ဖျက်ဆီးခြင်းမျှော်စင်
Vol. 40 Ch. 623
အကြီးမားဆုံးကပ်ဘေး ဖြစ်တော့မည်ကို သိနေသော ဂလိုရီယိုစ်က အစွမ်းကုန် ထုတ်တော့သည်။ သူက ဟီဂယ်၏ အမှောင်ဇစ်မြစ်စွမ်းအားကို ခုခံရင်း အတင်း တိုက်ခိုက်သည်။ ကြောက်မက်ဖွယ်ရာကောင်းသည့် လှိုင်းကဲ့သို့ လှိမ့်တက်လာနေသော တိုင်းပြည်စွမ်းအားက အမှောင်ဒြပ်စင်ဘုရင်ကို အပြင်းအထန် ဒဏ်ရာရသွားစေဟန်တူသည်။ ထို့နောက် ၎င်းက မရပ်တန့်ဘဲ ချန်လွေ့ထံ ရောက်ရှိလာသည်။ ထိုအချိန်၌ ချန်လွေ့၏လက်ထဲတွင် ဓားတစ်လက် ရှိနေ၏။
လက်ကိုင်တွင် ကျောချင်းကပ် တမန်တော်နှစ်ပါး ရှိနေပြီး ဓားတစ်လက်လုံး အဖြူရောင် ဖြစ်နေကာ ထူးဆန်းသော အမှတ်အသားနှစ်ခုအား ထွင်းထားလေသည်။ ရိုးစင်းမှုက လျို့ဝှက်ဆန်းကြယ်သော အငွေ့အသက်များနှင့် ပြည့်နှက်နေလေသည်။
လှိုင်းထန်သော ပိုင်နက်စွမ်းအား မချဉ်းကပ်နိုင်ခင်မှာပင် ချန်လွေ့က လက်ထဲမှဓားဖြင့် ကောက်ရိတ်ဓား၏ အက်ကြောင်းကို ပြတ်ပြတ်သားသား ခုတ်ပိုင်းလိုက်သည်။ ချက်ချင်းပင် ဂလိုရီယိုစ်နှင့် ကောက်ရိတ်ဓားတို့က တစ်ချိန်တည်း အော်ဟစ်ကြတော့သည်။ တိုင်းပြည် တစ်ခုလုံး၏ စွမ်းအားကလည်း သနားစရာအော်သံနှင့်အတူ ယိုယွင်းလာ၏။
နှင်းကဲ့သို့ ဓားရှည်တွင် အထူး ချုပ်တည်းမှုစွမ်းအားတစ်ခု ရှိနေသည်။ ခုနက ထွက်ပြေးရန် ကြိုးစားနေသော ရွှေရောင်ဝိညာဉ်အမြုတေစွမ်းအား အမျှင်များက မီးနှင့်တွေ့သော နှင်းများကဲ့သို့ပင် ပျောက်ကွယ်သွားသည်။
“မဟုတ်ဘူး...” ကောက်ရိတ်ဓားနှင့် သေရွာပြန်ဘုရင်တို့၏ အသံနှစ်ထပ် ထွက်လာ၏။ “အဲဒီဓားက....”
ချန်လွေ့၏လက်ထဲမှဓားမှာ မြောက်အဏ္ဏဝါဓား မဟုတ်ဘဲ အဆောင်ပစ္စည်း ၇မျိုးထဲမှ တစ်မျိုးဖြစ်သော ကြယ်ကြွေတမန်ဓားပင် ဖြစ်လေသည်။
ကောက်ရိတ်ဓား၏ သတ္တုအရောက အလွန်အမင်း ခိုင်မာသော်လည်း ထိုကုန်ကြမ်းများက [ အရှိန်အဝါကူးပြောင်းခြင်း ] အတွက် ကောင်းမွန်သော အရာများ ဖြစ်ကြပေသည်။ ကောက်ရိတ်ဓား တစ်ခုလုံးကို အချိန်တိုအတွင်း အရှိန်အဝါအဖြစ် မကူးပြောင်းနိုင်သော်လည်း အပေါက်ဖြစ်စေရန်အတွက် ပြဿနာ မဟုတ်ပေ။ ကြယ်ကြွေတမန်ဓားတွင် ရန်သူ၏ ဝိညာဉ်စွမ်းအားကို တိုက်ရိုက်သတ်ပစ်ပြီး ခွဲထုတ်နိုင်သော [ ဝိညာဉ်ရှာဖွေ ] အစွမ်း ရှိသည်။ တိုင်းပြည်-အဆင့် ပုဂ္ဂိုလ်များပင် ကြယ်ကြွေတမန်ဓားဖြင့် အထိုးခံရပါက ခံနိုင်မည် မဟုတ်ပေ။
အနီးအနားရှိ တိုင်းပြည်စွမ်းအားလည်း အလျင်အမြန်ပင် ယိုယွင်းလာသည်။ ဂလိုရီယိုစ်၏ ပုံရိပ်ကလည်း တဖြည်းဖြည်း ဖျော့တော့လာပြီးနောက် လက်မခံနိုင်ဘဲ အော်ဟစ်သည်။ “သောက် ပုရွက်ဆိတ်ကောင်။ မင်းလက်ထဲမှာ ရှုံးနိမ့်သွားရမယ်လို့ မထင်ထားခဲ့ဘူး....။ အတူတူ သေကြတာပေါ့။”
ထို့နောက် ဂလိုရီယိုစ်၏လက်ထဲမှ အရိုးတောင်ဝှေးက အပြာရောင် အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားကာ ချန်လွေ့ထံ ပျံသန်းသွားသည်။ ထိုတိုက်ခိုက်မှု ပြီးနောက်တွင် ကောက်ရိတ်ဓားရှိ ဝိညာဉ်အမြုတေက လုံးဝ ပျောက်ကွယ်သွား၏။ ဂလိုရီယိုစ်၏ ခန္ဓာကိုယ်က ပြာပုံအဖြစ်သို့ ပြောင်းလဲသွားလေသည်။
အမုန်းတရားနယ်မြေတစ်ခုလုံးကို လွှမ်းမိုးထားသော မြူများလည်း ပျောက်ကွယ်လာ၏။ တစ္ဆေများ၏ ဝိုင်းရံခြင်းကို ခံနေရသော အမှောင်ဆန်းကြယ် သံမဏိသရဲများကလည်း တစ်ချိန်တည်းမှာပင် ရပ်တန့်သွားကြပြီး အငြိုးဝိညာဉ်များ လက်အောက်သို့ ရောက်သွားတော့သည်။ သို့သော်လည်း ထိုအချိန်တွင် ချန်လွေ့က အလွန်ကြီးမားသော ကပ်ဘေးတစ်ခုနှင့် ရင်ဆိုင်နေရလေသည်။
သေရွာပြန်ဘုရင်၏ သေခါနီးတိုက်ခိုက်မှုက အလွန်အမင်း ကြောက်မက်ဖွယ်ရာ ကောင်းသည့် နောက်ဆုံးတိုင်းပြည်စွမ်းအားကို စုစည်းထားခြင်း ဖြစ်သည်။ ချန်လွေ့တွင် နောက်ထပ် တယ်လီပို့ခုန်နိုင်သောအစွမ်း ရှိသော်လည်း ထိုတိုက်ခိုက်မှုတွင် စည်းမျဉ်း၏ အထူးစွမ်းအားတစ်ခု ပါဝင်ကြောင်း ခံစားမိလိုက်သည်။ မည်သည့် နည်းလမ်းမျိုးကိုမဆို အသုံးပြုစေကာမူ ရှောင်နိုင်မည်မဟုတ်ဘဲ အတင်ခုခံ၍သာ ရနိုင်ပေမည်။
တိုင်းပြည်စွမ်းအား အပြည့်ရှိနေသော အရိုးတောင်ဝှေးဖြင့် အရိုက်ခံရပါက သူ၏ ခန္ဓာကိုယ်သာမက ဝိညာဉ်သည်ပင် လုံးဝ ပျက်စီးသွားမည် ဖြစ်သည်။ [ အသစ်ပြန်ဖြစ်ခြင်း ] အစွမ်း ရှိသည့်တိုင် အသုံးဝင်မည် မဟုတ်ပေ။
ထိုအချိန်၌ ချန်လွေ့က [ နတ်ဆိုးယင်ကောင် အသွင်ပြောင်းခြင်း ] နှင့် [ ကြယ်လမ်းလွှဲ ] တို့ကို အသက်မသွင်းနိုင်တော့ပေ။ သူ၏လက်ထဲ၌ ရိုးစင်းသည့်ပုံစံကွက်ရှိသော ဒိုင်းတစ်ခု ပေါ်ထွက်လာ၏။ အသူရာချောက်နက် အရှင်သခင်ကိုတောင် နတ်ဆိုးဒိုင်းကာနဲ့ ဖျက်ဆီးနိုင်ခဲ့တာ။ ငါ [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] ကို အသက်မသွင်းနိုင်သေးဘူး။ [ မီးသင့်နဂါးဝင်စီးခြင်း ] ကိုလည်း သုံးလို့မရဘူး။ ငါ့စွမ်းအားက နတ်ဆိုးဧကရာဇ်အဆင့်ပဲ ရှိသေးတယ်။ ဒီကနေ ငါ အသက်ရှင်ကျန်နိုင်ခဲ့ရင်တောင် နောက်ဆက်တွဲဒဏ်နဲ့ ဒဏ်ရာအပြင်းအထန် ရမှာပဲ။
ထိုကဲ့သို့ အရေးပါသော အခိုက်အတန့်၌ အနက်ရောင်အငွေ့တစ်ခုက အရိုးတောင်ဝှေးကို ဝန်းရံလိုက်လေသည်။
အရိုးတောင်ဝှေးကို ရစ်ပတ်နေသော အနက်ရောင်အငွေ့များ တိုးပွားလာသည်။ ထိုစဉ် အရိုးတောင်ဝှေးရှိ အပြာရောင်အလင်းက အဆက်မပြတ် တိုက်စားခံနေရပြီး အဟုန်လည်း ရုတ်တရက် နှေးကွေးသွား၏။
နောက်ဆုံး၌ အရိုးတောင်ဝှေးက ချန်လွေ့နှင့် ၂မီတာအကွာတွင် ရပ်တန့်ပြီး ပျက်စီးသွားကာ အမှုန့်အဖြစ်သို့ ပြောင်းလဲသွားလေသည်။
အနက်ရောင်အငွေ့က အရိုးတောင်ဝှေးကို ဖျက်ဆီးပြီးနောက် ၎င်း၏ အငွေ့အသက် ကြီးကြီးမားမား အားနည်းသွားလေ၏။ စွမ်းအား အများအပြား ကုန်ခမ်းသွားပုံရသည်။ ထို့နောက် ၎င်းက အမှောင်ဒြပ်စင်ဘုရင်အဖြစ် ပြန်လည် စုစည်းသွားပြီး အတော်လေး ပိန်ပါးနေ၏။
ချန်လွေ့ ကြက်သေသေသွားသည်။ ဟီဂယ်က အသက်ကိုရင်းပြီး နောက်ဆုံး တိုက်ခိုက်မှုကို ကာကွယ်ပေးလိမ့်မည်ဟု ချန်လွေ့ မထင်မှတ်ထားပေ။ ထို့နောက် အမှောင် ဒြပ်စင်ဘုရင်၏ ဂရုမစိုက်သော အသံကိုသာ ကြားလိုက်ရသည်။ “အမှောင်ဒြပ်စင်ကောင်တွေက အငြိုးပဲထားတတ်တာ မဟုတ်ဘူး။”
ချန်လွေ့ အံ့သြသွား၏။ ဒါက ဂလိုရီယိုစ်နဲ့ လောင်းနေတုန်း ငါ ပြောခဲ့မိတာပဲ။ ဟီဂယ်က တတယ်ကြီး စိတ်ထဲ မှတ်ထားခဲ့တယ်။ ဒါက အငြိုးထားတာ မဟုတ်လို့ ဘာလဲ။
မိမိအသက်ကို ကယ်ခဲ့သော်လည်း တင်းမာသော အမူအကျင့်ရှိနေသည့် အမှောင် ဒြပ်စင်ဘုရင်နှင့် ရင်ဆိုင်ရသည့်အခါ ချန်လွေ့ ဘာမှမပြောဘဲ ခေါင်းကိုသာ ညိတ်လိုက်သည်။ “နားလည်ပါပြီ။”
ဟီဂယ်က ချန်လွေ့၏ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးကို ကြည့်ပြီးနောက် ဒိုင်းကာနှင့် ဓားရှည်ကို ကြည့်လိုက်သည်။ သူက အနီရောင်မျက်လုံးများက ရုတ်တရက် အရောင်လက် သွားလေသည်။ “မင်းက လျို့ဝှက်ချက်တွေ ပြည့်နေတဲ့သူပဲ။ ငါတို့က မိတ်ဆွေတွေတော့ ဖြစ်လာလောက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါ မင်းရဲ့ရန်သူ မဖြစ်ချင်ဘူး။ မင်းမှာ အမှောင်ဒြပ်စင်ကောင်တွေကို ကြောက်စေနိုင်တဲ့စွမ်းအား ရှိလို့တော့ မဟုတ်ဘူး။ တကယ့် အကြောင်းရင်းက.... အဲဒီနေ့အထိ မင်း အသက်ရှင်နိုင်မယ်ဆိုရင် သဘောပေါက်လာမှာပါ။ အမှောင်ဒြပ်စင်ကောင်တွေကို ကယ်တင်ပေးခဲ့တဲ့အတွက် မင်းရဲ့ လျို့ဝှက်ချက်တွေကို ငါ ဘယ်သူ့ကိုမှ မပြောပြပါဘူး။”
“ကျေးဇူးပါပဲ။” အမှောင်ဒြပ်စင်ဘုရင်က နှစ်ပေါင်းများစွာကြာ မှတ်ဉာဏ်များကို ဆက်ခံထားသည့်အတွက် အတွေ့အကြုံနှင့် အသိပညာ အလွန်ရင့်ကျက်ကြောင်း ချန်လွေ့ သဘောပေါက်သည်။ သူက ဟီဂယ်ထံမှ အဆောင်ပစ္စည်း ၇မျိုးကဲ့သို့သော “နာမည်ကျော် ပစ္စည်းများ”ကို ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။ လျို့ဝှက်ချက်ကို ထိန်းထားပေးမည်ဟူသော ကတိကို ရလိုက်ခြင်းက ပိုကောင်းပေသည်။
“ဟမ့်။ ငါက ကျေးဇူးပြန်ဆပ်ရုံပါ။ မင်းငါ့ကို ဇစ်မြစ်အပိုင်းအစ ရှာဖို့အတွက် မကူညီပေးခဲ့ရင် မင်းရဲ့မိတ်ဆွေတွေကို ငါ ကယ်ခဲ့မှာ မဟုတ်ဘူး။” ဟီဂယ်က စကားတစ်ခွန်း ဆိုလိုက်ပြီး ချန်လွေ့ကို လျစ်လျူရှုကာ အမှောင်ဒြပ်စင်ကောင်များထံ လမ်းလျှောက် သွားတော့သည်။
ချန်လွေ့က အသာလေးပြုံးပြီး နောက်မှ လိုက်သွားသည်။
တိုက်ပွဲပြီးနောက် အမှောင်ဆန်းကြယ် သံမဏိသရဲများက ထိန်းချုပ်သူ မရှိတော့ဘဲ ရုပ်ထုများအဖြစ်သို့ ပြန်လည် ရောက်ရှိသွားပြီး တစ်ဝက်သာ ကျန်တော့သည်။ ဒြပ်စင်ကောင်များနှင့် နာဂါများထံတွင်လည်း အသေအကြေများ ရှိကြသည်။ ချန်လွေ့ဘက်တွင် ရေဒြပ်စင်ကောင် တစ်ယောက်သာ ကျန်တော့သည်။ သဲလူသားများက တိုက်ခိုက်ရေးစွမ်းအား နိမ့်လွန်းသည့်အတွက် သေရွာပြန်ဘုရင်၏ တိုင်းပြည်စွမ်းအားကြောင့် လုံးဝ ချေမှုန်းခံခဲ့ရသည်။ ကံကောင်းစွာပင် ချန်လွေ့တွင် မြေဒြပ်စင်ဘုရင်၏ လက်ဆောင် သဲကျောက်အမြုတေ ရှိသည့် အတွက်ကြောင့် လိုအပ်လျှင် သဲလူသားများကို ပြန်လည် အသက်သွင်းနိုင်ပေသည်။
အငြိုးဝိညာဉ်များက အပျော်ရွှင်ကြဆုံး ဖြစ်သည်။ ဂလိုရီယိုစ် ပျောက်ကွယ်သွားခြင်းက သူတို့အားလုံးကို မြူးတူးသွားစေသည်။ အမုန်းတရားနယ်မြေ၏ စွမ်းအားကြောင့် အငြိုးဝိညာဉ်များက အမှန်တကယ် မလွတ်မြောက်နိုင်ကြသေးသော်လည်း နှိပ်စက်ရသည်ကို ပျော်မွေ့နေသော သေရွာပြန်ဘုရင် မရှိတော့သည့်အတွက် အငြိုးဝိညာဉ်များက အလွန်အမင်း ကံကောင်းသည်ဟု ခံစားနေရလေသည်။
ချန်လွေ့က အဖော်များနှင့် အမှောင်ဒြပ်စင်ကောင်များကို ဒဏ်ရာများ ကုသပေးရန်အတွက် ယွမ်ဖြည့်တင်းသစ်ပင်များကို စိုက်လိုက်သည်။ ၎င်း၏ လုပ်ဆောင်ချက်က မယုံနိုင်စရာ ကောင်းလှသည်။ အငြိုးဝိညာဉ်များပင် ဝိညာဉ်စွမ်းအား အလျင်အမြန် ပြန်ပြည့်လာသည်။
အငြိုးဝိညာဉ်များကို နှစ်သိမ့်ပြီးနောက် ချန်လွေ့နှင့် အပေါင်းအပါများက နောက်ဆုံး ပန်းတိုင်ဖြစ်သည့် ဖျက်ဆီးခြင်းမျှော်စင်သို့ လမ်းလျှောက်လာကြသည်။
ဖျက်ဆီးခြင်းမျှော်စင် ဝင်ပေါက်က ထူးဆန်းသော ထွင်းစာများ ရှိနေသည့် လုံးဝ ပိတ်ထားသော တံခါးတစ်ခု ဖြစ်သည်။ ချန်လွေ့က ရတနာမြေပုံကို ထုတ်ယူလိုက်သောအခါ ရတနာမြေပုံက ဖော်ပြ၍မရအောင် တောက်ပနေသော ရွှေရောင်တစ်ခု တောက်ပလာသည်။ ၎င်းက အလိုအလျောက်ပင် ရွှေရောင်သင်္တေတများအဖြစ် ကွဲထွက်ကာ ထွင်းစာများထံ နစ်ဝင်သွားသည်။ ထွင်းစာများ အလျင်အမြန် ပြောင်းလဲသွားပြီးနောက် တံခါးအလယ်တွင် သော့ပေါက်တစ်ခု ပေါ်ထွက်လာ၏။
ချန်လွေ့ စဉ်းစားလိုက်ပြီး ခရမ်းမီးတောက်နှလုံးသား လက်စွပ်ကို ဝတ်လိုက်သည်။ သူက သော့ပေါက်အနားသို့ လက်ကို ကပ်လိုက်သောအခါ လက်စွပ်က အလျင်အမြန် ပြောင်းလဲသွား၏။ ထိုးထွက်နေသော ခရမ်းကျောက်မျက်က သော့ပေါက်နေရာနှင့် ကွက်တိပင် ဖြစ်သည်။ ၎င်းကို ထိုးထည့်လိုက်ရာ ခရမ်းရောင်အလင်းများ တောက်ပသွားတော့သည်။ ထို့နောက် တံခါးတစ်ခုလုံး ပျောက်ကွယ်သွားကာ ထူးဆန်းသော “လှိုင်းတွန့်များ” ရှိနေသည့် နေရာလွတ်ဝင်ပေါက်တစ်ခု ဖြစ်သွားခဲ့သည်။
“သွားရအောင်။” ချန်လွေ့က အားလုံးကို ပြောလိုက်သည်။
“ကျွန်မတို့တွေ မဝင်သွားတော့ဘူး။” စထရီနာက ပြောသည်။ “ရတနာတွေ ဆိုတာက နာဂါမျိုးနွယ်စုအတွက် အသုံးမဝင်ဘူး။ ရှင့်မှာက အမှောင်နဂါးဧကရာဇ်ရဲ့ တိုကင် ရှိတယ်။ အခု သေရွာပြန်ဘုရင်ကိုလည်း အနိုင်ယူပြီးပြီ။ ရှင် သေချာပေါက် ဆက်ခံသူတစ်ယောက် ဖြစ်လာမှာပါ။ အဲဒီအချိန်ကျရင် ကျွန်မတို့မျိုးနွယ်မှာ နှစ်ပေါင်းများစွာ စွဲကပ်နေတဲ့ အသက်စတေးမှု ပြဿနာကို ပယ်ဖျက်ဖို့အတွက် ရက်ပစ်ပက်ရဲ့ ချိပ်ပိတ်ကို ဖယ်ရှားဖို့ပဲ လိုတာပါ။ ပြီးတော့လည်း နာဂါဘိုးဘေးတွေက ဒီမှာနေပြီးတော့ အခု မပြည့်မစုံဖြစ်နေတဲ့ လျို့ဝှက်ပညာရပ် [ ဓားမောက်ရှည်၆လက် ချိုးဖျက်ခြင်း ] ကို သင်ယူဖို့ ပြောနေတယ်။ ကျွန်မတို့အတွက် ဒါက တကယ့်ရတနာပါပဲ။”
ချန်လွေ့က စထရီနာက စိတ်ဓာတ်ပြင်းပြနေသည်ကို မြင်သည့်အခါ အတင်း မတိုက်တွန်းတော့ပေ။ သူက ခေါင်းညိတ်လိုက်သည်။ “စိတ်မပူပါနဲ့။ နာဂါတွေကို ပင်လယ်စတေးမှု ပယ်ဖျောက်ပြီးနောက် အယ်ဒီလိုင်းရဲ့ အချုပ်အနှောင်ကို ပယ်ရှားပေးဖို့ သေချာပေါက် ကူညီပေးမှာပါ။”
ခုနက တိုက်ပွဲအတွင်း သေဟန်ဆောင်နေခဲ့သော ဒိုဒိုက မြူးတူးလျက် ချန်လွေ့၏ ပုခုံးပေါ်သို့ ရောက်လာသည်။ နဂါးများ၏ ရတနာစုဆောင်းသောအကျင့်နှင့် စွန်းထင်းနေသော ချွဲကျိကောင်က “ရတနာ”ဟူသော စကားလုံးကို အတော်လေး အာရုံခံမိနေသည်။ တကယ်လို့ ငါ သခင်နဲ့ လိုက်သွားမယ်ဆိုရင် အနည်းဆုံး အရောင်တောက်တောက် ပစ္စည်းတစ်ခုကို ကောက်လို့ရတယ်။
ဟီဂယ် ခဏစဉ်းစားလိုက်ပြီးနောက် ကျန်ရှိသော အမှောင်ဒြပ်စင်ကောင်များအား နေရစ်ခိုင်းလိုက်သည်။ သူက အမှောင်ဇစ်မြစ် အပိုင်းအစအတွက် ရောက်လာခြင်း ဖြစ်သည်။ အမှောင်ဒြပ်စင်ကောင်များက ခရီးတစ်လျှောက်တွင် အပျက်အစီးများ ကြုံတွေ့ခဲ့ရသည်။ ယခုတွင် ဖျက်ဆီးခြင်းမျှော်စင်က နောက်ဆုံးအဆင့် ဖြစ်နိုင်လောက်သည်။ မည်သည့် အန္တရာယ်မျိုး ရှိနေကြောင်း သူ မသိပေ။ ထို့ကြောင့် သူ့လူများအား အလကားသက်သက် စတေးခံရန် မလိုအပ်ပေ။
ထို့နောက် အဆုံးတွင် လူ၃ဦးက ဖျက်ဆီးခြင်းမျှော်စင်သို့ ဝင်ရောက်တော့သည်...အဲ.. လူသားတစ်ယောက်၊ ဒြပ်စင်ဘုရင်တစ်ပါး နဲ့ ချွဲကျိကောင် တစ်ကောင်ပေါ့။
ချန်လွေ့က လူတိုင်း၏အကြည့်အောက်၌ ဖျက်ဆီးခြင်းမျှော်စင် ဝင်ပေါက်သို့ ဝင်သွားသည်။ ဝင်ရောက်ပြီးနောက် လှိုင်းတွန့်များ တဖြည်းဖြည်း ပျောက်ကွယ်သွားကာ မူလ ပိတ်နေသော ဂိတ်တံခါးအဖြစ်သို့ ပြန်ရောက်သွား၏။
ဂိတ်တံခါးသို့ ဝင်လိုက်သည်နှင့် သူတို့ သုံးယောက်လုံး မူးဝေသွားကြသည်။ ထို့ကြောင့် အမြင်တစ်ခုလုံး ကျယ်ပြန့်သွား၏။ ဖျက်ဆီးခြင်းမျှော်စင်တွင် ထင်ထားသကဲ့သို့ လှေကား အထပ်လိုက် ရှိမနေဘဲ သီးသန့် နေရာလွတ်တစ်ခု ဖြစ်နေသည်။
နေရာလွတ်က မီးခိုးရောင်ဖြစ်ပြီး မြူထူနေသည်။ အလင်းနှင့် အပူ အရင်းအမြစ် နှစ်ခုက တဖြည်းဖြည်း ပေါ်ထွက်လာ၏။ ၎င်းတို့မှာ နတ်ဆိုးဘုံရှိ လနှစ်စင်း မဟုတ်ဘဲ အတော်လေး ဝေးဝေး ဖြစ်နေကြသော လ နှင့် နေတို့ ဖြစ်သည်။
နေရာလွတ်ထဲ၌ တောင်တန်းများ၊ ရေများ၊ တိရစ္ဆာများနှင့် အပင်များ တဖြည်းဖြည်း စတင်ပေါ်ထွက်လာသည်။ ထို့နောက် လူများနှင့် မြို့တော်များ ပေါ်ထွက်လာသည်။ သူတို့က အားကောင်းသော အသက်အငွေ့ကိုပင် သေသေချာချာ အာရုံခံမိလိုက်သည်။ မြို့လယ်တွင် ဧရာမ နဂါးနက် ဖြစ်ဟန်တူသော ရုပ်ထုတစ်ခု ရှိနေသည်။ ထိုရုပ်ထုက ချန်လွေ့အား စူပါစနစ်ထဲမှ ယုံကြည်မှုမျှော်စင်ကိုပင် သတိရသွားစေသည်။ မှန်ပေသည်။ ၎င်းမှာ ယုံကြည်မှု အဆောက်အအုံ ဖြစ်သည်။ နေ့တိုင်း ထိုရုပ်ထုကို ဝတ်ပြုကြသော ယုံကြည်သူ အများအပြားလည်း ရှိနေ၏။
နေရောင်အောက်ရှိ နေရာက တောက်ပကာ ပူလောင်ပြီး ယောက်ယက်ခတ်ကာ လှုပ်ရှားနေကြပြီး လရောင်အောက်ရှိ နေရာက အေးစက်ကာ တိတ်ဆိတ်နေသည်။
နေနှင့်လတို့က စက်ဝိုင်းပုံ လှည့်ပတ်မှုနှင့်အတူ နေရာလွတ်ထဲ၌ နေ့နှင့်ည တစ်လှည့်စီ ဖြည်းဖြည်းချင်း ပြောင်းလဲသွား၏။
နေရာလွတ်က သက်ရှိများအတွက် အသက်ရှင်ရန် ပတ်ဝန်းကျင်တစ်ခု ထောက်ပံ့ပေးပြီး ယုံကြည်မှုစွမ်းအားကလည်း ထိုနေရာလွတ်က အဆက်မပြတ် ထောက်ပံ့ပေးရန်အတွက် အင်အားကောင်းသော အရင်းအမြစ်တစ်ခုဖြစ်ကာ အဆုံးမဲ့ သံသရာလည်နေသည်။ ရုတ်တရက် ချန်လွေ့ သဘောပေါက်သွား၏။ ဒါက တကယ့် တိုင်းပြည်တစ်ခုပဲ။
နေနှင့်လက အဆက်မပြတ် လှည့်ပတ်နေသည်။ အချိန်တစ်ခု ကြာပြီးနောက် အလင်းရောင် မှိန်သွားပြန်သည်။ ဆူညံနေသောမြို့ပြကလည်း တိတ်ဆိတ်သွား၏။ အလယ်ရှိ ရုပ်ထုကလည်း တဖြည်းဖြည်း ယိုယွင်းလာသည်။။ တိုင်းပြည်တစ်ခုလုံး၏ အသက်ဓာတ် တဖြည်းဖြည်း လျော့ပါးလာပြီး နေရာလွတ်လည်း ဟင်းလင်းပြင် ဖြစ်သွားပြန်၏။
ချန်လွေ့နှင့် အခြားသူများက နေရာလွတ် တစ်ခုလုံး၏ အပြင်လူများကဲ့သို့ပင် လေထဲ၌ မျောလွင့်နေကြသည်။ သူတို့က ထိုတိုင်းပြည်၏ အစနှင့်အဆုံးကို မြင်တွေ့ခဲ့ရ၏။ ဟီဂယ်နှင့် ဒိုဒိုတို့ကဲ့သို့မဟုတ်ဘဲ ချန်လွေ့က ထိုတိုင်းပြည်သည် မိမိပိုင်ဆိုင်သော စူပါစနစ်ဖြစ်သကဲ့သို့ ထူးထူးဆန်းဆန်း အတွေးတစ်ခုကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေလေသည်။
တိုင်းပြည်က ဟင်းလင်းပြင်အဖြစ် ပြောင်းလဲသွားသောအခါ ချန်လွေ့၏ စိတ်ထဲ၌ ဖော်ပြ၍မရသော အတွေးအမြင်တစ်ခု ပေါ်ထွက်လာသည်။ သူ အသည်းအသန် ရှာဖွေနေသော လမ်းကြောင်းတစ်ခုကလည်း ရုတ်တရက် ပိုမိုထင်ရှားသွားသည်။
ထိုကဲ့သို့ နားလည်သဘောပေါက်မှုမျိုးက သူ၏စိတ်အခြေအနေကို တစ်ဆို့မှု အစွန်းတစ်ခုအထိသို့ ရောက်စေနိုင်ခဲ့သည်။ သို့သော်လည်း ဟင်းလင်းပြင်တိုင်းပြည်ထဲ၌ အလင်းရောင်ခြည်နှစ်ခု ပေါ်ထွက်လာသည့် အတွက်ကြောင့် ၎င်းကို နားလည်ရန် ချန်လွေ့တွင် အချိန်အများကြီး မရခဲ့ပေ။
၎င်းမှာ အလွန်ကြီးမားသော မျက်လုံးတစ်စုံဖြစ်ပြီး တစ်ဖက်က ရွှေရောင်ဖြစ်ကာ တစ်ဖက်က ငွေရောင်ဖြစ်၏။ ၎င်းက နေရာလွတ်ကို ကျူးကျော်လာသည့် အပြင်လူ ၃ယောက်ကို ကြည့်နေလေသည်။