သေရွာပြန်ဘုရင်ရဲ့အမျက်
Vol. 40 Ch. 619
“ကြမ္မာတိုက်ပွဲ”သည် သန့်စင်သော စိတ်ဝိညာဉ်စွမ်းအား ထိန်းချုပ်မှု လိုအပ်သည်။ ထိုသို့ တွေးပြီးသည်နှင့် ချန်လွေ့က အခြေခံ ဆောက်လုပ်ရေး ဖဲနှစ်ချပ်ကို အသုံးပြုပြီး အလိုအလျောက် သစ်ထုတ်ခြံဝင်းနှင့် သတ္တုတွင်းများအဖြစ် ပြောင်းလဲလိုက်သည်။
သစ်သား ယူနစ်၁၀ခုနှင့် သတ္တု ယူနစ်၂ခုက လယ်သမား ဖဲချပ်တစ်ချပ်ကို ထုတ်ပေးနိုင်၏။ လယ်သမားဆိုသည်မှာ အနိမ့်ဆုံး စစ်သည်အမျိုးအစားဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းအားကလည်း သနားစဖွယ် ကောင်းလောက်အောင် နိမ့်ပါးလှသည်။ အဆင့်မြင့်ယူနစ်ဖြစ်သော “လယ်လုပ်သူ” သည်ပင် အတူတူ ဖြစ်၏။ သို့သော်လည်း လယ်သမားတွင် ထုတ်လုပ်ရေး ဝိသေသလက္ခဏာ ရှိသည်။ အကယ်၍ သူတို့က အရင်းအမြစ်နေရာသို့ ရောက်သွားလျှင် အရင်းအမြစ် ထုတ်လုပ်ရေး အမြန်နှုန်းကို ကြီးကြီးမားမား တိုးပွားစေနိုင်ပေသည်။
အမိန့်နှင့် ဖရိုဖရဲ စွမ်းရည်များက မတူကွဲပြားသော်လည်း အတော်လေး မျှခြေညီလှ၏။ သူတို့နှစ်ခုလုံး အနိမ့်ဆုံးများ ဖြစ်ကြသည်။ လယ်သမား၏ အသက်က နတ်ဆိုးအစေခံကဲ့သို့ မမြင့်မားလှသော်လည်း သစ်ဖြတ်ပြီး သတ္တုတူးဖော်ရာ၌ ပိုမိုမြန်ဆန်ပေသည်။ လယ်တဲတစ်ခု တည်ဆောက်ရန် ကုန်ကျစရိတ်ကလည်း နတ်ဆိုးအစေခံဂူထက် နိမ့်ပါးသည်။ သို့သော်လည်း ကျောက်မျက်နှင့် ရေသလင်းကျောက် တူးဖော်ခြင်းက နတ်ဆိုးအစေခံလောက် မကောင်းပေ။
၎င်းမှာ ဂိမ်းတစ်ခုနှင့် ညီမျှပေသည်။ ချန်လွေ့က စစ်သည်အမျိုးအစားများ၏ ဝိသေသလက္ခဏာများနှင့် လေးလေးနက်နက် ရင်းနှီးအောင် ပြုလုပ်နေရင်း စတင်စီမံတော့သည်။
စိတ်ဝင်စားစရာ မကောင်းဘဲ ပျင်းစရာကောင်းသည်ဟု သေရွာပြန်ဘုရင် သတ်မှတ်ထားသော ထိုကစားပွဲက နာဂါနှင့် ဒြပ်စင်ကောင်များ၏ မျက်လုံးထဲ၌ စိတ်လှုပ်ရှားဖွယ်၊ ရင်ဖိုစရာပင် ဖြစ်နေ၏။ ချန်လွေ့က ပရင့်ဇ်၏ ဖိနှိပ်ခြင်းကို ခံနေရပြီး အမိန့်အစုအဖွဲ့၏ ခံစစ်ကြောင်းနှင့် ခုခံစွမ်းအားကောင်းမွန်သော ချန်ပီယံဓားသမား အများအပြား ထုတ်လုပ်ထားခြင်း ကြောင့်သာ မဟုတ်လျှင် ပရင့်ဇ်၏ အပြင်းအထန် အကြိမ်များစွာ တိုက်ခိုက်ခြင်းကို မခံနိုင်ဘဲ ရဲတိုက်ပင် ပြိုလဲသွားမည် ဖြစ်သည်။
အချိန်အတော်ကြာ အပြင်းအထန် တိုက်ခိုက်ပြီးနောက် ပရင့်ဇ်က တပ်သား အများအပြား ဆုံးရှုံးသွားခဲ့သည်။ ထို့ကြောင့် သူ ခဏတာ ရပ်တန့်လိုက်၏။ ချန်လွေ့က ရန်သူ ရှာမတွေ့သေးသော အရင်းအမြစ်များကို အသုံးချပြီး အသည်းအသန် ထုတ်လုပ်နေသော်လည်း စတင်၍ မတိုက်ခိုက်ပေ။ သူက ကာကွယ်ရေး မှော်မျှော်စင်ကို တစ်ဆင့်ချင်း တည်ဆောက်ပြီး ခံစစ်နယ်မြေကို တစ်လှမ်းချင်း ဖြန့်ကျက်လျက် ရှိနေ၏။
ပရင့်ဇ် နောက်ထပ် တိုက်ခိုက်လာပြန်သည်။ ယခုတစ်ခေါက်တွင် ချန်လွေ့က တပ်သား အနည်းငယ်သာ ဆုံးရှုံးခဲ့ရပြီး အဓိက တိုက်ခိုက်ရေးတပ်ဖွဲ့ဖြစ်သည့် ကျက်သရေမြင်းတပ်ကို ဖန်တီးလိုက်နိုင်သည်။ သို့သော်လည်း သူက စတင် မတိုက်ခိုက်သေးဘဲ သေသေချာချာသာ ခုခံကာကွယ်နေ၏။
ထို့နောက် ခုခံရင်း ခုခံရင်း ခုခံနေလေသည်......
မိနစ်အနည်းငယ်အကြာ နောက်ဆုံးတွင် ချန်လွေ့ တန်ပြန်တိုက်ခိုက်တော့သည်။ လွန်ကဲသော အားသာချက်ရှိနေသည့် အင်အားကြီး တပ်ဖွဲ့က လမ်းတစ်လျှောက် ချီတက်လာရင်း ပရင့်ဇ်၏ ရဲတိုက်ကို ဝိုင်းရံလိုက်သည်။ ထို့နောက်မှသာ ပရင့်ဇ်က မိမိ၏ အရင်းအမြစ်များသည် တပ်သား အလွန်အကျွံ ဆုံးရှုံးမှုကြောင့် မလုံမလောက် ဖြစ်နေကြောင်း သဘောပေါက်သွား၏။ အသစ်ဖန်တီးထားသော ဒေါသအိုး နတ်ဆိုးစစ်သည် အနည်းငယ်အပြင် နန်းတော်ထဲ၌ မဟာနတ်ဆိုးအစေခံသာ ကျန်ရှိတော့သည်။
ပရင့်ဇ်က အရင်းအမြစ် ကုန်ခမ်းပြီး သေဆုံးသွားသည်ဟု ပြော၍ရနိုင်ပေသည်။
ချန်လွေ့က ထိုသို့ ရှည်ကြာသောတိုက်ပွဲ၌ နောက်ဆုံး အောင်နိုင်သူ ဖြစ်လာခဲ့သည်။ နာဂါများနှင့် ဒြပ်စင်ကောင်များကလည်း အလွန်ပျော်ရွှင်သွားကြသည်။ ဒိုဒိုက ပို၍ပင် ပြုံးဖြီးဖြီး လုပ်နေရင်း မဟာအန္တိမပြိုင်ဘက်ကင်း သခင်ကြီး သက်ရှည်ပါစေ ဟူ၍ အော်ဟစ်နေ၏။ ချွဲကျိကောင်၏ လေ့လာစွမ်းရည်က အချို့နေရာများက ထူးချွန်လှသည်ဆိုသည်မှာ အမှန်ပင် ဖြစ်ပုံရသည်။
ပရင့်ဇ်က သေရွာပြန် ဘုရင်ထံသို့ စိတ်ဓာတ်ကျလျက် ရောက်လာသည်။ “မဟာ အရှင်မင်းကြီး။ ကျွန်တော်မျိုး တောင်းပန်ပါတယ်။ အဲဒီကောင်ရဲ့ လှည့်ကွက်ထဲကို ရောက်သွားလို့ပါ။ ကျွန်တော်မျိုးကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးပါ။ ကျွန်တော်မျိုး သေချာပေါက်.....”
“တိတ်စမ်း။ အမှိုက်ကောင်။” ဂလိုရီယိုစ်က တင်းတင်းမာမာ ပြောလိုက်သည်။ “နာရီဝက်အတွင်း အပြီးသတ်နိုင်တဲ့ တိုက်ပွဲက ၃နာရီကြာတဲ့အထိ အချိန်ဆွဲခံခဲ့ရသည်။ နောက်ဆုံး မင်း ရှုံးနိမ့်ခဲ့တယ်။ မင်းက သူ့ကို ရှုံးခဲ့တယ်ဆိုရင် အလဲအလှယ်အတိုင်း ပေးဆပ်ရမယ်။”
ပရင့်ဇ်က ကြောက်လန့်သော အမူအရာ ပြသလိုက်သည်။ “မဟုတ်ဘူး။ အရှင်မင်းကြီး။ သူက ကျူးကျော်တဲ့သူ တစ်ယောက်ပါ။ ကျုပ်က အရှင်မင်းကြီးရဲ့ အဖိုးအတန်ဆုံး အစေခံလေ။ ကျုပ် အခု သူ့ကို သတ်ပစ်ပြီးတော့ အရှင်မင်းကြီး ကျေနပ်အောင် သူ့ရဲ့ ဝိညာဉ်ကို အပ်နှင်းပေးပါ့မယ်။”
ထိုသို့ ပြောပြီးနောက် ပရင့်ဇ်က အစိမ်းရောင်ဖျော့ အငွေ့တစ်ခုအဖြစ် ပြောင်းလဲကာ ချန်လွေ့ထံ ပြေးဝင်လာသည်။ သူ မရောက်ခင်မှာပင် တစ်ကိုယ်လုံး လေထဲ၌ အေးခဲသွား၏။ ထို့နောက် သူ၏ ဆုပ်ကိုင်၍မရသော ခန္ဓာကိုယ်တွင် အပြာရောင်မီးတောက်များ ပေါ်ထွက် လာလေသည်။
ထို့နောက် ချက်ချင်းပင် အငွေ့က စတင်လောင်ကျွမ်းတော့သည်။ ပရင့်ဇ်ကလည်း သနားစဖွယ် အော်ဟစ်နေပြီး အဝေးမှ အငြိုးကြီးဝိညာဉ်များက စာနာလျက် ကြည်နေကြ၏။
“မဟုတ်ဘူး...”
“အရှင်မင်းကြီး။ ကျွန်တော်မျိုးကို သက်ညှာပေးတော်မူပါ..”
သေရွာပြန်ဘုရင်က ပရင့်ဇ်ကို လျစ်လျူရှုထားလိုက်သည်။ ထို့နောက် သူ၏ မျက်လုံးထဲ၌ အလင်းရောင်တစ်ခု ပေါ်ထွက်လာကာ ပရင့်ဇ်၏ အော်သံများကလည်း တဖြည်းဖြည်း ကွယ်ပျောက်သွားလေသည်။ သူ့တစ်ကိုယ်လုံးက အပြာရောင်မီးတောက်များ ကြားထဲ၌ ဗလာနတ္ထိအဖြစ် ပြောင်းလဲသွား၏။
“အမှိုက်ကောင်...” သွေရွာပြန်ဘုရင်က ရွံရှာလျက် ပြောလိုက်ပြီး ချန်လွေ့ကို လှည့်ကြည့်သည်။ “ငါမင်းကို ရွေးချယ်စရာ တစ်ခုပေးမယ်။ မင်းရဲ့ ဝိညာဉ်ကို အပ်နှင်းပြီးတော့ ငါ့ရဲ့အစေခံလုပ်။ မဟုတ်ရင် ဒီကစားပွဲမှာ မင်းရှုံးနိမ့်တာနဲ့ ရှေးဟောင်းလျို့ဝှက်ပညာရပ်ကို ပြောပြီးရင် ဒီကောင့်အတိုင်း ဖြစ်ရမှာပဲ။”
“ခင်ဗျားရဲ့ အစေခံလား။ သူ့ရဲ့ အဆုံးသတ်ကို ကျုပ် မြင်ပြီးပါပြီ။” ချန်လွေ့က တည်တည်ငြိမ်ငြိမ်နှင့် ပြောလိုက်သည်။
“သိပ်ကောင်းတယ်။ နောင်တမရနဲ့နော်။” သေရွာပြန်ဘုရင်က စားပွဲဆီသို့ တဖြည်းဖြည်း ရောက်လာပြီး ထိုင်ချလိုက်သည်။ “ခုနက ကစားပွဲက တကယ် ပျင်းစရာကောင်းတယ်။ ပြောစရာလိုဆိုလို့ မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအားပဲ ရှိတယ်။ မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအားက နတ်ဆိုးအရှင်သခင်အဆင့်ကို ရောက်နေပြီးတော့ ပရင့်ဇ်ထက် သာတယ်။ အဲဒီအမှိုက်ကောင် မသိခဲ့တာ သနားစရာပဲ။ ဒါနဲ့ မင်းရဲ့ လေ့လာနိုင်စွမ်းလည်း ချီးကျူးစရာ ကောင်းတယ်။ မင်း တိုက်ခိုက်ချင်တယ်ဆိုရင် ပရင့်ဇ်ကို သတ်ပစ်ဖို့ တစ်နာရီလောက်ပဲ ကြာမယ်။ မင်း အချိန် အကြာကြီး ယူနေတာက အစုအဖွဲ့ နှစ်ခု စစ်တပ်တွေရဲ့ ထိန်းချုပ် စွမ်းရည်တွေနဲ့ ဝိသေသ လက္ခဏာတွေကို နားလည်ပြီးတော့ လိုက်လျောညီထွေ ဖြစ်နိုင်အောင်ပဲ။ နောက်ပွဲမှာ ငါနဲ့ ယှဉ်နိုင်အောင်လို့ပေါ့။”
“သိပ်ကောင်းတဲ့ အမြင်ပဲ။ အရှင်မင်းကြီး ဂလိုရီယိုစ်ဆီကနေ မကွယ်ဝှက်နိုင်ဘူးဆိုတာ ကျုပ် သိပါတယ်။” ချန်လွေ့ ပုခုံးတွန့်လိုက်သည်။ “ခွင့်လွှတ်ပေးပါ။ ကျုပ်က တကယ် လူသစ် တစ်ယောက်ပါ။ အချိန်ကလည်း နည်းလွန်းတဲ့အတွက် ဒီအခွင့်အရေးကို အသုံးချပြီးတော့ လေ့လာခဲ့ရတယ်။ အရှင်မင်းကြီးနဲ့ ကျုပ်ရဲ့ ပထမဆုံးပွဲမှာ လုံးလုံးကြီး မရှုံးချင်ဘူးလေ။”
“မင်း ဘာလှည့်ကွက်တွေပဲ သုံးပါစေ၊ ခွန်အားနဲ့ အတွေ့အကြုံ ကွာခြားချက်ကို ဖြည့်တင်းနိုင်မှာ မဟုတ်ဘူး။” ဂလိုရီယိုစ်က သရော်ပြုံး ပြုံးလိုက်သည်။ “ငါ့က ပရင့်ဇ်လိုမျိုး အမှိုက်ကောင် မဟုတ်ဘူး။ မင်းမှာ နိုင်နိုင်ချေ နည်းနည်းလေးတောင် ရှိမယ်လို့ မမြင်ဘူး။ ငါမင်းနဲ့ အချိန် မဖြုန်းနိုင်ဘူး။ တစ်ပွဲတည်းနဲ့ အနိုင်အရှုံး ဆုံးဖြတ်မယ်။”
ချန်လွေ့ သက်ပြင်းချသည်။ “ဒီလိုဆိုမှတော့ ကျုပ် ရွေးစရာ မရှိတော့ဘူး။ ဒါဆို ကျုပ်နဲ့ ပြိုင်ပွဲစာချုပ် ချုပ်ပေးပါ။ အရှင်မင်းကြီး အနိုင်ရမယ်ဆိုရင် ကျုပ်ရဲ့ ဝိညာဉ်နဲ့ လျို့ဝှက် မသေမျိုးပညာရပ်ကို ပေးအပ်ပါမယ်။ တကယ်လို ကံကောင်းပြီး အနိုင်ရခဲ့ရင်တော့ ခင်ဗျား ခုနက အနိုင်ရထားတဲ့ “အလဲအလှယ်”ကို ပြန်ပေးရမယ်။”
“အိုး။ ငါနဲ့ စာချုပ်ချုပ်လိုက်ရင် မင်းရဲ့ ဝိညာဉ်အဆင့်နဲ့ ငါ စာချုပ်ကို စုတ်ဖြဲလိုက်မှာ မကြောက်ဘူးလား။”
“ကျုပ်ပြောပြီးပြီလေ။ ရွေးစရာ မရှိဘူးလို့။ ပြောရရင် ဒါက ကျုပ်ရဲ့ စိတ်ရင်းနဲ့ ပြတ်သားမှုကို ပြသတာပဲ။” ချန်လွေ့က စကားက တကယ်တမ်းတွင် တိတ်တဆိတ် ဝါဒဖြန့်မှုတစ်ခု ပါဝင်နေသည်။ အခြားကိစ္စများ ဘေးဖယ်ထားသည့်တိုင် စိတ်ဝိညာဉ်ကွင်းဆက် စာချုပ်ပယ်ဖျက်ခြင်းက သေရွာပြန်ဘုရင်ကို ကြီးကြီးမားမား ဆုံးရှုံးစေနိုင်မည် ဖြစ်သည်။
ဂလိုရီယိုစ်က အသေအချာပင် ၎င်းကို မသိပေ။ ချန်လွေ့၏လက်ထဲ၌ စာချုပ် အလင်းရောင်ကို ကြည့်နေရင်း သူက ထူးထူးဆန်းဆန်း ရယ်လိုက်၏။ “မင်း သဘောအတိုင်းပါပဲ။”
သူတို့ နှစ်ယောက်လုံးက ညီတူမျှတူ စာချုပ်ကို အောင်အောင်မြင်မြင်နှင့် ချုပ်ဆိုလိုက်ကြသည်။ ဂလိုရီယိုစ်က ပြောသည်။ “ကောင်းပြီ။ စကြတာပေါ့။ ခုနက မရဏကစားပွဲကိုပဲ ရွေးလိုက်။ မင်းက လူသစ်ဆိုတော့ မင်းကို အမိန့်အစုအဖွဲ့ တစ်ခါတည်း ရွေးခွင့်ပေးမယ်။ အက်ဂ်ယောအသူရာ၊ ထူးဆန်းတဲ့ မျိုးရိုးနာမည်ပဲ။ အလွန်ဆုံး ၁၀မိနစ်ပဲ ကြာမှာပါ။ ပြီးရင် မင်းရဲ့ဝိညာဉ်က ငါ့အပိုင် ဖြစ်ပြီ။ ငါမင်းကို ဖြည်းဖြည်းချင်း နှိပ်စက်ပြီး အဆုံးမသတ်ခင် အသက်ရှင်နေခွင့် ပေးလိုက်ဦးမယ်။”
စာချုပ် ချုပ်ဆိုရန်အတွက် နာမည်ဝှက်များကို အသုံးပြုရန် မဖြစ်နိုင်ပေ။ သို့သော်လည်း စိတ်ဝိညာဉ်ကွင်းဆက်ကဲ့သို့သော စွမ်းရည်ကြောင့် ထူးဆန်းသော နာမည်ဖြင့်ပင် စာချုပ်ချုပ်၍ ရနိုင်ပေသည်။
စထရီနာနှင့် အခြားသူများအားလုံး စိုးရိမ်နေကြ၏။ သေရွာပြန်ဘုရင်က အမှောင်ဒြပ်စင် ဘုရင်ကို အနိုင်ယူခဲ့သည့် အင်အားကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်ကြောင်း အားလုံး သိကြသည်။ သူ၏ စိတ်ဝိညာဉ်စွမ်းအားနှင့် ဖဲချပ်စွမ်းရည်များက ဖရင့်ဇ်ထက် များစွာ သာလွန်ပေသည်။ ထိုတိုက်ပွဲ၌ ချန်လွေ့ အနိုင်ရနိုင်ချေမှာ အနည်းငယ်သာ ဖြစ်သည်။ ဒိုဒိုက မျက်လုံးများကို အုပ်ထားပြီး မကြည့်ရဲပေ။ ချန်လွေ့က အခြားသူများ၏အသက်နှင့် မလောင်းခဲ့သော်လည်း သခင်ဖြစ်သူ သေဆုံးသွားလျှင် အစေခံဖြစ်သူလည်း အသက်ဆုံးရှုံးမည် ဖြစ်ပေသည်။
တလက်လက် အလင်းရောင်များ ကြားထဲ၌ စထရီနာနှင့် အခြားသူများ၏ စိုးရိမ်နေသော အကြည့်များအောက် ကစားပွဲ စတင်လေသည်။
ယခင်ကဲ့သို့ အချိန်ဆွဲနေသည့် တိုက်ပွဲမျိုး မဟုတ်တော့ဘဲ ယခုတစ်ခေါက်မှာ ဂလိုရီယိုစ် ပြောသည့်အတိုင်း ၁၀မိနစ်မှာပင် ပြီးဆုံးသွား၏။ သို့သော်လည်း သေရွာပြန်ဘုရင်က အစပိုင်းကိုသာ မှန်မှန်ကန်ကန် ခန့်မှန်းနိုင်ခဲ့ပြီး အဆုံးသတ်ကို မခန့်မှန်းနိုင်ခဲ့ပေ။
အနိုင်ရရှိသူမှာ အမှန်တကယ် ချန်လွေ့ ဖြစ်နေ၏။
ဂလိုရီယိုစ်၏ အရိုးခေါင်းပေါ်၌ ကြွက်သားများ ရှိနေလျှင် အတော်လေး စိတ်ဝင်စားစရာ ကောင်းသော အမူအရာကို မြင်နိုင်မည် ဖြစ်သည်။
“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာပဲ။” ဂလိုရီယိုစ်က မယုံကြည်နိုင်စွာ ပြောလိုက်သည်။ သူက လူသစ်ကို ရွံရှာသော်လည်း ခုနက သူ ကစားပွဲကို လက်လွတ်စပယ် မကစားခဲ့ပေ။ သို့ရာတွင် ပြိုင်ဘက်က ရဲတိုက်ကို စိတ်ကူး၍မရသော အမြန်နှုန်းဖြင့် တိုက်ခိုက်ခဲ့လေသည်။ ထိုအင်အားစုက အမှန်တကယ်၌ ခံစစ်အားကောင်းပြီး တိုက်စစ်အားနည်းသော ချန်ပီယံ ဓားသမား အနည်းငယ်နှင့် အဆင့်အနိမ့်ဆုံး လယ်သမားများ ဖြစ်နေသည်။ ထိုအင်အားစုက ရဲတိုက်ကို မတိုက်ခိုက်ခဲ့ဘဲ နတ်ဆိုးအစေခံများနှင့် အရင်းအမြစ်များကို အရှက်မဲ့စွာဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြသည်။ သူတို့က ထုတ်လုပ်ရေး နတ်ဆိုးအစေခံများကို သတ်ပစ်ခဲ့ပြီး အရင်းအမြစ်များကို သိမ်းပိုက်ခဲ့ကြခြင်း ဖြစ်သည်။
ဂလိုရီယိုစ်က ချန်လွေ့ကဲ့သို့ လူသစ်တစ်ယောက်တွင် ထိုသို့ အံ့အားသင့်စရာ အကွက်မျိုး ရှိနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ သူက ကျန်ရှိသော အရင်းအမြစ်များကို အသုံးချပြီး နတ်ဆိုးစစ်သည်များကို ဖန်တီးကာ နောက်ဆုံးတွင် ကျူးကျော်သူများကို ရှင်းပစ်နိုင်လိုက်သည်။ ချန်လွေ့က အရင်းအမြစ်များကို အသုံးချကာ အင်အားစု အသစ်များကို ထုတ်လုပ်သည်။ ၎င်းတို့မှာ ချန်ပီယံ ဓားသမားများနှင့် လယ်သမားများပင် ဖြစ်နေပြီး ထုတ်လုပ်သူများကို သတ်ပစ်ကာ အရင်းအမြစ်များကို သိမ်းပိုက်ရင်း ရဲတိုက်ကို စတင်တိုက်ခိုက်တော့သည်။ ထိုကဲ့သို့ အဆက်မပြတ် တိုက်ခိုက်ခြင်းက ဂလိုရီယိုစ်ကို အသက်မရှူနိုင် ဖြစ်နေ၏။ ထိုကဲ့သို့ ပညာရပ်ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်ကြောင်း မြင်ရသည့်အခါ အသေအချာ ရင်းနှီးကြောင်း မြင်နိုင်ပေသည်။
သနားစရာ ဂလိုရီယိုစ်တွင် ဗျူဟာများစွာ ရှိသော်လည်း အသုံးမပြုနိုင်ခဲ့ပေ။ နောက်ဆုံး၌ သူ ဖိနှိပ်ခံလိုက်ရပြီး အဆင့်အနိမ့်ဆုံးသော လယ်သမားများနှင့် ချန်ပီယံဓားသမားအဖွဲ့၏ ခြေအောက်တွင် ရှုံးနိမ့်ခဲ့ရလေသည်။
“ခွေးကောင် အက်ဂ်ယော။ မင်းငါ့ကို လှည့်စားရဲတယ်ပေါ့။” ထိုအချိန်တွင် ချန်လွေ့က လူသစ်တစ်ယောက် ဆိုသည်ကို ဂလိုရီယိုစ် မယုံနိုင်တော့ပေ။ သူက ဝါရင့်တစ်ယောက်လည်း ဟုတ်တယ်။ ဟန်ဆောင်တာလည်း တော်တယ်။ ငါ့ကို တကယ် လှည့်စားနိုင်ခဲ့တာပဲ။
ချန်လွေ့က အပြစ်ရှိသလို မခံစားရပေ။ ဒါက ကြမ္မာတိုက်ပွဲကို ဒုတိယအကြိမ် ကစားဖူးတာပဲ။ ဒါပေမဲ့ ငါ့ရဲ့ ဗျူဟာဂိမ်းတွေ ကစားတဲ့ အရေအတွက်က ဂဏန်း ၄လုံးလား၊ ၅လုံးလား ဖြစ်တာ တစ်ခုပဲ။ မမှတ်မိတော့ဘူး။
သေရွာပြန်ဘုရင်က ဒေါသထွက်သော်လည်း စာချုပ်ကို မဆုတ်ဖြဲခဲ့ပေ။ အမှောင်ဒြပ်စင် ဘုရင်နှင့် အမှောင်ဒြပ်စင်ကောင်များပေါ်ရှိ ကန့်သတ်ချက်များ ပယ်ပျက်သွားပြီး လွတ်လပ်မှုူ ပြန်လည်ရရှိသွားကြ၏။
ဟီဂယ်က ချန်လွေ့က ဖျပ်ခနဲကြည့်လိုက်ပြီးနောက် သူ၏ အနီရောင်မျက်လုံးများက အနည်းငယ် လှုပ်ရှားသွားသည်။ ထို့နောက် သူ တိတ်ဆိတ်နေပြီး အမှောင်ဒြပ်စင်ကောင်များထံ လမ်းလျှောက်သွားလိုက်သည်။
“မင်းရဲ့ လှည့်ကွက်က တကယ်ကောင်းတယ်ဆိုတာ ဝန်ခံပါတယ်။” ဂလိုရီယိုစ်က ကြက်သီးထစရာကောင်းအောင် ပြောလိုက်သည်။ “ဒါပေမဲ့ မင်းရဲ့လှည့်ကွက်ထဲကို ငါ နောက်တစ်ခါ မဝင်ခံတော့ဘူး။”
“ဒါဆို နောက်တစ်ပွဲအတွက် အလဲအလှယ်က ဖျက်ဆီးခြင်းမျှော်စင်ဆီ ဝင်ခွင့်ပြုဖို့ပဲ။ ဟုတ်တယ်မလား။”
သေရွာပြန်ဘုရင်က ကျိတ်ရယ်လိုက်သည်။ “မင်းငါ့ကို စိတ်ဝင်စားအောင် လုပ်နိုင်ခဲ့ပြီ။ မင်းက ဖျက်ဆီးခြင်းမျှော်စင်ကို အစောကြီး ဝင်ချင်သေးတာလား။ ငါ မကျေနပ်မချင်း ထွက်ပြေးဖို့ မစဉ်းစားနဲ့။”
ပြိုင်ဘက်ဖြစ်သူက အလွယ်တကူ လက်လျှော့လိမ့်မည် မဟုတ်သည်ကို ချန်လွေ့ မျှော်လင့်ထားပြီးသား ဖြစ်သည်။ ထို့နောက် သူက မေးလိုက်သည်။ “ဒီလိုဆိုမှတော့ အရှင်းမင်းကြီးရဲ့ နောက်ထပ် အလဲအလှယ်က ဘာများလဲ မသိဘူး။”
“မင်းက ရှေးဟောင်း မသေမျိုးပညာရပ်ကို ကျွမ်းကျင်တယ်ဆိုတော့ ဒီအငြိုးကြီး ဝိညာဉ်တွေရဲ့ တန်ဖိုးကို သိလောက်မှာပါ။ ဒီမှာ အငြိုးကြီးဝိညာဉ်တွေ သန်း၂၀၀ ကနေ ၃၀၀အထိ ရှိတယ်။ နောက်ပွဲမှာ ငါ ၁၀သန်း လောင်းမယ်။ ပြီးတော့ မင်းက မင်းရဲ့အသက်နဲ့ မသေမျိုး လျို့ဝှက်ပညာရပ်ကိုပဲ လောင်းရမယ်။ မင်း ငါ့ရဲ့ အလဲအလှယ်တွေ အားလုံးကို နိုင်ပြီးသွားမှပဲ ဖျက်ဆီးခြင်းမျှော်စင်ကို ဝင်ခွင့်ပေးမယ်။ စာချုပ်ကို လက်မှတ်ထိုးလိုက်။ အခုပဲ။”
ချန်လွေ့က နောက်ဘက်မှ အငြိုးကြီးဝိညာဉ်ပင်လယ်ကို ကြည့်ပြီးနောက် ဂလိုရီယိုစ်၏ လက်ထဲမှ စာချုပ်စွမ်းအားကို ကြည့်လိုက်သည်။ သူက အသက်တစ်ရှိုက် မပြည့်ခင်မှာပင် ပြန်ဖြေသည်။ “အိုး....”
ထိုစကားက ဇိုလာ၏ အမူအကျင့် အနည်းငယ် ပါဝင်နေကြောင်း ချန်လွေ့ ခံစားလိုက်မိသော်လည်း ကံဆိုးစွာပင် ၎င်းကိုမသိသော သေရွာပြန်ဘုရင်ကို သတိကြီးသွားစေ၏။
မဲနှိုက်ပြီးနောက် ကံကောင်းစွာပင် ချန်လွေ့က အမိန့်အစုအဖွဲ့ကို ရွေးမိသွားပြန်သည်။ သေရွာပြန်ဘုရင် သရော်ပြုံး ပြုံးလိုက်၏။ “ငါမင်းကို အရင် သတိပေးလိုက်မယ်။ မင်းရဲ့ လှည့်ကွက်က တစ်ခါပဲ သုံးလို့ရတယ်။”
ဂလိုရီယိုစ်က ထိုလှည့်ကွက်ဖြင့် လှည့်စားခံရသည်ကို ဝမ်းနည်းနေကြောင်း အချက်အလက်များက သက်သေပြနေ၏။ ၁၅မိနစ် ကြာပြီးနောက် ကစားပွဲက တစ်ပုံစံတည်းပင် ပြီးဆုံးသွားပြန်သည်။ ချန်လွေ့က အလျင်အမြန် တိုက်ခိုက်မှုများအတွင်း အောင်နိုင်ခဲ့ပြန်၏။
“အဲဒီ အငြိုးကြီးဝိညာဉ် ၁၀သန်းက မင်းအပိုင်ပဲ။ ထပ်ကစားမယ်... မဖြစ်နိုင်ဘူး။ ခွေးကောင်။ ထပ်ကစားမယ်......” အမုန်းတရားနယ်မြေတစ်ခုလုံးက သေရွာပြန်ဘုရင်၏ ဒေါသတကြီး အော်သံများနှင့် ပြည့်နေတော့သည်။