← Chapters

တံလျှပ်

Vol. 40 Ch. 608

တံလျှပ်

Vol. 40 Ch. 608

တလက်လက်တောက်နေသော ကြယ်ကောင်းကင်ထဲ၌ ချန်လွေ့ လွင့်မျောနေ၏။ သူက အကြီးမားဆုံးသော စက်လုံးကဲ့သို့ မတောက်ပသလို ပူလည်းမပူလောင်သော်လည်း သူသည် ကြယ်စင်စုတစ်ခုလုံး၏ ဗဟိုချက်ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်ပေသည်။

အယ်ဒီလိုင်းက ထိုခမ်းနားကြီးကျယ်သော ကြယ်ကောင်းကင်ကို တအံ့တသြနှင့် အကြိမ်ကြိမ် ကြည့်ပြီးနောက် ချန်လွေ့ကို အာရုံစိုက်လိုက်သည်။ ထို့နောက် သူ၏ဝိညာဉ်ကို အသုံးပြုပြီး ယခင်က သူ့အသက်ကို ကယ်တင်ခဲ့ကာ ယုံကြည်မှု ရရှိစေခဲ့သော ထိုသူစိမ်းကို အာရုံခံကြည့်သည်။ သူ့ကို “မျက်လုံး”ဖြင့် အယ်ဒီလိုင်း ယခုမှ ပထမဆုံး တွေ့ဖူးခြင်း ဖြစ်သည်။

ထိုမျက်နှာက သာမန်မျှသာ ဖြစ်သော်လည်း ကောင်မလေး၏ မျက်လုံးထဲ၌ ထိုသူတွင် စိတ်အေးစေပြီး ယုံကြည်စိတ်ချရသော ထူးဆန်းသည့် ဆွဲဆောင်မှုတစ်မျိုး ရှိနေလေသည်။

အဖြူရောင်မြူက နာဂါကောင်မလေး၏ ခံစားချက်များကို ချက်ချင်း သတိထား မိသွားသည်။ ၎င်းက တမင်တကာပင် ထူးထူးဆန်းဆန်း လှောင်ပြုံးပြုံးလိုက်သည်။ “ကောင်းကင်မှာရှိတဲ့ ကြယ်တွေအားလုံးက ဒီလိုမျိုး အလုံးတွေပဲလား။ ပုံရိပ်ယောင်ဆိုတာက နှလုံးသားထဲက မွေးဖွားလာတာပဲ။ ဒီကောင့်ရဲ့ ထူးဆန်းတဲ့ပုံရိပ်ယောင်က အံ့အားသင့်စရာပဲ။ စိတ်ကူးကောင်းတဲ့ဆုလာဒ်အနေနဲ့ သူ့ကို အဆုံးမသတ်ခင်မှာ သူ့ရဲ့ဝိညာဉ်ကို သိပ်မနာကျင်အောင် လုပ်ရမယ်။”

“မလုပ်နဲ့။” အယ်ဒီလိုင်း တောင်းပန်လိုက်သည်။ ပုံရိပ်ယောင်ထဲမှ သူ့အဖော်များ၏ နာကျင်မှုနှင့် နှိပ်စက်ခံရမှုများကို သူ မြင်ခဲ့ရသည်။ အဖြူရောင်မြူ၏ ခြိမ်းခြောက်မှုက စကား သက်သက်သာ မဟုတ်ကြောင်း သူသိသည်။

“မင်းရဲ့ခန္ဓာကိုယ်နဲ့ဝိညာဉ်ကို လိုလိုလားလားနဲ့ ငါ့ကိုပေးမယ်ဆိုဆိုရင် မင်းရဲ့ အဖော်တွေ နာကျင်မှု ပြေလျော့မှာဖြစ်သလို ဒီလူ့နဲ့ မင်းရဲ့အစ်မလည်း လွတ်လပ်မယ်။” အဖြူရောင်မြူက ဦးခေါင်းတွင် “မျက်လုံး”ကဲ့သို့ အပြာရောင်အစက်နှစ်စက်ရှိသော လူသားပုံရိပ်တစ်ခုအဖြစ် အသွင်ပြောင်းသွားသည်။ ၎င်း၏အသံက ဖြားယောင်းမှုများ ပြည့်နှက်နေသည်။ “တကယ်တော့ မင်းက ငါ့နဲ့ ပေါင်းစပ်ရုံပဲ။ သေမှာ မဟုတ်ဘူး။ ပြီးတော့လည်း မင်းမှာ သိပ်ကို အားကောင်းတဲ့ စွမ်းအားတွေ ရှိလာလိမ့်မယ်။ မင်းရဲ့အစ်မ မင်းကို တစ်သက်လုံး စောင့်ရှောက်ပေးတာကို မခံချင်ဘူး မဟုတ်လား။ မင်း တန်ဖိုးထားရတဲ့ သူတွေကို ကာကွယ်ဖို့အတွက် မင်းရဲ့စွမ်းအားကို အသုံးချနိုင်မယ်လေ။”

နောက်ဆုံး၌ အယ်ဒီလိုင်း၏စိတ် စတင် ယိမ်းယိုင်လာသည်။ အဖြူရောင်မြူက သူ၏ အကြီးမားဆုံး အားနည်းချက်ကို သိနေပြီးဖြစ်သည်။ ကောင်မလေးက စတေးခံရရန် မကြောက်သော်လည်း သူ တန်ဖိုးအထားရဆုံးသူကို လက်မလွှတ်နိုင်ပေ။ စထရီနာ သို့မဟုတ် ချန်လွေ့ကို အသုံးချပြီး ခြိမ်းခြောက်ခြင်းက သူ့အသက်ကို ခြိမ်းခြောက်ခြင်းထက် ပို၍ ထိ‌ရောက်ပေသည်။

ထိုအချိန်၌ အသံတစ်သံ ထွက်လာသည်။ “လက်စသတ်တော့ ဒီလိုကိုး။ တံလျှပ်... ဒီမျိုးနွယ်စုနဲ့ ငါ တကယ် မရင်းနှီးဘူး။”

အဖြူရောင်မြူ၏ ခေါင်းပေါ်မှ အပြာရောင်အစက်နှစ်စက် အပြင်းအထန် တဖျပ်ဖျပ် ဖြစ်သွားခဲ့သည်။ ၎င်းက ထိတ်လန့်သွားသည်မှာ သေချာသည်။ ချန်လွေ့၏မျက်လုံးများ တဖြည်းဖြည်း ပွင့်လာပြီးနောက် သူ့ကို အသာလေး ကြည့်လိုက်သည်။

“မင်းက ပုံရိပ်ယောင်ထဲမှာ မဟုတ်ဘူးလား။” အဖြူရောင်မြူ၏အသံက ကယောင်ချောက်ချား ဖြစ်နေဟန်တူသည်။ “ဒါက ဘာကြီးလဲ...”

အယ်ဒီလိုင်းက တအံ့တသြနှင့် အော်ခေါ်လိုက်သည်။ “ဆာ-အက်ဂ်ယော။”

ချန်လွေ့က သူ့ကို ခေါင်းညိတ်ပြသည်။ “မင်းက ငါတို့ သဘောတူထားတာကို မေ့သွားတဲ့ပုံပဲ။ မင်းရဲ့ မျှော်လင့်ချက်ကို လွယ်လွယ်နဲ့ လက်မလျှော့သင့်ဘူး။ မင်းတန်ဖိုးထားရတဲ့ သူတွေအတွက် မင်းရဲ့မျှော်လင့်ချက်ထက်ကို ပိုပြီးတော့ လက်လျှော့ရမယ်။”

နာဂါကောင်မလေး၏ မျက်လုံးထဲ၌ ပျော်ရွှင်သော မျက်ရည်များ လက်ခနဲ ဖြစ်သွား၏။ “တောင်းပန်ပါတယ်။”

ချန်လွေ့က အသာလေး ပြုံးပြသည်။ “အခုက တောင်းပန်ရမယ့်အချိန် မဟုတ်ဘူး။ ငါတို့တွေ ဒီ မစ္စတာ-တံလျှပ်နဲ့ စကားကောင်းကောင်းပြောဖို့လိုတယ်။ အတိအကျပြောရရင် တံလျှပ်ရဲ့ကိုယ်ပွားနဲ့ပေါ့။”

“မဖြစ်နိုင်ဘူး။” အဖြူရောင်မြူက အော်ပြောသည်။ “မင်းလိုမျိုး နတ်ဆိုးဧကရာဇ် အဆင့်လေးက ဒါကို ဘယ်လို သိတာလဲ။ အရင်က ငါ အနိုင်ယူခဲ့တဲ့ ဒြပ်စင်ဘုရင်တောင် ငါ့ကို မဖောက်ထွင်းမြင်နိုင်ခဲ့ဘူး။”

ချန်လွေ့က [ သရုပ်ခွဲမျက်လုံး ] ဖြင့် သိခဲ့ကြောင်း ပြောပြမည် မဟုတ်ပေ။ “ဒါက အရေးမကြီးပါဘူး။ အရေးကြီးတာက ခင်ဗျား ဒီကနေ ထွက်သွားလို့ မရတော့ဘူး ဆိုတာပဲ။ ခင်ဗျားက ကိုယ်ပွားပဲဆိုရင်တောင် ခင်ဗျားသေသွားမယ်ဆိုရင် တကယ့်ခန္ဓာကိုယ်ကို အပြင်းအထန် ထိခိုက်စေမှာပဲ။ ဆာ-ရက်ပစ်ပတ်နဲ့ အရင်က လုပ်ခဲ့သလိုမျိုး ထိုင်ပြီး စကားပြောကြတာပေါ့။”

“ငါ့ကို အဲဒီငတုံး ရေဘဝဲကောင်နဲ့ မနှိုင်းနဲ့။” အဖြူရောင်မြူက စိတ်ကို အေးအေးထားပြီး မအီမသာနှင့် ပြုံးလိုက်သည်။ “တံလျှပ်မျိုးနွယ်စုရဲ့ တကယ့်စွမ်းအားကို မင်း မသိပါဘူး။ မင်းက စိတ်ဝိညာဉ်စွမ်းအား လှည့်ကွက် နည်းနည်းပါးပါး လုပ်နိုင်ရင် လုပ်နိုင်မယ်။ ဒါပေမဲ့ ငါ့အရှေ့မှာ ပုံရိပ်ယောင်တွေ ကစားတာက မဟာဆရာသခင်တစ်ယောက် အရှေ့မှာ ကြွားနေတဲ့ ကျောင်းသားလေး တစ်ယောက်လိုမျိုးပဲ ရယ်စရာကောင်းတယ်။ ဒီပုံရိပ်ယောင်က ငါ့အတွက် အရသာရှိတဲ့ စားစရာ တစ်ခုပဲ။ ငါ အခုပဲ ဒါကို ဝါးမျိုလိုက်မယ်။ ပြီးရင် မင်းရဲ့ စိတ်ဝိညာဉ် စွမ်းအားနဲ့ ဝိညာဉ်ကို ဝါးမျိုပစ်မယ်။”

ထိုသို့ပြောပြီးနောက် အဖြူရောင်မြူ၏ ခန္ဓာကိုယ်က အငွေ့အဖြစ် ပြောင်းလဲသွားကာ ကြယ်ကောင်းကင်တစ်ခုလုံးဆီသို့ ပျံ့နှံ့သွားသည်။ သို့သော်လည်း ကြယ်စင်စုက အဆုံးမဲ့ ဖြစ်နေ၏။ ထိုမြူ မည်မျှပင် ကြိုးစားစေကာမူ ပင်လယ်ထဲမှ ရေတစ်စက်သဖွယ် ဖြစ်နေသည်။ အကြီးမားဆုံးနေကို ချဉ်းကပ်နေစဉ် မြူက တဝီဝီအသံမြည်ကာ အငွေ့ပျံသွားပြီး မီးတောက်နှင့် တွေ့သော နှင်းများသဖွယ် ဖြစ်နေကော အဆက်မပြတ် အော်ဟစ်နေတော့သည်။

“ဒါက ပုံရိပ်ယောင် မဟုတ်ဘူး။ နတ်ဆိုးဘုရားသခင်။ ဒါက ဘယ်နေရာကြီးလဲ။ ဒါက ငါ့ကို ချူပ်ထိန်းနိုင်ပြီးတော့ တကယ် ထိခိုက်နိုင်တယ်။” မြူက လူသားပုံစံအဖြစ် ပြန်စုစည်းပြီးနောက် ပိုမိုပါးလွှာသွားပုံရသည်။ ခုနက ၎င်းသည် အသေအချာပင် ဒဏ်ရာရသွားခဲ့လေသည်။

ချန်လွေ့က ပုခုံးတွန့်လိုက်သည်။ “ခင်ဗျား ဒါကို တိုင်းပြည်တစ်ခုလို့ နားလည်လို့ ရတယ်။ ပိုပြီးအတိအကျပြောရရင်တော့ စကြဝဠာတစ်ခုပေါ့။”

“မင်းမှာ တကယ်ကြီး ပိုင်နက်တိုင်းပြည်တစ်ခု ရှိနေတာပဲ။” မြူက ထိတ်လန့်သွားပြန်၏။ “နေဦး...ဒါက..ယုံကြည်မှုစွမ်းအားလား။ ဒီလောက် ကြောက်စရာကောင်းတဲ့ ယုံကြည်မှုစွမ်းအား။ မဖြစ်နိုင်ဘူး။ ပြီးတော့ ဒီပိုင်နက်တိုင်းပြည်ပုံစံက .... ဒဏ္ဍာရီလာ.... မင်းက တကယ်တမ်း ဘယ်သူလဲ။”

ထိုအချိန်၌ တံလျှပ် စိတ်ရှုပ်သွားခဲ့သည်။ ၎င်းက အမြဲပင် ပါရမီနှင့် ပုံရိပ်ယောင်ကို အသုံးချပြီး အခြားသူများ၏စိတ်ကို အရူးလုပ်ခဲ့သော်လည်း ယခုတွင် တစ်ဖက်လူ၏ စကားလုံးများက ၎င်းကို စိတ်ရှုပ်စေနေသည်။

“ကျုပ် ဘာကိုမှ ရှင်းပြဖို့ စိတ်မဝင်စားဘူး။ တကယ်လို့ ဆာ-တံလျှပ်က ပြောချင်တယ် ဆိုရင်တော့....” ချန်လွေ့က လက်၅ချောင်း ဖြန့်လိုက်ရာ အလွန်ကြီးမားသော တွင်းနက်တစ်ခုက နေရာလွတ်ထဲ၌ ပေါ်ထွက်လာသည်။ မြူပုံရိပ်က ထိုတွင်းနက်ထဲသို့ စုပ်ယူခံလိုက်ရသည်။ ဘေးဖက်မှ အယ်ဒီလိုင်းကမူ အနည်းငယ်မျှ သက်ရောက်မှု မရှိပေ။

“ခဏနေဦး။” မြူပုံရိပ်က နောက်ဆုံး စတင်ကြောက်လန့်လာသည်။ “ဒီနာဂါ ကောင်မလေးရဲ့ ဝိညာဉ်က ငါ့ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်။ မင်းငါ့ရဲ့ ကိုယ်ပွားကို ဖျက်ဆီးရဲမယ်ဆိုရင် သူ့ရဲ့ဝိညာဥ်ကိုလည်း ပျက်စီးသွားအောင် လုပ်ပစ်မယ်။”

ချန်လွေ့၏မျက်လုံးများ အေးစက်သွားပြီးနောက် တွင်းနက်၏ စုပ်ယူမှု ပိုမို အားကောင်းလာသည်။ မြူက ဝိညာဉ်စွမ်းအားတစ်ခုလုံး ကြောက်မက်ဖွယ်ရာစွမ်းအားကြောင့် စုပ်ယူခံလိုက်ရသလို ခံစားနေရပြီး အချိန်မရွေး ဝါးမျိုခံရမယ့်အန္တရာယ်သို့ ရောက်နေခဲ့သည်။ ၎င်းက ကြောက်လန့်တကြားနှင့် ဒေါသတကြီး ပြောလိုက်သည်။ “သူ့ရဲ့အသက်ကို မင်း တကယ် ဂရုမစိုက်ဘူးဆိုရင် ဒီကိုယ်ပွားရဲ့ ဝိညာဉ်စွမ်းအားကို လက်လျှော့ပြီးတော့ ဒီကောင်မလေးနဲ့အတူ သေလိုက်မယ်။”

အယ်ဒီလိုင်းက ချန်လွေ့အား ခြိမ်းခြောက်မှုများ ပြုလာနိုင်သည့်အတွက် “ကျွန်မကို ဂရုမစိုက်နဲ့” ကဲ့သို့သော ရဲရင့်သည့်စကားများကို မဆိုခဲ့ပေ။ သူက “ဆာ-အက်ဂ်ယော။ ကျွန်မက ဝိညာဉ်ခန္ဓာကိုယ် တစ်ခုခု ဖြစ်မယ်လို့ တံလျှပ်က ခုနက ပြောခဲ့သလိုပဲ” ဟူ၍သာ ပြောလိုက်သည်။

ချန်လွေ့က ကောင်မလေး၏ ဦးနှောက်ကို တိတ်တိတ်လေး ချီးမွမ်းလိုက်သည်။ အယ်ဒီလိုင်း၏ ထူးခြားသော ခန္ဓာအမျိုးအစားကြောင့် တံလျှပ်က အယ်ဒီလိုင်းကို ခြိမ်းခြောက်ပြီး ခန္ဓာကိုယ်ကို လိုလိုလားလား ပေးခိုင်းခဲ့ကြောင်းကို ချန်လွေ့ကိုယ်တိုင် ကြားခဲ့ရသည်။ ထို့ကြောင့်ပင် တံလျှပ်က အယ်ဒီလိုင်း၏ခန္ဓာကိုယ်က ရရှိရန်အတွက် လူတိုင်းကို မသတ်ခဲ့ခြင်း ဖြစ်နိုင်ပေသည်။ အထူးစိတ်ဝိညာဉ်စွမ်းရည်များရှိသော ထိုခန္ဓာက တံလျှပ်အတွက် အလွန်ပင် အရေးပါပုံရသည်။

“လက်စသတ်တော့ ဒီလိုကိုး။” ချန်လွေ့က သဘောပေါက်လျက် ပြုံးလိုက်သည်။

“ချီးပဲ။” နောက်ဆုံး၌ တံလျှပ် ပေါက်ကွဲသွားသည်။ “မင်းက ရေဘဝဲနဲ့ ညှိနှိုင်းခဲ့တာကို ပြောခဲ့တယ်။ ဒါဆို အမှောင်နဂါးဧကရာဇ်ရဲ့ ရတနာနဲ့ ဆက်နွှယ်နေရမယ်။ လျို့ဝှက်မြူဖုံးကျွန်းကို ဖြတ်သွားခွင့် ငါမင်းကို ပေးနိုင်တယ်။ တစ်ခုတော့ရှိတယ်။ ဝိညာဉ်ခန္ဓာရှိတဲ့ ဒီကောင်မလေးကို ငါ့ဆီမှာ ထားခဲ့ရမယ်။”

ချန်လွေ့က အယ်ဒီလိုင်းကို ဖျပ်ခနဲကြည့်လိုက်ရာ “ပြန်ကောင်းသွားသော” အမြင်အာရုံ၌ ကြောက်လန့်မှု၊ စိုးရိမ်မှု ရှိမနေဘဲ ထူးဆန်းသော ငြိမ်းချမ်းမှုတစ်ခုသာ ရှိနေကြောင်း မြင်ရသည်။

“အယ်ဒီလိုင်း။ မင်းငါ့ကို ယုံလား။”

ကောင်မလေးက ချန်လွေ့၏ တောက်ပသော မျက်လုံးကို ရုတ်တရက် တည့်တည့် မကြည့်ရဲခဲ့ပေ။ သူက ခေါင်းကိုသာ အသာလေး ငုံ့ထားလိုက်သည်။ “အင်း။ ကျွန်မကို ဆာ မျှော်လင့်ချက် ပေးခဲ့တဲ့ အချိန်ကတည်းကပဲ။”

“ခင်ဗျား အဖြေရပြီလို့ ထင်ပါတယ်။ တံလျှပ်ကိုယ်ပွား။” ချန်လွေ့က တံလျှပ်အား ပုံမှန်ပင် ပြောလိုက်သည်။

တံလျှပ်က ပို၍ပင် ဒေါသထွက်သွားခဲ့သည်။ “သိပ်ကောင်းတယ်။ ဒီကိုယ်ပွားဝိညာဉ်ကို ငါ မလိုချင်တော့ဘူး။ ငါမင်းနဲ့တူ သေလိုက်မယ်။ နောက်ဆုံးမှာ ဒီဝိညာဉ်ခန္ဓာက ငါ့အပိုင် ဖြစ်လာမယ်။”

ချန်လွေ့က သရော်ပြုံးပြုံးလိုက်သည်။ သူ စကားပြောရန် ပြင်လိုက်စဉ် တစ်ခုခု မူမမှန်သော အရာတစ်ခု ဖြစ်နေသကဲ့သို့ပင် သူ၏မျက်နှာအမူ ရုတ်တရက် တန့်သွားခဲ့သည်။ သူက ချက်ချင်းပင် ခေါင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး အလွန်ပင် နာကျင်နေပုံ ရသည်။ ထိုအချိန်အတွင်း စကြဝဠာတစ်ခုလုံးက ပုံမှန်မဟုတ်ဘဲ စတင် ယိုယွင်းလာ၏။

အယ်ဒီလိုင်း ထိတ်လန့်သွားခဲ့သည်။ သူ ခုန်သွားရန် ပြင်လိုက်စဉ် နေရာလွတ်တစ်ခုလုံး ပျက်ယွင်းမှု တည်ငြိမ်သွားခဲ့သည်။ တဖြည်းဖြည်းနှင့် ချန်လွေ့က ခေါင်းကိုကိုင်ထားသော လက်များကို လွှတ်လိုက်သည်။ သူ၏ အနက်ရောင်မျက်လုံးများကလည်း သွေးနီရောင်အဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် သူက တံလျှပ်ကို ဖျပ်ခနဲ ကြည့်လိုက်သည်။

ခုနက ချန်လွေ့ကို တံလျှပ် မျက်နှာချင်းဆိုင်သောအခါ ဘာမှ မခံစားခဲ့ရသော်လည်း ယခုတွင် တစ်ချက်ကြည့်ရုံဖြင့် ဝိညာဉ်ထဲမှ ဖော်ပြ၍မရသော အကြောက်တရားတစ်ခု အမှန်တကယ် လှိမ့်တက်လာလေသည်။

အယ်ဒီလိုင်းက “အက်ဂ်ယော” တစ်ခုခု ထူးထူးခြားခြား ဖြစ်သွားသည်ကို သေသေချာချာ ခံစားမိလိုက်သော်လည်း ထိုအချိန်၌ မပြောနိုင်ခဲ့ပေ။ သူက မေးသည်။ “ဆာ-အက်ဂ်ယော။ အဆင်ပြေရဲ့လား။”

“အဆင်ပြေပါတယ်။ ပုံမှန်ထက် ပိုပြေတယ်။” ချန်လွေ့က ထူးထူးဆန်းဆန်း ပြုံးလိုက်သည်။ “ဘာတွေပဲဖြစ်လာဖြစ်လာ၊ မင်းငါ့ကို ယုံကြည်ဖို့ ရွေးချယ်မှာလား။”

အယ်ဒီလိုင်းက အသာလေး နှုတ်ခမ်းကိုက်ပြီး ခေါင်းညိတ်လိုက်သည်။ မျက်စိတ်တစ်မှိတ် အတွင်းမှာပင် ချန်လွေ့က ကောင်မ‌လေးအရှေ့တွင် ပေါ်ထွက်လာပြီး မေးစေ့ကို အသာလေး ကိုင်လိုက်သည်။ ချန်လွေ့၏အပြုံးက ပို၍ပင် ထူးခြားသွား၏။ “သိပ်ကောင်းတယ်။ အတော်လေး စိတ်ဝင်စားစရာကောင်းတဲ့ အရုပ်တစ်ရုပ်ပဲ။”

ထိုလုပ်ရပ်က အယ်ဒီလိုင်း၏ မျက်နှာကို နီရဲသွားစေသည်။ သို့သော်လည်း ချန်လွေ့၏ပုံရိပ်က ချက်ချင်း ပျောက်ကွယ်သွားကာ တံလျှပ်အရှေ့၌ ပေါ်ထွက်လာသည်။ အကွာအဝေးမှာ နီးကပ်လွန်းလှသည့်အတွက် တံလျှပ် သိမ့်သိမ့်တုန်သွားခဲ့သည်။

“ဘာများလဲ ကြည့်ပါဦး။ တံလျှပ်က စိတ်ဝိညာဉ်စွမ်းအား လှည့်ကွက်တွေနဲ့ ကစားနေတာလား။”

“မင်းက ငါ့လို ဆာ-လော့မန်ကို ရိုင်းပျရဲတယ်ပေါ့။ ငါ သေချာပေါက်....” တံလျှပ်၏အသံက အနည်းငယ် တင်းမာနေခဲ့သည်။

“မင်းက တိုင်းပြည်ဖန်တီးနိုင်တော့မယ် ဆိုရင်တောင် မင်းက အားနည်းတဲ့ တံလျှပ်တစ်ခုပဲ။ မင်းရဲ့ ဝိညာဉ်အငွေ့အသက်မှာ ချုပ်တည်းထားတဲ့စွမ်းအားတစ်မျိုးမျိုး ရှိနေသလိုပဲ။ ဒါကြောင့် မင်းက ဝိညာဉ်ခန္ဓာကိုယ်ကို အသုံးချပြီး ထွက်သွားမလို့ကိုး။ တံလျှပ်ဝိညာဉ်ရဲ့ အရသာက အတော်လေး မယုံနိုင်စရာကောင်းတာကို ငါ မှတ်မိတယ်။ စိတ်မပူပါနဲ့။ ငါမင်းကို လုံးဝ လွတ်လပ်ပေးမှာပါ။ ပုန်းဖို့ မကြိုးစားနဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ချုပ်တည်းထားတဲ့စွမ်းအား ရှိနေတာပဲ။ မင်း ထွက်ပြေးလို့ မရပါဘူး။ ငါ့ရဲ့ ရသာမွန်လေး။”

ချန်လွေ့၏ သွေးနီရောင်မျက်လုံးမှ အငမ်းမရဖြစ်နေသောအကြည့်က တံလျှပ်ကို အမှန်တကယ် ကြောက်လန့်သွားစေကဲ့သို့ပင် တုန်လှုပ်သွားစေခဲ့သည်။ ၎င်းကိုမြင်သည့်အခါ ချန်လွေ့က ပို၍ပင် ပြုံးလိုက်သည်။ “ဒါနဲ့ ခုနက မင်း ဘာပြောလိုက်တာလဲ။ ငါ နားထောင်လို့ မပြီးသေးသလိုပဲ။”

တံလျှပ်က ကြောက်လန့်စွာဖြင့် အော်ဟစ်လိုက်ပြီးနောက် မြူပုံရိပ်က ရုတ်တရက် ပေါက်ကွဲထွက်သွားသည်။ ၎င်းသည် အမှန်တကယ်ပင် ကိုယ်ပွားကို ဖောက်ခွဲပစ်လိုက်လေသည်။

တံလျှပ်ကိုယ်ပွား ပျောက်ကွယ်သွားပြီး တစ်ချိန်တည်းမှာပင် အယ်ဒီလိုင်းက ကြီးစွာသော တုန်ခါမှုတစ်ခုကို ခံစားလိုက်ရသည်။ အက်ဂ်ယော၊ ကိုယ်ပွားနှင့် ကြယ်ကောင်းကင်တို့ တစ်ချိန်တည်း ပျောက်ကွယ်သွား၏။ ငေးငိုင်နေရင်း သူက တဲအိမ်သို့ ပြန်ရောက်လာကာ မျက်လုံများ ပြန်မမြင်ရတော့ပေ။ ခုနက ကြယ်ကောင်းကင်တွင် ဖြစ်ခဲ့သမျှ အရာရာတိုင်းက အိပ်မက်တစ်ခုသဖွယ် ဖြစ်နေလေသည်။

၎င်းမှာ သေချာပေါက် အိပ်မက်မဟုတ်ကြောင်း သူ၏မသိစိတ်က ပြောနေသည်။ အဖြစ်အပျက် တစ်ခုကို တွေးမိသွားရင်း ကောင်မလေး၏ပါးပြင်က ပူလောင်လာ၏။ သို့သော် သူက အလျင်အမြန် သတိပြန်ဝင်လာကာ တဲအိမ်ထဲမှ အဖော်များကို စတင် အော်ခေါ်တော့သည်။ သို့ရာတွင် သူမည်မျှ အော်ခေါ်၊ တွန်းထုတ်စေကာမူ ထိုအဖော်များက အိပ်မောကျနေဆဲပင်။

အယ်ဒီလိုင်းက တဲအိမ်ထဲမှ စိတ်တထင့်ထင့်နှင့် စမ်းတဝါးဝါး ထွက်လာပြီးနောက် ‌အော်ခေါ်လိုက်သည်။ “အစ်မ။ နင် ဘယ်မှာလဲ။”

သုံးလေးကြိမ် အော်ခေါ်ပြီးနောက် စထရီနာက ပြန်မဖြေသေးပေ။ ယခင်က တံလျှပ်၏ စကားများကို ပြန်တွေးမိရင်း အယ်ဒီလိုင်း၏နှလုံးသား ရုတ်တရက် နစ်မွန်းသွားကာ ချန်လွေ့၏ မှော်တဲအိမ်သို့ စမ်းတဝါးဝါးနှင့် လျှောက်လာခဲ့သည်။

လမ်းတစ်ဝက်၌ ကောင်မလေး၏ခြေလှမ်း ရုတ်တရက် ရပ်သွား၏။ သူက ရင်းနှီးသော အသံတစ်သံကို ကြားလိုက်ရသည်။

အလွန်အမင်း ကြမ်းတမ်းသော တိုက်ပွဲတစ်ပွဲနှင့် ရင်ဆိုင်ကြုံတွေ့နေရသကဲ့သို့ပင် ထိုအသံက ပြင်းထန်သော ပင်ပန်းနွမ်းနယ်မှုများ ပြည့်နှက်နေခဲ့လေသည်။

အယ်ဒီလိုင်း အမြန် ပြောလိုက်သည်။ “ဆာ-အက်ဂ်ယော။ ကျွန်မရဲ့အစ်မ ... သူ ....”

“စထရီနာက တံလျှပ်ရဲ့လက်ထဲကို ရောက်သွားလောက်ပြီ။” ချန်လွေ့ မျက်မှောင်ကြုတ် လိုက်ပြီးနောက် အယ်ဒီလိုင်းကို ကြည့်လိုက်သည်။၊ “သွားရအောင်။ မင်းရဲ့ အာရုံခံစွမ်းရည်ကို သုံးပြီးတော့ တံလျှပ်ကိုရှာပြီး စထရီနာကို သွားကယ်ကြမယ်။”

All Chapters