← Chapters

အလောင်းအောက်လမ်းဘုရင်၏ စမ်းသပ်ချက်

Vol. 40 Ch. 616

အလောင်းအောက်လမ်းဘုရင်၏ စမ်းသပ်ချက်

Vol. 40 Ch. 616

ထိုအနက်ရောင်ပုံရိပ်က ရွှေအိုရောင်ဝတ်ရုံကို ဝတ်ထားသော အရိုးခြောက်တစ်ကောင် ဖြစ်နေသည်။ သူ၏လက်ထဲ၌ ထူးဆန်းသော အရိုးတုတ်တံတစ်ခု ရှိနေပြီး ခေါင်းပေါ်၌ ငွေသရဖူ ဆောင်းထား၏။ အထင်ရှားဆုံးမှာ အရိုးခေါင်းထဲရှိ အပြာရောင်အလင်းနှစ်ခုက လောင်ကျွမ်းနေသော သရဲမီးတောက်ကဲ့သို့ ဖြစ်နေပြီး လူအများကို သိမ့်သိမ့်တုန်သွားစေသည်။

မျိုးနွယ် - အလောင်းအောက်လမ်းဘုရင်

စွမ်းအားအကဲဖြတ်မှု - [ S ]

ခန္ဓာအမျိုးအစား - A-

စွမ်းအား - A-

စိတ်ဝိညာဉ် - S+

အမြန်နှုန်း - A

[ စိစစ်ချက် ] – (ကိုယ်ပွား)

မသေမျိုးမှော်ပညာထဲတွင် အနိမ့်ဆုံးအဆင့်မှာ အရိုးခြောက်များကို အရိုးခြောက် စစ်သည်များအဖြစ်သို့ အသွင်ပြောင်းနိုင်သည့် အရိုးခေါင်းအသွင်ပြောင်းခြင်း မှော်ပညာဖြစ်ပြီး မှော်ပညာအသုံးပြုသူကိုယ်တိုင်ကို မသေမျိုးမှော်ပညာရှင် အလောင်း အောက်လမ်းပညာရှင် အဖြစ် လျို့ဝှက်ဆေးဝါးများ၊ ပညာရပ်များမှတစ်ဆင့် အသွင်ပြောင်းနိုင်သော ပိုမို အန္တရာယ်များသည့် အဆင့်ပိုမြင့်သော အသွင်ပြောင်းမှော်ပညာလည်း ရှိပေသည်။

အလောင်းအောက်လမ်းပညာရှင်ကို ချန်လွေ့ မြင်ရသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ သူ၏အစေခံ ဂူရာဒန်က အလောင်းအောက်လမ်းပညာရှင် တစ်ယောက် ဖြစ်သည်။ ဂူရာဒန် ဦးဆောင်သော မသေမျိုးဗိုလ်ခြေက စစ်ပွဲများအတွင် အလွန်အရေးပါခဲ့သည်။ သို့သော်လည်း အဆင့်မြင့် “အလောင်းအောက်လမ်းဘုရင်”ကိုမူ ယခုမှ ချန်လွေ့ တွေ့ဖူးခြင်း ဖြစ်သည်။

အလောင်းအောက်လမ်းပညာရှင်၌ တကယ့်ခန္ဓာကိုယ် မရှိကြောင်း ချန်လွေ့ သိသည်။ သူ၏အရှေ့မှ ခန္ဓာကိုယ်က သိုလှောင်ခန္ဓာတစ်ခုသာ ဖြစ်သည်။ ထို့ကြောင့် [ သရုပ်ခွဲမျက်လုံး ] ၌ ကိုယ်ပွားဟု အမည်တပ်ထားခြင်း ဖြစ်၏။ ဂူရာဒန်ကလည်း ပါ့ဂ်လီအို၏ ရတနာသိုက်ထဲ၌ ထိုရတနာမုဆိုးများကို လှည့်စားရန်အတွက် ပုံရိပ်‌ယောင်ကို အသုံးပြုခဲ့ဖူးသည်။

လက်ရှိအခြေအနေက အလွန်ပင် မရေမရာဖြစ်နေသည်။ အငြိုးဝိညာဉ်များကလည်း ချန်လွေ့နှင့် အခြားသူများကို ဝိုင်းရံထားကြသည်။ သူတို့ အတင်းတိုက်ခိုက်ကြလျှင် ချန်လွေ့တို့ အနိုင်ရရှိနိုင်ချေမှာ နည်းပါးလှ၏။

“မင်္ဂလာပါ။ အလောင်းအောက်လမ်းဘုရင်။” ချန်လွေ့က အမြန်စဉ်းစားပြီး အရိုအသေ ပြုလိုက်သည်။ “အရှင်မင်းကြီးရဲ့ ကြိုဆိုဧည့်ခံပွဲကို တကယ့်ကို အထင်ကြီးစရာပါပဲ။”

စူးစူးဝါးဝါး အသံတစ်သံ ထွက်လာ၏။ “အရှင်မင်းကြီး ဆိုတဲ့အရှေ့မှာ မဟာ၊ အန္တိမ၊ အနှိုင်းမဲ့ ဆိုတဲ့ ဂုဏ်ပုဒ်တွေကို မင်း ထည့်ပြောသင့်တယ်။”

ထိုသို့ပြောလိုက်သည်မှာ အလောင်းအောက်လမ်းဘုရင် မဟုတ်ဘဲ သူ့ဘေးမှ အစိမ်းရောင် အငြိုးဝိညာဉ် ဖြစ်သည်။ ထိုဝိညာဉ်၏ စွမ်းအားအကဲဖြတ်မှုမှာ A+ ဖြစ်သည်။ သူက ချန်လွေ့အား လောက၌ ခွင့်လွှတ်၍မရဆုံးစကားများ ပြောခဲ့သလိုပင် စိုက်ကြည့်နေလေသည်။

“ပရင့်ဇ်..” အလောင်းအောက်လမ်းဘုရင်၏ ကြက်သီးထစရာအသံ ထွက်လာသည်။ အစိမ်းရောင် အငြိုးဝိညာဉ်က ချက်ချင်း ပါးစပ်ပိတ်သွား၏။ သူ၏ တင်းမာနေသော မျက်နှာက ချက်ချင်းပင် ကျိုးနွံပြီး စိတ်ရင်းအမှန်နှင့် ဖြစ်သွားခဲ့သည်။ ထိုကဲ့သို့ မျက်နှာအမူအရာ အလျင်အမြန် ပြောင်းလဲသွားခြင်းက ချန်လွေ့ကို ဆွံ့အသွားစေခဲ့သည်။

အလောင်းအောက်လမ်းဘုရင်က ဖြည်းဖြည်းချင့် လွင့်ပျံလာသည်။ ချန်လွေ့ကို သုံးလေးခေါက်ကြည့်ပြီးနောက် သူ၏အကြည့်က ချန်လွေ့လက်ထဲရှိ အဝါရောင်ဖျော့ဖျော့ တောက်နေသော ရတနာမြေပုံထံ ရောက်ရှိသွားသည်။ ထို့နောက် သူက ကြက်သီးထစရာ ကောင်းအောင် ပြောလိုက်သည်။ “အမြင်ကောင်းတဲ့ မျက်လုံးတွေကို ငါ သ‌ဘောကျတယ်။ ဒါက စမ်းသပ်ဖို့အတွက် အကောင်းဆုံးကုန်ကြမ်း ဖြစ်လာလောက်တယ်။ ငါ မင်းကို ပိုပြီးတော့ အမြင်ကောင်းတဲ့ လက်ရာမြောက် အရိုးခြောက်ဖြစ်အောင်လုပ်ဖို့ စဉ်းစားပေးမယ်။ ဒီလုပ်ငန်းစဉ်ကို မင်း သဘောကျလိမ့်မယ်လို့ ငါ ပြောနိုင်တယ်။”

ချန်လွေ့က အလောင်းအောက်လမ်းဘုရင်၏ အကြည့်ကို သတိထားမိပြီး ထိုခြိမ်းခြောက်မှုကို လျစ်လျူရှုလိုက်သည်။ ထို့နောက် သူက ရတနာမြေပုံကို အသာလေး မြှောက်လိုက်သည်။ “ကျုပ်တို့ကို ဆာ-အမှောင်နဂါးဧကရာဇ်က လမ်းပြလာပြီးတော့ ဒီကို ခက်ခက်ခဲခဲနဲ့ ရောက်လာခဲ့တာ။ လမ်းတစ်လျှောက်မှာ ရက်ပစ်ပက်နဲ့ ဆာ-လော့မန်တို့ရဲ့ စမ်းသပ်ချက်ကို ကျော်ဖြတ်ခဲ့ပြီးပြီ။ ကျုပ်တို့ တကယ့်ဧည့်သည်တွေလို ဆက်ဆံခံရသင့်တယ်လို့ ထင်ပါတယ်။”

“နိမ့်ကျတဲ့ကောင်။ အရှင်မင်းကြီးကို အဲဒီ မပြည့်ဝတဲ့ သတ္တဝါနှစ်ကောင်နဲ့ မနှိုင်းယှဉ်နဲ့။” ပရင့်ဇ်က အော်ပြောလိုက်ပြန်သည်။

ချန်လွေ့က ထိုပရင့်ဇ်သည် အမျိုးသားရေးဇာတ်ကားဟောင်းများကဲ့သို့ပင် ဂျပန်ကို လက်မထောင်ပြခဲ့သော လူဆိုးဇာတ်ကောင်ဖြစ်ကြောင်း သဘောပေါက်သွားပြီး ခံစားချက် ပြင်းပြစွာဖြင့် ပြောလိုက်သည်။ “ကောင်းတယ်။ သိပ်ကောင်းတယ်။” (ချီးမွမ်းတာပါ)

“ခင်ဗျားက အန္တိမ နဲ့ အနှိုင်းမဲ့ ဆိုတာ ထည့်ဖို့ မေ့သွားတဲ့ပုံပဲ။” ချန်လွေ့ အသာလေး ပြုံးလိုက်ပြီး စိတ်ကို ငြိမ်ငြိမ်ထားလိုက်သည်။ အလောင်းအောက်လမ်းဘုရင်က ဒီလိုမျိုး ပြပွဲအကြီးကြီးကို လုပ်ခဲ့တယ်။ သူသာ တိုက်ခိုက်ချင်တယ်ဆိုရင် အငြိုးဝိညာဉ်တွေကို တိုက်ခိုင်းလို့ရတယ်။ ဒီလောက် အများကြီး အားထုတ်နေမှာ မဟုတ်ဘူး။

ပရင့်ဇ်က ခဏတာ ပြောစရာမဲ့သွားခဲ့သည်။ သူက ဒေါသထွက်ရန် ပြင်လိုက်စဉ် အလောင်းအောက်လမ်းဘုရင်၏ မျက်လုံးထဲရှိ အပြာရောင်မီးတောက်နှစ်ခုက လက်ခနဲ ဖြစ်သွားခဲ့သည်။ “မင်းက ပုရွက်ဆိတ်တစ်ကောင် ဖြစ်ပေမဲ့ အတော်လေး စိတ်ဝင်စားစရာ ကောင်းသားပဲ။ မင်းမှာ ဆာ-အမှောင်နဂါးဧကရာဇ်ရဲ့ ရတနာမြေပုံ အပြည့်အစုံ ရှိတယ်ဆိုတော့ ဖျက်ဆီးခြင်းမျှော်စင်ကို ဝင်‌ရောက်ဖို့ အရည်အချင်း ပြည့်မီတယ်လို့ သတ်မှတ်လို့ရတယ်။ ငါ့နဲ့ လိုက်ခဲ့။”

စကားပြောပြီးနောက် သူက နောက်သို့ ဖြည်းဖြည်းချင်း ရွေ့သွားသည်။ ပရင့်ဇ်ကလည်း အလျင်အမြန် လိုက်သွားသည်။ အငြိုးဝိညာဉ်များကလည်း လမ်းပြရန်အတွက် ဘေးဖက်သို့ ဖယ်ပေးလိုက်ကြသည်။

လက်စသတ်တော့ မျှော်စင်ဖြူကို ဖျက်ဆီးခြင်းမျှော်စင်လို့ ခေါ်တာကိုး။ ချန်လွေ့နှင့် အမှောင်ဒြပ်စင်ဘုရင်တို့က အချင်းချင်းကြည့်လိုက်ကြပြီး တစ်ယောက်နှင့်တစ်ယောက်၏ မျက်လုံးထဲ၌ အံ့အားသင့်မှုကို မြင်တွေ့လိုက်ကြသည်။ အပြင်းအထန် တိုက်ခိုက်ရမယ်လို့ ထင်ခဲ့တာ။ ဒီလောက် လွယ်လွယ်နဲ့ ဖြတ်သွားရမယ်လို့ မထင်ထားခဲ့ဘူး။

မမျှော်လင့်ထားသောအရာ ဖြစ်သွားခဲ့သော်လည်း အကောင်းဆုံးရလာဒ်ပင် ဖြစ်လေသည်။ သူတို့ အမှန်တကယ် တိုက်ခိုက်ကြလျှင် အထူး အသက်ကယ်နည်းလမ်းများရှိသော ချန်လွေ့နှင့် အမှောင်ဒြပ်စင်ဘုရင်တို့မှလွဲ၍ စထရီနာနှင့် အယ်လောတို့ အပါအဝင် အားလုံး အသက်မရှင်နိုင်လောက်ပေ။

သူတို့နှစ်ယောက် အလျင်အမြန်ပင် အချင်းချင်းကြည့်လိုက်သည်။ ထို့နောက် ချန်လွေ့က အရိုအသေပြုပြီး ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်။ အလောင်းအောက်လမ်းဘုရင် အရှင်မင်းကြီး။”

“ငါ့နာမည်က ဂလိုရီယိုစ်။ ငါ့ကို သေရွာပြန်ဘုရင်လို့ ခေါ်လို့ရတယ်။” ရှေ့မှ လွင့်ပျံနေသော အလောင်းအောက်လမ်းဘုရင်က နောက်ပြန်လှည့်မကြည့်ဘဲ ပြောသည်။

သေရွာပြန်ဘုရင်တဲ့လား။ ထိုဂုဏ်ပုဒ်က လောကကူးပြောင်းလာသော အိုတာခုကို အံ့အားသင့်သွားစေသည်။ ခင်ဗျားနာမည်က အာသာ့စ် မဟုတ်ဘဲ ဂလိုရီယိုစ် ဆိုတာ သေချာလား။

ဟုတ်ပြီလေ။ ဒါက နတ်ဆိုးဘုံပဲ။ အနောက်ဘက်ခရီးကို ဆက်သွား...အဲ.... မှော်စင်ဖြူဆီ ဆက်သွားကြတာပေါ့။

သူတို့ အမြန်နှုန်းက ယခင်ကထက် များစွာ နှေးကွေးသွားသော်လည်း ဖျက်ဆီးခြင်း မျှော်စင်နှင့် အလျင်အမြန် နီးကပ်လာသည့်အတွက် ချန်လွေ့ အံ့အားသင့်သွားခဲ့သည်။ ဆယ်ရက်ကျော်သွားရမယ့်ခရီးကို ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်ဖြင့် ရောက်သွားသကဲ့သို့ပင်။

၎င်းမှာ “မြေပြင်ကို တစ်လက်မအဖြင့် ကျုံ့”သေား ထူးဆန်းသည့်စွမ်းအားတစ်မျိုး ဖြစ်ပေသည်။ မူလလမ်းက ထိုမျှသာ ဝေးနိုင်ပေသည်။ သို့သော်လည်း ချန်လွေ့နှင့် အခြားသူများက ပိုင်နက်တိုင်းပြည်စွမ်းအားကြောင့် ထူးဆန်းသော လုံးဝကွဲပြားသော “ဥပဒေသ”အတွင်း ရောက်ရှိနေခဲ့သည်။ သေရွာပြန်ဘုရင်ကြောင့်သာ မဟုတ်လျှင် သူတို့က တကယ့်မျှော်စင်ဖြူသို့ ရောက်လာနိုင်လိမ့်မည် မဟုတ်ပေ။

ဖျက်ဆီးခြင်းမျှော်စင်၏ပုံရိပ် တဖြည်းဖြည်းနှင့် ပိုမိုထင်ရှားလာသည်။ ၎င်းမှာ အလွန်ကြီးမားသော အဖြူရောင် အထိမ်းအမှတ်ကျောက်တိုင် ဖြစ်သည်။ အနီးကပ် ကြည့်လိုက်ရာ ထူးဆန်းသော သွေးရောင် ပုံစံကွက်များကို မြင်နိုင်ပေသည်။ ပိုမိုအနီးကပ် ကြည့်လိုက်သောအခါ ဆို့နင့်ပြီး ဖိသိပ်သော အငွေ့အသက်များကို ချန်လွေ့ ခံစားလိုက်ရပြီး အထိမ်းအမှတ်ကျောက်တိုင်က ကိုးကွယ်ရန်လိုအပ်သော မြင့်မားသည့် နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေလေသည်။

ဧရာမ အထိမ်းအမှတ်ကျောက်တိုင်အရှေ့မှ ဝင်ပေါက်ကို မရေမတွက်နိုင်သော ရုပ်ထုများက ဝိုင်းရံထားသည်။ ရုပ်ထု အများအပြားက လက်နက်များနှင့် တပ်ဆင်ထားပြီး အနက်ရောင်သတ္တုအရောင်များ လင်းလက်နေလေသည်။ သူတို့က ကြောက်မက်ဖွယ်ကောင်းပြီး သက်ဝင်လှသည်။ ထိုရုပ်ထုများက အထိမ်းအမှတ်ကျောက်တိုင်၏ ဝင်ပေါက်တစ်လျှောက်လုံး ပျံ့နှံ့နေပြီး အစောင့်ဗိုလ်ခြေ တစ်ခု ကဲ့သို့ ဖြစ်နေသည်။

ခေါင်းဆောင်ဖြစ်ဟန်တူသော အကြီးမားဆုံးရုပ်ထုက အထိမ်းအမှတ် ဂိတ်တံခါး၌ ရှိနေသည်။

“အမှောင်ဆန်းကြယ် သံမဏိသရဲလား။” အမှောင်ဒြပ်စင်ဘုရင်က ထိုရုပ်ထုများကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

အမှောင်ဆန်းကြယ် သံမဏိသရဲများက တိုက်ခိုက်ရေးစွမ်းအား မြင့်မားကြကြောင်း ထယ်တင်းနစ်ထံမှ ချန်လွေ့ ကြားခဲ့ရသည်။ ၎င်းကို ရုပ်ပိုင်းဆိုင်ရာနှင့် မှော်ဆိုင်ရာ ထိခိုက်မှု ကြီးကြီးမားမား လျှော့ချပေးသော ဝိသေသေလက္ခဏာများပေးသည့် အထူးကုန်ကြမ်းများ၊ လျို့ဝှက်မန္တန်များဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ထို့အပြင် ၎င်းတို့က စိတ်ဝိညာဉ်အာရုံခံကို ကာကွယ်နိုင်သည့်အတွက် သူတို့၏တိုက်ခိုက်ရေးစွမ်းအားကို အာရုံခံရန် ခက်ခဲလှသည်။

အသိစိတ် အနည်းငယ်ရှိ‌သော မီးအိမ်တစ္ဆေများနှင့် သလင်းကျောက်သားရဲများကဲ့သို့ မဟုတ်ဘဲ အမှောင်ဆန်းကြယ် သံမဏိသရဲက ခံစားချက်မဲ့သော စစ်လက်နက် တစ်ခုသာ ဖြစ်သည်။ ၎င်းက ဆက်ရက်ခ်တောင်၌ ချန်လွေ့ ကြုံတွေ့ခဲ့ရသော ဂါဂိုယောင်များနှင့် ဇိုလာ ပြုလုပ်ခဲ့သော ရွှေလူသားများနှင့် ဆင်တူသော်လည်း စွမ်းအားများမှာ ကမ္ဘာခြားပေသည်။

အမှောင်ဆန်းကြယ် သံမဏိသရဲများ သန်းနှင့်ချီ ရှိနေ၏။ သူတို့အားလုံးက ရုပ်ထုကဲ့သို့ တိတ်ဆိတ် နေကြသည်။ သို့သော်လည်း သူတို့ကို အသက်သွင်းလိုက်သည်နှင့် ကျူးကျော်သူက ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုကို ရင်ဆိုင်တွေ့ရမည် ဖြစ်သည်။

“အမှောင်ဒြပ်စင်တွေရဲ့ဘုရင်ဆိုတဲ့အတိုင်းပဲ ခင်ဗျားက ဒီအရုပ်တွေကို တချက်ကြည့်ရုံနဲ့ သိတာပဲ။” သေရွာပြန်ဘုရင် ဂလိုရီယိုစ်က အမှောင်ဒြပ်စင်ဘုရင်၏သရုပ်ကို အသေအချာပင် အလွယ်တကူ မြင်နိုင်လေသည်။ “အားလုံးပဲ။ အထဲမှာ ဆာ-အမှောင်နဂါးဧကရာဇ်ရဲ့ ရတနာသိုက် ရှိနေတယ်။ မင်းတို့အားလုံး အခု ဝင်သွားလို့ရပြီ။”

ဒီအတိုင်း ဝင်သွားရမှာလား။ အမှောင်ဆန်းကြယ် သံမဏိသရဲတွေ ဝိုင်းတာ ခံရပြီးတော့လား။ အားလုံးက သတိထားသော အမူအရာများ ပြသလိုက်ကြသည်။

“သေရွာပြန်အရှင်မင်းကြီး။” ချန်လွေ့က ပြောသည်။ “ဒီကနေ ဖြတ်သွားတာနဲ့ အမှောင်ဆန်းကြယ် သံမဏိသရဲတွေ တိုက်ခိုက်တာ ခံရမယ်လို့ မှတ်ရမှာလား။”

“မင်းကိုယ်တိုင် ပြောတာနော်။” ဂလိုရီယိုက ‌ဆိုးဝါးစွာဖြင့် ရယ်လိုက်သည်။ သူ၏ခန္ဓာကိုယ်ရှိ ရွှေရောင်ဝတ်ရုံက လေမတိုက်ဘဲ လှုပ်နေလေသည်။ “ငါမင်းကို စိတ်ဝင်စားစရာ သတင်းတချို့ အရင်ပြောပြမယ်။ မင်းတို့တွေ ရေဘဝဲငကြောင်နဲ့ လူတွေကို မြူနဲ့ခြောက်တဲ့တစ်ယောက်ကို ကြုံပြီးသွားလောက်ပြီ။ သူတို့ရထားတဲ့ ဝိညာဉ်တွေက ဒီနေရာကို လမ်းကြောင်းတစ်ခုကနေ ရောက်လာပြီးနောက် စုစည်းနေကြတာပါ။ သူတို့က သုံးလေးရက်တိုင်း တစ္ဆေမီးတောက် လောင်ကျွမ်းတာကို ခံနေရပြီးတော့ မလွတ်မြောက်နိုင်ဘူး။ သူတို့က အဆုံးမဲ့တဲ့ နှိပ်စက်မှုတွေထဲမှာ အဆက်မပြတ် မုန်းတီးရုံပဲ တတ်နိုင်ကြတယ်။ အဲဒါကြောင့် ဒီနေရာကို အမုန်းတရားနယ်မြေလို့ ခေါ်တာ။”

ဒါကြောင့် လမ်းတစ်လျှောက်လုံးမှာ သက်ရှိတွေ မရှိတာကိုး။ ပင်လယ်တစ်ခုလုံးမှာရှိတဲ့ သက်ရှိတွေအားလုံးက မသေမျိုး ဖြစ်ကုန်တာပဲ။ မသေမျိုးသင်္ဘော၊ ပင်လယ်ရေနက် အရိုးခြောက် သားရဲတွေ၊ အငြိုးဝိညာဉ်တွေ....။ ချန်လွေ့ ထိတ်လန့်သွားပြီး စထရီနာကလည်း လက်ထဲ၌ ဓားမောက်ရှည် ၆လက်ကို ကျစ်ကျစ်ဆုပ်ထားနေ၏။

သေရွာပြန်ဘုရင် ဆက်ပြောသည်။ “မင်းတို့မှာ အခု ရွေးစရာ သုံးခုရှိတယ်။ ပထမတစ်ခုက အမှောင်ဆန်းကြယ် သံမဏိသရဲတွေ ဝိုင်းရံထားတဲ့ လမ်းကြောင်းကို တည့်တည့်ဝင်။ ဒါပေမဲ့ ဘာဖြစ်မလဲတော့ ငါ အာမ မခံနိုင်ဘူး။ ဒုတိယက ဒီမှာနေပြီးတော့ သူတို့လိုမျိုး အမုန်းတရားနယ်မြေ အဖွဲ့ဝင်တစ်ယောက်လုပ်။ မင်းတို့ သူတို့လို မဖြစ်ခင် သူတို့ အကြာကြီး စောင့်ဆိုင်းနေခဲ့တဲ့ အသွေးအသားတွေကို ပျော်ရွှင်ခံစားမယ်ဆိုတာ ငါယုံတယ်။ ကံဆိုးချင်တော့ မင်းတို့မှာ လူနည်းနည်းပဲ ရှိတယ်။ သူတို့ ဗိုက်ပြည့်လောက်မှာ မဟုတ်ဘူး...”

ဂလိုရီယိုစ်က အငြိုးဝိညာဉ်များကို လက်ညှိုးထိုးပြလိုက်သည်။ ထိုဝိညာဉ်များက အမုန်းတရားများနှင့် ပြည့်နှက်နေသော်လည်း သူတို့က အရိုးခြောက်လက်ညှိုးက ညွှန်ပြလိုက်သောအခါ အကြောက်တရားများ ပြသပြီး နောက်ဆုတ်သွားကြသည်။ အငြိုး ဝိညာဉ်အများအပြားက ချန်လွေ့နှင့် အခြားသူများကို မြင်သည့်အခါ သွားရည်ကျသော အမူအရာများလည်း ပြသနေကြလေသည်။

“နောက်ဆုံး ရွေးစရာတစ်ခုနဲ့ ငါနဲ့ ကစားနည်းတစ်ခု ကစားဖို့ပဲ။ ငါ့ကိုနိုင်ရင် နောက်ဆုံး စမ်းသပ်ချက်ကို ကျော်ဖြတ်နိုင်တယ်လို့ သတ်မှတ်ပြီးတော့ ဒီလမ်းကြောင်းကို‌ ဘေးကင်းကင်းနဲ့ ပေးဖြတ်မယ်။”

တတိယ အတားအဆီးက ကျော်ဖြတ်ရန် မလွယ်ကူသည်မှာ အသေအချာပင်။

အမှောင်ဒြပ်စင်ဘုရင်က ခဏစဉ်းစားလိုက်သည်။ ထို့နောက် စကား စပြောသည်။ “ခင်ဗျားရဲ့ ကစားနည်းအကြောင်း အရင်ပြောပြ။”

“ရိုးရိုးလေးပါ။” သေရွာပြန်ဘုရင်၏ပုံရိပ်က လမ်းကြောင်းအနီးရှိ ထူးဆန်းသော စားပွဲဝိုင်းဝိုင်းတစ်ခုသို့ လွင့်ပျံသွားသည်။ ထိုစားပွဲများက အတော်လေး ကျယ်လှပြီး အလယ်တွင် ကောက်ရိတ်ဓားကိုင်ထားသော အနက်ရောင်ရုပ်ထုတစ်ခုရှိနေကာ အနီးအနား၌လည်း အမျိုးမျိုးသော ထူးဆန်းသည့်ပုံစံကွက်များ ရှိ‌နေ၏။

“ကြမ္မာတိုက်ပွဲ ဆိုတဲ့ မှော်ဖဲချပ် ကစားနည်းပဲ။”

ကြမ္မာတိုက်ပွဲ တဲ့လား။ ထိုကဲ့သို့ ကစားနည်းကို ချန်လွေ့ ယခုမှ ကြားဖူးခြင်း ဖြစ်သည်။ ဒါက မှော်ဖဲချပ် ကစားနည်းလား။

“ကြမ္မာတိုက်ပွဲလား။ အတော်လေး ရှေးကျတဲ့ ကစားနည်းပဲ။” ဟီဂယ်က အတော်လေး ရင်းနှီးနေပုံရသည်။ “ခင်ဗျား ဘယ်လို ကစားချင်လဲ။”

“သိပ်ကောင်းတယ်။ ကြည့်ရတာ အမှောင်ဒြပ်စင်ဘုရင်လည်း ပရိသတ် တစ်ယောက်ပဲ ထင်တယ်။” ဂလိုရီယိုစ်၏ မျက်လုံးထဲမှ အပြာရောင်အလင်းများ တောက်ပစွာ လင်းသွား၏။ “ခင်ဗျားက ဧည့်သည်ပဲ။ ကစားဖို့ နည်းလမ်းသုံးခုရှိတယ်။ အနိုင်ပြိုင်ပွဲ၊ အံ့မခန်းစစ်ပွဲ နဲ့ မရဏကစားနည်းပဲ။ ကြိုက်တဲ့တစ်ခု ရွေးလို့ရတယ်။ သုံးပွဲကစားရင် ဘယ်လိုနေမလဲ။”

ဟီဂယ်၏မျက်လုံးထဲမှ အနီရောင်အလင်း လက်ခနဲ ဖြစ်သွားသည်။ “ဒါပေမဲ့ အခုက ခင်ဗျားက တိုင်းပြည်ထဲမှာဆိုတော့ ဒီကစားပွဲမှာ မျှတမှုကို ဘယ်လို အာမခံပေးနိုင်မလဲ သိချင်တယ်။”

ဂလိုရီယိုစ်က ထိုမှော်ဖဲချပ်မျိုးကို အတော်လေး စိတ်ဝင်စားနေဟန်တူသည်။ “ခင်ဗျားရဲ့ ဝိညာဉ်အဆင့်ပေါ်မှ အခြေခံပြီးတော့ ဝိညာဉ်စာချုပ် ချုပ်လို့ရတယ်။ ဒါဆိုရင် ကျုပ် ညစ်မှာကို စိတ်ပူစရာ မလိုတော့ဘူး။”

ဟီဂယ်က ခဏစဉ်းစားလိုက်ပြီးနောက် ဖြည်းဖြည်းချင်း ခေါင်းညိတ်သည်။ “ကောင်းပြီ။ သုံးပွဲဆိုမှတော့ ကစားနည်း တစ်ခုစီကို တစ်ပွဲကစားမယ်။ နောက်.....ထပ် တတိယပွဲအထိကို ခင်ဗျား တောင့်ခံထားနိုင်မယ် ဆိုရင်ပေါ့။”

“အရှင်မင်းကြီးဟီဂယ်က အတော်လေး ယုံကြည်ချက် ရှိတာပဲ။ နောက်လာမယ့် ကစားပွဲကို ကျုပ် ပိုပြီးတော့ စိတ်ဝင်စားလာပြီ။” ဂလိုရီယိုစ်က ကြက်သီးထစရာကောင်းအောင် ရယ်လိုက်သည်။ “ဒါပေမဲ့ အရာရာတိုင်းက ပေးဆပ်ရမှာ ရှိတယ်။ ဒီကစားပွဲမှာ လောင်းကြေးထပ်ရမှာက ခင်ဗျားနဲ့ ခင်ဗျားရဲ့အဖော်တွေရဲ့ အသက်တွေပဲ။ အရှင်မင်းကြီးမှာ ဒီလို သတ္တိမျိုး ရှိရဲ့လား မသိဘူး။”

“သူသေကိုယ်သေ ကစားပွဲလား။ သိပ်ကောင်းတယ်။” ဟီဂယ်က နက်နက်နဲနဲနှင့် ပြုံးလိုက်သည်။ “ခင်ဗျားက ဒြပ်စင်ဘုရင်တစ်ယောက်ရဲ့ အသက်ကို လိုချင်မှတော့ ခင်ဗျားလည်း ခင်ဗျားရဲ့အသက်ကို ပေးရမယ်။”

“ခင်ဗျားရဲ့ သဘောအတိုင်းပါ။ တကယ်လို့ ကျုပ် ရှုံးနိမ့်မယ်ဆိုရင် ခင်ဗျားက ဖျက်ဆီးခြင်း မျှော်စင်ကိုလည်း ဝင်နိုင်မယ်။ ကျုပ်အသက်ကလည်း ခင်ဗျားအပိုင်ပဲ။” ဂလိုရီယိုစ်က ပို၍ပင် ပျော်ရွှင်လျက် ပြုံးလိုက်သလို ထင်ရသော်လည်း မည်သို့ပင် ကြည့်စေကာမူ အရိုးခြောက်မျက်နှာက ကြောက်စရာကောင်းနေသည်။ “မှော်ဖဲချပ်တွေရဲ့ စစ်မှန်တဲ့ ပရိသတ် တစ်ယောက်အနေနဲ့ နောက်ထပ်ဖြစ်လာမယ့် စိတ်လှုပ်ရှားစရာပွဲကို မစောင့်နိုင်တော့ဘူး။”

“ခဏနေဦး။ အမှောင်ဒြပ်စင်ကောင်တွေရဲ့ အပေါင်းအဖော်တွေမှာ အမှောင်ဒြပ်စင်ကောင်တွေပဲ ပါမယ်။” ဟီဂယ်က ချန်လွေ့နှင့် အခြားသူများကို မောက်မာလျက် လက်ညှိုးထိုးလိုက်သည်။ “အချင်းချင်း အသုံးချနေကြတဲ့ အဲဒီသူတွေ မပါဘူး။”

ထိုစကားက စထရီနာ၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားစေပြီးနောက် သူက ပြန်ပြောလေသည်။ “ကျွန်မလည်း ဒါပဲ ပြောချင်နေတာ။ နာဂါမျိုးနွယ်စုက ကျွန်မတို့ မယုံကြည်တဲ့သူအပေါ်မှာ အသက်ပုံမအပ်နိုင်ဘူး။ အက်ဂ်ယောကိုပဲ ကျွန်မ ရွေးချယ်မယ်။”

နာဂါများနှင့် ရေဒြပ်စင်ကောင်များကလည်း ခေါင်းညိတ်ကြသည်။ ဂလိုရီယိုစ်က နာဂါနှင့် ရေဒြပ်စင်ကောင်များ အာရုံစိုက်နေကြသော ချန်လွေ့ကို စိတ်ဝင်တစားနှင့် ကြည့်လိုက်သည်။ ထို့နောက် သူ၏အပြုံးက ပို၍ပင် ထူးဆန်းသွား၏။ “ကြည့်ရတာ ခင်ဗျားတို့နှစ်ယောက်ကြားမှာ စိတ်ဝင်စားစရာ ကစားပွဲတစ်ခု ရှိနေတဲ့ပုံပဲ။ နောက်ပိုင်း ကျုပ် အတော်လေး ပျော်ရမယ် ထင်တယ်။”

“အဲဒီအချိန်အထိ ခင်ဗျား အသက်ရှင်နေဦးမယ် ဆိုရင်ပေါ့။” ဟီဂယ်က အေးစက်စက်နှင့် ပြောသည်။

ဂလိုရီယိုစ် ပြုံးလိုက်ပြီးနောက် ထိုအကြောင်း ဆက်မပြောတော့ပေ။ သူနှင့် ဟီဂယ်တို့က စားပွဲဝိုင်းထံသို့ လမ်းလျှောက်သွားပြီး မျက်နှာချင်းဆိုင်လိုက်ကြသည်။ “ကစားပွဲ မစခင်၊ စာချုပ်မချုပ်ခင်၊ ခင်ဗျားကို နောက်ဆုံး သတိပေးမယ်။ ရှုံးတဲ့သူက အသက်နဲ့ဝိညာဉ်ကို ဆုံးရှုံးရမယ်။ ခင်ဗျားက ဒြပ်စင်ဘုရင် ဆိုရင်တောင် အမုန်းတရားနယ်မြေရဲ့ စည်းမျဉ်းစွမ်းအား ရှိတဲ့ ဒီစားပွဲမှာ ခြွင်းချက်မဟုတ်ဘူး။ ခင်ဗျားရဲ့ ဝိညာဉ်က စည်းမျဉ်းကို ပယ်ဖျက်နိုင်ရင်နိုင်မယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ ဒြပ်စင်နှလုံးသားက ပေါက်ကွဲသွားမှာ။ အသစ်ပြန်ဖြစ်ဖို့ ခင်ဗျား အတော်လေး အချိန်ကြာကြာ အားထုတ်ရလိမ့်မယ်။”

“ဒါဆို ခင်ဗျားရှုံးတာနဲ့ ခင်ဗျားမှာ တိုင်းပြည်စွမ်းအား ရှိရင်တောင် အသက်သေတ္တာက ခင်ဗျားရဲ့ ဝိညာဉ်အမြုတေလည်း ပျောက်ကွယ်သွားမှာလား။”

“ဒါပေါ့။” သေရွာပြန်ဘုရင် ဂလိုရီယိုစ်၏ လက်ချောင်းထိပ်တွင် ထူးဆန်းသော သင်္တေကတစ်ခု ပေါ်ထွက်လာပြီးနောက် ဟီဂယ်ထံသို့ ပျံသွား၏။ ဟီဂယ်ကလည်း ထိုနည်းအတိုင်း ပြုလိုက်သည်။ ထို့နောက် ထိုသင်္ကေတနှစ်ခုက လေထဲ၌ ပေါင်းစပ်ပြီး ရောနှော သွားခဲ့သည်။ နှစ်ဖက်စလုံး ကျေနပ်မှုရရှိပြီးနောက် ၎င်းက နှစ်ယောက်လုံး၏ နာမည်များ ပါဝင်သော စာချုပ်တစ်ခုအဖြစ် ပြောင်းလဲသွားကာ ချက်ချင်း ပျောက်ကွယ်သွားလေသည်။

စာချုပ်ကို အောင်အောင်မြင်မြင်နှင့် ချုပ်ဆိုပြီးနောက် စားပွဲဝိုင်း၏ ပုံစံကွက်ပေါ်မှ မြူအများအပြား ပေါ်ထွက်လာပြီး ရွှေရောင်ဖျော့ဖျော့ တောက်နေလေသည်။ အလယ်ရှိ ရုပ်ထုကလည်း အသက်ရှိနေဟန်တူပြီး ၎င်း၏ခန္ဓာကိုယ် မှုန်ဝါးသွားခဲ့သည်။ ၎င်းက အနက်ရောင် ဝတ်ရုံကို ဝတ်ထားပြီး လက်ထဲ၌ ရှည်လျားသော အနက်ရောင် ကောက်ရိတ်ဓားတစ်လက်ကို ကိုင်ထားသည်။ ထိုကောက်ရိတ်ဓား ညွှန်ပြလိုက်နေရာတွင် ထူးဆန်းသော ကတ်ပြားတစ်ထပ် ပေါ်ထွက်လာခဲ့သည်။

ထိုကတ်ပြားများ၏ ကုန်ကြမ်းက အလွန်ထူးခြားလှသည်။ နောက်ဘက်ရှိ အထူးပုံစံကွက်များက နေနှင့်လ ပုံစံနှင့် တူသည်။ ထောင့်စွန်းများက ‌ရွှေရောင်ဖျော့ဖျော့ ပုံစံကွက်များနှင့် တောက်ပနေပြီး လျို့ဝှက်ဆန်းကြယ်ကာ ခမ်းနားသော အငွေ့အသက်မျိုးကို ထုတ်ပေးနေသည်။

All Chapters