← Chapters

မျှော်လင့်ချက်နှင့် ကတိ

Vol. 40 Ch. 610

မျှော်လင့်ချက်နှင့် ကတိ

Vol. 40 Ch. 610

“ [ ကြယ်ပေါက်ကွဲခြင်း ] ” ။ ချန်လွေ့၏အော်သံ ထွက်လာပြီးနောက်‌ ကောင်းကင်မှ ကြယ်များ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားဟန်တူသည်။

အင်အားကြီးအဟုန်နှင့် ရင်ဆိုင်ရသောအခါ အသူရာသုံးယောက်က တစ်ယောက်စီ တုံ့ပြန်ကြသည်။ တစ်ယောက်၏ ပတ်ပတ်လည် နေရာလွတ်တွင် ထူးဆန်းသော ယိုယွင်းမှုများနှင့် အက်ကြောင်း အမြောက်အမြား ပေါ်ထွက်လာပြီး ပေါက်ကွဲမှုစွမ်းအားကို အဆက်မပြတ်စုပ်ယူကာ ပယ်ဖျက်ရန် တန်ပြန်သည်။ အခြားတစ်ယောက်၏လက်က ရေလှိုင်းကဲ့သို့ လှိုင်းတွန့်များ ပြုလုပ်နေပြီး ခန္ဓာကိုယ်ပတ်ပတ်လည်၌ အလွန်ကြီးမားသော ပေါက်ကွဲမှုစွမ်းအားကို အဆက်မပြတ် လျှော့ချနေသည်။ တတိယမြောက် အသူရာက အကာအကွယ် ဒိုင်းကာတစ်ခုကို သုံးလိုက်ပြီးနောက် သူ့အရှေ့တွင် အလွန်ကြီးမားသော တွင်းနက်တစ်ခု ပေါ်ထွက်လာသည်။ အစိတ်စိတ်အမွှာမွှာဖြစ်သွားသော “ကြယ်များ”က တွင်းနက်၏ဝါးမျိုခြင်းကို ခံလိုက်ရသည်။ နောက်ဆက်တွဲက အကာကွယ်ဒိုင်းကာကို အလွန်ဆုံး အက်ကြောင်းသာ ဖြစ်နေခဲ့သည်။ ဗဟိုချက်ကို လုံးဝ မထိခိုက်ခဲ့ပေ။

“ဟားဟား...” အသူရာသုံးယောက်က တပြိုင်နက်တည်း ရယ်လိုက်ကြသည်။ “မင်းရဲ့ ကိုယ်ပိုင်အစွမ်းတွေနဲ့ ဖြေရှင်းခံလိုက်ရတာကို ဘယ်လိုခံစားရလဲ။ နေဦး။ နေရာလွတ် အက်ကွဲကြောင်းက မင်းရဲ့အစွမ်း မဟုတ်ဘူး။ ပြောရမယ်ဆိုရင်တော့ ငါက မင်းသိထားတာ မှန်သမျှကို လုပ်နိုင်တယ်။ ဒါပေမဲ့ မင်းက ငါသိတာကို မလုပ်နိုင်ဘူး။ မင်းမှာ အနိုင်ရနိုင်ချေ မရှိဘူး....။ စူပါစနစ်ရဲ့ [ ကြယ်စင်စုပိုင်နက် ] ထဲကို မင်း ပြန်နိုင်မှပဲရမယ်။ ဒါက ဟဲရာဘီးနဲ့ တံလျှပ်ရဲ့ ပိုင်နက်တိုင်းပြည်ပဲ။ ‘ကိုယ်ပွား’ ဖြစ်တဲ့မင်းကို ငါ ‌သတ်ပစ်လိုက်မယ်ဆိုရင် ငါက တကယ့်မင်း ဖြစ်လာမယ်။ မင်း မခုခံလို့ ရတယ်။ ဒါပေမဲ့ ခုခံလည်း တကယ်တော့ အသုံးဝင်မှာ မဟုတ်ဘူး။”

ချန်လွေ့ အံကြိတ်လိုက်သည်။ သူက လုံးဝ လက်လျှော့မည် မဟုတ်သောလည်း ထိုအချိန်တွင် သူ အမှန်တကယ် ကြံရာမရ ဖြစ်နေသည်ကို ငြင်းဆန်၍ မရနိုင်ပေ။ အသူရာ သုံးယောက်မှာ ဟဲရာဘီးကို အသုံးပြုကာ ကွဲထွက်သွားသော ကိုယ်ပွားများဖြစ်နိုင်ပြီး တစ်ယောက်စီက အစစ်အမှန် ဖြစ်သည်။ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးလိုအပ်သော [ နတ်ဆိုးယင်ကောင်အသွင်ပြောင်းခြင်း ] အပါအဝင် ထိုကိုယ်ပွားများက စူပါစနစ်၏ အစွမ်းအားလုံးကို အသုံးပြုနိုင်ကြသည်။ သို့သော်လည်း “ကိုယ်ပိုင်အစွမ်းဖြင့် တုံ့ပြန်ခြင်း” ကဲ့သို့ ထူးခြားသော စွမ်းရည်မျိုးမှာ ချန်လွေ့ပိုင်ဆိုင်ထားသောအရာ မဟုတ်ပေ။

ချန်လွေ့က အောက်ဘက်ကမ်းခြေမှ အယ်ဒီလိုင်းကို ထူထဲသော မြူများ ရစ်ပတ်နေကြောင်း မတော်တဆ မြင်လိုက်ရသည်။ မြူများက ကောင်မလေး၏ ခန္ဓာကိုယ်ထဲသို့ သာမန်မျက်လုံးဖြင့်မြင်နိုင်သော အမြန်နှုန်းဖြင့် ဝင်နေသည်။ ချန်လွေ့ ထိတ်လန့်သွား၏။ “အသူရာ။ မင်းသူ့ကို ဘာလုပ်လိုက်တာလဲ။”

“ဒီနာဂါကောင်မလေးက မင်းကို စွဲလမ်းနေတယ်။ ငါက သူ့ရဲ့ဆန္ဒကို ဖြည့်ဆည်း ပေးပြီးတော့ မင်းကို ပိုယုံကြည်အောင် လုပ်ခဲ့ရုံပါ။” အသူရာက ပျော်စေပြက်စေသော အမူအရာ ပြသလိုက်သည်။ “ငါမင်းကိုပြောဖို့ မေ့သွားတယ်။ ဟဲရာဘီး၏ တကယ့်အစွမ်းက ကိုယ်ပွားတွေ ဖန်တီးတာ မဟုတ်ဘူး။ ယုံကြည်မှု ခိုးယူတာပဲ။ ဒီရက်ပိုင်းအတွင်း ငါက ဒီမှော်လက်နက်ကို အသေးစိတ် သန့်စင်ပြီးပြီ။ မင်း ဘယ်လိုထင်လဲ။ ဒါက မင်းနားလည်နိုင်မယ့် ဝေါဟာရတစ်ခုပဲ။”

“သူ့ကို အခု တံလျှပ်က ထိန်းချုပ်လိုက်ပြီလား။”

“မဟုတ်ဘူး။ သူက စိတ်ဝိညာဉ်ကွင်းဆက်ကို လက်ခံလိုက်ရုံပဲ။ ဒါက ငါ့ရဲ့ ပထမဆုံး ယုံကြည်သူအနေနဲ့ ဂုဏ်ပြုခံလိုက်ရသလိုပဲ။ ဒါက ငါ တီထွင်ထားတဲ့ ကွင်းဆက်ပဲ။ ဒါကို ယုံကြည်မှုကွင်းဆက်လို့ ခေါ်လို့ရတယ်။ မင်းရဲ့ ယုံကြည်မှုသလင်းကျောက်တွေ ကုန်နေပြီ။ ဒီကွင်းဆက်ကို ပယ်ဖျက်ဖို့အတွက် နောက်ထပ် [ တော်ဝင်ကြယ်အသွင်ပြောင်း ] ကို သုံးဖို့အတွက် လုံလောက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းမှာ နောက်ထပ်အချိန်ရှိမှာ မဟုတ်တော့ဘူး။”

“အဲဒီ ချစ်စရာ အရုပ်လေးအတွက်ကတော့...” အသူရာက လက်ညှိုးထောင်ပြီး လက်ခါလိုက်သည်။ “ယုံကြည်သူတစ်ယောက်အနေနဲ့ သူ ပေးဆပ်ရမယ်။ ငါ သူ့ကို ဒီ [ ပုံရိပ်ယောင်တိုင်းပြည် ] အတွက် ဆုလာဒ်အနေနဲ့ တံလျှပ်ဆီ ဆုပေးထားတယ်။ မင်း ကြယ်၆ပွင့် အသွင်ပြောင်းခြင်းကို မရောက်နိုင်ဘူးဆိုရင် တံလျှပ်ကို မင်းရဲ့ အခုလက်ရှိ ခွန်အားနဲ့ တားဆီးနိုင်မှာ တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ မင်းရဲ့ အချိန်ဆွဲတဲ့ လှည့်ကွက်ကို မေ့ထားလိုက်။ ခုနက မင်းရဲ့ [ ကြယ်ပေါက်ကွဲခြင်း ]က အားနည်းလွန်းတယ်။ ငါ ကြည့်ရတာ စိတ်ကုန်နေပြီ။ တကယ့် [ ကြယ်ပေါက်ကွဲခြင်း ]က ဘာလဲဆိုတာ မင်းအခု မြင်ရမယ်။”

အသူရာ စကားပြောပြီးသည်နှင့် ချန်လွေ့၏ခန္ဓာကိုယ်ကို အနက်ရောင်နှင့် ရွှေအိုရောင် ကြယ်များက ဝိုင်းရံသွားသည်။ ထို့နောက် ချက်ချင်းပင် ကြယ်များက “စကြဝဠာ”တစ်ခုလုံး ပြိုလဲသွားသကဲ့သို့ပင် ကြောက်မက်ဖွယ်ရာစွမ်းအားဖြင့် ပေါက်ကွဲထွက်သွားတော့သည်။ အငွေ့အသက်အားလုံးကို ဖျက်ဆီးခြင်း ဟူသော ခံစားချက်တစ်ခုက လွှမ်းမိုးသွားလေသည်။

ထိုဖျက်ဆီးခြင်းစွမ်းအားက ချန်လွေ့ အသက်သွင်းခဲ့သော [ ကြယ်ပေါက်ကွဲခြင်း ] ထက် များစွာသာလွန်သည်။ ထိုအချိန် ကြယ်နက်များ ပေါက်ကွဲသွားသောအခါ ချန်လွေ့က [ ကြယ်လမ်းလွှဲ ] အစွမ်းကို အသက်သွင်းလိုက်ပြီ ဖြစ်သည်။ သူ၏လက်များတွင် နူးညံ့သော လှိုင်းများ ထသွားခဲ့သည်။

[ အသံဗုံး ] အသံမြည်သွားပြီး ချန်လွေ့က နောက်သို့ အမြန်ဆုတ်ခွာသွားသည်။ ထို့နောက် သူ၏လက်ဝါးမှ အလင်းရောင်က ချဉ်းကပ်လာသော [ ကြယ်ပေါက်ကွဲခြင်း ] ကို အလျင်အမြန် ပျောက်ကွယ်သွားစေသည်။ [ ကြယ်ပေါက်ကွဲခြင်း ] စွမ်းအားက ထိုနေရာ၌ ရှိနေဆဲ ဖြစ်သည်။ ချန်လွေ့၏အရှေ့၌ အကာအကွယ် ဒိုင်းကာတစ်ခု ပေါ်ထွက်လာသည်။ ၎င်းက အလျင်အမြန်ပင် အမှုန်ဖြစ်သွားခဲ့သော်လည်း ချန်လွေ့က အချိန်မီပင် တယ်လီပို့ ခုန်လိုက်နိုင်သည်။ နောက်ဆုံး၌ ချန်လွေ့က [ ကြယ်ပေါက်ကွဲခြင်း ] အဝန်းအဝိုင်းမှ လွတ်မြောက်သွားတော့သည်။

နောက်ထပ် အသူရာတစ်ယောက်က ပြုံးဖြီးဖြီးလုပ်ရင်း ချန်လွေ့ အရှေ့တွင် ချက်ချင်း ပေါ်ထွက်လာသည်။ “မင်း ထွက်ပြေးလို့မရဘူး။ အခုပဲ ဒီ [ ကြယ်ပေါက်ကွဲခြင်း ] ကို မြည်းကြည့်လိုက်။”

မျက်စိတစ်မှိတ် အတွင်းမှာပင် အလွန်ကြီးမားသော ကပ်ဘေးတစ်ခု ရောက်ရှိလာသည်။ ချန်လွေ့၏ခန္ဓာကိုယ်က ကြောက်မက်ဖွယ်ရာ [ ကြယ်ပေါက်ကွဲခြင်း ] ကြောင့် အစိတ်စိတ် အမွှာမွှာ ဖြစ်သွားသည်။ သို့သော်လည်း အမှန်တကယ်၌ သူက မရေမတွက်နိုင်သော ယင်ကောင်များအဖြစ် ပြောင်းလဲသွားခြင်း ဖြစ်သည်။ ၎င်းမှာ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး၏ [ နတ်ဆိုးယင်ကောင် အသွင်ပြောင်းခြင်း ] ပင် ဖြစ်လေသည်။

ယင်ကောင်များက ပေါက်ကွဲမှုကြောင့် သက်ရောက် မခံရသော်လည်း ထိုအခြေအနေက ကြာရှည်မခံနိုင်ပေ။ လူသားအသွင်သို့ ပြောင်းလဲသွားပြီးနောက် သူက ရပ်တန့်၍မရသော [ ကြယ်ပေါက်ကွဲခြင်း ] ကို ရင်ဆိုင်ရပြန်သည်။ ထိုအချိန်၌ ချန်လွေ့၏ အကာအကွယ်ဒိုင်းကာနှင့် [ ကြယ်လမ်းလွှဲ ] တို့ကအသုံးပြု၍ ရတော့ပေ။ တယ်လီပို့ ခုန်နိုင်သော အရေအတွက်ပင် ပြည့်သွားလေပြီ။ သူ၏လက်ထဲ၌ ရိုးရှင်းသော ပုံစံကွက်တစ်ခုရှိသည့် ဒိုင်းကာကြီးတစ်ခု ပေါ်ထွက်လာပြီး သူ့ကို ကာကွယ်ပေးလိုက်သည်။ ၎င်းက [ ကြယ်ပေါက်ကွဲခြင်း ] ၏ အဆက်မပြတ် ပေါက်ကွဲမှုများကို ခံလိုက်ရပြီး ချန်လွေ့တစ်ကိုယ်လုံး လွင့်ထွက်သွဦး၏။ ကြေးမုံကဲ့သို့ ဒိုင်းကာမှ ခြစ်ရာပင် မထင်ပေ။ ချန်လွေ့ကို နတ်ဆိုးဒိုင်းက ကာကွယ်ခဲ့ပြီး နတ်ဆိုးဒိုင်းက ထိခိုက်မှုကို အတိုင်းအတာတစ်ခုအထိ စုပ်ယူကာ ကိုယ်ပိုင်စွမ်းအားအဖြစ် ပြောင်းလဲပေးနိုင်သော်လည်း သူတို့က အားကောင်းသော ပေါက်ကွဲမှုက ချန်လွေ့၏ အတွင်းအင်္ဂါများကို အပြင်းအထန် ဒဏ်ရာရသွားစေသည်။

ထိုအချိန်၌ ရုတ်တရက် အန္တရာယ် သတိပေးချက်များနှင့် [ သရုပ်ခွဲမျက်လုံး ] မှ ဖော်ပြချက်က ချန်လွေ့၏ မျက်လုံးများကို ရုတ်တရက် ကျုံ့သွားစေသည်။ ထို့နောက် သူ၏နောက်တွင် ကြောက်မက်ဖွယ်ရာအသံတစ်သံ ထွက်လာသည်။

“[ ကြယ်ပေါက်ကွဲခြင်း ]”

ချန်လွေ့အတွက် ရှောင်တိမ်းရန် နောက်ကျသွားလေပြီ။ အသူရာသုံးယောက်၏ [ ကြယ်ပေါက်ကွဲခြင်း ] က ရောယှက်နေ၏။ သူတို့၏စွမ်းအားက ရိုးရိုးစင်းစင်း စုစည်းခြင်း မဟုတ်ဘဲ အနီးအနားရှိမြေပြင်က အမှုန့် ဖြစ်သွားလေသည်။ ကြောက်မက်ဖွယ်ရာ စွမ်းအားကြောင့် ပင်လယ်ရေက အလယ်တွင် လေဟာနယ်ဖြစ်နေကာ မီတာရာနှင့်ချီသို့ တက်လာပြီး အမှန်တကယ်ပင် ပြန်မကျတော့ပေ။

အဆက်မပြတ် ကြယ်ပေါက်ကွဲမှုက နောက်ဆုံး၌ ငြိမ်သက်သွားပြီးနောက် ပင်လယ်ရေ မျက်နှာပြင်က တဖြည်းဖြည်းနှင့် ပုံမှန်ပြန်ဖြစ်သွားသည်။ အလယ်တွင် ရောင်စုံအလင်းတစ်ခု လင်းလက်နေပြီးနောက် ချန်လွေ့ပုံစံအဖြစ် စုစည်းသွားသည်။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်ပေါ်မှ ချပ်ကာသည် အက်ကွဲကြောင်းများ ဖြစ်နေပြီး ကြီးကြီးမားမား ပုံပျက်နေ၏။ သူ့တစ်ကိုယ်လုံးက အလွန်အမင်း အားနည်းနေပုံရသည်။

“အိုး...” အသူရာ သရော်ပြုံး ပြုံးလိုက်သည်။ “ဇိုလာရဲ့အဆောင်က မင်းကို ကယ်ပေးခဲ့တာကိုး။ ဒါပေမဲ့ ကံဆိုးချင်တော့ မင်းရဲ့နောက်ဆုံး အသက်ကယ် ကောက်ရိုးမျှင် ကိုလည်း သုံးပြီးသွားပြီ။ ခုနက မင်း အစွမ်းကုန်သုံးပြီးတော့ အယ်ဒီလိုင်းရဲ့ စိတ်ဝိညာဉ် ကွင်းဆက်ကို ပယ်ဖျက်ခဲ့တယ်။ ဒီလိုအချိန်မှာတောင် မင်းက အဲဒီ ချစ်စရာကောင်မလေးကို ကယ်တင်ဖို့ စဉ်းစားနေတုန်းပဲ။ တကယ့် ငတုံးပဲ။ မင်းကိုငါ ချေမှုန်းပြီးရင် စူပါစနစ်ရဲ့ [ ကြယ်စင်စုပိုင်နက် ] ထဲမှာ “အချစ်ကြီးတဲ့အိုတာခု”ဆိုတဲ့စာနဲ့ အုတ်ဂူတစ်ခု လုပ်ပေးမယ်။”

ချန်လွေ့က မောဟိုက်နေပြီး လက်ကျန်စွမ်းအားများကို အလျင်အမြန် စုစည်းလိုက်သည်။ ဟဲရာဘီးကို အသူရာ ဝါးမျိုပြီးနောက် ကြောက်မက်ဖွယ်ရာ အမှန်တကယ် ဖြစ်ပွားခဲ့လေသည်။ အပေါ်ယံ၌ သူတို့က စွမ်းအားတူသော်လည်း “အရည်အသွေး”အရ အသူရာက ချန်လွေ့ကို သာလွန်နေသည်။ ထို့ပြင် အသူရာသုံးယောက်လည်း ရှိနေလေသည်။

ငါ့ရဲ့ ဝှက်ဖဲတွေ အကုန်လုံးကို သုံးပြီးပြီ။ ခြိမ်းခြောက်နိုင်တာတွေက လေးရာသီ ပိုင်နက်၊ ကြယ်ကြွေတမန်ဓားနဲ့ [ မီးသင့်နဂါးသတ်ဖြတ်ခြင်း ] ပဲ။ ဒီအတိုင်းသာဆိုရင် အသူရာ သုံးယောက်ကို တပြိုင်နက်တည်း သတ်ပစ်ဖို့က မဖြစ်နိုင်လုနီးပါးပဲ။ ဒါပေမဲ့ ငါ့မှာ ရွေးစရာ မရှိဘူး။ သေတဲ့အထိ တိုက်ခိုက်ရမှာပဲ။

အသူရာက ချန်လွေ့၏ အတွေးများကို မြင်လိုက်သည်။ “မင်းက [ မီးသင့်နဂါးသတ်ဖြတ်ခြင်း ] ကို သုံးချင်တာလား။ ဒီမှာ လူသုံးယောက် ရှိတယ်။ ပြီးတော့ မင်းရဲ့ [ မီးသင့်နဂါးသတ်ဖြင်ခြင်း ] က အလွန်ဆုံး တစ်ယောက်ကိုပဲ သတ်ပစ်နိုင်မယ်။ ဟီးဟီး... မင်း ရွေးချယ်မှာကို ငါ စောင့်နေတယ်။ ဒါက မင်းဘဝမှာ နောက်ဆုံးရွေးချယ်မှု ဖြစ်လာလိမ့်မယ်။”

ချန်လွေ့ ကြံရာမရ ဖြစ်နေစဉ် ကွင်းဆက် ပယ်ဖျက်ခံလိုက်ရသော အယ်ဒီလိုင်းက ရုတ်တရက် သတိပြန်ရသွားသည်။ သူက ချန်လွေ့နှင့် သူတို့ ရောက်ရှိနေသော အလွန်ကြီးမားသည့် ကပ်ဘေးအန္တရာယ်ကို သတိထားမိလိုက်သည်။

“ရှင်က .... တံလျှပ်ပဲ။ ကျွန်မရဲ့ ဝိညာဉ်ထဲကနေ ထွက်သွား။” ကောင်မလေးက ကြောက်ရွံ့သော အမူအရာ ပြသလိုက်သည်။

တံလျှပ်၏ ကောက်ကျစ်သောရယ်သံ ထွက်လာသည်။ “နောက်ကျသွားပြီ။ ငါ့ရဲ့ ဝိညာဉ်က မင်းရဲ့ဝိညာဉ်နဲ့ ပေါင်းစပ်နေပြီ။ မင်းကငါ၊ ငါက မင်းပဲ။ ငါ မသေဘူးဆိုရင် အယောင်-နတ်ဘုရား ပုဂ္ဂိုလ်တစ်ယောက်တောင် ငါတို့ကို ခွဲထုတ်နိုင်မှာ မဟုတ်ဘူး။”

“မဖြစ်ရဘူး။” ကောင်မလေး၏ တံလျှပ်ဝိညာဉ်၏ ကျူးကျော်ဝင်ရောက်မှုကို ခုခံရန် အကောင်းဆုံး ကြိုးစားနေလေသည်။

“မကြောက်ပါနဲ့။ ငါတို့ရဲ့ ပေါင်းစည်းမှုက မင်းကို မမျှော်လင့်ထားတဲ့ အကျိုးကျေးဇူးတွေပဲ ဖြစ်စေမှာပါ။” တံလျှပ်၏အသံက ဆွဲဆောင်မှုများ ပြည့်နှက်နေသည်။ “မင်းရဲ့မျက်လုံး မြင်နေရတာကို မခံစားမိဘူးလား။ မင်းရဲ့စိတ်ဝိညာဉ်စွမ်းအားလည်း ကြီးကြီးမားမား တိုးတက်သွားတယ်။ ငါ့ရဲ့ ပုံရိပ်ယောင်ပါရမီကိုလည်း မင်း ရမှာ ....”

“ဆာ-အက်ဂ်ယော...” ထိုစကားလုံးများက အယ်ဒီလိုင်းကို သတိပေးလိုက်သည်။ သူက ကောင်းကင်ပေါ်၌ အရေးကြီးအခြေအနေ ရောက်နေသော ချန်လွေ့ကိုကြည့်ရင်း ကြောက်လန့်တကြားနှင့် အော်ပြောသည်။

“အသုံးမဝင်ဘူး။ အခု သူက ငါ့ရဲ့ [ ပုံရိပ်ယောင်တိုင်းပြည် ] ထဲမှာ။ သူရဲ့အသံကို မင်း ကြားနိုင်ပေမဲ့ မင်းရဲ့အသံကို သူ လုံးဝကြားမှာ မဟုတ်ဘူး။”

“[ ပုံရိပ်ယောင်တိုင်းပြည် ] ကို အမြန် ပယ်ဖျက်လိုက်။ ကျွန်မ ရှင့်ကို အားလုံး ကတိပေးနိုင်တယ်။”

တံလျှပ်က သရော်ပြုံးပြုံးလိုက်သည်။ “အခု မင်းက ငါ့ရဲ့ထိန်းချုပ်မှုအောက်မှာ ရောက်နေပြီ။ မင်းရဲ့လက်ချောင်းတွေကိုတောင် ငါ့စိတ်နဲ့ ထိန်းချုပ်ထားတယ်။ မင်းက တောင်းဆိုရအောင် ဘာမို့လို့လဲ။”

အယ်ဒီလိုင်းက ခန္ဓာကိုယ်ကို လှုပ်ရှားရန် အသည်းအသန် ကြိုးစားကြည့်သည်။ သို့သော် သူ၏ဝိညာဉ်နှင့်ခန္ဓာကိုယ်က ကွဲကွာနေဟန်တူပြီး ခန္ဓာကိုယ်ကို လုံးဝ ထိန်းချုပ်၍ မရပေ။

“ခုခံ မနေနဲ့တော့။ နည်းနည်းပဲ ကျန်တော့တယ်။ ပြီးရင် ငါတို့တွေ လုံးဝ ပေါင်းစည်းနိုင်မယ်။ မင်းက တဖြည်းဖြည်းနဲ့ တိုင်းပြည်စွမ်းအားရှိတဲ့ အစွမ်းထက်ပုဂ္ဂိုလ် တစ်ယောက် ဖြစ်လာပြီးတော့ အရင်က စိတ်ကူးထဲမှာပဲ လုပ်နိုင်မယ့် အရာတွေကို လုပ်နိုင်လာမယ်။”

စကားပြောမပြီးသေးခင်မှာပင် အယ်ဒီလိုင်း၏ ဝိညာဉ်စွမ်းအားက တလက်လက် အရောက်တောက်သွားသည်ကို တံလျှပ် ခံစားလိုက်မိသည်။ သူ၏ခန္ဓာကိုယ်က အမှန်တကယ်ပင် အထိန်းအချုပ် ကင်းလွတ်လာသည်။ “မင်းက တကယ်ပဲ ဝိညာဉ်စွမ်းအားကို လောင်ကျွမ်းအောင် လုပ်လိုက်တယ်။ မင်း ရူးနေပြီလား။”

“ကျွန်မ မသေရင်လို့ ..... ရှင်ပြောခဲ့တယ် မဟုတ်လား။” အယ်ဒီလိုင်းက ဝိညာဉ်လောင်ကျွမ်းသော နာကျင်မှုကို တောင့်ခံရင်း ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ လက်ကောက်ဝတ်မှ လက်ရာမြောက် ဓားမြှောင်တစ်လက်ကို ဆွဲထုတ်လိုက်သည်။

လေထဲမှ အသူရာ၏အသံ ထွက်ပေါ်လာသည်။ “မင်းရဲ့စွမ်းအား ပြန်ရဖို့အတွက် အချိန်ဆွဲနေချင်သေးတာလား။ အသုံးမဝင်ဘူး။ ဒါက ငါ့ရဲ့ ဖျက်ဆီးခြင်းအငွေ့အသက်နဲ့ ရောယှက်နေတဲ့ တိုင်းပြည်တစ်ခုပဲ။ မင်းနဲ့ငါက နဂိုကတည်းက တစ်ယောက်တည်းပဲ။ အခု ငါ ဒီမှာ ရှိနေတယ်။ မင်း [ ကြယ်ဂိတ် ] ကို သုံးရင်တောင် ဒီကနေ အသွားအပြန်ပဲ လုပ်လို့ရမယ်။”

အယ်ဒီလိုင်း တုန်လှုပ်နေ၏။ သူ၏လက်ထဲမှ ဓားမြှောင်က နှလုံးသားကို ချိန်ထားပြီးသား ဖြစ်နေပြီ ဖြစ်သည်။ ထိုလုပ်ရပ်က တံလျှပ်ကို တုန်လှုပ်သွားစေသည်။ ၎င်းက ကောင်မလေး၏ ဝိညာဉ်နှင့်ခန္ဓာကိုယ်ကြားမှ ချိတ်ဆက်မှုကို ဖြတ်တောက်ရန် အသည်းအသန် ကြိုးစားသော်လည်း ဝိညာဉ်လောင်ကျွမ်းသော အပူရှိန်ကြောင့် ကောင်မလေး၏ ဝိညာဉ်ကို မထိန်းထားနိုင်တော့ပေ။ “နေ..နေပါဦး။ ငါတို့ဆွေးနွေးလို့ ရပါတယ်။ တကယ်တော့ ငါ မရပ်ချင်တာ မဟုတ်ပါဘူး။ အဲဒီကောင်နဲ့ငါ စာချုပ်ချုပ်ထားလို့ပါ။ [ ပုံရိပ်ယောင်တိုင်းပြည် ] ကို လုံးဝ ရပ်တန့်လို့ မရဘူး။”

အယ်ဒီလိုင်း၏ ဓားမြှောင်က နှလုံးသားနှင့် နီးကပ်လာပြီး တံလျှပ်ကလည်း အလျင်အမြန် ဖျောင်းဖျသည်။ “မလုပ်ပါနဲ့။ ငါတို့မှာ နည်းလမ်းတစ်ခု ရှိသေးတယ်။ အဲဒီ အသူရာ သူ့ကို အကျဉ်းချအောင် ငါ လုပ်ပေးလို့ရတယ်။ မဟုတ်ဘူး။ မဟုတ်ဘူး။ ငါ သူ့ကို လွတ်အောင် လုပ်ပေးလို့ရတယ်...”

အယ်ဒီလိုင်းက တံလျှပ်၏ ဖြားယောင်းမှုများကို လျစ်လျူရှုထားသည်။ ဓားမြှောင်က ပိုးဇာလွှာကို ဖောက်ဝင်သွားပြီးနောက် တံလျှပ်က ကြောက်လန့်သွားပြီး အားကောင်းသော ပုံရိပ်ယောင်များ ပေါ်ထွက်လာကာ ယှဉ်ပြိုင်၍မရသော ဖြားယောင်းသည့်အသံတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ “မင်းက ခက်ခက်ခဲခဲနဲ့ အမြင်အာရုံ ပြန်ရခဲ့တယ်။ မင်းသေရင် မင်းရဲ့အစ်မကို ဘယ်တော့မှ မြင်ရတော့မှာ မဟုတ်ဘူး။ အဲဒါတင်မဟုတ်ဘူး။ သူ့ကိုရောပဲ။ သူ့ရဲ့အပြုံးကို မင်း ဘယ်တော့မှ မြင်ရတော့မှာ မဟုတ်ဘူး။ သူ့ရဲ့ပုံရိပ်ကို မင်း မြင်ရတော့မှာ မဟုတ်ဘူး....”

ကောင်မလေး၏ ဓားမြှောင်က အပြင်းအထန် တုန်ခါသွားရင်း သူ၏မျက်လုံးများ မျက်ရည်များ ကျလာသည်။ တံလျှပ်က အလျင်အမြန်ပင် ဆက်လက် ဖြားယောင်းသည်။ “အဲဒီလူမှာ ချစ်သူ ရှိလောက်တယ်။ ဒါပေမဲ့ ငါမင်းအတွက် သူ့ကို မင်းဘေးမှာ ချုပ်ထားပြီးတော့ မင်းကို တစ်သက်လုံးချစ်အောင် လုပ်ပေးဖို့ ကူညီပေးနိုင်တယ်။ မင်း....”

စကားပြောမပြီးသေးခင်မှာပင် ဓားမြှောင်က နှလုံးတည့်တည့်ကို တင်းတင်းကြပ်ကြပ် စိုက်ဝင်သွားသည့်အတွက် တံလျှပ် အေးစိမ့်သွားခဲ့ပြီး ရုတ်တရက်‌ အော်ဟစ်လိုက်သည်။ ကောင်မလေး၏ ခန္ဓာကိုယ်က အဖြူရောင်မြူများ အသည်းအသန် လျှံထွက်လာတော့သည်။

“ငါ အခု အားလုံးကို အဆုံးသတ်လိုက်မယ်။ မင်းမှာ [ မီးသင့်နဂါးသတ်ဖြတ်ခြင်း ] သုံးခုကို ခံနိုင်မယ့် အခွင့်အရေး လုံးဝမရှိဘူး။” အပြင်းအထန် ဒဏ်ရာရနေသော ချန်လွေ့ကို ဗဟိုပြုကာ နေရာသုံးခုမှ အသူရာသုံးယောက်၏အသံများ တပြိုင်နက်တည်း ထွက်လာသည်။

ထိုအချိန်တွင် ကြယ်ကောင်းကင်တစ်ခုလုံးက ရုတ်တရက် ယိုယွင်းပြီး ပါးလွှာသွား၏။ အောက်ဘက်မှ တံလျှပ်၏ အော်သံကိုလည်း ကြားနေရသည်။ အသူရာ မျက်မှောင်ကြုတ် လိုက်ပြီးနောက် ရင်ဘတ်၌ သွေးများပေနေကာ မြေပေါ်တွင်လဲနေသော အယ်ဒီလိုင်းကို မြင်လိုက်ပြီးနောက် အံကြိတ်လိုက်သည်။ “အသုံးမကျတဲ့တံလျှပ်။ ကောင်မလေး တစ်ယောက်ကိုတောင် မထိန်းချုပ်နိုင်ဘူး။ ငါ့ရဲ့ အစီအစဉ်ကို ပျက်စီးအောင် လုပ်နေတာပဲ။”

[ ပုံရိပ်ယောင်တိုင်းပြည် ] လုံးဝ ပျောက်ကွယ်သွားသည်နှင့် အသူရာက ချန်လွေ့၏ ခန္ဓာကိုယ်ထဲ ပြန်ဝင်ရမည် ဖြစ်သည်။ ထို့ကြောင့် သူက နောက်ဆုံးစွမ်းအားကို ချက်ချင်း ထုတ်သုံးသည်။ ကိုယ်ပွားသုံးယောက်က တပြိုင်နက်တည်း [ မီးသင့်နဂါးသတ်ဖြတ်ခြင်း ] ဟု အော်လိုက်လေသည်။

ကြမ်းတမ်းပြီး သောင်းကြမ်းသော အငွေ့အသက်က ချက်ချင်းပင် နေရာလွတ်အနှံ့ ပြည့်နှက်သွားသည်။ အလွန်ကြီးမားသော မီးသင့်နဂါးသုံးကောင်က ကြောက်မက်ဖွယ်ရာ စွမ်းအားအငွေ့အသက်များ ထုတ်လွှတ်နေပြီး ချန်လွေ့ကို နေရာသုံးခုမှ ဝိုင်းရံလာသည်။ ထိုကဲ့သို့ အခြေအနေမျိုးကို နတ်ဆိုးဒိုင်းဖြင့်ပင် ကာကွယ်၍ မရနိုင်ပေ။ ချန်လွေ့က တယ်လီပို့ ကဲ့သို့သော အစွမ်းများကို အသုံးပြုပြီးပြီ ဖြစ်သည့်အတွက် အတင်းခုခံရုံသာ တတ်နိုင်တော့သည်။ အရေးကြီး အခိုက်အတန့်၌ ချန်လွေ့ပတ်ပတ်လည်တွင် ထူးဆန်းသော အလင်းရောင် လက်ခနဲ ဖြစ်သွားပြီး အလွန်လျင်မြန်သော အမြန်နှုန်းဖြင့် ပြောင်းလဲသွားခဲ့သည်။ အောက်ဘက်မှ ပင်လယ်သည် တစ်ခါတစ်ရံ၌ ပူလောင်ပြီး တစ်ခါတစ်ခါ အေးခဲနေ၏။ မီးသင့်နဂါးက ချန်လွေ့၏ ခန္ဓာကိုယ်သို့ ချဉ်းကပ်လာသောအခါ အချိန်အားလုံး ရပ်တန့်သွားဟန်တူသည်။

“ဝုန်း....”

မျက်စိတစ်မှိတ် အတွင်းမှာပင် မီးသင့်နဂါးသုံးကောင်က အချင်းချင်း တိုက်မိသွားကာ လျို့ဝှက်မြူဖုံးကျွန်းတစ်ခုလုံး တုန်ခါသွားတော့သည်။ ချန်လွေ့၏ခန္ဓာကိုယ်က ပေါက်ကွဲမှုဒဏ် အဝန်းအပြင်ဘက်တွင် ပေါ်ထွက်လာသည်။ နောက်ဆက်တွဲက ကြောက်မက်ဖွယ်ရာ ကောင်းသော်လည်း နတ်ဆိုးဒိုင်း၏ ခုခံမှုကို မဖောက်ထွင်းနိုင်ခဲ့ပေ။

“မဖြစ်ရဘူး...ဒီအသုံးမကျတဲ့ဟာကို ငါ အပြစ်တင်တယ်...” အသူရာသုံးယောက်က တစ်ယောက်တည်းအဖြစ် ပေါင်းစည်းသွားပြီးနောက် အောက်ဘက်မှ အော်ဟစ်နေသော တံလျှပ်ကို ဖျပ်ခနဲ ကြည့်လိုက်ကာ ပင့်သက်ရှိုက်လိုက်ပြီး အယ်ဒီလိုင်းခန္ဓာမှ လျှံထွက်လာနေသော မြူအားလုံးကို အမှန်တကယ် စုပ်ယူလိုက်လေသည်။ ထို့နောက်တွင် [ ပုံရိပ်ယောင်တိုင်းပြည် ] က အသူရာ၏ ခန္ဓာကိုယ်နှင့်အတူ အလျင်အမြန် စတင်ပျောက်ကွယ် သွားတော့သည်။

အသူရာ၏ အသံက တဖြည်းဖြည်းနှင့် ပဲ့တင်ထပ်နေသည်။ “ဒီတစ်ခေါက်က အစပဲ ရှိသေးတယ်။ သိပ်မကြာခင် ငါတို့တွေ တကယ်တိုက်ခိုက်ရမယ်.....”

ချန်လွေ့က ခန္ဓာကိုယ်မှ ဒဏ်ရာများကို လျစ်လျူရှုလိုက်ပြီး သူ၏မျက်လုံးများက အောက်ဘက် သွေးအိုင်တွင် လှဲ‌လျောင်းနေသော ကောင်မလေးကို စိုက်ကြည့်နေလိုက်သည်။ သူ အောက်သို့ ဆင်းလာရင်း စဉ်းစားနေသည်။

တံလျှပ်၏ဝိညာဉ်ကို အသူရာက လုံးဝ ဝါးမျိုလိုက်ပုံရသည်။ အယ်ဒီလိုင်းတွင် တံလျှပ်၏ အငွေ့အသက် မရှိတော့ပေ။ သတိလစ်နေခဲ့သော စထရီနာလည်း သတိပြန်ရလာသည်။ သေခါနီးဖြစ်နေသော ညီမဖြစ်သူကို ဖြစ်သည့်အခါ စထရီနာ ထိတ်လန့်သွားပြီး ဒဏ်ရာများ ကုသရန် ကူညီပေးချင်သော်လည်း ဓားမြှောင်၏အနက်က နာဂါစစ်သည် အမျိုးသမီး၏ နှလုံးသားကို လုံးဝ နစ်မွန်းသွားစေခဲ့သည်။

“အစ်မ ... တောင်းပန်ပါတယ်။ ငါ...နင့်ကို ထပ်ပြီးတော့ စောင်း မတီးပြနိုင်တော့ဘူး။” ကောင်မလေးက ခက်ခက်ခဲခဲနှင့် ထိုစကားများကိုဆိုလိုက်ပြီး သူ၏မျက်လုံးများ စတင် ပျောက်ကွယ်လာသည်။

“ဒါတွေအားလုံးက ငါ့အမှားပါ။ ငါ ရန်သူလှည့်စားကို မခံလိုက်ရသင့်ဘူး။” စထရီနာက အလှည့်စားမခံရခင် မြင်ကွင်းကို ရေးရေးလေး သတိရလိုက်ပြီးနောက် ပုံမှန်အတိုင်း ခေါင်းမာမနေတော့ပေ။

“အယ်ဒီလိုင်း....” ချန်လွေ့၏ ကြယ်ချပ်ကာ ပျောက်ကွယ်သွားပြီး မြေပေါ်တွင် ဒူးတစ်ဖက် ထောက်လိုက်သည်။ သူက သေလုနီးပါးဖြစ်နေသော နာဂါကောင်မလေးကို လေးလေးနက်နက် စိုက်ကြည့်နေသည်။

“တောင်းပန်ပါတယ်။ ဆာ-အက်ဂ်ယော...” ကောင်မလေး၏ မျက်လုံးမှ မျက်ရည်တစ်စက် ကျလာသည်။ သူ၏အသံက အလွန်အမင်း အားနည်းနေ၏။ “ကျွန်မက တကယ်တော့.... ကျွန်မ....”

နောက်ဆုံးအချိန်အထိ ကောင်မလေးက ဘာမှမပြောခဲ့ပေ။

အကျဉ်းချခံရတာတွေ၊ တစ်သက်တာ ဆုံးဖြတ်ချက်တွေ မရှိတော့ဘူး။

ကျွန်မက ရှင့်ဘေးနားမှာ ရှိနေချင်ရုံပါ။

အဲဒါတစ်ခုတည်းပါပဲ။

“နားလည်ပြီ။” ချန်လွေ့က ကောင်မလေး၏ စိုနေသောဆံပင်ကို အသာလေး ပွတ်သပ်လိုက်သည်။ သူ၏ ပင်ပန်းနွမ်းနယ်နေသော မျက်လုံးများက နူးညံ့မှုများ ထုတ်ဖော် ပြသနေသည်။ “ မင်း ဆန္ဒရှိတယ်ဆိုရင် ငါ့‌ဘေးနားမှာ အဖော်ပြုပေးလို့ ရတယ်။ မိတ်ဆွေ တစ်ယောက် အနေနဲ့ဖြစ်ဖြစ်၊ မောင်နှမ အနေနဲ့ပဲဖြစ်ဖြစ်... ဒါမှမဟုတ် အဲလိုနေ့ရက်မျိုး ရောက်လာရင်ပေါ့။”

ထိုသို့ပြောပြီးနောက် ချန်လွေ့က လက်ထဲတွင် ဆေးရည်မည်း တစ်ပုလင်းကို ကိုင်ထားခဲ့သည်။ “လေထဲကရဲတိုက်ကို မင်းမျက်လုံးနဲ့ ကိုယ်တိုင်မြင်ရမယ်။ မင်းရဲ့ စောင်းသံက လူတိုင်းကို ယစ်မူးစေရမယ်။ ဒါက မင်းအတွက် ငါ့ရဲ့မျှော်လင့်ချက် တစ်ခုပဲ။ ငါ့ရဲ့ လေးနက်တဲ့ ကတိတစ်ခုလည်း ဟုတ်တယ်။”

ကောင်မလေး၏ မှိန်ပျပြီး ကွယ်ပျောက်လုနီးပါး ဖြစ်နေသော မျက်လုံးများ ရုတ်တရက် အရောင်တောက်သွား၏။

All Chapters