ပင်လယ်နက်
Vol. 39 Ch. 597
သုံးရက်ကြာပြီးနောက် ချန်လွေ့က မိစ္ဆာထောင်ခြောက် သင်္ဘောခန်းထဲ၌ နိုးထလာခဲ့သည်။ ဒိုဒိုက တံခါးကို စောင့်ကြပ်နေ၏။ သင်္ဘောက နက်ပြာကျွန်း ကမ်းစပ်ပေါ်၌ ဆိုက်ကပ်ထားသည်။
ချန်လွေ့က အိပ်နေသော ချွဲကျိကောင်ကို မနှိုးခဲ့ပေ။ သူက သင်္ဘောခန်းထဲ၌ ကြယ်အမှတ်တစ်ခု မှတ်ထားလိုက်ပြီးနောက် အမှောင်လသို့ပြန်ရန် [ ကြယ်ဂိတ် ] ကို အသက်သွင်းလိုက်သည်။
အမှောင်လတွင် သက်တန့်တောင်ကြားမှ မြို့တော်ဆင်ခြေဖုံးသို့ သွားရာလမ်းကြောင်း ရှိသည့်အတွက် ချန်လွေ့က မြို့တော်မှ ကြယ်အမှတ်ကို ဖယ်ပြီး ထိုနေရာ၌ ထားလိုက်သည်။ ကြယ်အမှတ်သည် သင်္ဘောနှင့်လိုက်၍ မရွေ့သွားနိုင်ပေ။ ဆိုလိုသည်မှာ နက်ပြာကျွန်း ကမ်းပါး၌ ချထားခြင်းပင် ဖြစ်သည်။
အမှောင်လတွင် ညအချိန် ရောက်နေပြီ ဖြစ်သည်။ ချန်လွေ့က မည်သူ့ကိုမှ မနှောင့်ယှက်ဘဲ သက်တန့်တောင်ကြားသို့ တည့်တည့်သွားလိုက်သည်။ ပုံမှန်အတိုင်းပင် ဇိုလာက မအိမ်သေးဘဲ ညလုံးပေါက် စမ်းသပ်မှု ပြုလုပ်နေသည်။
မစ်-နတ်မိမယ်နဂါး အရှေ့၌ ချန်လွေ့ ပေါ်ထွက်လာသောအခါ ဇိုလာ၏ မျက်လုံးများက အံ့အားသင့်မှုဖြင့် ရုတ်တရက် အရောင်တောက်သွားသည်။ ထို့နောက် ပေါ်ထွက်လာသော ရေအရင်းအမြစ်စွမ်းအားက မစ်-နတ်မိမယ်နဂါး၏ ခရမ်းရောင် မျက်လုံးများကို ကျိန်းလုနီးပါး ဖြစ်သွားစေခဲ့သည်။
ဇစ်မြစ်စွမ်းအားကို နားလည်သဘောပေါက်ရန်အတွက် နှစ်ပေါင်းများစွာ ကြာမြင့်မည်ဟု ဇိုလာ ထင်ထားခဲ့သည်။ ထိုပစ္စည်းနှစ်ခုကို လက်ခံရရှိပြီးသည့်အခါ မစ်-နတ်မိမယ်နဂါး၏ နှလုံးသားထဲမှ စိတ်လှုပ်ရှားမှုများ လျှံထွက်သွားလေသည်။ အတော်လေး ကြာရှည်သော နမ်းရှိုက်မှုက သတိလွတ်သွားသော ယောကျ်ားကို အသက်ရှူမရ ဖြစ်သွားစေခဲ့သည်။ အမြဲပင် တည်ငြိမ်ပြီး ငေးငိုင်နေတတ်သော မစ်-နတ်မိမယ်နဂါး၏ ချစ်မြတ်နိုးမှုနှင့် ရင်ဆိုင်ရသည့်အခါ လမ်းခရီး၌ တစ်လနီးပါး ချစ်ခြင်းအရသာကို မေ့လုနီးပါး ဖြစ်နေခဲ့သော ယောက်ျားက ဇိုလာကို တစ်ယောက်တည်း “စားသုံး”ရန်အတွက် နက်ပြာကျွန်းသို့ပြန်ရန် စိတ်ကူးကို လက်လျှော့လိုက်တော့သည်။
မနက်စောစော၌ ချန်လွေ့က ဇိုလာကို နှုတ်ဆက်အနမ်းပေးခဲ့ပြီး မင်္ဂလာကုတင်မှ ထကာ နက်ပြာကျွန်းသို့ ပြန်သွားခဲ့သည်။
ဇိုလာပြောသည့်အတိုင်းဆိုလျှင် ကြယ်ကြွေတမန်အင်ပါယာနှင့် အရိပ်နက် အင်ပါယာ အကြားမှ ပူးပေါင်းမှုသည် အတော်လေး အဆင်ပြေချောမွေ့လှသည်။ အရိပ်နက်အင်ပါယာ နယ်စပ်ရှိ စခန်းချထားသော တပ်ဖွဲ့များအားလုံးကို ရုတ်သိမ်းလိုက်ပြီ ဖြစ်သည်။ နှစ်ဘက်အကြား စီးပွားရေး အလဲအလှယ်များ ပိုမိုအားကောင်းစေရန်အတွက် ကုန်သွယ်လမ်းကြောင်း အသစ်နှစ်ခုကိုလည်း ဖွင့်လှစ်ခဲ့သည်။ ရှီရာ၏ အပြင်းအထန် ကြော်ငြာမှုကြောင့် နှံစားပြောင်း ဝိုင်အရက်၊ မှော်ရုပ်မြင်သံကြားနှင့် သတင်းတို့က အင်ပါယာတစ်လျှောက် နာမည်ကျော်သွားခဲ့သည်။ အင်ပါယာနှစ်ခု၏ ပူးပေါင်းမှုကြောင့် ၎င်းတို့က သိပ်မကြာခင်၌ နတ်ဆိုးဘုံတွင် နာမည်ကျော်လာတော့မည် ဖြစ်သည်။
ကြယ်ကြွေတမန်အင်ပါယာအတွက် ဧကရီအသစ်၏ အုပ်ချုပ်မှုက အမြန်ဆုံး အချိန်အတွင်း တည်ငြိမ်သွားခဲ့သည်။ မီရှန်မိသားစု အကြီးအကဲဖြစ်သူ ဘာရိုကိုအား တာခုလာ ခံတပ်တွင် ဆန်ရာဒီနှင့် ဆယ်လ်ဂါတို့ သတ်ပစ်ခဲ့သည်။ ကတ်သရင်းကလည်း အရိပ်နက်အင်ပါယာသို့ ထွက်ပြေးသွားခဲ့သော ကြံရာပါများကို ဖမ်းဆီးပြီး ကြယ်ကြွေတမန် အင်ပါယာသို့ ပြန်ပို့ရန် အမိန့်ပေးခဲ့သည်။ အမှောင်လကို တိုက်ခိုက်ခဲ့ကြသော အိုဆိုင်ဒန်၏ လက်ကျန်စစ်သည်များ ပြန်ရောက်လာကြပြီး စစ်တပ်ထဲသို့ ပြန်လည်ဝင်ရောက်လာကြသည်။ မူလက ဧကရီ၏ အင်ပါယာအာဏာကို ဆန့်ကျင်ချင်ကြသော နတ်ဆိုးအရှင်သခင်အဆင့် ဖာရာဗစ်နှင့် အခြားသူများကလည်း ခုခံ၍မရတော့ဘဲ သစ္စာခံလိုက်ကြရသည်။
နောက်ဆုံး၌ ကြယ်ကြွေတမန်အင်ပါယာ၏ ဖရိုဖရဲအခြေအနေ တည်ငြိမ်သွား တော့၏။
နက်ပြာကျွန်း၌ ချန်လွေ့က အမှောင်ဒြပ်စင် ဇစ်မြစ်အပိုင်းအစကို ရှာဖွေရန်အတွက် လွန်ခဲ့သော သုံးလေးနာရီက ပင်လယ်နက်သို့ ခရီးထွက်သွားခဲ့သည်။ အမှန်တကယ်၌ အမှောင်ဒြပ်စင်ဘုရင်ကို ချန်လွေ့က ပျော်ပျော်ရွှင်ရွှင်နှင့် သဘောတူလိုက်ရခြင်းမှာ အမှောင်ဒြပ်စင်ဘုရင်သွားမည့် ပင်လယ်နက်ရှိကျွန်းမှာ ရတနာမြေပုံထဲ၌ ပြထားသော မြင်ကွင်းနှင့် တိုက်ဆိုင်နေ၍ ဖြစ်သည်။
အမှောင်ဒြပ်စင် ဇစ်မြစ်အပိုင်းအစက ဒဏ္ဍာရီလာ အမှောင်နဂါး ဧကရာဇ်နဲ့ ဆိုင်ဆိုင် မဆိုင်ဆိုင်၊ ရတနာမြေပုံကြောင့် ပင်လယ်နက်ထဲ သွားရနိုင်ချေက အတော်လေး များတယ်။ ရတနာက ဒုတိယ ဦးစားပေးပဲ။ ပင်လယ်နက်ထဲသို့ အမှောင်ဒြပ်စင်ဘုရင်နဲ့ သွားပြီးနောက် ဇစ်မြစ်အပိုင်းအစကို ရှာနိုင်မယ်ဆိုရင် အစ်ဇဘယ်လာကို ကယ်နိုင်ပြီ။
မိစ္ဆာထောင်ခြောက် သင်္ဘောပေါ်၌ မူရင်း သဲလူသားများအပြင် ရွက်လွှင့်ရာ၌ အကူအညီ ဖြစ်ရန်အတွက် လန်ဘို့စ် စေလွှတ်လိုက်သော ရေဒြပ်စင်ကောင် ၁၀ယောက်လည်း ရှိနေသည်။ ဟီဂယ်က သင်္ဘောတစ်စင်းတည်းဖြင့် အတူမသွားခဲ့ပေ။ သူက အမြင့်မှ လေသင်္ဘောကိုသာ စီးနေဆဲဖြစ်ပြီး မိစ္ဆာထောင်ခြောက်သင်္ဘောအား မောက်မာလျက် ငုံ့ကြည့်နေလိုက်သည်။
မြေဒြပ်စင်ဘုရင်က သဲလူသားများအား အမိန့်ပေးနိုင်မှုကို ချန်လွေ့ထံ လွှဲပေးလိုက်သည်။ ထို့နောက် သဲကျောက်အမြုတေတစ်လုံးကိုလည်း လိုရမည်ရ ပေးခဲ့သည်။ ၎င်းက သဲလူသားများကို သုံးကြိမ် ပြန်လည်အသွင်သွင်းနိုင်လေသည်။
ယခင်ခရီးစဉ်အတွင်း ချန်လွေ့က မိုးရီထံမှ သက်ဆိုင်ရာ လမ်းပြအသိပညာ အတော်များများကို လေ့လာခဲ့ရသည်။ တစ်ချိန်တည်းမှာပင် သူက ထယ်တင်းနစ် လက်ဆောင်ပေးခဲ့သော ထိုသင်္ဘော၏ မှော်ဆန်သော လုပ်ဆောင်ချက်များကိုလည်း သိရှိခဲ့လေသည်။
သို့ရာတွင် ထိုသင်္ဘော၏ “ကပ္ပတိန်” ဖြစ်ရခြင်းမှာ သူ့အတွက် ပထမဆုံးအကြိမ် ဖြစ်သည်။ ကံကောင်းစွာပင် သူ့တွင် [ သရုပ်ခွဲမျက်လုံး ] ရှိသည့်အတွက် သဲလူသားများ၊ ရေဒြပ်စင်ကောင်များကို ဆက်သွယ်စကားပြောရာ၌ ပြဿနာ မရှိခဲ့ပေ။ ထိုသင်္ဘောသားများက သူ၏အမိန့်ကို အသေအချာ နာခံကြသည်။ ခဏတာ စမ်းသပ်ကြည့်ပြီးနောက် ချန်လွေ့၏ သတ္တိများ တဖြည်းဖြည်း တိုးပွားလာခဲ့ပြီး အမိန့်ပေးမှုနှင့် ပိုပိုပြီး ရင်းနှီးလာကာ အတော်လေး စိတ်ချလာရဟန်တူသည်။
သခင်ဖြစ်သူကို ကပ်ဖားချင်သော ချွဲကျိကောင်က ခေါင်းပေါ်၌ သင်္ဘောသား ဦးထုပ်အဖြစ် အသွင်ပြောင်းကာ ဒုတာဝန်ခံတစ်ယောက်ကဲ့သို့ပင် အသံကျယ်ကျယ်နှင့် အမိန့်ပေးတော့သည်။ သို့သော်လည်း ၎င်းတို့မှာ ချွဲကျိကောင်၏ တစ်ကိုယ်တော် ပြပွဲတစ်ခုသာ ဖြစ်သည်။ သဲလူသားများနှင့် ရေဒြပ်စင်ကောင်တို့က ချွဲကျိကောင်၏ အော်သံများကို မကြားချင်ယောင်ဆောင်ပြီး အလုပ်ကိုသာ ဆက်လုပ်နေခဲ့သည်။
ရေဒြပ်စင်ကောင်များ၏ လမ်းညွှန်မှုအကူအညီနှင့် သဲလူသားများ၏ ကျွမ်းကျင်သော ရွက်လွှင့်စွမ်းရည်များကြောင့် သူတို့က လမ်းတစ်လျှောက်၌ အတားအဆီးများကို မရင်ဆိုင်ခဲ့ရဘဲ တစ်ရက်ပြီးတစ်ရက် ပင်လယ်နက်သို့ ချဉ်းကပ်လာခဲ့ကြသည်။
“ခေါင်းဆောင်။ ပင်လယ်နက်အစွန်းနားကို ကျုပ်တို့ ရောက်လာပြီ။” လမ်းကြောင်းရှာ ရေဒြပ်စင်ကောင်တစ်ယောက်က သတင်းလာပို့သည်။ “ဒီဧရိယာက အန္တရာယ်ဇုန်ပဲ။ ရှေ့မှာရှိတာက နာဂါမျိုးနွယ်စုတွေ ပိုင်ဆိုင်တဲ့ မိုးကြိုးမြွေကျွန်းစုရဲ့ အစွန်ပိုင်းလည်း ဟုတ်တယ်။ ဒါပြီးရင် လျို့ဝှက်မြူနှင်းကျွန်းလို့ခေါ်တဲ့ ကျွန်းကြီးတစ်ကျွန်း ရှိတယ်။ အဲဒါပြီးရင် ထူးဆန်းတဲ့ မြူတစ်ခု လွှမ်းမိုးထားတဲ့ နေရာအကျယ်ကြီးတစ်ခုကို ရောက်သွားမယ်။ ပိုပြီးတော့ နက်နက်သွားလေလေ မသိရသေးတဲ့ အန္တရာယ်တွေ ပိုများလေလေပဲ။ အရင်တုန်းက အရှင်မင်းကြီး လန်ဘို့စ်ကိုယ်တိုင် လျို့ဝှက်မြူဖုံးကျွန်းကို သွားရှာခဲ့တယ်။ ဒါပေမဲ့ သူက ဘာမှမရဘဲ ပြန်လာခဲ့ရတယ်။ အဲဒီပင်လယ်နေရာကို လွယ်လွယ်နဲ့ မချဉ်းကပ်ဖို့လည်း ရေဒြပ်စင်ကောင်တွေကို သူ အမိန့်ပေးခဲ့တယ်။”
ချန်လွေ့ ခေါင်းညိတ်လိုက်ပြီး သဲလူသားများအား ရှေ့ဆက်မသွားရန် တားလိုက်သည်။ ထို့နောက် သူက ကပ္ပတိန်အခန်းသို့ ပြန်သွားသည်။ အတွင်းထဲ၌ အလိုအလျောက် မှော်မြေပုံမှတ်သားသိရှိခြင်းနှင့် ကွန်ပျူတာ၏ သုံးဖက်မြင် ဆော့ဖ်ဝဲလ် ပုံစံငယ်တစ်ခုကဲ့သို့ ပုံရိပ်များရှိနေသော သလင်းကျောက်စက်လုံးတစ်ခု ရှိနေသည်။ သို့ရာတွင် မှတ်သားသိရှိခြင်းမှာ အကွာအဝေးအကန့်အသတ် ရှိသည်။ ထို့ကြောင့် အဝေးကြီးသို့ မရောက်နိုင်ပေ။ မိုးကြိုးမြွေကျွန်း၏ အပြင်ဘက်အစွန်ပိုင်းပုံရိပ်များကိုသာ ရေးရေးလေး မြင်နိုင်ပေသည်။
ချန်လွေ့က ရေဒြပ်စင်ဘုရင်၏ မှော်ပညာဖြင့် ဖော်ပြခဲ့သော ပင်လယ်နက်၏ သုံးဖက်မြင်ပုံရိပ်ကို ပြန်လည်စဉ်းစားပြီး လက်ရှိမြေပုံနှင့် နှိုင်းယှဉ်ကြည့်လိုက်သည်။ ထို့နောက် ရှေးဟောင်း ရတနာမြေပုံကို ထုတ်ကြည့်သည်။
ဘေးဖက်မှ အလိုက်သိသော ဒိုဒိုက ချက်ချင်းပင် ခေါင်းစွပ်အဖြစ်သို့ ပြောင်းလဲသွား၏။ ခေါင်းစွပ်အရှေ့တွင် “အချစ်ရူးလက်စွပ်”မှ အသွင်ပြောင်းထားသော မျက်မှန်တစ်လက် ရှိနေသည်။ ၎င်းမှာ ချွဲကျိကောင်၏ အကွက်အသစ် ဖြစ်သည်။ ၎င်းသည် နဂါးစွမ်းအားအမြုတေ ပျောက်ကွယ်သွားခြင်းကြောင့် ရတနာတည်နေရာ နာမည်ကို မပျောက်ကွယ်သွားစေသည့်အတွက် ချန်လွေ့အဖို့ မြေပုံကို လေ့လာကြည့်ရှုရန် ပို၍ အဆင်ပြေစေသည်။
သို့သော်လည်း ထိုကဲ့သို့ “နေကာမျက်မှန်” ပါရှိသည့် ထူးဆန်းသော ခေါင်းစွပ်ကို ဝတ်ထားသည့်အတွက် ချန်လွေ့က မီယာဇာခီဟာယို ဖန်တီးထားသော ဝက်အဖြစ် အသွင်ပြောင်းသွားသည့် လေယာဉ်မှူးတစ်ယောက်အကြောင်းကို ရုတ်တရက် တွေးမိသွားခဲ့သည်။
ဒိုဒို ခေါင်းစွပ်ကို ဆောင်းပြီးနောက် ကျယ်ပြောလှသော ပင်လယ်၏ ရတနာ မြေပုံက ချက်ချင်းပင် ပြောင်းလဲသွားပြီး ရတနာများရှိသည့် နေရာ ပေါ်ထွက်လာသည်။ နှိုင်းယှဉ်ကြည့်သည့်အခါ ၎င်းမှာ ပင်လက်နက်နှင့် လုံးဝ အတိအကျပင် ဖြစ်သည်။ မြူနှင်းထဲ၌ ကွယ်ဝှက်နေသော ခပ်ရေးရေးဖြစ်နေသည့် ရွှေရောင် အစက်များအပြင် ပြောင်းလဲမှုများ ထပ်ဖြစ်လာသည်။ ချန်လွေ့၏ လက်ရှိတည်နေရာ ဖြစ်နိုင်လောက်သော နေရာ၌ နောက်ထပ် အနီရောင်အစက်တစ်ခု ရှိနေသည်။ ပုံ၏ အပြင်ဘက်အစွန်း ကျွန်းများမှာလည်း “အရောင်တောက်သွားသော” မြေပုံတစ်ခုသဖွယ် ပို၍ ထင်ရှာလာ၏။
ချန်လွေ့ ခေါင်းညိတ်လိုက်သည်။ ကပ္ပတိန်အခန်းမှ လမ်းလျှောက်ထွက် လာသည်နှင့် သူက ကုန်းပတ်ပေါ်၌ ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ ထိုသူမှာ လုပင်မြို့၌ ချန်လွေ့ တိုက်ခိုက်ခဲ့ရသော လက်ရွေးစင် အမှောင်ဒြပ်စင်ကောင် အယ်လော ဖြစ်သည်။
အယ်လော၏ သွေးနီရောင်မျက်လုံးများက ချန်လွေ့ကို အေးစက်စက်နှင့် စိုက်ကြည့်နေပြီး ပြောလိုက်သည်။ “အရှင်မင်းကြီး ဟီဂယ်က ရှေ့မှာရှိတဲ့ လျို့ဝှက်မြူဖုံးကျွန်းမှာ မင်းကို စောင့်နေမယ်။ ၈ရက်အတွင်း မင်း မရောက်လာဘူးဆိုရင် မင်းက သူနဲ့အတူ ဆက်သွားဖို့ အရည်အချင်းမရှိဘူးလို့ အရှင်မင်းကြီး ယူဆလိုက်မယ်။ ပြီးတော့ ‘မင်းရဲ့ ကံကောင်းခြင်း ဆိုတဲ့အရာကို မြင်ဖို့ စောင့်နေမယ်’ လို့လည်း ပြောခိုင်းလိုက်တယ်။”
ထိုသို့ပြောပြီးသည်နှင့် အယ်လောက အငွေ့မည်း တိမ်တိုက်တစ်ခုအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ထက်မှ လေသင်္ဘောဆီသို့ လွင့်ပျံသွားလေသည်။
ထိုနေ့က [ မီးသင့်နဂါးသတ်ဖြတ်ခြင်း ] ကို ဘရေ့ဂက် မဆွဲဖြဲခဲ့လျှင် အယ်လောက ချန်လွေ့လက်ထဲ၌ သေသွားပြီ ဖြစ်သည်။ ထိုတိုက်ပွဲ၌ အယ်ဆာ့ခ်နှင့် အယ်မို့စ်တို့က အပြင်းအထန် ဒဏ်ရာရရှိသွားပြီးနောက် သေဆုံးသွားခဲ့သည်။ ထို့ကြောင့် အယ်လောက ချန်လွေ့ကို အငြိုးထားခဲ့သည်။ သို့သော်လည်း ချန်လွေ့က နက်ပြာကျွန်းပေါ်၌ ဘုရင်သုံးပါးအား ခုခံနေခြင်းကို မြင်ရပြီးနောက် အယ်လော ထိတ်လန့်သွားခဲ့သည်။ သူက ထိုရန်သူဟောင်းကို မယှဉ်နိုင်တော့ကြောင်း သိလိုက်သည်။
ရှေ့တွင်ရှိသော မိုးကြိုးမြွေကျွန်းစုဧရိယာတွင် အန္တရာယ် အများအပြားရှိပြီး နာဂါများ၏ ပိုင်နက်လည်း ဖြစ်သည်။ နာဂါများက အလွန်အမင်း ခက်ထန်သည်။ ချန်လွေ့ကို နာဂါလက်ထဲ၌ သေရန် အယ်လော မျှော်လင့်နေသလို ဟီဂယ်လည်း မျှော်လင့်နေခဲ့သည်။ မိုးကြိုးမြွေကျွန်းစုကို ဘေးကင်းကင်းနှင့် ဖြတ်သွားနိုင်ရန်မှာ အမှောင်ဒြပ်စင်ဘုရင်၏ စမ်းသပ်ချက် တစ်ခုဟုလည်း ယူဆ၍ ရနိုင်ပေသည်။
ချန်လွေ့က မျက်မှောင်ကြုတ်ပြီး ဘေးဖက်မှ ရေဒြပ်စင်ကောင်ကို မေးလိုက်သည်။ “လန်ဘော်။ ဒီကနေ လျို့ဝှက်မြူဖုံးကျွန်းကို မိုးကြိုးမြွေကျွန်းစုကတစ်ဆင့် သွားရန် ဘယ်လောက်ကြာမလဲ။”
“လမ်းခရီးမှာ အတားအဆီး မရှိဘူးဆိုရင် နောက်၃ရက်နေရင် ရောက်ပါမယ်။” လန်ဘော်က ရိုရိုသေသေနှင့် ပြန်ဖြေသည်။ “တကယ်တော့ အရှင်မင်းကြီး ဟီဂယ်လည်း လေထဲမှာ အန္တရာယ်တွေနဲ့ ကြုံနေရတယ်။ ဒီပင်လယ်ဧရိယာမှာရှိတဲ့ လေစီးကြောင်းက အမြဲတမ်း ပြောင်းလဲနေပြီးတော့ အားကောင်းတယ်။ အင်အားကြီးတဲ့ မိုးပျံ ပင်လယ်သားရဲတွေလည်း အများကြီး ရှိတယ်။ လျို့ဝှက်မြူဖုံးကျွန်းကို ရောက်ဖို့အတွက် အနည်းဆုံး ၅ရက်လောက် ကြာနိုင်တယ်။”
ချန်လွေ့ ခေါင်းညိတ်လိုက်သည်။ ဒီအချိန်က ပြန်ဆုတ်ဖို့ မဖြစ်နိုင်တော့ဘူး။ ရှေ့ဆက်ပြီးပဲ သွားလို့ရမယ်။
လေထဲမှ လေသင်္ဘောကလည်း အရှိန်ကုန်ဖြင့် ရှေ့သို့ စတင်ထွက်ခွာသည်။ ၎င်းက အနက်ရောင်အစက်လေး တစ်ခုအဖြစ် ပြောင်းလဲသွားပြီးနောက် တိမ်တိုက်ထဲသို့ အလျင်အမြန် ပျောက်ကွယ်သွား၏။ အောက်ဘက်မှ မိစ္ဆာထောင်ခြောက်သင်္ဘောကလည်း လေများနှင့် လှိုင်းများကို ရင်ဆိုင်ရင်း မိုးကြိုးမြွေကျွန်းစုဘက်သို့ အရှိန်ကုန် ရွက်လွှင့်တော့သည်။
သူတို့က ရှေ့မှ အနီးဆုံးကျွန်းကိုပင် ရေးရေးလေး မြင်နိုင်ခဲ့သည်။ နာဂါ အများအပြားက မိုးကြိုးမြွေကျွန်းစုတွင် နေထိုင်ကြသည်။ အကယ်၍ ချန်လွေ့က မာယာရှင်များကိုသာ ခေါ်လာခဲ့လျှင် ကျွန်းဆီသို့သွားပြီး နာဂါများနှင့် အဆက်အသွယ် ပြုလုပ်နိုင်လောက်ပေသည်။ သို့သော်လည်း ယခုတစ်ခေါက် ပန်းတိုင်မှာ တစ္ဆေသန္တာကျောက် မဟုတ်ဘဲ အမှောင်ဒြပ်စင်၏ ဇစ်မြစ်အပိုင်းအစ ဖြစ်သည့်အတွက် ချန်လွေ့က လက်အများအပြားရှိသော အစွမ်းထက် အမျိုးသမီးများနှင့် မတွေ့ချင်ခဲ့ပေ။
ပင်လယ်နက်၏ အတွင်းထဲသို့ သွားပြီးနောက် ရတနာမြေပုံက ပြောင်းလဲသွား ပြန်သည်။ အနီးအားရှိ ကျွန်များအားလုံး “အလင်းရောင်တောက်သွား”ပြီး စိတ်ဖြင့် လှည့်ကာ ပုံကြီးချဲ့၍ ရသွားသည်။ ကျွန်း၏ မြေမျက်နှာသွင်ပြင်သည်ပင် အလွန်ပင် ထင်ရှားသွားပုံရသည်။
ထိုအချိန်၌ ရေမျက်နှာပြင်တွင် ထူးဆန်းသော လှုပ်ရှားမှုတစ်ခု ဖြစ်လာပြီး သင်္ဘောက တဟုန်ထိုး ယိမ်းထိုးနေတော့သည်။ သင်္ဘောခေါင်းပိုင်း၌ မြေပုံနှင့်ကျွန်းကို ကြည့်ရှုနေသော ချန်လွေ့က စိတ်ထဲ၌ မကောင်းသောနိမိတ်တစ်ခု ရုတ်တရက် ခံစားသွားရသည်။ တစ်ချိန်တည်းမှာပင် [ သရုပ်ခွဲမျက်လုံး ] က အောက်ဘက်မှ မူမမှန်သော အချက်အလက်အချို့ကို အာရုံခံလိုက်မိသည်။ ချန်လွေ့ ချက်ချင်းပင် အော်ပြောလိုက်သည်။ “တက်အကုန်သုံးပြီး ဘယ်ဘက်ကိုကွေ့။ မြန်မြန်လုပ်။”
တက်မရှိ သဲလူသားများက ကပ္ပတိန်၏ အမိန့်အတိုင်း ချက်ချင်း ဆောင်ရွက်တော့သည်။ သင်္ဘောလှည့်မည်ပြင်လိုက်စဉ် အလွန်ကြီးမားသော အရာတစ်ခုက လှိုင်းလုံးထဲမှ ဘွားခနဲ ထွက်လာသည်။ လှိုင်းလုံးများက ကုန်းပတ်ပေါ်သို့ စင်သွားခဲ့သည်။ ထိုအရာက ပထမတိုက်ခိုက်မှုပြီးနောက်တွင် ပင်လယ်အောက်ခြေသို့ ငုပ်လျှိုးသွားပြန်သည်။
ပတ်ဝန်းကျင်ပင်လယ်က မတည်မငြိမ်နှင့် လှုပ်ရှားသွားပြီး သင်္ဘောလည်း လှုပ်ယမ်းလာပြန်သည်။ ဒိုဒိုက ကြောက်လန့်စွာဖြင့် ချန်လွေ့၏ပုခုံးကို ဆွဲထားကာ လှိုင်းကြမ်းနေသော ပင်လယ်ကို ကြောက်ရွံ့စွာ ကြည့်နေခဲ့သည်။
“သလင်းကျောက်တုံးကို အသက်သွင်းပြီးတော့ အရှိန်တင်။ ဒီကနေ ထွက်သွားတော့။”
ထိုအမိန့်ကို မဆောင်ရွက်ရသေးခင်မှာပင် သင်္ဘောအောက်ခြေ၌ တစ်ခုခု အပြင်းအထန် တိုက်မိခံလိုက်ရသကဲ့သို့ပင် အုံးခနဲ အသံတစ်သံ ထွက်လာပြီး ကုန်းပတ်မှ သင်္ဘောသားများ ဒယီးဒယိုင် ဖြစ်သွားခဲ့သည်။ ကံကောင်းစွာပင် မိစ္ဆာထောင်ခြောက် သင်္ဘောက ထူးထူးခြားခြား ခိုင်မာနေသည့်အတွက် မထိခိုက်ခဲ့ပေ။ သဲလူသားများက ကုန်းပတ်နှင့် ခြေထောက်ကို ကပ်နေရန်အတွက် အလျင်အမြန်ပင် ပါရမီအစွမ်းများ သုံးလိုက်ကြသည်။ ရေဒြပ်စင်ကောင်များက ရေအိုင်အဖြစ်သို့ပြောင်းလဲသွားပြီး ကုန်းပတ်ပေါ်၌ စီးဆင်းနေလေသည်။ ခဏအကြာ၌ သူတို့က ထိခိုက်မှုမရှိသော လူသားအသွင်အဖြစ်သို့ ပြန်ရောက်လာကြသည်။
“ဝှစ်....” ညာဘက်မှ အလွန်ကြီးမားသော အရာတစ်ခု ပေါ်ထွက်သွားပြန်သည်။ ယခုတစ်ခေါက် ချန်လွေ့က ၎င်းကို သေသေချာချာ မြင်လိုက်သည်။ ဧရာမ ပင်လယ်မြွေ။
အချင်းတစ်ခုတည်းက ၂မီတာလောက် ရှိတယ်။ မြင်လိုက်ရတဲ့ ကိုယ်ထည်က ၁၀မီတာလောက်ပဲ။ ချန်လွေ့က ချက်ချင်းပင် ပင်လယ်မြွေပေါ်သို့ တယ်လီပို့ ခုန်လိုက်ပြီး သူ၏လက်ထဲ၌ [ အရှိန်အဝါဓားသွား ] အလင်းရောင် လက်သွားကာ အဝေးမှ ခုတ်ပိုင်းလိုက်သည်။ ဓားသွားက ပင်လယ်ရေမျက်နှာပြင်ပေါ်၌ ၁၀မီတာခန့် ရှည်လျားသော လှိုင်းအရာတစ်ခု ဖြစ်စေခဲ့သော်လည်း မြွေခန္ဓာကိုယ်ကို ပွန်းပဲ့ရုံသာ ဖြစ်စေခဲ့သည်။
ဧရာမပင်လယ်မြွေ၏ အမြန်နှုန်းတန်ဖိုးမှာ A- သာ ဖြစ်သော်လည်း ရေထဲ၌ လိုသလို သွားလာနိုင်မှုကို ရိုးရှင်းသော တန်ဖိုးတစ်ခုဖြင့် ဖော်ပြ၍ မရနိုင်ပေ။ ရေစီးကြောင်း၏ စွမ်းအားက ချန်လွေ့၏တိုက်ခိုက်မှုကို ကြီးကြီးမားမား ထိခိုက်စေခဲ့သည်။ သို့သ်ောလည်း ၎င်းမှာ ဧရာမပင်လယ်မြွေအတွက် အကောင်းဆုံး အကာအကွယ် တစ်ခုပင် ဖြစ်သည်။
[ သရုပ်ခွဲမျက်လုံး ] ထဲ၌ ၎င်း၏ စွမ်းအားအကဲဖြတ်မှုက A အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ နတ်ဆိုးဧကရာဇ်အဆင့် ပင်လယ်သားရဲတစ်ကောင်ပဲ။
ပြီးတော့လည်း တစ်ကောင်မကဘူး။