နိမိတ်မကောင်းသောခံစားချက်
Vol. 39 Ch. 603
ဝိုင်းရံမှု တဖြည်းဖြည်း နီးကပ်လာသည်။ စထရီနာ၏ အမိန့်အတိုင်း မိစ္ဆာထောင်ခြောက် သင်္ဘော၏ ခေါင်းပိုင်းနှင့် နောက်ပိုင်းမှ မှော်သလင်းကျောက် အမြောက်နှစ်ခုသည် သားရဲအုပ်ကြီးထဲသို့ အင်အားကြီးသော အဖြူရောင် အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်လေသည်။
ကြောက်မက်ဖွယ်ရာစွမ်းအင် ဖြတ်သွားတိုင် လှိုင်းလုံးကြီးများ ထွက်ပေါ်လာ၏။ ပင်လယ်သားရဲများကလည်း အမှုန်များ ဖြစ်သွားကြာ ပျောက်ကွယ်သွားသည်။
အလင်းတန်းနှစ်ခု ဖြတ်သွားပြီးနောက် တဖြည်းဖြည်းနှင့် အရောင်မှိန်လာသည်။ သို့သော်လည်း ပင်လယ်သားရဲများက အကြောက်တရား ကင်းမဲ့နေသည်။ သူတို့က ဆက်လက်၍ လိုက်နေကြသည်။ ယပ်တောင်ပုံစံ နေရာလွတ်နှစ်ခုက အလျင်အမြန်ပင် သားရဲအုပ်များနှင့် ပြည့်နှက်သွားတော့သည်။
အဓိကအမြောက်များ၏ အကွာအဝေးနှင့်စွမ်းအားက စထရီနာကို အံ့အားသင့်သွားစေသည်။ ထိုမှော်သလင်းကျောက်အမြောက်က အစွမ်းထက်သော်လည်း သာမန်အဓိကအမြောက်များထက် ပြန်ပစ်နိုင်ရန် အချိန်ပိုကြာသည်။ ပြင်းထန်လှသော အခြေအနေကြောင့် သူက ချက်ချင်းပင် နောက်ထပ်အမိန့်တစ်ခု ပေးလိုက်သည်။ ပေါက်ကွဲမှုများအကြား၌ ဘေးဖက် အမြောက်များက ရဲရဲတောက် ပစ်ခတ်မှုများ စတင်ပြုလုပ်တော့သည်။ သဲလူသားများ၏ ပစ်ခတ်နှုန်းနှင့် တိကျမှုမှာ အတော်လေး ထူးချွန်လှသည်။ သို့သော်လည်း ဘေးဖက်အမြောက်များမှာ တိုးမြှင့်ထားသော မှော်သလင်းကျောက်အမြောက်များထက် များစွာနိမ့်ကျသည်။ သေစေနိုင်မှုက အတော်လေး ကောင်းမွန်လှသော်လည်း များပြားလှသော သားရဲအုပ်ကြီးထဲ၌ ရေပုံးထဲမှ ရေတစ်စက်ကဲ့သို့ပင် ဖြစ်နေသည်။
မိစ္ဆာထောင်ခြောက်သင်္ဘောကို သားရဲအုပ်လိုက်ကြီး လုံးဝ ဝိုင်းရံမိသွားသည်နှင့် သင်္ဘောမည်မျှ ခိုင်မာစေကာမူ သေရန်ကို စိတ်ပျက်လက်ပျက်နှင့် စောင့်နေရရုံသာ ရှိပေတော့မည်။
မိစ္ဆာထောင်ခြောက်သင်္ဘောမှ ပုံရိပ်တစ်ခု ခုန်ထွက်လာသည်။ ရှေ့မှ သားရဲအုပ်ကို မျက်နှာမူနေရင်း အလင်းဖြူစက်လုံး ဒါဇင်ခန့်ကို အနီးကပ်သေနတ်ကျည်ဆန်များ ကဲ့သို့ပင် ပစ်လွှတ်လိုက်သည်။ ဖျက်ဆီးမှုအားကောင်းသော အလင်းစက်လုံးများက သားရဲအုပ်ကြီးကို ရှင်းလင်းပစ်ခဲ့ပြီးနောက် ရေထဲသို့ ပေါက်ကွဲထွက်သွားသည်။ ထိုကဲ့သို့ တိမ်လှသော လမ်းကြောင်းက သိပ်သည်းလှသော သားရဲအုပ်ကြီးထဲတွင် မသိသာလှဘဲ ၎င်းတို့က တမုဟုတ်ချင်း ပျောက်ကွယ်သွားခဲ့လေသည်။
ပင်လယ်သားရဲများ များပြားလွန်းလှပြီး [ အရုဏ်ဦးပစ်ချက် ] က ထိရောက်မည် မဟုတ်ကြောင်း ချန်လွေ့သိသော်လည်း ထိုရည်ရွယ်ချက်မှာ သားရဲများကို ရန်စရန် အတွက်သာ ဖြစ်ပေသည်။ [ အရုဏ်ဦးပစ်ချက် ] များ ပစ်လွှတ်ပြီးနောက် ချန်လွေ့က အတွင်းထဲသို့ ဆက်လက်တိုးဝင်သွားခဲ့သည်။ သူက ထိုပင်လယ်သားရဲများ၏ ကြောက်မက်ဖွယ်ရာ မျက်လုံးများနှင့် ထက်မြက်လှသော လက်သည်းများကို သေသေချာချာ မြင်နေရလေသည်။
ပင်လယ်သားရဲအများအပြားက ရုတ်တရက် ထွက်ပေါ်လာသော ချန်လွေ့ကို ဝိုင်းရံလိူက်ကြသည်။ အများစုက ရေမြား၊ အဆိပ်နှင့် စွမ်းအင်ဗုံးကဲ့သော အလှမ်းဝေး တိုက်ခိုက်မှုများကို အသုံးပြုကြသည်။ ချန်လွေ့၏ ကိုယ်ပတ်ပတ်လည်တွင် အရည်လဲ့သော အပြာရောင်ဒိုင်းကာတစ်ခု ပေါ်ထွက်လာပြီး တစ်ကိုယ်လုံးကို ဖုံးလွှမ်းထားလိုက်သည်။ သာမန်မှော်ဒိုင်းကာများသည် မပယ်ဖျက်လျှင် တိုက်ခိုက်ရန် မပြောနှင့်၊ လှုပ်ရှား၍ပင် မရချေ။ သို့သော်လည်း စူပါစနစ်၏ အကာအကွယ် ဒိုင်းကာစွမ်းရည်က ထိုကဲ့သို့ ကန့်သတ်ချက် လုံးဝမရှိပေ။ ထို့ကြောင့် ချန်လွေ့က လွတ်လွတ်လတ်လတ် လှုပ်ရှားကာ တိုက်ခိုက်နိုင်နေသည်။
ရှောင်တိမ်းနေစဉ် ချန်လွေ့က [ အရှိန်အဝါဓားသွား ] ကို အသက်သွင်းပြီး ချဉ်းကပ်လာသော ပင်လယ်သားရဲများကို သတ်ပစ်လိုက်သည်။ သူ၏ တစ်ကိုယ်လုံးက လှည့်ပတ်နေသော ပန်ကာတစ်ခုကဲ့သို့ပင် ဖြစ်နေသည်။ လမ်းတစ်လျှောက်ရှိ ပင်လယ်သားရဲများက အလျင်အမြန် ရှင်းလင်းခံလိုက်ရသည်။ ပင်လယ်သားရဲ အရေအတွက်နှင့်ယှဉ်လျှင် ချန်လွေ့ သတ်ဖြတ်ခဲ့သည်မှာ ရေပုံးထဲမှ ရေတစ်စက်သာ ဖြစ်သည်။ သို့သော်လည်း သူက ပင်လယ်သားရဲအများစု၏ အာရုံစိုက်မှုကို အောင်အောင်မြင်မြင် ရရှိသွားခဲ့သည်။ ပင်လယ်သားရဲကြီး အများအပြားက ဟိန်းဟောက်လာကြလေသည်။
ချန်လွေ့က လမ်းတစ်လျှောက်၌ ပြောက်ကျား တိုက်ခိုက်လာခဲ့သော်လည်း ခန္ဓာကိုယ်ပေါ်မှ အကာအကွယ်ဒိုင်းကာသည် အလွန်ကြီးမားသော ဖိအားအောက်တွင် ရှိနေဆဲ ဖြစ်သည်။ အရည်လဲ့သော ဒိုင်းကာအဝိုင်းက အပြင်းအထန် တုန်ခါနေပြီး အက်ကြောင်း တဖြည်းဖြည်း များပြားလာခဲ့သည်။
ကွန်ပျူတာဂိမ်း တစ်ခုသာဆိုလျှင် ချန်လွေ့သည် မကောင်းဆိုးဝါးများကို ခုခံပြီး အမုန်းတရားကို ဆွဲဆောင်ရသည့် အမာခံနေရာ၌ ကစားသင့်ပေသည်။ သို့သော်လည်း ယခုတွင် သူက ဂိမ်း၏ ဘော့စ်ကြီးတစ်ယောက်ကဲ့သို့ ခံစားနေရပြီး ပစ္စည်းရှာချင်သော ကစားသမားများ၏ အကြိမ်ကြိမ် တိုက်ခိုက်ခြင်းကို ခံနေရလေသည်။ ထိုဘော့စ်တွင် သွေးမည်မျှ ရှိပါစေ၊ အရေပြားမည်မျှထူပါစေ၊ အလွန်ကြီးမားသော အုပ်စုဖွဲ့ နည်းဗျူဟာကြောင့် အားအင်ကုန်ခမ်းသွားနိုင်ပေသည်။ ထို့အပြင် ထိုပင်လယ်သားရဲများမှာ သာမန်ပုရွက်ဆိတ်များ မဟုတ်ကြပေ။ စွမ်းအားခြားနားမှုကို ဘေးဖယ်ထားလျှင် ကြောက်စရာအကောင်းဆုံးမှာ အဆက်မပြက် တိုက်ခိုက်မှုနှင့် အကြောက်တရားကင်းမဲ့မှုဟူသော ဝိသေသလက္ခဏာများပင် ဖြစ်သေလည်။
ထိုကဲ့သို့ အရူးအမူး တိုက်ပွဲက ချန်လွေ့က ယခင်က ကြုံတွေ့ခဲ့ဖူးသည်ထက် များစွာ လွန်ကဲနေသည်။ ရန်သူများ အဆုံးမဲ့ရှိနေပြီး နားထဲတွင် အော်သံများနှင့် ပြည့်နှက်နေ၏။ သူ မြင်ရ၊ အနံ့ရသည်မှာ သွေးများသာ ဖြစ်သည်။ ၎င်းက သူ၏သွေးလား၊ ရန်သူ၏ သွေးလား ဆိုသည်ကို သူ အဖြေရှာ မနိုင်ပေ။
ချန်လွေ့က မိမိ၏စွမ်းအား အလျင်အမြန် ကုန်ခမ်းလာနေကြောင်း ခံစားလိုက်မိသည်။ သူက အကာအကွယ်ဒိုင်းကာ မပျက်စီးခင် တစ်မိနစ်အလိုတွင် တယ်လီပို့ခုန်လိုက်ပြီး ကောင်းကင်အမြင့်တွင် ပေါ်ထွက်လာလေသည်။ သူ အသက်ပင် မရှူနိုင်သေးခင်မှာပင် လေထဲ၌ အနက်ရောင်ပုံရိပ်ဒါဇင်ခန့်က ရှူးရှူးရှဲရှဲ အသံပြုပြီး အလွန်မြန်ဆန်စွာဖြင့် ပြေးဝင်လာသည်။ ထိုအနက်ရောင်ပုံရိပ်က သုံးမီတာခန့် ရှည်လျားသည်။ အပြင်ပိုင်းတွင် ငါးနှင့်ဆင်တူသော်လည်း တောင်ပံကဲ့သို့ ဆူးတောင်များက ဘေးနှစ်ဖက်တွင် ရှိနေ၏။ သားရည်များကျနေသော ထက်လှသည့် သွားများကို မြင်နေရရာ ၎င်းက သက်သတ်လွတ်သမား မဟုတ်လောက်ပေ။
ဒီလောကက တော်တော်လေး သိပ္ပံနည်းလမ်းမကျဘူး။ ငါးတွေက သားရဲလိုမျိုး အူနေတာကို အသာထား။ သူတို့က လေထဲပျံနိုင်ပြီးတော့တောင် ကိုက်နိုင်နေတယ်။
ချန်လွေ့က ရှေ့မှ ငါးပျံတစ်ကောင်ကို [ အရှိန်အဝါဓားသွား ] အသုံးပြုလိုက်သည်။ အံ့အားသင့်စွာပင် ထိုဓားချီစွမ်းအင်က ထင်ထားသကဲ့သို့ ငါးပျံကို နှစ်ပိုင်းမဖြစ်စေခဲ့ဘဲ နဖူးပေါ်တွင် ထိတ်လန့်ဖွယ်ရာ အက်ကြောင်းတစ်ခုသာ ချန်ရစ်ခဲ့လေသည်။ ထိုငါးပျံ မြည်တမ်းလိုက်ပြီးနောက် ပင်လယ်ထဲ ပြုတ်ကျသွား၏။ အောက်ဘက်မှ ပင်လယ်သားရဲ အများစုက မပျံနိုင်ကြပေ။ သို့သော်လည်း ၎င်းတို့က တစ်ကောင်ချင်းထပ်ပြီးနောက် အလွန်ကြီးမားသော မျှော်စင်တစ်ခု ကဲ့သို့ပင် အဆက်မပြတ် ရွေ့လျားလာနေပြီး ပိုမို၍ မြင့်မားလာသည်။ ချန်လွေ့က လေထဲမှ ငါးပျံများနှင့် ရုန်းကန် တိုက်ခိုက်နေရစဉ် ၎င်းတို့က အလျင်အမြန် ချဉ်းကပ်လာခဲ့လေသည်။
ရှေ့မှ ပင်လယ်သားရဲများက ချန်လွေ့ကိုသာ အဓိက အာရုံစိုက်နေကြသည်။ မိစ္ဆာထောင်ခြောက် သင်္ဘောက အမြန်နှုန်းကို ထိန်းချုပ်ပြီး နောက်ဘက်မှ သားရဲအုပ်နှင့် ဝေးဝေးသို့ သွားသည်။ တစ်ချိန်တည်းမှာပင် သူတို့က ရှေ့မှအတားအဆီးများကို ရှင်းလင်းရန်အတွက် အမြောက်များကို အသုံးပြုကြသည်။ အမှောင်ဒြပ်စင်ကောင်များက [ အမှောင်ထုကောင်းကင် ] အကြီးကြီးကို အသုံးပြုလိုက်သည်။ ရေဒြပ်စင်များ ဖန်တီးထားသော ရေတံတိုင်းနှင့် ပေါင်းလိုက်သောအခါ သူတို့က နောက်ဘက်မှ ပင်လယ်သားရဲအုပ်ကြီး၏ ချဉ်းကပ်လာမှုကို ထိထိရောက်ရောက် နှောင့်နှေးစေနိုင်ခဲ့၏။
သို့သော်လည်း အခြိမ်းခြောက်နိုင်ဆုံးမှာ လေထဲမှ ငါးပျံများ ဖြစ်ကြသည်။ ၎င်းတို့က တိမ်နက်များ ကဲ့သို့ပင် မိစ္ဆာထောင်ခြောက် သင်္ဘောပေါ်တွင် ရာနှင့်ချီ ပျံသန်းနေကြ၏။ မိစ္ဆာထောင်ခြောက်သင်္ဘောက ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုကို ခံစားခဲ့ရသည်။ ရွက်တိုင်သုံးခုမှ တစ်ခု၏ ထိပ်ပိုင်း ကျိုးသွားပြီးနောက် ရွက်ထိန်းလည်း စုတ်ပြဲသွား၏။ နာဂါများနှင့် ဒြပ်စင်ကောင်အချို့လည်း ငါးပျံများ၏ ပါးစပ်ထဲ၌ အသက်ပါသွားကြသည်။
စထရီနာက သင်္ဘောခန်းထဲ၌ အယ်ဒီလိုင်း ပုန်းအောင်းနေရန် ကာကွယ်နေပြီး အမြောက်သမားများကို ကာကွယ်ပေးရန်အတွက် ခံစစ်ပြန်ဆင်ရန် နာဂါများကို အသံကျယ်ကျယ်နှင့် အမိန့်ပေးသည်။ သူက ချဉ်းကပ်လာသော ငါးပျံများကို တရစပ် ပိုင်းဖြတ်ပစ်နိုင်ခဲ့သည်။ ထို့နောက် မြွေအမြီးကို ဝှေ့ရမ်းရင်း လေထဲသို့ တက်သွားသည်။
ငါးပျံများ အော်ဟစ်လိုက်ကြပြီးနောက် စထရီနာထံ ခုန်အုပ်လာသည်။ စထရီနာက မျှော်စင်ဖြူ ရှေ့တန်းတပ်စခန်းခေါင်းဆောင်ဖြစ်ပြီး နာဂါမျိုးနွယ်စု၏ ခေါင်းဆောင်ငယ် ဖြစ်သည်။ သူက တစ္ဆေသန္တရာကျောက် အရင်းအမြစ်အတွက် ဟာပီနှင့် မာယာရှင်တို့၏ ပူးပေါင်းတိုက်ခိုက်မှုတွင် နှစ်ပေါင်းများစွာ ပါဝင်ခဲ့သည်။ ထို့ကြောင့် သူက ရေထဲ၌ ပျံသန်းနေသော ပြိုင်ဘက်များနှင့် ရင်းနှီးသည်။ လေထဲ၌ သူ၏မြွေခန္ဓာကိုယ်က ရေထဲတွင် ကဲ့သို့ပင် မြန်ဆန်နေ၏။ ထို့နောက် ဓားမောက်ရှည် ၆လက်က အလင်းရောင်များ တောက်လာပြီး သူ့ထံသို့ ခုန်အုပ်လာသော ငါးပျံများက မရဏနတ်ဘုရား၏ ကောက်ရိတ်ဓားထံသို့ အသက်ကို အလိုအလျောက် ပေးအပ်လိုက်သလို ဖြစ်သွားခဲ့သည်။ အချို့က သေဆုံးသွားကြပြီး အချို့က မိုးသီးများ ကဲ့သို့ပင် ပင်လယ်ထဲသို့ တဖြုတ်ဖြုတ် ပြုတ်ကျသွားကြလေသည်။
ထိုအချိန်၌ စထရီနာ၏ စိတ်ထဲ၌ သတိပေးသော ခံစားချက်နိမိတ်တစ်ခု ဖြစ်ပေါ်လာသည်။ သူက ချက်ချင်းပင် ဓားမောက်ရှည်၂လက်ကို ကြက်ခြေခတ် ပြုလုပ်ပြီး နောက်လှည့်ကာ နောက်ဘက်မှ အလွန်ကြီးမားသော အနက်ရောင်ပုံရိပ်တစ်ခု၏ တိုက်ခိုက်မှုကို ခုခံလိုက်လေသည်။
“ဝုန်း....”
စထရီနာ၏ခန္ဓာကိုယ်က အားကောင်းသော အင်အားတစ်ခုဖြင့် ရိုက်ခံမိသွား သကဲ့သို့ပင် လွင့်ထွက်သွားခဲ့ပြီးနောက် သုံးလေးပတ်လည်သွားပြီးမှကာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ထိန်းနိုင်သွားခဲ့သည်။ သူ၏နောက်တွင် ၅မီတာခန့်မြင့်မားသော အလွန်ကြီးမားသည့် သန္ဓေပြောင်း ငါးပျံတစ်ကောင် ရှိနေလေသည်။ ၎င်း၏ ခန္ဓာကိုယ်က ငွေနက်ရောင်များ လက်နေပြီး အေးစက်မှုတစ်ခု ထုတ်လွှတ်နေ၏။ ၎င်းက ငါးပျံဘုရင် ဖြစ်နိုင်ပေသည်။
စထရီနာက သတိထားသော အမူအရာတစ်ခု ပြသလိုက်သည်။ ထိုရိုက်ခတ်မှုကြောင့် ဓားမောက်ရှည်နှစ်လက်က အမှန်တကယ်က အနည်းငယ် ကွေးသွားခဲ့သည်။ သို့သော်လည်း သူက ငါးပျံဘုရင်ထံသို့ အကြောက်တရားမရှိဘဲ ပြေးသွားခဲ့လေသည်။
မြွေပုံရိပ် ဖျပ်ခနဲ ပျောက်သွား၏။ ထက်မြက်လှသောလေက လေထဲသို့ ဆုတ်ဖြဲဝင်ရောက်သံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ ခဏကြာပြီးနောက် စထရီနာ၏ခန္ဓာကိုယ် လွင့်ထွက်လာပြန်သည်။
ထိုအချိန်တွင် စထရီနာ၏မျက်နှာ ပိုမိုဖြူဖျော့လာသည်။ သူ၏ခန္ဓာကိုယ်ပေါ်မှ ချပ်ကာသည်လည်း အဓိကအားဖြင့် စုတ်ပြတ်နေပြီး နှုတ်ခမ်းမှ သွေးများယိုစီးကျနေကာ လက်ထဲ၌ကိုင်ထားသော ဓားမောက်ရှည်၆လက်ကလည်း တွန့်လိမ်နေ၏။ ငါးပျံဘုရင်၏ ခန္ဓာကိုယ်၌လည်း မရေမတွက်နိုင်သော ဓားရာများ ပြည့်နှက်နေသည်။ အချို့က အရိုးအထိသို့ပင် နက်လေသည်။ ကွာကျသွားသော ကြေးခွံများလည်း မိုးရွာသကဲ့သို့ပင် ပြုတ်ကျလာသည်။ သို့သော်လည်း ၎င်းသည် သေစေနိုင်သော ထိခိုက်မှုကို မခံစားခဲ့ရပေ။
ငါးပျံဘုရင်က အလွန်အမင်း မာကြောလှသည်။၊ သူက နတ်ဆိုးအရှင်သခင်အဆင့် ကနဦးပိုင်း စွမ်းအားရှိပြီး စထရီနာထက် နိမ့်ကျသည်။ သာမန်အခြေအနေ၌ စရီနာက ၎င်းကို သတ်နိုင်သလို ဆန့်ကျင်နိုင်သည်။ သို့သော်လည်း သူက ယမန်နေ့က နာဂါဘုရင်မနှင့် တိုက်ခိုက်ခဲ့ရာ ဒဏ်ရာအပြင်းအထန် ရသွားခဲ့ပြီး သူစားခဲ့ဿော မိစ္ဆာသစ်သီး၏ အဆိပ်ကလည်း အပြည့်အဝ ပြန်မကောင်းသေးပေ။ ချန်လွေ့ လက်ဆောင်ပေးခဲ့သော ဆေးရည်နှင့် ကျောက်စိမ်းပုလဲကို သုံးလိုက်လျှင်ပင် သူက အတော်လေး အားနည်းနေဦးမည် ဖြစ်သည်။ ထို့ပြင် နတ်ဆိုးငါးမန်များနှင့် တိုက်ခိုက်မှုတွင်လည်း သူ၏သက်လုံ အတော်လေး ကုန်ခမ်းသွားခဲ့သည်။ ယနေ့တွင် သူ၏တိုက်ခိုက်ရေးစွမ်းအားက ပုံမှန်၏ ၆၀ မှ ၇၀ % အထိသာ ကျန်ရှိတော့သည်။ သူ၏လက်နက်များလည်း ပျက်စီးနေပြီ ဖြစ်ရာ အနိုင်ရရှိရန် အလွန်ခက်ခဲပေသည်။
အခုအခြေအနေက အရေးကြီးနေပြီ။ နှောင့်နှေးတဲ့အချိန်တိုင်းက အန္တရာယ်ကို ပိုပြီးတော့ တိုးစေနိုင်တယ်။ မြန်မြန်တိုက်ခိုက်မှုပဲ အန္တရာယ်ကနေ လွတ်မြောက်နိုင်မှာ။ စထရီနာက ပင့်သက်ရှိုက်လိုက်ပြီး အစိမ်းရောင်မျက်လုံးများက ရွှေရောင် ပြောင်းသွား၏။ တစ်ကိုယ်လုံးကလည်း ချစ်ချစ်တောက် ရွှေအလင်းများ တောက်ပလာကာ အစွမ်းထက် ချီစွမ်းအင်က ပတ်ပတ်လည်၌ အလျင်အမြန် ပျံ့နှံ့နေခဲ့သည်။ ငါးပျံဘုရင်က ဝင်ရောက်လာမည့် အန္တရာယ်ကို သဘောပေါက်လိုက်ပြီး သူ၏ပတ်ပတ်လည်တွင် အပြာရောင် အလွှာတစ်ခု ပေါ်ထွက်လာ၏။ ရွှေရောင်အလင်းက အပြာရောင် အလင်း၏ ခုခံမှု အချိန်အတော်ကြာသည်အထိ မဖောက်ထွင်းနိုင်ခဲ့ပေ။
အမျိုးသမီး၏ခန္ဓာကိုယ်ပေါ်မှ လက်၆ဖက်တွင် ကြက်သွေးရောင် မီးတောက်များ တောက်လောင်သွားခဲ့သည်။ ထို့နောက် သူ အော်ဟစ်လိုက်ရာ ရွှေရောင်ပုံရိပ် ၁၀၀နီးပါး ချက်ချင်း ပေါ်ထွက်လာခဲ့ကာ မီးတောက်၆ခုကို ဝှေ့ရမ်းလိုက်ကြသည်။ ပုံရိပ်များက နာဂါမျိုးနွယ်စု၏ အစွမ်းအထက်ဆုံး တိုက်ခိုက်ရေးစွမ်းရည်ဖြစ်သော [ ၆ခုကိုင်ဆွဲခြင်း ] ကို တစ်ပြိုင်နက်တည်း အသုံးပြုလိုက်ကြလေသည်။
ရွှေရောင်အလင်းဝန်းကျင်အတွင်းရှိ သာမန်ငါးပျံများ ချက်ချင်းပင် ပြာအဖြစ်သို့ လောင်ကျွမ်းသွားကြသည်။ ထို့နောက် မြောက်မြားလှစွာသော လှိုင်းမီးတောက်များက ဧရာမပိုက်ကွန်တစ်ခုအဖြစ် ယှက်နွှယ်သွားကာ ငါးပျံဘုရင်ကို ဖမ်းလိုက်သည်။ ငါးပျံဘုရင်က ထိတ်လန့်စွာဖြင့် အသံပြုနေရင်း ၎င်း၏ အပြာရောင်အလင်းကလည်း တဖြည်းဖြည်း မှိန်သွားခဲ့သည်။ ခဏကြာပြီးနောက် ဧရာမပိုက်ကွန်နှင့် ငါးပျံဘုရင်တို့ အချင်းချင်း ဖြတ်သွားကြသည်။ လေထဲရှိ ငါးပျံဘုရင်အပြင် မည်သည့် ငါးပျံကမျှ အသက်ရှင်လျက် ရှိမနေကြတော့ပေ။
မာကြောလှပြီး အလွန်ကြီးမားသော ငါးပျံဘုရင်၏ ခန္ဓာကိုယ်ပေါ်တွင် မရေမတွက်နိုင်သော အနီရောင်ပိုက်ကွန်အရာများ ပေါ်ထွက်လာသည်။ ထို့နောက် ချွမ်းခနဲအသံမြည်ကာ တစ်ကိုယ်လုံး အပိုင်းပိုင်း ပြတ်သွားခဲ့ပြီး ပင်လယ်ထဲသို့ ကျသွားခဲ့လေသည်။
စထရီနာ၏ လက်ထဲ၌ ဓားမောက်ရှည်၆လက်၏ လက်ကိုင်များသာ ကျန်ရစ်ခဲ့သည်။ အနေအထားအရ မြင့်မားသော အပူရှိန်ကြောင့် အရည်ပျော်သွားဟန် တူသည်။ သူ၏မျက်နှာပေါ်၌ သွေးအရိပ်အယောင် မရှိနေပေ။ သူ့တစ်ကိုယ်လုံး ချုံးချုံးကျနေပုံရပြီး အသက်ဓာတ်အများအပြား ဆုံးရှုံးသွားဟန်တူသည်။ အမှန်တကယ်၌ ခုနက ပိုင်နက်ထဲရှိ တိုက်ကွက်က သူ့စွမ်းအားအကုန်လုံးကို အမှန်တကယ် ကုန်ခမ်း စေခဲ့လေသည်။၊ သူ၏ဒဏ်ရာများအားလုံး ပွင့်ထွက်သွား၏။ သူက ငါးပျံဘုရင်ကို ခက်ခက်ခဲခဲစွန့်စားပြီး သတ်ပစ်နိုင်ခဲ့သော်လည်း သူ၏တိုက်ခိုက်ရေးစွမ်းအား လုံးဝ ဆုံးရှုံးသွားခဲ့လေပြီ။
လေထဲ၌ ပျံနေရုံသာရှိနေသော စထရီနာ ပြုတ်ကျတော့မည်အချိန် အဝေးမှ တိုက်ပွဲကို မြင်လိုက်ရသည်။ လွန်လွန်ကဲကဲဖြစ်နေသော “သားရဲမျှော်စင်” က ချန်လွေ့၏ အမြင့်ကို ကျော်လွန်လာပြီး အလွန်ကြီးမားသော စက်လုံးတစ်ခုသဖွယ် ချန်လွေ့ကို တင်းတင်းကြပ်ကြပ် ရစ်ပတ်လိုက်တော့သည်။
စထရီနာ ထိတ်လန့်သွား၏။ အဲဒီ “အက်ဂ်ယော” က နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းပဲ ရှိတယ်။ ငါ့ကို ဒီလိုမျိုး ကြောက်စရာကောင်တဲ့ ပင်လယ်သားရဲအုပ်စုရဲ့ ဝိုင်းရံတာ ခံရမယ်ဆိုရင် ငါ့အတွက်တောင် အသက်ရှင်နိုင်ဖို့ ခက်ခဲတယ်။
ထိုအချိန်၌ တလက်လက် အလင်းရောင်တစ်ခုက အလွှာများ ရစ်ပတ်ထားသော ပင်လယ်သားရဲစက်လုံးထဲမှ ပေါ်ထွက်လာသည်။ ကြယ်ကဲ့သို့ အလင်းရောင်များ အလျင်အမြန် ပျံ့နှံ့သွားခဲ့ပြီးနောက် “စက်လုံး” တစ်ခုလုံး ချက်ချင်းပင် အစိတ်စိတ် အမွှာမွှာ ဖြစ်သွားတော့သည်။
အလင်းရောင်အလယ်တွင် တလက်လက် အရောင်တောက်နေသေည့် ချပ်ကာ ဝတ်ဆင်ထားသော ပုံရိပ်တစ်ခု ရှိနေသည်။ အလင်းရောင်က ရုတ်တရက် ပို၍ တောက်ပသွားသည်။ ထို့နောက် ရှေ့တွင်ရှိသော ပင်လယ်မျက်နှာပြင်တစ်ခုလုံးက အလွန်ကြီးမားသော အားတစ်ခုဖြင့် ပိုင်းခြားခြင်း ခံလိုက်ရသလို ဖြစ်သွားသည်။ ကြောက်မက်ဖွယ်ရာစွမ်းအားက ပင်လယ်ထဲ၌ အလွန်ကြီးမားသော ဝဲကတော့ တစ်ခုကို ဖြစ်စေခဲ့သည်။ ၎င်းက မြောက်မြားလှစွာသော ပင်လယ်သားရဲများကို ရစ်ပတ်လိုက်ပြီး ကောင်းကင်ပေါ်သို့ မီတာ၁၀၀ အမြင့်အထိ မြင့်တက်သွားခဲ့သည်။ မိစ္ဆာထောင်ခြောက် သင်္ဘော၏ အထူးကိရိယာများကြောင့်သာမဟုတ်လျှင် ထိုကြောက်မက်ဖွယ်ရာ နောက်ဆွယ်ကြောင့် မှောက်သွားပြီ ဖြစ်သည်။
ဝဲကတော့ထဲ၌ အလင်းရောင်များ လက်နေလေသည်။ ချက်ချင်းပင် စထရီနာက ကြယ်ပေါက်ကွဲမှု ပုံရိပ်ယောင် တစ်ခုကို မြင်လိုက်ရသည်။ ကြောက်မက်ဖွယ်ရာ ပေါက်ကွဲမှုအကြား၌ ဝဲကတော့အနီးရှိ ပင်လယ်သားရဲများ အပိုင်းပိုင်း ဖြစ်သွား၏။ အလွန်ကြီးမားသော ပင်လယ်သားရဲအုပ်ကြီးထဲ၌ အပေါက်ကြီးတစ်ပေါက် ရုတ်ချည်း ဖြစ်သွားကာ အချိန်တစ်ခုအထိ မပိတ်နိုင်တော့ပေ။
ထိုမြင်ကွင်းကိုကြည့်နေရင်း စထရီနာ ထိတ်လန့်သွားခဲ့သည်။ နောက်ဆုံး၌ သူ၏ညီမ ပြောခဲ့သည်ကို သဘောပေါက်သွားလေသည်။ ဒီလိုမျိုး ကြောက်စရာကောင်းတဲ့ စွမ်းအားနဲ့ဆိုရင် ငါ့ရဲ့ ထိပ်သီးအခြေအနေမှာတောင် အရှုံးပေးရမှာပဲ။
“မပစ်နဲ့တော့။ အရှိန်ကုန် ရှေ့ဆက်သွားတော့။ မြန်မြန်လုပ်။” အဝေးမှ ချန်လွေ့၏အော်သံ ထွက်လာသည်။ [ ကြယ်ပေါက်ကွဲခြင်း ] က ပင်လယ်သားရဲအုပ်ကို အောင်အောင်မြင်မြင်နှင့် အနိုင်ယူနိုင်ခဲ့သော်လည်း သူ၏နှလုံးသားထဲမှ စိုးရိမ်မှုက ပိုမိုပြင်းထန်လာခဲ့သည်။
ထိုပင်လယ်သားရဲအများအပြားတွင် ထူးခြားသော အငွေ့အသက် အရိပ်အယောင် တစ်ခု ရှိနေသည်။ ထိုကဲ့သို့ စွမ်းအားမျိုးက စူပါစနစ်ကို ပိုင်ဆိုင်ထားသော ချန်လွေ့အတွက် ရင်းနှီးနေသည်။ ဒါက .... ယုံကြည်မှု အငွေ့အသက်ပဲ။