ရေကြောင်းတိုက်ပွဲ
Vol. 40 Ch. 612
ဤလောကမှ သင်္ဘောပုံစံ အထူးသဖြင့် သင်္ဘောကြီးများမှာ မှော်ဒြပ်စင်များ ပါဝင်သော်လည်း ချန်လွေ့၏ အမြင်၌ စပိန်ရွက်သင်္ဘောများနှင့် အတော်လေး နီးစပ်သည်။ အဓိက ပစ်ခတ်ပစ္စည်းမှာ ရှေ့ဘက်နှင့်နောက်ဘက်မှ အမြောက်ကြီးများဖြစ်ပြီး ဘေးဖက်တွင် အမြောက်တန်းများ ရှိသည်။
ရေထဲမှ ပေါ်ထွက်လာသော မသေမျိုးသင်္ဘောနှစ်စင်းက အမှောင်ဒြပ်စင်သင်္ဘော၏ ဘေးနှစ်ဖက်တွင် ပေါ်ထွက်လာပြီး ဘေးကြပ်နံကြပ် ဖြစ်သွားစေသည်။ သက်ဆိုင်ရာ ဘေးဖက်မှ အမြောက်တံခါးများ ပွင့်လာပြီး အနက်ရောင်အမြောက်များ အတန်းလိုက် ထွက်လာတော့သည်။ “ဝုန်း...ဝုန်း..ဝုန်း...”
ထိုကဲ့သို့ အနီးကပ်ပြီး အပြင်းအထန် အမြောက်နှင့် တိုက်ခိုက်မည်ဆိုပါက ကမ္ဘာမြေမှ ရေကြောင်းတိုက်ပွဲ၌ဆိုလျှင် အမှောင်ဒြပ်စင်သင်္ဘောအတွက် သေမိန့်ပေးခံရခြင်းပင် ဖြစ်သည်။ သို့သော်လည်း ယခုမှာ နတ်ဆိုးဘုံ၌ ဖြစ်သည်။ အမှောင်ဒြပ်စင်သင်္ဘောက သုံးလေးချက် အပစ်ခံရပြီးနောက် အလှဆင်ထားသကဲ့သို့ ထင်ရသည့် ရာပေါင်းများစွာသော စိန်ပုံစံ ပစ္စည်းများက အလျင်အမြန် ဖောင်းတင်းလာပြီး ဒိုင်းကာကဲ့သို့ အလွန်ကြီးမားသော သလင်းကျောက် အကာအကွယ် တောင်ပံနှစ်ခု ဖြစ်လာသည်။ နောက်ထပ် အမြောက် ပစ်ခတ်မှုများက တောင်ပံများပေါ်၌ အက်ကြောင်းများသာ ဖြစ်စေခဲ့သည်။ ၎င်းက ထိုအကာအကွယ် အလွှာကို မဖောက်ထွင်းနိုင်ခဲ့ကြပေ။
အမြောက်တစ်ချီပစ်ပြီးနောက် မသေမျိုးသင်္ဘောနှစ်စင်း၏ ဘေးဖက် အမြောက်များက အမြောက် စွမ်းအင် သလင်းကျောက်များ အအေးခံမှုကြောင့် အမြောက်ပစ်မှုများ ရပ်တန့်သွား၏။ ထိုအချိန်တွင် အကာအကွယ်တောင်ပံများက စိန်ပုံစံအဖြစ်သို့ ကွဲထွက်သွားပြီး သင်္ဘော ကိုယ်ထည်ထံ အလျင်အမြန် ဆုတ်ခွာသွားပြီးနောက် အမှောင်ဒြပ်စင်သင်္ဘော နှစ်ဖက်လုံး၏ အမြောက်တံခါး ၆ပေါက်က တပြိုင်နက်တည်း ပစ်လွှတ်လိုက်သည်။ အနက်ရောင် လျှပ်စီးများ ဖုံးလွှမ်းနေသော ရွှေအိုရောင် အလင်းအမျှင်စုများက ရန်သူ့သင်္ဘောထံသို့ ရောက်ရှိသွား တော့သည်။
မသေမျိုးသင်္ဘောနှစ်စင်းက အမှောင်ဒြပ်စင်သင်္ဘောများကဲ့သို့ အထူးအကာအကွယ်များ မရှိကြပေ။ ထို့ပြင် အမှောင်ဒြပ်စင်သင်္ဘော၏ အမြောက်တိုက်ခိုက်မှုများက အတော်လေး အံ့အားသင့်ဖွယ်ရာကောင်းပြီး သာမန် ဘေးဖက်အမြောက်များထက် သာလွန်သည်။ မိစ္ဆာထောင်ခြောက်သင်္ဘောသည်ပင် ၎င်းထက် နိမ့်ကျ၏။ ထို့နောက် ရန်သူ သင်္ဘောနှစ်စင်း ပျက်စီးသွားပြီးနောက် အပိုင်းအစများ လွင့်စင်သွားတော့သည်။
ဘယ်ဖက်မှ မသေမျိုးသင်္ဘော၏ ကိုယ်ထည်က အပြင်းအထန် ထိခိုက်သွားပြီး လုံးဝ ပျက်စီးလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ မသေမျိုး သင်္ဘောသား အများအပြားကလည်း အမြောက် တိုက်ခိုက်မှုများကြောင့် အပိုင်းပိုင်း ဖြစ်သွားကာ ရေထဲသို့ ကျသွား၏။ သင်္ဘောတစ်စင်းလုံးက သာမန်မျက်လုံးဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် စတင် နစ်မြုပ်လာတော့သည်။ ဘယ်ဖက်မှ သင်္ဘောက အနည်းငယ် ပိုသာသည်။ ၎င်းက လက်ကျန်ကိုယ်ထည်ကို ဆွဲခေါ်ပြီး အမှောင်ဒြပ်စင်သင်္ဘောနှင့် ဝင်တိုက်ကာ အတူတူ နစ်မြုပ်အောင် ပြုလုပ်သည်။ ထိုရန်သူများက လျို့ဝှက်ဆန်းကြယ်သော အောက်လမ်းပညာရှင်က ထိန်းချုပ်ထားသည့်အတွက်ကြောင့် ကိုယ်ကျင့်တရား လုံးဝ မရှိပေ။ အကြောက်တရားလည်း မရှိသလို သူရဲကောင်းဆန်ခြင်းလည်း မရှိပေ။
အမှောင်ဒြပ်စင်သင်္ဘော၏ ဘေးဖက်အမြောက်များက ကြီးမားသော စွမ်းအားကို ပြသပြန်သည်။ မသေမျိုးသင်္ဘောက ချဉ်းကပ်လာရင်း အပစ်ခံလိုက်ရကာ ပြိုလဲလုမတတ် ဖြစ်သွားသည်။ ဘေးဖက်မှ စိန်ပုံစံ အကာအကွယ်တောင်ပံများ ပြောင်းလဲသွားပြန်ပြီး နေရာပြောင်းသွား၏။ ၎င်းက အလွန်ကြီးများသော ဓားသွားအဖြစ် ပြောင်းလဲသွားက မသေမျိုးသင်္ဘော၏ ပျက်စီးနေသော ကိုယ်ထည်ကို ပိုင်းဖြတ်လိုက်လေသည်။ သင်္ဘော၏ ရှေ့သို့ သွားနေသော အဟုန်ကြောင့် မသေမျိုးသင်္ဘော၏အဆုံးသတ် ဖြစ်သွားခဲ့၏။
ထိုမြင်ကွင်းကြောင့် ချန်လွေ့ ကြက်သေသေသွားသည်။ အသွင်ပြောင်းတာလား။ ဆိုက်ဘာထရွန်လား။ အဲဒီလိုမျိုး ခံစားရတယ် မဟုတ်လား။
ပျက်စီးသွားသော မသေမျိုးသင်္ဘောက ယခင်သင်္ဘောလမ်းစဉ်အတိုင်း လိုက်သွား၏။ မသေမျိုးများက အနီးကပ်တိုက်ခိုက်ရန် အချိန်မရခင်မှာပင် ပင်လယ်ကြမ်းပြင်သို့ နစ်မြုပ် သွားခဲ့လေသည်။
အမှောင်ဒြပ်စင်သင်္ဘောများက မသေမျိုးသင်္ဘောကို အလျင်အမြန် အနိုင်ယူလိုက်ခြင်းက ၎င်းတို့၏ စွမ်းအားကို သက်သေပြခဲ့ပေသည်။ မိစ္ဆာထောင်ခြောက်သင်္ဘောသည်ပင် “ဆိုက်ဘာထရွန်” လုပ်ဆောင်ချက်များကို မနာလိုဖြစ်ရလေသည်။ သို့သော်လည်း မိစ္ဆာထောင်ခြောက် သင်္ဘော၏ ရှေ့ဘက်နှင့်နောက်ဘက်တွင် မသေမျိုးသင်္ဘောတစ်စင်း ချဉ်းကပ်လာသည့်အတွက် ချန်လွေ့က မနာလိုရန် အချိန်မရှိပေ။ ခုနက သူ အရှိန်ကုန် ဘယ်သို့ မကွေ့ခိုင်းခဲ့လျှင် သင်္ဘောနောက်ပိုင်းကို မသေမျိုးသင်္ဘော ဝင်တိုက်သွားမည် ဖြစ်သည်။
မသေမျိုးသင်္ဘော၏ ရွက်တိုင်မှ မရေမတွက်နိုင်သော ကြိုးများကို လွှဲရမ်းပြီး မိစ္ဆာထောင်ခြောက် သင်္ဘောပေါ်သို့ ပုံရိပ်များ ခုန်တက်လာကြရာ မိစ္ဆာထောင်ခြောက် သင်္ဘော၏ ကုန်းပတ်က အနည်းငယ် လှုပ်ရမ်းသွားလေသည်။ ပုံရိပ်များ ဒါဇင်ခန့် ဆင်းသက်လာပြီး အားလုံးမှာ အရိုးစုများသာ ဖြစ်ကြသည်။ ထိုအရိုးခြောက် အများစုမှာ ဂူရာဒန်ထံမှ ချန်လွေ့ မြင်တွေ့ခဲ့ဖူးသော မသေမျိုးများနှင့် အလွန်ပင် ကွဲပြားနေသည်။ ၎င်းတို့က ပင်လယ်မျိုးနွယ်မှ အရိုးခြောက်များ ဖြစ်ကြပြီး အများစုမှာ နာဂါမျိုးနွယ်မှ ဖြစ်သည်။ ထိုလက်အများအပြားရှိသော မြွေအရိုးခြောက်များက စထရီနာ၏ မျက်လုံးများကို နီရဲသွားစေသည်။ သူက ပူဆွေးလျက် အော်လိုက်ပြီး နာဂါမျိုးနွယ်စုကို ဦးဆောင်ကာ ၎င်းတို့ကို ရင်ဆိုင်ကြသည်။
ထိုနာဂါများအားလုံးက ပင်လယ်စတေးခံများ ဖြစ်နိုင်ပေသည်။ သူတို့က တိုက်ခိုက်ရေး စွမ်းအား မကောင်းလှသော်လည်း နာဂါမျိုးနွယ်စုက တိုက်ခိုက်ရေး မျိုးနွယ်စု ဖြစ်သည်။ သူတို့က အမြင့်ဆင့်နတ်ဆိုးသို့ ရောက်ရှိနေကြပြီး အရိုးခြောက် နာဂါများထက် ပိုမိုအစွမ်းထက်ကြသည်။ စထရီနာ၏ လေ့ကျင့်ပေးမှုကြောင့် သူတို့၏ စိတ်ပိုင်းဆိုင်ရာနှင့် တိုက်ခိုက်ရေးစွမ်းရည်က ကြီးကြီးမားမား တိုးတက်သွားခဲ့သည်။ ထို့ပြင် ချန်လွေ့ထောက်ပံ့ပေးသော ဆန်းသစ်သည့် လက်နက်များ၊ ချပ်ကာများကြောင့် သူတို့၏ တိုက်ခိုက်ရေးစွမ်းအားက ယခင် ပင်လယ်နက် စတေးခံများထက် များစွာ သာလွန်သွားခဲ့လေည်။
စထရီနာ၏ အမိန့်အောက်တွင် နာဂါများက လခြမ်းပုံစံ တိုက်ပွဲအခင်းအကျင်း တစ်ခုကို ဖွဲ့စည်းလိုက်ပြီး မသေမျိုးနာဂါများကို အပြေးသွားကြသည်။ မြွေခန္ဓာကိုယ်၏ ချိန်ညှိခြင်းနှင့် ပင်လယ်တိုက်ခိုက်ရေး စွမ်းရည်တို့ကြောင့် သူတို့က လှုပ်ရမ်းနေသော ကုန်းပတ်ကြောင့် သက်ရောက်မှု မရှိခဲ့ကြပေ။ လခြမ်းပုံစံ အခင်းအကျင်းက ထက်လှသော အေးစက်စက် အလင်းရောင်တစ်ခု ပစ်လွှတ်လိုက်သောအခါ အရိုးခြောက်စစ်တပ် အစိတ်စိတ် အမွှာမွှာ ဖြစ်သွားလေသည်။ ခုန်တက်လာသော ထိုမသေမျိုးစစ်သည်များကိုလည်း အလျင်အမြန် ရှင်းပစ်လိုက်နိုင်ကြသည်။ စထရီနာက အရိုးခြောက်များကို ရှင်းပစ်နေစဉ် ချန်လွေ့က သဲလူသားများကို မိစ္ဆာထောင်ခြောက်သင်္ဘောအား အဝေးသို့ရောက်စေရန် အလျင်အမြန် အမိန့်ပေးလိုက်သည်။ ကြိုးလွှဲပြီး ခုန်တက်လာချင်ကြသော မသေမျိုးများ ရေထဲသို့ ပြုတ်ကျသွားတော့သည်။
မိစ္ဆာထောင်ခြောက်သင်္ဘောက အလျင်အမြန် လှည့်လိုက်ပြီးနောက် ဘေးဖက် အမြောက်တံခါးများ ပွင့်သွားကာ အထူးအမြောက်များ အတန်းလိုက် ပေါ်ထွက်လာလေသည်။
အဆင့်မြှင့်ထားသော မှော်သလင်းကျောက် အမြောက်များက စွမ်းအင်အများအပြား အသုံးပြုရပြီး အအေးခံချိန် ကြာသည့်အတွက် မိစ္ဆာထောင်ခြောက်၏ ဘေးဖက် အမြောက်များတွင် မတပ်ဆင်ခဲ့ပေ။ သို့သော်လည်း ထယ်တင်းနစ်က အပင်ပန်းခံကာ ပုံစံဖော်ခဲ့သည်။ ထိုဘေးဖက်အမြောက်များမှာ ချန်လွေ့၏ အခြားလောကမှ စက်သေနတ်နှင့် ဆင်တူသော ပြောင်းဝသုံးခု အမြောက် ဖြစ်သည်။ ၎င်းကို ပစ်လွှတ်လျှင် အလှည့်ကျ လှည့်ပတ် ပစ်ခတ်ပြီး အလိုအလျောက် သုံးချက်ဆက် ပစ်သလိုမျိုးနှင့် ညီမျှသည်။ တတိယအမြောက်ကို ပစ်ပြီးသွားသောအခါတွင် ပထမပြောင်းဝက မှော်စက်ဝိုင်းနျင့် မှော်သလင်းကျောက်တို့ကြောင့် အေးသွားပြီ ဖြစ်သည်။ တစ်ခါပစ်လျှင် သုံးဆင့်ပစ်နိုင်ပြီး ဒုတိယတစ်ခေါက်ကို အလျင်အမြန် ပြန်စနိုင်သည်။ “လွန်ကဲသော” အပူချိန်က အန္တရာယ်ရှိသောအဆင့်သို့ ရောက်လာခဲ့မှသာ အအေးခံရန် အချိန်အတော်ကြာ ရပ်တန့်သွားမည် ဖြစ်သည်။
၎င်းက အမှောင်ဒြပ်စင်သင်္ဘောများ၏ ရွှေအိုရောင်စွမ်းအင်ထက် စွမ်းအား နိမ့်ကျသော်လည်း ပြောင်းဝသုံးခုအမြောက်၏ ပစ်ခတ်နိုင်သော အကြိမ်အရေအတွက်က အလွန် မြန်ဆန်လှသည်။ အဆက်မပြတ် ထိခိုက်မှုစွမ်းအားကလည်း အဓိကအားဖြင့် ကြောက်စရာ ကောင်းလှသည်။ ၎င်းက ရန်သူ၏ အဆင်တန်ဆာများနှင့် တိုက်ခိုက်ရေးစွမ်းအားကို အလျင်အမြန် ဖျက်ဆီးနိုင်ပေသည်။
မသေမျိုးသင်္ဘောမှ ဘေးဖက်အမြောက်များ ပွင့်သွားသည်နှင့် မိစ္ဆာထောင်ခြောက် သင်္ဘော၏ ပြောင်းဝသုံးခု အမြောက်များက စတင် ပစ်ခတ်တော့သည်။ ပစ်ခတ်သံများကြားထဲ၌ မသေမျိုးသင်္ဘောပေါ်တွင် အပေါက်ကြီးများ ဒါဇင်ခန့် ချက်ချင်း ပေါ်ထွက်လာပြီးနောက် ထိုအပေါက်များက ပိုမိုများပြားပြီး ကျယ်လာသည်။ ခဏအကြာတွင် ပျက်စီးသွားသော မသေမျိုးသင်္ဘော မြုပ်သွားတော့သည်။
အမှောင်ဒြပ်စင်သင်္ဘောသုံးစင်းက ရန်သူများကို ရှင်းပစ်ပြီးပြီ ဖြစ်သည်။ အထူးသဖြင့် အမှောင်ဒြပ်စင်ဘုရင် ရှိနေသော သင်္ဘောကြီးပေါ်ရှိ အမြောက်စွမ်းအားက ပြင်းထန်လှသည်။ ၎င်းက ဟီဂယ်ပင် လှုပ်ရှားစရာမလိုဘဲ အနားကပ်လာသော ရန်သူများကို ဖျက်ဆီးပစ်နိုင်သည်။
အသက်တစ်ရှိုက်ရှူပြီးနောက် ကောင်းကင်ထက်တွင် လျှပ်စီးများ ရုတ်တရက်လက်ပြီး မိုးသည်းလာတော့သည်။ မိုးက တိုက်ပွဲကို အတိုင်းအတာတစ်ခုအထိ အနှောင့်အယှက် ဖြစ်ရုံသာမက အမြောက်များ၏စွမ်းအားနှင့် မြင်ကွင်းကိုလည်း သက်ရောက်မှုရှိခဲ့သည်။ အနီးအနားရှိ ပင်လယ်တွင် မသေမျိုးသင်္ဘောများ ဒါဇင်ခန့် ပေါ်ထွက်လာ၏။
ရှေ့မှ အမှောင်ဒြပ်စင် သင်္ဘောများက နှစ်ဖက်စလုံးမှ တိုက်ခိုက်ခံနေရပြီး ဘယ်ဘက်မှ အကာအကွယ်တောင်ပံများလည်း လုံးဝ ပျက်စီးသွားခဲ့သည်။ မသေမျိုးသင်္ဘောကြီးက အမှောင်ဒြပ်စင် သင်္ဘောများပေါ်သို့ ရောက်ရှိရန်အတွက် ချိပ်များပါသော ပျဉ်ပြားများကို ထုတ်လွှတ်လိုက်သည်။ မသေမျိုးများ တစ်ယောက်ပြီးတစ်ယောက် ပျဉ်ပြားနှင့် ရွက်ကြိုးများမှတဆင့် အမှောင်ဒြပ်စင်သင်္ဘောများပေါ်သို့ ရောက်ရှိလာကြသည်။
ထိုသင်္ဘောခေါင်းဆောင်မှာ နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်းဖြစ်သော လက်ရွေးစင် အမှောင်ဒြပ်စင်ကောင် ဟီဆက်ခ် ဖြစ်သည်။ သူက ရန်သူကို တိုက်ခိုက်ရန်အတွက် အမှောင်ဒြပ်စင်ကောင်များကို အမိန့်ပေးလိုက်သည်။ သို့သော်လည်း မသေမျိုးသင်္ဘောပေါ်ရှိ မသေမျိုးအရေအတွက်က မိစ္ဆာထောင်ခြောက်သင်္ဘော ဖျက်ဆီးခဲ့သော မသေမျိုးများထက် သိသိသာသာ ပိုမိုစွမ်းအားကြီးနေသည်။ ၎င်းမှာ အဆင့်မြင့် မသေမျိုး ဖြစ်နိုင်ပေသည်။ အမှောင်ဒြပ်စင်ကောင်များက မသေမျိုးများ ထုတ်လွှတ်သော ထိတ်လန့် အငွေ့အသက်ကို လုံးဝခုခံနိုင်သော်လည်း ရန်သူကို ရူးသွပ်စေနိုင်သော အမှောင်ဒြပ်စင်ကောင်များ၏ “အမုန်းတရား”က မသေမျိုးများအပေါ်၌ သက်ရောက်မှု မရှိပေ။ နှစ်ဖက်လုံးက အချိန် အတော်ကြာသည်အထိ အပြင်းအထန် တိုက်ခိုက်ကြလေသည်။
အမှောင်ဒြပ်စင်ကောင်များ၏ တိုက်ခိုက်ရေးစွမ်းအားက မသေမျိုးများထက် များစွာ သာလွန်သည်။ သို့သော်လည်း မသေမျိုးများက သေရမည်ကို လုံးဝ မကြောက်ကြပေ။ ထို့ပြင် ကောင်းကင်မှ မိုးစက်များက မသေမျိုးအပေါ်၌ အထူးသက်ရောက်မှုတစ်ခု ရှိနေပုံရသည်။ သူတို့က အကြောင်းရင်းမရှိဘဲ နှစ်ဆခန့် အားမာန်တက်ကြွနေလေသည်။
တိုက်ပွဲအခြေအနေက တိုးမရဆုတ်မရ အခြေအနေ ဖြစ်နေစဉ် မသေမျိုး သင်္ဘောက တိုက်ပွဲအတွင်း သူတို့၏လူများ ရှိနေသည်ကို ဂရုမစိုက်ဘဲ အမှောင်ဒြပ်စင်သင်္ဘောများပေါ်၌ အမြောက်ဗုံးတစ်လုံး တည့်တည့် ပစ်ထည့်လိုက်သည်။ ထို့ကြောင့် အမှောင်ဒြပ်စင်ကောင်များ အပျက်အစီး ပိုပိုများလာတော့သည်။ ဟီဆက်ခ်က သင်္ဘောပေါ်သို့ ရောက်လာသော မသေမျိုးများ အားလုံးကို သတ်ပစ်ပြီး မသေမျိုး သင်္ဘောကြီးကို ဖျက်ဆီးပစ်ရန်အတွက် အကောင်းဆုံးကြိုးစားပြီး အမှောင် ဒြပ်စင်ကောင်များကို ဦးဆောင်နေသည်။
အမှောင်ဒြပ်စင်ကောင်များ အဆက်မပြတ် သေနေသည်ကို ဟီဂယ် အာရုံခံမိသွားပြီးနောက် ဒေါသတကြီးနှင့် အော်ဟစ်လိုက်သည်။ အမှောင်ဒြပ်စင်၏ သင်္ဘောကြီးပေါ်တွင် အနက်ရောက် တိမ်တိုက်သုံးခု မြောက်တက်လာပြီး အနီးအနားရှိ မသေမျိုးသင်္ဘောသုံးစင်းကို ဖုံးလွှမ်းလိုက်သည်။ ထိုသင်္ဘောများက အမှောင်ဒြပ်စင် သင်္ဘောကြီးကို အမြောက်ဖြင့် ပစ်ခဲ့သော်လည်း ကြီးကြီးမားမား ထိခိုက်အောင် မပြုလုပ်နိုင်ခဲ့ပေ။ လွင့်မျောနေသော တိမ်တိုက်နက်များ၏ အမြန်နှုန်းက အလွန်အမင်း မြန်ဆန်လှသည်။ မျက်စိ တစ်မှိတ်အတွင်းမှာပင် ၎င်းတို့က သင်္ဘောသုံးစင်းကို အုပ်မိုးသွားခဲ့သည်။ တဝီဝီအသံများနှင့် တိုက်ခတ်သံများက အဆက်မပြတ် ထွက်ပေါ်လာ၏။ ခဏကြာပြီးနောက် တိမ်တိုက်နက်များ တဖြည်းဖြည်း ပျောက်ကွယ်သွားကာ ထိုသင်္ဘောကြီးသုံးစင်းလည်း ကျွမ်းလောင်သွား၏။ ၎င်းတို့က အနက်ရောင်အမှုန်များအဖြစ် ပြောင်းလဲသွားကာ ပင်လယ်ထဲသို့ ပျံ့နှံ့သွားသည်။ သင်္ဘောပေါ်မှ မည်သူမှ မကျန်ခဲ့ပေ။
အခြေအနေအရ အမှောင်ဒြပ်စင်ဘုရင်က ဒြပ်စင်အမှတ်အသားကို “ခြေဖျက်နေရုံ” ရှိသေးသော မြေဒြပ်စင်ဘုရင်ကို လုံးဝသာလွန်နေသည်။ ဒြပ်စင်များ၏ ဝိသေသလက္ခဏာအရ အမှောင်ဒြပ်စင်ကောင်များ၏ တိုက်စစ်မှာ ခံစစ်ကောင်းသော မြေဒြပ်စင်ကောင်များထက် သာလွန်သည်။ ထို့ပြင် ဒြပ်စင်ဘုရင်က ဇစ်မြစ်စွမ်းအားကို လိုသလို ထိန်းချုပ်ပြီး အသုံးချနိုင်၏။ တိုက်ခိုက်တိုင်း ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုများ ပြုလုပ်နိုင်သည့်အတွက် ဟီဂယ်၏ တိုက်ခိုက်ရေးစွမ်းအားက မိုးရီထက် သာလွန်နေပေသည်။ သူက အင်အားကြီးသော မသေမျိုး သင်္ဘောသုံးစင်းကို ချက်ချင်းပင် လုံးဝ သုတ်သင်ပစ်ခဲ့၏။
သင်္ဘောလေးစင်းက မသေမျိုးသင်္ဘော ဆယ်စင်းကို ခက်ခက်ခဲခဲနှင့် ရှင်းပစ်ခဲ့ရပြီး သင်္ဘောများနှင့် သင်္ဘောသားများက ထိခိုက်မှုအချို့ ဖြစ်ခဲ့သည်။
ချန်လွေ့က သဲလူသားများအား မိစ္ဆာထောင်ခြောက်သင်္ဘောကို အမှောင်ဒြပ်စင် သင်္ဘောကြီးနားကပ်ရန် အမိန့်ပေးလိုက်သည်။ ထို့နောက် သူက စွမ်းအားကို စုစည်းပြီး အမှောင်ဒြပ်စင်ဘုရင်ကို မေးမြန်းသည်။ “ဒါက သွားရမယ့်လမ်း မဟုတ်ဘူး။ ဒီမှာ ရန်သူတွေ ဘယ်လောက်တောင် ရှိနေလဲ ကျုပ်မသိဘူး။ အရှင်မင်းကြီး ဟီဂယ်။ ခင်ဗျားရဲ့ စိတ်ဝိညာဉ် စွမ်းအားက ပင်လယ်နက်ကို ဖောက်ထွင်းပြီးနောက် ရန်သူတွေကို အာရုံခံနိုင်လား။”
“ခုနက မင်းငါ့ကို ဟီဂယ်လို့ ခေါ်ခဲ့တာ မဟုတ်လား။” အမှောင်ဒြပ်စင်ဘုရင် ခနဲ့လိုက်သည်။ အမှောင်ဒြပ်စင်ကောင်များ၏ အရေးမပါသောအရာများကို မုန်တီးခြင်းကြောင့် ချန်လွေ့က တိတ်တိတ်လေး ဝေဖန်လိုက်သည်။ သို့သော်လည်း ဘုရင်က အဖြေ ပြန်ပေးသည်။ “ဒီပင်လယ်နေရာက ထူးဆန်းတယ်။ ငါ့ရဲ့ စိတ်ဝိညာဉ်အာရုံက မီတာ ၁၀၀ ပတ်လည်ကိုပဲ အာရုံခံနိုင်တယ်။ ပြီးတော့ ပြင်ပအားတစ်ခုကြောင့် အဆက်မပြတ် နှောင့်ယှက်ခံနေရသည်။ ဇစ်မြစ်အပိုင်းအစ နေရာနဲ့ တော်တော်လေး နီးကပ်နေတာကို ငါ ခံစားမိတယ်။ အဲဒါက ဒီ ငရဲပင်လယ်မှာ ဖြစ်နိုင်လောက်တယ်။ ဒါပေမဲ့ နေရာ အတိအကျကိုတော့ မခံစားမိဘူး။ ဒါက အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ရဲ့ တိုင်းပြည်စွမ်းအားကြောင့် သက်ရောက်ခံနေရတာ ဖြစ်နိုင်တယ်။”
ဇစ်မြစ်အပိုင်းအစက ငရဲပင်လယ်ထဲမှာလား။ ချန်လွေ့ တွေးလိုက်သည်။ ထို့နောက် သူက ရတနာမြေပုံကိုထုတ်ပြီး အော်ပြောလိုက်သည်။ “ဒိုဒို...”
တိုက်ပွဲအတွင်း စောင့်ကြည့်ရွက်တိုင်မှ နဖူးစည်းစာတမ်းအဖြစ် အသွင်ပြောင်းကာ ပုန်းနေခဲ့သော ချွဲကျိကောင်က ချက်ချင်းပင် “အသက်ပြန်ရှင်”လာခဲ့ပြီး ရွက်တိုင်အောက်သို့ လျှောဆင်းသွားလိုက်သည်။ အောက်သို့ မရောက်ခင်မှာပင် သူ၏အသံ ရုတ်တရက် တုန်ခါသွားခဲ့သည်။ “သခင်...ရှေ့...ရှေ့မှာ..”
အဝေးမှ ပင်လယ်ပြင်တွင် ထူးခြားသော လှုပ်ရှားမှုကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ထင်ထားသည့်အတိုင်းပင် ရေထဲမှ နောက်ထပ် မသေမျိုး သင်္ဘောတစ်စင်း ပေါ်ထွက်လာ၏။ ၁၀၊ ၂၀.......။ မျက်စိတစ်မှိတ် အတွင်းမှာပင် အနည်းဆုံး သင်္ဘောရာနှင့်ချီ ပေါ်ထွက်လာပြီး အရေအတွက်မှာလည်း ဆက်လက် တိုးနေဆဲ ဖြစ်သည်။
၎င်းမှာ သာမန်မျှ မဟုတ်တော့ဘဲ မသေမျိုး သင်္ဘောစုကြီးတစ်ခု ဖြစ်နေလေပြီ။ ခုနက တိုက်ခိုက်ရေးစွမ်းအားကို ကြည့်ခြင်းအားဖြင့် ချန်လွေ့သည် သေချာပေါက် ပြိုင်ဘက် မဟုတ်တော့ပေ။ အကယ်၍ သင်္ဘောများက တပြိုင်နက်တည်း ပစ်ကြလျှင် သင်္ဘော လေးစင်းက ပျားလပို့အဖြစ်သို့ ရောက်ရှိသွားပေမည်။ ချန်လွေ့နှင့် ဟီဂယ်တို့က ကံကောင်းပြီး လွတ်မြောက်သွားလျှင်ပင် ကုန်းမြေမရှိသော အဆုံးမဲ့ပင်လယ်၌ ပျံနေရုံဖြင့် လုံလောက်မည် မဟုတ်ပေ။ သင်္ဘောနစ်မြုပ်သွားခြင်းက ကျရှုံးမှုနှင့် သေခြင်းကို ဖော်ပြပြီးသာ ဖြစ်နေလေပြီ။
ထို့ပြင် ငရဲပင်လယ်၌ လျို့ဝှက်ဆန်းကြယ်သော ပိုင်နက်တိုင်းပြည် အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက်လည်း ရှိနေသည်။ အမှောင်ဒြပ်စင်ဘုရင်အတွက် အသက်ရှင်ရန် ခက်ခဲနိုင်သည်။ နာဂါများနှင့် သာမန်ဒြပ်စင်ကောင်များအတွက်ဆိုလျှင် ပြောစရာပင် မလိုချေ။ ချန်လွေ့တွင် [ ကြယ်ဂိတ် ] ကို အသုံးပြုကာ ရေဒြပ်စင်ကောင်များ၏ ပင်လက်နက်နန်းတော်သို့ ပြန်နိုင်သော နောက်ဆုံး ရွေးချယ်မှုတစ်ခု ရှိသည်။ သို့သော်လည်း ထိုသို့ပြုလုပ်လျှင် သူက အတူတူ တိုက်ခိုက်နေကြသော အပေါင်းအဖော်များကို လက်လျှော့ပြီး အစ်ဇဘယ်လာအား ကုသရန် တစ်ခုတည်းသော မျှော်လင့်ချက်ကို လက်လွှတ်လိုက်သလို ဖြစ်သွားပေမည်။
မသေမျိုး သင်္ဘောစုက ယပ်တောင်ပုံစံ ဖွဲ့စည်းလိုက်ပြီး ထိုဘက်သို့ စတင် ရွေ့လျားလာသည်။ သိပ်ပြီး မမြန်လှသော်လည်း သေခြင်းတရားက ချဉ်းကပ်လာသည်ကို ကြည့်နေရသလိုမျိုးပင် ကြောက်မက်ဖွယ်ရာ ဖိအားတစ်မျိုးကို ပေးစွမ်းနေသည်။ သင်္ဘောကြီး အရှေ့တွင် စစ်သည်အများအပြားပါဝင်သော လှေငယ်များကို စေလွှတ်လိုက်သည်။ ပစ်မှတ်မှာ ချန်လွေ့တို့ဘက်မှ သင်္ဘောလေးစင်းကိုပင် ဖြစ်လေသည်။
ထိုလှေငယ်များမှာ အနီးကပ် တိုက်ခိုက်ရေးများအတွက် အသုံးပြုတတ်ကြသည်။ ရန်သူက သူတို့က အရှင်ဖမ်းချင်ပုံ ရသည်။ ထိုအခြေအနေ၌ ချန်လွေ့ မည်မျှပင် ဉာဏ်ပြေးစေကာမူ မစဉ်းစားတတ်တော့ပေ။ ထိုအချိန်၌ ဟီဂယ်၏အသံ ထွက်ပေါ်လာသည်။ “ငါ့ကို အချိန်ဆွဲထားပေး။ အနည်းဆုံး ၁၀မိနစ်လောက်။”
လက်ရှိဘေးအန္တရာယ်ကို ဖြေရှင်းရန် ဟီဂယ် မည်သို့ပြုလုပ်မည်ကို မေးရန်၊ မှန်းဆရန် ချန်လွေ့တွင် အချိန်မရှိပေ။ သူတို့က ယခုတွင် တစ်လှေတည်းစီးသူများ ဖြစ်နေကြပြီဖြစ်ရာ အချင်းချင်း ယုံကြည်ကြရုံသာ ရှိတော့သည်။ ထို့နောက် ချန်လွေ့က ချက်ချင်းပင် အမိန့်ပေးလိုက်သည်။ “အမြောက်ကြီးကို အသင့်ပြင်ထား။”
သင်္ဘောခေါင်းပိုင်းမှ မှော်သလင်းကျောက် အမြောက်က ချက်ချင်းပင် စတင် စွမ်းအင် စုစည်းတော့သည်။ ထို့နောက် ချန်လွေ့၏ အမိန့်အတိုင်း အားကောင်းသော အဖြူရောင် အလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်သည်။ မသေမျိုးသင်္ဘောစုနှင့် အကွာအဝေးမှ သာမန် အမြောက်တိုက်ခိုက်မှုများထက် ကျော်လွန်သော်လည်း မိစ္ဆာထောင်ခြောက် သင်္ဘော၏ အမြောက်ကို “ပုံမှန်”ဟူသော စကားလုံးဖြင့် ဖော်ပြ၍ မရနိုင်ပေ။ ရှေ့မှ မသေမျိုးသင်္ဘောက အဖြူရောင်အလင်းတန်းဖြင့် အပစ်ခံလိုက်ရပြီး ကြောက်မက်ဖွယ်ရာစွမ်းအင်ကြောင့် ချက်ချင်းပင် ပျက်စီးသွားခဲ့သည်။
အလင်းတန်းသွားသောနေရာတိုင်း သင်္ဘောသားများနှင့် ပစ္စည်းများအားလုံးက အမှုန်အဖြစ်သို့ ပြောင်းလဲသွားကာ ပျောက်ကွယ်ကုန်သည်။ မသေမျိုးသင်္ဘောကို ဖျက်ဆီးပြီးနောက် အလင်းတန်းက မရပ်တန့်သွားဘဲ နောက်ထပ်သင်္ဘောထံ ဆက်သွားသည်။ သို့သော်လည်း ၎င်း၏စွမ်းအားက သိသိသာသာပင် အားနည်းသွားပြီး သင်္ဘောကို နှစ်ပိုင်းသာ ဖြစ်သွားစေသည်။ သို့ရာတွင် ၎င်းက သင်္ဘောကို ဟန်ချက်ပျက်သွားစေပြီးနောက် ပင်လယ်ထဲသို့ တဖြည်းဖြည်း မြုပ်သွားတော့သည်။
ထိုတိုက်ခိုက်မှုက ရန်သူ၏ သင်္ဘောကြီးနှစ်စင်းကို ပျက်စီးသွားစေသည်။ ၎င်းက ရန်သူ၏ စိတ်ဓာတ်ကို ကြီးကြီးမားမား အားနည်းစေလောက်သည်။ ကံဆိုးစွာဖြင့် ထိုသူများက မသေမျိုးများ ဖြစ်နေကြသည်။ အကြောက်တရားမရှိ၊ ထိတ်လန့်ခြင်းမရှိ၊ ခံစားချက်လည်း ပြောင်းလဲသွားခြင်း မရှိဘဲ တိတ်ဆိတ်နေကာ ရှေ့သို့ ဆက်လက် ချီတက်လာနေကြသည်။
ခုနက တိုက်ပွဲအသေးတွင် တိုက်ခိုက်မှု အကွာအဝေးကြောင့် မိစ္ဆာထောင်ခြောက် သင်္ဘောက အမြောက်ကြီးကို အသုံးမပြုနိုင်ခဲ့ပေ။ ထိုတိုးမြှင့်ထားသော မှော်သလင်းကျောက် အမြောက်က ဟီဂယ်ကို အနည်းငယ် အံ့အားသင့်သွားစေခဲ့သော်လည်း သူ ဆက်လက် ပြင်ဆင်နေလိုက်သည်။
“သင်္ဘောကိုလှည့်။ သင်္ဘောနောက်ဘက်မှာ အမြောက်ကြီးကို ပြင်ထား။” ချန်လွေ့က အသံကျယ်ကျယ်နှင့် အမိန့်ပေးလိုက်သည်။ ခုနက တိုက်ခိုက်မှုအဟုန်က အံ့အားသင့်ဖွယ်ရာ ကောင်းသော်လည်း အမြောက်ကြီးကို ပြန်လည်အသုံးပြုနိုင်ချိန်က အကြီးမားဆုံး အားနည်းချက် ဖြစ်နေသည်။ တစ်ဖက်၏ ဧရာမရွက်စုက အမြောက်များ ပစ်နိုင်သော အကွာအဝေးသို့ ရောက်လာခဲ့လျှင် မိစ္ဆာထောင်ခြောက်သင်္ဘော၌ အဆုံးသတ်တစ်ခုသာ ရှိတော့သည်။ ၎င်းမှာ လုံးဝ ပျက်သုဉ်းခြင်းပင်။
မိစ္ဆာထောင်ခြောက်သင်္ဘော လှည့်နေစဉ် ထိခိုက်သွားသော အမှောင်ဒြပ်စင်သင်္ဘော သုံးစင်း စုစည်းသွားပြီး ထူးဆန်းသော အလင်းရောင် တောက်ပနေသည်ကို ချန်လွေ့ မြင်လိုက်ရသည်။ သူတို့ ပြင်ဆင်နေသည့်အရာကို ချန်လွေ့ မသိပေ။
ဟီဂယ်မှာ အနိုင်ရနိုင်မယ့် အံ့အားသင့်စရာ နည်းလမ်းတစ်ခု တကယ်ရှိမယ်လို့ မျှော်လင့်တယ်။ အခု အချိန်က အသက်ပဲ။ ၁၀မိနစ်လောက် ငါ တောင့်ခံထားရမယ်။
ချန်လွေ့ အံကြိတ်လိုက်သည်။ “ဒုတိယ မိတ်ဆွေ။ တက်မကို အာရုံစိုက်ထား။ သင်္ဘောဦးလှည့်ပြီးရင် နောက်မှာရှိတဲ့ အမြောက်ကြီးတွေကို ချက်ချင်းပစ်လိုက်။ ဘေးဖက် အမြောက်တွေနဲ့ ချဉ်းကပ်လာတဲ့ လှေတွေကို ရှင်းပစ်။ စထရီနာ။ ငါနဲ့အတူ တိုက်ခိုက်ဖို့ ပြင်ဆင်ထား။”