← Chapters

ဘုရင်ကျန်း သင်္ချိုင်းထဲ၌

Vol. 17 Ch. 253

ဘုရင်ကျန်း သင်္ချိုင်းထဲ၌

Vol. 17 Ch. 253

ချန်ရှီနဲ့ လီထျန်းချင် ထွက်သွားပြီးနောက် ချင်းကျိုးသည် ခဏတာ ပရမ်းပတာ ဖြစ်သွားခဲ့သည်။ တစ်စုံတစ်ယောက်သည် အင်အားကြီးသူဖြစ်လာရန်၊ ယောက်ျားမိန်းမများကို အနိုင်ကျင့်ကာ နယ်မြေစိုးမိုးရန်၊ ပရမ်းပတာအခြေအနေကို အခွင့်ကောင်းယူချင်လာတဲ့အခါ မကြာမီတွင် တစ်စုံတစ်ယောက်သည် မြင်းနီသူခိုးအဖြစ် အသွင်ပြောင်းကာ ထိုလူကို သတ်ပစ်လိုက်သည်။

အဲဒီနောက်မှာတော့ မြင်းနီဓားပြ ဇာတ်လမ်းဟာ ချင်းကျိုးတစ်ခွင် ပျံ့နှံ့သွားခဲ့သည်။ ချင်းကျိုးမြို့နှင့် ကျေးလက်ရှိ လူများသည် မြင်းနီဓားပြက တစ်နေရာရာ၌ တစ်ဖန်ပြန်ပေါ်လာပြီး အချို့သော အနိုင်ကျင့်သူကို သတ်သည်ဟုလည်း ဆိုကြသည်။

ခဏလောက် ကြာသွားပြီးတော့မှ ချင်းကျိုးက တည်ငြိမ်လာခဲ့သည်။

နှစ်သစ်ကူး ဒုတိယနေ့တွင် လီမိသားစုမှ သံတမန်များသည် ချင်းကျိုးသို့ အလျင်အမြန် ရောက်ရှိလာရာ ချင်းကျိုး ဘုရင်ခံ၊ ဆားဌာနမှူး၊ တရားသူကြီးနဲ့ အခြားအဆင့်မြင့် အရာရှိများ သေဆုံးပြီး အစိုးရရုံးက မီးလောင်ပျက်စီးသွားကြောင်း တွေ့ရှိခဲ့ရသော်လည်း ပြည်သူတွေက ထိုအဆင့်မြင့်အရာရှိများ အာဏာရစဥ်အချိန်ထက်ပင် ကောင်းမွန် ပျော်ရွှင်စွာ နေထိုင်နေကြတာ တွေ့ခဲ့ရသည်။

သံတမန်သည် စုံစမ်းစစ်ဆေးပြီး မကြာမီတွင် လီထျန်းချင်နဲ့ ချန်ရှီတို့က မြင်းနီဓားပြများဖြစ်ကြောင်း တွေ့သွားခဲ့သည်။ သူက ချွမ်ကျိုးက လီမိသားစုဆီကို ဆက်သွယ်ရန် မိုင်တစ်ထောင် အသံပို့အဆောင်လက်ဖွဲ့ကို ချက်ချင်းအသုံးချလိုက်သည်။

"ချန်ရှီနဲ့ လီထျန်းချင်က ချင်းကျိုးက တပ်ဖွဲ့တွေကို ဖျက်စီးသွားပြီ... လူတွေရဲ့စိတ်က ပြောင်းကုန်ပြီ ဝိညာဉ်ဆေးပင်တွေ ဆက်စိုက်ဖို့ ခက်ခဲသွားပြီ လီထျန်းချင် ပြန်လာရင် သူ့ကို အမြန်ဖမ်းထားပါ!"

"လီထျန်းချင်?"

ချွမ်ကျိုးရှိ လီမိသားစုသည် ထိုသတင်းကို ရရှိသွားသောအခါ တုန်လှုပ်သွားပြီး လီမိသားစု၏ ဘိုးဘေး လီရှောက်ကျိုင်ထံသို့ အမြန်အကြောင်း ကြားခဲ့သည်။ ဒါကိုကြားတော့ လီရှောက်ကျိုင်ရဲ့ မျက်နှာ အမူအရာလည်း အနည်းငယ် ပြောင်းလဲသွားပြီး။

"လီထျန်းချင်ရဲ့ မိဘတွေကို ချက်ချင်း ဖမ်းလိုက်! ပြီးတော့ သူ့အဖိုး လီကျင်းသို့ရော!"

ချင်းကျိုးရဲ့ အရေးကိစ္စက အလွန်အရေးကြီးသည်။ ၎င်းသည် လီမိသားစု၏ ဘိုးဘေးပေါင်းများစွာ၏ ဘဝသာမက အခြားသော မိသားစုကြီးများရဲ့ ဘိုးဘေးများစွာရဲ့ ဘဝများနဲ့လည်း သက်ဆိုင်ပါသည်။

အသက်ရှည်ရန် အဂ္ဂိရတ်ဆေး အလုံအလောက်မရှိပါက မိသားစုကြီးဆယ့်သုံးခုက ဘိုးဘေးများ သေဆုံးပြီးနောက် ၎င်းတို့ရဲ့ အခြေခံအုတ်မြစ်သည်လည်း ထက်ဝက်နီးပါး လျော့ကျသွားမှာ ကြောက်ရပါသည်။

လီရှောက်ကျိုင် အလွန်စိတ်ရှုပ်ထွေးသွား၏။ ကိစ္စက လေးနက်လွန်းသည်။ လီထျန်းချင်က လုပ်ခဲ့တာကြောင့် လီမိသားစုများသည် ၎င်းအတွက် တာဝန်ခံရလိမ့်မည်။

ဒီလိုအရာမျိုးကို ဘယ်သူက တတ်နိုင်မှာလဲ။

ဘာပဲဖြစ်ဖြစ် လီရှောက်ကျိုင်လည်း မတတ်နိုင်ပါ။ သူ သည်းမခံနိုင်ရင် လီမိသားစု တစ်ခုလုံးသည် မိသားစုကြီးများ၏ ပြစ်ဒဏ်ကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

လီမိသားစုသည် ဤအရာကြောင့်ပင် ပြိုပျက်သွားနိုင်သည်။

"သခင်ကြီး ဆေးပင်စိုက်ခင်းမှာ ကျန်နေသေးတဲ့ ဝိညာဉ်ဆေးဖက်ဝင်အပင်တွေ ကျန်နေပါသေးတယ်... အဲဒါတွေကို လုံးဝ မယူသွားသေးပါဘူး.. အစက စိုက်ခင်းမှာ ဝိညာဉ်ဆေးဖက်ဝင်အပင် ၅၄၂ ပင်ရှိပေမယ့် အခု ၄၃၃ မျိုးပဲ ကျန်ပါတော့တယ်"

သံတမန်က ဆက်ပြောလာရာ လီရှောက်ကျိုင်လည်း သက်ပြင်းချလိုက်သည်။ လီထျန်းချင်နဲ့ ချန်ရှီသာ ဆေးပင် အားလုံးကို လုယက်သွားခဲ့မည်ဆိုပါက သူတို့မှာ လေ့ကျင့်ဖို့ မရှိ​တော့ပေ။ အခြားမိသားစုများက လီမိသားစုကို စစ်ကြေညာကြပေလိမ့်မည်။

ထိုအချိန်တွင် လီကျင်းသို့နဲ့ လီထျန်းချင်မိခင်ကို ဖမ်းရန်သွားသော လူများက ကမန်းကတန်း ပြန်ရောက်လာကြပြီး။

"သခင်ကြီး လီထျန်းချင် မနေ့ကပြန်လာပြီး သူ့အမေကို ဒီမနက်တင်ပဲ ခေါ်သွားတယ်လို့ ပြောပါတယ်.. သူတို့နှစ်ယောက် ထွက်သွားတာ နေ့တစ်ဝက်လောက် ရှိသွားပြီ။"

လီရှောက်ကျိုင်လည်း သူ့ရင်ထဲမှာ အေးစိမ့်စိမ့်နဲ့ "လီကျင်းသို့ ဘယ်မှာလဲ" ဟု အလျင်စလို ထမေးလိုက်သည်။

"လီကျင်းသို့ကလည်း သဲလွန်စမရှိဘဲ ပျောက်သွားပါတယ် ဒါပေမယ့် သူ့အဖေက ချွမ်ကျိုးမှာ ရှိနေတုန်းပါပဲ..."

လီရှောက်ကျိုင် ခဏ ငြိမ်သက်သွားခဲ့သည်။ လီထျန်းချင် သူ့မိခင်နှင့် လီကျင်းသို့ကို ခေါ်ဆောင်ရန် ချွမ်ကျိုးသို့ ပြန်လာခဲ့ပေမယ့် အဖေကို မခေါ်သွားခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် ဖခင်နှင့် သားက ဆက်ဆံရေး မကောင်းသောကြောင့် ဖြစ်သည်။

အမေမှာ အဝတ်လျှော်ရသည့် ကျွန်တစ်ဦးဖြစ်သည်။ ဖခင်သည် သူမရဲ့ အလှအပကြောင့် လီထျန်းချင်ကို မမွေးဖွားမီအထိ သူမအား အတင်းအကြပ် ဆွဲခေါ်ကာ အိပ်ခဲ့ပေမယ့် သူမကို လက်မထပ်ခဲ့ပေ။ လီကျင်းသို့ ထိုအကြောင်းကို သိရှိသွားပြီး သားဖြစ်သူ၏ ခြေထောက်များကို ချိုးကာ လီထျန်းချင်မိခင်ကို လက်ထပ်ခိုင်းခဲ့သည်။ ထိုမှသာ လီထျန်းချင်မိခင်သည် ကိုယ်လုပ်တော် ဖြစ်လာခဲ့သည်။

လူကြီးမင်းလီသည် ခြေထောက် သက်သာလာပြီးနောက်တွင် သူ့သဘောထားကို မပြောင်းလဲဘဲ အခြားအမျိုးသမီးများနှင့် ဆက်လက် ဆက်ဆံခဲ့သည်။ လီထျန်းချင်မိခင်သည် ကိုယ်လုပ်တော် ဖြစ်လာသော်လည်း သူမ အနိုင်ကျင့်ခံနေရဆဲ ဖြစ်သည်။ ဖခင်သည် သူမအား ပိုက်ဆံမပေးသောကြောင့် လီထျန်းချင်ကို ပြုစုပျိုးထောင်ရန်အတွက် ငွေရအောင် အဝတ်လျှော်ခြင်းဖြင့်သာ အသက်မွေးနိုင်ခဲ့သည်။ ထို့ကြောင့် လီထျန်းချင်က ဤဖခင်ကို မကြိုက်ပေ။

"မင်း သူ့အဖေကို ခြိမ်းခြောက်ရုံနဲ့တော့ အသုံးမဝင်ဘူး"

လီရှောက်ကျိုင် အနည်းငယ် မျက်မှောင်ကြုတ်ကာ ဝိညာဉ်​ဆေးပင် ဥယျာဉ်သို့ ချက်ချင်းသွားကာ ဝိညာဉ်ဆေးများကို စောင့်ရှောက်ရန် အမိန့်ပေးလိုက်သည်။ အခြားမိသားစုများမှ သံတမန်များနှင့် တွေ့ဆုံပါက ၎င်းတို့နှင့် ပဋိပက္ခ မဖြစ်လိုချေ။

သူသည် လီမိသားစု၏ တားမြစ်နယ်မြေသို့ အမြန်သွားပြီး တားမြစ်နယ်မြေတွင် အချက်ပေးသံကို တီးခတ်လိုက်သည်။ များမကြာမီပင် တားမြစ်နယ်မြေမှ ကောင်လေးတစ်ယောက် ရောက်လာပြီး။

"ဂိုဏ်းချုပ်ကြီး သခင်ကြီး တော်တော်များများက ခင်ဗျားကို လာစေချင်နေပါတယ်"

လီရှောက်ကျိုင်လည်း တားမြစ်နယ်မြေထဲသို့ ကောင်လေးနောက်က လိုက်သွားခဲ့သည်။ သူ့ခြေထောက်တွေကတော့ အတော်လေး လေးလံနေခဲ့သည်။

လီမိသားစုသည် နှစ်ပေါင်း ၆၀၀၀ ကျော် တည်ရှိလာခဲ့သည့် ကြီးမားသော မိသားစုဖြစ်သည်။ လီမိသားစု၏ သားမြေးများသည် အနောက်နွားရှင်းကျိုးရဲ့ အရပ်ရပ်တွင် ပျံ့နှံ့ခဲ့သော်လည်း မူလမိသားစုက ချွမ်ကျိုး၌သာ အမြဲနေထိုင်ခဲ့သည်။

ချွမ်ကျိုး လီမိသားစု၏ မျိုးနွယ်စုများကို အတွင်းနှင့် အပြင်ဟူ၍ ခွဲခြားထားသည်။ အတွင်းပိုင်းသည် မျိုးနွယ်စုခေါင်းဆောင်နှင့် မျိုးဆက်သုံးဆက်အောက် ငယ်ရွယ်သော လီမိသားစုဝင်များကို ရည်ညွှန်းသည်။ မျိုးဆက်သုံးဆက် ကြာပြီးနောက် ၎င်းတို့ကို လီမိသားစု၏ ပြင်ပသားသမီးများဟု ခေါ်ဝေါ်ကြပြီး သိပ်မရင်းနှီးကြချေ။

ချွမ်ကျိုး မှ ထွက်ခွာသွားသော လီမိသားစုနှင့် ပတ်သက်လျှင် ထိုထက်ပို၍ ဝေးသွားပါသည်။

လီမိသားစုတွင် အတွင်းရုံး အဖွဲ့ဝင်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ရှီးကျင်းတရားရုံးတွင် အဆင့်မြင့် အရာရှိတစ်ဦး ရှိမည် ဖြစ်သည်။ သူသည် လီမိသားစုတွင် အဆင့်အတန်း အမြင့်ဆုံးပုဂ္ဂိုလ် ဖြစ်ပုံရသော်လည်း မျိုးနွယ်စုအတွင်းတွင် ထိုအဆင့်မြင့်အရာရှိသည် လီမိသားစု၏ နှုတ်ထွက်စကားကို လိုက်နာရရုံသာ။ အမှန်တကယ် အာဏာရှိသူများသည် မျိုးနွယ်စုခေါင်းဆောင်နှင့် ၎င်း၏မျိုးရိုးသာ ဖြစ်သည်။

မျိုးနွယ်စုခေါင်းဆောင်သည် ခေတ်ပြိုင်မျိုးနွယ်စု ခေါင်းဆောင်ကိုသာမက မျိုးဆက်အားလုံး၏ မျိုးနွယ်စု ခေါင်းဆောင်များကိုပါ ရည်ညွှန်းသည်။

လီမိသားစု ဘိုးဘွား ခန်းမသည် နှစ်ပေါင်း ၆၀၀၀ ကျော် အမွှေးနံ့သာများဖြင့် ပြည့်နေခဲ့သည်။ ဆွေစဉ်မျိုးဆက် ဘိုးဘေးများ၏ ဝိညာဉ်များသည် အမွှေးနံ့သာ၏ ရနံ့ကို စုပ်ယူခဲ့ပြီး ဘုံကျောင်းများထဲ ယနေ့တိုင် ရှင်သန်နေခဲ့သည်။ ဒါက မိသားစုကြီးရဲ့ အကြီးမြတ်ဆုံး အမွေအနှစ် ဖြစ်သည်။

ဒုတိယအဆင့်က သက်ရှိထင်ရှားရှိဆဲ ဘိုးဘေးများဖြစ်သည်။

လီမိသားစုတွင် ထိုသို့သော မျိုးနွယ်စုခေါင်းဆောင် လေးဦးရှိသည်။

ထိုအချိန်တွင် ခေါင်းဆောင်လေးဦးသည် အချက်ပေး ခေါင်းလောင်းသံကြောင့် နိုးလာခဲ့သည်။ သူတို့သည် အနတ္တလေဟာပြင်ဘုံထံတွင် အသီးသီး ထိုင်နေကြပြီး လီရှောက်ကျိုင်ဆီကနေ ချင်းကျိုး အဖြစ်အပျက်အကြောင်း ငြိမ်သက်စွာ နားထောင်နေကြသည်။

ဂိုဏ်းခေါင်းဆောင် လေးယောက် နှုတ်ဆိတ်နေခဲ့သည်။

"ဒီကိစ္စမှာ ငါတို့ရဲ့ လီမိသားစုက အပြစ်ရှိတယ်... တခြားမိသားစုတွေက ငါတို့ကို တာဝန်ခံစေချင်ရင် ငါတို့အမှားကို ဝန်ခံသင့်တယ်"

ဘိုးဘေး လီယိရန်: "လီထျန်းချင်က တရားခံပဲ... ဘယ်လောက်ပဲ အရည်အချင်းရှိပါစေ တခြားမိသားစုတွေကို ရှင်းပြရမယ် သူ့ရဲ့ လက်ရှိ ကျင့်ကြံမှု အဆင့်က ဘယ်လောက်လဲ"

လီရှောက်ကျိုင် : "သူ အခြေတည်ဝိညာဥ် ဖြစ်လာဖို့ နီးစပ်နေလောက်ပြီ..ယ ပထမတန်း နတ်သန္ဓေသားပါ ကျင့်ကြံမှု ကြီးထွားနှုန်းက အရမ်းမြန်တယ် သူ့ရဲ့ တိုးတက်မှုကလည်း အံ့မခန်းပါပဲ"

ဘိုးဘေးကြီး: "ဘာအတတ်ပညာတွေ သင်ပေးခဲ့တာလဲ?"

"တောင်ပိုင်းဂိုဏ်းရဲ့ စုဆောင်းမှု"

"စစ်မှန်တဲ့ သွန်သင်ချက်လား?"

"စစ်မှန်တဲ့ သွန်သင်ချက်ပါ"

ဂိုဏ်းခေါင်းဆောင် လေးယောက်က မျက်မှောင် ကြုတ်သွားကြသည်။ "တောင်ပိုင်းဂိုဏ်းရဲ့ စုဆောင်းမှု" သည် ဘိုးဘေးတစ်ဦး ဖြစ်သည့် လီကျုံးယိမှ ထားခဲ့သော ကျင့်စဥ် စုစည်းမှုဖြစ်သည်။

"ယိအန့်ထန်စုဆောင်းမှု မပေးထားဘူးလား?"

"သူက ဂိုဏ်းချုပ်ရဲ့ အဆက်​အနွယ်​ မဟုတ်​တဲ့အတွက်​ သူ့မှာ အဲ့အ​မွေအနှစ်​ မရှိပါဘူး"

ဘိုး​ဘေးကြီး လီယိရန်က လက်ဝေ့ယမ်းကာ အမိန့်ပေးလိုက်သည်။

"သူ့ကိုရှာ... ကျင့်စဥ် ကျွမ်းကျင်မှုတွေကို ပြန်ယူပြီးရင် လူကို တခြားမိသားစုတွေဆီ လွှဲပေးလိုက်!"

သူက မတ်တပ်ထရပ်ပြီး အခြားဂိုဏ်းခေါင်းဆောင် သုံးဦးအား လှည့်ပြောလိုက်သည်။

"ဒီကိစ္စက နောက်တစ်ယောက် ချန်ရှီနဲ့လည်း သက်ဆိုင်တယ်... လီထျန်းချင်က အမှားလုပ်မိပြီး အပြစ်ပေးခံရမယ် ချန်ရှီလည်း အတူတူပဲ... ချန်ရှီက သူ့မျက်ခုံးမွေးထဲက နတ်ဆိုးနဲ့ ရှီးကျင်းက ဖန်တီးခံရှောင်ဝူကလွဲရင် ဘာကိုမှ အားမကိုးနိုင်ဘူး... ဖန်တီးခံရှောင်ဝူက ခဏတာ သောင်းကျန်းပြီး ခြိမ်းခြောက်ဖို့ အလောင်းတိမ်တိုက်ကို သုံးတယ်.. မကောင်းမှုပြုပြီး မွေးရာပါ တာအိုသန္ဓေသားကို ဖယ်ထုတ်ခဲ့သူကို တွန်းလှန်ချင်ပေမယ့် အခုထိ မရေသေးဘူး...အခုထိ ဖန်တီးခံရှောင်ဝူရဲ့ အစွမ်းအစကိုက ချိန်ဆနေရတုန်းပဲ!"

အခြားဂိုဏ်းခေါင်းဆောင် သုံးဦးက နားလည်သဘောပေါက်ပြီး မတ်တပ်ရပ်လိုက်ကြသည်။

ဖန်တီးခံရှောင်ဝူ စွမ်းရည် ပြည့်ဝနေပါက ချန်ရှီ ဆက်လက် သည်းခံနိုင်မည် ဖြစ်ပြီး ရှောင်ဝူ တစ်စုံတစ်ရာ ချို့တဲ့သွားပါက ချန်ရှီလည်း ကွယ်လွန်လုနီးပြီ ဖြစ်သွားလိမ့်မည်။

တပေါက်ကော်ဘုံကျောင်းလို သန့်ရှင်းသောနေရာသည် နတ်ဆိုးကိုးဆယ့်ကိုးပါးကို နှိမ်နင်းနိုင်သည်။ လီမိသားစု၏ အခြေခံအုတ်မြစ်ဟာ တပေါက်ကော်ဘုံကျောင်းထက် ပိုမိုခိုင်မာသည်။ ချန်ရှီနဲ့ ဆက်ဆံရမှာက သေချာပေါက် ခက်ခဲမှာ မှန်သော်လည်း ဖြေရှင်းနည်းများ ရှိပါ​သေးသည်။

ဘိုးဘေးကြီးက ပြုံးပြီး :"ငါ အပြင်မထွက်တာ ကြာပြီ နောက်ဆုံး ထွက်ခဲ့တာက ချန်ယင်တူးရဲ့ အစွမ်းအစကို တိုင်းတာတဲ့ လွန်ခဲ့တဲ့ ဆယ့်တစ်နှစ်လောက်က ဖြစ်မယ်"

လီမိသားစု၏ ကျန်ဘိုးဘေးကလည်း ပြုံးပြီး ဝင်ထောက်လာ၏။

"ချန်ယင်တူးက တကယ်ကို အရည်အချင်း ရှိပေမယ့် သူက ဘယ်လိုရှေ့ဆက်ပြီး နောက်ဆုတ်​ပေးရမလဲ ဆိုတာ သိတယ်... ဖန်တီးခံ ရှောင်ဝူ ဘယ်လိုနေလဲဆိုတာပဲ ငါသိချင်တာ"

သူတို့အားလုံး မတ်တပ်ထရပ်ပြီး လီမိသားစု၏ တားမြစ်နယ်မြေမှ ထွက်လာခဲ့ကြသည်။

လီရှောက်ကျိုင် ဦးညွှတ်လိုက်သည်။ ဂိုဏ်းခေါင်းဆောင်လေးယောက် ထွက်သွားပြီးနောက် သူလည်း တားမြစ်နယ်မြေမှ ချက်ချင်းထွက်ကာ လူများနှင့် မြင်းများကို စုရုံး၍ လီထျန်းချင်၊ သူ၏မိခင်နဲ့ အဖိုးတို့ကို ဖမ်းဆီးဖို့ အမိန့်​ပေးခဲ့သည်။

ရှင်းရှန်မှာတော့ ချန်ရှီမှာ ရက်အနည်းငယ် ကြာအောင် တုံ့ဆိုင်းနေခဲ့သည်။ စွင်းယိရှန်း သူ့ဆီ တဖန်လာလည်တဲ့ အခါမှာတော့ စွင်းယိရှန်းနဲ့ ရှီးကျင်းကိုသွားဖို့ သဘောတူလိုက်သည်။

"ဒါပေမဲ့ ငါ လူနည်းနည်းလောက် ရှီးကျင်းကို ခေါ်သွားချင်တယ်"

ချန်ရှီ သဘောတူလိုက်မှ စွင်းယိရှန်းလည်း သက်ပြင်းတစ်ချက်ချကာ ပြုံးနိုင်တော့သည်။

"သခင်ငယ်... နောက်လိုက်နည်းနည်းတော့ ခေါ်လာလို့ ရတယ် ဒါပေမယ့် အများကြီးတော့ မရဘူး... ကျုပ်တို့ အစိုးရစာတိုက်က ဖြတ်သွားကြမှာ... ကျုပ်တို့ဖြတ်သန်းသွားတဲ့ မြို့တိုင်းက အစိုးရဧည့်ခံပွဲတွေ ရှိလိမ့်မယ် လူများလွန်းရင် ကျုပ်တို့ ရှင်းပြနိုင်မှာ မဟုတ်ဘူး"

"စိတ်မပူပါနဲ့ ငါက လူအများကြီး မခေါ်ဘူး ငါ့ကို သခင်ငယ်လို့လည်း မခေါ်နဲ့ ငါ အဲ့နာမ်စားကို မုန်းတယ်... ငါ့ကို ချန်ရှီလို့ပဲ​ခေါ်လို့ ရတယ်"

စွင်းယိရှန်းလည်း သဘောတူမှလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။ သို့သော်။

"သခင်ငယ်ချန်က ဘယ်တော့ ထွက်သွားမှာလဲ... ကျုပ် ကြိုပြင်ထားနိုင်ရအောင်လို့ပါ"

ချန်ရှီက ထိုနာမ်စားကြောင့် မခံချိမခံသာနဲ့ မျက်မှောင်ကြုတ်ကာ "ပထမလရဲ့ တစ်ဆယ့်ခြောက်ရက် မနက်ခင်း" လို့ ​​ပြန်ပြောလိုက်တော့သည်။

စွင်းယိရှန်းလည်း နှုတ်ဆက်ပြီး ထွက်သွားတော့၏။

ထမင်းစားနေရင်း ချန်ရှီ ဟေးကော်ဘက်ကို လှည့်ပြောလိုက်၏။

"ငါ ချန်ထန်ကို ခွင့်မလွှတ်ပါဘူး ဒါပေမယ့် စာမေးပွဲဖြေဖို့ ရှီးကျင်းကိုက သွားရမှာပဲ ချန်ထန်က လမ်းကြောင်းကို စီစဉ်ပေးမှတော့ အဲဒီကို သွားရုံပေါ့... အဲ့တော့ ငါလည်း ပထဝီဝင်မြေပုံကို ရှာကြည့်ဖို့ မလို​တော့ဘူး"

ဟေးကော်က ဘာမှ မပြောဘဲ စားနေသည်။ ချန်ရှီသည် ထမင်းနှစ်လုတ်ကို ယူစားလိုက်ပြီးနောက် သူ့ရှင်းပြချက်သည် မပြည့်စုံသေးဘူးလို့ ခံစားလိုက်ရသဖြင့် ဆက်ပြောလေသည်။

"ချန်ထန်အပေါ် ငါ့မှာ ဘာခံစားချက်မှ မရှိပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ သူ့ကို နည်းနည်း မုန်းတယ်... သူက အဘိုးရဲ့ ဈာပနကို မလာဘူး ငါ့ကိုလည်း မတွေ့ဘူး သူက ငါ့အဖေ မဟုတ်တော့ဘူး... ငါ့စိတ်ထဲမှာ သူက သူစိမ်းပဲ"

ဟေးကော်က သူ့ကို ငုံ့ကြည့်လိုက်ပြီး သူ့တူချောင်းကို ချကာ ဂရုတစိုက် နားထောင်လိုက်သည်။ ချန်ရှီ ပြုံးလိုက်သည်။

"ဟေးကော်... အဘိုးက မင်းကို ငါ့ဘေးမှာ ထားခဲ့တယ် မင်းက ခွေးတစ်ကောင်လို မဟုတ်ဘဲ တကယ့်လူလို ခံစားရစေတယ်။ အဝတ်လျှော်၊ ဟင်းချက်​ပေးတာနဲ့ ပန်းကန်တွေဆေးပြီး ဆေးပြုတ်ပေးတယ်... မင်းကငါ့ကို အဘိုးထက် ပိုဂရုစိုက်တယ် ညဘက်ဆို စောင်တောင် ခြုံထား​ပေးသေးတယ်... မင်းက ငါ့ဆွေမျိုးပဲ ငါ့ဘေးမှာ မင်းရှိတာနဲ့ လုံလောက်ပြီ!"

"ဟုတ်သားပဲ ငါ့မှာ လီထျန်းချင်၊ ဟူဖေးဖေးနဲ့ အဘွားရှားလည်း ရှိသေးတယ် သူတို့အားလုံးက ငါ့သူငယ်ချင်းတွေပဲကွ... မယ်မယ်ရှစ်ကျီ၊ အဘွားကျွမ်းနဲ့ ရွှမ်ရှန်းကလည်း ငါ့အတွက် အရမ်းတော်တဲ့ လေ့ကျင့်ဖော်တွေ...."

ဟေးကော်က မတ်တပ်ထရပ်ပြီး သူ့ပုခုံးပေါ် လက်သည်းတွေကို ဖိလိုက်သည်။ ချန်ရှီလည်း ဟေးကော် အကြည့်ကို တွေ့​နေရသည်။

"ဝုတ်"

"ငါက ဆွေမျိုး မလိုအပ်ပါဘူး ချန်ထန်ကိုတောင် မတွေ့ဖူးဘူး..."

"ဝုတ် ဝုတ်"

ချန်ရှီ ခေါင်းငုံ့သွားပြီး :"မင်းပြောတာ မှန်ပါတယ် ငါ သူ့ကို သွားတွေ့ချင်တယ်... ထမင်းစားမယ် စားမယ်... စားစရာတွေ အေးကုန်ပြီ"

ဟေးကော် စားဖို့ ပြန်ထိုင်လိုက်သည်။ ချန်ရှီ ငြိမ်သက်သွားပြီးနောက် အချိန်အတော်ကြာ စဉ်းစားနေခဲ့သည်။

"ဟေးကော် မင်းက ငါ့ရဲ့ ဆွေမျိုးပဲ မိဘတွေငါ့ကို အသိအမှတ် ပြုပြုမပြုပြု ငါမှတ်မိသည်ဖြစ်စေ မသိသည်ဖြစ်စေ မင်းက ငါနဲ့ အရင်းနှီးဆုံးပဲ"

ပထမလ ဆယ့်ခြောက်ရက်က နီးလာချေပြီ။ ချန်ရှီသည် မယ်မယ်ရှစ်ကျီကို နှိုးပြီး အဘွားကျွမ်းနဲ့ ရွှမ်ရှန်းကိုလည်း ပိုမိုသတိရှိရန် တောင်းဆိုထားခဲ့သည်။ ထို့နောက် သစ်သားလှည်းကို ဘုရင်ကျန်း၏ သင်္ချိုင်းအတွင်းသို့ တွန်းပို့ခဲ့သည်။

ချန်ရှီသည် သစ်သားတွန်းလှည်းကို အပြင်ဘက်တွင် ထားခဲ့ကာ နံ့သာပေါင်းထုပ်များကို ကောက်ယူကာ ဦးစွာ မီးညှိပြီးနောက် ဘုရင်ကျန်း၏ သင်္ချိုင်းဂူရှိ နတ်တစ္ဆေဘုံထဲသို့ ဂရုတစိုက် လျှောက်ဝင်သွားခဲ့သည်။

နတ်တစ္ဆေဘုံ၏ စွမ်းအားသည် ချန်ရှီ ခန္ဓာကိုယ်ကို လေထုထဲ ရောက်သွားသလိုမျိုး ယိမ်းယိုင်သွား​စေခဲ့သည်။ သူသည် ပထမသင်္ချိုင်းစောင့် သားရဲရှေ့သို့ အမြန်သွားပြီး ၎င်း၏ခြေရင်းအောက်တွင် နံ့သာတစ်ချောင်း ထိုးထည့်လိုက်သည်။

သူသည် အလွန်လျင်မြန်စွာ ရွေ့လျားသွားပြီး သင်္ချိုင်းအုပ်ထိန်းသူ၏ ခြေအောက်တွင် နံ့သာများ ထည့်ခဲ့လိုက်သည်။ မကြာမီ သူသည် နံ့သာအားလုံးကို အကုန်အစင် သုံးလိုက်ချေပြီ။

ဤအချိန်တွင် ဘုရင်ကျန်းဂူဗိမာန်၏ နတ်တစ္ဆေဘုံက အပြည့်အဝ အသက်ဝင်နေပြီ ဖြစ်သည်။ သင်္ချိုင်းဂူစောင့် တိရစ္ဆာန်များသည် ရှင်ပြန်ထမြောက်လာပြီး မြင့်မြတ်သော နတ်သားရဲများအဖြစ်သို့ ပြောင်းလဲသွားကြသည်။ သူတို့သည် ကောင်းကင်နှင့် မြေကြီးကြားတွင် ဘုရင်ကျန်း၏ သင်္ချိုင်းဝင်ပေါက်ကို စောင့်ကြပ်နေကြသည်။

ချန်ရှီ စိတ်မသက်မသာ ဖြစ်နေသည်။ သူသည် အနောက်ဘုရင်၏ ကျောက်စိမ်းတံဆိပ်ကို မြင့်မြင့်ကိုင်ထားကာ ဤသင်္ချိုင်းစောင့် တိရစ္ဆာန်များကို ကြည့်နေရင်း မျက်နှာမှာလည်း အနည်းငယ်ဖြူဖျော့နေသည်။

သင်္ချိုင်းစောင့် သားရဲများက နံ့သာပေါင်း ရနံ့ကိုသာ စုပ်ယူ၍ မတိုက်ခိုက်သဖြင့် အလွန်ဝမ်းသာသွားပြီး အနောက်ဘုရင်၏ ကျောက်စိမ်းတံဆိပ်ကို ဖယ်ထုတ်လိုက်သည်။

"ကျောက်စိမ်းတံဆိပ်တုံးက တကယ်ကို အသုံးမဝင်ပါဘူး... ဒီသင်္ချိုင်းစောင့်သားရဲတွေကို နံ့သာပေါင်းနဲ့ လာဘ်ထိုးတာကမှ ပိုအသုံးဝင်​သေးတယ်!"

ဘုံကျောင်းငယ်လေးရှိ အနက်ရောင်ဝတ် ရွှမ်ရှန်းမှာ အနည်းငယ် စိတ်ရှုပ်သွားသည်။ သူက အဘွားကျွမ်းကို ကြည့်ပြီး၊ ထို့နောက် မယ်မယ်ရှစ်ကျီကိုလည်စ သူ့မျက်နှာပေါ်က ပဟေဠိဆန်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

"ဒီနတ်သားရဲတွေက သူ့အပေါ် ရိုသေလေးစားနေတာ အသိသာကြီးပါ... တစ်ဆယ်လေးက ဘာလို့ ဒီလောက်သတိ ရှိနေရတာလဲ"

"မိုက်ရိုင်းလိုက်တာ သံတမန်လို့ ခေါ်စမ်းပါ!"

မယ်မယ်ရှစ်ကျီက အော်လိုက်သည်။

အနက်ရောင် ဝတ်ထားသော ရွှမ်ရှန်းမှာ ပို၍ပင် စိတ်ရှုပ်သွားသည်။

သံတမန် ဆိုတာ ဘာတွေဖြစ်​နေတာလဲ။

မယ်မယ်ရှစ်ကျီ : "သံတမန်က သဘာဝအားဖြင့်တော့ ကြင်နာတတ်ပါတယ်... သူက အဲ့အစောင့်တွေ မေ့ပျောက်ပြီး အားနည်းသွားတာမျိုးကနေ ကာကွယ်နိုင်အောင် နံ့သာပေါင်းနဲ့ ကျွေးမွေးနေတာ... နင်က သားရဲကျင့်ကြံသူ... လက်ရှိအဆင့်အထိ ရောက်ဖို့ မလွယ်ကူဘူး ဒါပေမဲ့ ဘုရင်ကျန်းခေတ်မှာတော့ နင်က သူတို့လို တံခါးကို စောင့်ကြပ်ဖို့ပဲ တာဝန်ယူနိုင်မှာ..."

အနက်ရောင်ဝတ်ထားသော ရွှမ်ရှန်းက အေးဆေးတည်ငြိမ်ပြီး ဘာမှပြန်မပြောခဲ့ပေ။ ထိုစဥ် အဘွားကျွမ်းက တိုးတိုးလေး ကပ်ပြောလာခဲ့သည်။

"ရွှမ်ရှန်း ကျွန်မတို့ ပေါင်းလိုက်မယ်ဆိုရင် ဒီခေါင်းကြီးမိန်းမကို အနိုင်ယူနိုင်လောက်တယ်"

အနက်ရောင် ရွှမ်ရှန်းက မတုံ့ပြန်ခဲ့ပေ။ သူက အေးအေးဆေးဆေးဖြင့် ဂရုမစိုက်သလိုသာ။

ဤအချိန်၌ ဤသင်္ချိုင်းစောင့် တိရိစ္ဆာန်များကို နံ့သာဖြင့် ကိုးကွယ်တာထက် ချန်ရှီ၏ ပန်းတိုင်မှာ ကျောက်ပြားပေါ်တွင် မှတ်တမ်းတင်ထားသည့် ကျင့်စဥ် အမျိုးမျိုးသာ ဖြစ်သည်။

အရင်တုန်းကတော့ အမြန်ပြေးပြီး ကျင့်စဥ်တွေကို တစ်ချက်သာ ကြည့်ခဲ့ရသည်။ ယခုက သူသည် စာမေးပွဲဖြေဆိုရန် ရှီးကျင်းသို့ သွားရတော့မှာဖြစ်ကာ အနည်းဆုံး တစ်နှစ်ခွဲကြာမည်ဖြစ်သည်။ သူဘယ်အချိန် ပြန်လာနိုင်မယ် ဆိုတာ မသိတာကြောင့် ဤကျင့်စဥ်များကို ဦးစွာအလွတ်ကျက်ပြီး လမ်းခရီးတွင် ဖြည်းဖြည်းချင်း လေ့လာဖို့ စဥ်းစားထားခဲ့သည်။

ဘုရင်ကျန်း၏ သင်္ချိုင်းအပြင်ဘက်တွင် နည်းလမ်းအမျိုးမျိုးဖြင့် မှတ်တမ်းတင်ထားသော သစ်တောတစ်ခုလို ကျောက်ပြားများ ရှိသည်။ ရွှမ်ရှန်း၊ အဘွားကျွမ်းနဲ့ မယ်မယ်ရှစ်ကျီတို့ကလည်း အဆိုပါ ကျင့်စဥ်များကို ကြည့်ရှုရန် ဘုံကျောင်းငယ်လေးထဲမှ ထွက်လာကြသည်။

၎င်းတို့သည် မတူညီသော နည်းလမ်းများဖြင့် ကျင့်ကြံထားသူများ ဖြစ်သည်။ ၎င်းတို့အတွက် အဆိုပါကျင့်စဥ်များက အသုံးနည်းသော်လည်း တချို့ မှော်စွမ်းအင်များက အလွန်အသုံးဝင်သောကြောင့် ၎င်းတို့ကို လေ့လာရန် အခွင့်အရေးကို ရယူထားရမည်။

ချန်ရှီသည် သစ်တောတွင် မှတ်တမ်းတင်ထားသည့် နည်းလမ်းအားလုံးကို အလွတ်ကျက်ရန် နှစ်ရက် ကြာသွားခဲ့သည်။ သူထွက်ခါနီးအချိန်မှာတော့ အကြောင်းတစ်ခုခုကြောင့် ဘုရင်ရဲ့ဂူတံခါးကို လှမ်းကြည့်လိုက်မိသည်။

"အဲဒီတုန်းက ငါ့ကို ကယ်တင်ဖို့အတွက် ငါ့အဖိုးက ဒီကနေ ဘုရင်ကျန်းရဲ့ဂူထဲကို ဝင်သွားပြီး ရေမီးအဂ္ဂိရတ် သန့်စင်နည်းကို ရှာတွေ့ခဲ့တယ်"

သူသည် သူ့ကိုယ်သူ ငြိမ်သက်သွားအောင် ခဏရပ်ပြီးနောက် အမှတ်တမဲ့ ခြေတစ်လှမ်းလှမ်းကာ စစ်မှန်သော ဘုရင်ကျန်း၏ဂူဗိမာန် တံခါးဆီသို့ လျှောက်သွားကာ နှလုံးခုန်သံများက တဒုန်းဒုန်း ခုန်လာခဲ့သည်။

ရေမီးအဂ္ဂိရတ် သန့်စင်နည်းက မသေနိုင်သောနည်းလမ်း တစ်ခုဖြစ်သည်။ ၎င်းကို လေ့ကျင့်ထားပါက အမတ အလောင်းကောင် အခြေအနေအထိ ရောက်ကာ မသေမျိုးသဖွယ် ဖြစ်သွားနိုင်သည်။

ဒါကြောင့် ဘုရင်ကျန်း၏ ဂူဗိမာန်ထဲတွင် တူညီသော သို့မဟုတ် ပိုမြင့်မားသော အဆင့်မြငိ့ နည်းလမ်းများ ရှိကောင်းရှိ​နေနိုင်သည်။ သူ ဂူဗိမာန်၏ တံခါးဆီသို့ လျှောက်သွားလိုက်တဲ့အခါ တံခါးက တွန့်လိမ်သွားပြီး အလိုအလျောက် ပွင့်သွားသည်။

အုတ်ဂူအတွင်း လေအေးက တိုက်ခတ်လာသဖြင့် လူက တုန်လှုပ်သွားသည်။ ထိုစဥ် သူ့အနောက်ကနေ ရုတ်တရက် အသံတစ်ခုထွက်လာ၏။

"အရှင်... အုတ်ဂူထဲက တံဆိပ်တုံးတွေက ရှုပ်ထွေးနေတယ် ကျေးဇူးပြုပြီး ကျောက်စိမ်းတံဆိပ်တုံးကို ဖယ်ထုတ်လိုက်ပါ"

ချန်ရှီ နောက်ပြန် လှည့်ကြည့်လိုက်တော့ ဆယ်ပေလောက်အထိ မြင့်သော ဆိတ်ချိုတွေနဲ့ လူ့ခန္ဓာကိုယ်ကို တွေ့လိုက်ရ၏။ ၎င်းက သူတောင် သတိမထားမိဘဲ သူ့အနောက်ကနေ လိုက်လာခဲ့ခြင်းပင်။

"အရှင်သံတမန်?"

ချန်ရှီ အံ့သြသွားပြီး အနောက်ဘုရင်၏ ကျောက်စိမ်းတံဆိပ်တုံးကို ထုတ်ယူလိုက်သည်။ ကျောက်စိမ်းတံဆိပ်တုံးက လွင့်ပျံလာပြီး သူ့ရှေ့တွင် အလိုအလျောက် လွင့်မျောနေသည်။

ဆိတ်ချိုများနှင့် လူ့ခန္ဓာကိုယ်သည် ၎င်း၏ကိုယ်ကို ကွေးညွတ်ကာ ဂူဗိမာန်စင်္ကြံသို့ ဦးစွာဝင်ရောက်ခဲ့သည်။

"သင်္ချိုင်းမှာ တားမြစ်ချက်တွေ၊ ထောင်ချောက်တွေ၊ မှော်လက်နက်တွေ အများကြီးရှိတယ်... သတိမထားရင် သေလိမ့်မယ် ကျောက်စိမ်းတံဆိပ်တုံး ပါရင်တောင် သေနိုင်တယ်... ကျုပ် လမ်းပြမယ်။ သူတော်စင်သံတမန်က ကျုပ်နောက်က လိုက်ခဲ့ပါ လမ်းမမှားပါစေနဲ့.."

ချန်ရှီလည်း အနှီသားရဲနဲ့ စကားပြောရတာ လွယ်မယ်လို့ မမျှော်လင့်ထားပါဘူး။ သူချက်ချင်း နောက်ကလိုက်သွားပြီး မေးလိုက်သည်။

"ကျွန်တော် အမတကျင့်စဥ်ကို သင်ယူချင်တယ်... သင့်တော်တာရှိလား?"

ဆိတ်ချိုများနှင့် လူ့ခန္ဓာကိုယ်ပါရှိသော သင်္ချိုင်းစောင့်သားရဲက ပြန်ဖြေသည်။

"အုတ်ဂူထဲမှာ အမတကျင့်စဥ် တကယ်ရှိပါတယ် ဒါပေမယ့် ဘယ်နည်းလမ်းက အမတကျင့်စဥ်လဲဆိုတာ ကျုပ် မသိပါဘူး။ သံတမန်က ကိုယ့်ဘာသာကို ဆုံးဖြတ်နိုင်ပါတယ်"

ချန်ရှီ လှည့်ကြည့်လိုက်သည်။ စင်္ကြံသည် အမြင့် ဆယ်ပေနှင့် အကျယ် ဆယ်ပေခန့်ရှိသည်။ နှစ်ဘက်စလုံးတွင် နံရံဆေးရေးပန်းချီများနှင့် ထာဝရမီးအိမ်များရှိပြီး ဘေးခန်းများစွာ၌ အကြီးအငယ် အစုံ ချိတ်ဆွဲထားလျက် ရှိသည်။

ကြီးမားသော တောင်ပံအခန်းသည် အိမ်တစ်လုံးနှင့်တူပြီး သေးငယ်သော တောင်ပံအခန်းကတော့ လက်သီးအရွယ်အစားသာ ရှိသည်။

ဒီအခန်းတွေမှာ ထူးဆန်းတဲ့ မှော်လက်နက်တွေ ပါရှိပါ၏။ မှော်လက်နက်များမှ ထုတ်လွှတ်သော လှိုင်းလုံးများသည် ချန်ရှီခန္ဓာကိုယ်ပေါ် လွှမ်းခြုံနေခဲ့သည်။ ဤမှော်လက်နက်များသည် ရန်သူနှင့် သူတို့ကို ထောက်လှမ်းနေတာသာ ဖြစ်ပေမည်။

အနောက်ဘုရင်ရဲ့ ကျောက်စိမ်းတံဆိပ်တုံး မရှိရင် စင်္ကြံထဲကို လှမ်းဝင်လိုက်တာနဲ့ ဒီမှော်လက်နက်တွေ အသက်ဝင်လာပြီး ကျူးကျော်သူတွေကို သတ်သွားမှာပင်။

သို့သော်လည်း ထပ်ခိုးများနှင့် နံရံဆေးရေးပန်းချီများစွာက ပျက်စီးသွားပါပြီ။ အချို့သော မှော်လက်နက်များကလည်း ပြန့်ကျဲသွားကာ အချို့မှာ အပိုင်းပိုင်း ကွဲသွားသည်။ အချို့ထပ်ခိုးများကဆို ပြိုကျကာ ထာဝရ မီးအိမ်အချို့ကလည်း လိမ်ကျကာ အရည်ပျော်သွားကုန်ပြီ။

ထို့အပြင် မြေပြင်ပေါ်တွင်လည်း အလောင်းများစွာ လဲကျနေ၏။

ဤအလောင်းများသည် ရုပ်ရည်ချောမောပြီး ဝတ်ကောင်းစားလှများ ရှိသည်။ သေပြီးသည့်တိုင် သူတို့သည် နတ်ဘုရားများကဲ့သို့ အလွန်တန်ခိုးကြီးသော အသွင်အပြင်ကို ဖြန့်ကျက်ထားသေးသည်။ အလောင်းတွေက ပုပ်တာမျိုး မဟုတ်ပေမယ့် ထူးထူးခြားခြားကတော့ သူတို့အားလုံးမှာ မျက်နှာတစ်ခုတည်း ရှိနေကြတာပါပဲ။

"ဒီမှာ မင်းအဘိုး ဖျက်ဆီးခဲ့တာ..."

ဆိတ်ချိုနဲ့လူခန္ဓာကိုယ် အုတ်ဂူအုပ်ထိန်းသားရဲက သူ့အကြည့်ကို သတိပြုမိပြီး ဆိုလာသည်။

"အဲဒီတုန်းက ဒီနေရာကို ဝင်ဖို့ အပြင်ကနေ ဝင်တိုက်တယ်... ငါတို့ညီအစ်ကိုတွေက စင်္ကြံထဲဝင်ပြီး သူ့ကိုတိုက်ဖို့ တောင်ပံခန်းက အစီအရင်ကို သုံးရတယ်.. မြေပြင်ကလူတွေက သူ့ရဲ့ကြံရာပါတွေကို သတ်ပစ်ခဲ့ကြတာ"

"ဒါတွေက...."

ချန်ရှီ ဤနတ်ဘုရားနှင့်တူသော အလောင်းများကို အံ့အားသင့်စွာ ကြည့်လိုက်ရာ ရုတ်တရက် သူ့စိတ်ထဲ တုန်လှုပ်သွားခဲ့သည်။

"ဒါတွေက ထျန်းကျီး! အဆောင်လက်ဖွဲ့နတ် ထျန်းကျီး!"

ရှေ့တွင် ဆိတ်ချိုလူခန္ဓာကိုယ် အုတ်ဂူအုပ်ထိန်းသားရဲရဲ့ အသံက သူ့ကို သတိဝင်လာစေခဲ့သည်။

"သူတော်စင် သံတမန်... ကျုပ်တို့ စာကြည့်တိုက်ကို ရောက်ပါပြီ!"

ချန်ရှီ ရှေ့သို့ လျှောက်သွားလိုက်သည်။ ထိုအချိန်တွင် ခန္ဓာကိုယ်တစ်ဝက်သာ ကျန်ရှိတော့သော အဆောင်နတ်ထျန်းကျီးက အနည်းငယ် လှုပ်ရှားသွားသည်။ သူ့ဦးခေါင်းသည် မြေပြင်ပေါ်တွင် စက်ဝိုင်းလို လှည့်သွားသည်။ ချန်ရှီ မျက်နှာကို မြင်သောအခါ ၎င်းဆီက အသံတစ်သံ ထွက်လာ၏။

"ချန်ထန်...."

ဆိတ်ချိုလူခန္ဓာကိုယ် ပါသော သင်္ချိုင်းစောင့် သားရဲသည် သူ့ကို နင်းသတ်မလို့ ပြင်လိုက်ရာ ချန်ရှီ ကမန်းကတမ်း ဝင်တားလိုက်သည်။

"မသတ်ပါနဲ့!"

All Chapters