လူသစ်ရဲ့ ပွဲဦးထွက်
Vol. 40 Ch. 618
နောက်ဆုံး မရဏကစားနည်းမှာ အမှောင်ဒြပ်စင်ဘုရင်နှင့် သေရွာပြန်ဘုရင်တို့၏ အနိုင်အရှုံးကို အမှန်တကယ် အဆုံးအဖြစ် ပေးနိုင်မည် ဖြစ်သည်။ ၎င်းက အမှောင်နဂါးဧကရာဇ် ရတနာသိုက် စွန့်စားခန်း၏ နောက်ဆုံးရလာဒ်ကိုလည်း အဆုံးအဖြတ်ပေးနိုင်လေသည်။
“ဒီလိုမျိုး စိတ်လှုပ်ရှားစရာ ကစားပွဲမျိုးကို မကြုံရတာ အတော်လေး ကြာခဲ့ပြီ။ အရှင်မင်းကြီး ဟီဂယ်။ ခင်ဗျားက တကယ့်ကို ပြိုင်ဘက်ကောင်း တစ်ယောက်ပဲ။” ဂလိုရီယိုစ်၏ မျက်လုံးထဲမှ အလင်းရောင်များ လက်ခနဲ ဖြစ်သွား၏။ “ပထမနှစ်ခုက အပိုကစားနည်းတွေပါပဲ။ မရဏကစားနည်းကမှ “ကြမ္မာပြိုင်ပွဲ”ရဲ့ တကယ့် အနှစ်သာရ။ ဒီတစ်ခေါက်က ကျုပ်တို့ရဲ့ သေရေးရှင်ရေးကို ဆုံးဖြတ်ပေးနိုင်တယ်။ ခင်ဗျား အနားယူဖို့ လိုအပ်လား။”
“ဒြပ်စင်ကောင်တွေအတွက် သေရေရှင်ရေးက တည်ရှိမှု ပြောင်းလဲသွားတာထက် မပိုဘူး။ တကယ်လို့ ခင်ဗျားရဲ့ အသက်သေတ္တာထဲက ဝိညာဉ်အမြုတေ ပျောက်ကွယ်သွားမယ်ဆိုရင် ခင်ဗျားရဲ့ မသေမျိုးခန္ဓာကိုယ်လည်း အဆုံးသတ်သွားမှာ။ ခင်ဗျား အနားယူချင်လား။ ကျုပ် စိတ်မရှိပါဘူး။”
ထိုကဲ့သို့ စိတ်လှည့်ကွက်များပါဝင်သော ပြောစကားများက နှစ်ယောက်စလုံးသည် အချင်းချင်း တိတ်တဆိတ် အကွက်ချနေခြင်းကို ဆိုလိုပေသည်။
“ဒီလို အဓိပ္ပာယ်မရှိတဲ့ ဆွေးနွေးမှုမျိုးကို ဆက်လုပ်နေစရာ မလိုတော့ဘူး ထင်တယ်။ အနိုင်နဲ့ပဲ စကားပြောတာပေါ့။” ထိုသို့ ဂလိုရီယိုစ် ပြောပြီးနောက် စားပွဲပေါ်မှ မြင်ကွင်းများ ပြောင်းလဲသွားပြန်သည်။
နေရာလွတ်တစ်ခု အဆုံးအစမဲ့ ကျယ်ပြန့်သွားဟန်တူသည်။ ဟီဂယ်နှင့် ဂလိုရီယိုစ်တို့ အရှေ့တွင် ရဲတိုက်တစ်ခု ပေါ်ထွက်လာပြီး အမိန့်နှင့် ဖရိုဖရဲကို ကိုယ်စားပြုနေသည်။ ရဲတိုက် ပတ်ပတ်လည်ရှိ အချို့နေရာများမှလွဲ၍ အခြားနေရာများအားလုံးကို မြူများ ဖုံးနေလေသည်။ ထိုအချိန်တွင် နှစ်ဖက်လုံး၌ ဖဲချပ်နှစ်ချပ်သာ ရှိကြသည်။ နှစ်ခုစလုံးမှာ ဆင့်ပွားဖဲချပ်များ ဖြစ်ကြသော သစ်သားနှင့် ဓာတ်သတ္တုတို့ ဖြစ်၏။ သူတို့နှစ်ယောက်က ဖဲချပ်များကို ပစ်လွှတ်လိုက်ရာ ရဲတိုက်တစ်ဝိုက်တွင် မိုင်းတွင်းတစ်ခု ပေါ်ထွက်လာပြီး အလုပ်လုပ်နေကြောင်း ပြသသော အလင်းရောင်များ မှိတ်တုတ်မှိတ်တုတ် ထွက်လာကြသည်။ ခဏအကြာတွင် ဂလိုရီယိုစ်၏ ရဲတိုက်ပတ်ပတ်လည်တွင် လယ်ယာအိမ်ကဲ့သို့ မြင်းများ ပေါ်ထွက်လာပြီး ဟီဂယ်အရှေ့၌မူ လိုဏ်ဂူများ ရှိနေလေသည်။
နှစ်မိနစ်ခန့် ကြာပြီးနောက် လယ်ယာအိမ်နှင့် လိုဏ်ဂူပေါ်တွင် ဖဲချပ်တစ်ချပ် လွင့်ပျံနေ၏။ လယ်သမား( နတ်ဆိုးအစေခံ ).....
ဖဲချပ်က အလျင်အမြန်ပင် တကယ့်လူအဖြစ် ပြောင်းလဲသွားကာ အမိန့်အတိုင်း မိုင်းတွင်းသို့ ဝင်ရောက်ပြီး အလုပ်လုပ်တော့သည်။ ၎င်းက ဆုလာဒ်တစ်ခု ဖြစ်ဟန်တူပြီး သူတို့ နှစ်ယောက်၌ ကျောက်မျက် ဆင့်ပွားဖဲချပ်တစ်ချပ် ရှိနေကာ ကျောက်မျက်မိုင်းတွင်းကို စတင် တည်ဆောက်ကြတော့သည်။
နောက်ထပ်မြင်ကွင်းကို ကြည့်ရင်း ချန်လွေ့ ပိုပိုပြီး ရင်းနှီးလာခဲ့သည်။ ပရင့်ဇ်၏ မိတ်ဆက်မှုများ မပါဘဲ သူက မရဏကစားနည်း၏ စည်းမျဉ်းများကို သိနေပြီ ဖြစ်သည်။ အိုတာခု တစ်ယောက် အနေနဲ့ ဒါကို မသိတာ မဖြစ်နိုင်ဘူး။ တကယ်တော့ ငါ ဒါကို ကောင်းကောင်းသိတယ်။
ပထမ ကစားနည်းနှစ်မျိုးမှာ အလှည့်ကျ စကားနည်းဆိုလျှင် ယခုမှာ အချိန်နှင့်တပြေးညီ ဗျူဟာချခြင်း ဖြစ်သည်။ ချန်လွေ့ ပထမဆုံး ထိတွေ့ခဲ့ဖူးသော Red Alert and Dune မှစ၍ World of Warcraft ၊ Age of Empires ၊ StarCraft တို့နှင့် ဒုတိယ၊ တတိယမျိုးဆက်များအပါဝင် ထိုဂန္တဝင်ဂိမ်းများမှာ နာမည်ကျော်ကြားလှပေသည်။
ငါ့အရှေ့မှာရှိနေတဲ့ “မရဏကစားနည်း”က အရင်ဘဝက “သုံးဖက်မြင်” အချိန်နဲ့ တပြေးညီ နည်းဗျူဟာချရတဲ့ ဂိမ်းတွေနဲ့ နည်းနည်းလေး ကွဲပြားတယ်။ ဒါကို မောက်စ်နဲ့ မထိန်းချုပ်ဘဲ စိတ်ဝိညာဉ်စွမ်းအားနဲ့ ထိန်းချုပ်ရတာ။ မရဏကစားနည်းရဲ့ စည်းမျဉ်းက သူ့ရဲ့ နာမည်အတိုင်း ပြိုင်ဘက်ကို လုံးဝ ချေမှုန်းရတာပဲ။
နှစ်ဖက်လုံး ရှေ့တိုးလာသည်နှင့်အမျှ မြူများလည်း တဖြည်းဖြည်း ပျောက်ကွယ်လာ၏။ ချီတက်နှုန်းနှင့် တိုက်ခိုက်ရေး သက်ရောက်မှုများကို အနှောင့်အယှက် ဖြစ်စေနိုင်သော တောင်တန်းနှင့် မြစ်များအပါအဝင် ကျောက်မျက်များနှင့် သလင်းကျောက်များလည်း ပေါ်ထွက်လာကြသည်။ နှစ်ဖက်စလုံးက ရှေ့တက်ရင်း တည်ဆောက်နေကြစဉ် ရဲတိုက်ထဲတွင် တပ်သားအတော်များများကို ထုတ်လုပ်ပြီးသွားပြီ ဖြစ်သည်။ တိုက်ပွဲကလည်း အသေးစားမှ အကြီးစားအဖြစ် ဆင့်ကဲပြောင်းလဲလာ၏။
ကျက်သရေ ခေါင်းဆောင်အများအပြား ( ကျက်သရေ မြင်းတပ် အဆင့်မြင့်ယူနစ်) က ဟီဂယ်၏ မှော်ပညာရှင်ဆိုး ဆရာသခင်များ ( ဟီဂယ် မှော်ပညာရှင်ဆိုး အဆင့်မြင့်ယူနစ် ) ကို လမ်းဆုံးအထိ မောင်းထုတ်သည်။ တိုက်ခိုက်မှု အားကောင်းသော်လည်း နှေးကွေးသည့်အတွက် လက်နက်တစ်ခုတည်းဖြင့် တိုက်ခိုက်ခြင်းအတွက် အလွန်ပင် အရေးနှိမ့်လှသည်။ မှော်ပညာရှင်ဆိုး အတော်များများက လမ်းတစ်လျှောက် အသတ်ခံခဲ့ကြရသည်။ ထို့နောက် မြင်းတပ်က မရှာဖွေရသေးသော တောင်ကြားလမ်းတစ်ခုသို့ ရောက်လာ၏။ ထိုအချိန်မှာပင် ထူးဆန်းသော ဟိန်းသံတစ်သံ ပေါ်ထွက်လာလေသည်။
ဖရိုဖရဲ ဆင့်ပွားဖဲချပ် - “ဒေါသအိုး တိုတမ်” – ‘ဒေါသအိုး’ အခြေအနေ မိနစ်၃၀ အပိုရရှိ။ မဟာမိတ်အားလုံး၏ တိုက်ခိုက်မှုများကို ၅မှတ်တိုးစေပြီး ချက်ကောင်းထိနိုင်ချေ ၁၀% တိုးနိုင်။
မြင်းတပ်က နောက်ဆုတ်ရန် ပြင်သောအခါ ဝင်ပေါက်ကို ဒေါသအိုး နတ်ဆိုးစစ်သည် (နတ်ဆိုးစစ်သည် အဆင့်မြင့်ယူနစ်)က ခုန်ဝင်လာပြီး ပိတ်ဆို့လိုက်၏။ ရန်သူ အများအပြားလည်း အရှေ့တွင် ပေါ်ထွက်လာသည်။ ကဝေဘုရင်မ (တစ္ဆေကိုယ်လုပ်တော အဆင့်မြင့်ယူနစ်) သည် မြင်းတပ်အတွက် ဝိပါက် ဖြစ်၏။ ဒေါသအိုး နတ်ဆိုးစစ်သည်နောက် ပုန်းနေကြသော နတ်ဆိုး မှော်ပညာရှင် ဆရာသခင်များကလည်း ကြောက်မက်ဖွယ်ရာ စွမ်းအားများကို စတင်ထုတ်လွှတ်လာကြသည်။
ဂလိုရီယိုစ်ခေါင်းဆောင်၏ ဝိသေသလက္ခဏာက အမြန်နှုန်းနှင့် ချီတက်ခြင်း ဖြစ်သည်။ ပိုဝေးဝေး ချီတက်နိုင်လေလေ၊ တိုက်ခိုက်ရေး ပိုမိုအစွမ်းထက်လေလေ ဖြစ်၏။ ယခုတွင် အတင်းအကြပ် ဝင်စီးခံနေရသည့်အတွက် စွမ်းအားအပြည့်အဝ မထုတ်နိုင်ပေ။ ကုသခြင်းနှင့် သန့်စင်ခြင်းများ ပြုလုပ်နိုင်ကြသော သိဒ္ဓိဘုရင်မများ (ငွေဘုရင်မ အဆင့်မြင့်ယူနစ်) ရှိသော်လည်း ရန်သူနှင့် အခြေအနေ ကွာဟလွန်းလှသည်။ အခြေအနေ အရေးမသာလှသည့် အတွက်ကြောင့် စစ်တပ်တစ်ခုလုံး သုတ်သင်ခံလိုက်ရပြီး မည်သူမှ အသက်ရှင် မကျန်ခဲ့ပေ။
ရန်သူ၏ အဓိကမြင်းတပ်ကို ထောင်ခြောက်သို့ မျှားခေါ်ပြီး ရှင်းပစ်ပြီးနောက် ဟီဂယ်က ဂလိုရီယိုစ်၏ စစ်တပ်အင်အား ဖြန့်ဝေမှုကို အကြမ်းဖျဉ်း ခန့်မှန်းမိလိုက်နိုင်သည်။ သူက အလျင်အမြန်ပင် အဓိကဗိုလ်ခြေကို စုစည်းပြီး ရန်သူ၏ ရဲတိုက်ဘက်သို့ ချီတက်တိုက်ခိုက်ရန် ပြင်ဆင်သည်။
သို့သော်လည်း ထိုအချိန်၌ ရုတ်တရက် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။ ဟီဂယ်က မိမိ၏တပ်ဖွဲ့ထဲ၌ ရန်သူတပ်သား အများအပြား ပေါ်ထွက်လာသည်ကို ရှာတွေ့သွား၏။ အစပိုင်းတွင် ဟိုတစ်စ ဒီတစ်စသာ ဖြစ်နေသေးသော်လည်း သူတို့ စုစည်းလိုက်သောအခါ အရေအတွက်က အတော်လေး ကြောက်မက်ဖွယ်ရာ ကောင်းသွားလေသည်။ ဒါက ရန်သူရဲ့ တကယ့်စစ်တပ်ပဲ။
ရဲတိုက်သို့ ရန်သူ၏ အဓိကစစ်တပ် အလွန်အမင်း လျင်လျင်မြန်မြန် ချီတက်လာနေသည်ကို မြင်သည့်အခါ ဟီဂယ်၏ အနီရောင်မျက်လုံးများ ရုတ်တရက် ကျုံ့သွား၏။ ဆင့်ပွားဖဲချပ် - ‘’ချီတက်ခရာ - မိနစ်၃၀အတွင်း လှုပ်ရှားမှု အမြန်နှုန်းကို ၅၀% တိုးစေနိုင်။
ချက်ချင်းပင် ဟီဂယ်က ရန်သူ၏ နည်းဗျူဟာကို သဘောပေါက်သွားခဲ့သည်။ ဂလိုရီယိုစ်က သူ၏အာရုံကို ဆွဲဆောင်ရန်အတွက် မြင်းတပ်၏ အဓိကအင်အားစုကို တမင် စတေးခဲ့ပြီး သူ၏အဓိကနေရာသို့ ခိုးဝင်ရန်အတွက် လူစုခွဲခဲ့ခြင်း ဖြစ်သည်။ ထိုလုပ်ရပ်က အတော်လေး အန္တရာယ်များသည်ဟု ပြောရပေမည်။ ဟီဂယ်က မြင်းတပ်နောက်သို့ မလိုက်ခဲ့ဘဲ အဓိကစစ်တပ်ကို တည်တည်ငြိမ်ငြိမ် နေနေရစ်ခိုင်းခဲ့လျှင် ထိုကျူးကျော်လာသော စစ်တပ်က ချေမှုန်းခံရပြီး အခြေအနေ ပြောင်းပြန်ဖြစ်သွားမည် ဖြစ်သည်။ ယခုတွင် ဂလိုရီယိုစ်၏ အဓိကစစ်တပ်က ဟီဂယ်၏ အသက်သွေးကြော နယ်မြေသို့ ချဉ်းကပ်လာလေပြီ။ ရဲတိုက်ကို ကျူးကျော်ခံလိုက်ရသည်နှင့် ထုတ်လုပ်ရေး အရင်းအမြစ် ဖြတ်တောက်ခံရပြီး ရန်သူကမူ တပ်သားအသစ်များ ဆက်လက်ထုတ်လုပ်နိုင်မည် ဖြစ်ပေသည်။ ထိုအပြင်ဘက်ရှိ တပ်သားများကလည်း နှစ်ဖက်ညှပ်တိုက်ခံရပြီး သေချာပေါက် ရှုံးနိမ့်သွားပေလိမ့်မည်။
ထိုကဲ့သို့ အခြေအနေနှင့် ရင်ဆိုင်ရလိမ့်မည်ဟု ဟီဂယ် မထင်မှတ်ထားခဲ့ပေ။ သူက ရဲတိုက်ကို မကယ်ရန် ဆုံးဖြတ်ချက်ချလိုက်ပြီး မြို့စောင့်တပ် အနည်းငယ် ရွှေ့ပြောင်းကာ အပြည့်အဝ ကာကွယ်ရန် ပြင်ဆင်ပြီး ရန်သူ၏ ရဲတိုက်ကို အမြန်ဆုံးတိုက်ခိုက်ရန်အတွက် အဓိကစစ်တပ်ကို ထိန်းချုပ်လိုက်သည်။
ဝမ်းနည်းဖွယ်ရာ တိုက်စစ်နှင့်ခံစစ် စတင်လေပြီ။ သို့သော်လည်း ဂလိုရီယိုစ်က တိုက်ခိုက်ရန် ပြင်ဆင်ထားခဲ့သည်။ သူက တမင်တကာပင် အကာအကွယ် အများအပြားကို ဖန်တီးထား၏။ သူက ဖရိုဖရဲစစ်တပ်၏ ဝိပါက်ဖြစ်သော အစွမ်းအထက်ဆုံး ဆင့်ပွားဖဲချပ် “နေ”ကို “ဆန်းကြယ်စျေးဆိုင်”မှ ဝယ်ယူရန်အတွက် အရင်းအမြစ် အများအပြားကိုလည်း အသုံးပြုခဲ့လေသည်။
“နေ” - အမိန့်တပ်ဖွဲ့၏ ခံစစ်နှင့် အသက်ကို ၃၀% တိုးစေ။ ဖရိုဖရဲတပ်ဖွဲ့၏ တိုက်ခိုက်မှုနှင့် အမြန်နှုန်းကို ၂၀% လျှော့စေနိုင်။
ထိုကဲ့သို့ အသေအချာ ပြင်ဆင်ထားသော အခြေအနေ၌ ဟီဂယ်က ရန်သူ၏ ရဲတိုက်နားသို့ လုံးဝ မရောက်နိုင်ခင်မှာပင် သူ၏ စခန်းက ဂလိုရီယိုစ်၏ စစ်တပ်ကြောင့် ချေမှုန်းခံလိုက်ရလေသည်။ အဆောက်အအုံနှင့် စက်ရုံများအားလုံး ပျက်စီးသွား၏။ အရှေ့ အနောက် တိုက်ခိုက်မှုကြောင့် ဟီဂယ်၏ စစ်တပ်က လုံးဝ ချေမှုန်းခံလိုက်ရလေသည်။
နောက်ဆုံးစစ်သည် ချေမှုန်းခံလိုက်ရသည်ကို ကြည့်နေရင်း ဟီဂယ်၏ မျက်လုံးထဲ၌ ပြင်းထန်သော လက်မခံနိုင်မှုကို ပြသနေသည်။ ထို့နောက် စစ်ပွဲမီးတောက် မြင်ကွင်းများ တဖြည်းဖြည်း ပျောက်ကွယ်လာကာ မူလ ချောမွေ့သော စားပွဲအဖြစ်သို့ ပြန်ရောက်လာ၏။
“ခင်ဗျား ရှုံးသွားပြီ။” သေရွာပြန်ဘုရင်က ကြက်သီးထစရာကောင်းအောင် ရယ်လိုက်သည်။ အလယ်မှ မရဏဘုရင်၏ ကောက်ရိတ်ဓား ဝှေ့ရမ်းလိုက်သောအခါ ထရုံသာ ရှိနေသေးသာ ဟီဂယ် တုန်လှုပ်သွား၏။ သူက လျို့ဝှက်ဆန်းကြယ်သော စည်းမျဉ်းတစ်ခု၏ စွမ်းအားအောက်တွင် မလှုပ်နိုင်တော့ပေ။ အမှောင်ဒြပ်စင်ကောင် အားလုံးကလည်း ထိုအတိုင်းပင် ဖြစ်နေ၏။
နှစ်ဖက်လုံး လက်မှတ်ထိုးထားသော စာချုပ်တစ်ခုက ဂလိုရီယိုစ်၏ လက်ထဲ၌ ပေါ်ထွက်လာသည်။ “ဒီစာချုပ်ကို ဆွဲဖြဲလိုက်တာနဲ့ အမှောင်ဒြပ်စင်ကောင်တွေရဲ့ ခန္ဓာကိုယ်တွေ ချေမှုန်းခံရပြီးတော့ တစ်သက်လုံး နာကျင်ပြီး အမုန်းတရားတွေ ပြည့်နေတဲ့ ဝိညာဉ်အနေနဲ့ ကျန်ခဲ့မှာပဲ။ ခင်ဗျားရဲ့ ဒြပ်စင်နှလုံးသားလည်း လုံးတ ကွဲကြေပြီးတော့ ပြန်ပြင်ဆင်လို့ ရတော့မှာ မဟုတ်ဘူး။ ဒြပ်စင်ဘုရင်တစ်ပါးရဲ့ သေခြင်းရှင်ခြင်းကို ထိန်းချုပ်နိုင်ရတာက တကယ့်ကို ကျေနပ်စရာပဲ ......”
ထိုသို့ပြောပြီးနောက် သေရွာပြန်ဘုရင်က ချန်လွေ့ကို ကြည့်လိုက်သည်။ “မင်း တစ်ခုခု မပြောတော့ဘူးလား။ ဥပမာ... ငါနဲ့ လောင်းကြေးထပ်ပြီးတော့ ဒီအဖော်တွေရဲ့အသက်ကို ပြန်ယူတာပဲ ဖြစ်ဖြစ်ပေါ့။”
“အရှင်မင်းကြီး ဂလိုရီယိုစ်က ဒီလိုတောင်းဆိုမှတော့ လုပ်ရုံပဲ ရှိတော့တာပေါ့။” ချန်လွေ့က လက်ဖြန့်ပြလိုက်သည်။ “ကြည့်ရတာ ရွေးစရာ မရှိတဲ့ပုံပဲ။”
“အိုး။ မင်းက တကယ်ပဲ ငါ့ကို အနိုင်ယူပြီးတော့ အမှောင်ဒြပ်စင်ကောင်တွေရဲ့ အသက်ကို ကယ်တော့မှာလား။ ဖျက်ဆီးခြင်းမျှော်စင်ကို မဝင်ဘဲနဲ့လေ။” အမှောင်ဒြပ်စင်ဘုရင်က ခနဲ့သော သဘောဖြင့် ပြောလိုက်သည်။ “သူတို့က မင်းကို အဖော်အနေနဲ့ အသိအမှတ် မပြုတာကို မေ့သွားပြီလား။”
“အမှောင်ဒြပ်စင်ကောင်တွေက ကြမ်းကြုတ် ရက်စက်ပြီးတော့ အငြိုးကြီးတယ်။ သူတို့က ကျုပ်ရဲ့ မိတ်ဆွေတွေ မဟုတ်တဲ့အပြင်က သိပ်မကြာခင်က ရန်သူတွေတောင် ဖြစ်ခဲ့တယ်။ ဒါပေမဲ့ အခု ကျုပ်တို့က အကြောင်းရင်းတချို့ကြောင့် အမုန်းတရားတွေကို မေ့ထားပြီးတော့ ပူးပေါင်းထားကြတယ်။” ချန်လွေ့က မလှုပ်ရှားနိုင်ကြသော ဟီဂယ်နှင့် အမှောင်ဒြပ်စင်ကောင်များကို ကြည့်လိုက်သည်။ ထို့နောက် သူ ပုခုံးတွန့်လိုက်၏။ “ဒါပေမဲ့ ကျုပ်က ဒီလိုမျိုး ရန်သူတွေကို အပြုံးနောက်မှာ ဓားဝှက်ထားတဲ့ မိတ်ဆွေတွေထက် ပိုပြီးတော့ ရင်ဆိုင်ချင်တယ်။ ပြီးတော့လည်း အမှောင်ဒြပ်စင်ကောင်တွေရဲ့စွမ်းအားကို လိုအပ်တဲ့ ကိစ္စတစ်ခု ကျုပ်မှာ ရှိနေသေးတယ်။ ကျုပ်အတွက် ဒါက အမှောင်နဂါးဧကရာဇ်ရဲ့ ရတနာသိုက်ထက်ကို ပိုပြီးတော့ အရေးပါတယ်။”
--အစ်ဇဘယ်လာရဲ့ ကျိန်စာက နောက်ဆုံးအခြေအနေကို ရောက်နေပြီ။ အဲဒါကို ဖြေရှင်းဖို့ ငါ ဟီဂယ်ကို လိုအပ်တယ်။ သူ သေလို့ မဖြစ်ဘူး။
“ကောင်းပြီလေ။ ပြောစရာဇာတ်လမ်းရှိတဲ့ ဝိညာဉ်ကို ငါ သဘောကျတယ်။ ခွဲဖို့ခက်တဲ့ အရာတွေကို ခွဲရတဲ့အခါ ပိုပြီးတော့ အရသာရှိတာကိုး။” ဂလိုရီယိုစ်က တည်ငြိမ်လျက် မေးစေ့ကို ကိုင်နေလိုက်သည်။ “ခုနက ကစားတာ အတော်လေး ပျော်ခဲ့ရတယ်။ စားသောက်ပြီးလို့ အချိုပွဲ တည်ခင်းပေးတာကို ငါ စိတ်မရှိဘူး။ မင်း စည်းကမ်းတွေကို သိပါတယ်။ ကစားပွဲမှာ ပါချင်ရင် သက်ဆိုင်တဲ့ အလဲအလှယ်တွေကို ပြင်ဆင်ထားရမယ်။ ဒါပေမဲ့... ဒါက ပြဿနာ မဟုတ်လောက်ဘူး။ ဒီနာဂါတွေနဲ့ ဒြပ်စင်ကောင်တွေက မင်းကို သူတို့ရဲ့အသက်တွေ ပုံအပ်ဖို့ ပြင်ဆင်ပြီးသွားလောက်ပြီ။”
“ကျုပ်ရဲ့အဆင့်က နိမ့်လွန်းတယ်။ အားလုံးရဲ့အသက်တွေနဲ့ မလောင်းရဲပါဘူး။” ချန်လွေ့က ခေါင်းခါသည်။ “ဒါပေမဲ့ အလဲအလှယ်ကတော့ သေချာပေါက် လိုအပ်တယ်။ ဒါက အရှင်မင်းကြီး စိတ်ဝင်စားမယ့် အရာတစ်ခုခုကို အစားထိုးနိုင်မလား မသိဘူး။”
သေရွာပြန်ဘုရင် ခေါင်းခါသည်။ “အသက်အတွက် လောင်းကြေးကို အသက်နဲ့ပဲ လောင်းလို့ရမယ်။ ဒါပေမဲ့ ငါ့ကို စိတ်ဝင်စားစေမယ့် အလဲအလှယ်ကို အရင် နားထောင်ချင်တယ်။”
“ရှေးဟောင်း မသေမျိုး လျို့ဝှက်ပညာရပ်လား။”
သေရွာပြန်ဘုရင်က အထင်သေးလျက် ခေါင်းခါသည်။ “မင်းက မသေမျိုး မှော်ပညာကို အလောင်းအောက်လမ်းပညာရှင် အရှေ့မှာ ကြွားချင်တာလား။ မသေမျိုး မှော်ပညာကို ဖန်တီးခဲ့တာ ဘယ်လောက်ကြာပြီမို့လို့ ‘ရှေးဟောင်း’ လျို့ဝှက်ပညာရပ်တွေ ဘယ်က ရောက်လာတာလဲ။”
“ရှေးခတ်တုန်းက မသေမျိုး လျို့ဝှက်ပညာရပ်တွေ ရှိခဲ့တယ်။ အဲဒါက အရိုးခြောက် မှော်ပညာရှင်တွေ၊ အရိုးခြောက် မိုးပျံသားရဲတွေ ဖန်တီးနိုင်ခဲ့အပြင်ကို ဧရာမနဂါးရဲ့ အရိုးကို အသုံးချပြီးတော့ မသေမျိုး နဂါးတွေကိုလည်း ဖန်တီးနိုင်ခဲ့တယ်။ အရှင်မင်းကြီး ဂလိုရီယိုစ်က တကယ့် ဆရာသခင်တစ်ယောက်ပဲ။ ဒါက အစစ်အမှန်လားဆိုတာကို ကျုပ် အသုံးအနှုန်း တစ်လုံးနှစ်လုံး ပြောရုံနဲ့ အရှင်မင်းကြီး ခွဲနိုင်ပါတယ်။ ဝိညာဉ်အခြေမျဉ်း ၁၆၃.၅၄၉၊ စိတ်ဝိညာဉ် အပိုင်းအခြား ၁၂ထပ်၊ တယ်လီမာတူ နှစ်ရောင်ပေါင်းစပ်ကွင်းဆက်။”
ထိုရှေးဟောင်းလျို့ဝှက်ပညာရပ်များမှာ လှည့်ကွက်တစ်ခု ဖြစ်သော်လည်း ထိုကဲ့သို့ အခေါ်အဝေါ်များမှာ အမှန်တကယ်ပင် မသေမျိုး ဧရာမနဂါးများ ထုတ်လုပ်သည့် လုပ်ငန်းစဉ်များ၏ “ပညာရပ်အသုံးအနှုန်းများ” ဖြစ်ပေသည်။ ၎င်းကို ချန်လွေ့အရှေ့၌ ဂူရာဒန် ကြွားဝါခဲ့စဉ်က မှတ်ထားခြင်း ဖြစ်၏။
ဂူရာဒန်၏စွမ်းအားက ဂလိုရီယိုစ်ထက် များစွာနိမ့်ကျသော်လည်း မသေမျိုးမှော်ပညာ၌ သူ၏ သုသေတနပါရမီက ထူးချွန်လှပေသည်။ ချန်လွေ့၏ လှုံ့ဆော်မှုကြောင့် သူ၏ ဉာဏ်ကွန့်မြူးမှုများ လျှံထွက်နေခဲ့လေသည်။ တစ်ဝက်သာ ပြီးခဲ့သော စိတ်ဝိညာဉ်နဂါးက မြို့တော်၏ နတ်ဆိုးအရှင်သခင်အဆင့်ဖြစ်သူ ပီဂါဆက်ကို သတ်နိုင်ခဲ့သည်။
ထိုအသုံးအနှုန်းများကို ကြားသောအခါ သေရွာပြန်ဘုရင်၏ မျက်လုံးထဲမှ အပြာရောင် မီးတောက်များ တောက်လောင်သွားခဲ့သည်။ “မင်းက နဂါးစွမ်းအား အမြုတေရဲ့ ဝိညာဉ် အခြေခံအချက်အလက်ကို ဒဿမအနောက် သုံးလုံးအထိ တိတိကျကျ လုပ်နိုင်တာပဲ။ ဟုတ်တယ်။ ဒါဆိုရင် နောက်ထပ် စိတ်ဝိညာဉ် အပိုင်းအခြားရဲ့ ၁၂ထပ်မြောက်က အတော်လေး သင့်တော်တယ်။ နောက်ကွယ်မှာရှိတဲ့ တယ်လီမာတူရဲ့ နှစ်ရောင်ပေါင်းစပ်ကွင်းဆက်က အဆင့်၇ ဝိညာဉ်မငြိမ်မသက်မှုကို တည်ဆောင်စေနိုင်တယ်။ ပြီးတော့ကော....”
ချန်လွေ့ ဆက်ပြောမည် မဟုတ်ပေ။ သူက အသာလေး ပြုံးလိုက်သည်။ “ကြည့်ရတာ အရှင်မင်းကြီးက စစ်မှုန်မှုကို ခွဲခြားနိုင်သွားတဲ့ပုံပဲ။”
သေရွာပြန်ဘုရင်၏လေသံက ပြန်လည် တည်ငြိမ်သွားပြန်သည်။ “အဲဒါက ရှေးဟောင်း လျို့ဝှက်ပညာရပ် ဟုတ်ဟုတ် မဟုတ်မဟုတ် မင်းပေးနိုင်တာက အတော်လေး တန်ဖိုးရှိတဲ့ အရာတစ်ခုပဲ။ ဒါပေမဲ့ ငါလိုချင်တဲ့ အပေးအပူက အသက် ဖြစ်နေတုန်းပဲ။ မင်းရဲ့အသက်နဲ့ မသေမျိုး လျို့ဝှက်ပညာရပ်ကို ဒီကစားပွဲအတွက် အလောင်းအကြေး လုပ်ရမယ်။”
ချန်လွေ့က ခဏစဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီလေ။ ကျုပ်ရှုံးရင် ကျုပ်ရဲ့အသက်နှင့် လျို့ဝှက်ပညာရပ်က ခင်ဗျားအပိုင်ပဲ။ ခင်ဗျားရှုံးမယ်ဆိုရင် အမှောင်ဒြပ်စင်ဘုရင်နဲ့ အမှောင်ဒြပ်စင်ကောင်တွေရဲ့ သေရေးရှင်ရေးစာချုပ်ကို ပယ်ဖျက်ပေးရမယ်။ ပြီးတော့ ကျုပ်မှာ တောင်းဆိုစရာလေးတစ်ခု ရှိတယ်။ ဒီလို မှော်ဖဲချပ် စကားနည်းမျိုးကို ကျုပ် တစ်ခါမှ မကစားဖူးဘူး။ အရင်လေ့ကျင့်လို့ ရနိုင်မလား။”
“လေ့ကျင့်ဖို့လား။” သေရွာပြန်ဘုရင်၏ အကြည့်က အနည်းငယ် မယုံသင်္ကာ ဖြစ်သွား၏။ “သူ့ရဲ့ သတ္တိကိုပဲ ချီးမွမ်းရမလား။ ဒါမှမဟုတ် မိုက်မဲတဲ့ လူသစ်တစ်ယောက်ကို ပျက်ရယ် ပြုရမှာလား။ နည်းနည်း ပိုပျော်ဖို့အတွက် ငါမင်းကို လေ့ကျင့်ဖို့ အခွင့်အရေးတစ်ခု ပေးမယ်။ ဒီတစ်ခေါက် မင်းရဲ့ပြိုင်ဘက်က ပရင့်ဇ်ပဲ။ သူ့ကိုနိုင်ရင် ငါမင်းနဲ့ လောင်းကြေးထပ်မယ်။ မင်း ရှုံးရင်တော့ မင်းရဲ့ဘဝ ခပ်စောစော အဆုံးသတ်တာပေါ့။”
ချန်လွေ့က ပရင့်ဇ်ကို ဖျပ်ခနဲ ကြည့်လိုက်သည်။ “ကောင်းပြီလေ။”
“ယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အရှင်မင်းကြီး။ ဒီလူရဲ့ခေါင်းကို ကျွန်တော်မျိုးကိုယ်တိုင် ဖြတ်လိုက်ပါ့မယ်။” ပရင့်ဇ်က သေရွာပြန်ဘုရင်အား ရိုရိုသေသေနှင့် အလေးပြုလိုက်သည်။ ထို့နောက် ချန်လွေ့ကို ကြည့်လိုက်သောအခါ သူ၏မျက်နှာက အထင်သေးပြီး မောက်မာသောမျက်နှာအဖြစ် ပြောင်းလဲသွားခဲ့သည်။ “အဆင့်နိမ့်တဲ့ သတ္တဝါအတွက် အရှင်မင်းကြီး လှုပ်ရှားစရာတောင် မလိုပါဘူး။ ကျွန်တော်မျိုး ပရင့်ဇ်က...”
“အပိုတွေ ပြောမနေနဲ့တော့။ ဒါက ပထမအချီဆိုတော့ မရဏကစားနည်းကို ရွေးမယ်။” ချန်လွေ့က ထိုသူနှင့် စကားမများချင်ပေ။ သူက ဖဲချပ်စားပွဲအရှေ့၌ တစ်ခါတည်း ဝင်ထိုင်လိုက်သည်။ ထိုင်ပြီးနောက် သူက သီးခြားနေရာလွတ်တစ်ခုသို့ ဝင်ရောက်သွားပြီး စိတ်ဝိညာဉ်စွမ်အားကို လွတ်လွတ်လပ်လပ် အာရုံမခံနိုင်တော့ကြောင်း ခံစားလိုက်မိသည်။ သို့သော်လည်း စိတ်ဝိညာဉ်စွမ်းအား ကုန်ဆုံးမှုမှာ သာမန်အသုံးပြုခြင်း၊ လေ့ကျင့်ခြင်းတို့ထက် အဆသုံးလေးဆ ပိုများပေသည်။ ထိုကဲ့သို့ ကစားနည်းမျိုးက အားကောင်းသော စိတ်ဝိညာဉ်စွမ်းအား လိုအပ်သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
ပရင့်ဇ်က အံကြိတ်လိုက်သည်။ “မသိမနားလည်တဲ့ အမှိုက်ကောင်။ မင်းကို ငါ အစောကြီး အဆုံးသတ်မှာ မဟုတ်ဘူး။ မင်းရဲ့ အဆောက်အအုံတိုင်း ဖျက်ဆီးခံရတာ၊ စစ်သည်တိုင်း အသတ်ခံရတာကို မင်း မြင်စေရမယ်။ မင်းရဲ့ခန္ဓာကိုယ်ကို တစ်လက်မချင်း ဆုတ်ဖြဲပြီးတော့ မင်းရဲ့ ဝိညာဉ်ကို အရှင်မင်းကြီးဆီ အပ်နှင်းပစ်မယ်။”
“အန္တိမ နဲ့ ပြိုင်စံရှား ကို မင်း ထည့်ပြောဖို့ မေ့သွားတယ်။” အဓိပ္ပာယ်မရှိသော စကားစစ်ထိုးမှုများ ကြားထဲ၌ မရဏကစားနည်း စတင်တော့သည်။ အမိန့်နှင့် ဖရိုဖရဲကို ကြုံရာကျပမ်း ရွေးချယ်ကြရပြီး ချန်လွေ့က အမိန့်ကို ရွေးချယ်မိခဲ့သည်။ ထို့နောက် သူ၏ အရှေ့တွင် မြင့်မြတ်သော အငွေ့အသက်များ ပြည့်နှက်နေသော ရဲတိုက်တစ်ခု ပေါ်ထွက်လာ၏။ သူ၏လက်ထဲ၌ အခြေခံ ဖဲချပ်နှစ်ခု ရှိနေပြီး ၎င်းတို့မှာ သစ်သားနှင့် ဓာတ်သတ္တုတို့ ဖြစ်ကြသည်။ လမ်းအသစ်မဖောက်ရသေးခင် အချိန်အထိ သူ၏ စိတ်ဝိညာဉ်စွမ်းအားက ကျန်ရှိသော မြူနှင်း နေရာများကို ဖောက်ထွင်းမြင်နိုင်မည် မဟုတ်ပေ။
အပြင်မှ အေးစက်စက် ကြည့်နေသော ဂလိုရီယိုစ်က အစပိုင်းတွင် ချန်လွေ့၏ တိုက်ခိုက်ရေး ပုံစံနှင့် နည်းဗျူဟာ အလေ့အကျင့်များကို လေ့လာနေခဲ့သော်လည်း မိနစ် အနည်းငယ် ကြည့်ပြီးနောက် ဆက်ကြည့်ရန် စိတ်မဝင်စားတော့ပေ။
လူသစ်ပဲ။ ရာနှုန်းပြည့်ကို လူသစ်။
၎င်းမှာ ချန်လွေ့အပေါ် သေရွာပြန်ဘုရင်၏ အကဲဖြတ်ခြင်း ဖြစ်၏။ သူ၏ အတွေ့အကြုံအရ ချန်လွေ့သည် လိုက်လျောညီထွေမြန်ပြီး သင်ယူမှုစွမ်းရည် ကောင်းမွန်သော လူသစ်တစ်ယောက်ဖြစ်ကြောင်း ပြောနိုင်လေသည်။ ထိုကဲ့သို့ အတွေ့အကြုံ မရှိသော စွမ်းဆောင်ရည်မျိုးမှာ ဟန်ဆောင်နေခြင်း မဟုတ်ကြောင်း သေချာပေသည်။ ပရင့်ဇ်၏ အဆင့်ကလည်း သေရွာပြန်ဘုရင်၏ မျက်လုံးထဲ၌ မရှိပေ။ ထို့ကြောင့် သူက ထိုကဲ့သို့ အလယ်အလတ်ပွဲမျိုးကို သတိထားစောင့်ကြည့် မနေတော့ပေ။