိုင်းအရှေ့တွင် အလွန်ခမ်းနားကြီးမားသော အနက်ရောင် သင်္ဘောတစ်စင်း ပေါ်ထွက်လာ၏။

“မိစ္ဆာထောင်ခြောက်သင်္ဘောကနေ ကြိုဆိုပါတယ်။ မြန်မြန်တက်ကြပါ။ နောက်ထပ် မကောင်းဆိုးဝါးတွေ မပေါ်ထွက်လာခင် ဒီနေရာဆိုးကနေ ထွက်သွားရမယ်။”

ရွှေရောင်သင်္ဘောပေါ်မှလူများက မိစ္ဆာထောင်ခြောက် သင်္ဘောပေါ်သို့ အလောတကြီး ပြောင်းရွှေ့ကြတော့သည်။ သဲလူသားများက ကိုယ့်နေရာကိုယ်ယူကြပြီး ရေဒြပ်စင်ကောင်များက အကူအညီပေးနေကြသည်။ နာဂါများက ချန်လွေ့ဝေပေးသော လက်နက်များကို ကောက်ယူကြပြီး နှစ်ဖက်စလုံးမှ ခုန်တက်လာနိုင်သည့် နတ်ဆိုးငါးမန်းများရန်မှ ကာကွယ်ရန်အတွက် အမှောင်ဒြပ်စင်ကောင်များနှင့် ပူးပေါင်းနေလေသည်။ ၎င်းမှာ တူညီသော အဆုံးသတ်တစ်ခုအတွက် ပူးပေါင်းကြခြင်းဟု ခေါ်နိုင်ပေသည်။ ထိုအချိန်၌ ယခင်က မည်သည့်ရန်ငြိုး ရှိစေကာမူ အခက်အခဲများကို ကျော်လွှားနိုင်ရန်အတွက် အတူတူ အလုပ်လုပ်ကြရမည် ဖြစ်၏။

“မစ်-အယ်ဒီလိုင်း။ စွမ်းရည်သုံးပြီးတော့ ပဲ့ထိန်းကို လမ်းညွှန်ပေးကြည့်ပါ။”

အယ်ဒီလိုင်းက နှုတ်ခမ်းကိုက်လိုက်သည်။ “ကျွန်မရဲ့ စိတ်ဝိညာဉ်စွမ်းအားက အကန့်အသတ် ရှိတယ်။ အများဆုံး အကြမ်းဖျဉ်းနေရာကိုပဲ အာရုံခံနိုင်တယ်။ ရှေ့မှာ ဘာအန္တာရာယ်တွေ ရှိနေလဲဆိုတာကိုလည်း ကျွန်မ မသိဘူး။”

“ဒီဆေးပုလင်းနှစ်ပုလင်း အရင်သောက်လိုက်။ ပြီးတော့လည်း ဒီသလင်းကျောက်က စိတ်ဝိညာဉ်စွမ်းအားက အတိုင်းအတာ တစ်ခုအထိ တိုးမြှင့်ပေးနိုင်တယ်။ ကိုင်ထား။” ချန်လွေ့က စစ်မှန်စိတ်ဝိညာဉ်ဆေးရည်၊ ထာဝရ စိတ်ခွန်အားတိုး‌ဆေးရည်နှင့် သန့်စင်မှုမြင့်မားသော စိတ်ဝိညာဉ်သလင်းကျောက်တို့ကို နာဂါကောင်မလေးထဲ လက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။ “မင်းရဲ့နှလုံးသားထဲက မျှော်လင့်ချက်နဲ့ အကောင်းဆုံးလုပ်။ အနည်းဆုံးတော့ ငါတို့မှာ နောင်တတွေ မကျန်ခဲ့သင့်ဘူး မဟုတ်လား။”

“ဆာ-အက်ဂ်ယော...” အယ်ဒီလိုင်းက သလင်းကျောက်၏ နွေးထွေးမှုကို ခံစားလိုက်ရပြီးနောက် စိတ်ထဲ၌ ထူးဆန်းသော သေချာမှုတစ်ခု ရှိသွားခဲ့သည်။ သူက မတုံ့ဆိုင်းနေတော့ဘဲ ဆေးရည်ကို သောက်လိုက်ကာ လက်ထဲ၌ သလင်းကျောက်ကို ကိုင်ထားရင်း သင်္ဘောတက်မပေါ်၌ စတင်၍ စိတ်ဝိညာဉ်အာရုံခံ နေတော့သည်။

အဓိက စတေးခံသင်္ဘော မြုပ်သွားသည်မှာ ကြာပြီ ဖြစ်သည်။ မိစ္ဆာထောင်ခြောက် သင်္ဘောကို ဝိုင်းရံလာသော နတ်ဆိုးငါးမန်းများ ပိုများလာသည်။ အရေအတွက်မှာ စိတ်ကူးကြည့်၍ပင် မရနိုင်ပေ။ သူတို့က ယခုလက်ရှိတွင် သင်္ဘောထဲသို့ မဖောက်ဝင် နိုင်သော်လည်း သင်္ဘောကို နေရာတစ်ခုခုသို့ တွန်းပို့နေကြသည့်အတွက် သင်္ဘောက မ‌ရွေ့လျားနိုင်တော့ပေ။ နီးကပ်သော အကွာအဝေးနှင့် ထောင့်တို့ကြောင့် အဓိက မှော်သလင်းကျောက်အမြောက်များနှင့် ဘေးဖက်မှအမြောက်များဖြင့် တိုက်ခိုက်ရန် မသင့်တော်ပေ။ အခြေအနေက အတော်လေး အန္တရာယ် များနေခဲ့သည်။

“သလင်းကျောက် ချက်ချင်း ပြန်ဖြည့်။ မှော်အကာအကွယ်ကိုဖွင့်။ အရှိန်ကုန် ရှေ့ဆက်ဖို့အတွက် အရေးပေါ်ဒုံးစက်ကိုသုံးဖို့ပြင်ထား။” ချန်လွေ့က သဲလူသားများနှင့် ရေဒြပ်စင်ကောင်များအား သက်ဆိုင်ရာ အမိန့်များကို ကျယ်ကျယ်လောင်လောင်နှင့် ပေးလိုက်သည်။ ထို့နောက် သူက စထရီနာဘက်သို့ ခေါင်းလှည့်လာသည်။ “မစ်-စထရီနာ။ မိစ္ဆာထောင်ခြောက်သင်္ဘောအတွက် လမ်းကြောင်းရှင်းပေးဖို့ လိုအပ်တယ်။ တစ်ယောက် တစ်ဖက်စီ လုပ်ကြရအောင်။”

ညီမဖြစ်သူ ဆေးရည်ကို သောက်နေသည်ကို ကြည့်နေစဉ် စထရီနာက တစ်ခုခု ပြောချင်ခဲ့သော်လည်း မပြောခဲ့ပေ။ သူက ချန်လွေ့ကိုသာ စိုက်ကြည့်နေပြီး သင်္ဘောခေါင်းပိုင်းသို့ လမ်းလျှောက်သွားလိုက်သည်။

ကြောက်မက်ဖွက်ရာ ငါးမန်း အရေအတွက် အများအပြားကို ရင်ဆိုင်ရသော်လည်း စထရီနာက အကြောက်တရားမရှိဘဲ ခုန်ဆင်းသွားခဲ့သည်။ သူက အမြီးကို ခွေပြီး သင်္ဘောခေါင်းပိုင်း ဘယ်ဖက်ထောင့်တွင် သတ္တုကြိုးတစ်ချောင်းဖြင့် ရစ်ပတ်လိုက်သည်။ ထို့နောက် သူ၏မြွေခန္ဓာကိုယ်က ဇောက်ထိုးဆင်းသွားတော့သည်။

ကြောက်မက်ဖွယ်ရာ ပင်လယ်သားရဲများကို သေသေချာချာ မြင်သည့်အခါ နာဂါအမျိုးသမီး စစ်သည်၏ အစိမ်းရောင်မျက်လုံးထဲရှိ သတ်ဖြတ်ချင်စိတ် လျှံထွက်လာခဲ့သည်။ ဓားမောက်ရှည် ၆လက်ကလည်း လေကို စုတ်ဖြဲနိုင်သော ခုတ်ချက်များဖြင့် ရှေ့ဆက်လာသော နတ်ဆိုးငါးမန်းများကို ခုတ်ပိုင်းလိုက်လေသည်။

ဓားချီစွမ်းအင်က နေရာအနှံ့သို့ ခုတ်ပိုင်းနေပြီး အသွေးအသားများ ပြန့်ကျဲနေခဲ့သည်။ ဓားချီစွမ်းအင်က မီတာဒါဇင်ခန့်အထိ ရောက်ရှိသွားပြီး ဘယ်ဖက်တွင် လမ်းကြောင်းရှင်းပေးခဲ့ပြီး ပင်လယ်ရေမျက်နှာပြင်သည်ပင် ဓားပိုင်းရာတစ်ခု ဖြစ်သွားလေသည်။ အားကောင်းလှသော စွမ်းအားကြောင့် ပင်လယ်ရေက အချိန်တစ်ခုအထိ ပြတ်သွားပြီး ခဏအကြာ ပြန်ပြည့်သွားခဲ့သည်။ နတ်ဆိုးငါးမန်းများက အချိန်တစ်ခုအထိ အနားမကပ်နိုင်တော့ပေ။

အင်အားကြီးသော ခုတ်ပိုင်းမှုများ အဆက်မပြတ် ပြုလုပ်နေသော စထရီနာက အနည်းငယ် ပင်ပန်းလာခဲ့သည်။ သူက မြွေအမြီးကို လှုပ်ရမ်းရင်း သင်္ဘောခေါင်းပိုင်း ထောင့်နေရာသို့ ပြန်ခုန်တက်လာသည်။ ထို့နောက် တစ်ချိန်တည်းမှာပင် အခြားတစ်ဖက်ရှိ နတ်ဆိုးငါးမန်းအုပ်ကြီးပေါ်တွင် မရေမတွက်နိုင်သော လခြမ်းပုံစံ “သင်္ကေတများ”ကို မြင်လိုက်ရသည်။ ထိုသင်္ကေတများက အရှိန်မြန်စွာဖြင့် အရောင်လက်သွားပြီးနောက် ၎င်းတို့ ဖုံးလွှမ်းထားသော အရာများ ပြိုပျက်ကာ ချက်ချင်းပင် စုတ်ပြတ်သွားခဲ့သည်။ မျက်စိတစ်မှိတ် အတွင်းမှာင် မီတာ၃၀နီးပါး ပတ်လည်အတွင်းရှိ နတ်ဆိုးငါးမန်းများအားလုံးက ခြွင်းချက်မရှိဘဲ အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားတော့သည်။

စထရီနာ အနည်းငယ် ထိတ်လန့်သွားခဲ့သည်။ ထိုအချိန်၌ မိစ္ဆာထောင်ခြောက် သင်္ဘောက နတ်ဆိုးငါးမန်းများ၏ ဝိုင်းရံတိုက်ခိုက်မှုမှ လွတ်မြောက်သွားပြီ ဖြစ်သည်။ အမျိုးမျိုးသော ဒုံးစက်များကိုလည်း အသုံးပြုလိုက်ရသည်။ အရေးပေါ် ဒုံးစက်များ၏ အားကောင်းသောသက်ရောက်မှုကြောင့် သင်္ဘောက ထက်လှသော ဓားတစ်လက် ကဲ့သို့ပင် လှိုင်းများကြားမှ ဖောက်ထွက်သွားပြီးနောက် နတ်ဆိုးငါးမန်းများနှင့် အဝေးသို့ ရောက်သွားခဲ့သည်။

အန္တရာယ်မှ လွတ်မြောက်သွားခြင်းကြောင့် သင်္ဘောပေါ်မှ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ သို့သော်လည်း စိတ်ဝိညာဉ်အာရုံခံစွမ်းအား အကောင်းဆုံးရှိသော အယ်ဒီလိုင်းက အသံကျယ်ကျယ်နှင့် ပြောလိုက်သည်။ “မဟုတ်သေးဘူး..။ ဆာ-အက်ဂ်ယောက နောက်မှာ ကျန်နေတုန်းပဲ။”

ထိုစကားက အော်ဟစ်သံများကို ရုတ်ချည်းရပ်တန့်သွားစေပြီးနောက် သူတို့က အဝေးမှ နတ်ဆိုးငါးမန်းအုပ်လိုက်ကို တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်သည်။ စထရီနာက ထိုနေရာ၌ ရဲရဲတောက် အနီရောင်အလင်းကို မြင်လိုက်သည့်အခါ ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။ အဝေးမှပင် ပြင်းထန်ပြီး ကြောက်မက်ဖွယ်ရာ ကြမ်းတမ်းမှု တစ်ခုကို သူ ခံစားနေရသည်။

သိပ်သည်းလှသော နတ်ဆိုးငါးမန်းအုပ်ကြီးအတွင်း၌ အမည်မရှိ ရှည်လျားသော အနီရောင် “နတ်ဆိုးသားရဲ” တစ်ကောင်က ဟိန်း‌ဟောက်လိုက်သည်။ လမ်းတစ်လျှောက် ပင်လယ်ရေများကလည်း မီတာ ဒါဇင်ခန့်အထိ မြောက်တက်သွားလေသည်။ အလွန်ကြီးမားသော အနီရောင်သားရဲက ရှေ့မှနောက်သို့ ပတ်သွားနေပြီး နတ်ဆိုးငါးမန်း အကုန်နီးပါး သုတ်သင်ခံလိုက်ရ၏။

တဖြည်းဖြည်းနှင့် အနီရောင်အလင်းက ပြောင်းလဲသွားသည်။ ထို့နောက် လူများက ထူးဆန်းသော [ အသံဗုံး ] အသံကို ကြားလိုက်ရသည်။ လျှပ်စီးကဲ့သို့ ပုံရိပ်တစ်ခု လွင့်ထွက်လာပြီး ချက်ချင်းပင် အရှိန်မြန်ရွက်လွှင့်နေသော မိစ္ဆာထောင်ခြောက် သင်္ဘောနှင့် မီလာခဲ့သည်။

“အဲဒါ ဆာ-ကပ္ပတိန်ပဲ...”

“ဆာ-အက်ဂ်ယော...”

သင်္ဘောပေါ်မှ လူများက တအံ့တသြနှင့် အော်ဟစ်လိုက်ကြသည်။ ချန်လွေ့က မျက်စိတစ်မှိတ်အတွင်းမှာပင် ကုန်းပတ်ပေါ်သို့ ဆင်းသက်လာသည်။ “မစ်-အယ်ဒီလိုင်းနဲ့ လမ်းညွှန်မှုနဲ့ အရှိန်ကုန် ဆက်သွား။ သတိလက်လွတ် မဖြစ်စေနဲ့။ ဒါက လျို့ဝှက်မြူဖုံး ပင်လယ်ပဲ။”

ထိုစကားက သင်္ဘောသားများကို သတိဝင်သွားစေပြီး ချက်ချင်းပင် စတင် နေရာယူတော့သည်။ တစ်နာရီကြာပြီးနောက် အရှိန်ကုန် ရွက်လွှင့်နေသော မိစ္ဆာထောင်ခြောက် သင်္ဘောက နတ်ဆိုးငါးမန်းများလက်ထဲ၌ လွတ်သွားခဲ့သည်။ ထိုအချိန်အတိုင်းအတာအတွင်း စထရီနာက ချန်လွေ့ကို စိုက်ကြည့်နေရာ ချန်လွေ့ နေမထိထိုင်မထိ ဖြစ်နေခဲ့သည်။

“မစ်-စထရီနာ။ ငါ့မျက်နှာပေါ်မှာ ပန်းပွင့်နေလို့လား။” ချန်လွေ့ မနေနိုင်တော့ဘဲ စတင် စကားပြောလိုက်သည်။

“ရှင့်ရဲ့စွမ်းအားက အပေါ်ယံမှာ မြင်ရတာထက် အများကြီးသာတယ်။ ရှင်က ကျက်သရေပြာ လက်ထိပ်ကိုတောင် ကိုယ်တိုင် ဖယ်ရှားနိုင်တာပဲ။ အဲဒီနေ့က ရှင် တမင် အဖမ်းခံခဲ့တာ မဟုတ်လား။” စထရီနာ၏ စေ့စေ့စပ်စပ်အကြည့်က ပြင်းထန်သော သတိတရားများ ပါဝင်နေသည်။ “ရှင်က ဘယ်သူလဲ။ နာဂါမျိုးနွယ်စုအပေါ် ရှင့်မှာ ဘယ်လို အကြံတွေ ရှိနေလဲ။”

ချန်လွေ့က ခေါင်းခါသည်။ “နာဂါမျိုးနွယ်စုအတွက် ငါ့မှာ ဘာအကြံမှ မရှိဘူး။ စွမ်းအားကတော့ .... ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့ လှည့်ကွက်တစ်ခုပါပဲ။ မစ်-စထရီနာကို မယှဉ်နိုင်ပါဘူး။”

“ဆာ-အက်ဂ်ယောက နှိမ့်ချလွန်းနေပါပြ။ ရှင့်ရဲ့ တကယ့်စွမ်းအားက အစ်မထက် မနိမ့်လောက်ပါဘူး။” နာဂါကောင်မလေးက စကားဖြတ်ပြောသည်။ “အကြံတစ်ခု ရှိတယ်ဆိုရင် အဲဒါက လျို့ဝှက်မြူဖုံးကျွန်းပဲ။ ဟုတ်တယ်မလား။”

ညီမဖြစ်သူတွင် အထူးအာရုံခံစွမ်းရည်ရှိကြောင့် စထရီနာ သိသည်။ “အက်ဂ်ယော”က မိမိကဲ့သို့ အစွမ်းထက်ကြောင့် အယ်ဒီလိုင်းပြောသည်ကို ကြားသည့်အခါ သူ အံ့အားသင့်သွားခဲ့သည်။ အယ်ဒီလိုင်းက ခဏစဉ်းစားပြီး မေးကြည့်သည်။ “ဆာ-အက်ဂ်ယော။ ကျွန်မမေးချင်တာက ကျွန်မမှာ လျို့ဝှက်မြူဖုံးကျွန်းကို အာရုံခံနိုင်မယ့် စွမ်းရည် မရှိဘူးဆိုရင် ကျွန်မကို ကယ်မှာလား။”

ချန်လွေ့က အသာလေး ပြုံးလိုက်သည်။ “မင်းမှာ အထူးအာရုံခံပါရမီ ရှိတယ် မဟုတ်လား။ မင်း အဖြေကို သိလောက်မယ် ထင်ပါတယ်။”

အယ်ဒီလိုင်းက ဘာမှမပြောဘဲ ဖြူဖြူစင်စင်နှင့်သာ ပြုံးလိုက်သည်။ ထို့နောက် သူက လက်ကို ကြက်ခြေခတ်ပြီး အရိုအသေပြုကာ သဲလူသားများအား ဆက်လက် လမ်းပြနေလိုက်သည်။

ထိုမေးခွန်းမှာ အမှန်တကယ်၌ စထရီနာအတွက် ဖြစ်သည်။ နာဂါအစ်မဖြစ်သူ၏ အမူအရာက အတော်လေး ပြေလျော့သွားခဲ့သည်။ ချန်လွေ့က စထရီနာကို ကြည့်လိုက်သည်။ “မနေ့က မင်းရဲ့ဒဏ်ရာတွေ ပြန်မကောင်းသေးဘူး။ ပြီးတော့ မိစ္ဆာသစ်သီးရဲ့ အဆိပ်ကလည်း မင်းရဲ့ခန္ဓာကိုယ်ကို တိုက်စားနေတယ်။ ဒီနေ့ မင်း ဒီကို မရောက်လာသင့်ဘူး။ ဒါပေမဲ့ မင်းက ဒီကိုရောက်လာတော့ ... မင်းကို ဒါ ပေးလိုက်မယ်။”

စထရီနာက ပစ်ပေးလိုက်သော ဆေးရည်ပုလင်းနှင့် အစိမ်းရောင်ပုတီးတစ်လုံးကို ယူလိုက်သည်။ ထို့နောက် ချန်လွေ့၏အသံကို သူ ကြားလိုက်ရ၏။ “ပုလင်းထဲမှာ ရှိတာက ဒဏ်ရာပြန်ကောင်းတာ မြန်စေတဲ့ ဆေးရည်ပဲ။ ဒီပုတီးကို ကျောက်စိမ်းပုလဲလို့ ခေါ်တယ်။ ဒါက ဧရာမနဂါးချိုရဲ့ အမြုတေအဆီပဲ။ ဒါက မိစ္ဆာသစ်သီးရဲ့ အဆိပ်ကို ခုခံနိုင်အောင် မင်းကို ကူညီပေးနိုင်တယ်။”

စထရီနာ စကားပြောမည် ပြင်လိုက်စဉ် “အက်ဂ်ယော”၏ပုံရိပ်က သင်္ဘောခန်း ဝင်ပေါက်မှ ပျောက်ကွယ်သွားခဲ့သည်။ သင်္ဘောခန်းထဲ၌ ချန်လွေ့က မြေပုံကိုထုတ်ပြီး “ဒိုဒိုတံဆိပ်” ခေါင်းစွပ်ကို ဆောင်းလိုက်သည်။ ထိုပင်လယ်မြေပုံက အရောင်လက်သွား၏။ ငါ့ကို ကိုယ်စားပြုတဲ့ အနီရောင်အလင်းအမှတ်နဲ့ ရွှေရောင်အလင်းကြားက အကွာအဝေးကို ကြည့်မယ်ဆိုရင် ရတနာသိုက်ဘက် လမ်းကြောင်းက နီးကပ်လာပြန်သည်။ ကြည့်ရတာ ဒီလမ်းကြောင်းက မှန်တဲ့ပုံပဲ။ လျို့ဝှက်မြူဖုံးကျွန်းက အမှောင်ဒြပ်စင်ဘုရင်နဲ့ သဘောတူညီမှု ပြုလုပ်ထားတဲ့နေရာ ဖြစ်တဲ့အပြင်ကို လျို့ဝှက်ဆန်းကြယ်တဲ့ ရတနာသိုက်ဆီ သွားဖို့အတွက် တစ်ခုတည်းသော နည်းလမ်းလည်း ဟုတ်တယ်။

ထိုအချိန်၌ ချန်လွေ့က အပြင်ဘက်တွင် အုတ်အော်သောင်းတင်း ဖြစ်နေသည်ကို ကြားလိုက်ရသည်။ သူက အခန်းထဲမှ အမြန်ထွက်လာပြီး ရှေ့မှ ပင်လယ်တွင် နောက်ထပ် လှိုင်းများ လှိမ့်တက်လာသည်ကို မြင်လိုက်ရသည်။

ခဏအကြာတွင် “လှိုင်းများ” ချဉ်းကပ်လာသည်။ သို့သော်လည်း ၎င်းမှာ ပင်လယ်ဒီရေ မဟုတ်ဘဲ မရေမတွက်နိုင်သည့် ပင်လယ်သားရဲများ ဖြစ်နေကာ ကြက်သီးထစရာပင် ဖြစ်လေသည်။

အယ်ဒီလိုင်း၏ မျက်နှာပေါ်၌ အလွန်အမင်း ကြောက်ရွံ့သော အမူအရာ ဖြစ်သွားပြီး ထောင့်တစ်နေရာ၌ ကပ်နေလိုက်ပြီး ကတုံကယင်နှင့် ပြောသည်။ “အစ်မ။ ဆာ-အက်ဂ်ယော။ မြန်မြန်ပြေးတော့။”

ချန်လွေ့က သင်္ဘောဦးခေါင်းကိုလှည့်ရန် အမိန့်ပေးလိုက်စဉ် တူညီသော “လှိုင်းများ”က မိစ္ဆာထောင်ခြောက်သင်္ဘောနောက်မှ ပေါ်ထွက်လာပြန်သည်။ သင်္ဘော အဝိုင်းခံလိုက်ရ၏။ တစ်ချိန်တည်းမှာပင် လေထဲ၌ သားရဲအချို့၏ အသံများ ရေးရေးလေး ပေါ်ထွက်လာလေသည်။

ဒီနတ်ဆိုး ပင်လယ်သားရဲတွေထက်စာရင် အရင် နတ်ဆိုးငါးမန်းအုပ်လိုက်က ရေတစ်ဖလားနဲ့ ရေကန်လိုပဲ ကွာခြားတယ်။

လက်ရှိအခြေအနေ ဆိုးဝါးနေပြီး ချန်လွေ့၏စိတ်ထဲ၌ နောက်ထပ် နိမိတ်မကောင်းသော ခံစားချက် လှိမ့်တက်လာသော်လည်း ယခုတွင် စဉ်းစားရန် အချိန်မရှိပေ။ သူ အော်ပြောလိုက်သည်။ “အမြောက်တပ်သားတွေ ပြင်ဆင်ထား။ တိုက်ခိုက်ဖို့ အသင့်ပြင်။”

“မစ်-စထရီနာ။ အခုအခြေအနေက ဒဏ်ရာကို ကုသဖို့အတွက် နောက်ကျသွားပြီ။ ဒီသင်္ဘောရဲ့ လုံခြုံရေးအတွက် မင်းကို အပ်ထားလိုက်ပြီ။ မစ်-အယ်ဒီလိုင်းနဲ့ သင်္ဘောသားတွေကို ကာကွယ်ပေးပါ။”

လက်ရှိအခြေအနေမှာ အရေးကြီးလှကြောင်း သိသည့်အတွက် စထရီနာက အပိုမပြောဘဲ ‌ခေါင်းညိတ်လိုက်သည်။ “ရှင်ကရော...”

“ပင်လယ်သားရဲတွေကို အာရုံပြောင်းဖို့အတွက် အကောင်းဆုံး ကြိုးစားပေးမယ်။ လွတ်လမ်းတစ်ခုတွေ့ရင် မင်းတို့ အမြန်ဆုံး ထွက်ပြေးတော့။”

“ရှင် သင်္ဘောပေါ်မှာ နေခဲ့။ ကျွန်မ သွားမယ်။” စထရီနာ မတုံ့ဆိုင်းဘဲ ပြောသည်။

“ငါ့ရဲ့ သင်္ဘောသားတွေက မြေဒြပ်စင်ကောင်တွေရဲ့ သဲလူသားတွေပဲ။ သူတို့က ဖောက်ထွက်ဖို့အမိန့်ကို ရထားပြီးပြီ။ မင်း တစ်ယောက်တည်း အမိန့်ပေးစရာ မလိုဘူး။ မင်းက နာဂါတွေနဲ့ ပိုရင်းနှီးတယ်။ အဲဒါကြောင့် စနစ်တကျ ခုခံဖို့အတွက် သူတို့ကို ထိထိရောက်ရောက် စုစည်းလို့ရတယ်။” ချန်လွေ့က နောက်ထပ် စကားကို မပြောခဲ့ပေ။ စထရီနာရဲ့ ဒဏ်ရာနဲ့ အခြေအနေက အထွတ်အထိပ် အခြေအနေမှာ မဟုတ်ဘူး။ အဲဒါကြောင့် ဒီအတိုင်းသွားရင် ပိုပြီးတော့ အန္တရာယ်များတယ်။

ချန်လွေ့၏ စွမ်းအား အနည်းငယ် အသုံးပြုပြီးသော်လည်း အထူးတုံ့ပြန်မှု ခန္ဓာအမျိုးအစားကြောင့် လက်ရှိတွင် [ မီးသင့်နဂါးသတ်ဖြတ်ခြင်း ] ကိုသာ အသုံးပြု၍ မရနိုင်ပေ။ [ စစ်မှန် ဖျက်ဆီးခြင်း အရှိန်အဝါခုတ်ချက် ] နှင့် [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] ကို အသုံးပြုနိုင်နေပြီ ဖြစ်သည်။

စထရီနာက ချန်လွေ့ကို ခဏတာ စိုက်ကြည့်နေလိုက်သည်။ သူက ဓားမောက်ရှည် ၆လက်ကို ကြက်ခြေခတ်ထားပြီး လက်ကို ဆန့်တန်းလိုက်ကာ အသာလေး ခေါင်းငုံ့ပြီး ချန်လွေ့ကို အရိုအသေ ပြုလိုက်သည်။ သင်္ဘောပေါ်မှ နာဂါများကလည်း ချန်လွေ့ကို ထိုအတိုင်း အရိုအသေပြုခဲ့ကြသည်။ ၎င်းမှာ စစ်သည်များအပေါ် နာဂါမျိုးနွယ်စု ပြုမူကြသည့် အမြင့်ဆုံး ဓလေ့ထုံးစံတစ်ခု ဖြစ်ပေသည်။

All Chapters