← Chapters

အသက်သေတ္တာ

Vol. 40 Ch. 621

အသက်သေတ္တာ

Vol. 40 Ch. 621

“မဖြစ်နိုင်ဘူး။” ဂလိုရီယိုစ်က အော်ပြောလိုက်သည်။ “ငါက ဘယ်လိုလုပ် ရှုံးရမှာလဲ။ မင်းလိုမျိုး ပုရွက်ဆိတ်တစ်ကောင်က ဘယ်လိုလုပ်နိုင်ပြီးတော့ ငါ့အာရုံကို ကျော်နိုင်တာလဲ။”

“ဝက်ဝက်ကွဲ လူကြိုက်များတဲ့ ရုပ်ရှင်တွေဆို သည်းထိတ်ရင်ဖိုတွေကို နောက်ဆုံးမှာ ချန်ထားတတ်ကြတယ်လေ။” ချန်လွေ့၏အပြုံးက အနည်းငယ် တောင့်တင်းနေပြီး မျက်လုံးထဲမှ အနက်ရောင်က သွေးနီရောင်ကို ဖုံးလွှမ်းသွားဟန် ဖြစ်နေသော်လည် သွေးနီရောင်က ပြန်လွှမ်းမိုးသွားပြန်၏။ “မကျေနပ်ဘူးလား။ မင်းရဲ့ တွက်ချက်မှုက မဆိုးပါဘူး။ ဒါပေမဲ့ ကံဆိုးချင်တော့ ဒီလောင်းကစားပွဲမှာ ငါက နောက်ဆုံးအောင်နိုင်တဲ့သူပဲ။”

ထိုနောက်ဆုံးစကားနှစ်ခွန်းက မိမိကို ဦးတည်ခြင်း မဟုတ်ကြောင်း ဂလိုရီယိုစ် မသိခဲ့ပေ။ ထိုအချိန်တွင် သေရွာပြန်ဘုရင်၏ စိတ်ထဲ၌ ရှုံးနိမ့်ခြင်းကြောင့် ဒေါသများ ပြည့်နေပြီး အံကြိတ်ကာ ပြောသည်။ “ချီးပဲ။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမနေနဲ့။ ငါ မင်းတို့အားလုံးကို သတ်ပစ်မယ်။ ငါ့တိုင်းပြည်မှာ မင်းတို့ဝိညာဉ်တွေကို တစ်သက်လုံး ဒုက္ခခံစားခိုင်းမယ်။”

ချန်လွေ့၏ခန္ဓာကိုယ် အနည်းငယ် တုန်လှုပ်သွားသော်လည်း မျက်နှာက ပြုံးလျက်ပင် ရှိနေသေးသည်။ “အိုး။ ကတိဖျက်ချင်တာလား။”

“ကတိဖျက်တော့ ဘာဖြစ်လဲ။ မင်းတို့အားလုံး သေတော့မှာပဲ။” ဂလိုရီယိုစ် ‌အော်ပြောလိုက်သည်။ သူက စိတ်ကို စေစားလိုက်ရာ သူတို့နှစ်ယောက် ချုပ်ဆိုထားသော စာချုပ်က ရုတ်တရက် ပေါ်ထွက်လာသည်။ သူ၏ခန္ဓာကိုယ်က အပြာရောင်မီးတောက်များရှိသော အငွေ့များအဖြစ် ပြောင်းလဲသွားကာ စာချုပ်ကို ဝန်းရံလိုက်သည်။ စာချုပ် ရုတ်တရက် လောင်ကျွမ်းသွားပြီး အသံများ ထွက်လာတော့သည်။

အပြင်ဘက်မှ အမှောင်ဒြပ်စင်ဘုရင်က အမြန်ဆုံး တုံ့ပြန်လာသည်။ သူ လက်တစ်ချက် ဝှေ့ရမ်းလိုက်ရာ အမှောင် ရွှေအလင်းတစ်ခုက ဂလိုရီယိုစ်ထံ ရောက်ရှိသွား၏။ သို့ရာတွင် ဂလိုရီယိုစ်က ပြင်ဆင်ထားပြီးသား ဖြစ်သည်။ လေထဲ၌ မမြင်နိုင်သော လက်များ ရှိနေသကဲ့သို့ပင် မူမမှန်သော တွန့်လိမ့်မှုများ ပေါ်ထွက်လာပြီး အမှောင်‌ရွှေအလင်းက လမ်းတစ်လျှောက် အားနည်းသွားလေသည်။ ထို့နောက် စားပွဲသို့ မချဉ်းကပ်နိုင်ခင်မှာပင် ပျောက်ကွယ်သွား၏။

ပေါက်ကွဲမှုပြီးနောက် ဂလိုရီယိုစ်၏ မျက်လုံးထဲမှ အပြာရောင်အလင်း မှိန်ကျသွားပြီး စွမ်းအင်အတော်များများ သုံးလိုက်ရဟန်တူသည်။ သို့သော် အငွေ့များ ပျောက်သွားပြီးနောက် စာချုပ်က ဘာမှမဖြစ်ဘဲ ကျန်ရစ်နေခဲ့လေသည်။

သေရွာပြန်ဘုရင်က ကြောက်လန့်စွာဖြင့် အော်ပြောသည်။ “မင်းက အလွန်ဆုံး နတ်ဆိုးအရှင်သခင်အဆင့်ပဲ။ ငါ ဘာလို့ စာချုပ်ကို ပယ်ဖျက်လို့ မရတာလဲ။”

“ဟားဟား...” ချန်လွေ့က ရယ်သည်။ သူ၏သွေးရောင်မျက်လုံးများက ထူးဆန်းစွာဖြင့် အရောင်လက်လာသည်။ “စာချုပ်အတိုင်းဆိုရင် မင်းရဲ့ဝိညာဉ်ကို ငါ လက်ခံရမယ်။ ဆုလာဒ်အနေနဲ့ စာချုပ်ရဲ့ နောက်ထပ်အခြေအနေတစ်ခုကို ငါ ပယ်ဖျက်ပေးနိုင်တယ်....”

ထိုသို့ပြောပြီးနောက် စာချုပ်က ချက်ချင်း အရောင်တောက်လာသည်။ ဂလိုရီယိုစ်က နာကျင်စွာဖြင့် ခေါင်းကိုကိုင်ထားရင်း အော်ဟစ်နေ၏။ “ငါ့ဝိညာဉ်။ မဟုတ်ဘူး။ မဟုတ်ဘူး။ မင်းက ဘာကြီးလဲ။”

ချန်လွေ့ ပင့်သက်ရှိုက်လိုက်၏။ စုပ်ယူမှုတစ်ခုကြောင့် ဆွဲယူခံလိုက်ရသကဲ့သို့ပင် ဂလိုရီယိုစ်ထံမှ ရွှေရောင်ဝိညာဉ်စွမ်းအား အမျှင်များ ပျံ့လွင့်လာာသည်။ ထို့နောက် လုံးဝ ဝါးမျိုခံလိုက်ရ၏။

ဝိညာဉ်စွမ်းအားကို ဝါးမျိုပြီးနောက်တွင် ချန်လွေ့၏ခန္ဓာကိုယ်က ပို၍ ပြင်းပြင်းထန်ထန် တုန်ခါလာသော်လည်း သူ၏မျက်လုံးက အရောင်တောက်လာကာ ရယ်လိုက်သည်။ “သိပ်ကို အရသာရှိတဲ့ ဝိညာဉ်စွမ်းအားပဲ။ နောက်တစ်ခေါက် ငါထွက်လာတဲ့အခါ ငါတို့တွေ အဆုံးသတ်ဖို့ အချိန်ပဲ။ သိပ်ပြီး ကြာတော့မှာ မဟုတ်ဘူး....”

သူ စကားပြောမပြီးခင်မှာပင် သူ၏မျက်လုံးသူငယ်အိမ်က အနီရောင်နှင့် အနက်ရောင် အဆက်မပြတ် ပြောင်းလဲနေပြီး နောက်ဆုံး၌ အနက်ရောင် ပြန်ဖြစ်သွားလေ၏။

ပုံမှန်အခြေအနေသို့ ပြန်ရောက်ပြီးနောက် ချန်လွေ့က လက်မခံနိုင်ဘဲ လက်သီးကို ကျစ်ကျစ်ဆုပ်ကာ အပြင်းအသန် အသက်ရှူနေသည်။ ၎င်းမှာ အတော်လေး ပြီးပြည့်စုံသော အစီအစဉ်တစ်ခု ဖြစ်ခဲ့သည်။ စာချုပ်ကို သုံးပြီး သေရွာပြန်ဘုရင်၏ ပိုင်နက်ကို အသုံးချကာ အသူရာကို ခွဲထုတ်ပြီး အကျဉ်းချရန် ဖြစ်သည်။ မမျှော်လင့်ဘဲနှင့် အရေးကြီးသော အခိုက်အတန့်၌ အသူရာ ပြန်လည်ပေါ်ထွက်လာကာ ခန္ဓာကိုယ်က အသည်းအသန်လုယူပြီး ပြိုင်ပွဲကို အနိုင်ယူခဲ့သည်။ အသူရာ ပြောသည့်အတိုင်းပင် ထိုပွဲမှာ ချန်လွေ့အတွက် ရှုံးနိမ့်သွားခဲ့သော နိုင်ပွဲတစ်ခုပင် ဖြစ်လေသည်။

အသူရာက ဂလိုရီယိုစ်၏ ဝိညာဉ်တစ်ဝက်ကို ဝါးမျိုခဲ့ရုံသာမက နိုင်နိုင်ရှုံးရှုံး ဖျက်ဆီးခြင်း မျှော်စင်သို့ ပေးဝင်မည့် သတ်မှတ်ချက်ကိုလည်း ပယ်ဖျက်ခဲ့သည်။ အလွန်အမင်း ဒဏ်ရာရနေသော ဂလိုရီယိုစ်က လွယ်လွယ်နှင့် အလျှော့ပေးလိမ့်မည် မဟုတ်လောက်ပေ။

သေရွာပြန်ဘုရင်၏ပုံရိပ်က အငွေ့တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဖော်ပြ၍မရသော ‌ဒေါသများ ပြည့်နှက်နေသည့် သူ၏အော်သံက အမုန်းတရားနယ်မြေတစ်ခုလုံးသို့ ပြည့်နှက်သွားလေသည်။ “သောက်ကျိုးနည်းပဲ။ အမှောင်ဆန်းကြယ် သံမဏိသရဲတွေ။ သူတို့ အားလုံးကို သတ်ပစ်လိုက်။”

အကြီးမားဆုံး အမှောင်ဆန်းကြယ် သံမဏိသရဲက လက်ထဲမှ မဟာဓားကို တဖြည်းဖြည်း မြှောက်ပြီး ချန်လွေ့နှင့် အခြားသူများကို ချိန်လိုက်သည်။ ထို့နောက် အမှောင်ဆန်းကြယ် သံမဏိသရဲအားလုံးက ချန်လွေ့တို့ထံ အနက်ရောင်ရေစီးကြောင်း တစ်ခုသဖွယ် ပြေးဝင်လာကြ၏။

ချန်လွေ့တို့ဘက်မှ အရေအတွက်နှင့်ဆိုလျှင် အနိုင်ရနိုင်ခြေ လုံးဝ မရှိပေ။ ထို့ပြင် သူတို့ဘေးနားတွင် တိုင်းပြည်ဖန်တီးပြီးသော ကိုယ်ပွားတစ်ခုလည်း ရှိနေသေးသည်။

အမှောင်ဒြပ်စင်ဘုရင်နှင့် အခြားသူများက တိုက်ခိုက်ရန် ပြင်ဆင်ကြသည်။ ချန်လွေ့ ခဏစဉ်းစားလိုက်ပြီးနောက် သူ၏ပုံရိပ်က လေထဲ၌ ချက်ချင်း ပေါ်ထွက်လာသည်။ ထို့နောက် သူ၏အသံက အဝေးသို့ ပျံ့နှံ့သွားခဲ့သည်။ “အငြိုးဝိညာဉ်တို့။ ခင်ဗျားတို့ရဲ့ ဝိညာဉ်က အမုန်းတရားနယ်မြေနဲ့ ချည်နှောင်ခံထားရပြီးတော့ အဆုံးမဲ့ နှိပ်စက်မှုတွေ ကျိန်စာတွေကို ခံနေရတယ်ဆိုတာကို ကျုပ်သိပါတယ်။ ကျုပ်က ခင်ဗျားတို့ရဲ့ သခင် ဖြစ်လာခဲ့ပြီ။ အခု ကျုပ်ရဲ့ ဝိညာဉ်နဲ့ ကျိန်ဆိုတယ်။ ဒီအမှောင်ဆန်းကြယ် သံမဏိသရဲတွေကို ရှင်းပစ်ပြီးတော့ ဖျက်ဆီးခြင်း မျှော်စင်ကို ဝင်ဖို့အတွက် ကူညီပေးမယ်ဆိုရင် ခင်ဗျားတို့ကို နာကျင်မှုတွေကနေ လုံးဝ လွတ်မြောက်နိုင်အောင် အကောင်းဆုံး ဆောင်ရွက်ပေးမယ်။”

အငြိုးဝိညာဉ်များက အချင်းချင်း ကြည့်လိုက်ရပြီး အုတ်အော်သောင်းတင်း ဖြစ်သွားကာ မယုံကြည်နိုင် ဖြစ်နေ၏။ အမုန်းတရားနယ်မြေ၏ ကျိန်စာကြောင့် အငြိုးဝိညာဉ်များက မသေနိုင်ကြပေ။ သူတို့ ချေမှုန်းခံလိုက်သည်နှင့် အဆုံးမဲ့နာကျင်စွာဖြင့် ဖြည်းဖြည်းချင်း အသက်ပြန်ရှင်လာမည် ဖြစ်သည်။ ထိုအခြေအနေက ရှင်လျက်နှင့် သေရခြင်းကဲ့သို့ပင်ဖြစ်ပြီး ငရဲနှင့် မခြားလှပေ။ ခုနက ပရင့်ဇ်၏ “သေဆုံးခြင်း”သည်ပင် ထိုအတိုင်း ဖြစ်၏။

သေရွာပြန်ဘုရင်၏ လက်ကျန်စွမ်းအားများကြောင့် မည်သည့် အငြိုးဝိညာဉ်ကမှ မဦးဆောင်ရဲကြပေ။

အမှောင်ဆန်းကြယ် သံမဏိသရဲများ ချဉ်းကပ်လာနေသည်ကို မြင်သည့်အခါ စထရီနာ၏အသံ ထွက်လာသည်။ “နာဂါမျိုးနွယ်စုရဲ့ သူရဲကောင်း ဝိညာဉ်တို့။ ကျွန်မက ရွှေတဲကို ဆက်ခံထားတဲ့ နာဂါမျိုးနွယ်ရဲ့ လက်ရှိခေါင်းဆောင်ပါ။ နာဂါမျိုးနွယ်စုတွေ နှစ်ပေါင်းများစွာ စွဲကပ်နေခဲ့ရသော စတေးမှုတွေနဲ့ နာကျင်ခံစားမှုတွေကို ဖယ်ရှားဖို့အတွက် ဒီလူအတူ ကျွန်မ လိုက်လာခဲ့တာပါ။ လမ်းတစ်လျှောက်မှာ သူ့ကို လုံးဝယုံကြည်လို့ ရတယ်ဆိုတာကို လုပ်ရပ်တွေနဲ့ သက်သေပြခဲ့ပြီးပါပြီ။ ကျွန်မကလည်း မျိုးနွယ်စုနဲ့ ကျွန်မရဲ့အသက်ကို သူ့ဆီကို အပ်နှံထားတယ်။ ကျွန်မ ယုံကြည်သလို သူ့ကို ယုံကြည်ပေးပါ။ သူ့ကို ကူညီပေးပါ။ သူက အားလုံးကို နာကျင်မှုကနေ ကင်းလွတ်အောင် သေချာပေါက် ကူညီပေးမှာပါ။”

စထရီနာက ထိုစကားများကို ပြောပြီးသည့်အခါ အငြိုးဝိညာဉ်ပင်လယ်ထဲမှ နာဂါများက အမှောင်ဆန်းကြယ် သံမဏိသရဲများထံ ပြေးသွားကြသည်။ ထိုလုပ်ရပ်က အထောက်အကူ တစ်ခု ကဲ့သို့ပင် ဖြစ်နေပြီး မြောက်မြားလှစွာသော အငြိုးဝိညာဉ်များ ပြေးဝင်သွားကြ၏။ ကျယ်ပြောလှသော အငြိုးဝိညာဉ်အုပ်လိုက်ကြီးက အမှောင်ဆန်းကြယ် သံမဏိသရဲ လှိုင်းနက်များထံသို့ တစ်လှိုင်းချင်း ချီတက်ကြတော့သည်။

အင်အားစုနှစ်ခု ချက်ချင်းပင် ဝင်တိုက်ကြသည်။ အငြိုးဝိညာဉ်များက တစ္ဆေများ ကဲ့သို့ပင် ဖြစ်သည်။ သူတို့က ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကို ခုခံနိုင်ပြီး သူတို့၏ တိုက်ခိုက်မှုများတွင် အားကောင်းသော ကျိန်စာစွမ်းအားနှင့် အဆိပ် ရှိကြသည်။ ကံဆိုးစွာပင် ၎င်းတို့က အမှောင်ဆန်းကြယ် သံမဏိသရဲများအပေါ်တွင် သက်ရောက်မှု မရှိဆေပ။ အမှောင်ဆန်းကြယ် သံမဏိသရဲများက အံ့အားသင့်စရာ စွမ်းအားများကို အပြည့်အဝ ထုတ်ပြတော့သည်။ အငြိုးဝိညာဉ်များက အမှောင်ဆန်းကြယ် သံမဏိသရဲများ၏ အလွန်အမင်း မြင့်မားသော ခုခံမှုများကို မဖောက်နိုင်သော်လည်း ၎င်းတို့က အငြိုးဝိညာဉ်များကို အလွယ်တကူ ဆုတ်ဖြဲ နိုင်ကြလေသည်။

သို့ရာတွင် အငြိုးဝိညာဉ်များ အလွန်များပြားလှသည်။ ပုရွက်ဆိတ် စစ်တပ်တစ်ခုကပင် တစ်ခါတရံတွင် ဆင်များကို သတ်ပစ်နိုင်၏။ လှိုင်းလုံးကြီးကို ရင်ဆိုင်ရာ၌ အမှောင်ဆန်းကြယ် သံမဏိသရဲများက အလွန်ဆုံး မြစ်ငယ်တစ်ခုသာ ဖြစ်ကြသည်။ ၎င်းတို့၏ အရေအတွက်က အလျင်အမြန်ပင် စတင်လျော့ကျလာ၏။

ဂလိုရီယိုစ်က ကိုယ့်ပေါင်ကိုယ်လှန်ထောင်းမိလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ပြိုင်ဘက်ထံ ရှုံးနိမ့်သွားခဲ့သော အငြိုးဝိညာဉ်များက အမှောင်ဆန်းကြယ် သံမဏိသရဲများကို ရင်ဆိုင်ရာ၌ အသုံးချခြင်း ခံခဲ့ရလေသည်။ ရုတ်တရက် သူ၏မျက်လုံးထဲ၌ အပြာရောင် အလင်းများ တောက်လာပြီး မီးတောက်ငယ်များလည်း နေရာအနှံ့သို့ ပျံ့နှံ့သွားလေသည်။

ထိုမီးတောက်ကို ထိမိသော အငြိုးဝိညာဉ်များက အော်ဟစ်ပြီး ပျောက်ကွယ်သွား၏။ ၎င်းမှာ သေရွာပြန်ဘုရင်၏ တိုင်းပြည်မှ ဝိညာဉ်မီးတောက် ဖြစ်သည်။ ဝိညာဉ်မရှိသော အမှောင်ဆန်းကြယ် သံမဏိသရဲများက ထိခိုက်ခြင်း မရှိပေ။ အငြိုးဝိညာဉ်များက မီးကို ကြောက်သည့်အတွက် အဆက်မပြတ် အော်ဟစ်နေကြပြီး အမှောင်ဆန်းကြယ် သံမဏိသရဲများက မည်သည်ကိုမှ မခံစားရဘဲ ဆက်လက် တိုက်ခိုက်နေလေသည်။ အခြေအနေ ပြောင်းပြန်ဖြစ်သွားပြီး ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေ၌ အချိန်အတော်ကြာ ရှိနေ၏။

ဟီဂယ်၏ခန္ဓာကိုယ်မှ အနက်ရောင်အငွေ့ အများအပြား ပေါ်ထွက်လာကာ ချန်လွေ့နှင့် အခြားသူများကို ကာကွယ်ပေးသော စက်ဝိုင်းတစ်ခုကို ဖန်တီးလိုက်သည်။ အငွေ့နက်နှင့် ဝိညာဉ်မီးတောက်က အချင်းချင်း ခုခံနေကြသော်လည်း ဟီဂယ်က အသေအချာပင် ပင်ပန်းနေပုံရသည်။

“ခင်ဗျားက အမှောင်ဒြပ်စင်ဘုရင် ဖြစ်တော့ကော ဘာဖြစ်လဲ။ ဒါက ဒြပ်စင်လောက မဟုတ်ဘူး။” ဂလိုရီယိုစ်က အံကြိတ်ကာ ပြောသည်။ “ကျုပ်ရဲ့ တိုင်းပြည်အများစုက အမှောင်ဒြပ်စင်အများစုနဲ့ လုပ်ထားပြီးတော့ ခင်ဗျားရဲ့ ဇစ်မြစ်စွမ်းအားကို မယှဉ်နိုင်ပေမဲ့ ကျုပ်က တိုင်းပြည်ဖန်တီးပြီးထားတဲ့ ပုဂ္ဂိုလ်တစ်ဦးပဲ။ ခင်ဗျားမှာ အနိုင်ရနိုင်ချေ လုံးဝ မရှိဘူး။ ဘယ်လိုပဲ ခုခံခုခံ သေရမှာပဲ။”

“တိုင်းပြည်ဖန်တီးပြီးပြီ ဟုတ်လား။ ဒါက တိုင်းပြည်-ယောင် လေးတစ်ခုပဲ။” ဟီဂယ်က သရော်ပြုံး ပြုံးလိုက်သည်။ “ခုနက မင်းရဲ့ဝိညာဉ် ဒဏ်ရာအပြင်းအထန် ရသွားတာတောင် တကယ့် ခန္ဓာကိုယ်နဲ့ မပေါ်လာဘူး။ မင်းကို စည်းမျဉ်းတစ်ခုခုက ကန့်သတ်ထားတာ ဖြစ်ရမယ်။ အဲဒါကြောင့် ကိုယ်ပွားအနေနဲ့ပဲ ပေါ်လာနိုင်တာ။ မင်းက တိုင်းပြည်စွမ်းအားကို တကယ် အသက်သွင်းလို့ မရဘူး။ မင်းက ဒဏ်ရာအပြင်းအထန် ရထားတဲ့ ဝိညာဉ်စွမ်းအားကို အမြန်ဆုံး ပြန်ကောင်းအောင်လုပ်ဖို့အတွက် ငါတို့ကို အသည်းအသန် သတ်ချင်နေတာ။ ငါ မှန်းကြည့်မယ်။ ဝိညာဉ်အမြုတေ ထည့်သိမ်းထားတဲ့ အသက်သေတ္တာက အမုန်းတရားနယ်မြေရဲ့ တစ်နေရာရာမှာ ဝှက်ထားတာ ဖြစ်လောက်မယ်။ ဒီလိုဆိုရင်တော့ အသက်သေတ္တာကို ရှာပြီး ဖျက်ဆီးလိုက်တာနဲ့ မင်းလည်း လုံးဝ ပျောက်ကွယ်သွားမှာပဲ။”

ဂလိုရီယိုစ်၏ လက်ထဲမှ အရိုးတောင်ဝှေးကို အဆက်မပြတ် ဝှေ့ရမ်းလိုက်ရာ အမုန်းတရားနယ်မြေ၏အလင်းရောင် မှိန်ကျသွားပြီး ကြောက်မက်ဖွယ်ရာ ဖိအားတစ်ခုက နေရာအနှံ့သို့ ဖြန့်ကျက်လာသည်။ ချန်လွေ့နှင့် အခြားသူများ၏ လှုပ်ရှားမှုများကလည်း ကန့်သတ်ခံလိုက်ရသည်။ အမှောင်ဒြပ်စင်ဘုရင်၏ အကာအကွယ် အငွေ့နက်ကလည်း ဖိအားကြောင့် ကျုံ့လာသည်။

လူတိုင်းက ကိုယ့်ကိုယ်ကိုယ် ပုရွက်ဆိတ်ဟု ထင်ပြီး ဂလိုရီယိုစ်အား အနှိုင်းမဲ့ ဆရာသခင်တစ်ယောက်ဖြစ်ပြီး သူဆန္ဒရှိလျှင် အားလုံးကို သုတ်သင်ပစ်နိုင်သည်ဟု ခံစားမိလာကြသည်။ သူတို့တွင် ဆန့်ကျင်ရန် အတွေးများ မရှိနိုင်လုနီးပါး ဖြစ်သွားခဲ့သည်။ အထင်ရှားဆုံး တုံ့ပြန်မှုများမှာ အငြိုးဝိညာဉ်များ ဖြစ်ကြသည်။ သူတို့၏စွမ်းအားက အနိမ့်ဆုံးအထိ ဖိနှိပ်ခံရပြီး တိုက်ခိုက်ရေးစိတ်များကလည်း ကြီးကြီးမားမား ပျောက်ကွယ်ကာ ပြေးလွှားနေကြတော့သည်။ သူတို့က အရေအတွက် နည်းပါးလှသော အမှောင်ဆန်းကြယ် သံမဏိသရဲများ၏ လက်အောက်တွင် လုံးဝ ဖိနှိပ်ခံလိုက်‌ရလေသည်။

ထိုခံစားချက်က ထင်ထောင်ထင်မှား မဟုတ်ဘဲ “စည်းမျဉ်း”ကဲ့သို့ ဖြစ်သည်။ ဒါက ပိုင်နက်စွမ်းအား မဟုတ်တော့ဘူး။ တိုင်းပြည်စွမ်းအားပဲ။

စထရီနာပင် မသက်မသာဖြစ်နေသော အမူအရာ ပြသလာသည်။ ပုံမှန်ဖြစ်နေသော သူများမှာ ဟီဂယ်နှင့် ချန်လွေ့သာ ဖြစ်သည်။ ချန်လွေ့က မျက်မှောင်ကြုတ်လိုက်ရာ ပတ်ပတ်လည်တွင် ကြယ်ပွင့်များ ပေါ်ထွက်လာ၏။ [ ကြယ်စင်စုပိုင်နက် ] ၏ တိုးမြှင့်မှုနှင့်အတူ ဟီဂယ်၏ အကာအကွယ် အငွေ့နက်ကလည်း အနည်းငယ် ဖြန့်ကျသွားသည်။ သူ အတော်လေး အံ့အားသင့်သွား၏။

“ဟမ့်...တော်တော်ကို ထူးခြားတဲ့ စွမ်းအားပဲ။ မင်းက ငါ့ရဲ့ တိုင်ပြည်စွမ်းအားကြောင့် ကန့်သတ်တာ တကယ် မခံရဘူးပဲ။ မင်းရဲ့ ပိုင်နက် တစ်စိတ်တစ်ပိုင်းက ဘယ်လိုလုပ်ပြီးတော့ ငါ့ရဲ့ တိုင်းပြည်တစ်ခုလုံးကို ယှဉ်နိုင်ရတာလဲ။” သေရွာပြန်ဘုရင်၏ လေသံက ရုတ်တရက် စူးရှပြီး ထူးဆန်းသွား၏။ “မင်းရဲ့နောက်မှာ ဘယ်လိုတည်ရှိမှုမျိုးပဲရှိရှိ ငါမင်းကို ဒီနေ့ အမှုန့်ချေပစ်မယ်။ ပြီးတော့ မင်းရဲ့ဝိညာဉ်ကို တစ်လွှာချင်း ဖြတ်ပစ်မယ်။”

လေထဲ၌ တဝီဝီမြည်နေသော မရေမတွက်နိုင်သည့် ပုံရိပ်များ ပေါ်ထွက်လာသည်။ ၎င်းတို့မှာ ကောက်ရိတ်ဓား ကိုင်ထားသော မရဏနတ်ဘုရားများ ဖြစ်ကြပြီး ချန်လွေ့နှင့် အခြားသူများထံ ပျံသန်းလားသည်။ ထို “မရဏနတ်ဘုရားများ”မှာ ဘရော့ခ်၏ [နတ်မိစ္ဆာပိုင်နက်] နှင့် ဆင်တူ၏။ သူတို့က တိုက်ခိုက်ခံရသောအခါ အငွေ့များအဖြစ် ပြောင်းလဲသွား၏ အလျင်အမြန်ပင် မူလအခြေအနေသို့ ပြန်ပေါင်းစည်းသွားကြသည်။ သို့ရာတွင် သူတို့၏ တိုက်ခိုက်မှုများမှာ ထင်ယောင်ထင်မှား မဟုတ်ကြပေ။ ကြောက်မက်ဖွယ်ရာ ကောက်ရိတ်ဓားတွင် ထူးဆန်းသော ဝိသေသလက္ခဏာများ ရှိသည်။ အဝေးမှ ပိုင်းခံရသော်လည်း အငွေ့နက်အကာအကွယ်၏ အစွန်အဖျားနားတွင် ရှိနေသော အမှောင်ဒြပ်စင်ကောင်များနှင့် နာဂါများက အငွေ့များအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားကြလေသည်။

ဟီဂယ်၏ အကာအကွယ် အငွေ့နက်များက ထောင်းသောင်းချီသော “ပိုးမျှင်များ” အဖြစ် ရုတ်တရက် ပြောင်းလဲကာ မရဏနတ်ဘုရာများထံ ပျံသန်းသွား၏။ ၎င်းတို့၏ ခန္ဓာကိုယ်က အငွေ့အဖြစ် ပြောင်းလဲသွားပြီး ပြန်ဖွဲ့စည်းပြီးနောက်တွင် အနက်ရောင်ပိုးမျှင်ကြောင့် ဖန်ကဲ့သို့ပင် အပိုင်းပိုင်း ဖြစ်သွားလေ၏။

တိုင်းပြည်ထဲရှိ အငွေ့က မကုန်ခမ်းနိုင်သကဲ့သို့ပင် မရဏနတ်ဘုရား အသစ်များကလည်း အဆက်မပြတ် ပြန်ဖြစ်တည်လာကြသည်။ [ ကြယ်စင်စုပိုင်နက် ] နှင့် အမှောင်ဒြပ်စင် ဇစ်မြစ်စွမ်းအားတို့၏ တိုးမြှင့်မှုရှိသော ဟီဂယ်သည်ပင် ချုပ်တည်းမှုတစ်ခုကို ခံစားလာရသည်။ သိပ်ပြီး ခံနိုင်တော့မည် မဟုတ်ပေ။

“ငါ အကြာတို့ မတောင်ခံထားနိုင်တော့ဘူး။ ငါတို့တွေ အသက်သေတ္တာကို ရှာပြီးတော့ အမြန်ဆုံး ဖျက်ဆီးရမယ်။” ဟီဂယ်က လေးလေးနက်နက် ပြောသည်။ “ငါက အတော်လေး ချုပ်တည်းခံထားရပေမဲ့ ဒီတိုင်းပြည်နဲ့ ပဲ့တင်ထပ်နေတဲ့ ဝိညာဉ်တစ်ခုက အနီးအနားမှာ ရှိနေတာကို ငါ့ရဲ့ အမှောင်ဒြပ်စင်နှလုံးသားက အာရုံခံမိတယ်။ မင်း ငါ့ကို ကာကွယ်ပေးရမယ်။”

“ကောင်းပြီ။” အရေးကြီးနေပြီ ဖြစ်သည့်အတွက် ချန်လွေ့က [တော်ဝင်ကြယ် အသွင်ပြောင်းခြင်း] ကို အသုံးမပြုနိုင်သော်လည်း မစဉ်းစားဘဲ သဘောတူလိုက်၏။

All Chapters