ပြောင်းပြန်။ ရှုံးနိမ့်သွားခဲ့သော အောင်နိုင်မှု
Vol. 40 Ch. 620
“ကြမ္မာတိုက်ပွဲ” ဖဲချပ်စားပွဲက အရောင်ဆက်တိုက် တောက်ပနေပြီး နောက်ဆုံး၌ မှိန်ကျသွားတော့သည်။ ဂလိုရီယိုစ်’ မျက်လုံးအိမ်ထဲရှိ အပြာရောင် အလင်းများလည်း မှိန်ကျသွားသည်။ အရိုးခြောက်မျက်နှာပေါ်၌ အမူအရာ မရှိသော်လည်း သေရွာပြန်ဘုရင်၏ စိတ်ထဲ၌ မယုံနိုင်သော ထိတ်လန့်မှုတစ်ခု ရှိနေသည်ကို ခံစားမိနိုင်ပေသည်။
ဂလိုရီယိုစ်က အမှန်တကယ်ပင် မယုံကြည်နိုင်အောင် ဖြစ်နေသည်။ ထာဝရ ရှင်သန်နိုင်သော အလောင်းကောင် အောက်လမ်းပညာရှင် တစ်ယောက်အနေဖြင့် သူက နှစ်ထောင်ပေါင်းများစွာကြာ အိပ်မက်မမက်ခဲ့ရသော်လည်း ယခုတွင် ကြုံတွေ့သမျှ အရာအားလုံးက ယုတ္တိမရှိဘဲ အိပ်မက်တစ်ခုသဖွယ် ခံစားနေရလေသည်။ သို့သော်လည်း သူ၏ ဆင်ခြေတုံတရားက ထိုအရာများမှာ အမှန်တကယ်ဖြစ်ကြောင်း ပြောနေ၏။
မရဏကစားပွဲ မည်မျှ ကစားခဲ့ကြောင်း သူ မမှတ်မိသော်လည်း လေးပွဲသာ အနိုင်ရခဲ့ကြောင်း မှတ်မိသည်။ ထို၄ခေါက်တွင် ပြန်လည်ရရှိခဲ့သော အငြိုးကြီး ဝိညာဉ်များကို ပြိုင်ဘက်က အလျင်အမြန်ပင် အနိုင်ပြန်ယူသွားခဲ့သည်။ သူ၏လက်ထဲ၌ အလဲအလှယ် မရှိတော့သည့်အခါမှသာ သူ နိုးထသွားခဲ့၏။
ပင်လယ်ကဲ့သို့ဖြစ်နေသော အငြိုးကြီးဝိညာဉ်အုပ်လိုက်ကြီးက အမှန်တကယ်ပင် အက်ဂ်ယောအသူရာထံ မမျှော်လင့်ဘဲနှင့် ရှုံးနိမ့်သွားခဲ့လေည်။
အနိုင်ကျင့်တာပဲ။ သူက အစမှအဆုံးအထိ အနိုင်ကျင့်ခံခဲ့ရခြင်း ဖြစ်သည်။ “အနိုင်ပွဲ ၄ပွဲ” သည်ပင် ပြိုင်ဘက်က တမင်တကာ ပေးခဲ့သော ငါးစာများဖြစ်ကြောင်း ဂလိုရီယိုစ် သံသယ ဝင်လာခဲ့သည်။ ရည်ရွယ်ချက်မှာ သူ့ကို လွတ်လမ်းမမြင်အောင် ရှုံးနိမ့်စေပြီး ရှိသမျှအကုန် လောင်းကြေးထပ်ရန် ဖြစ်သည်။
ယခင် လယ်သမားများ၏ အမြန်တိုက်ခိုက်သော နည်းဗျူဟာမှာ “အက်ဂ်ယော”၏ အဆုံးမရှိသော နည်းဗျူဟာများအထဲမှ တစ်ခုသာ ဖြစ်နေခဲ့သည်။ နောက်ထပ် ကြုံတွေ့ရသော နည်းဗျူဟာများကို သူ တစ်ခါမှ မကြားဖူးသည့်အတွက် အချိန်တိုအတွင်း မကိုင်တွယ်နိုင်ခဲ့ပေ။ နောက်ဆုံး၌ သေရွာပြန်ဘုရင်က အရှက်မဲ့စွာဖြင့် ရန်သူ၏ နည်းဗျူဟာများကို အတုခိုး ရတော့သည်။
ထိုသို့ ဆိုသည့်တိုင် တစ်ဖက်သတ် အခြေအနေကို မပြောင်းလဲနိုင်သေးပေ။
ဥပမာပြောရလျှင် အရင်းအမြစ်လုယူသော မျှော်စင်ကာကွယ်ခြင်း နည်းဗျူဟာ ဖြစ်သည်။ ဂလိုရီယိုစ်က ချန်လွေ့၏ အရင်းအမြစ်များကို သွားလုယူသောအခါ ချန်လွေ့၏ မှော်မျှော်စင်များကြောင့် အပြင်းအထန် ရှုံးနိမ့်ခဲ့ရသည်။ သူက အပျက်အစီး အများအပြားကို စတေးပြီးမှသာ ရန်သူ၏မျှော်စင်ကို တစ်ခုနှစ်ခုသာ ဖျက်ဆီးနိုင်ခဲ့လေသည်။ နောက်ပွဲတစ်ခုတွင် မျှော်စင်တည်ဆောက်သော နည်းဗျူဟာကို အတုခိုးခဲ့သော်လည်း ရန်သူက အဆင့်အနိမ့်ဆုံး နတ်ဆိုးစစ်သည်တစ်ဖွဲ့နှင့် နတ်ဆိုးမှော်ပညာရှင်နှစ်ယောက်ကိုသာ စေလွှတ်ခဲ့သည်။ သူတို့က လျှောက်သွားနေကြပြီး ခဏတိုက်ခိုက်ပြီးသွားသောအခါ ထွက်ပြေးသွားကြသည်။ သူက တန်ဖိုး အနည်းငယ်သာ ပေးဆပ်ပြီး ခံစစ်မျှော်စင်ကို ဖြိုခွဲနိုင်ခဲ့သည်။ ထိုခံစစ်မျှော်စင်ကို တည်ဆောက်ရန် တန်ဖိုးကပင် ထိုအချိန်အတွင်း သတ္တုတွင်း ထုတ်လုပ်နိုင်စွမ်းထက် များစွာ လွန်ကဲနေသည်။ ထိုလူအုပ်စုလေးက အရင်းအမြစ်များကို ကုန်ခမ်းလုနီးပါး ဖြစ်စေခဲ့သည်။ ထိုဗျူဟာကို ဂလိုရီယိုစ် အဖြေမရှာနိုင်ခင်မှာပင် ရန်သူက ဗျူဟာအသစ်တစ်ခုသို့ ချက်ချင်း ပြောင်းလဲလိုက်လေသည်.....
ယခင် နှစ်ပေါင်းသန်းချီအတွင်း ဂလိုရီယိုစ်က ပြိုင်ဘက်ပေါင်း ရာချီနှင့် “ကစား” ခဲ့ဖူးသည်။ သူ၏ မှော်ဖဲချပ်အဆင့်က နတ်ဆိုးဘုံ၌ အကောင်းဆုံး မဟုတ်သည့်တိုင် အကောင်းဆုံးများထဲမှ တစ်ယောက် ဖြစ်သည်။ သူက ထိုကဲ့သို့ အင်အားကြီးပြိုင်ဘက်နှင့် ရင်ဆိုင်ရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
အလောင်းကောင် အောက်လမ်းပညာရှင် ဖြစ်သည့်အလျောက် ဂလိုရီယိုစ်၏ စွမ်းအားဖြင့် ပြိုင်ဘက်ဖြစ်သူက အလွန်ဆုံး အသက်၂၀ ဝန်းကျင်သာရှိသေးကြောင်း ခံစားမိသည်။ သို့သော် သူ၏ မှော်ဖဲချပ်အပေါ် သိမြင်နိုင်စွမ်းက အသက်အတိုင်းအတာထက် ကျော်လွန်နေ၏။ သူ၏ စွမ်းရည်နှင့် ဗျူဟာများသာ မယုံနိုင်စရာ ကောင်းရုံတင်မက ပြိုင်ဘက်ပေါင်း ထောင်သောင်းချီနှင့် ရင်ဆိုင်ခဲ့ဖူးသကဲ့သို့ပင် စိတ်ကူးကြည့်၍မရသော တိုက်ခိုက်ရေး အတွေ့အကြုံများလည်း ရှိနေသည်။ ဒါက အခုအချိန် ပျောက်ကွယ်သွားလောက်ပြီဖြစ်တဲ့ ရှေးဟောင်း မှော်ကစားနည်းပဲ။ ဒီကောင်လေးက ရှေးဟောင်းဝိညာဉ်တစ်ခုကို သယ်ဆောင်ထားတာများလား။
သေရွာပြန်ဘုရင်က ကွန်ပျူတာကွန်ရက်ရှိသော အခြေားလောက တစ်ခု၌ “အထူးအဆင့်” ဂိမ်းချစ်သူပေါင်း ထောင်သောင်းချီ ရှိနေလိမ့်မည်ဟု ထင်မှတ်ထားလိမ့်မည် မဟုတ်ပေ။ ထိုသူများနှင့်ယှဉ်လျှင် ချန်လွေ့က သာမန်မျှသာ ဖြစ်ပေသည်။
“ကြမ္မာတိုက်ပွဲ”က နတ်ဆုံးဘုံ၌ ပျောက်ကွယ်လုနီးပါး ဖြစ်နေလေပြီ။ သေရွာပြန်ဘုရင်က နှစ်ထောင်ပေါင်းများစွာကြာအောင် စွဲလမ်းခဲ့သော်လည်း အတွေ့အကြုံက ချန်လွေ့ထက် များစွာ နည်းပါးလွန်းပေသည်။ ချန်လွေ့က စစ်သည်နှင့် အဆောက်အအုံများ၏ ဝိသေသလက္ခဏာများနှင့် ရင်းနှီးသွားပြီးနောက် သေရွာပြန်ဘုရင် အနိုင်ကျင့်ခံရသည်မှာ အံ့အားသင့်စရာ မဟုတ်ပေ။
ချန်လွေ့က အွန်လိုင်းတိုက်ပွဲများ၌ တစ်ပွဲတိုး သို့မဟုတ် မျှော်စင်ဖြိုနည်းဗျူဟာနှင့် ပထမဆုံး ရင်ဆိုင်ခဲ့ရစဉ်က သေသည်အထိ အနိုင်ကျင့်ခံခဲ့ရသည်။ တစ်ခါတရံ ကွန်ပျူတာကိုပင် ရိုက်ခွဲချင်၏။ ထို့ကြောင့် ဂလိုရီယိုစ်၏ ခံစားချက်ကို သူ နားလည်ပေးနိုင်သည်။ သို့သော်လည်း သူက ဂလိုရီယိုစ်ကို ဆက်လက် အနိုင်ကျင့်ဦးမည် ဖြစ်သည်။
“အရှင် ဂလိုရီယိုစ်။ ကျုပ် ကံကောင်းပြီးတော့ ခင်ဗျားရဲ့ အလဲအလှယ် အားလုံးကို အနိုင်ရခဲ့ပါပြီ။ ဒီတော့ စာချုပ်အတိုင်း ဖျက်ဆီးခြင်းမျှော်စင်ဆီ ကျုပ်တို့ကို ဝင်ခွင့်ပေးပါ။”
“မမေ့ပါနဲ့။ ငါတို့ရဲ့စာချုပ်က ငါ့ရဲ့အလဲအလှယ်တွေအကုန် အနိုင်ရပြီးရင် ဖျက်ဆီးခြင်း မျှော်စင်ကိုဝင်ဖို့အကြောင်း ဆွေးနွေးဖို့ပဲ။ အခု ကောင်းကောင်း ဆွေးနွေးကြတာပေါ့။” ဂလိုရီယိုစ်က အံကြိတ်ရင်း ပြောသည်။ “မင်း နိုင်ခဲ့တယ်လို့ ယူဆတာပေါ့။ အခု နောက်ဆုံး ငါတို့ လောင်းကြေးထပ်မယ်။ ငါက မင်းနဲ့လောင်းဖို့ ငါ့ဝိညာဉ်ကို သုံးမယ်။ မင်းလည်း မင်းရဲ့ဝိညာဉ်နဲ့ပဲ လောင်းကြေးထပ်ရမယ်။ မင်း ငြင်းမယ်ဆိုရင် မင်းတို့အားလုံးကို သတ်ပစ်ဖို့အတွက် အမှောင်ဆန်းကြယ် သံမဏိသရဲတွေကို အသက်သွင်းလိုက်မယ်။”
“အရှင် ဂလိုရီယိုစ်။ သိပ်ပြီး မလွန်ရင် ကောင်းမယ်။” ချန်လွေ့ စဉ်းစားနေလိုက်သည်။ “နောက်ဆုံး လောင်းကြေးမထပ်ခင် ခုနက ကျုပ် နိုင်ထားတာကို ထုတ်ပေးသင့်တယ် မဟုတ်လား။ စာချုပ်အတိုင်းဆိုရင် ဒီအငြိုးဝိညာဉ်အားလုံးကို ကျုပ်ပိုင်ပြီ။”
သေရွာပြန်ဘုရင်က အေးစက်စက် ပြောသည်။ “ငါ ဒါကို နောင်တရမျာ မဟုတ်ဘူး။ ဒီအငြိုးတစ္ဆေတွေက မင်းအပိုင်ပဲ။ ငါတို့ရဲ့စာချုပ် ဒီမှာ အဆုံးသတ်ပြီ။”
စာချုပ်အလင်းရောင် တလက်လက် ဖြစ်လာပြီးနောက် ပျောက်ကွယ်သွား၏။ ချန်လွေ့က မိမိ၏စိတ်ထဲ၌ ပင်လယ်ကဲ့သို့ ကျယ်ပြောလှသော အာရုံများ ဝင်ရောက်လာသည်ကို စိတ်ဝိညာဉ် စွမ်းအားထဲ၌ ခံစားလိုက်မိသည်။ ၎င်းတို့မှာ အငြိုးဝိညာဉ်များ၏ ဝိညာဉ်အားရုံများ ဖြစ်ကြ၏။
“ငါမင်းကို သတိပေးရမယ်။ ဖျက်ဆီးခြင်းမျှော်စင် ရှိနေသရွေ့ ဒီအငြိုးဝိညာဉ်တွေက အမုန်းတရား နယ်မြေကနေ ထွက်သွားလို့ရမှာ မဟုတ်ဘူး။ မင်းက ဖျက်ဆီးခြင်းမျှော်စင်ရဲ့ အရှင်သခင် ဖြစ်မလာနိုင်ရင် သူတို့ကို ဒီကနေ ခေါ်မထုတ်သွားနိုင်ဘူး။”
ဂလိုရီယိုစ်၏စကားကြောင့် ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။ သို့သော်လည်း ယခုတစ်ခေါက် သူ၏ အဓိကရည်ရွယ်ချက်မှာ အငြိုးဝိညာဉ်များ မဟုတ်ပေ။ ချန်လွေ့ မေးလိုက်သည်။ “အရှင် ဂလိုရီယိုစ်။ ဒါဆို နောက်ထပ် ကစားပွဲအတွက် ကစားနည်းပြောင်းဖို့ လိုလားမသိဘူး။”
“မင်းရဲ့လှည့်ကွက်တွေကို ဘေးဖယ်ထားလိုက်။ ငါ့မှာ အကြံရှိတယ်။” ဂလိုရီယိုစ်က အေးစက်စက်နှင့် ပြောလိုက်သည်။ “ငါ မင်းနဲ့ နောက်ထပ်ပြိုင်ပွဲမှာ အနိုင်ပြိုင်ပွဲ ကစားနည်းနဲ့ လောင်းကြေးထပ်မယ်။”
တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို ချန်လွေ့ ရုတ်တရက် သဘောပေါက်သွား၏။ သူ၏ စိတ်ဝိညာဉ်စွမ်းအားက S+ အဆင့်သို့ ရောက်နေပြီး ဂလိုရီယိုစ်နှင့် တူညီသော်လည်း ထိုနေ့က မြေဒြပ်စင်ဘုရင် ပြောသည့်အတိုင်းဆိုလျှင် သူ၏ စိတ်ဝိညာဉ်စွမ်းအား အရည်အသွေးမှာ စစ်မှန်သော နတ်ဆိုးအရှင်သခင်အဆင့်အပေါ် နားလည်မှု နည်းပါးသောကြောင့် နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းသို့ အမှန်တကယ် မရောက်ရှိသေးပေ။ တိုင်းပြည်ဖန်တီးနိုင်သော သေရွာပြန်ဘုရင်၏ တကယ့်ခန္ဓာကိုယ်နှင့်ယှဉ်လျှင် ချန်လွေ့က ထိန်ချုပ်ရာ၌ အတော်လေး နိမ့်ပါးလွန်းလှသည်။ ၎င်းမှာ အနိုင်ပြိုင်ပွဲ၌ အတိအကျပင် အရေးအကြီးဆုံးအချက် ဖြစ်နေ၏။
ချန်လွေ့က သေသေချာချာ စဉ်းစားပြီး နောက်ဆုံး၌ ပြောသည်။ “အရှင်မင်းကြီးက တကယ့် မှော်ဖဲချပ် မြတ်နိုးသူပဲ။ ကျုပ်မှာ အနိုင်ပြိုင်ပွဲမှာ အားသာချက် မရှိဘူးဆိုတာ သဘောပေါက်သင့်ပါတယ်။ ဒါပေမဲ့ ကျုပ်က အရှုံးကို လက်မခံနိုင်သူလည်း မဟုတ်ပါဘူး။ ကျုပ်တို့ လောင်းကြေးထပ်ကြမယ်ဆိုတော့ ပိုပြီးတော့ စွန့်စားကြတာပေါ့။ သေတာထက်စာရင် ပိုနာကျင်ရတာက ရှင်ရက်နဲ့ သေရတာပဲ။ လောင်းကြေးကို ပြောင်းရအောင်။ ဖျက်ဆီးခြင်း မျှော်စင်ကို ဝင်ရောက်ဖို့နဲ့ အငြိုးဝိညာဉ်တွေအပြင် ကျုပ်တို့ ဝိညာဉ်တွေရဲ့ တစ်ဝက်ကိုပါ လောင်းကြရင်ကော။”
“ဝိညာဉ်...ခွဲထုတ်တာကို ပြောချင်တာလား။” ဂလိုရီယိုစ်၏ မျက်လုံးအိမ်ထဲ၌ အပြာရောင် အလင်းနှစ်ခု လက်ခနဲ ဖြစ်သွားသည်။ “ဒါက အတော်လေးကောင်းတဲ့ အကြံပဲ။ ဝိညာဉ်တစ်ဝက် ပျောက်နေတဲ့ ဘဝက အသက်ရှင်နေရင်တောင် စွမ်းအားဖြစ်ဖြစ်၊ အဆင့်ဖြစ်ဖြစ်၊ အမြဲတမ်း မပြည့်မစုံ ရှိနေမှာပဲ။ ခွဲထုတ်တဲ့ အချိန်မှာလည်း နာကျင်မှုက စိတ်ကူးလို့ မရနိုင်အောင်ပဲ။ မင်းက သေတာထက်ဆိုးဝါးတဲ့ နာကျင်မှုကို ခံနိုင်မယ်ဆိုတာ သေချာရဲ့လား။”
“အဖြေ မထွက်ခင်အထိတော့ အားလုံးက ဖြစ်နိုင်ပါတယ်။ အဲဒီအချိန် နာကျင်မှုကို ခံစားရမှာက အရှင်မင်းကြီးလည်း ဖြစ်နိုင်တာပဲ။” ချန်လွေ့၏မျက်နှာပေါ်၌ ထူးဆန်းသော အကြည့်တစ်ခု လက်ခနဲ ဖြတ်ပြေးသွား၏။
သေရွာပြန်ဘုရင်က ထူးထူးဆန်းဆန်း ရယ်လိုက်သည်။ “ရုတ်တရက် ငါ မင်းကို နည်းနည်း လေးစားသွားပြီ။ ဆုချတဲ့အနေနဲ့ နိုင်နိုင်ရှုံးရှုံး၊ ငါမင်းကို ဖျက်ဆီးခြင်းမျှော်စင်ထဲ ဝင်ခွင့်ပေးမယ်။ မင်း ခက်ခက်ခဲခဲ ကြိုးစားပြီးတော့ နောက်ဆုံးအဆင့်ကို ရောက်နေပြီး အမှောင်နဂါး ဧကရာဇ်ရဲ့ အမွေအနှစ်ကို တွေ့နေရတာတောင်မှ ဝိညာဉ်မပြည့်စုံလို့ အရမယူနိုင်တာကို ငါ မြင်ချင်တယ်။”
“နိုင်နိုင်ရှုံးရှုံး ဖျက်ဆီးခြင်း မျှော်စင်ကို ဝင်လို့ရမှာလား။” ချန်လွေ့၏ မျက်လုံးထဲ၌ ထူးဆန်းသော အလင်းရောင်တစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။ ၎င်းမှာ အမှန်တကယ်ပင် မမျှော်လင့်ထားသော ရရှိမှုတစ်ခု ဖြစ်ပေသည်။
သေရွာပြန်ဘုရင် ခေါင်းညိတ်လိုက်သည်။ “ဒါပေါ့။ နောက်ထပ် ဆုတစ်ခု ရှိသေးတယ်။ မင်းရဲ့ဝိညာဉ်ကို တိုင်းပြည်ထဲမှာ ထာဝရ ပိတ်လှောင်ထားမယ် ဆိုတာပေါ့။ ငါ အဲဒါကို မိနစ် စက္ကန့်တိုင်း ဝိညာဉ်ဝါးမျိုမီးတောက်နဲ့ နှိပ်စက်ပစ်မယ်။”
“ကောင်းပြီလေ။” ချန်လွေ့က ချက်ချင်းပင် ခေါင်းညိတ်သည်။ “ဒါဆိုလည်း ကျုပ် အက်ဂ်ယောအသူရဦက “အသူရာ”ဆိုတဲ့ နာမည်အောက်မှာ အရှင်မင်းကြီးနဲ့ စာချုပ်ချုပ်မယ်။ ကျုပ် ခင်ဗျားကို ရှုံးနိမ့်မယ်ဆိုရင် အသူရာက ခွဲထွက်ပြီးတော့ အရှင်မင်းကြီးရဲ့ အကျဉ်းချပြီးတော့ နှိပ်စက်တာကို ခံရမယ်။”
သေရွာပြန်ဘုရင်၏ အပြာရောင်မျက်လုံးများ တောက်ပသွား၏၊ “မင်းက အတော်လေး ယုံကြည်ချက် ရှိနေတာကို ငါ မြင်ရမယ်။ ဒါက မင်းကို ဖျက်ဆီးတဲ့အခါ ပိုပြီးတော့ ပျော်ရမှာ။ အမှောင်ဒြပ်စင်ဘုရင်နဲ့တုန်းက လိုမျိုးပေါ့။”
ထိုစကားကြောင့် အမှောင်ဒြပ်စင်ဘုရင် ဟီဂယ် နှာမှုတ်လိုက်သည်။ အရှုံးသမားများက အမြဲပင် မှားယွင်းသူများ ဖြစ်ကြ၏။ သူသည် ယခင်က သေရွာပြန်ဘုရင်၏ အနိုင်ယူခြင်းကို အမှန်ပင် ခံခဲ့ရသည်။ သူ ဒေါသထွက်သော်လည်း ဘာမှ မပြောနိုင်ပေ။
ချန်လွေ့က ပို၍ပင် ပျော်ရွှင်စွာ ပြုံးနေ၏။ “အရှင်မင်းကြီး ပြောသလိုပဲ။ နောက်ထပ်ပြိုင်ဖို့ မစောင့်နိုင်တော့ဘူး။”
သူတို့နှစ်ယောက်က စာချူပ်စွမ်းအားကို ပြန်လည် အသက်သွင်းလိုက်ကြပြန်သည်။ ချန်လွေ့က အသူရာနာမည်ဖြင့် ဂလိုရီယိုစ်နှင့် စာချုပ်ချုပ်ပြီးနောက် အားလုံး၏ အာရုံစိုက်မှု အောက်တွင် နောက်ဆုံးသော အရေးကြီးသည့် ကစားပွဲတစ်ခု စတင်တော့သည်။
ဂလိုရီယိုစ်က ယခင် မရဏကစားပွဲ၌ သင်ခန်းစာ ရခဲ့ပြီးပြီ ဖြစ်သည့်အတွက်ကြောင့် ချန်လွေ့ကို အပိုအခွင့်အရေးများ ထပ်ပေးတော့မည် မဟုတ်ပေ။ ထိုပြိုင်ပွဲကို တစ်ပွဲတည်းဖြင့် အဆုံးသတ်မည် ဖြစ်သည်။
ဖဲချပ်စားပွဲပေါ်မှ အလင်းရောင် လက်ခနဲ ထွက်လာသည်။ မရဏနတ်ဘုရားက ကောက်ရိတ်ဓားကို ဝှေ့ရမ်းလိုက်ရာ အစစ်ဆေးခံရန်အတွက် ဖဲချပ်များ လှန်သွားလေသည်။
ဖဲချပ် အတည်ပြုခြင်း ပြီးနောက်တွင် အထူးအမြန်နှုန်းဖြင့် ရောမွှေတော့သည်။ ချန်လွေ့က အလွန်လျင်မြန်စွာ ရွေ့လျားနေသော မှော်ဖဲချပ်များကို သေသေချာချာ စိုက်ကြည့်နေသည်။ ဂလိုရီယိုစ်က စိတ်ထဲ၌ သရော်ပြုံး ပြုံးလိုက်၏။ ဒီလိုရောမွှေတာက မြန်ရုံတင် မဟုတ်ဘူး။ အထူးစည်းမျဉ်းနဲ့လည်း ရောနေတယ်။ တိုင်းပြည်ဖန်တီးထားတဲ့ ပုဂ္ဂိုလ်တွေတောင် ကျွမ်းကျင်ဖို့ မဖြစ်နိုင်ဘူး။ အမှားနည်းနိုင်ဖို့အတွက်ပဲ အာရုံခံစွမ်းရည်ကို သုံးလို့ရမှာ။ ဒီ “အက်ဂ်ယော”ရဲ့ စိတ်ဝိညာဉ်စွမ်းအားပမာဏက နတ်ဆိုးအရှင်သခင်အဆင့် နှောင်းပိုင်းကို ချဉ်းကပ်ရုံပဲ ရှိသေးတယ်။ ဖဲချပ်အတည်ပြုပြီးတော့ ရောမွှေတဲ့အချိန်အထိ လှုပ်ရှားမှုတွေကို အပြည့်အဝ ဆုပ်ကိုင်နိုင်ဖို့ လုံးဝမဖြစ်နိုင်ဘူး။ အလုပ်မတွင်ဘဲနဲ့ ဆုံးဖြတ်ချက် အမှားတွေ ဖြစ်လာဦးမှာပဲ။
ဂလိုရီယိုစ်၏ အတွေးများက အမှန်တကယ်ပင် မှန်ကန်ပေသည်။ သို့သော်လည်း S+ အဆင့် ရောက်ရုံသာ ရှိသေးသော သူ၏ပြိုင်ဘက်တွင် [ အထူးစိစစ်မှု ] ရှိနေကြောင်း မသိပေ။ သို့မဟုတ်ပါက “အနိုင်ပြိုင်ပွဲ”အစား ကံတရားပေါ်၌သာ အခြေခံသော “အံ့မခန်းစစ်ပွဲ”ကိုသာ သေချာပေါက် ရွေးချယ်ပေလိမ့်မည်။
ယခင် သင်ခန်းစာကြောင့် သေရွာပြန်ဘုရင်က အပေါ်ယံ၌ အထင်သေးနေသော်လည်း အမှန်တကယ်၌ ချန်လွေ့ကို လုံးဝ အထင်မသေးရဲပေ။ သူက အမှန်တကယ်ပင် ‘ရန်သူကို ဗျူဟာအရ အထင်သေးပြီး ရန်သူ၏ နည်းဗျူဟာကို လျှော့မတွက်’ ခဲ့ပေ။ အစကတည်းမှ သူ၏ စိတ်ဝိညာဉ်စွမ်းအားက အပြည့်အဝ ထုတ်ထားခဲ့သည်။ ထို့နောက် သူ၏ ဆုံးဖြတ်ချက်ထဲမှ ဖြစ်နိုင်ချေ အများဆုံး ဖဲချပ်ကို ချက်ချင်းပင် အလျင်အမြန် လှမ်းယူလိုက်သည်။ တစ်ချိန်တည်းမှာပင် သူက ချန်လွေ့၏ ဖဲချပ်ရွေးချယ်ခြင်းကိုလည်း စတင် နှောင့်ယှက်လေ၏။
သို့သော်လည်း ယုံကြည်ချက် ရှိသည့်တိုင် ယခုပွဲကို အနိုင်ရရန်ပင် ချန်လွေ့ မစဉ်းစားနေကြောင်း သေရွာပြန်ဘုရင် သိပါက ဒေါသကြောင့် သွေးအန်လိမ့်မည် ဖြစ်သည်။ အရိုးခြောက်က သွေးအန်နိုင်မယ် ဆိုရင်ပေါ့.....
အမှန်တကယ်၌ ပထမဆုံး ကစားပွဲ၌ “အက်ဂ်ယောအသူရာ” နာမည်ဖြင့် ဂလိုရီယိုစ်နှင့် စာချုပ်ချုပ်ချိန်တွင် “ထောင်ခြောက်”တစ်ခု တိတ်တိတ်လေး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ယခု သေရွာပြန်ဘုရင်၏ ရက်စက်မှုကြောင့် ..... ချန်လွေ့၏အမြင်တွင် “အကူအညီ”ဟု ခေါ်နိုင်ပေသည်။ ထိုထောင်ခြောက်၏ သက်ရောက်မှုက သူ မူလ မျှော်မှန်းထားသည်ထက်ပင် ကျော်လွန်နေ၏။ ထို့ကြောင့် ထိုကစားပွဲရလာဒ်မှာ သိသာလှပေသည်။
ဖဲချပ်ရွေးချယ်ရန်အချိန်မှာ ၁၀ စက္ကန့်သာ ဖြစ်သည်။ အချိန်တိုအတွင်း နှစ်ယောက်လုံး၏ စိတ်ဝိညာဉ်စွမ်းအားများက အကြိမ်များစွာ တိုက်ခိုက်နေကြ၏။ ရုတ်တရက် ဂလိုရီယိုစ်က “အက်ဂ်ယောအသူရာ”၏ စိတ်ဝိညာဉ်စွမ်းအားမှာ အလွန်အမင်း မတည်မငြိမ် ဖြစ်နေကြောင်း ထူးထူးဆန်းဆန်း “မြင်”လိုက်ရသည်။ သူက အတွင်းထဲ၌ ရုန်းကန်နေရသကဲ့သို့ပင် တစ်ခါတစ်ရံ အားကောင်းပြီး တစ်ခါတစ်ရံ အားနည်းနေ၏။
ဒါက ရန်သူရဲ့ လှည့်ကွက်ပဲ ဖြစ်ရမယ်။ ဂလိုရီယိုစ်က ကြိုတင်မှန်းဆထားပြီးသား ဖြစ်သည့်အတွက် အများကြီး မစဉ်းစားခဲ့ပေ။ သူက အနိုင်ရရှိရန် အတွက်သာ အကောင်းဆုံး ကြိုးစားနေသည်။ ပြိုင်ဘက်၏ စိတ်ဝိညာဉ်စွမ်းအားက တဖြည်းဖြည်းနှင့် တဟုန်ထိုး ပြောင်းလဲလာ၏။ ထိုစဉ် အချိန်နှေးသွားဟန်တူပြီး စိတ်ဝိညာဉ်စွမ်းအားက အလွန်အမင်း ထူးဆန်းကာ ပြိုင်ဘက်ကင်းသော ခံစားချက်တစ်ခု ဖြစ်သွားသည်။ သူ့ဘက်မှ ဖိအား နှစ်ဆတိုးသွားပြီးတော့ ပြိုင်ပွဲကလည်း ပိုမိုပြင်းထန်လာတော့သည်။
ပြင်ပမှ ပရိသတ်များ၏ မျက်လုံးထဲတွင် ၁၀ စက္ကန့်မှာ လျှပ်တပြက်အတွင်း ကုန်ဆုံးသွား၏။ နှစ်ဖက်လုံးက ဖဲချပ်များကို ရွေးချယ်ပြီးပြီ ဖြစ်သည်။ ကျန်ရှိသော ဖဲချပ်များအားလုံး လောင်ကျွမ်းသွား၏။
“ဟမ့်။ မင်းမှာ ဒီလောက်အားကောင်းတဲ့ စိတ်ဝိညာဉ်စွမ်းအားတွေ ဖုံးကွယ်ထားဦးမယ်လို့ မထင်ထားခဲ့ဘူး။” ဂလိုရီယိုစ်က သရော်ပြုံး ပြုံးလိုက်သည်။ “ဒါပေမဲ့ မင်း ဘယ်လိုပဲ လှည့်ကွက်တွေ သုံးသုံး၊ မင်း ရှုံးနိမ့်မှာကို မပြင်နိုင်တော့ဘူး။”
ချန်လွေ့က ထူးထူးဆန်းဆန်း ပြုံးလိုက်သည်။ သူ၏မျက်လုံးများက ယခင်နှင့် မတူသော သွေးနီရောင် တောက်နေပြီး အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ “ငါရထားတဲ့ မှတ်ဉာဏ်တစ်ခုမှာ ဖဲချပ်အရင်ပြတဲ့သူက သေချာပေါက် ရှုံးတယ်ဆိုတဲ့ မြင်ကွင်းတစ်ခု ရှိတယ်။ ဒီနေ့ ငါ အဲဒီ အစဉ်အလာကို ဖျက်ဆီးပစ်ပြမယ်။”
ထိုသို့ ပြောပြီးနောက် ချန်လွေ့က ရှေ့မှ အဓိကဖဲချပ်များကို ထုတ်ပြလိုက်သည်။ နတ်ဆိုးဘုရင် နှစ်ချပ်၊ ငွေဘုရင်မ နှစ်ချပ်၊ ကျက်သရေမြင်းတပ် တစ်ချပ်။
“တကယ်လား။” ဂလိုရီယိုစ်လည်း အဓိကဖဲချပ်များကို လှန်ပြသည်။ ဖရိုဖရဲ အစုအဖွဲ့။ တစ္ဆေကိုယ်လုပ်တော သုံးချပ်နှင့် နတ်ဆိုးအစေခံ တစ်စုံ၊ အစုအဖွဲ့တူ အပြည့်။ လက်ရှိ ဖဲချပ်များအရ ဂလိုရီယိုစ်က လုံးဝ အားသာချက် ရှိနေ၏။
“အစဉ်အလာကို ဖျက်ဆီးမယ်ဆိုတာ ဒါလား။” ဂလိုရီယိုစ်က ပြုံးလိုက်သည်။ “ဒါပေမဲ့ မင်းမှာ နောက်ဆုံးမျှော်လင့်ချက် ရှိနေသေးတယ်။ မင်းရဲ့ ဆင့်ပွားဖဲချပ်က ကြားနေဖဲချပ် ဖြစ်မယ်ဆိုရင် အမိန့်အစုအဖွဲ့ရဲ့ အဓိကဖဲချပ်ကို ငါနဲ့ လဲလို့ ရနိုင်တယ်။ ကံကောင်းရင်တော့ မြင်းတပ်ကို ငါ့ရဲ့ တစ္ဆေကိုယ်လုပ်တော်နဲ့ လဲလှယ်လို့ရတယ်။ ဒါဆိုရင် ငါတို့တွေ သရေကျအောင် လုပ်နိုင်သေးတယ်။ ဒီတော့ မင်းရဲ့ ဆင့်ပွားဖဲချပ်ကို မြန်မြန်လှန်လိုက်။”
ချန်လွေ့က အရှေ့မှ ဆင့်ပွားဖဲချပ်ကို လှန်လိုက်ရာ သူ၏အမူအရာ ရုတ်တရက် အေးခဲသွား၏။
တောင်ဝှေး - အမိန့်အဓိကဖဲချပ်။ ဖဲချပ်ပုံစံကွက် မှန်ကန်သည်။ ရောနှော အစုအဖွဲ့ နှစ်တွဲ။ အလွန်သေးငယ်သော ဖဲချပ်ပုံစံကွက်။
ဖဲချပ်စားပွဲကို စောင့်ကြည့်နေကြသော စထရီနာနှင့် အခြားသူများ၏ နှလုံးသားများ ရုတ်တရက် တင်းကြပ်သွားခဲ့သည်။ သူတို့၏ နောက်ဆုံးမျှော်လင့်ချက် ဆုံးရှုံးသွားပုံရသည်။
ဂလိုရီယိုစ် ရယ်လိုက်သည်။ “ထင်ထားတာ မဟုတ်ဘူးလား။ မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအားက နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းကို ရောက်နေပြီးတော့ မင်းရဲ့ စွမ်းရည်က အတော်လေး ထူးခြားပေမဲ့ ငါ့ရဲ့တကယ့်စွမ်းအားက တိုင်းပြည်ဖန်တီးခြင်း ဆိုတာကို မမေ့နဲ့။ ငါ့ရဲ့စွမ်းအားက နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းအထိ ကန့်သတ် ခံထားရရင်တောင် ငါ့ရဲ့စွမ်းရည်တွေရဲ့ ထိန်းချုပ်နိုင်မှုက မင်းလက်လှမ်းမီနိုင်တာထက် ကျော်လွန်တယ်။ ဒါက လှည့်ကွက်အသေးလေးပါ။ အခြေအနေကို ပြောင်းပြန်လှန်ဖို့ မင်းလိုချင်နေတဲ့ ကြားနေဖဲချပ်ကို ငါ အစားထိုးထားလိုက်တာ။”
“မင်းရဲ့ ဝိညာဉ်တစ်ဝက်ကို ငါပိုင်ပြီ။” ဂလိုရီယိုစ် ပြုံးလိုက်ရင်း သူ့အရှေ့မှ ဆင့်ပွားဖဲချပ်ကို လှန်လိုက်သည်။ ချက်ချင်းပင် လူတိုင်း အံ့အားသင့်သွားကုန်ကြ၏။
ဂလိုရီယိုစ်၏ ဆင့်ပွားဖဲချပ်မှာ နေ ဖြစ်သည်။
သူ၏ ယခင်အဓိကဖဲချပ်က ဖရိုဖရဲ အစုအဖွဲ့အပြည့်ဖြစ်ပြီး ဖွင့်ပွားဖဲချပ်မှာ အမိန့် အစုအဖွဲ့ ဖြစ်နေရာ ဖဲချပ်ပုံစံကွက် မှားယွင်းသွား၏။ သူ တစ်ခါတည်း ရှုံးနိမ့်သွားလေသည်။
ထိုဆင့်ပွားဖဲချပ်က ကြားနေဖဲချပ် ဖြစ်လျှင်ပင် ဂလိုရီယိုစ် ရှုံးနိမ့်မည် မဟုတ်ပေ။ သို့သော် ၎င်းမှာ အမိန့်ဖဲချပ် ဖြစ်နေ၏။ ဂလိုရီယိုစ်က မျက်လုံးကိုပင် မယုံနိုင်တော့ပေ။ ‘နေ’က ထိုအချိန်၌ သူ အပြောချင်ဆုံးအရာကို ဖော်ပြနိုင်လောက်ပေသည်။
“ငါမင်းကို ပေးလိုက်တဲ့ ဆင့်ပွားဖဲချပ်ကို ကျေနပ်ရဲ့လား။ တကယ်တော့ ဒါက လှည့်ကွက်လေး တစ်ခုပါ။” ချန်လွေ့၏ ဆိုးယုတ်သော ရယ်သံ ထွက်ပေါ်လာသည်။ “တစ်ယောက်ယောက် အတွက် ဒါက ရှုံးနိမ့်သွားတဲ့ အောင်နိုင်မှု တစ်ခုပဲ။ ငါ့အတွက်ကတော့ မင်းပြောခဲ့သလိုပဲ....မင်းရဲ့ ဝိညာဉ်တစ်ဝက်ကို ငါပိုင်ပြီ။”